အခန်း (၆၈၈-၆၈၉)
Vol. 37 Ch. 688-689
အပိုင်း (၆၈၈) ကောင်းကင်စစ်သည်တော်များ ထွက်ခွာခြင်း
ကျိုးထျဲ့ ဦးဆောင်သော တောက်ယွမ်ခရိုင်မှ ကျင်းယီဝေ နှစ်ရာသည် မြောက်ပိုင်းဌာနချုပ်၏ လေ့ကျင့်ရေး ကွင်းပြင်တွင် ညီညာစွာ ရပ်နေကြသည်။
ဖန်ကျန်းရီက လက်နှစ်ဖက် နောက်ပစ်ကာ တစ်ပတ် ပတ်ကြည့်လိုက်ပြီး ကျိုးထျဲ့ကို မေးလိုက်၏။ "လူစုံပါပြီ။"
ကျိုးထျဲ့က ပြန်ဖြေလိုက်သည်။ "လူစုံပါပြီ သခင်လေး... ဘာခိုင်းစရာရှိလဲဆိုတာသာ ပြောပါ။"
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်ပြီး ကျိုးထျဲ့ကို ဘေးသို့ ဆွဲခေါ်ကာ ရင်ဘတ်ထဲမှ မြေပုံတစ်ချပ်ကို ထုတ်ပေးလိုက်၏။
မြေပုံပေါ်တွင် အသေးစိတ် စစ်ချီလမ်းကြောင်းများနှင့် မီးပုံးပျံ ပူးပေါင်းတိုက်ခိုက်မည့် နည်းဗျူဟာများကို ရေးဆွဲထားသည်။ မြို့ရိုးများနှင့် အရပ်မျက်နှာ အားလုံးကို ရှင်းလင်းစွာ အမှတ်အသားပြုထားပြီး စစ်ကြောင်း အသီးသီး၏ ပူးပေါင်းတိုက်ခိုက်ရေး နည်းဗျူဟာများကိုလည်း အသေးစိတ် ဖော်ပြထားသည်။
ကျိုးထျဲ့က မြေပုံကို ယူကာ အံ့သြစွာဖြင့် မေးလိုက်သည်။ "ဒီမြေပုံက... သခင်လေး ဆွဲထားတာလား။"
ဖန်ကျန်းရီက ခေါင်းယမ်းလိုက်၏။ "မဟုတ်ဘူး... ခင်ဗျား ဘယ်လိုထင်လဲ။"
ထိုမြေပုံက လီယွမ်ကျောက် တစ်ညလုံး အချိန်ယူကာ စဉ်းစားရေးဆွဲထားခြင်းဖြစ်ပြီး မနက်စောစော ပြီးသည်နှင့် သူ့ကို ပေးကာ အိပ်ရာဝင်သွားခဲ့သည်။ သူလည်း သိပ်နားမလည်ပေ။ လီယွမ်ကျောက်က သူ၏ စစ်ရေးစွမ်းရည် မည်မျှတော်ကြောင်း အမြဲတမ်း ကြွားလုံးထုတ်နေသော်လည်း ကျွမ်းကျင်သူများ၏ အကဲဖြတ်မှုတော့ လိုအပ်သေး၏။
ကျိုးထျဲ့က မေးစေ့ကို ပွတ်သပ်ရင်း အချိန်အတော်ကြာ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "တော်တော် ကောင်းတယ်၊ အခြေခံက တော်တော်လေး ကောင်းတယ်။ နှစ်နဲ့ချီပြီး အချိန်ပေးမထားရင် ဒီပစ္စည်းမျိုး ထွက်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီအပေါ်မှာ တချို့ဟာတွေကို ကျုပ် နားမလည်ဘူး... ဘာလို့ ဘောလုံးတွေ ပါနေတာလဲ။ ရေနံဆီဘူးလို့ ရေးထားတာက ဘာအဓိပ္ပာယ်လဲ။"
"သခင်လေး... သခင်လေးက ဒီမြေပုံကို ယူပြီး စစ်သွားတိုက်မလို့လား။"
"အဲဒါ ခဏနေရင် ခင်ဗျား သိရပါလိမ့်မယ်။" ဖန်ကျန်းရီက ပြန်ဖြေလိုက်သည်။
ကျိုးထျဲ့ ထိုသို့ပြောသည်ကို ကြားသောအခါ ဖန်ကျန်းရီ၏ ရင်ထဲမှ စိုးရိမ်မှုများ အတော်လေး လျော့ကျသွားသည်။ ကြည့်ရသည်မှာ လီယွမ်ကျောက် ဤကောင်လေးက တကယ်ကို ကြွားလုံးထုတ်နေတာ မဟုတ်ပုံပင်။
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်ပြီး လူအုပ်ကြီးကို ကြည့်ကာ အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။ "ညီအစ်ကိုတို့ … ဒီနေ့ ခင်ဗျားတို့ကို ပေးစရာ အရေးကြီးတဲ့ တာဝန်တစ်ခု ရှိတယ်၊ အန္တရာယ်လည်း ရှိနိုင်တယ်။ ကျုပ် ကြိုပြောထားမယ်၊ ခင်ဗျားတို့ထဲက တော်တော်များများက အိမ်ထောင်သည်တွေပဲ။ သွားမယ် ၊ မသွားဘူးဆိုတာက ခင်ဗျားတို့ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တယ်။ ကျုပ် မျက်နှာကို လုံးဝ ထောက်နေစရာ မလိုဘူး။
ခင်ဗျားတို့ရဲ့ တာဝန်က နယ်စပ်ရှေ့တန်းကို သွားပြီး စစ်ပွဲမှာ ပါဝင်ဆင်နွှဲဖို့ပဲ။ ပြီးတော့ ဒီစစ်ပွဲက သာမန် မဟုတ်ဘူး၊ ခင်ဗျားတို့က ကောင်းကင်ပေါ်ကနေ ရန်သူတွေကို တိုက်ခိုက်ရမှာ။ ဘာကြောင့်လဲဆိုတာကို အရင် မမေးနဲ့အုံး ..။ သွားချင်တဲ့သူတွေ အခု လက်ညှိုးထောင်ကြ။"
ဖန်ကျန်းရီ၏ စကားဆုံးသည်နှင့် လူနှစ်ရာလုံးက တညီတညွတ်တည်း လက်ညှိုးထောင်လိုက်ကြပြီး တစ်ယောက်မှ လက်မချကြပေ။
ကျိုးထျဲ့က လက်ပိုက်ကာ ဘေးနားမှ တိတ်တဆိတ် ရယ်မောနေသည်။ ဖန်ကျန်းရီအနားသို့ တိုးသွားကာ ပြောလိုက်သည်။ "သခင်လေးရာ... ခင်ဗျားက ဒါတွေကို အပိုတွေ လျှောက်လုပ်နေတာပဲ။ ဒီလူတွေက ကျုပ် ခေါ်လာတဲ့ စစ်သည်တွေလေ၊ စစ်တိုက်ရမှာကို သူတို့က လိုချင်နေကြတာ။ အားလုံးက လူငယ် သန်စွမ်းသူတွေချည်းပဲ၊ သွေးဆူနေကြတာ။ အရင်တစ်ခေါက် ဝူမင်းသားလူတွေနဲ့ တိုက်ပွဲမှာ နိုင်ထားတော့ အခု စစ်တိုက်ချင်စိတ်တွေ အရမ်းပြင်းပြနေကြတာ။ ရင်ထဲမှာ အားတွေ ပြည့်နေကြတယ်။ မသွားချင်တဲ့သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး။"
လူနှစ်ရာလုံးက သဘောတူလိုက်သည်ကို မြင်သောအခါ ဖန်ကျန်းရီ၏ ရင်ထဲတွင်လည်း ဇာတိမာန်များ တက်ကြွလာတော့သည်။ ဒါမှ ကိုယ့်လူတွေကွ၊ ကိစ္စရှိရင် တကယ် ရှေ့ထွက်ရဲတယ်။ သတ္တိရှိတယ်။
ဖန်ကျန်းရီက အားလုံးကို ကြည့်ကာ အဆက်မပြတ် ခေါင်းညိတ်ရင်း ပြောလိုက်၏။ "ကောင်းတယ်။ အရမ်းကောင်းတယ်။"
ကျိုးထျဲ့က မေးလိုက်သည်။ "သခင်လေး... ဒါပေမဲ့ ကောင်းကင်ပေါ်ကနေ တိုက်ခိုက်ရမယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ကျုပ်တို့က ပျံနိုင်လို့လား။"
"ပျံနိုင်တယ်။ ခရိုင်ထဲမှာ မီးပုံးပျံလို့ခေါ်တဲ့ ပျံသန်းနိုင်တဲ့ ပစ္စည်းတစ်ခုကို ဖန်တီးထားတယ်။ ခင်ဗျား ခရိုင်ကို သတင်းပို့ပြီး မီးပုံးပျံတွေကို အစွမ်းကုန် ဖန်တီးခိုင်းလိုက်၊ ညီအစ်ကိုတွေကိုလည်း အမြန်ဆုံး အသုံးပြုတတ်အောင် သင်ခိုင်းလိုက်။ အားလုံး အဆင်သင့်ဖြစ်သွားပြီဆိုရင် အချိန်ရွေးပြီး ထွက်ခွာကြတာပေါ့။"
ကျိုးထျဲ့မှာ ကြောင်အမ်းအမ်းဖြစ်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ "ကောင်းကင်ဘုံ ... ပျံနိုင်တယ်လား။ အဲဒါက နတ်ဘုရားတွေရဲ့ အစွမ်း မဟုတ်ဘူးလား။ အဲဒါဆိုရင် ဘယ်စစ်ပွဲမှာ မနိုင်ဘဲ ရှိတော့မှာလဲ။"
ဖန်ကျန်းရီက မှာကြားလိုက်၏။ "လုံးဝ ပေါ့ဆလို့ မရဘူးနော်။ ဒီလူနှစ်ရာကို ခင်ဗျားဆီ အပ်ထားတာ၊ ခင်ဗျား သေချာပေါက် အထူးသတိထားရမယ်။ မီးပုံးပျံနဲ့ ပတ်သက်ပြီး အသေးစိတ် အခြေအနေတွေကို ခင်ဗျား လက်နက်ဌာနမှာ သွားလေ့လာ၊ ညီအစ်ကိုတွေကိုလည်း ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်တဲ့အထိ သေချာ လေ့ကျင့်ခိုင်း။ မီးပုံးပျံ နှစ်ရာလုံး တစ်ပြိုင်နက် ကောင်းကင်ပေါ် တက်တဲ့အခါ ရန်သူကို မသတ်ရသေးခင် ကိုယ့်လူအချင်းချင်း ဒုက္ခရောက်ကုန်တာမျိုး မဖြစ်စေနဲ့။"
ကျိုးထျဲ့က ခေါင်းယမ်းကာ သက်ပြင်းချရင်း ပြောလိုက်သည်။ "သခင်လေး သိလား။ သခင်လေးလို လူမျိုးက စစ်တပ်ကို ဦးဆောင်ပြီး စစ်တိုက်ဖို့ သိပ်မသင့်တော်ဘူး၊ စိတ်နှလုံး အရမ်းနူးညံ့လွန်းတယ်။ စိတ်မပူပါနဲ့၊ ကျုပ် အကုန် နားလည်ပါတယ်။"
"သောက်ရေးမပါတာတွေ။ ကျုပ်က လူတွေကို မထိန်းချုပ်တတ်ဘူးဆိုရင် ဒီနှစ်တွေတစ်လျှောက်လုံး ခရိုင်ကို ဘယ်လို ဦးဆောင်လာခဲ့တာလဲ။" ဖန်ကျန်းရီက ဆဲဆိုလိုက်၏။
"အဲဒါက အပြင်မှာ ရမ်းကားတာလေ။ ခင်ဗျားက အဲဒါကိုပဲ ကျွမ်းကျင်တာ၊ လက်ရဲဇတ်ရဲရှိတယ်။"
"ထွက်သွားစမ်း။"
ကျိုးထျဲ့က ရှက်ရွံ့စွာဖြင့် ရယ်မောလိုက်သည်။
ဖန်ကျန်းရီက သက်ပြင်းချကာ ပြောလိုက်၏။ "လေ့ကျင့်ရေးကာလမှာ မင်းသားက ခင်ဗျားတို့ကို စစ်ရေး နည်းဗျူဟာတွေနဲ့ စစ်မြေပြင်က အခြေအနေတွေကို အသေးစိတ် လာရှင်းပြလိမ့်မယ်။ သေချာ မှတ်ထားကြ၊ ဒါပေမဲ့ တစ်ချက်ကိုတော့ သတိရ။ သူ့ကို လုံးဝ ကောင်းကင်ပေါ် ပေးတက်လို့ မရဘူးနော်။"
"ဒါက... အဲဒီမြေပုံကို မင်းသား ဆွဲထားတာလား။"
ကျိုးထျဲ့က ပါးစပ်အဟောင်းသားဖြင့် ပြောလိုက်သည်။ "သူက အသက်နှစ်ဆယ်ကျော်ပဲ ရှိသေးတာလေ၊ ပြီးတော့ စစ်မြေပြင်ကို သွားဖူးတယ်လို့လည်း မကြားဖူးပါဘူး။"
"ဟုတ်တယ်။"
"ပါရမီရှင်ပဲ...။" ကျိုးထျဲ့က လေးစားစွာ ရေရွတ်လိုက်၏။
……
အရှေ့နန်းဆောင်။
လီယွမ်ကျောက်က ဖန်ကျန်းရီ ပြန်ရောက်လာသည်ကို မြင်သောအခါ အလျင်အမြန် ရှေ့သို့ ပြေးသွားပြီး မေးလိုက်သည်။ "ဘယ်လိုလဲ။ ဘယ်နှစ်ယောက်က သွားဖို့ သဘောတူလဲ။"
ဖန်ကျန်းရီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ဖြေလိုက်၏။ "ကျုပ်တို့ တောက်ယွမ်ခရိုင်က တိုင်းပြည်ကို သစ္စာစောင့်သိတဲ့ သူရဲကောင်း နှစ်ရာလုံး သွားဖို့ သဘောတူကြတယ်။"
လီယွမ်ကျောက်၏ မျက်နှာတွင် အပြုံးများ ဝေဆာသွားပြီး လက်နှစ်ဖက်ကို ပွတ်သပ်ကာ မေးလိုက်သည်။ "အဲဒါ... ခင်ဗျားက ကျုပ်ဆွဲထားတဲ့ မြေပုံကို ကျွမ်းကျင်သူတွေဆီ သွားပြပြီး စစ်ဆေးခိုင်းမယ်ဆို။ သူ ဘယ်လိုပြောလဲ။"
"သူက ခင်ဗျားကို ပါရမီရှင်တဲ့။"
ထိုစကားထွက်လာသည်နှင့်တစ်ပြိုင်နက် လီယွမ်ကျောက်၏ အမြီးက ချက်ချင်း ထောင်တက်သွားကာ ခုံတစ်လုံးပေါ် ခြေထောက်တစ်ဖက်တင်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။ "ကျုပ် ဘာပြောခဲ့လဲ။ ကျုပ် ဘာပြောခဲ့လဲ။ ခင်ဗျားက မယုံဘူး။
ကျုပ်က မွေးတည်းက မြေပုံကြည့်တတ်တာ။ ကျုပ် ငယ်ငယ်တုန်းက ခမည်းတော်ရဲ့ စာကြည့်ဆောင်ကို ပထမဆုံးအကြိမ် ရောက်သွားတုန်းက မြေပုံကို မြင်လိုက်ရတာ၊ အဲဒါ မြေပုံမဟုတ်ဘူး၊ တကယ့် တောင်တွေ ရေတွေလို့ ချက်ချင်း သိလိုက်တာပဲ။
ခမည်းတော်က ကျုပ်ကို ပညာတတ်ဟန်ဆောင်မနေနဲ့၊ သွားကြည့်စမ်း၊ ဘယ်နေရာက ဘာလဲဆိုတာ ပြစမ်းလို့ ပြောတယ်။ ကျုပ် ရှေ့ထွက်ပြီး ညွှန်ပြလိုက်တာ အကုန်မှန်တယ်။"
"ကျင်းဘုရင်မင်းမြတ်ကရော ခင်ဗျားကို ပါရမီရှင်လို့ ချီးကျူးသေးလား။" ဖန်ကျန်းရီက မေးလိုက်သည်။
"အဲဒါတော့ မရှိပါဘူး။ သူက ကျုပ်ကို အခန်းထဲမှာ လာမရှုပ်နဲ့၊ ထွက်သွားစမ်းလို့ ပြောတယ်။"
"..."
ဖန်ကျန်းရီက ပြောလိုက်၏။ "မင်းသား... အခု ကိစ္စတွေ အကုန် အဆင်ပြေသွားပြီ။ တောက်ယွမ် ခရိုင်ဘက်မှာလည်း တစ်ဖက်က ထုတ်လုပ်ရင်း တစ်ဖက်က လေ့ကျင့်နေကြပြီဆိုတော့ ခင်ဗျား အချိန်မရွေး သွားလို့ရပါတယ်။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်၊ သိုသိုသိပ်သိပ်လေး လုပ်ပါ။ ကျင်းဘုရင်မင်းမြတ်ကို လုံးဝ သိခွင့်ပေးလို့ မရဘူးနော်။"
လီယွမ်ကျောက်က ခေါင်းညိတ်ပြလိုက်သည်။
ဖန်ကျန်းရီက အသံကို နှိမ့်ကာ ဆက်ပြောလိုက်၏။ "ပြီးတော့ ဟို မိန်းမနှစ်ယောက်အကြောင်း... ခင်ဗျား အပြင်မှာ လျှောက်မပြောနဲ့နော်။"
"စိတ်ချပါ …ကျုပ် ခင်ဗျားအတွက် သေချာပေါက် လျှို့ဝှက်ပေးထားပါ့မယ်။ ယောက်ျားအချင်းချင်းပဲဟာကို။" လီယွမ်ကျောက် က စပ်ဖြီးဖြီးဖြင့် ရယ်မောလိုက်သည်။
ကျုပ် ဘာမှမလုပ်ရသေးဘူးလေ။ တစ်ချိန်လုံး ကျုပ်ကို သိက္ခာချပြီး ခြိမ်းခြောက်နေတယ်။
ဖန်ကျန်းရီက အပေါ်ယံသာ ပြုံးပြလိုက်သည်။
……
အရာအားလုံး ဆုံးဖြတ်ပြီးသွားသောအခါ တောက်ယွမ်ခရိုင်က အစွမ်းကုန် ကြိုးပမ်းအားထုတ်မှု စတင်လေပြီ။
အသုံးပြုနိုင်သော လူအင်အား အားလုံးကို ထုတ်သုံးကာ မီးပုံးပျံများနှင့် မျက်မှန်များကို စတင် ထုတ်လုပ်ကြသည်။ အခြားတစ်ဖက်တွင်လည်း စစ်ချီရန် ပြင်ဆင်နေသော လူများက ထုတ်လုပ်ပြီးသော မီးပုံးပျံများကို အသုံးပြုကာ အပြင်းအထန် လေ့ကျင့်မှုများ စတင်နေပြီဖြစ်သည်။
ရှောင်လဲ့ထျန်းကလည်း သူတို့နှင့်အတူ ကောင်းကင်ပေါ်သို့ လိုက်ပါကာ အတွေ့အကြုံများကို စုဆောင်းနေ၏။
တစ်လတာ ကာလအတွင်း သူ၏ ပျံသန်းမှု အကြိမ်အရေအတွက်က အကြိမ်နှစ်ရာကျော်အထိ ရှိလာခဲ့သည်။ တာ့ကျင်း၏ ကောင်းကင်ပျံသန်းမှုတွင် နံပါတ်တစ် ပုဂ္ဂိုလ်ဟုပင် ဆိုနိုင်သည်။ တောက်ယွမ်ခရိုင်မှ စစ်သည်များပင် သူ၏ ကြိုးစားအားထုတ်မှုကို လေးစားနေကြသည်။
နေ့စဉ်နေ့တိုင်း ရရှိလာသော ပျံသန်းမှု အတွေ့အကြုံများက သူ၏ ဒီပလိုမာစာတမ်းအတွက် လုံလောက်သော အချက်အလက်များ ဖြစ်လာစေ၏။
တစ်ချိန်တည်းမှာပင် စစ်ချီရမည့်နေ့သို့ ရောက်ရှိလာပြီး ပစ္စည်းအထုပ်အပိုးများ အားလုံး ပြင်ဆင်ပြီးစီးသွားပြီဖြစ်သည်။
ထိုအချိန်တွင် လေ့ကျင့်ရေးကွင်းပြင်၌ ထိုင်ခုံ အလုံးနှစ်ရာကျော် ချထားပြီး ထိုင်ခုံတိုင်းပေါ်တွင် အရက်တစ်ခွက်စီ တင်ထားကာ သူတို့၏ ထွက်ခွာခြင်း အခမ်းအနားကို သီးသန့် ကျင်းပပေးထား၏။
ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့ကလည်း အချိန်မီ ရောက်ရှိလာကြသည်။ လီယွမ်ကျောက်က ကွင်းပြင်ရှိ သန်စွမ်းတောင့်တင်းသော စစ်သည်နှစ်ရာကို ကြည့်ကာ ရင်ထဲတွင် လှိုင်းထန်နေတော့သည်။ ဖန်ကြီး၏ ဤထိပ်တန်းစစ်တပ်ကို အားကျနေသည်မှာ ကြာပြီဖြစ်သည်။ အထူးသဖြင့် တစ်လတာအတွင်း သူတို့နှင့်အတူ လေ့ကျင့်ပြီးနောက် သူတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်မားနေသည်ကို တွေ့ရှိခဲ့ရသည်။
တစ်ယောက်ချင်းစီတိုင်းက သာမန် စစ်သူကြီးတစ်ယောက်၏ စံနှုန်းများကို ကျော်လွန်နေပြီး သာမန် စစ်သားများ လုံးဝ မယှဉ်နိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိနေကြသည်။ ဤမျှ အစွမ်းထက်သော စစ်တပ်ကို ယနေ့ သူကိုယ်တိုင် ကွပ်ကဲခွင့် ရပြီဖြစ်၏။
ဖန်ကျန်းရီက လီယွမ်ကျောက်၏ ဘေးတစ်စောင်း မျက်နှာကို ကြည့်ကာ ပြုံးလိုက်ပြီး နောက်သို့ တစ်လှမ်းဆုတ်ကာ စင်မြင့်ကို ဖယ်ပေးလိုက်သည်။
လီယွမ်ကျောက်က အသံကျယ်ကြီးဖြင့် ပြောလိုက်၏။ "ညီအစ်ကိုတို့... ဒီနေ့ စစ်ချီကြတော့မယ်၊ ခင်ဗျားတို့ အားလုံး အောင်ပွဲရပြီး အောင်မြင်စွာ ပြန်လာနိုင်ပါစေလို့ ကျုပ် ဒီကနေ ဆုတောင်းပေးပါတယ်။"
ပြောပြီးသည်နှင့် အရက်ခွက်ကို ယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး ခွက်ကို မြေပြင်ပေါ်သို့ ပစ်ပေါက်ခွဲလိုက်သည်။
စစ်သည်နှစ်ရာလုံးကလည်း တစ်ပြိုင်နက်တည်း ဟစ်ကြွေးလိုက်ပြီး အရက်ခွက်များကို ယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်ကြ၏။
ဖန်ကျန်းရီက စိတ်ထဲမှ ရေရွတ်လိုက်သည်။
မင်းသားက တဖြည်းဖြည်းနဲ့ ဓားပြခေါင်းဆောင် ပုံပေါက်လာပြီပဲ... ကောင်းတယ်။
လူအားလုံး သောက်ပြီးသွားသောအခါ လီယွမ်ကျောက်က ကျိုးထျဲ့ကို ကြည့်ကာ ပြောလိုက်သည်။ "အစီအစဉ်အတိုင်း လုပ်ကြ၊ မမျှော်လင့်ထားတဲ့ အခြေအနေမျိုး ကြုံလာရင်လည်း အခြေအနေအရ ပြောင်းလဲ လုပ်ဆောင်ကြ။"
ကျိုးထျဲ့က လက်သီးဆုပ်ကာ အမိန့်ခံလိုက်၏။
ထို့နောက် လီယွမ်ကျောက်က အသံကျယ်ကြီးဖြင့် အော်လိုက်သည်။ "ထွက်ခွာကြ။"
အပိုင်း (၆၈၉) - နာမည်ဂုဏ်သတင်း မက်မောသော သူတော်ကောင်းယောင်ဆောင်သူ။
စစ်တပ်ကြီး ထွက်ခွာသွားသည်မှာ ရက်အနည်းငယ် ကြာပြီဖြစ်ပြီး ရှောင်လဲ့ထျန်းလည်း နေ့စဉ် အဆက်မပြတ် လေ့ကျင့်နေရသော ဘဝမှ လွတ်မြောက်သွားပြီဖြစ်သည်။
ထိုလူနှစ်ရာက ဘာသွားလုပ်ကြမည်ကို သူ မသိသော်လည်း၊ သူ၏ ကိုယ်ပိုင် အကျိုးအမြတ်ကတော့ လုံလုံလောက်လောက် များပြားနေပြီဖြစ်သည်။ ပရောဂျက် ပြီးဆုံးသွားပြီဖြစ်ရာ တောက်ယွမ်ခရိုင်တွင် ဆက်လက် နေထိုင်ရန် အကြောင်းပြချက် မရှိတော့ပေ။
အရှေ့ဘက်ဆင်ခြေဖုံးတက္ကသိုလ်မှ ယာယီ ခေါ်ယူထားသော လက်ထောက် ကျောင်းသားများမှာလည်း သဘာဝကျစွာပင် အရှေ့ဘက်ဆင်ခြေဖုံးတက္ကသိုလ်သို့ ပြန်သွားကြသည်။ လက်နက်ဌာနက လက်နက် ထုတ်လုပ်ရေးကို အဓိကထားပြီး ရှောင်လဲ့ထျန်းတို့တွင် အခြေခံ သီအိုရီပိုင်းများ အများကြီး လိုအပ်နေသေးသည်။ ထို့ကြောင့် မိုရှောင်ဟူက သူတို့ကို တခြားကျောင်းများတွင် သွားရောက် နားထောင်ရန် စေလွှတ်လိုက်သည်။
ရှောင်လဲ့ထျန်းကတော့ အမြဲတမ်းလိုလို ကြိုးစားပမ်းစား သင်ယူနေပြီး နေ့စဉ် ကျောင်းတက်ခြင်းအပြင် သူ၏ စာတမ်းကို ဖြည့်စွက်ရေးသားနေသည်။ နောက်ဆုံးတွင် ငါးရက်တိုင်တိုင် အချိန်ယူပြီးနောက် ထပ်မံပြင်ဆင်စရာ မလိုတော့ဟု ထင်သောကြောင့် မိုရှောင်ဟူထံ သွားပေးလိုက်၏။
နောက်တစ်နေ့ နံနက်စောစောတွင် ရှောင်လဲ့ထျန်းက ခါတိုင်းလိုပင် စာအုပ်သေတ္တာကို သိမ်းဆည်းကာ ကျောင်းဆောင်မှ ထွက်လာခဲ့သည်။ ခန္ဓာကိုယ်က အနည်းငယ် နွမ်းနယ်နေဆဲဖြစ်ပြီး မနေ့က ရူပဗေဒကျောင်းတွင် တစ်နေကုန် နားထောင်ခဲ့ရသည်။ သင်ခန်းစာက အသံသည် တုန်ခါမှုကြောင့် ဖြစ်ပေါ်လာခြင်းနှင့် အလင်း၏ အလင်းယိုင်ခြင်း၊ အလင်းပြန်ခြင်း အကြောင်းများဖြစ်သည်။
သင်ခန်းစာ အကြောင်းအရာများက ရိုးရှင်းပြီး နားလည်ရ လွယ်ကူသော်လည်း ဆရာတိုင်းက စမ်းသပ်မှုများအပေါ် အလွန်အမင်း စိတ်ဝင်စားနေကြပုံရသည်။ ကျောင်းဝင်းတစ်ခုလုံးကို ပတ်ပြေးစေကာ လူများကို နေရာအနှံ့ လိုက်လံစောင့်ကြည့်ခိုင်းနေကြသည်။ နေ့စဉ်နေ့တိုင်းသာ ဤသို့ သင်ယူရမည်ဆိုပါက ပျော်စရာကောင်းသော်လည်း ဖိနပ်တော့ တော်တော် ကုန်ပေလိမ့်မည်...။
တွေးရင်းတွေးရင်းဖြင့် ရှောင်လဲ့ထျန်း ပြုံးလိုက်မိသည်။
ရှေ့မှ လျှောက်လာသော လူတစ်ယောက်ကို သူ လုံးဝ သတိမထားမိခဲ့ပေ။ ထိုသူက လက်ကို မြှောက်ကာ ပြောလိုက်သည်။ "ရှောင်လဲ့ထျန်း... ဆရာ မိုရှောင်ဟူက ခင်ဗျားကို ရှာနေတယ်။"
ရှောင်လဲ့ထျန်းက အသိဝင်လာပြီး အင်းဟု အသံပြုကာ မိုရှောင်ဟူကို သွားရှာရန် ခြေလှမ်းများကို ပြောင်းလဲလိုက်သည်။ လက်နက်ဌာနက အဆောက်အအုံ မပြီးသေးသဖြင့် မိုရှောင်ဟူက ကျောင်းတွင် ထောက်ပံ့ရေး လုပ်ငန်းများကို တာဝန်ယူထားပြီး တစ်ခါတစ်ရံ ကျောင်းသားများကို စာလာသင်ပေးတတ်သည်။
စာတမ်းနဲ့ ပတ်သက်ပြီး သတင်းထူးများ ရှိနေပြီလား...
ထိုအကြောင်းကို တွေးမိသောအခါ ရှောင်လဲ့ထျန်း၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး ရင်ထဲတွင် စိုးရိမ်ပူပန်မှု အနည်းငယ် ဖြစ်ပေါ်လာသည်။ မိုရှောင်ဟူ၏ တံခါးဝသို့ ရောက်သောအခါ တံခါးကို ဖွဖွလေး ခေါက်လိုက်ရာ အထဲမှ အသံကြားသဖြင့် ရှောင်လဲ့ထျန်းက တံခါးကို တွန်းဖွင့်ကာ ဝင်သွားခဲ့၏။
မိုရှောင်ဟူက လူရောက်လာသည်ကို မြင်သောအခါ ချက်ချင်း ပြုံးရွှင်စွာဖြင့် ဆီးကြိုလိုက်သည်။
"ရှောင်လဲ့ထျန်း... ဂုဏ်ပြုပါတယ်။ ငါတို့ရဲ့ ကျောင်းအုပ်ကြီးဖန်က မင်းရဲ့ စာတမ်းကို ကိုယ်တိုင် ဖတ်ကြည့်ပြီး အတည်ပြုပေးလိုက်ပြီ။ မကြာခင်မှာ တစ်ကျောင်းလုံးကို ဂုဏ်ပြုစာ ထုတ်ပြန်ပြီး သတင်းစာမှာလည်း ဖော်ပြတော့မယ်။"
ဤမျှ ရုတ်တရက် ဆန်လွန်းသော ဝမ်းသာစရာ သတင်းကြောင့် ရှောင်လဲ့ထျန်းမှာ ရင်ဘတ်ကို ဖိကာ အသက်ရှူပင် ရပ်သွားမတတ် ခံစားလိုက်ရသည်။ ကျောင်းအုပ်ကြီးဖန်က အရင်တစ်ခေါက်တုန်းက ပြောခဲ့ဖူးသော်လည်း ထိုစဉ်က အလွတ်သဘော ပြောခြင်းသာ ဖြစ်မည်ဟု ထင်မှတ်ခဲ့သည်။ ယခုတော့ တရားဝင် အတည်ပြုလိုက်ပြီဖြစ်သည်။
သူ၏ အသုံးမကျသော ပုံစံကို ကြည့်ပြီး မိုရှောင်ဟူက ရယ်မောရင်း ထပ်ပြောလိုက်၏။ "မင်း အရမ်း မပျော်ပါနဲ့အုံး၊ မင်းကို အသိပေးစရာ သတင်းကောင်းတစ်ခု ရှိသေးတယ်။ ပြီးတော့ အထက်က ဆုံးဖြတ်လိုက်တာက မနက်ဖြန်ကျရင် မင်းအတွက် ဂုဏ်ပြုပွဲ ကျင်းပပေးမယ်တဲ့။ မင်းလို စံပြပုဂ္ဂိုလ်မျိုးကို ကျောင်းသားတွေ အကုန်လုံး အမြန်ဆုံး သိအောင်လုပ်ပေးရမယ်၊ မြန်လေ ကောင်းလေပဲ။"
"ခဏနေရင် ငါတို့ရဲ့ ကျောင်းအုပ်ကြီးဖန်က မင်းကို ကိုယ်တိုင် တွေ့လိမ့်မယ်။ ပြီးရင် မင်းကို လမ်းညွှန်မှု နည်းနည်းပါးပါး ပေးလိမ့်မယ်။"
ဆရာသခင် ကိုယ်တိုင် လမ်းညွှန်မှု ပေးမယ်လား။
နောက်ထပ် အံ့သြဝမ်းသာစရာ တစ်ခုကြောင့် ရှောင်လဲ့ထျန်းမှာ အနည်းငယ် မူးဝေသွားသလို ခံစားလိုက်ရသည်။ သူက အသက်ရှူမြန်မြန်ဖြင့် မေးလိုက်သည်။ "ဒါဆို... ကျုပ် တစ်ခုခု ပြင်ဆင်ထားရအုံးမလား။"
"မလိုပါဘူး။ ငါတို့ ကျောင်းအုပ်ကြီးက အရမ်း သဘောကောင်းပါတယ်။ မင်း ပုံမှန်အတိုင်းပဲ နေပါ။ အရင် ထိုင်နေအုံ။ ငါ ရေနွေးကြမ်း နည်းနည်း သွားယူလိုက်အုံးမယ်။"
ရှောင်လဲ့ထျန်းက ခပ်မြန်မြန် ခေါင်းညိတ်လိုက်ပြီး ဘေးနားရှိ ထိုင်ခုံတွင် ထိုင်ကာ စိတ်ကို တည်ငြိမ်အောင် အသက်ပြင်းပြင်း ရှူနေလိုက်၏။
အချိန်အတော်ကြာပြီးနောက် ဖန်ကျန်းရီက နောက်ကျမှ ရောက်လာသည်။ မူလက နောက်ကျစရာ အကြောင်း မရှိသော်လည်း အိမ်ရှိ ညီအစ်မနှစ်ယောက်က အပြင်ထွက်ချင်သည်ဟု ဆိုလာသည်။ မြို့တော်တွင် မြေနေရာအချို့ ဝယ်ယူချင်သည်ဟု ပြောသဖြင့် သူ လိုက်ပို့ပေးရာမှ သတိလက်လွတ်ဖြစ်ပြီး အချိန်လွန်သွားခြင်းဖြစ်သည်။
ရှောင်လဲ့ထျန်းက ဖန်ကျန်းရီ ရောက်လာသည်ကို မြင်သောအခါ အလျင်အမြန် ထရပ်ပြီး နှုတ်ဆက်လိုက်၏။ "မင်္ဂလာပါ ကျောင်းအုပ်ကြီးဖန်။"
ဖန်ကျန်းရီက အနေခက်နေသော ရှောင်လဲ့ထျန်းကို မြင်သောအခါမှ အားနာစွာဖြင့် ပြောလိုက်သည်။ "ငါ မင်းကို မှတ်မိတယ်။ မင်းက ရှောင်လဲ့ထျန်း မဟုတ်လား။ ပါရမီရှင်ပဲ။ ထိုင်ပါ ထိုင်ပါ... အနေမခက်ပါနဲ့။ မင်းရဲ့ အခြေအနေတွေကို ငါ ရှောင်ဟူဆီက ကြားပြီးပြီ။"
ပြောရင်းဖြင့် ဖန်ကျန်းရီက ရင်ဘတ်ထဲမှ ရှောင်လဲ့ထျန်း၏ စာတမ်းကို ထုတ်ယူလိုက်၏။
သူက စာတမ်းကို ရှောင်လဲ့ထျန်းရှေ့သို့ လှမ်းပေးရင်း လေးနက်စွာ ပြောလိုက်သည်။ "ဒီစာတမ်းကငါတို့ကျောင်းရဲ့ ပထမဆုံး စာတမ်းပဲ။ တာ့ကျင်းရဲ့ သတင်းစာမှာ ဖော်ပြမယ့် ပထမဆုံး စာတမ်းလည်း ဖြစ်လို့ အဓိပ္ပာယ် အရမ်းလေးနက်တယ်။ အနာဂတ်မှာ သမိုင်းမှတ်တမ်းတင်ခံရမယ်လို့ ပြောရင်တောင် လွန်မယ် မထင်ဘူး။ ငါ မင်းအတွက် ပြင်ဆင်ပေးထားတယ်၊ ဖတ်ကြည့်လိုက်ပါအုံး။"
ရှောင်လဲ့ထျန်းက စိုးရိမ်တကြီးဖြင့် စာတမ်းကို လှမ်းယူကာ ဖြန့်ပြီး သေချာ ဖတ်ရှုလိုက်၏။
အချိန်အတော်ကြာပြီးနောက် သူက ခေါင်းမော့ကာ ကြောက်ရွံ့စွာဖြင့် မေးလိုက်သည်။ "ကျောင်းအုပ်ကြီးဖန်... ခင်ဗျား... ဘယ်နေရာကို ပြင်လိုက်တာလဲ။ ကျုပ် မျက်စိညံ့လို့လား မသိဘူး၊ မမြင်မိဘူး။"
ဖန်ကျန်းရီက နှုတ်ခမ်းကို သပ်လိုက်ပြီး လက်ညိုးဖြင့် စာတမ်း၏ အောက်ခြေဆုံးကို ညွှန်ပြကာ ပြောလိုက်၏။ "ဒီမှာ။"
ရှောင်လဲ့ထျန်းက ငုံ့ကြည့်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ "ကိုးကားချက်လား။"
"[က-၁] ဖန်ကျန်းရီ၊ 'ဖန်ကျန်းရီ၏ အရည်နှင့်အငွေ့ စီးဆင်းမှုဆိုင်ရာ ရူပဗေဒ'၊ ထုတ်ဝေသည့်နေရာ - ပန်းရှန်းစာအုပ်တိုက်၊ ခုနှစ်...။"
ဖတ်ရင်းဖတ်ရင်းဖြင့် ရှောင်လဲ့ထျန်း၏ မျက်နှာက နီရဲလာ၏။
အရမ်း နက်နဲလွန်းတယ်။ သူ ဒါကို ဘာအဓိပ္ပာယ်လဲဆိုတာ နည်းနည်းလေးတောင် နားမလည်ဘူး။
"ကျောင်းအုပ်ကြီးဖန်... ကျုပ် နားမလည်ဘူး။ အရည်နဲ့အငွေ့ စီးဆင်းမှုဆိုင်ရာ ရူပဗေဒဆိုတာ ဘာလဲ။"
ဖန်ကျန်းရီက နှုတ်ခမ်းကို အပြင်းအထန် ကိုက်လိုက်သည်။ ငါ ဘယ်လိုလုပ် သိမှာလဲ၊ နာမည်လေး ကပ်ချင်ရုံ သတ်သတ်ပဲ။ မင်းရေးထားတဲ့ဟာတွေကိုတောင် ငါ နားလည်အောင် မနည်း ဖတ်လိုက်ရတာ။
"အဟမ်း... အဟမ်း..."
ဖန်ကျန်းရီက မျက်နှာကို တင်းထားလိုက်ပြီး ပြောလိုက်သည်။ "ရှောင်လဲ့ထျန်း... တကယ်တော့ ဒီမှာ အရေးကြီးတဲ့ အကြောင်းအရာ ဘာမှမပါပါဘူး။ စာတမ်းဆိုတာက စည်းကမ်းချက်တွေ ရှိတယ်လေ။ သိပ္ပံသုတေသန နဲ့ ဖန်တီးမှုတွေမှာ သီအိုရီတစ်ခုကို ရေးချင်ရင် အထောက်အထား ရှိရတယ်။ ဒါကြောင့် ရှေ့လူတွေရဲ့ အခြေခံပေါ်မှာ ဆက်လက် သုတေသန လုပ်ရတာပေါ့။
အဲဒါကြောင့် တခြားသူတွေရဲ့ သီအိုရီကို ကိုးကားပြီး မှီငြမ်းတာပဲဖြစ်ဖြစ်၊ ငြင်းဆိုတာပဲဖြစ်ဖြစ် လုပ်ရတယ်။ ငါတို့ကျောင်းရဲ့ စည်းကမ်းချက်တွေက မပြည့်စုံသေးဘူး၊ နောက်ဆိုရင်တော့ ဒီစည်းကမ်းက ရှိလာမှာပါ။ မင်းရဲ့ ဒီစာတမ်းက အတွေ့အကြုံနုနယ်သေးပေမဲ့ လက်တွေ့အသုံးကျမှု အရမ်းများတယ်။ လောလောဆယ်တော့ မင်းကို အောင်မြင်တယ်လို့ သတ်မှတ်ပေးလိုက်မယ်။ ပြီးတော့ မင်း ရေးထားတဲ့ အကြောင်းအရာတွေက ငါ လေ့လာနေတဲ့ အရည်နဲ့အငွေ့ စီးဆင်းမှုဆိုင်ရာ ရူပဗေဒနဲ့ တစ်ထပ်တည်း ကျနေတော့ ငါက မင်းအတွက် ထည့်ပေးလိုက်တာပဲ။"
ရှောင်လဲ့ထျန်း၏ မျက်လုံးများထဲတွင် ချက်ချင်း အရောင်များ တောက်ပလာတော့သည်။
တစ်ထပ်တည်းကျနေတယ်... ငါက ကျောင်းအုပ်ကြီးလို ပါရမီရှင်နဲ့ တစ်ထပ်တည်း ကျနေတာပဲ၊ ပြီးတော့ သူက သူ့နာမည်ကို ငါ့နာမည်နဲ့ တွဲရေးပေးထားသေးတယ်။
"ကျောင်းအုပ်ကြီး... အရည်နဲ့အငွေ့ စီးဆင်းမှုဆိုင်ရာ ရူပဗေဒဆိုတာ ဘာလဲဆိုတာကို ကျုပ်ကို သင်ပြပေးပါလား။ ကျုပ်ရေးထားတာက လေ့လာစောင့်ကြည့်မှုပဲ ရှိပြီး သီအိုရီ မပါဘူးဆိုတာ ကျုပ်သိပါတယ်။ ကျုပ် ခေါင်းထဲမှာ မေးခွန်းတွေ အများကြီး ရှိနေသေးတယ်...။"
ဖန်ကျန်းရီက အသက်ရှူပင် ကြပ်သွားမတတ် ဖြစ်သွားပြီး မျက်နှာထား ပြောင်းလဲသွားသည်။ ပြီးနောက် လေးနက်စွာ ပြောလိုက်သည်။ "မမေးနဲ့၊ အများကြီး လောဘတကြီး စားရင် အစာမကြေဖြစ်တတ်တယ်။ ထမင်းစားရင် တစ်လုတ်ချင်း စားရသလို လမ်းလျှောက်ရင်လည်း တစ်လှမ်းချင်း လျှောက်ရတယ်။ မင်းရဲ့ အခြေခံက အများကြီး လိုနေသေးတယ်။ တကယ်လို့ ငါ မင်းကို ပြောပြလိုက်ရင် မင်း စိတ်ထဲမှာ အတွေးများသွားပြီး ပညာရေးမှာ တိုးတက်လာမှာ မဟုတ်ဘူး။"
ဆူပူခံလိုက်ရသောကြောင့် ရှောင်လဲ့ထျန်း၏ မျက်နှာက ချက်ချင်း ညှိုးငယ်သွား၏။
ထိုအခြေအနေကို မြင်သောအခါ ဖန်ကျန်းရီက အလျင်အမြန် နှစ်သိမ့်လိုက်သည်။ "ဒါပေမဲ့ မင်း လုပ်ထားတာ အရမ်းကောင်းပါတယ်။ တစ်ခါတလေ လက်တွေ့အသုံးကျမှုက သီအိုရီထက် ရှေ့ရောက်နေတာလည်း ပုံမှန်ပါပဲ။ အကြောင်းရင်းကို သုတေသန မလုပ်နိုင်ခင်မှာ လက်တွေ့အသုံးချနိုင်တာကလည်း ကောင်းတာပါပဲ။ ဒါက မျောက်တွေ လီဗာသဘောတရားကို မသိပေမဲ့ သစ်ကိုင်းကို သုံးပြီး ပစ္စည်းတွေကို ကလော်ထုတ်နိုင်တာနဲ့ အတူတူပဲ။ လီဗာသဘောတရားကို မင်း သိတယ်မလား။"
"ကျုပ် သိပါတယ်။" ရှောင်လဲ့ထျန်းက ပြန်ဖြေလိုက်၏။
လွန်ခဲ့သော နှစ်ရက်ခန့်က ကျောင်းတွင် လီဗာအကြောင်းကို တစ်နေကုန် လေ့လာခဲ့ရသည်။
"ဒါဆိုလည်း ကောင်းတာပေါ့၊ ငါ့မှာ မင်းလို ကျောင်းသားမျိုး ရှိတာ အရမ်း ဝမ်းသာဂုဏ်ယူမိပါတယ်။" ဖန်ကျန်းရီက အသေအလဲ အားပေးစကား ပြောလိုက်၏။
ဘာပဲဖြစ်ဖြစ် နာမည် အလကားရချင်လို့ သူများရဲ့ အောင်မြင်မှု တစ်စိတ်တစ်ပိုင်းကို ခိုးယူထားတာဆိုတော့... ပေးသင့်တဲ့ လျော်ကြေးကိုတော့ ပေးရမှာပေါ့။
ကျောင်းအုပ်ကြီးဖန် ကိုယ်တိုင် ချီးကျူးသည်ကို ကြားသောအခါ ရှောင်လဲ့ထျန်း၏ စိတ်အခြေအနေက ချက်ချင်း ပြန်လည်ကောင်းမွန်လာတော့သည်။
ဖန်ကျန်းရီက ဆက်ပြောလိုက်၏။ "မင်းရဲ့ မိသားစု အခြေအနေကို မိုရှောင်ဟူက ပြောပြပါတယ်။ အရှေ့ဘက် ဆင်ခြေဖုံးတက္ကသိုလ်ကို လာခဲ့တာနဲ့ ပတ်သက်ပြီး မင်းနဲ့ မင်းအဖေကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့ ကြားတယ်။"
ရှောင်လဲ့ထျန်းက ခေါင်းငုံ့ကာ တိုးညှင်းသောအသံဖြင့် ပြန်ဖြေလိုက်သည်။ "ဟုတ်ပါတယ်။ ကျုပ် အဖေက ကျုပ်ကို စာမေးပွဲ ဝင်ဖြေသင့်တယ်လို့ ထင်နေတာပါ။"
ဖန်ကျန်းရီက ရှေ့တိုးကာ သူ၏ ပခုံးကို အားကုန်ပုတ်ရင်း ပြောလိုက်၏။ "အရာရှိလုပ်တာက ဘာအရေးကြီးလို့လဲ၊ အချင်းချင်း အကောက်ကြံရတာနဲ့တင် ဘာကောင်းကျိုးမှ မရှိဘူး။ မင်း မိုရှောင်ဟူကို မေးကြည့်လေ၊ အရာရှိ လုပ်ချင်လားလို့။ မနက်ဖြန်ကစပြီး မင်းက ငါတို့ကျောင်းရဲ့ ပထမဆုံး ဒီပလိုမာရတဲ့ ကျောင်းသား ဖြစ်သွားပြီ။ နောင်တစ်ချိန် ကျောင်းကနေ ထွက်သွားရင် လူတိုင်းက မင်းကို ပညာရှင်လို့ ခေါ်ကြလိမ့်မယ်။ မင်းရဲ့ အဖေကိုယ်တိုင်တောင် မင်းကို အထင်ကြီးလေးစားလာလိမ့်မယ်။"
ပြောရင်းဖြင့် ဖန်ကျန်းရီက ရင်ဘတ်ထဲမှ ငွေတုံး တစ်ရာတန် ငွေလွှဲလက်မှတ်တစ်စောင်ကို ထုတ်ကာ ကမ်းပေးလိုက်သည်။