အခန်း ၃၄၂
Vol. 30 Ch. 342
အခန်း (၃၄၂)
ဘာသာပြန် - အားသစ်
နောက်ဆုံးတွင်မူ မြေကြီးပေါ်၌ အလွန်တရာ နက်ရှိုင်းလှသော ဧရာမအက်ကွဲကြောင်းကြီးတစ်ခု ပေါ်ထွက်လာတော့သည်။
လင်းဖုန်း ရုတ်တရက် ထိုအက်ကွဲကြောင်းကြီးအတွင်းသို့ လက်နှစ်ဖက်ကို ထိုးထည့်ကာ တံခါးရွက်ကြီးနှစ်ချပ်ကို ဆုပ်ကိုင်လိုက်သည့်အလား ဘယ်ညာနှစ်ဖက် ကုပ်တွယ်လိုက်၏။
“ပွင့်စမ်း”
ဝုန်း
မြေပြင်တစ်ခုလုံး ပြောင်းပြန်လန်သွားသည်။ လင်းဖုန်းက မြေကြီးကို တိုက်ရိုက်ဆွဲကိုင်ကာ တာရှာကာသဲကန္တာရ တစ်ခုလုံးကိုပင် ပြောင်းပြန်လှန်ပစ်လိုက်တော့သည်။
အက်ကွဲကြောင်းအတွင်း၌ ယခုလေးတင်မှ ထွက်ပြေးသွားခဲ့သော နတ်ဆိုးဧကရာဇ်မှာ ထိတ်လန့်တုန်လှုပ်နေဟန်ဖြင့် တဆတ်ဆတ် တုန်ရီနေ၏။ သူ ကမ္ဘာကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားသည့်အလား ခံစားနေရသည်။ သဲကန္တာရတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်လောက်အောင် မည်သူကများ ဤမျှအထိတိုင် ကြောက်မက်ဖွယ်ကောင်းလှပါသနည်း။
“မိပြီ”
လင်းဖုန်း လက်လှမ်းလိုက်ပြီး နတ်ဆိုးဧကရာဇ်ကို တိုက်ရိုက် ဖမ်းဆုပ်လိုက်သည်။ မီတာရာချီ ကြီးမားလှသော နတ်ဆိုးဧကရာဇ်မှာ လင်းဖုန်း၏ လက်ထဲတွင်မူ အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်နှင့်မခြား မည်သို့မျှ ရုန်းကန်လှုပ်ရှားနိုင်ခြင်း မရှိတော့ချေ။
ဗျစ်
လင်းဖုန်း ခပ်တင်းတင်း ညှစ်လိုက်သည်။ နတ်ဆိုးဧကရာဇ်မှာ လင်းဖုန်း၏ လက်ကြားတွင် အသားစများအဖြစ်ပြောင်းလဲကာ အသက်ပျောက်တော့သည်။
“ဟင်... ဒါက...”
ရုတ်တရက် လင်းဖုန်း လက်ထဲရှိ အသားစများအကြား၌ လက်သီးဆုပ်အရွယ်အစားရှိသည့် သွေးနီရောင်သလင်းကျောက်တစ်လုံး တိတ်တဆိတ် ရှိနေသည်ကို သတိပြုမိသွားသည်။
“ဒါက… အသက်အမြုတေ အပိုင်းအစလား”
လင်းဖုန်း၏ လက်ဝါးထဲရှိ သွေးနီရောင်သလင်းကျောက်မှာ လက်သီးဆုပ်အရွယ်အစားခန့်မျှသာ ရှိသော်လည်း အစစ်အမှန် အသက်အမြုတေ အပိုင်းအစတစ်ခု ဖြစ်နေ၏။ လင်းဖုန်းအနေဖြင့် မှားစရာအကြောင်းမရှိချေ။
“ဒီစွမ်းအားအငွေ့အသက်က... အသားစတွေထဲမှာ အသက်အမြုတေရဲ့ စွမ်းအားအငွေ့အသက် နည်းနည်း ကျန်နေသေးတာပဲ။ အပြီးတိုင် ပျောက်ကွယ်မသွားသေးဘူး။ ဒီနတ်ဆိုးက သက်စောင့်အမြုတေ အပိုင်းအစရဲ့ စွမ်းအားတွေကို စုပ်ယူအသုံးချနေခဲ့တာလား”
လင်းဖုန်းသည်ကား အသက်အမြုတေ အပိုင်းအစကြီးတစ်ခုကို ပေါင်းစပ်ခဲ့ဖူးသူ ဖြစ်သည်။ ထို့ကြောင့် သူသည် လီဗိုင်ယာသန်၏ အသက်အမြုတေနှင့်ပတ်သတ်၍ အလွန်ပင် အကျွမ်းတဝင်ရှိလှ၏။
ဤလက်သီးဆုပ်အရွယ်အစားရှိ အသက်အမြုတေ အပိုင်းအစမှာ နတ်ဆိုးဧကရာဇ်၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ နတ်ဆိုးဧကရာဇ်က အသက်အမြုတေ အပိုင်းအစ၏ စွမ်းအားများကို စုပ်ယူနေခဲ့ခြင်းသာ ဖြစ်ရမည်။ စုပ်ယူခြင်း မပြီးဆုံးမီမှာပင် လင်းဖုန်း၏ လက်ချက်ဖြင့် အသက်ပျောက်ခဲ့ရခြင်း ဖြစ်ပေ၏။
လင်းဖုန်း ထိုအသက်အမြုတေ အပိုင်းအစကို သိမ်းဆည်းလိုက်သည်။ ဤသေးငယ်လှသော အသက်အမြုတေ အပိုင်းအစလေးက လင်းဖုန်းအတွက် ဘာမှမဟုတ်သော်လည်း ယင်းက အလွန်တရာ အရေးကြီးလှသော သဲလွန်စတစ်ခု ဖြစ်၏။
ဤတွေ့ရှိချက်က တာရှာကာသဲကန္တာရအောက်တွင် အသက်အမြုတေ အပိုင်းအစများ ရှိနေကြောင်း ဆိုလိုခြင်း ဖြစ်ပေသည်။
“သူတော်စင်လင်းဖုန်း... ဘယ်လိုလဲ”
သူတော်စင်ခန်းနှင့် အခြားသူများလည်း ပျံသန်းရောက်ရှိလာကြသည်။ လင်းဖုန်း တာရှာကာသဲကန္တာရ တစ်ခုလုံးကို ပြောင်းပြန်လှန်လုမတတ် လုပ်ဆောင်လိုက်သည်ကို မြင်တွေ့လိုက်ရပြီးနောက် သူတို့အားလုံး အံ့အားသင့် မှင်သက်သွားခဲ့ကြရ၏။ လင်းဖုန်းနှင့် တုန်ဖန်းရှန်တို့၏ တိုက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပြီး ဖြစ်သော်လည်း ဤကဲ့သို့သော မြင်ကွင်းမျိုးကို ထပ်မံမြင်တွေ့လိုက်ရသောအခါ သူတို့၏ စိတ်နှလုံးများမှာ တည်ငြိမ်နိုင်စွမ်း မရှိကြတော့ချေ။
ဤသည်ကား သူတို့ စိတ်ကူးယဉ်နိုင်သည့် စွမ်းအားကန့်သတ်ချက်ထက် များစွာကျော်လွန်နေခဲ့လေပြီ။ ဤတိုက်ခိုက်မှုတို့က အမှန်တကယ်ပင် ကမ္ဘာပျက်ကပ်တစ်ခုအလား ရှိနေခဲ့၏။
“တစ်ခုခု ရှာတွေ့ခဲ့တယ်”
လင်းဖုန်း လက်ထဲရှိ အသက်အမြုတေ အပိုင်းအစကို ထုတ်ပြလိုက်သည်။
“ဒါက သွေးနီရောင်သလင်းကျောက်လား”
“တကယ်ကို ထူးခြားတာပဲ”
“အခု နမူနာပစ္စည်းအစစ် ရှိနေပြီဆိုတော့ နောင်တစ်ချိန်မှာ စုဆောင်းရတာ ပိုပြီးတော့ လွယ်သွားတာပေါ့”
သူတော်စင်များအားလုံးလည်း လင်းဖုန်း ကိုင်ဆောင်ထားသည့် သွေးနီရောင်သလင်းကျောက်ကို သိလိုစိတ် ပြင်းပြစွာဖြင့် ကြည့်လိုက်ကြသည်။ သလင်းကျောက်အတွင်း၌ ထူးခြားသော စွမ်းအားတစ်ခု ပါဝင်နေကြောင်း သူတို့ ခံစားမိကြ၏။ သို့သော်လည်း ကံမကောင်းစွာဖြင့် သူတို့က ကြယ်တာရာစွမ်းအားကို ကျင့်ကြံထားသူများ ဖြစ်ကြ၏။ အသက်အမြုတေကို ရရှိလျှင်ပင် အသုံးပြုနိုင်မည် မဟုတ်ချေ။
လင်းဖုန်း အောက်ဘက်ရှိ နက်ရှိုင်းကာ အမှောင်ထုလွှမ်းနေသော ဂူကြီးကို လှမ်းကြည့်လိုက်သည်။ ထိုတစ်ခဏ၌ သူ၏ စိတ်ဝိညာဉ်စွမ်းအားက အောက်ဘက်သို့ အလျင်အမြန် စိမ့်ဝင်ပျံ့နှံ့သွား၏။
သူသည် မြေအောက်လှိုဏ်ဂူ အမြောက်အမြားကို မြင်တွေ့လိုက်ရသည်။ ထိုနေရာများတွင် မည်သည့် နည်းပညာဆိုင်ရာ အငွေ့အသက်မျှ ရှိမနေခဲ့ချေ။ မြင်မြင်သမျှ အားလုံးက ရှေးဟောင်းဆန်ပြီး သဘာဝအတိုင်း တည်ရှိနေကြသဖြင့် နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်နှင့် အလားသဏ္ဌာန်တူ၏။
ဤမြင်ကွင်းက လင်းဖုန်း ယခင်က မြင်တွေ့ခဲ့ဖူးသော ရှေးဟောင်းအပျက်အစီး နယ်မြေများနှင့် မတူကွဲပြားလှပေသည်။
“ရှိသေးတယ်”
လင်းဖုန်း အသက်ပြင်းပြင်းရှိုက်လိုက်မိသည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအားမှတစ်ဆင့် တာရှာကာသဲကန္တာရ၏ အောက်ဘက်တွင် နတ်ဆိုးသားရဲများစွာ ရှိနေကြောင်း ခံစားမိလိုက်၏။ အထူးသဖြင့် နတ်ဆိုးဧကရာဇ်များပင်။ သူ ထိုနတ်ဆိုးများကို လွတ်မြောက်ခွင့် ပေး၍မဖြစ်ချေ။
“တက်လာခဲ့စမ်း”
လင်းဖုန်း အော်ဟစ်လိုက်သည်။ သူ၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းမှ ပြိုင်ဘက်ကင်းစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်။ စွမ်းအားပေါက်ကွဲမှုကြောင့် တာရှာကာသဲကန္တာရတစ်ခုလုံး အရူးအမူး တုန်ခါသွားသည်။
ဝုန်း
မြေပြင်တစ်ခုလုံး အပြင်းအထန် တုန်ခါသွားသည်။ လင်းဖုန်းက တောင်ကြီးတစ်လုံးပမာ ကြီးမားလှသည့် မြေစိုင်ကြီးတစ်ခုကို မြေပြင်အက်ကွဲကြောင်းမှ အတင်းအကျပ် ဆွဲနှုတ်လိုက်သည်။ တာရှာကာသဲကန္တာရတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားပြီး ဧရာမတွင်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုတွင်းကြီးက အဆုံးအစမဲ့ မှောင်မိုက်နက်ရှိုင်းနေကာ ကြောက်မက်ဖွယ်ကောင်းလှသော အခြားကမ္ဘာတစ်ခုနှင့် ဆက်စပ်နေသကဲ့သို့ ထင်မှတ်ရပေ၏။
ဧရာမတွင်းကြီးအတွင်းမှ နတ်ဆိုးသားရဲများ၏ ခပ်ဝါးဝါး ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ ထိုအသံများက ငရဲဘုံမှ ထွက်ပေါ်လာသည့်အလား ရှိနေ၏။ အခြားသူတော်စင်ရှစ်ပါးပင်လျှင် အနည်းငယ် မသက်မသာဖြစ်သလိုး ခံစားလိုက်ရသည်။
လင်းဖုန်း၏ ဧရာမလက်ကြီးနှစ်ဖက်က ဧရာမတွင်းကြီးအတွင်းမှ ပြန်လည်ထွက်ပေါ်လာသည်။ သို့သော်လည်း သူ့လက်နှစ်ဖက်အတွင်း၌ နတ်ဆိုးသုံးကောင်ကို ဖမ်းဆုပ်ထား၏။ ထိုသုံးကောင်စလုံး အစွမ်းကုန်ရုန်းကန်နေကြပြီး သွေးရူးသွေးတန်း ဟိန်းဟောက်နေကြသည်။
သို့သော်လည်း သူတို့၏ ရုန်းကန်မှုများက အချည်းနှီးသာပင်။ လင်းဖုန်း၏ လက်ထဲတွင်မူ ထိုနတ်ဆိုးများမှာ အိမ်မွေးတိရစ္ဆာန်များအလား ရှိနေ၏။
ထိုသားရဲတို့ကား နတ်ဆိုးဧကရာဇ်များပင်။
“လူသားတွေ... မင်းတို့ စစ်ပွဲစတင်လိုက်တဲ့အတွက် နောင်တရစေရမယ်...”
နတ်ဆိုးဧကရာဇ်သုံးကောင်လုံး ဟိန်းဟောက်လိုက်ကြသည်။ လင်းဖုန်း ဘာမှပြန်ပြောမနေတော့ချေ။ သူ့လက်ဝါးများကိုသာ အနည်းငယ် အားထည့်လိုက်၏။
ဗျစ်
နတ်ဆိုးဧကရာဇ် သုံးကောင်လုံးမှာ မျက်စိတစ်မှိတ်အတွင်း ချေမွခံလိုက်ရသည်။ ကံမကောင်းစွာဖြင့် သူတို့၏ ခန္ဓာကိုယ်အတွင်းမှ မည်သည့် အသက်အမြုတေကိုမျှ မရရှိခဲ့ချေ။ သို့သော်လည်း လင်းဖုန်း သူတို့၏ အသားစများအတွင်းမှ လီဗိုင်ယာသန်၏ စွမ်းအားအငွေ့အသက်ကို ခံစားမိနေဆဲပင်။
“ဒီနတ်ဆိုးဧကရာဇ်တွေအားလုံးက အသက်အမြုတေ အပိုင်းအစတွေကို ဝါးမြိုဖူးကြတာပဲ”
လင်းဖုန်း၏ စိတ်ထဲတွင် ရဲတင်းသော အတွေးတစ်ခု ပေါ်ထွက်လာသည်။ တစ်ယောက်ယောက်က အသက်အမြုတေ အပိုင်းအစများကို ကမ္ဘာအနှံ့၌ တမင်သက်သက် ဖြန့်ကြဲထားခဲ့ခြင်း ဖြစ်နိုင်မည်လော။ အကယ်၍ ဤနတ်ဆိုးသားရဲများထဲမှ ကံကောင်းသူတချို့က အသက်အမြုတေ အပိုင်းအစများကို ဝါးမြိုနိုင်ခဲ့မည်ဆိုလျှင် သူတို့အနေဖြင် နတ်ဆိုးဘုရင်များ သို့တည်းမဟုတ် နတ်ဆိုးဧကရာဇ်များပင် ဖြစ်လာနိုင်ကြသည်။
ယင်းက လုံးဝမဖြစ်နိုင်တာ မဟုတ်ချေ။
ထို့ကြောင့် လင်းဖုန်း ထိုကိစ္စကို အတည်ပြုလိုသည်။ တာရှာကာသဲကန္တာရ၏ မြေအောက်တွင် နတ်ဆိုးစစ်သူကြီးများနှင့် နတ်ဆိုးဘုရင်များ အမြောက်အမြား ရှိနေ၏။ လင်းဖုန်း လက်နှစ်ဖက်ဖြင့် နောက်တစ်ကြိမ် ဖမ်းဆုပ်လိုက်ပြီး နတ်ဆိုးဘုရင်ဆယ်ကောင်ကို တိုက်ရိုက်ဖမ်းဆီးလိုက်သည်။ ထိုနတ်ဆိုးဘုရင်တို့က စွန်းအားအရာတွင် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများနှင့် ညီမျှပေသည်။
ဤနတ်ဆိုးဘုရင်များက သိုင်းသမားများနှင့် ရင်ဆိုင်ရချိန်တွင် အလွန်တရာ ရက်စက်ကြမ်းကြုတ်နိုင်ကြသော်လည်း လင်းဖုန်း၏ လက်ထဲတွင်မူ ပုရွက်ဆိတ်များအလား ရှိနေကြ၏။ မည်သို့မျှ မတုန့်ပြန်နိုင်ဘဲ အလွယ်တကူ ချေမွသတ်ဖြတ်ခံလိုက်ရသည်။
ဗျစ်
လင်းဖုန်း သူ၏ လက်ကို ဆုပ်လိုက်ရာ သားရဲဘုရင် ဆယ်ကောင်မှာ မျက်စိတစ်မှိတ်အတွင်း ချေမွခံလိုက်ရတော့သည်။ ထို့နောက် သူ ဤနတ်ဆိုးဆယ်ကောင်၏ အသားစများကို သေသေချာချာ ခံစားကြည့်လိုက်၏။
မျှော်လင့်ထားသည့်အတိုင်းပင် သားရဲဘုရင် ရှစ်ကောင်၏ အသားစများအတွင်း၌ အသက်အမြုတေ၏ စွမ်းအားအငွေ့အသက်များ ပါဝင်နေသည်။ ယင်းက သားရဲဘုရင်ရှစ်ကောင်လုံး အသက်အမြုတေများကို ဝါးမြိုခဲ့ဖူးကြောင်း ဆိုလိုခြင်း ဖြစ်ပေသည်။
“မျှော်လင့်ထားတဲ့အတိုင်းပဲ။ အသက်အမြုတေ အပိုင်းအစတွေကို နေရာအနှံ့မှာ ဖြန့်ကြဲထားခဲ့တာပဲ။ ဒါပေမဲ့ ဒီနတ်ဆိုးတွေကပဲ အကျိုးအမြတ် အကြီးကြီး ရရသွားခဲ့ကြတာပေါ့လေ”
လင်းဖုန်း၏ နှလုံးခုန်သံက မြန်ဆန်သွားသည်။ သူ အစပိုင်းတွင် ကောင်းကင်မျက်နှာကျက်အကာကွယ်က သူတို့ကို ကာကွယ်ပေးရန်အတွက် တည်ရှိနေခြင်းဖြစ်သည်ဟု ထင်မှတ်ခဲ့၏။ သို့သော်လည်း ယခု ကြည့်ရသလောက် ယင်းက သူတို့ကို ကန့်သတ်ချုပ်ချယ်ထားခြင်း မဟုတ်ပါလော။
ဤကမ္ဘာပေါ်ရှိ အရာရာတိုင်းက တစ်စုံတစ်ယောက်၏ စီမံကိန်းများလော။
ထာဝရသိုင်းတာအိုအရှင်