← Chapters

အခန်း ၃၄၆

Vol. 30 Ch. 346

အခန်း ၃၄၆

Vol. 30 Ch. 346

အခန်း (၃၄၆)

ဘာသာပြန် - အားသစ်

သေမင်းပင်လယ်၏ အောက်ခြေနှင့် သေမင်းပင်လယ် မျက်နှာပြင်တို့က လုံးဝကွဲပြားခြားနားလှသော ကမ္ဘာနှစ်ခုကဲ့သို့ပင်။ ပင်လယ်အောက်ခြေ၌မူ သေမင်းပင်လယ်ကြီးက သေမင်းတမန်အလား တိတ်ဆိတ်မနေတော့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် အလွန်ပင် သက်ဝင်လှုပ်ရှားနေ၏။

အချို့နတ်ဆိုးစစ်သူကြီးများနှင့် နတ်ဆိုးဘုရင်များက လင်းဖုန်း၏ ကြီးမားလှသော တိုက်ပွဲဝင်ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် ဖိအားများကို ခံစားမိကြသဖြင့် အနားသို့ မချဉ်းကပ်ဝံ့ကြချေ။ သို့သော်လည်း လင်းဖုန်းကမူ တွေ့သည်နှင့် အရင်အစပြု တိုက်ခိုက်တော့သည်။

လင်းဖုန်းတစ်ယောက် နတ်ဆိုးစစ်သူကြီးများနှင့် နတ်ဆိုးဘုရင်တချို့ကို ဖမ်းဆီးခဲ့၏။ နတ်ဆိုးတစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်ပြီးနောက် သူတို့၏ ခန္ဓာကိုယ်အတွင်း၌ မည်သည့် အသက်အမြုတေ အပိုင်းအစမျှ ရှိမနေကြောင်း သိလိုက်ရသဖြင့် လင်းဖုန်း အနည်းငယ် စိုးရိမ်ပူပန်သွားမိတော့သည်။

အသူတရာသေမင်းပင်လယ်ထဲမှာ တကယ်ကြီး အသက်အမြုတေ အပိုင်းအစတွေ ရှိမနေတာများလား။

ဝုန်း

ရုတ်တရက် ပင်လယ်ပြင်ကြီးတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားကြောင်း လင်းဖုန်း သတိပြုမိလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားနှစ်ခုက အဝေးတစ်နေရာမှ ပျံ့လွင့်လာခဲ့၏။

ပင်လယ်ရေအတွင်း၌ ရှိနေခြင်းက ကုန်းပြင်ပေါ်တွင် ရှိနေခြင်းနှင့် မတူချေ။ အကယ်၍ ပြင်းထန်သော စွမ်းအားလှိုင်းဂယက်များ ထွက်ပေါ်လာပါက ယင်းက ပင်လယ်ရေအတွင်း၌ အလွန်ဝေးကွာသော နေရာအထိ ပျံ့နှံ့သွားနိုင်သည်။ လင်းဖုန်းအနေဖြင့် ဤမျှအထိ ဝေးကွာသော နေရာမှပင် ဤစွမ်းအားလှိုင်းဂယက်က နတ်ဆိုးဘုရင်တစ်ကောင်၏ စွမ်းအားမျိုး လုံးဝမဟုတ်ကြောင်း ထင်ထင်ရှားရှား ခံစားမိသည်။

နတ်ဆိုးဧကရာဇ်… နတ်ဆိုးဧကရာဇ်များသာလျှင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားလှိုင်းဂယက်များကို ထုတ်လွှတ်နိုင်စွမ်း ရှိပေမည်။

…

ထို့ကြောင့် တခြားသူများ သတိပြုမိခြင်းမှ ကင်းဝေးစေရန်အတွက် လင်းဖုန်း အတွေးတစ်ချက်နှင့်အတူ သူ့ခန္ဓာကိုယ်ကို ပုံမှန်အရွယ်အစားသို့ အလျင်အမြန် ကျုံ့လိုက်တော့၏။ သို့သော်လည်း ဤမျှနှင့် မလုံလောက်သေးဟု သူ ခံစားနေရဆဲပင်။ သူ၏ ရုပ်သွင်က အလွန်တရာ ထင်ရှားလွန်းနေသည်။

လင်းဖုန်း လက်လှမ်းလိုက်ပြီး ပင်လယ်သားရဲအမြောက်အမြားကို ဖမ်းဆုပ်လိုက်သည်။

ဤပင်လယ်သားရဲအများစုက သာမန်သားရဲများသာ ဖြစ်ကြပြီး အနည်းငယ်မျှသာ သာမန်နတ်ဆိုးများနှင့် နှိုင်းယှဉ်နိုင်စွမ်း ရှိကြသည်။

သာမန်နတ်ဆိုးများ၏ ဆဲလ်ဖွဲ့စည်းပုံက အလွန်တရာ ရှုပ်ထွေးလှ၏။ လင်းဖုန်းက နှစ်မီတာခန့် ရှည်လျားသော ငါးသဏ္ဌာန် ပင်လယ်သားရဲတစ်ကောင်ကို ရိုးရိုးရှင်းရှင်း ရွေးချယ်လိုက်သည်။ လင်းဖုန်း စိတ်စွမ်းအားကို စတင်စုစည်းလိုက်ပြီး ထိုငါး၏ ဆဲလ်ဖွဲ့စည်းပုံကို အဆက်မပြတ် ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်လိုက်တော့သည်။

ဤသားရဲသည်ကား သာမန်ပင်လယ်သားရဲတစ်ကောင်မျှသာ ဖြစ်၏။ ပရော်ဖက်ရှင်နယ်သိုင်းသမားတစ်ဦးနှင့်သာ နှိုင်းယှဉ်နိုင်ပြီး မျိုးရိုးဗီဇကန့်သတ်ချက်ကိုပင် မချိုးဖျက်နိုင်သေးချေ။

သို့ပေသော်ငြား ၎င်း၏ ဆဲလ်ဖွဲ့စည်းပုံက အလွန်တရာ ရှုပ်ထွေးလှသည်။

လင်းဖုန်း အဆက်မပြတ် ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။ နာရီအနည်းငယ်ကြာပြီးနောက်တွင်မှ သူ ဆဲလ်ဖွဲ့စည်းပုံကို အစွမ်းကုန်ကြိုးစားကာ ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့တော့၏။

ပြီးသည်နှင့်လင်းဖုန်း အသွင်ပြောင်းလိုက်သည်။ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များက ထိုငါး၏ ဆဲလ်ဖွဲ့စည်းပုံအတိုင်း အလျင်အမြန် ပြောင်းလဲသွား၏။

များမကြာမီ ထိုသားရဲနှင့် သဏ္ဌာန်တူငါးတစ်ကောင် ထွက်ပေါ်လာသည်။ ဤသည်ကား မျက်လှည့်ပြကွက် မဟုတ်ချေ။ ငါးစစ်စစ်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။ လင်းဖုန်းအနေဖြင့် အနန္တအသွင်ပြောင်းခြင်းနည်းလမ်းကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သော်လည်း သူ သိပ်ပြီး မသက်မသာသလို မခံစားရချေ။ အရာအားလုံးက ချောချောမွေ့မွေ့ ဖြစ်သွားခဲ့သည်။

“သွားမယ်”

လင်းဖုန်း သူ့အမြီးကို ခါယမ်းလိုက်ပြီး ရှေ့ဘက်ဆီမှ ပြင်းထန်လှသော လှိုင်းဂယက်များ ထွက်ပေါ်ရာနေရာဆီသို့ အလျင်အမြန် ကူးခတ်သွားတော့သည်။

သူ လှိုင်းဂယက်များ ထွက်ပေါ်ရာ အရင်းအမြစ်နှင့် နီးကပ်လာသည်နှင့်အမျှ အားကောင်းလှသော ပင်လယ်သားရဲ အမြောက်အမြားမှာ ယခင်ကတည်းက ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြလေပြီ။ လင်းဖုန်းကဲ့သို့ ငါးအသေးလေးတစ်ကောင်က လှိုင်းဂယက်များ ထွက်ပေါ်ရာ အရင်းအမြစ်အနီးသို့ ချဉ်းကပ်ဝံ့ခြင်းမှာ တကယ်ပင် ရှားပါးလှသည်။

သို့သော်လည်း ဤသည်က သူ့အတွက် ဒုက္ခများစွာကို သက်သာစေခဲ့၏။ လင်းဖုန်း လှိုင်းဂယက်များ၏ ဗဟိုချက်အနီးသို့ ချဉ်းကပ်မိသောအခါ ရှေ့ဘက်တွင် ပင်လယ်သားရဲလေးကောင် တိုက်ခိုက်နေကြသည်ကို မြင်တွေ့လိုက်ရသည်။

ဤပင်လယ်သားရဲလေးကောင်လုံးက မီတာ ၅၀၀ ထက်မနည်း အရွယ်အစားရှိကြပြီး အထူးပင် ကြီးမားလှပေသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ စွမ်းအားလှိုင်းဂယက်များမှာ အမှန်တကယ်ပင် နတ်ဆိုးဧကရာဇ်အဆင့်၌ ရှိနေ၏။

“ငါ နောက်ဆုံးတော့ နတ်ဆိုးဧကရာဇ်တွေကို တွေ့ရပြီပဲ”

လင်းဖုန်း အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။ သူ အသူတရာသေမင်းပင်လယ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်မှာ တစ်ရက်ပင် မပြည့်သေးချေ။ သို့သော်လည်း နတ်ဆိုးဧကရာဇ်များနှင့် ကြုံတွေ့နေရလေပြီ။ သူ့ကိုယ်သူ အလွန်ကံကောင်းသည်ဟုသာ မှတ်ယူမိ၏။

သို့သော်လည်း ဤပင်လယ်သားရဲလေးကောင်က အလွန်ထူးဆန်းလှသည်။ အခြေအနေအရ ပင်လယ်သားရဲသုံးကောင်က အင်အားချင်း ပူးပေါင်းကာ ကျန်ပင်လယ်သားရဲတစ်ကောင်ကို ဝိုင်းရံပိတ်ဆို့ထားခြင်း ဖြစ်၏။

“ဘာတွေဖြစ်နေတာလဲ”

ပင်လယ်သားရဲလေးကောင်စလုံး ရပ်တန့်သွားကြသည်။ သို့သော်လည်း လင်းဖုန်းအနေဖြင့် သူတို့၏ စိတ်စွမ်းအားများ လှုပ်ရှားနေသည်ကို ထင်ထင်ရှားရှား ခံစားမိ၏။

ဤလှုပ်ရှားမှုက သူတို့အချင်းချင်း ဆက်သွယ်ပြောဆိုနေကြခြင်း ဖြစ်ဟန်တူသည်။

လင်းဖုန်း အလွန်အံ့အားသင့်သွားရ၏။ သူတော်စင်များပင်လျှင် စိတ်စွမ်းအားကို မည်သို့ အသုံးပြုရမည်ကို မသိကြသေးကြောင်း သိထားရပေမည်။ လင်းဖုန်းသည်လည်း လောင်ဘီသမ်နှင့် တွေ့ဆုံပြီး စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်ကို ရရှိပြီးနောက်တွင်မှ စိတ်စွမ်းအား အသုံးပြုပုံကို သင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဤသာမန်နတ်ဆိုးဧကရာဇ်လေးကောင်က စိတ်စွမ်းအားကို မည်သို့နှယ် အသုံးပြုနိုင်ကြသနည်း။

ပြီးတော့ ကြည့်ရသည်မှာ သူတို့က အလွန်လည်း အတွေ့အကြုံရှိပုံရသည်။

သူတို့ စိတ်စွမ်းအားကို အသုံးပြုနိုင်ကြသဖြင့် လင်းဖုန်း အနဖြင့် စိတ်စွမ်းအားဖြင့် သူတို့ကို ပေါ့ပေါ့ဆဆ သွားရောက် မစူးစမ်းဝံ့တော့ချေ။ ထို့ကြောင့် ထိုပင်လယ်သားရဲလေးကောင် မည်သည့်အကြောင်းအရာကို ဆက်သွယ်ပြောဆိုနေကြသည်ကို သူ မသိခဲ့ချေ။

သို့သော်လည်း အလယ်ဗဟိုရှိ ပင်လယ်သားရဲကြီးက သောင်းကျန်းလာသည်ကို ကြည့်ခြင်းအားဖြင့် ဤဆက်သွယ်ပြောဆိုမှုက ပျက်ပြားသွားခဲ့ပြီဖြစ်ကြောင်း ထင်ရှားလှသည်။

ထို့ကြောင့် ပင်လယ်သားရဲလေးကောင်လုံး စတင် တိုက်ခိုက်ကြတော့၏။

အလယ်ဗဟိုရှိ ပင်လယ်သားရဲကြီးက အလွန်တရာ ကြမ်းကြုတ်ပုံရသည်။ သူ ထွက်ပြေးရန် အဆက်မပြတ် ရုန်းကန်နေခဲ့သော်လည်း အခြားပင်လယ်သားရဲသုံးကောင်၏ ပြင်းပြင်းထန်ထန် ဖိနှိပ်ခြင်းကို ခံနေရသည်။ ပင်လယ်အောက်ခြေမှ တိုက်ပွဲမှာ လုံးဝဥဿုံ ထိပ်တိုက်ရင်ဆိုင်ရသော တိုက်ပွဲတစ်ခုပင်။ ပိုမိုကြံ့ခိုင်သော ခန္ဓာကိုယ်ရှိသူက ပိုမိုအစွမ်းထက်လိမ့်မည် ဖြစ်၏။

အလယ်ဗဟိုရှိ ပင်လယ်သားရဲကြီးက ထိုလေးကောင်ထဲတွင် အသန်မာဆုံး ဖြစ်နိုင်သည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် သူ့စွမ်းအားက ကန့်သတ်ချက်ရှိနေခဲ့သည်။ ပင်လယ်သားရဲသုံးကောင်၏ ဝိုင်းရံခြင်းကို ခံထားရသဖြင့် လုံးဝအရေးနိမ့်နေခဲ့၏။

ရုတ်တရက် အလယ်ရှိ ပင်လယ်သားရဲကြီး၏ ခန္ဓာကိုယ်ပေါ်တွင် အနီရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ ထိုအလင်းရောင်နှင့်အတူ သားရဲ၏ ခန္ဓာကိုယ်ကြီးက ရုတ်ချည်း စတင်ကြီးထွားလာတော့သည်။

မီတာ ၅၀၀၊ မီတာ ၆၀၀၊ မီတာ ၇၀၀၊ မီတာ ၈၀၀...

မျက်စိတစ်မှိတ်အတွင်းမှာပင် အလယ်ရှိ ပင်လယ်သားရဲကြီး၏ ခန္ဓာကိုယ်က အရွယ်အစားနှစ်ဆခန့်အထိ ကြီးထွားလာသည်။ တစ်ဒင်္ဂအတွင်း မီတာတစ်ထောင်နီးပါးအထိ ရောက်ရှိသွား၏။

မီတာတစ်ထောင်ခန့် ရှည်လျားသည့် ပင်လယ်သားရဲကြီးတစ်ကောင်က မည်မျှအထိ ကြီးမားလှသနည်း။

အမြီးတစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှဖြင့် ပင်လယ်သားရဲ သုံးကောင်လုံးကို ဘေးသို့ လွင့်စင်သွားစေ၏။

အခြားပင်လယ်သားရဲ သုံးကောင်လုံးသည်လည်း ထပ်ခါတလဲလဲ ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ ခန္ဓာကိုယ်ကြီးများကလည်း အလျင်အမြန် ကြီးထွားလာသည်။

သို့သော်လည်း အလယ်ရှိသားရဲကြီးနှင့်ယှဉ်လျှင် ဤပင်လယ်သားရဲသုံးကောင်က အနည်းငယ် နိမ့်ပါးလှ၏။ အရှည်ဆုံးတစ်ကောင်မှာ မီတာ ၉၀၀ ခန့်အထိ ကြီးထွားလာပြီး အသေးဆုံးအကောင်ကမူ မီတာ ၇၀၀ ခန့်သာ ရှိသည်။

ပင်လယ်သားရဲကြီးများအားလုံး ကြီးထွားလာမှုမှ ထွက်ပေါ်လာသော လှုပ်ခတ်မှုများက အလွန်တရာ ပြင်းထန်လှ၏။

သူတို့ဘေးပတ်ပတ်လည်တွင် ကြောက်မက်ဖွယ်ကောင်းလှသော ပင်လယ်ရေဝဲကြီးလေးခု ဖြစ်ပေါ်လာသည်။ ဆယ်ကီလိုမီတာ ပတ်လည်အတွင်း၌ ရှိနေသော မည်သည့် ပင်လယ်သားရဲမဆို ချက်ချင်း သေဆုံးသွားကြရပေလိမ့်မည်။

လင်းဖုန်း အလွန် ထိတ်လန့်သွားရ၏။ လက်တွေ့တွင် သူ ဤပင်လယ်သားရဲများ၏ အစွမ်းကို အလေးအနက်မထားသော်လည်း သူတို့၏ အလျင်အမြန် ကြီးထွားလာမှုက လင်းဖုန်းအား အလွန်ရင်းနှီးသော ခံစားချက်တစ်ခုကို ပေးစွမ်းနေသည်။

“ဒါတွေက တိုက်ပွဲဝင်ခန္ဓာကိုယ်တွေလား။ ဒါပေမဲ့ ကြည့်ရတာ တစ်ခုခုတော့ လွဲနေသလိုပဲ”

လင်းဖုန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဤပင်လယ်သားရဲလေးကောင်၏ ခန္ဓာကိုယ်ကြီးများ အလျင်အမြန် ကြီးထွားလာသည်နှင့် သူ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ချက်ချင်း တွေးလိုက်မိသည်။ သို့သော်လည်း သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်သာ အသုံးပြုလိုက်မည်ဆိုလျှင် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်း။

ဤပင်လယ်သားရဲလေးကောင်လုံး ပူးပေါင်းလျှင်ပင် သူ့ပြိုင်ဘက် ဖြစ်လာကြမည် မဟုတ်ချေ။ သို့သော်လည်း သူက စကြာဝဠာကျင့်စဉ်စနစ်ကို လေ့လာခဲ့ပြီး ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။ ဤပင်လယ်သားရဲလေးကောင်က တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံနိုင်စွမ်း ရှိကြသည်များလော။

“မဟုတ်ဘူး... သူတို့ဆီမှာရှိတာက တိုက်ပွဲဝင်ခန္ဓာကိုယ် မဟုတ်ဘူး။ ဒါပေမဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်နဲ့ ဆင်တူတဲ့ နည်းလမ်းတစ်ခုခုပဲ။ တိုက်ပွဲဝင်ခန္ဓာကိုယ်ရဲ့ ရိုးရှင်းတဲ့ပုံစံမျိုးလား”

လင်းဖုန်း ဤဖြစ်နိုင်ချေကို တွေးတောလိုက်မိသည်။ ဤသည်ကား မျိုးရိုးဗီဇ မွေးရာပါစွမ်းရည်တစ်ခု လုံးဝ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ယင်းတို့ အတွင်း၌ တိုက်ပွဲဝင်ခန္ဓာကိုယ်၏ အရိပ်အယောင်တစ်ခု ရှိနေသောကြောင့်ပင်။ လင်းဖုန်းက ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို အချိန်အတော်ကြာ ကျင့်ကြံခဲ့သူ ဖြစ်သဖြင့် သဘာဝကျကျပင် ခွဲခြားသိမြင်နိုင်ပေသည်။

အကယ်၍ ဤပင်လယ်သားရဲလေးကောင်က တိုက်ပွဲဝင်ခန္ဓာကိုယ်၏ ရိုးရှင်းသောပုံစံနှင့် ဆင်တူသည့် နည်းလမ်းတစ်ခုကို အမှန်တကယ် အသုံးပြုနေကြခြင်းဖြစ်လျှင် ဤအဖြစ်က အလွန်တရာ အံ့အားသင့်စရာ ကောင်းလှပေမည်။

ဤသည်ကား သေမင်းပင်လယ်၏ အောက်ခြေ၌ တုန်လှုပ်ချောက်ချားဖွယ်ရာ လျှို့ဝှက်ချက်တစ်ခု ရှိနေရမည်ဟူသော အဓိပ္ပာယ်ပင်။ ထိုလျှို့ဝှက်ချက်က စကြာဝဠာကျင့်စဉ်စနစ်နှင့်ပင် သက်ဆိုင်နေနိုင်ချေ ရှိသည်။

All Chapters