အခန်း (၆၈၆-၆၈၇)
Vol. 37 Ch. 686-687
အပိုင်း (၆၈၆) - ပြီးပြည့်စုံသော အောင်မြင်မှု။
ကောင်းကင်ပေါ်တွင်တော့ လီယွမ်ကျောက်တို့ နှစ်ယောက်မှာ တုန်ရီနေကြပြီဖြစ်ပြီး မျက်လုံးထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ မီးပုံးပျံက ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီးနောက် စပ်စုချင်စိတ်များ ပျောက်ကွယ်သွားသည်။ ပြီးနောက် သူတို့နှစ်ယောက် ချက်ချင်း နောင်တရသွားကြသည်။
အဆုံးအစမရှိသော ရှုခင်းများကို မျက်စိအောက်တွင် မြင်တွေ့နေရသော်လည်း ဤအမြင့်ကြီးတွင် သေးငယ်သော ခြင်းတောင်းလေးတစ်ခုထဲ၌သာ ပိတ်မိနေရခြင်းက... တကယ်ကို ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။
နားထဲတွင် လေပြင်းများ တိုက်ခတ်သံကို ကြားနေရပြီး အမြင့်တက်လာသည်နှင့်အမျှ လေတိုက်သံများက ပို၍ ကြောက်စရာကောင်းလာသည်။ သူတို့နှစ်ယောက်မှာ ကောင်းကင်ကြီး တစ်ပတ်လည်နေသလို ခံစားနေရသည်။
ခဏတာ အနားယူပြီးနောက် လီယွမ်ကျောက်က တုန်ရီသောအသံဖြင့် ပြောလိုက်၏။ "ဖြည်းဖြည်း... ဖြည်းဖြည်းလေး တက်ခိုင်းလိုက်။ လေတိုက်တာ ကြမ်းလွန်းလို့ မျက်စိတောင် ဖွင့်လို့ မရတော့ဘူး။"
ရှောင်လဲ့ထျန်းက တစ်ကိုယ်လုံး တုန်ခါသွားပြီး ပြောလိုက်သည်။ "မျက်စိဖွင့်လို့ မရဘူး... ဟုတ်တယ်။ မျက်စိဖွင့်လို့ မရတာက ပြဿနာတစ်ခုပဲ၊ မျက်စိကို ကာကွယ်ပေးမယ့် ကိရိယာတစ်ခု လုပ်ရမယ်။"
လီယွမ်ကျောက်က ခေါင်းလှည့်လိုက်ရာ သူက တုန်တုန်ယင်ယင်ဖြင့် ရင်ဘတ်ထဲမှ စက္ကူတစ်ရွက်ကို ထုတ်ကာ မှတ်တမ်းတင်နေသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် အော်လိုက်၏။ "သောက်ကျိုးနည်း မင်း ဘာတွေ ပြောနေတာလဲ။"
သူက ရှေ့သို့ တိုးကာ ရှောင်လဲ့ထျန်းကို ဆွဲကိုင်ပြီး အသံကျယ်ကြီးဖြင့် အော်လိုက်သည်။ "မင်းအတွက် ကျုပ် မှတ်ထားပေးမယ်။ လေက အရမ်းကြမ်းနေပြီ၊ ကျုပ်တို့ အပေါ် ထပ်တက်လို့ မရတော့ဘူး၊ ထပ်တက်ရင် မှောက်သွားလိမ့်မယ်။ မြန်မြန်လုပ်၊ မီးအားကို လျှော့လိုက်၊ ကျုပ်တို့ အောက်ပြန်ဆင်းပြီးမှ ဆက်ပြောကြတာပေါ့။"
ရှောင်လဲ့ထျန်းက ရေနံဆီဘူး၏ အဆို့ရှင်ကို အလျင်အမြန် သွားရောက်ချိန်ညှိလိုက်၏။
အထက်ရှိ မီးတောက်များက ချက်ချင်း သိသိသာသာ လျော့ကျသွားရာ လီယွမ်ကျောက်မှာ ထိုအခါမှသာ သက်ပြင်းချနိုင်တော့သည်။
အောက်ဘက်ရှိ အခြေအနေကို ဆက်လက်အကဲခတ်ရန် အချိန်ရသွား၏။ အောက်ဘက်ရှိ တောက်ယွမ်ခရိုင်ကို မြင်နေရပြီး မြို့တော်ဘက်သို့ လွင့်မျောသွားပုံရရာ မြို့တော်သို့ ချောမွေ့စွာ ရောက်နိုင်မည်လား မသိပေ။
"သခင်လေးလီ... ကျုပ်တို့ရဲ့ လားရာက ပြောင်းသွားသလိုပဲ။" ရှောင်လဲ့ထျန်းက သံသယဖြင့် ပြောလိုက်သည်။
လီယွမ်ကျောက်က ပြန်ပြောလိုက်၏။ "လားရာက ပြောင်းသွားတာပေါ့။ ခုနက ကြိုးချည်ထားတာလေ၊ အခု ကြိုးမှ မရှိတော့တာ မပြောင်းဘဲ နေမလား။"
"မဟုတ်ဘူး... မဟုတ်ဘူး... ကျုပ် မီးအားကို လျှော့လိုက်ပြီးတဲ့နောက်မှာ လားရာက ပြောင်းသွားသလိုပဲ။ မီးပုံးပျံရဲ့ အမြင့်က ပျံသန်းတဲ့ လားရာကို သက်ရောက်မှု ရှိနေတာလား။" ရှောင်လဲ့ထျန်းက မျက်မှောင်ကြုတ်ရင်း ဆက်ပြောလိုက်သည်။
ခံစားကြည့်ရသလောက်တော့ အနည်းငယ် အပြောင်းအလဲ ရှိပုံရသော်လည်း သိပ်တော့ မသိသာလှပေ။
လီယွမ်ကျောက်လည်း မျက်မှောင်ကြုတ်သွားသည်။ ခုနက သူ တကယ်ပဲ ထိုအခြေအနေကို သတိမထားမိခဲ့ပေ။
လီယွမ်ကျောက်က ပြောလိုက်၏။ "ဒါဆိုရင်... မင်း မီးအားကို ပြန်တင်ပြီး ထပ်စမ်းကြည့်ပါလား။"
"ကောင်းပြီ။ ဒါဆို ထပ်စမ်းကြည့်တာပေါ့။" ရှောင်လဲ့ထျန်းက အံကြိတ်ကာ ရှေ့သို့တိုးပြီး အဆို့ရှင်ကို ထပ်မံ ချိန်ညှိလိုက်သည်။
မီးပုံးပျံက အမြင့်သို့ ထပ်တက်သွား၏။
ဤတစ်ကြိမ်တွင် ရှောင်လဲ့ထျန်းက ရှေ့သို့ သွားနေသည့် လမ်းကြောင်းကို သေချာစိုက်ကြည့်နေပြီး ပြောလိုက်သည်။ "သခင်လေးလီ... ခင်ဗျားရဲ့ ဓားကို ခဏလောက် ငှားပါလား။"
လီယွမ်ကျောက်က ခဏတာ ကြောင်သွားပြီးနောက် ခါးမှ ဓားကို ပေးလိုက်၏။
ရှောင်လဲ့ထျန်းက ဓားကို ယူပြီး သူ၏ အင်္ကျီစကို ဖြတ်တောက်လိုက်သည်။ ထို့နောက် ဖြတ်ထားသော အဝတ်စကို ကိုင်ကာ လက်ကို အပေါ်သို့ မြှောက်ထားလိုက်သည်။
"မင်း လေကြောင်းကို စမ်းသပ်နေတာလား။" လီယွမ်ကျောက်က ချက်ချင်း သဘောပေါက်သွားပြီး မေးလိုက်၏။
ရှောင်လဲ့ထျန်းက ဘာမှပြန်မဖြေဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။
အမြင့် ပြောင်းလဲသွားသည်နှင့်အမျှ လေက ထပ်မံ ပြင်းထန်လာပြီး မူလက လမ်းကြောင်းတစ်ခုတည်းသို့ လွင့်မျောနေသော အဝတ်စမှာ ရုတ်တရက် အပြောင်းအလဲ ဖြစ်သွား၏။
လီယွမ်ကျောက်က ချက်ချင်း အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။ "ပြောင်းသွားပြီ။ လေကြောင်း ပြောင်းသွားပြီ။"
ရှောင်လဲ့ထျန်းလည်း ထိုအရာကို မြင်လိုက်ရသည်။ သူက လက်ကို ရုပ်သိမ်းလိုက်ပြီး အဝတ်စကို ကြောင်အမ်းအမ်း စိုက်ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။ "လေက အလွှာလိုက် ခွဲခြားနေတာလား။ တကယ်လို့ အဲဒီလိုဆိုရင် ထိန်းချုပ်ဖို့က သိပ်ခက်ခဲတဲ့ ပြဿနာ မဟုတ်တော့ဘူး။"
ထိန်းချုပ်မှုပြဿနာကို ဤမျှမြန်မြန် ဖြေရှင်းနိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
လီယွမ်ကျောက်က ဝမ်းသာအားရဖြင့် ပြောလိုက်သည်။ "ဟေး... မင်းက တကယ့် ပါရမီရှင်ပဲ။ မီးအားကို မြန်မြန် ပြန်ချိန်ပြီး ထပ်စမ်းကြည့်ကြတာပေါ့။"
ရှောင်လဲ့ထျန်းက မီးအားကို အလျင်အမြန် ပြန်ချိန်ညှိလိုက်ပြီး သူတို့နှစ်ယောက်မှာ အပေါ်တက်လိုက်၊ အောက်ဆင်းလိုက်ဖြင့် အဆက်မပြတ် စမ်းသပ်နေကြတော့၏။
အောက်ဘက်ရှိ လူများမှာမူ ပူလောင်နေသော ဒယ်အိုးပေါ်မှ ပုရွက်ဆိတ်များကဲ့သို့ ပြာယာခတ်နေကြပြီး မြင်းများကို အသေအလဲ ဒုန်းစိုင်းကာ လိုက်နေကြသည်။
နောက်ဆုံးတွင် အကြိမ်ကြိမ် စမ်းသပ်ပြီးနောက် ရှောင်လဲ့ထျန်း၏ ရင်ထဲတွင် အဖြေတစ်ခု ရသွား၏။
သူက လီယွမ်ကျောက်ကို ဝမ်းသာအားရဖြင့် ကြည့်ကာ ပြောလိုက်သည်။ "သခင်လေးလီ... ကျုပ်တို့ အရင် အောက်ဆင်းကြတာပေါ့၊ ထပ်လောင်ကျွမ်းနေရင် ရေနံဆီ မလောက်မှာ စိုးရိမ်ရတယ်။"
လီယွမ်ကျောက်က ပြောလိုက်၏။ "ကောင်းပြီ။ အရင် အောက်ဆင်းကြတာပေါ့၊ အပေါ်မှာက အရမ်းလည်း အေးတယ်။"
မီးအားကို လျှော့ချလိုက်သောအခါ မီးပုံးပျံက တဖြည်းဖြည်း အောက်သို့ ဆင်းလာပြီး မြေပြင်နှင့် မီတာတစ်ရာ ခန့်သာ ကွာဝေးတော့သည်။
ရုတ်တရက် မီးပုံးပျံ၏ အပြင်ဘက်သားရေက ထောင့်တစ်နေရာမှ လန်ထွက်သွားပြီး... ရွှီးခနဲ အသံနှင့်အတူ လေများ စတင် ယိုစိမ့်လာတော့၏။
သူတို့နှစ်ယောက်လုံး ခြင်းတောင်းထဲတွင် ထိုင်ကာ ကောင်းကင်ပေါ်တက်ရသည့် ခံစားချက်ကို အရသာခံနေဆဲဖြစ်သည်။ လီယွမ်ကျောက်က ရယ်မောရင်း ပြောလိုက်သည်။ "ကျုပ်တို့ ဆင်းလာတာ တော်တော် မြန်တယ်နော်။"
"ဟုတ်တယ်၊ အရှိန်ပိုမြန်လာသလိုပဲ။ အမြင့်ဆုံးနေရာအထိ မပျံနိုင်ခဲ့တာပဲ နှမြောစရာကောင်းတယ်။ ကောင်းကင်ပေါ်မှာ ဘာရှိမလဲဆိုတာ မသိရဘူး... သောက်ကျိုးနည်း .. မီးပုံးပျံ ပေါက်သွားပြီ။"
ရှောင်လဲ့ထျန်းက ခေါင်းမော့ကြည့်လိုက်ရာ လိပ်ပြာလွင့်မတတ် လန့်ဖျပ်သွား၏။
အထဲမှ ကြည့်လိုက်ရာ သားရေတစ်စ လန်ထွက်နေသည်ကို မြင်လိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် ဧရိယာက သိပ်မကြီးမားလှပေ။
လီယွမ်ကျောက်လည်း မျက်လုံးများ ပြူးကျယ်သွားပြီး အသက်ရှူပင် ကြပ်လာသလို ခံစားလိုက်ရသည်။
"ကျုပ်တို့နှစ်ယောက် ပြုတ်ကျပြီး သေတော့မှာလား။ မဟုတ်ဘူး... မဟုတ်ဘူး... မီးအားတင်လိုက်။ မီးအား မြန်မြန် တင်လိုက်။"
အသက်နှင့် သေရေးရှင်ရေးကြားတွင် လီယွမ်ကျောက်၏ ဦးနှောက်က အစွမ်းကုန် အလုပ်လုပ်လာတော့၏။
ရှောင်လဲ့ထျန်းကလည်း တုံ့ဆိုင်းနေခြင်းမရှိဘဲ ရှေ့သို့တိုးကာ မီးအားကို အမြင့်ဆုံးသို့ တင်လိုက်သည်။
မီးပုံးပျံ၏ ကျဆင်းနှုန်းက စတင် နှေးကွေးသွားသော်လည်း ကျဆင်းသည့် အရှိန်ကတော့ မနှေးသေးပေ။
လီယွမ်ကျောက်က ချက်ချင်း ဆုံးဖြတ်ချက်ချကာ အသံကျယ်ကြီးဖြင့် အော်လိုက်၏။ "ခေါင်းကို ပိုက်ထား။ ကွေးကွေးလေး နေ။"
မီတာနှစ်ဆယ်... တစ်ဆယ့်ငါးမီတာ... ဆယ်မီတာ... သုံးမီတာ...။
ဘုန်းခနဲ အသံနှင့်အတူ။
မီးပုံးပျံခြင်းတောင်းက လယ်ကွင်းတစ်ခုထဲသို့ ပြင်းထန်စွာ ကျရောက်သွားပြီး အပေါ်ဘက်ရှိ မီးပုံးပျံက ဆွဲခေါ်သွားသဖြင့် နောက်ထပ် နှစ်ပတ်ခန့် လိမ့်သွားသေးသည်။
ခေါင်းထဲတွင် ချာချာလည်သွားပြီး လီယွမ်ကျောက်မှာ သူ၏ ကိုယ်တွင်းအင်္ဂါများအားလုံး နာကျင်သွားသည်အထိ ခံစားလိုက်ရကာ အရိုးများပင် ကျိုးပဲ့သွားတော့မလို ထင်မှတ်လိုက်၏။
ရှောင်လဲ့ထျန်းမှာလည်း ထိုနည်းတူပင်ဖြစ်ပြီး ပါးစပ်မှ အဆက်မပြတ် ညည်းတွားနေသည်။
လုံးဝ ငြိမ်သက်သွားသည့်အချိန်ရောက်မှသာ... သူတို့နှစ်ယောက်လုံး ခြင်းတောင်းထဲမှ တွားသွားကာ ထွက်လာကြပြီး ထိတ်လန့်ကြောက်ရွံ့နေဆဲ ပုံစံပေါက်နေ၏။
ကံကောင်းထောက်မစွာဖြင့် ခန္ဓာကိုယ်မှာ ဘာမှ မထိခိုက်ခဲ့ပေ။
လီယွမ်ကျောက်က ချောင်းနှစ်ချက်ဟန့်လိုက်ပြီး ကောင်းကင်ကြီးကို ငေးကြည့်ကာ အရူးတစ်ယောက်လို ရယ်မောရင်း ပြောလိုက်သည်။ "အသက်ရှင်နေသေးတယ်... အောင်မြင်သွားပြီ။ ရှောင်လဲ့ထျန်း... မင်း ဘာမှမဖြစ်ဘူးမလား။"
"ကျုပ် ဘာမှမဖြစ်ပါဘူး...။" ရှောင်လဲ့ထျန်းက ဖုန်တလူးလူးဖြင့် မြေပြင်ပေါ်မှ ကုန်းထလာပြီး ရင်ထဲတွင် အလွန်အမင်း ထိတ်လန့်နေဆဲဖြစ်သည်။ သူက ဆက်ပြောလိုက်၏။ "ဒီသားရေချုပ်ထားတာက သေချာ မလုံဘူးပဲ၊ ပိုခိုင်သွားအောင် နောက်ထပ် အကြိမ်ရေများများ ထပ်ချုပ်ရမယ်။"
လီယွမ်ကျောက်က ရယ်မောရင်း သူ့ကို ပုတ်ကာ ပြောလိုက်သည်။ "မင်းက တကယ် အရူးပဲ။ ဒီလိုအချိန်မျိုးမှာတောင် ဒီကိစ္စကို စဉ်းစားနေသေးတယ်၊ ကျုပ် မင်းကို သဘောကျသွားပြီ။ ကျုပ်တို့နှစ်ယောက်က အခုဆိုရင် သမိုင်းတစ်လျှောက် ကောင်းကင်ပေါ်ကို ပထမဆုံး ပျံတက်နိုင်တဲ့သူတွေ ဖြစ်သွားပြီ။ ဟားဟားဟား... ဖန်ကြီး အဲဒီ နာမည်ဂုဏ်သတင်း မက်မောတဲ့ကောင်က ကျုပ်ကို တစ်နေ့လုံး သမိုင်းမှတ်တမ်းတင်တဲ့သူတွေကို ရှာခိုင်းနေတာ၊ သူ ဘာအကြံအစည် ရှိလဲဆိုတာ ကျုပ် မသိဘူး ထင်နေလား။ အခု ကျုပ်က ကောင်းကင်ပျံတဲ့ ပထမဆုံးလူ ဖြစ်သွားပြီဆိုတော့ သူ နောင်တရလွန်းလို့ အူတွေတောင် ပြတ်ထွက်သွားလောက်ပြီ။ ဟားဟားဟား …"
ရှောင်လဲ့ထျန်းက သူ့ကို ဂရုမစိုက်ပေ။ မေ့သွားမည်ကို စိုးရိမ်သဖြင့် ကောင်းကင်ပေါ်မှ တွေ့ရှိခဲ့သည်များကို ပါးစပ်မှ အဆက်မပြတ် ရေရွတ်နေသည်။
နာရီဝက်ခန့် စောင့်ပြီးနောက် မိုရှောင်ဟူ၏ လူအုပ်ကြီး ရောက်ရှိလာ၏။
လီယွမ်ကျောက်နှင့် ရှောင်လဲ့ထျန်းတို့ လယ်ကန်သင်းပေါ်တွင် ထိုင်နေသည်ကို မြင်သောအခါမှ အားလုံး သက်ပြင်းချနိုင်တော့သည်။
မိုရှောင်ဟူက လှည့်ကြည့်လိုက်ရာ လယ်ကွင်းထဲတွင် အရှည်ကြီး ထွန်ယက်ထားသကဲ့သို့ ဖြစ်နေသည်ကို မြင်သောအခါ ရင်ထဲတွင် ထပ်မံ၍ ထိတ်လန့်သွားရပြန်သည်။
ကြည့်ရတာ ပြုတ်ကျလာတာပဲ။ အထိအခိုက် မနည်းလောက်ဘူး။
မိုရှောင်ဟူက ရှေ့သို့ ပြေးသွားပြီး ငိုယိုကာ ပြောလိုက်၏။ "သခင်လေးလီရယ်... ခင်ဗျား ကျုပ်ကို လန့်သေအောင် လုပ်နေတာပဲ။ ခင်ဗျားသာ ပြုတ်ကျပြီး တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ဘာမှ မထိခိုက်မိဘူးမလား။"
ထို့နောက် ရှောင်လဲ့ထျန်းကို ဒေါသတကြီး ဆူပူလိုက်သည်။ "မင်းလည်း အတူတူပဲ။ ကိုယ့်အသက်ကို အသက်လို့ မသတ်မှတ်ဘူးလား။ ဘာမဆို ရမ်းလုပ်ရဲတယ်ပေါ့လေ။"
ရှောင်လဲ့ထျန်းက ပြန်ပြောလိုက်၏။ "ဆရာ... ကျုပ် ဒီတစ်ခေါက် အများကြီး သိခဲ့ရတယ်။"
"ပါးစပ်ပိတ်ထား။ အိမ်ရောက်မှ ဆက်ပြော၊ အရင်ဆုံး သမားတော်ဆီ သွားပြရမယ်။"
လီယွမ်ကျောက်က မတ်တတ်ထရပ်ကာ ကိုယ်ပေါ်မှ ဖုန်များကို ခါထုတ်ရင်း ပြောလိုက်သည်။ "ရပြီ... သူ့ကို ဆက်မပြောပါနဲ့တော့။ လာကြစမ်း... ဒီမီးပုံးပျံကို သိမ်းပြီး မြို့တော်ကို ပို့လိုက်၊ ကျုပ် သေချာ ထပ်လေ့လာကြည့်အုံးမယ်။ စိတ်ချပါ... ကျုပ် ဒါကို သုံးပြီး ကောင်းကင်ပေါ် ထပ်မတက်တော့ပါဘူး။"
မိုရှောင်ဟူက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်၏။ "ဒါ …. ဒါ မကောင်းဘူးထင်တယ်နော်။"
"စကားမများနဲ့ .. ခင်ဗျားတို့ သခင်လေး ဒီမှာရှိရင်လည်း ကျုပ်ကို ပေးမှာပဲ။ ကျုပ် မြို့တော်ကို အရင် ပြန်တော့မယ်၊ လန့်သွားတာကို ဖြေဖို့ ထမင်းနည်းနည်း သွားစားလိုက်အုံးမယ်။"
ပြောပြီးသည်နှင့် လီယွမ်ကျောက်က သူချည်းသက်သက် ထွက်သွားခဲ့သည်။
ဒီလိုဆိုမှတော့ နောက်တစ်ခု ထပ်လုပ်ရတော့မှာပေါ့။ ခဏနေ သခင်လေး ရောက်လာရင် အဆူခံရအုံးမယ်။
မိုရှောင်ဟူက နှုတ်ခမ်းကို မဲ့လိုက်ပြီး ငိုတော့မည့်ပုံစံဖြင့် ဘေးနားရှိ လူများကို ပြောလိုက်သည်။ "မြန်မြန် သခင်လေးလီ ပစ္စည်းတွေကို လှည်းပေါ် တင်ပေးလိုက်ကြ။"
လီယွမ်ကျောက် ထွက်သွားပြီးနောက် တစ်အုပ်စုလုံး လက်နက်ဌာနသို့ ပြန်လှည့်လာခဲ့ကြ၏။
ရှောင်လဲ့ထျန်းက ကောင်းကင်ပေါ်မှ တွေ့ရှိခဲ့သည်များအားလုံးကို အသေးစိတ် ပြန်ပြောပြရာ မိုရှောင်ဟူမှာ အံ့အားသင့် မင်သက်သွားသည်။
မိုရှောင်ဟူက ပြောလိုက်၏။ "သဘာဝတရားကြီးက တကယ် အံ့သြစရာကောင်းတာပဲ။ ရှောင်လဲ့ထျန်း... မင်း ဒီတစ်ခေါက် ကြီးမားတဲ့ အကျိုးပြုမှု ရသွားပြီ။ ခဏနေ ကျောင်းအုပ်ကြီးဖန် လက်နက်ဌာနကို လာလိမ့်မယ်၊ ငါ ကိုယ်တိုင် မင်း အတွက် ဂုဏ်ပြုပေးမယ်။"
"ကျေးဇူးတင်ပါတယ် ဆရာ။" ရှောင်လဲ့ထျန်းက ဝမ်းသာအားရ ပြောလိုက်သည်။
မိုရှောင်ဟူက သတိပေးလိုက်၏။ "ဒါပေမဲ့ မင်း ကျောင်းအုပ်ကြီးဖန်ကို တွေ့ရင် စကားတွေ လျှောက်မပြောနဲ့နော်။ ကျေးဇူးရှင်ဆရာတို့၊ လေးစားရတဲ့ဆရာတို့လို့လည်း မခေါ်နဲ့၊ ကျောင်းအုပ်ကြီးဖန်လို့ပဲ ခေါ်။ ငါတို့ရဲ့ ကျောင်းအုပ်ကြီးဖန်က လူနှစ်မျိုးကို အမုန်းဆုံးပဲ၊ တစ်မျိုးက ဖော်လံဖားပြီး မျက်နှာလိုမျက်နှာရ လုပ်တတ်တဲ့သူတွေ၊ နောက်တစ်မျိုးက ဆွေမျိုးစပ်ပြီး ရင်းနှီးဟန်ဆောင်တဲ့ ကပ်ဖားတတ်သူမျိုးတွေ။ နားလည်လား။"
"နားလည်ပါပြီ။ ကျောင်းအုပ်ကြီးဖန်က တကယ် တည်ကြည်ဖြောင့်မတ်တာပဲ။" ရှောင်လဲ့ထျန်းက လေးစားစွာဖြင့် ရေရွတ်လိုက်သည်။
ဖန်ကျန်းရီ၏ ကြီးကျယ်ခမ်းနားသော ပုံရိပ်က သူ၏ ရင်ထဲတွင် ထပ်မံ မြင့်တက်သွားပြန်၏။
"အင်း... ဒါပေါ့။"
တစ်နာရီခန့် ကြာပြီးနောက် လက်နက်ဌာန၏ တံခါးမကြီးက ပြင်းထန်စွာ ကန်ဖွင့်ခံလိုက်ရသည်။
ဖန်ကျန်းရီက မောကြီးပန်းကြီးဖြင့် ပြေးဝင်လာပြီး ချက်ချင်း မေးလိုက်၏။ "လူရော... လူ ဘာမှမဖြစ်ဘူးမလား။"
ဤလမ်းတစ်လျှောက်လုံး မြင်းကို အသေအလဲ ဒုန်းစိုင်းစီးလာသဖြင့် အသည်းတွေပင် အန်ထွက်တော့မည်ဟု ထင်ရသည်။ ထိုခွေးကောင်လေး တစ်ခုခု အန္တရာယ်ဖြစ်သွားမည်ကို သူ အရမ်းစိုးရိမ်နေခဲ့သည်။
သောက်ကျိုးနည်း... သတ္တိကလည်း ဒီလောက်တောင် ကောင်းရသလား၊ တကယ်ကြီး ကောင်းကင်ပေါ် တက်သွားတာပဲ။
မိုရှောင်ဟူနှင့် ရှောင်လဲ့ထျန်းတို့က ဖန်ကျန်းရီ ရောက်လာသည်ကို မြင်သောအခါ အလျင်အမြန် ထရပ်လိုက်ကြ၏။
မိုရှောင်ဟူက ပြောလိုက်သည်။ "သခင်လေး... လူ ဘာမှမဖြစ်ပါဘူး။ မီးပုံးပျံ အပေါ်တက်တာ အောင်မြင်သွားပြီ။ ကျုပ်တို့ရဲ့ လုပ်ငန်းစဉ် အောင်မြင်သွားပြီ။"
ဖန်ကျန်းရီ၏ ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း ပေါ့ပါးသွားပြီး သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်သည်။ လူ ဘာမှမဖြစ်ရင်... လူ ဘာမှမဖြစ်ရင် တော်သေးတာပေါ့။
သို့ပေမည့် နောက်တစ်စက္ကန့်တွင် သူ ချက်ချင်း နောင်တရသွားပြန်သည်။
မီးပုံးပျံ အောင်မြင်သွားပြီလား။ ကောင်းကင်ပျံနိုင်တဲ့ ပထမဆုံးလူဆိုတဲ့ ဂုဏ်ပုဒ်ကို ဆုံးရှုံးသွားပြီပေါ့။ လကမ္ဘာပေါ်မှာ ဖန်ကျန်းရီ မီးတောင်ဝဆိုတာ ရှိလာသင့်တာလေ... သောက်ကျိုးနည်း အခုတော့ မရှိတော့ဘူး။
စက္ကန့်အနည်းငယ်ခန့် ဝမ်းနည်းသွားပြီးနောက် ဖန်ကျန်းရီက ခေါင်းမော့ကာ မေးလိုက်သည်။ "မီးပုံးပျံရော။"
"သခင်လေးလီ ယူသွားပြီ။"
"ဘာ .. ဘာလို့ ကျုပ် လာတဲ့အထိ မစောင့်ဘဲ လုပ်လိုက်ရတာလဲ။" ဖန်ကျန်းရီက ဒေါသတကြီး ပြောလိုက်၏။
မိုရှောင်ဟူမှာ အလွန်အမင်း ဝမ်းနည်းသွားပြီး တစ်ဖက်က သခင်လေး၊ တစ်ဖက်က မင်းသားဖြစ်နေသဖြင့် ကြားညပ်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။
သူက ဘာမှမပြောဘဲ ညည်းညူနေသည်ကို မြင်သောအခါ ဖန်ကျန်းရီက ဒေါသတကြီး မေးလိုက်သည်။ "သူ တောင်းတာနဲ့ ခင်ဗျားက ပေးလိုက်တာလား။"
"သူက အတင်းလိုချင်နေတာကိုး။"
"သူ အတင်းလိုချင်တာနဲ့ ခင်ဗျားက ပေးလိုက်တာလား။"
"သူ အတင်းလိုချင်နေတာကို ကျုပ်က ဘာတတ်နိုင်မှာလဲ... ကျုပ်လည်း စိတ်ညစ်ရပါတယ်။"
အပိုင်း (၆၈၇) မင်းသား၏ ဖျောင်းဖျမှု။
ဖန်ကျန်းရီက လက်ဝှေ့ယမ်းလိုက်ပြီး လှည့်ထွက်ရန် ပြင်လိုက်သည်။ ယခုအချိန်က ဒါတွေကို အာရုံစိုက်နေရမည့် အချိန်မဟုတ်ပေ။
လီယွမ်ကျောက် အဲဒီကောင်က ကစားတာ အရမ်းမက်တယ်။ တကယ်လို့ နန်းတော်ပြန်ရောက်ပြီး နောက်တစ်ခေါက် ထပ်ပျံမယ်ဆိုရင် သူ့နှလုံးသားက တကယ်ကို တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး။
ထွက်သွားရန် ပြင်လိုက်စဉ် မိုရှောင်ဟူက သူ၏ အင်္ကျီလက်ကို အလျင်အမြန် ဆွဲထားပြီး ပြောလိုက်သည်။ "သခင်လေး စိတ်မပူပါနဲ့။ ယူသွားတဲ့ မီးပုံးပျံက ပျက်နေတာဆိုတော့ သူ ထပ်သုံးမှာ မဟုတ်တော့ပါဘူး။"
ဖန်ကျန်းရီက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မိုရှောင်ဟူကို စကားမပြောနိုင်တော့ဘဲ ကြည့်လိုက်၏။
"ပျက်နေတာကို လူက ဘာမှမဖြစ်ဘူးလား။"
ရှောင်လဲ့ထျန်းက ဝင်ရောက် ရှင်းပြလိုက်သည်။ "ကျောင်းအုပ်ကြီးဖန်... တကယ် ဘာမှမဖြစ်ပါဘူး။ အောက်ပြန်ဆင်းတဲ့ အချိန်မှာ အန္တရာယ် နည်းနည်းကြုံခဲ့ရပေမဲ့ ကံကောင်းထောက်မစွာနဲ့ လုံလုံခြုံခြုံ ဆင်းသက်နိုင်ခဲ့ပါတယ်။"
"မင်းက ဘယ်သူလဲ။"
မိုရှောင်ဟူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် မိတ်ဆက်ပေးလိုက်သည်။ "သခင်လေး... သူက ကျုပ်တို့ အရှေ့ဘက် ဆင်ခြေဖုံးတက္ကသိုလ်က ကျောင်းသားပါ၊ နာမည်က ရှောင်လဲ့ထျန်းတဲ့။ ဒီတစ်ခေါက် မီးပုံးပျံ သုတေသနမှာ သူက အများကြီး ကူညီပေးခဲ့တယ်။ တွေ့ရှိချက် အသစ်တွေလည်း အများကြီး ရခဲ့တယ်။ ကျုပ်တို့ ကောင်းကင်ပေါ် တက်တဲ့အခါ မျက်မှန်တွေ လိုအပ်မယ်၊ ပြီးတော့ မီးပုံးပျံကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ...။"
ဖန်ကျန်းရီက နားထောင်ပြီးနောက် အနည်းငယ် အံ့သြသွား၏။
မီးပုံးပျံကို ထိန်းချုပ်လို့ရမှန်း သူ သိသော်လည်း မည်သို့ ထိန်းချုပ်ရမည်နည်းကို အတိအကျ မသိပေ။ ယခင်ဘဝက လည်း ဤအကြောင်းကို မစဉ်းစားမိခဲ့ပေ။ သေမှာမကြောက်သော ကျောင်းသားသစ်တစ်ယောက်က ထိုအရာကို စမ်းသပ် ရှာဖွေနိုင်ခဲ့လိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပေ။
ဖန်ကျန်းရီက တောက်ပသော အပြုံးကို ပြုံးလိုက်ပြီး ရှောင်လဲ့ထျန်းရှေ့သို့ လျှောက်သွားကာ ပြောလိုက်သည်။ "ကောင်းတယ်... အရမ်းကောင်းတယ်။ အရှေ့ဘက်ဆင်ခြေဖုံးတက္ကသိုလ်က ဒီလို ပါရမီရှင်မျိုး လိုအပ်နေတာပဲ။ ရှောင်ဟူ... သူ့ကို ဒီပလိုမာအဆင့် တိုးပေးလိုက်၊ ပြီးရင် တစ်ကျောင်းလုံးကို ဂုဏ်ပြုစာ ထုတ်ပြန်လိုက်။
ရှောင်လဲ့ထျန်း... မင်း နောက်ထပ် လူတချို့ကို ရှာပြီး အကြိမ်ရေများများ ထပ်စမ်းသပ်ကြည့်၊ ပြီးရင် မင်းရဲ့ တွေ့ရှိချက်တွေကို ရေးမှတ်ထား။ မင်းရဲ့ အောင်မြင်မှုတွေကို သတင်းစာမှာ ဖော်ပြနိုင်အောင် ငါ စီစဉ်ပေးမယ်။ မြို့ထဲက ပြည်သူတွေ အကုန်လုံးမင်းနာမည်ကို သိသွားအောင် လုပ်ပေးမယ်။ အာ ဟုတ်တယ်... ပထမအဆင့် ပညာသင်ဆုကိုပါ အကုန် စီစဉ်ပေးလိုက်။ ခင်ဗျားတို့ အလုပ်ဆက်လုပ်ကြအုံး။ ကျုပ် မြို့တော်ကို အရင်ပြန်ပြီး သွားကြည့်လိုက်အုံးမယ်။"
ပြောပြီးသည်နှင့် ဖန်ကျန်းရီက ခပ်သွက်သွက် လျှောက်ထွက်သွားသည်။
ယခု နန်းတော်သို့ သွားပြီး လီယွမ်ကျောက် ထိုအရူးကောင် ဘာလုပ်နေသနည်း သွားကြည့်ဖို့က ပိုအရေးကြီးသည်။ လက်ရှိပါရမီရှင်ကို အာရုံစိုက်ဖို့ အချိန်မရှိသေးပေ။
ဟာလာဟင်းလင်းဖြစ်နေသော တံခါးဝကို ကြည့်ရင်း ရှောင်လဲ့ထျန်းမှာ တစ်ကိုယ်လုံး တုန်ယင်သည်အထိ စိတ်လှုပ်ရှားနေသည်။
ဒီပလိုမာအဆင့် တိုးပေးတယ်... ဒီလောက်တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ ငါ ဒီပလိုမာအဆင့် တက်သွားပြီ။ ပြီးတော့ ပညာသင်ဆု... တစ်ကျောင်းလုံးကို ဂုဏ်ပြုစာ ထုတ်ပြန်မယ်... သတင်းစာမှာ ပါမယ်။ တကယ်လို့ အဖေသာ ငါ ဒီပလိုမာအဆင့် ရသွားတာကို သိရင် အရမ်း ဝမ်းသာမှာပဲ။
သူ၏ အလွန်အမင်း စိတ်လှုပ်ရှားနေသော ပုံစံကို ကြည့်ပြီး မိုရှောင်ဟူက ရယ်မောရင်း ပြောလိုက်၏။ "ရှောင်လဲ့ထျန်း... မင်းက ကျုပ်တို့ကျောင်းရဲ့ ပထမဆုံး ဒီပလိုမာရတဲ့ ကျောင်းသား၊ ပထမဆုံး အဆင့်မြှင့်တင်ခံရတဲ့ ကျောင်းသားပဲ။ ကျောင်းသမိုင်းမှတ်တမ်းမှာ ပါဝင်ခွင့်ရတော့မှာမို့လို့ ဂုဏ်ပြုပါတယ်။"
ကျောင်းသမိုင်းမှတ်တမ်းမှာ ပါဝင်တော့မယ်လား...။
ရှောင်လဲ့ထျန်းက အသိဝင်လာသည်။ မိုရှောင်ဟူကို ကြည့်ရင်း မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာသည်။
တခြားအရာတွေ မပြောနဲ့ဦး၊ ဒီလောက်ကြီးမားတဲ့ အောင်မြင်မှုကို ဆရာက နည်းနည်းလေးတောင် သူ့ကိုယ်သူ နာမည်ယူဖို့ မလုပ်ခဲ့ဘူး။ ဒါကိုကြည့်ရင် ဆရာရဲ့ ကိုယ်ကျင့်တရား ဘယ်လောက် မြင့်မားသလဲဆိုတာ သိသာတယ်။ ကျောင်းအုပ်ကြီးဖန် မွေးထုတ်ပေးလိုက်တဲ့ လူပီသပါပေတယ်။
ထိုအကြောင်းကို တွေးမိသောအခါ ရှောင်လဲ့ထျန်းက ရိုသေစွာ ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။ "ဆရာရဲ့ မြေတောင်မြှောက်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။"
……
အရှေ့နန်းဆောင်အတွင်းသို့ ဖန်ကျန်းရီက မကောင်းသော မျက်နှာထားဖြင့် ဝင်ရောက်လာသည်။ လျိုကျင်းက အခြေအနေမကောင်းသည်ကို မြင်သောအခါ အလျင်အမြန် သတင်းပို့ပြီး ဖန်ကျန်းရီကို လီယွမ်ကျောက်ရှိရာ နေရာသို့ ခေါ်သွားပေးသည်။
အခန်းထဲတွင်တော့ လီယွမ်ကျောက်က နံရံပေါ်ရှိ မြေပုံပေါ်တွင် စိတ်လှုပ်ရှားစွာဖြင့် စာတွေရေး၊ ပုံတွေဆွဲနေသည်။ ဖန်ကျန်းရီ ရောက်လာသည်ကို မြင်သောအခါ ဝမ်းသာအားရ ပြောလိုက်၏။ "ဖန်ကြီး... ခင်ဗျား ရောက်လာပြီလား။"
ဖန်ကျန်းရီက မျက်နှာထား တင်းမာစွာဖြင့် ပြောလိုက်သည်။ "ဟက်ဟက်... မင်းသားက သတ္တိ တော်တော်ကောင်းတာပဲ။"
ဖန်ကျန်းရီ စိတ်ဆိုးနေမှန်း သိသောကြောင့် လီယွမ်ကျောက်က အသာပြုံးလိုက်ပြီး အလျင်အမြန် ရှေ့တိုးကာ ချော့မော့ ပြောဆိုလိုက်၏။ "ဖန်ကြီး... ခင်ဗျား စိတ်မဆိုးပါနဲ့၊ အခု အောင်မြင်သွားပြီ မဟုတ်လား။"
ဖန်ကျန်းရီက အသံကို မြှင့်ကာ ပြောလိုက်သည်။ "မအောင်မြင်ရင် ခင်ဗျား အလောင်းကို ကျုပ်က လာ ကောက်ပေးရမှာလား။"
"အဟမ်း... အဟမ်း... ဒီအကြောင်းကို အရင် မပြောနဲ့အုံး။ ကျုပ် ခင်ဗျားကို ပြောပြမယ်၊ ခင်ဗျားရဲ့ ဒီမီးပုံးပျံက တကယ့် နတ်လက်နက်ပဲ။ လာ... မြေပုံကို ကြည့်။" လီယွမ်ကျောက်က ဖန်ကျန်းရီကို စကားပြောခွင့် မပေးဘဲ မြေပုံရှေ့သို့ ဆွဲခေါ်သွား၏။
"မြေပုံပေါ်က စစ်ချီမယ့် လမ်းကြောင်းကို သေချာကြည့်။ ကျုပ် အရင်က ပြောခဲ့တာကို မှတ်မိသေးလား။ စစ်ကြောင်းသုံးကြောင်းခွဲပြီး ရီရွှန်းက ဒေသခံတွေကို ရွာထဲ ရောက်သွားအောင် ခြောက်လှန့်မယ်၊ ပြီးရင် မီးပုံးပျံ ရာဂဏန်းလောက် စေလွှတ်ပြီး ရွာကို မီးရှို့လိုက်ရုံပဲ။ ကျန်တဲ့ စစ်သည်တွေက အပြင်ဘက်ကနေ စောင့်နေရုံပဲ။ ဖန်ကြီး... ခင်ဗျား ပြောတာ မှန်သွားပြီ။ ခင်ဗျား ပြောတာ တကယ် မှန်သွားပြီ။
ကောင်းကင်ပေါ်ကနေ မီးတွေ တကယ် ကျလာနိုင်ပြီ။ တရားဝင် စစ်စတိုက်တာနဲ့ နှစ်ရက်အတွင်း ရီရွှန်းကို သိမ်းပိုက်နိုင်ပြီ။ ဖန်ကြီး... ခင်ဗျား အဲဒီ ရှောင်လဲ့ထျန်းကို ထိပ်တန်းစစ်သည် ရာဂဏန်းလောက်နဲ့ တွဲပြီး လေ့ကျင့် ပေးခိုင်းလိုက်၊ ပြီးရင် ရှေ့တန်းကို ပို့လိုက်ရင် ကျုပ်တို့စစ်တပ်က အကြီးအကျယ် အောင်ပွဲရနိုင်ပြီ။"
ခင်ဗျားက တွက်ကိန်းတွေ အရမ်းတော်နေတာပဲ။ ကျုပ် မလာခင်ကတည်းက ကြိုသိနေတယ်။ ဖန်ကျန်းရီ၏ မျက်နှာမှာ ဒယ်အိုးအောက်ခြေလို မည်းမှောင်နေပြီဖြစ်သည်။
ဖန်ကျန်းရီက ပြောလိုက်၏။ "မင်းသား... ကျုပ် လူတွေကို မီးပုံးပျံ ဖန်တီးခိုင်းတာက စစ်တိုက်ဖို့ မဟုတ်ဘူး၊ အရှေ့ဘက်ဆင်ခြေဖုံးက ကျောင်းသားတွေကို အဆင့်အတန်း ပြောင်းလဲပေးနိုင်မယ့် အခွင့်အရေးတစ်ခု ရဖို့အတွက်ပါ။ ဒါ့အပြင် ကျင်းဘုရင်မင်းမြတ်က ရီရွှန်းကို တိုက်ဖို့ စစ်သည်အင်အား နှစ်သောင်းနီးပါး စေလွှတ်ထားတာ၊ ရှုံးနိုင်သေးလို့လား။"
လီယွမ်ကျောက်က စိုးရိမ်တကြီး ပြောလိုက်သည်။ "ဖန်ကြီး... ကျုပ်ကို ယုံပါ။ ဒီစစ်ပွဲက သာမန်အတိုင်း တိုက်မယ်ဆိုရင် ရလဒ်ကောင်း ထွက်လာမှာ မဟုတ်ဘူး။ အခု မီးပုံးပျံက စစ်ပွဲအခြေအနေကို ပြောင်းလဲပေးနိုင်မယ့် အဓိကသော့ချက်ပဲ။"
ဖန်ကျန်းရီက အပြင်းအထန် ငြင်းပယ်လိုက်သည်။
စစ်တပ်က စစ်တိုက်ဖို့ ထွက်သွားပြီဖြစ်ရာ ခန့်မှန်းချက်လေးတစ်ခုတည်းနှင့် သူ၏လူများကို စစ်မြေပြင်သို့ စေလွှတ်ကာ အသက်အန္တရာယ် ရင်ဆိုင်ခိုင်းရန် အရူးမဟုတ်ပေ။ ထို့အပြင် ရှောင်လဲ့ထျန်းကိုပါ ခေါ်သွားဖို့ ပြောနေသည်။
သူက အရှေ့ဘက်ဆင်ခြေဖုံးတက္ကသိုလ်က ကျောင်းသားလေ၊ ဒီလို စစ်မြေပြင်ကိစ္စတွေနဲ့ ဘယ်လိုလုပ် ပတ်သက်ခွင့်ပြုနိုင်မှာလဲ။
ဖန်ကျန်းရီက မေးလိုက်၏။ "မင်းသား... ခင်ဗျား စဉ်းစားဖူးလား။ တကယ်လို့ ရွာကို မီးရှို့လိုက်လို့ တောင်ကိုပါ မီးကူးသွားရင် ဘယ်လိုလုပ်မလဲ။"
လီယွမ်ကျောက်က ပြန်ဖြေလိုက်သည်။ "မဖြစ်နိုင်ဘူး။ ရွာရဲ့ အပြင်ဘက်နံရံတွေက မြေကြီးနဲ့ ကျောက်ခဲတွေကို စီထားတာဆိုတော့ မီးက အပြင်ဘက်ကို ကူးသွားမှာ မဟုတ်ဘူး။ ပြီးတော့ ရီရွှန်းက အရမ်း စိုစွတ်တော့ လွယ်လွယ်နဲ့ မီးမကူးနိုင်ဘူး။"
"ခင်ဗျား သေချာလို့လား။"
"ကျုပ် တခြားဟာတွေကို မပြောရဲပေမဲ့ စစ်ရေးအခြေအနေနဲ့ ပတ်သက်ရင်တော့ ဘယ်သူ့ထက်မှ မညံ့ပါဘူး။ ရီရွှန်းရဲ့ အခြေအနေကို ကျုပ် ကြားဖူးတာ ငါးခါမကတော့ဘူး။" လီယွမ်ကျောက်က ရင်ကော့ကာ ပြောလိုက်၏။
ဖန်ကျန်းရီက သက်ပြင်းချရင်း ပြောလိုက်သည်။ "ကောင်းပြီ... ဒါကို မပြောတော့ဘူး။ ကျုပ်အတွက် ဝင်စဉ်းစားပေးပါအုံး … ကျုပ်ရဲ့ လက်ရှိ ရာထူးက ကျင်းယီဝေ တပ်မှူးချုပ်လေ၊ ကျင်းဘုရင်မင်းမြတ်ရဲ့ အမိန့်ကိုပဲ နာခံရတာ။ လူရာဂဏန်းလောက်ကို ရှေ့တန်းဆီ ကိုယ့်သဘောနဲ့ကိုယ် စေလွှတ်လိုက်တာက ဘယ်လို ကိစ္စမျိုး ဖြစ်သွားမလဲ။"
လီယွမ်ကျောက်က တုံ့ဆိုင်းနေခြင်းမရှိဘဲ ပြောလိုက်၏။ "ကျုပ် ခင်ဗျားအတွက် စောစောတည်းက စဉ်းစားပေးထားပြီးပါပြီ။ ကျုပ် ကိုယ်တိုင် စာတစ်စောင် ရေးပေးမယ်၊ ကျုပ် သဘောနဲ့ကျုပ် အမိန့်ပေးလိုက်တယ်လို့ သတ်မှတ်လိုက်၊ ဘယ်သူမှ မလွန်ဆန်ရဲပါဘူး။ ပြဿနာတစ်ခုခုဖြစ်ရင် ကျုပ် တာဝန်ယူတယ်။"
ဖန်ကျန်းရီက မျက်ခုံးကို ပွတ်သပ်ရင်း အဆက်မပြတ် သက်ပြင်းချနေသည်။ ဖျောင်းဖျလို့ မရတော့ဘူးပဲ... ကြည့်ရတာ သူက သေချာ စဉ်းစားထားပြီး တိုက်ဖို့ ဆုံးဖြတ်ချက်ချထားပြီးပြီ။ ဒါပေမဲ့ ငါ့ဘက်က ကိစ္စတွေက စစ်မြေပြင်နဲ့ ဘာမှမသက်ဆိုင်ဘူးလေ။
လီယွမ်ကျောက်က သူ ဘာမှမပြောသည်ကို မြင်သောအခါ စိတ်အားထက်သန်စွာဖြင့် ပြောလိုက်၏။ "ခင်ဗျား ဘာလို့ ဒီလောက် အချိန်ဆွဲနေရတာလဲ။ တကယ်လို့ ခင်ဗျား ကျုပ်စကားကို သဘောမတူရင် ခင်ဗျား အပြင်မှာ မိန်းမနှစ်ယောက် ထပ်ရှုပ်နေတယ်ဆိုတာ မြောင်ဟန်ဆီ သွားပြောလိုက်မယ်။"
ဖန်ကျန်းရီက ရင်ထဲ ထိတ်သွားပြီး ချက်ချင်း ခေါင်းမော့ကာ ဒေါသတကြီး အော်လိုက်သည်။ "ဘာစကားလဲ။ ကျုပ် ဘာမှမလုပ်ရသေးဘူးလေ။"
"အင်း..."
"..."
လီယွမ်ကျောက်က ဆက်လက်၍ ချိုသာစွာ ဖျောင်းဖျလိုက်၏။ "ဖန်ကြီး... ခင်ဗျားက ခင်ဗျားလူတွေကို သံယောဇဉ်ရှိတယ်ဆိုတာ ကျုပ် သိပါတယ်။ ဒါပေမဲ့ စဉ်းစားကြည့်ပါအုံး … ဒီစစ်ပွဲသာ နိုင်သွားရင် ရီရွှန်းလည်း တည်ငြိမ်သွားမယ်။ တခြားမျိုးနွယ်စုတွေကိုလည်း တစ်ခါတည်း ခြိမ်းခြောက်ပြီးသား ဖြစ်သွားမယ်။ အနာဂတ်မှာ သေကြေရမယ့် စစ်သည် ထောင်သောင်းချီရဲ့ အသက်ကို ကယ်တင်နိုင်လိမ့်မယ်။ မီးပုံးပျံကလည်း နောက်ထပ် အကြိမ်ရေ အများကြီး စမ်းသပ်ဖို့ လုံလောက်တဲ့ လုံခြုံရေးရှိတယ်လို့ ကျုပ် ထင်တယ်။ တကယ်လို့ ဒီအကြံအစည် အောင်မြင်မလာရင်တောင် သူတို့က အန္တရာယ်ကင်းကင်းနဲ့ ပြန်ဆုတ်လာနိုင်တယ်။
ပြီးတော့ ထပ်စဉ်းစားကြည့်အုံး .. ဒီစစ်ပွဲသာ အကြီးအကျယ် နိုင်သွားရင် မီးပုံးပျံရဲ့ အစွမ်းကြောင့် ရုံးတော်တစ်ခုလုံး တုန်လှုပ်သွားမယ်။ အဲဒီအချိန်ကျရင် ကျောင်းသားတွေရဲ့ အဆင့်အတန်းကို ပြောင်းလဲပေးဖို့က လွယ်လွယ်လေး ဖြစ်သွားမှာမဟုတ်ဘူးလား။ ခင်ဗျား ဘာတွေ တွေဝေနေတာလဲ။ ယောက်ျားရော ဟုတ်ရဲ့လား။"
ဖန်ကျန်းရီက နှုတ်ခမ်းကို မဲ့လိုက်သည်။
ကျုပ်က ယောက်ျားမဟုတ်ဘူး ဟုတ်လား။ ကျုပ်က ဒီလမ်းတစ်လျှောက်လုံး အခက်အခဲပေါင်းများစွာ ကြုံတွေ့ခဲ့ပြီးပြီ။ သွေးနဲ့မျက်ရည်တွေကို ရင်းပီး ခရိုင်တစ်ခုလုံးကို ဦးဆောင်လာခဲ့တာ၊ ကျုပ်ကို ယောက်ျားမဟုတ်ဘူးလို့ ပြောရဲတဲ့သူ ရှိသေးလား။
သို့ရာတွင် ယခုအချိန်၌ အေးချမ်းသာယာသော နေ့ရက်များကို ဖြတ်သန်းလာခဲ့သည်မှာ ကာလအတန် ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် မိမိ၏ လက်အောက်ငယ်သားများအား ဤသို့သော အန္တရာယ်မျိုးနှင့် ရင်ဆိုင်စေခြင်းသည် မလျော်ကန်ဟု ခံစားနေမိတော့သည်။
သို့သော်ငြား လီယွမ်ကျောက်၏ စကားသည်လည်း အဓိပ္ပာယ်ရှိပေသည်။ ဤစစ်ပွဲကိုသာ အောင်နိုင်ခဲ့လျှင် အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည် မဟုတ်ပါလား။ မိမိကိုယ်တိုင်သည်လည်း ယခုအခါ ရာထူးမြင့်မားနေပြီဖြစ်ရာ အမြင်ကို မြို့တစ်မြို့၊ နေရာတစ်ခုတည်း၌သာ ကန့်သတ်ထားရန် မသင့်တော်တော့ပေ။ ထို့ပြင် သူမှတ်မိသလောက်ဆိုရလျှင် မီးပုံးပျံသည် အမှန်တကယ်ပင် လုံခြုံစိတ်ချရမှု ရှိလှသည်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဖန်ကျန်းရီက လီယွမ်ကျောက်ကို လေးနက်စွာ ကြည့်ကာ ပြောလိုက်သည်။ "ခင်ဗျားနဲ့အတူ တစ်ခေါက်လောက် စွန့်စားကြည့်တာပေါ့။ ဒါပေမဲ့ ကျုပ်ရဲ့ လက်အောက်ငယ်သားတွေကိုတော့ သွားမယ် ၊ မသွားဘူးဆိုတာ သူတို့ဘာသာ ရွေးချယ်ခိုင်းမယ်၊ ကျုပ် အတင်းအကျပ် မလုပ်ဘူး။"