အခန်း ၃၄၅
Vol. 30 Ch. 345
အခန်း (၃၄၅)
ဘာသာပြန် - အားသစ်
ပြိုင်ဘက်ကင်း လက်သီးသူတော်စင်တစ်ယောက် အနည်းငယ် ရှို့တို့ရှန်းတန်း ဖြစ်သွားသည်။ သာလွန်နတ်ဘုရားနယ်မြေသိုင်းသမားများဖြစ်စေ၊ သူတော်စင်များဖြစ်စေ သူတို့၏ အစစ်အမှန်တန်ခိုးအစွမ်းက နတ်ဘုရားနယ်မြေသာ ဖြစ်သည်။
နတ်ဘုရားနယ်မြေက အကျိုးသက်ရောက်မှု မရှိလျှင် ကြယ်တာရာစွမ်းအား တစ်ခုတည်းအပေါ်၌သာ အားကိုးအားထားပြုရပေတော့မည်။ ထိုကြယ်တာရာစွမ်းအားတစ်ခုတည်းဖြင့် သူတော်စင်များအနေနှင့်နတ်ဆိုးဘုရင်များထက် များစွာ ပိုအစွမ်းထက်ကြမည် မဟုတ်ချေ။
ထို့ကြောင့် ဤပါးစပ်တစ်ထောင်ငါးသာ သေမင်းပင်လယ်အတွင်း၌ ရှိနေပါက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်အနေဖြင့် သူ့ကို တကယ်ပင် မည်သို့မျှ ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
ပါးစပ်တစ်ထောင်ငါးက သေမင်းပင်လယ်အတွင်း၌ သူတို့ကို အဆက်မပြတ် ရန်စနေသည်ကို မြင်တွေ့နေရသော်လည်း ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ဘာမှ မတတ်နိုင်ချေ။ သူ အနည်းငယ် ဒေါသထွက်မိသွားသည်။ မြင့်မြတ်လှသော သူတော်စင်တစ်ပါးက သေမင်းပင်လယ်ပြင်အတွင်း၌ နတ်ဆိုးဘုရင်လေးတစ်ကောင်၏ လှောင်ပြောင်သရော်ခြင်းကို ခံနေရသည်။ ဤဖြစ်ရပ်က သူတို့၏ အရည်အချင်းမရှိမှုကို မီးမောင်းထိုးပြနေခြင်း မဟုတ်ပါလော။
“ငါ တစ်ချက် စမ်းကြည့်မယ်”
လင်းဖုန်း ပါးစပ်တစ်ထောင်ငါးကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက် သူ့လက်ကို ဆန့်ထုတ်လိုက်၏။
ဝုန်း
လင်းဖုန်း၏ လက်မောင်းက ချက်ချင်း ကြီးမားကျယ်ပြန့်လာပြီး ကောင်းကင်ယံကို ထောက်ကန်ထားသည့် တိုင်ကြီးတစ်လုံးအလား သေမင်းပင်လယ်အတွင်းသို့ တိုက်ရိုက်တိုးဝင်သွားတော့သည်။ သူ၏ ဧရာမလက်ဝါးကြီးက သေမင်းပင်လယ်ပြင်၏ ရေထုအတွင်းမှ ပါးစပ်တစ်ထောင်ငါးကို တစ်ချက်တည်း ဖမ်းဆုပ်လိုက်တော့၏။
ပါးစပ်တစ်ထောင်ငါးမှာ ထိတ်လန့်တုန်လှုပ်သွားရသည်။ သူ၏ မီတာရာကျော် ရှည်လျားလှသော ခန္ဓာကိုယ်ကြီးက လင်းဖုန်း၏ လက်ဝါးထဲ၌ အဆက်မပြတ် ရုန်းကန်လှုပ်ရှားနေခဲ့သော်လည်း အချည်းနှီးသာ။
“ဒီသေမင်းပင်လယ်ရဲ့ ရေထုက နည်းနည်းတော့ ထူးခြားတယ်”
စောစောက လင်းဖုန်း၏လက် အသူတရာသေမင်းပင်လယ်အတွင်းသို့ တိုးဝင်သွားခဲ့စဉ်က သူ သေမင်းပင်လယ်အတွင်း၌ တိုက်စားမှုတစ်မျိုးကို ချက်ချင်း ခံစားလိုက်ရသည်။ သို့သော်လည်း သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က အလွန်တရာ အစွမ်းထက်လှသဖြင့် ဤမျှလောက် တိုက်စားမှုအနည်းငယ်ကို လုံးဝမမှုချေ။
သို့သော်လည်း အကယ်၍ အခြားနတ်ဆိုးသားရဲများသာ သေမင်းပင်လယ်အတွင်းသို့ အဆင်အခြင်မဲ့ ဝင်ရောက်သွားမည်ဆိုပါက ထိုတိုက်စားတတ်သည့် စွမ်းအားကြောင့် ချက်ချင်း တစ်စစီ ပြိုကွဲသွားကြပေလိမ့်မည်။
“အသူတရာသေမင်းပင်လယ်ရဲ့ ရေထုထဲမှာ ငှက်မွှေးတစ်ချောင်းတောင် နစ်မြုပ်သွားနိုင်တယ်။ ပြီးတော့ ဒီပင်လယ်ရေထုက အရမ်းလည်း တိုက်စားနိုင်စွမ်းရှိတယ်။ ကမ်းခြေပေါ်က နတ်ဆိုးစစ်သူကြီးတွေတောင်မှ သေမင်းပင်လယ်ထဲကို နမော်နမဲ့ ဝင်သွားမိရင် အချိန်တိုအတွင်းမှာ တစ်စစီပြိုကွဲသွားပြီးတော့ နောက်ဆုံး သေမင်းပင်လယ်ထဲမှာ အရည်ပျော်သွားလိမ့်မယ်”
သူတော်စင်ကတ်၏ အကြည့်က အလွန်ပင် တည်ကြည်လေးနက်နေသည်။ ဤသည်ကား သေမင်းပင်လယ်ဟူသော အမည်နာမ ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းပင်။ ယင်းက လုံးဝ သေမင်းတမန်အလား တိတ်ဆိတ်ငြိမ်သက်နေ၏။ သက်ရှိများ သေမင်းပင်လယ်အတွင်းသို့ ဝင်ရောက်သွားပါက ချက်ချင်း နစ်မြုပ်ကာ ပြိုကွဲပျက်စီးသွားကြပေလိမ့်မည်။ နောက်ဆုံး၌ အရိုးပင် ကျန်ရစ်လိမ့်မည် မဟုတ်ချေ။
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က သူ့အင်္ကျီထဲမှ စက္ကူဖြူတစ်ရွက်ကို ထုတ်ကာ ပစ်ချလိုက်သည်။ စက္ကူက သေမင်းပင်လယ်၏ ရေပြင်နှင့် ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် အလျင်အမြန် နစ်မြုပ်သွား၏။ မျှော်လင့်ထားသည့်အတိုင်းပင် ဤနေရာ၌ ငှက်မွှေးပင်တစ်ချောင်းပင် နစ်မြုပ်သွားရပေလိမ့်မည်။
“ဒီသေမင်းပင်လယ်က တကယ်ကို ဆန်းကြယ်တာပဲ။ မျှော်လင့်ထားတဲ့အတိုင်းပဲ... တားမြစ်နယ်မြေကြီး လေးခုထဲက တစ်ခုဆိုတဲ့အတိုင်းပါပဲ။ တကယ်ကို အန္တရာယ်ရှိတဲ့ နေရာမှာ လေနက်ချောက်ပြီးရင် ဒုတိယလိုက်တာပဲ”
သူတော်စင်တို့၏ မျက်နှာအမူအရာများက တည်ကြည်လေးနက်သွားကြရသည်။ ဤသည်ကား သူတော်စင်အများစုအတွက် ဤမျှ ဆန်းကြယ်လှသော နေရာမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပေသည်။
လင်းဖုန်း သူ့လက်ထဲရှိ ပါးစပ်တစ်ထောင်ငါးကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ ဤငါးက သိပ်ပြီး အားမကောင်းလှသော်လည်း တစ်ကိုယ်လုံး ချောကျိနေ၏။ ထို့ပြင် သူ့ခန္ဓာကိုယ်ပေါ်တွင် သေမင်းပင်လယ်၏ ရေထုအတွင်းရှိ တိုက်စားတတ်သည့် စွမ်းအားနှင့် ဆင်တူသော တိုက်စားမှုစွမ်းအားတစ်ခု ရှိနေသည်။ ဤငါးက သေမင်းပင်လယ် ပတ်ဝန်းကျင်နှင့် အလုံးစုံ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ခဲ့ပုံပင်။ ဤငါး၏ တစ်ကိုယ်လုံး ဖွဲ့စည်းပုံမှာ ကုန်းပေါ်ရှိ သားရဲများနှင့် ကွဲပြားခြားနားလှသည်။
သို့သော်လည်း လင်းဖုန်း ပိုမိုအာရုံစိုက်သည်မှာ အသူတရာသေမင်းပင်လယ်အတွင်း၌ အသက်အမြုတေ အပိုင်းအစများ ရှိမရှိဟူသော အချက်ပင်။
ဗျစ်
လင်းဖုန်း အားထည့်ညှစ်လိုက်ရာ ပါးစပ်တစ်ထောင်ငါးမှာ မျက်စိတစ်မှိတ်အတွင်း ချေမွခံလိုက်ရတော့သည်။ စူးရှလှသည့် သွေးညှီနံ့များက လေထုထဲ၌ ပျံ့နှံ့သွား၏။ လင်းဖုန်း သေသေချာချာ အာရုံခံကြည့်လိုက်သည်။ ပါးစပ်တစ်ထောင်ငါး၏ အသားစများအတွင်း၌ မည်သည့် အသက်အမြုတေ အပိုင်းအစ၏ စွမ်းအားအငွေ့အသက်မျှ ရှိမနေခဲ့ချေ။
“ဘာမှမရှိဘူးလား”
လင်းဖုန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဤနတ်ဆိုးဘုရင်က အသက်အမြုတေ အပိုင်းအစတစ်ခုနှင့် တစ်ကြိမ်တစ်ခါမျှ ထိတွေ့ဖူးခြင်း မရှိခဲ့ချေ။
“သူတော်စင်ကတ်၊ သူတော်စင်ပင်းယု... အသူတရာသေမင်းပင်လယ်ထဲမှာ ဘယ်လို နတ်ဆိုးဧကရာဇ်တွေရှိသလဲ ခင်ဗျားတို့ သိလား” လင်းဖုန်း သူတော်စင်နှစ်ပါးကို လှမ်းမေးလိုက်သည်။
“ကျွန်တော်တို့ နတ်ဆိုးဧကရာဇ်တွေကို အရင်က ကြုံဖူးပေမဲ့ တခါတရံလောက်ပဲ ကြုံဖူးတာပါ။ ဒါ့အပြင် သေမင်းပင်လယ်လို ပတ်ဝန်းကျင်မျိုးမှာ ကျွန်တော်တို့အနေနဲ့ မဆင်မခြင် မတိုက်ခိုက်ရဲဘူး။ နတ်ဆိုးဧကရာဇ် အများစုက သေမင်းပင်လယ်ရဲ့ အနက်ရှိုင်းဆုံးနေရာတွေမှာ ရှိကြတာ။ သေမင်းပင်လယ်က အဆုံးအစမရှိ နက်ရှိုင်းတယ်။ ဘယ်လောက်အထိ နက်လဲဆိုတာ ဘယ်သူမှ မသိကြဘူး။ ဒါကြောင့်မို့လို့လည်း အသူတရာဆိုတဲ့အမည် ရလာခဲ့တာပေါ့”
သူတော်စင်ကတ်၏ မျက်နှာအမူအရာက အလွန်တရာ တည်ကြည်လေးနက်နေသည်။ သူနှင့် သူတော်စင်ပင်းယုတို့ အသူတရာသေမင်းပင်လယ်ကို အချိန်အတော်ကြာ စောင့်ကြပ်ခဲ့ကြသော်လည်း နတ်ဆိုးဧကရာဇ်များနှင့် ကြုံတွေ့ခဲ့ရသည့် အကြိမ်အရေအတွက်က လက်တစ်ဖက်ပင် မပြည့်လှချေ။
ထို့ပြင် သူတော်စင်များ၏ နတ်ဘုရားနယ်မြေများက သေမင်းပင်လယ်၏ ရေထုနှင့် တွေ့ဆုံချိန်တွင် အသုံးမဝင်တော့ချေ။ ထို့ကြောင့် သူတို့အနေဖြင့် သေမင်းပင်လယ်အနီးသို့ ပေါ့ပေါ့ဆဆ မချဉ်းကပ်ဝံ့ကြပေ။ ထို့ကြောင့် အတွင်းသို့ စွန့်စားဝင်ရောက်ရန်ကမူ ပို၍ပင် မတွေးဝံ့ကြချေ။
အကယ်၍ သူတို့သာ သေမင်းပင်လယ်အတွင်းသို့ စွန့်စားဝင်ရောက်ပြီး နတ်ဘုရားနယ်မြေက အကျိုးသက်ရောက်မှု မရှိတော့လျှင် နတ်ဆိုးဧကရာဇ်များကို မဆိုထားနှင့် အချို့နတ်ဆိုးဘုရင်များကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိကြတော့မည် မဟုတ်ချေ။
“ကျွန်တော် အောက်ဆင်းပြီး သွားကြည့်လို့ရတယ်” လင်းဖုန်းက ရုတ်တရက် ပြောလိုက်သည်။
အသူတရာဝသေမင်းပင်လယ်က မည်မျှပင် အန္တရာယ်ရှိပါစေ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်အပေါ် သိပ်ပြီး သက်ရောက်မှု မရှိလှချေ။ တစ်ခုတည်းသော ပြဿနာမှာ လင်းဖုန်း၏ တိုက်ခိုက်ရေးစွမ်းရည်က ရေထုအတွင်း၌ အနည်းငယ် လျော့နည်းသွားနိုင်ခြင်း ဖြစ်၏။
“သူတော်စင်လင်းဖုန်း... အဲ့လိုလုပ်ဖို့ တကယ်လိုလို့လား။ ဒါက အရမ်း အန္တရာယ်များလွန်းတယ်။ အသူတရာသေမင်းပင်လယ်က အန္တရာယ်ရှိတယ်ဆိုပေမဲ့ သေမင်းပင်လယ်ထဲက နတ်ဆိုးတွေကတော့ ကုန်းပေါ်ကို တက်လာခဲပါတယ်။ တကယ်တန်းဆို ဒီကောင်တွေက ငါတို့ လူသားတွေအတွက် သိပ်ပြီး ခြိမ်းခြောက်မှု မရှိလှပါဘူး”
သူတော်စင်ပင်းယုနှင့် သူတော်စင်ကတ်တို့မှာ ဤမျှ အန္တရာယ်ရှိသော နေရာကို နှစ်ရှည်လများ စောင့်ကြပ်ခဲ့ရသည်။ ထို့ကြောင့် အသူတရာသေမင်းပင်လယ်အတွင်းရှိ နတ်ဆိုးများအကြောင်းကို သူတို့ နောကျေအောင် သိထားကြ၏။ ပင်လယ်အတွင်းမှ နတ်ဆိုးများက ကုန်းပေါ်သို့ လွယ်လွယ်ကူကူ တက်လာကြလိမ့်မည် မဟုတ်ချေ။
နောက်ဆုံးတွင် ထိုနတ်ဆိုးများသာ သေမင်းပင်လယ်၏ အထူးပတ်ဝန်းကျင်မှ ထွက်ခွာသွားခဲ့မည်ဆိုလျှင် သူတို့၏ ခြိမ်းခြောက်နိုင်စွမ်းကလည်း များစွာ လျော့နည်းသွားမည်သာ ဖြစ်၏။
“ကျွန်တော်တို့မှာ အချိန်တွေအများကြီး မရှိတော့ဘူး။ အောက်မှာ သွေးနီရောင်သလင်းကျောက်တွေ ရှိမရှိ သွားရှာကြည့်ရမယ်”
လင်းဖုန်း သေမင်းပင်လယ်အတွင်းရှိ နတ်ဆိုးများကို စိုးရိမ်မနေခဲ့ချေ။ သူသည် အသက်အမြုတေ အပိုင်းအစများကိုသာ တတ်နိုင်သမျှ အမြန်ဆုံး ရှာဖွေလိုသည်။ ဤမျှ ကျယ်ပြောလှသော သေမင်းပင်လယ်အတွင်း၌ နတ်ဆိုးဧကရာဇ်များစွာ ရှိနေနိုင်သည်။ ယင်းတို့အတွင်း၌ မည်သည့် အသက်အမြုတေ အပိုင်းအစမျှ ရှိမနေဟု သူ မယုံကြည်ချေ။
“ဟုတ်ပြီလေ... ငါတို့ မင်းကို ဒီနေရာကနေ စောင့်နေလိုက်မယ်။ သွေးနီရောင်သလင်းကျောက်ကို ရှာတွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ သူတော်စင်လင်းဖုန်းအနေနဲ့ တစ်လအတွင်းတော့ ပြန်လာရမယ်နော်”
သူတော်စင်ခန်းက ခဏမျှ တွေးတောလိုက်ပြီး အကြံပြုလိုက်သည်။
“ကောင်းပါပြီ... သွေးနီရောင်သလင်းကျောက်ကို ရှာတွေ့တွေ့ မတွေ့တွေ့ ကျွန်တော် တစ်လအတွင်း ပြန်လာခဲ့ပါ့မယ်”
စကားဆုံးသည်နှင့် လင်းဖုန်း ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို လှုံ့ဆော်လိုက်ပြီး သေမင်းပင်လယ်ပြင်အတွင်းသို့ တစ်လှမ်းချင်း လျှောက်လှမ်းဝင်ရောက်သွားတော့သည်။
လင်းဖုန်း၏ မီတာသုံးထောင် အရွယ်အစားရှိ
ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က ကုန်းပြင်ပေါ်တွင် အလွန်တရာ ကြီးမားလှသော်လည်း သေမင်းပင်လယ်အတွင်းသို့ တစ်လှမ်းချင်း တိုးဝင်သွားချိန်တွင်မူ ပြောပလောက်စရာ မရှိတော့ချေ။ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က သူတော်စင်များ၏ မြင်ကွင်းအတွင်းမှ အလျင်အမြန် ပျောက်ကွယ်သွား၏။
တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခုလုံးကို သေမင်းပင်လယ်၏ ရေထုက အလုံးစုံ လွှမ်းခြုံသွားသောအခါ လင်းဖုန်း ဖိအားအနည်းငယ် ခံစားလိုက်ရသည်။
မီတာသုံးထောင်ရှိသည့် တိုက်ပွဲဝင်ခန္ဓာကိုယ်နှင့်အတူ အောက်ဘက်သို့ ပိုမိုနက်ရှိုင်းစွာ ဆင်းသက်သွားလေလေ ဖိအားက ပိုမိုကြီးမားလာလေလေပင်။
ထို့ပြင် သေမင်းပင်လယ်အတွင်း၌ လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အောက်ဘက်သို့ အဆက်မပြတ် ဆွဲချနေသည့် ဆွဲအားတစ်ခု ရှိနေပုံရသည်။ လင်းဖုန်း၏ အစွမ်းနှင့်ဆိုလျှင် ထိုဆွဲအားအတွင်းမှ ရုန်းထွက်ရန်မှာ အလွန်တရာ လွယ်ကူလှသော်လည်း သူ ရုန်းမထွက်ခဲ့ချေ။ ထိုအစား တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပင်လယ်ရေအောက်ခြေသို့ တဖြည်းဖြည်းချင်း နစ်မြုပ်သွားစေခွင့်ပြုလိုက်၏။
ထိုအတောအတွင်း လင်းဖုန်း ပင်လယ်ရေအောက် သားရဲများစွာကို မြင်တွေ့ခဲ့ရသည်။ ထိုကြမ်းကြုတ်သားရဲများက အများအားဖြင့် သေမင်းပင်လယ်အတွင်း၌သာ ရှင်သန်ကျက်စားလေ့ရှိကြ၏။ တစ်သက်တာလုံး သေမင်းပင်လယ်၏ အနက်ရှိုင်းဆုံးနေရာများတွင်သာ နေထိုင်ကြကာ ပုံမှန်အားဖြင့် အပြင်သို့ ထွက်ပေါ်လာလေ့ မရှိကြချေ။
ထာဝရသိုင်းတာအိုအရှင်