← Chapters

အခန်း ၃၄၄

Vol. 30 Ch. 344

အခန်း ၃၄၄

Vol. 30 Ch. 344

အခန်း (၃၄၄)

ဘာသာပြန် - အားသစ်

လင်းဖုန်း လီဗိုင်ယာသန်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည့်နှယ် ခံစားလိုက်ရသည်။ သို့သော်လည်း ဤမှတ်ဉာဏ်က လီဗိုင်ယာသန်လေး မွေးဖွားခါစ အချိန်က ဖြစ်ပုံရ၏။ အေးစက်လှသော ပင်လယ်ပြင်ကြီးအတွင်း၌ သူ့မိခင်ဖြစ်သော ဧရာမလီဗိုင်ယာသန်ကြီးမှာ အခြားအင်အားကြီး ဧရာမသားရဲကြီးတစ်ကောင်၏ သတ်ဖြတ်ခြင်းခံလိုက်ရသည်။

ရေပြင်တစ်ခွင်လုံး သွေးချင်းချင်းနီသွားခဲ့၏။ လီဗိုင်ယာသန်လေးမှာ အလွန်အင်မတန် ကြောက်ရွံ့ထိတ်လန့်နေခဲ့သော်လည်း သူ အလွန် ကံကောင်းခဲ့သည်။ ထိုအင်အားကြီး ဧရာမသားရဲကြီးက မွေးကင်းစလီဗိုင်ယာသန်လေးကို သတ်ဖြတ်ရန် စိတ်မဝင်စားခဲ့ချေ။ လီဗိုင်ယာသန်လေးကို လျစ်လျူရှုကာ ပင်လယ်ပြင်ကြီးအတွင်းမှ ထွက်ခွာသွားခဲ့၏။

လီဗိုင်ယာသန်လေးမှာ ဗီဇစိတ်အတိုင်း လိုက်နာကာ နေ့စဉ်ရက်ဆက် ကြောက်ရွံ့မှုနှင့် မသက်မသာဖြစ်မှုများကြား၌ ရှင်သန်နေထိုင်ခဲ့ရသည်။ သူ ငယ်စဉ်ကတည်းက မိခင်ကို ဆုံးရှုံးခဲ့ရသဖြင့် မည်သို့ အမဲလိုက်ရမည်ကိုပင် မသိချေ။

သူ နေ့စဉ်နေ့တိုင်း ငတ်မွတ်နေခဲ့ရပြီး အမြဲတမ်း စိုးရိမ်ကြောက်ရွံ့နေရသည့် အခြေအနေ၌ ရှိနေခဲ့၏။ တစ်နေ့နေ့တွင် သူ ငတ်မွတ်ပြီး သေဆုံးသွားနိုင်ချေရှိသည်။

ဤမှတ်ဉာဏ်များက အပိုင်းအစတစ်ခုမျှသာ ဖြစ်သော်လည်း အလွန်တရာ နက်ရှိုင်းလှပေသည်။ လင်းဖုန်းအနေဖြင့် လီဗိုင်ယာသန်၏ မှတ်ဉာဏ်အတွင်းရှိ မသက်မသာဖြစ်မှုနှင့် ကြောက်ရွံ့ထိတ်လန့်မှုတို့ကို ထင်ထင်ရှားရှား ခံစားမိနိုင်၏။

အင်အားကြီး ဂြိုဟ်အဆင့်သက်ရှိများပင်လျှင် သူတို့ အားနည်းစဉ်အချိန်က ကြောက်ရွံ့မှုကို ခံစားခဲ့ရဖူးကြောင်း မည်သူက တွေးမိမည်နည်း။

“အားအနည်းဆုံး သက်ရှိလေးတစ်ကောင်မှာတောင် အဆုံးအစမဲ့ ဖြစ်နိုင်ချေတွေ ပြည့်နှက်နေသေးတာပဲ။ အကြီးမြတ်ဆုံး ပညာရှိတစ်ပါးတောင်မှ သက်ရှိတွေဆီကနေ ဖြစ်တည်ပွင့်လန်းလာနိုင်တဲ့ အံ့ဖွယ်အမှုတွေကို ကြိုတင်ဟောကိန်းမထုတ်နိုင်ဘူး”

လင်းဖုန်း တွေးလိုက်မိသည်။

လက်တွေ့တွင်မူ လူတိုင်း သက်ရှိတိုင်းတွင် တူညီသော မှတ်ဉာဏ်တစ်ခုအပေါ်၌ပင် ကွဲပြားခြားနားသော နားလည်သဘောပေါက်မှုများ ရှိတတ်ကြသည်။

ဥပမာအားဖြင့် ဤမှတ်ဉာဏ်အတွင်း၌ တချို့သူများက သက်ရှိဆိုသည်မှာ အလွန်တရာ ပျက်စီးလွယ်ကြောင်း ခံစားမိကြပေလိမ့်မည်။ တချို့ကမူ အောင်အောင်မြင်မြင်ကျင့်ကြံနိုင်ရန် အလွန်တရာ ခက်ခဲလှကြောင်း ခံစားမိကြပေလိမ့်မည်။ တချို့ကမူ ဂြိုဟ်အဆင့်သက်ရှိ ဖြစ်လာရန်အတွက် ဒုက္ခသုက္ခပေါင်းစုံကို ဖြတ်သန်းရမည်ဖြစ်ကြောင်း ခံစားမိကြပေလိမ့်မည်။

သို့သော်လည်း လင်းဖုန်းကမူ သက်ရှိတစ်ခု မည်မျှပင် အားနည်းပါစေ အံ့ဖွယ်အမှုများကို ဖန်တီးနိုင်စွမ်း ရှိသေးကြောင်း ခံစားမိလိုက်၏။ ဤသည်ကား သက်ရှိတစ်ယောက်၏ ကြီးမြတ်မှုပင် ဖြစ်နိုင်သည်။

မတူကွဲပြားသော နားလည်သဘောပေါက်မှုများအတွက် မှားသည် မှန်သည်ဟူ၍ မရှိချေ။ ဤနားလည်သဘောပေါက်မှုနှင့်အတူ ရုတ်တရက် လေသင်္ဘောအပြင်ဘက်ရှိ ရှုခင်းများက အလွန်လှပလွန်းလှကြောင်း လင်းဖုန်း ခံစားလိုက်ရသည်။ ထိုအပင်များ၊ ပိုးမွှားများနှင့် ကြမ်းကြုတ်သားရဲများပင်လျှင် သက်ရှိတို့၏ အလှတရားကိုယ်စီဖြင့် ပြည့်နှက်နေကြ၏။

ဖြစ်နိုင်ချေကား အနန္တ၊ ရှေ့ဆက်ရမည်က သဘာဝပင်။ အားနည်းလှသော သက်ရှိလေးတစ်ကောင်ကလည်း ကြီးမြတ်လှသော သက်ရှိတစ်ခုဖြစ်လာရန် မျှော်လင့်နိုင်သည်။

လင်းဖုန်း၏ လက်ထဲရှိ အသက်အမြုတေ အပိုင်းအစများမှာ မသိလိုက်မသိဘာသာပင် လုံးဝပျောက်ကွယ်သွားခဲ့လေပြီ။ ယင်းတို့အားလုံးကို လင်းဖုန်း အပြည့်အဝ စုပ်ယူလိုက်ပြီးသည်နှင့် အသက်အမြုတေ အပိုင်းအစများအတွင်းရှိ မှတ်ဉာဏ်များမှာလည်း အလိုအလျောက် ပျောက်ကွယ်သွား၏။

များမကြာမီ လင်းဖုန်း ထိုအံ့သြဖွယ်ရာ နားလည်သဘောပေါက်မှုအတွင်းမှ အပြည့်အဝ နိုးထလာသည်။ သူ ချက်ချင်း သူ့စိတ်ထဲရှိ စိတ်စွမ်းအားစက်လုံးကို စစ်ဆေးကြည့်လိုက်သည်။ စိတ်စွမ်းအားစက်လုံးအတွင်းရှိ စိတ်စွမ်းအားများက သိသိသာသာ တိုးပွားလာခြင်း မရှိသော်လည်း ပိုမိုသန့်စင်သွားကြောင်း သတိပြုမိသွားသည်။

လင်းဖုန်းကိုယ်တိုင်ပင် သူ့ကိုယ်သူ အဆင့်တစ်ခုအထိ ပိုမိုမြင့်မားသွားပြီဖြစ်ကြောင်း ခံစားမိသည်။ အထူးသဖြင့် စိတ်အသိနှင့် စိတ်ဆန္ဒကဲ့သို့သော ဒြပ်မဲ့အရာများအတွက် ပိုမိုသိသာထင်ရှားလှ၏။

ထိုကဲ့သို့ မျက်စိဖြင့်မမြင်နိုင်၊ လက်ဖြင့် ထိတွေ့၍ မရနိုင်သော အရာများက တစ်ခါတစ်ရံတွင် အလွန်တရာ အရေးကြီးလှသည်။ နောက်ဆုံးတွင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းဆိုသည်က သက်ရှိတစ်ယောက်ကို ကဏ္ဍပေါင်းစုံမှ အသွင်ပြောင်းလဲစေခြင်းပင် ဖြစ်သည်။ အကယ်၍ ချို့ယွင်းချက်တစ်စုံတစ်ရာ ရှိနေပါက ထိုချို့ယွင်းချက်မှာ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ကာလအတွင်း၌ အဆမတန် ကြီးမားသွားမည်ဖြစ်ပြီး နောက်ထပ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို ထိခိုက်စေလိမ့်မည် ဖြစ်၏။

ရုတ်တရက် လင်းဖုန်း သူ့ရှေ့မှောက်ရှိ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးကို လှမ်းကြည့်လိုက်သည်။

ဤပင်လယ်ပြင်ကြီးက အပြာရောင် မဟုတ်ချေ။ ညအမှောင်ကဲ့သို့ အမှောင်ရိပ်များ ရောယှက်နေ၏။ ထနုနေရာတစ်ခုလုံးက သက်ရှိရိပ် ကင်းမဲ့နေပုံရသည်။

“ငါတို့ အသူတရာသေမင်းပင်လယ်ကို ရောက်ပြီ”

တားမြစ်နယ်မြေကြီးလေးခုထဲမှ တစ်ခုဖြစ်သော အသူတရာသေမင်းပင်လယ်က အလွန်လျှို့ဝှက်ဆန်းကြယ်လှသည့် နေရာတစ်ခုပင်။ ပညာရေးအဖွဲ့အစည်းမှ သူတော်စင်ပင်းယုနှင့် သူတော်စင်ကတ်တို့မှာ အသူတရာသေမင်းပင်လယ်၌ အချိန်ကြာမြင့်စွာ တာဝန်ကျနေကြသူများ ဖြစ်ကြသည်။

လေသင်္ဘောကိုးစီးက အသူတရာသေမင်းပင်လယ်အနီးသို့ ရောက်ရှိလာသောအခါ တည်ငြိမ်လှသော သေမင်းပင်လယ်ပြင်ကြီးက လှိုင်းဂယက်စိုးစိမျှပင် မရှိချေ။ လေတိုက်ခြင်းမရှိသလို လှိုင်းပုတ်ခြင်းလည်း မရှိချေ။ နေရာတစ်ခုလုံး အကြွင်းမဲ့ တိတ်ဆိတ်ငြိမ်သက်မှုများသာ လွှမ်းမိုးနေ၏။

ဝုန်း

ရုတ်တရက် သေမင်းပင်လယ်အတွင်းမှ ဧရာမရေတိုင်လုံးကြီးတစ်ခု ထွက်ပေါ်လာပြီး လေသင်္ဘောများထဲမှ တစ်စီးဆီသို့ မျက်စိတစ်မှိတ်အတွင်း ရိုက်ခတ်လာတော့သည်။ ရေတိုင်လုံးကြီး ရိုက်ခတ်လာသည်နှင့်တစ်ပြိုင်နက် တည်ငြိမ်နေသော သေမင်းပင်လယ်ပြင်ကြီးတစ်ခုလုံးလည်း ရုတ်တရက် လှိုင်းတံပိုးများ ထန်လာတော့သည်။

“မီးလျှံနတ်ဘုရားနယ်မြေ”

ဧရာမမီးလူသားကြီးတစ်ကောင်က လေသင်္ဘောအတွင်းမှ ရုတ်တရက် ပျံထွက်လာသည်။ ထိုမီးလူသားကြီးက လေသံတင်းတင်းဖြင့် ဟိန်းဟောက်လိုက်ပြီး မီးလုံးတစ်ခုကို ဝှေ့ယမ်းပစ်လွှတ်လိုက်၏။ မီးလုံးနှင့်ထိတွေ့မိသည်နှင့် ရေတိုင်ကြီးက ချက်ချင်း အငွေ့ပျံသွားပြီး မည်သည့်ခြေရာလက်ရာမျှ မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။

ဝှစ်

ဟင်းလင်းပြင်ထဲ၌ သူတော်စင်ကိုးပါးက လေသင်္ဘောများပေါ်မှ ပျံထွက်လာကြပြီး အောက်ဘက်ရှိ အသူတရာသေမင်းပင်လယ်ကြီးကို အံ့အားသင့်စွာဖြင့် ငုံ့ကြည့်လိုက်ကြသည်။

သေမင်းပင်လယ်အတွင်း၌ ငါးနှင့်တူသော်လည်း ငါးမဟုတ်သည့် ဧရာမနတ်ဆိုးကြီးတစ်ကောင် ရှိနေ၏။ ထိုနတ်ဆိုးကြီးတွင် အမြီးနှစ်ဖက်ပါပြီး ပါးစပ်များစွာ သိပ်သိပ်သည်းသည်း ရှိနေသည်။ ထိုနတ်ဆိုးက လေထဲရှိ လေသင်္ဘောများကို အေးစက်စက် စိုက်ကြည့်နေသည်။ အလွန်တရာ ကြမ်းတမ်းရက်စက်ဟန်ရှိပြီး ကြောက်မက်ဖွယ်ရာကောင်းလှပေသည်။

“ဒါက နတ်ဆိုးဘုရင် ပါးစပ်တစ်ထောင်ငါးပဲ။ ဒီကောင့်မှာ ပါးစပ်တစ်ထောင်တိတိရှိပြီးတော့ နေ့တိုင်း မပြတ်တန်း စားသောက်နေတတ်တယ်။ သူ့ဗိုက်က အောက်ခြေမရှိတဲ့ တွင်းကြီးတစ်ခုလိုပဲ။ ဘယ်တော့မှ စားလို့ဝတယ် ‌‌ဗိုက်ပြည့်သွားတယ်လို့ မရှိဘူး။ ဒီကောင်က သေမင်းပင်လယ်ရဲ့ သီးသန့်နတ်ဆိုးသားရဲပဲ။ အသူတရာသေမင်းပင်လယ်လို ပတ်ဝန်းကျင်မျိုးမှာ ကျွန်မတို့လို သူတော်စင်တွေတောင် ဒီကောင်တွေကို ဘာမှလုပ်လို့မရဘူး” သူတော်စင်ပင်းယုက ရှင်းပြလိုက်သည်။

သူမနှင့် သူတော်စင်ကတ်တို့မှာ အသူတရာသေမင်းပင်လယ် အနီးတဝိုက်တွင် တစ်နှစ်ပတ်လုံး စောင့်ကြပ်နေကြသူများဖြစ်သဖြင့် သဘာဝကျကျပင် ဤသားရဲများအကြောင်း ကောင်းကောင်း သိထားကြသည်။

“ပါးစပ်တစ်ထောင်ငါးလား။ နတ်ဆိုးဘုရင်လေးတစ်ကောင်ပါပဲ။ သူတော်စင်တစ်ယောက်က ဘာကိစ္စ ဒီကောင့်ကို ရင်မဆိုင်နိုင်စရာ အကြောင်းရှိမှာလဲ။ ငါပြမယ် ကြည့်ထားလိုက်”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်အနေဖြင့် ဤသို့သော နတ်ဆိုးဘုရင်လေးတစ်ကောင်ကို ဂရုပင်မစိုက်ချေ။ ထို့ပြင် ဤနတ်ဆိုးဘုရင်က စောစောကပင် သူတို့လို သူတော်စင်များကို အရင်ဦးဆုံး စတင်တိုက်ခိုက်ဝံ့ခဲ့သည်။ ဤကဲ့သို့သော ဖြစ်ရပ်မျိုးက ပြင်ပနယ်မြေ၏ အခြားနေရာများတွင် ဘယ်သောအခါမှ ဖြစ်လာလိမ့်မည် မဟုတ်ချေ။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ချက်ချင်း တိုက်ခိုက်လိုက်တော့သည်။ သူ၏ မီးနတ်ဘုရားနယ်မြေက ခမ်းနားကြီးကျယ်လှစွာဖြင့် အောက်ဘက်ပင်လယ်ပြင်ကို လွှမ်းခြုံသွားတော့သည်။

ရွှီး...

မီးနတ်ဘုရားနယ်မြေက မီတာတစ်ထောင် ပတ်လည်နယ်မြေကို လွှမ်းခြုံလိုက်သောအခါ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုခုနှင့် တိုးမိသွားပုံရ၏။ နတ်ဘုရားနယ်မြေမှာ ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေပျက်စီးသွားတော့သည်။ နတ်ဘုရားနယ်မြေအတွင်းရှိ မီးတောက်များပင်လျှင် အစအနမကျန် ပျောက်ကွယ်သွားတော့၏။

“ဒါ... ဒါက ဘာဖြစ်တာလဲ”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တစ်ယောက် အလွန်တရာ အံ့အားသင့်သွားသည်။ သူ ဤသို့သော အခြေအနေမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။

“ပြိုင်ဘက်ကင်း... ခွန်အားတွေ အလဟဿ ဖြုန်းတီးမနေပါနဲ့။ အသူတရညသေမင်းပင်လယ်ရဲ့ ပတ်ဝန်းကျင်က အရမ်းထူးခြားတယ်ကွ။ ငါတို့ရဲ့ နတ်ဘုရားနယ်မြေတွေကို သေမင်းပင်လယ်ထဲမှာ လုံးဝ အသုံးပြုလို့မရဘူး။ သေမင်းပင်လယ်ရဲ့ ရေထုနဲ့ ထိတွေ့မိတာနဲ့ နတ်ဘုရားနယ်မြေက ပြိုကွဲပျက်စီးသွားလိမ့်မယ်”

သူတော်စင်ကတ်က ပြုံးလျက် ရှင်းပြလိုက်၏။ သူတော်စင်များအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ချောက်နက်သေမင်းပင်လယ်က အမှန်တကယ်ပင် ဤမျှအထိ ဆန်းကြယ်နေသလော။

ဗြန်း ဗြန်း

သေမင်းပင်လယ်အတွင်းရှိ ပါးစပ်တစ်ထောင်ငါးက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကို လှောင်ပြောင်နေသည့်ပမာ ပြုမူနေသည်။ ထိုသားရဲက သေမင်းပင်လယ်ပြင်၏ ရေထုကို ရုတ်တရက် ရိုက်ခတ်လိုက်ရာ လှိုင်းတံပိုးများက အဟုန်ပြင်းစွာဖြင့် ခလောက်ဆန်သွား၏။ ယင်းက အတော်လေး ရှုပျော်ဖွယ်မြင်ကွင်းတစ်ခုပင်။

ထာဝရသိုင်းတာအိုအရှင်

All Chapters