အခန်း ၃၄၃
Vol. 30 Ch. 343
အခန်း (၃၄၃)
ဘာသာပြန် - အားသစ်
ဖြစ်နိုင်သည်မှာ ထိုမျှကြီးမြတ်လှသော ဖြစ်တည်မှုကြီး၏ မျက်စိထဲတွင် ဤကမ္ဘာပေါ်ရှိ သားရဲများ၊ လူသားများနှင့် အတိတ်က ယဉ်ကျေးမှုရှစ်ခုလုံးက စမ်းသပ်ချက်မျှသာ ဖြစ်နိုင်ပေသည်။
လင်းဖုန်း ပြင်းပြင်းရှူလိုက်မိသည်။ ဤကိစ္စရပ်အားလုံးက သူ ရမ်းသမ်းခန့်မှန်းခြင်းသာဖြစ်ပြီး တိုက်ရိုက် သက်သေအထောက်အထားများ သိပ်မရှိလှချေ။ အမှန်တရားက သူ ခန့်မှန်းထားသကဲ့သို့ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူ လက်ရှိအချိန်တွင် အလွန်တရာ အားနည်းနေဆဲပင်။ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကိုပင် သူ ရင်မဆိုင်နိုင်သေးချေ။
လက်ရှိအချိန်တွင် လင်းဖုန်းအနေဖြင့် အသက်အမြုတေ အပိုင်းအစများကို တတ်နိုင်သမျှ များများ ရှာဖွေနိုင်ရန်အတွက် ကြိုးစားအားထုတ်ရပေမည်။
လင်းဖုန်း၏ စိတ်ဝိညာဉ်စွမ်းအားများက မြေအောက်သို့ ရူးသွပ်စွာဖြင့် ပျံ့နှံ့စူးစမ်းသွားသည်။ သံသယရှိစရာပင် မလိုချေ။ သူ မြေအောက်အနက်ရှိုင်းဆုံးနေရာ၌ နစ်မြုပ်နေသော အသက်အမြုတေ အပိုင်းအစအချို့ကို အမှန်တကယ်ပင် ရှာဖွေတွေ့ရှိခဲ့၏။
သို့သော်လည်း ကံမကောင်းစွာဖြင့် ဤအသက်အမြုတေ အပိုင်းအစ အရေအတွက်က အလွန်တရာ နည်းပါးလွန်းလှပေသည်။
လင်းဖုန်း မိုင်တစ်ထောင် ပတ်လည်အတွင်းရှိ မြေအောက်နယ်မြေ တစ်ခုလုံးကို စူးစမ်းရှာဖွေခဲ့သော်လည်း လက်သီးဆုပ်အရွယ်အစားရှိ သက်စောင့်အမြုတေ အပိုင်းအစ ဆယ်ခုကျော်ကိုသာ ရှာဖွေတွေ့ရှိခဲ့၏။
မြေအောက်တွင် နတ်ဆိုးသားရဲများနှင့် နတ်ဆိုးဘုရင် အမြောက်အမြား ရှိနေသေးသည်။ ဤနတ်ဆိုးသားရဲများနှင့် နတ်ဆိုးဘုရင်များက နတ်ဆိုးဧကရာဇ်များ မဟုတ်ကြသော်လည်း မြေအောက်မှ အပြင်သို့ တိုးထွက်သွားကြသည်နှင့်တစ်ပြိုင်နက် လူသားမျိုးနွယ်အတွက် ဘေးဒုက္ခတစ်ခု ဖြစ်လာနိုင်၏။
လင်းဖုန်း လက်ကို မြှောက်လိုက်ပြီး မြေအောက်ရှိ ဧရာမတွင်းကြီးကို ကြီးမားလှသော မြေစိုင်မြေခဲကြီးများ ကျောက်တုံးများဖြင့် လုံးဝ ဖုံးအုပ်ပစ်လိုက်တော့သည်။ ချက်ချင်းပင် မြေခဲများစွာ ပြိုကျပျက်စီးသွား၏။ မြေအောက်ရှိ မရေမတွက်နိုင်သော သားရဲများနှင့် နတ်ဆိုးများမှာ ရူးသွန်းစွာဖြင့် ဟိန်းဟောက်လိုက်ကြတော့သည်။
သို့သော်လည်း လင်းဖုန်း၏ ဖျက်ဆီးမှုအောက်တွင် သူတို့အထဲမှ အများစုမှာ အသားပုံအဖြစ်သို့ ချေမွခံလိုက်ကြရ၏။ အချို့သော သားရဲများက ဤဘေးဒုက္ခမှ လွတ်မြောက်ရန် ကံကောင်းခဲ့ကြမည် ဖြစ်သော်လည်း သူတို့က လူသားမျိုးနွယ်စုအတွက် မည်သည့် ခြိမ်းခြောက်မှုကိုမျှ ပြုနိုင်စွမ်း မရှိကြတော့ချေ။
“အခုကစပြီး တာရှာကာသဲကန္တာရက တားမြစ်နယ်မြေတစ်ခု မဟုတ်တော့ဘူး” လင်းဖုန်း အေးဆေးတည်ငြိမ်စွာ စကားဆိုလိုက်သည်။
လက်ရှိအချိန်တွင် တာရှာကူရသဲကန္တာရကြီးကို သဲကန္တာရတစ်ခုအဖြစ်ပင် ခေါ်ဆို၍ မရနိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ဝါကျင့်ကျင့်သဲမှုန်များ လုံးဝ ရှိမနေတော့သောကြောင့်ပင်။ လင်းဖုန်း၏ မွှေနှောက်ဖျက်စီးမှုကြောင့် ကန္တာရတစ်ခုလုံး အမှန်တကယ်ပင် ပြောင်းပြန်လှန်ခံလိုက်ရသည်။
ဤနည်းလမ်းဖြင့် တာရှာကာသဲကန္တာရ တစ်ခုလုံးကို ရှာဖွေခြင်းက တောင်များကို ရွှေ့ပြောင်းပြီး ပင်လယ်များကို ဖုံးအုပ်ပစ်သော သို့တည်းမဟုတ် ကြယ်နှင့် လများကို ဖမ်းဆုပ်ဆွတ်ခူးသော ဒဏ္ဍာရီလာ ကြောက်မက်ဖွယ်ကောင်းလှသည့် နတ်ဘုရားများနှင့် အလားသဏ္ဌာန်တူလှပေသည်။
သဘာဝကျကျပင် လင်းဖုန်းအနေဖြင့် တောင်များကို ရွှေ့ပြောင်းခြင်းနှင့် ပင်လယ်များကို ဖုံးအုပ်ပစ်ခြင်းမှာ သူ့အတွက် ခက်ခဲလှသည်မဟုတ်ကြောင်း ကောင်းကောင်းသိ၏။ သူ ထိုကိစ္စရပ်တို့ကို လုပ်ဆောင်နိုင်စွမ်းရှိသော်လည်း ကြယ်နှင့် လများကို ဖမ်းဆုပ်ရန်ကမူ အဝေးကြီး လိုပါသေးသည်။
ဖြစ်နိုင်သည်မှာ ဂြိုဟ်အဆင့်ထက် ကျော်လွန်သော သက်ရှိများသာလျှင် ထိုကိစ္စကို လုပ်ဆောင်နိုင်စွမ်း ရှိပေလိမ့်မည်။
“ငါတို့ တာရှာကာသဲကန္တာရကို ရောက်ပြီ”
လေသင်္ဘောအတွင်းရှိ အကြီးအကဲလင်း ဦးဆောင်သော စွန့်စားရှာဖွေရေးအဖွဲ့ဝင်များမှာ လင်းဖုန်း မြေမျက်နှာသွင်ပြင်ကို ပြောင်းပြန်လှန်ပစ်လိုက်သည့် ကြောက်မက်ဖွယ်ရာ နည်းလမ်းများကို မြင်တွေ့လိုက်ရ၏။ သူတို့အားလုံး အသက်ရှူပင် အောင့်ထားကြရပြီး အလွန်တရာ စိတ်လှုပ်ရှားသွားရသည်။
သူတို့ ဘာမြင်လိုက်ရတာလဲ။
သူတော်စင်လင်းဖုန်းက ကြီးကျယ်ခမ်းနားလှသော နတ်ဘုရားစွမ်းအားကို ပိုင်စိုးထားသည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးနှင့် အလားသဏ္ဌာန်တူ၏။ ဤသည်ကား တာရှာကာသဲကန္တာရဖြစ်သည်။ မရေမတွက်နိုင်သော လူပေါင်းများစွာကို မြှုပ်နှံထားခဲ့သည့် ကျယ်ပြောလှသော သဲကန္တာရဒေသကြီးပင်။ မရေမတွက်နိုင်သော သိုင်းသမားများနှင့် စွန့်စားရှာဖွေသူများမှာ ဤနေရာ၌ နောင်တတရားများစွာဖြင့် သေဆုံးခဲ့ကြရသည်။ သို့သော်လည်း ယခုအခါတွင်မူ တာရှာကာသဲကန္တာရမှာ အမှန်တကယ်ပင် ပျောက်ကွယ်သွားခဲ့လေပြီ။ ယင်းက သူတော်စင်လင်းဖုန်း တစ်ဦးတည်း၏ လက်ချက်ဖြင့် အလုံးစုံ ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်၏။ မိုးမြေပြောင်းပြန်လန်သွားသည့်အလား အလွန်တရာ ကြီးမားလှသော အပြောင်းအလဲကြီးပင်။
“သူတော်စင်လင်းဖုန်းက သူတော်စင်ဘာတိုင်ကို သတ်ဖြတ်နိုင်ခဲ့တာ မဆန်းတော့ပါဘူး။ ဒါကြီးက သူတော်စင်တစ်ပါးရဲ့ စွမ်းအားကန့်သတ်ချက်ကိုတောင် အများကြီး ကျော်လွန်နေပြီ”
သူတော်စင်များက အရာရာကို စွမ်းဆောင်နိုင်ကြသည်ဟု လူသိများကြ၏။ သို့သော်လည်း လက်တွေ့တွင်မူ သူတို့မှာ လင်းဖုန်းကဲ့သို့ အံ့မခန်းဖြစ်ကာ တိုက်ရိုက်ကျပြီး ရက်စက်ကြမ်းတမ်းလှသော နည်းလမ်းများနှင့်မူ ကွာခြားလှပေသည်။
လက်ရှိအချိန်တွင် သူတော်စင်လင်းဖုန်းနှင့်အတူဆိုပါက လူသားမျိုးနွယ်မှာ အတိတ်ကထက် အဆများစွာ ပိုမိုထွန်းပြောင်လာလိမ့်မည်ဟု သူတို့အားလုံး ယုံကြည်မှုအပြည့် ရှိကြ၏။
ဝှစ်
လင်းဖုန်း လေသင်္ဘောအတွင်းသို့ ဝင်ရောက်လာသည်။
“သူတော်စင်လင်းဖုန်းကို ဂါရဝပြုပါတယ်”
စွန့်စားရှာဖွေရေးအဖွဲ့ဝင်များမှာ အလျင်အမြန် ဦးညွှတ်အရိုအသေပေးလိုက်ကြ၏။
“တာရှာကာသဲကန္တာရက တားမြစ်နယ်မြေတစ်ခု မဟုတ်တော့ဘူး။ ခင်ဗျားတို့ ရွှေတောင်မြို့ကို ပြန်မလား ဒါမှမဟုတ် ဒီမှာပဲ ဆက်နေခဲ့မလား”
အကြီးအကဲလင်းတစ်ယောက် အခြားအဖွဲ့ဝင်များနှင့် အတန်ကြာ ဆွေးနွေးပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ကျွန်တော်တို့ လောလောဆယ် ဒီမှာပဲ ဆက်နေခဲ့ချင်ပါတယ်ခင်ဗျ”
ဤသည်ကား တစ်သက်တွင် တစ်ကြိမ်သာ ကြုံတွေ့နိုင်မည့် အခွင့်အရေးပင်။ တာရှာကာသဲကန္တာရ ပျောက်ကွယ်သွားခဲ့ချေပြီ။ လင်းဖုန်း၏ ဖျက်ဆီးခြင်းကို ခံလိုက်ရခြင်းဖြစ်၏။ သူတို့လို စွန့်စားရှာဖွေသူများအနေဖြင့် ဤကဲ့သို့သော ကြုံတောင့်ကြုံခဲ အံ့ဖွယ်အမှုကြီးတစ်ခုကို မည်သို့နှယ် လက်လွတ်ခံနိုင်မည်နည်း။
ထို့ကြောင့် လင်းဖုန်း သူတို့ကို တာရှာကာသဲကန္တာရအတွင်း၌ ချန်ရစ်ထားခဲ့လိုက်သည်။ ထို့နောက် သူတော်စင်ကိုးပါးစလုံး လေသင်္ဘောများပေါ်သို့ တက်သွားကြပြီး မိုးကုပ်စက်ဝိုင်းအဆုံးသို့ အလျင်အမြန် ပျောက်ကွယ်သွားကြတော့၏။
တာရှာကာသဲကန္တာရအတွင်းရှိ အပြောင်းအလဲများကို စွန့်စားရှာဖွေရေးအဖွဲ့ဝင်များက အင်တာနက်ပေါ်သို့ ချက်ချင်း တင်လိုက်ကြသည်။ သူတော်စင်ကိုးပါးစလုံး တပြိုက်နက် ပေါ်လာခဲ့ကြ၏။ သူတော်စင်လင်းဖုန်းက တစ်ကိုယ်တော်စွမ်းအားဖြင့် ကန္တာရမြေမျက်နှာသွင်ပြင် တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့သည်။ တာရှာကာသဲကန္တာရကို အလုံးစုံ ပြောင်းလဲပစ်ခဲ့သည်။
ကမ္ဘာမြေတုန်လှုပ်ဖွယ်ရာ ဤကိစ္စရပ်ကြီးက ချက်ချင်း အင်တာနက်ပေါ်၌ အုတ်အော်သောင်းနင်း ဖြစ်သွားစေပြီး ဆွေးနွေးမှုများစွာ ပေါ်ထွက်လာခဲ့တော့၏။
အချို့သော သိုင်းသမားများက ကမ္ဘာကြီးတစ်ခုလုံး၏ အခြေအနေကို ပြောင်းလဲသွားစေနိုင်မည့် စစ်ဆင်ရေးတစ်ခုကို သူတော်စင်ကိုးပါးက တိတ်တဆိတ် လုပ်ဆောင်နေကြောင်း ခပ်ဝါးဝါး ခံစားမိလိုက်ကြသည်။
…………
လင်းဖုန်း အင်တာနက်ပေါ်မှ အခြေအနေများကို သိလည်းမသိ အာရုံလည်းစိုက်မနေခဲ့ချေ။ ယခုလက်ရှိတွင် သူ့လက်အတွင်းရှိ အသက်အမြုတေ အပိုင်းအစများကိုသာ အာရုံစိုက်နေခဲ့သည်။ ဤအပိုင်းအစ ဆယ်ခုကျော်မှာ လင်းဖုန်း နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်တွင် ရရှိခဲ့သော ဧရာမအသက်အမြုတေ အပိုင်းအစကြီးနှင့် နှိုင်းယှဉ်လျှင် အလွန်တရာ သေးငယ်လွန်းလှ၏။ သို့သော်လည်း အကျိုးအမြတ်အနည်းအကျဥ်းတော့ ရရှိခဲ့သေးသည်။
လက်တွေ့တွင်မူ ဤအသက်အမြုတေ အပိုင်းအစများအတွင်း၌ ပါဝင်သည့် စွမ်းအင်များကို လင်းဖုန်း သိပ်ပြီး ဂရုမစိုက်လှချေ။ သူ ပိုမိုအာရုံစိုက်သည်မှာ ဤအသက်အမြုတေ အပိုင်းအစများအတွင်းရှိ လီဗိုင်ယာသန်နှင့် ပတ်သက်သည့် မှတ်ဉာဏ်များသာ ဖြစ်ပေ၏။
လီဗိုင်ယာသန်၏ မှတ်ဉာဏ်တချို့ကို နားလည်သဘောပေါက်မှသာလျှင် လင်းဖုန်း၏ စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်မှာ အလွယ်တကူ အဆင့်တက်နိုင်လိမ့်မည် ဖြစ်သည်။ ထိုသို့မဟုတ်ပဲ သူ စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်ကို ပုံမှန်အတိုင်း အဆင့်ဆင့် ကျင့်ကြံနေမည်ဆိုပါက စတုတ္ထအဆင့်သို့ ရောက်ရှိရန် မည်မျှအထိ အချိန်ကြာမြင့်မည်ကို မခန့်မှန်းနိုင်ချေ။
စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ် စတုတ္ထအဆင့်သို့ ရောက်ရှိပြီးမှသာလျှင် သူ့အနေဖြင့် စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို ပြီးမြောက်နိုင်မည်ဖြစ်၏။
ဤဖြစ်စဉ်မှာ မူလက တဖြည်းဖြည်းချင်း လုပ်ဆောင်ရမည့်အရာတစ်ခု ဖြစ်သော်လည်း လင်းဖုန်းတွင် ထိုမျှအထိ အချိန်မရှိတော့ချေ။ ကမ္ဘာဖျက်ဧရာမသားရဲကြီး၏ ခြိမ်းခြောက်မှုကြောင့် လင်းဖုန်းအတွက် အချိန်သိပ်မရှိတော့ပေ။ စက္ကန့်တိုင်းကို သူ အမိအရ ဆုပ်ကိုင်ထားရမည် ဖြစ်ပေသည်။
လင်းဖုန်း လက်လှမ်းကာ ဖမ်းဆုပ်ဟန်ပြုလိုက်ရာ အသက်အမြုတေ အပိုင်းအစ ဆယ်ခုကျော်က သူ့လက်ထဲသို့ ရောက်ရှိလာ၏။ ထို့နောက် သူ တိုက်ပွဲဝင်ခန္ဓာကိုယ်လမ်းညွှန်ကျင့်စဉ်ကို လှုံ့ဆော်လိုက်သည်။ ချက်ချင်းပင် သူ၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က ဤအသက်အမြုတေ အပိုင်းအစများကို စတင်စုပ်ယူလိုက်တော့၏။
စွမ်းအင်ထုကြီးတစ်ခု လင်းဖုန်း၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာပြီး သူ၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို တဖြည်းဖြည်း အားဖြည့်ပေးသည်။ သို့သော်လည်း လင်းဖုန်း၏ လက်ရှိ တိုက်ပွဲဝင်ခန္ဓာကိုယ်အရွယ်အစားနှင့်ယှဉ်လျှင် ဤစွမ်းအင်ပမာဏလေးက ပြောပလောက်စရာမရှိချေ။
လင်းဖုန်း၏ အာရုံစိုက်မှုကို အမှန်တကယ် ဖမ်းစားနိုင်ခဲ့သည်မှာ အသက်အမြုတေအတွင်းရှိ လီဗိုင်ယာသန်၏ မှတ်ဉာဏ်အပိုင်းအစများသာ ဖြစ်သည်။
လင်းဖုန်း မှတ်ဉာဏ်များအတွင်း၌ အလုံးစုံ စီးမျောသွား၏။ အသက်အမြုတေ အပိုင်းအစများမှာ ယခင်တစ်ကြိမ်နှင့်ယှဉ်လျှင် နည်းပါးလွန်းလှသဖြင့် မှတ်ဉာဏ်အပိုင်းအစများကလည်း အလွန်နည်းပါးလှပြီး အပိုင်းပိုင်းအစစ ပြန့်ကျဲနေ၏။
ထာဝရသိုင်းတာအိုအရှင်