← Chapters

အခန်း (၆၉၀-၆၉၁)

Vol. 37 Ch. 690-691

အခန်း (၆၉၀-၆၉၁)

Vol. 37 Ch. 690-691

အပိုင်း (၆၉၀) အောင်မြင်မှုလမ်းစ။

"ဒီငွေတုံး တစ်ရာက မင်းကို ငါကိုယ်ပိုင် ဆုချတာ၊ ယူသွားပြီး စိတ်ကြိုက်သုံးလိုက်။ နောက်ပြီး မနက်ဖြန် ဂုဏ်ပြုပွဲမှာလည်း ပထမအဆင့် ပညာသင်ဆုအဖြစ် ငွေတုံး တစ်ရာ ထပ်ပေးအုံးမယ်။"

ရှောင်လဲ့ထျန်းက အလျင်အမြန် ပြန်တွန်းပေးလိုက်သည်။

ဖန်ကျန်းရီက အတင်းအကျပ် ရင်ခွင်ထဲ ထည့်ပေးလိုက်ပြီး လေးနက်စွာ ပြောလိုက်၏။ "ယူထားလိုက်။ ဒါက မင်း ရသင့်ရထိုက်တာပဲ။ အကျိုးပြုတဲ့သူကို ဆုမချဘူးဆိုရင် သာမန်ဖြစ်တည်မှုကို အားပေးအားမြှောက် လုပ်သလို ဖြစ်သွားလိမ့်မယ်။ မင်းလုပ်ရပ်က ကျောင်းရဲ့ စည်းကမ်းကို ဖျက်ဆီးနေတာပဲ။"

ရှောင်လဲ့ထျန်းက လက်ကို ဖြည်းဖြည်းချင်း လွှတ်လိုက်ပြီး မျက်ရည်များ ဝဲတက်လာသည်။

ကျောင်းအုပ်ကြီးဖန်က အရည်အချင်းရှိရုံသာမက ဒီလောက်တောင် နားလည်စာနာပေးတတ်တာပဲ။ နှုတ်က ထုတ်မပြောပေမဲ့ သူ့မိသားစုအခြေအနေ မကောင်းတာကို သိလို့ အခုလို လုပ်ပေးတာ ဖြစ်ရမယ်...။

သူ လက်ခံလိုက်သည်ကို မြင်သောအခါ ဖန်ကျန်းရီက ပြောလိုက်သည်။ "အသက်မွေးဝမ်းကျောင်းတိုင်းမှာ ထိပ်တန်းပုဂ္ဂိုလ်တွေ ထွက်ပေါ်လာစမြဲပဲ။ ဒီလမ်းကြောင်းက အနာဂတ်မှာ အလားအလာ အများကြီးရှိတယ်။ မင်း စိတ်အေးအေးထားပြီး ပညာကိုသာ ကြိုးစားသင်ယူပါ။ မင်းရဲ့ ပါရမီနဲ့ဆိုရင် အနှေးနဲ့အမြန် မင်း နေချင်တဲ့ ဘဝမျိုးကို ရောက်လာမှာ သေချာတယ်။"

"ဟုတ်ကဲ့။"

……

နောက်တစ်နေ့ နံနက်စောစောတွင် အရှေ့ဘက်ဆင်ခြေဖုံးတက္ကသိုလ်၌ ထူးခြားသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာ၏။

ကျောင်းဝင်းနေရာအနှံ့တွင် ပန်းနီကြီးများ ချိတ်ဆွဲထားပြီး တီးဝိုင်းများကိုလည်း ဖိတ်ခေါ်ကာ တီးမှုတ်စေသည်။ နံနက်ပိုင်း အတန်းမရှိသော ကျောင်းသားအများအပြားမှာ အိပ်မှုန်စုံမွှားဖြင့် ဆွဲထူခံလိုက်ရသည်။ မေးကြည့်လိုက်မှ ဒီပလိုမာအဆင့် တက်သွားသူ ရှိကြောင်း သိလိုက်ရသည်။

အိပ်ဆောင်မှ ပြေးထွက်လာရာ အပြင်ဘက်တွင် သတင်းများကို နေရာအနှံ့ ကပ်ထားသည်ကို တွေ့ရသည်။ အချို့အိပ်ဆောင်များ၏ အောက်ထပ်တွင် ကြေညာစာကပ်ရန် သီးသန့်နေရာများပင် ရှိသေးသည်။ ထိုအပေါ်တွင် ရှောင်လဲ့ထျန်း၏ စာတမ်းကို အထင်အရှား ချိတ်ဆွဲထားပြီး ခေါင်းစဉ်မှာ 'လေစီးကြောင်း' ဟု ပေးထား၏။

ကျောင်းသားအများအပြားက အာရုံစိုက်ကာ ဖတ်ရှုနေကြသော်လည်း အချိန်အကြာကြီး မဖတ်ရသေးမီမှာပင် ဂုဏ်ပြုပွဲ တက်ရောက်ရန် အားကစားကွင်းသို့ မောင်းထုတ်ခံရပြန်သည်။

စင်မြင့်ထက်တွင် ဖန်ကျန်းရီက အောက်ဘက်သို့ ဝမ်းသာအားရ ကြည့်နေ၏။

ဒါက ထိရောက်တဲ့ ဝါဒဖြန့်မှု တစ်ခုပဲ။ ဒီအခွင့်အရေးကို အသုံးချပြီး အရှေ့ဘက်ဆင်ခြေဖုံးတက္ကသိုလ်ရဲ့ နာမည်ကို ခိုင်မာအောင် တည်ဆောက်ထားမှ နောက်ပိုင်းကိစ္စတွေ လုပ်ရတာ လွယ်ကူလိမ့်မယ်။ ရှောင်လဲ့ထျန်းလိုမျိုး အခြေခံရှိပေမဲ့ ရိုးရာအယူအဆတွေကြောင့် ကျောင်းမတက်နိုင်တဲ့ ပါရမီရှင်တွေ အများကြီး ရှိသေးတယ်။ သူတို့ကို ငွေသားတွေ၊ ပြည်သူတွေရဲ့ ချီးကျူးသံတွေကို မြင်တွေ့ခွင့်ပေးမှသာ ပိုမိုများပြားတဲ့ ပါရမီရှင်တွေကို ကျောင်းတက်ဖို့ ဆွဲဆောင်နိုင်မှာ။

လူအားလုံး စုံလင်သွားသောအခါ ဤတစ်ကြိမ်တွင်တော့ ဖန်ကျန်းရီက အချိန်ဆွဲမနေတော့ပေ။

အလွန်အမင်း အနေခက်နေသော ရှောင်လဲ့ထျန်းကို ဆွဲခေါ်လာပြီး အရှေ့ဘက်ဆင်ခြေဖုံးတက္ကသိုလ်၏ ပထမဆုံး ဒီပလိုမာအဆင့် ကျောင်းသား ပေါ်ထွက်လာပြီဖြစ်ကြောင်း အသံကျယ်ကြီးဖြင့် ကြေညာလိုက်သည်။ ထို့နောက် ငွေတုံး တစ်ရာဟု ရေးသားထားသော လူတစ်ဝက်ခန့်ရှိသည့် ဆိုင်းဘုတ်ကြီးတစ်ခုကို ရှောင်လဲ့ထျန်း၏ လက်ထဲသို့ ချက်ချင်း ထည့်ပေးလိုက်သည်။

ရှောင်လဲ့ထျန်းက ဆိုင်းဘုတ်ကြီးကို ကိုင်ကာ အောက်ဘက်သို့ ကြည့်ရင်း ကြောင်တောင်တောင် ပြုံးနေမိ၏။

သို့သော်ငြား ရင်ထဲတွင်တော့ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေသည်။ တကယ့် ငွေတုံးတွေ ပေးမယ် ထင်နေတာ၊ ဘယ်လိုလုပ်ပြီး ဆိုင်းဘုတ်ကြီးတစ်ခုကို ပွေ့ထားရတာလဲ...။

အောက်ဘက်တွင်တော့ အံ့သြဟစ်ကြွေးသံများ ဆက်တိုက်ထွက်ပေါ်နေပြီး မရေမတွက်နိုင်သော ကျောင်းသားများက စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြကာ မနာလိုဖြစ်နေသူများလည်း အများအပြား ရှိနေသည်။

ဆုရရှိသူမှာ မိမိမဟုတ်သော်လည်း ကျောင်းမဝင်မီက ဝါဒဖြန့် ကတိပေးထားချက်များက တကယ်ဖြစ်ကြောင်း၊ မလိမ်လည်ထားကြောင်း ထင်ရှားနေပြီဖြစ်၏။

ဖန်ကျန်းရီက ပြုံးကာ ဘာမှမပြောဘဲ အောက်ဘက်မှ ဆူညံနေသော အခြေအနေ ငြိမ်ကျသွားမည့်အချိန်ကို စောင့်နေသည်။ အချိန်အတော်ကြာ စောင့်ပြီးနောက် အော်ဟစ်သံများ တိတ်ဆိတ်သွားရာ ဖန်ကျန်းရီက စတင်ပြောကြားလိုက်သည်။ "ဒါဆိုရင် အခု ကျုပ်တို့ရဲ့ ပထမဆုံး ဒီပလိုမာအဆင့် ကျောင်းသားကို ကျေးဇူးတင်စကား ပြောကြားဖို့ ဖိတ်ခေါ်ပါတယ်။"

ရှောင်လဲ့ထျန်းက အားတင်းပြုံးပြလိုက်ပြီး ရှေ့သို့ လျှောက်သွားကာ ဖန်ကျန်းရီ ကြိုတင်ပြင်ဆင်ပေးထားသော ကျေးဇူးတင်စကားကို ထုတ်ယူလိုက်၏။

သူက လည်ချောင်းကို ရှင်းလိုက်ပြီး ပြောလိုက်သည်။ "လေးစားရပါသော ဆရာ၊ ဆရာမများနဲ့ ကျောင်းသား၊ ကျောင်းသူများအားလုံး မင်္ဂလာနံနက်ခင်းပါ။ ဒီလို စိတ်အားထက်သန်စရာကောင်းတဲ့ နေ့ရက်လေးမှာ... အရှေ့ဘက်ဆင်ခြေဖုံးတက္ကသိုလ်ရဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ ဆရာ၊ ဆရာမများအားလုံး လုပ်ငန်းခွင် အဆင်ပြေချောမွေ့ပြီး ကျန်းမာရွှင်လန်းကြပါစေ၊ ကျောင်းသား၊ ကျောင်းသူများအားလုံးလည်း ပညာရေးမှာ တိုးတက်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ အရှေ့ဘက်ဆင်ခြေဖုံးတက္ကသိုလ်ရဲ့ မနက်ဖြန်ဟာ သေချာပေါက် ပိုမိုတောက်ပလာမှာဖြစ်ပြီး တပည့်တွေ နိုင်ငံအနှံ့ ပြန့်နှံ့ကာ ပါရမီရှင်တွေ နိုင်ငံအနှံ့ အကျိုးပြုနိုင်မယ်လို့ ကျုပ် ယုံကြည်ပါတယ်။"

နာရီဝက်ခန့် ကြာပြီးနောက် ကျေးဇူးတင်စကား ပြောကြားခြင်း ပြီးဆုံးသွား၏။

ဖန်ကျန်းရီက ရှေ့သို့ လျှောက်လာပြီး ပြောလိုက်သည်။ "အားလုံးပဲ... ဒီနေ့အတွက် ဂုဏ်ပြုပွဲကတော့ ဒီမှာတင် ပြီးဆုံးပါပြီ။ စိတ်ဝင်စားတဲ့သူတွေက ကျောင်းသား ရှောင်လဲ့ထျန်းနဲ့ အများကြီး ဆွေးနွေးတိုင်ပင်လို့ ရပါတယ်။ လူစုခွဲလို့ ရပါပြီ။"

ပြောပြီးသည်နှင့် ဖန်ကျန်းရီက နောက်ဘက်ရှိ မိုရှောင်ဟူကို လှည့်ကြည့်ကာ မှာကြားလိုက်သည်။ "ရှောင်ဟူ... ပန်းချီဆရာ တချို့ကို သွားရှာပြီး ရှောင်လဲ့ထျန်းအတွက် ပုံတူဆွဲခိုင်းလိုက်။ သူ့ရဲ့ ဘဝဖြတ်သန်းမှုတွေကိုလည်း ရေးသားပြီး ကျောင်းထဲမှာ နာမည်ကျော်ပုဂ္ဂိုလ်များနံရံတစ်ခု ဖန်တီးပြီး ကပ်ထားလိုက်။ နောက်ပိုင်း အရေးကြီးတဲ့ အောင်မြင်မှုတွေ ရတဲ့ ကျောင်းသားတိုင်းကို ဒီလိုပဲ လုပ်ပေးရမယ်။"

မိုရှောင်ဟူက ခေါင်းညိတ်ကာ ထွက်သွားခဲ့သည်။

ရှောင်လဲ့ထျန်းလည်း သက်ပြင်းချနိုင်သွားပြီး ဖန်ကျန်းရီကို ထပ်မံ ကျေးဇူးတင်စကား ပြောပြီးနောက် စင်မြင့်ပေါ်မှ ဆင်းလာခဲ့၏။

စင်အောက်ရှိ ကျောင်းသားများက မထွက်သွားကြသေးဘဲ ဒီပလိုမာပါရမီရှင်၏ ကံကောင်းမှုများကို ကူးစက်ခံရရန် စောင့်ဆိုင်းနေကြသည်။ ရှောင်လဲ့ထျန်း လူအုပ်ထဲသို့ ရောက်သွားသောအခါ ရင်းနှီးသော ကျောင်းသားများက ချက်ချင်း ဝိုင်းအုံလာပြီး မေးခွန်းအမျိုးမျိုးကို စတင်မေးမြန်းကြတော့သည်။

မရင်းနှီးသော၊ ပညာရေး သိပ်မကောင်းသော အခြား ဒီဂရီကျောင်းသားများကတော့ အဝေးမှသာ လှမ်းကြည့်နေရပြီး ဒီပလိုမာပါရမီရှင်ထံမှ ထွက်ပေါ်နေသော ပြင်းထန်သည့် အရှိန်အဝါကြောင့် တုန်ရီနေကာ ရှေ့သို့ မတိုးရဲကြပေ။

တစ်ချိန်တည်းမှာပင် မြို့တော်ရှိ ပြည်သူများကြားတွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

ယနေ့ထွက်သော ပန်းရှန်းသတင်းစာ၏ မျက်နှာဖုံးသတင်းမှာ ရှောင်လဲ့ထျန်း၏ ဒီပလိုမာအဆင့် တက်သွားသည့် သတင်းပင်ဖြစ်သည်။ သတင်းထဲတွင် အရင်ဆုံး စာတမ်းကို ဖော်ပြထားပြီး ထို့နောက်တွင် သူ ငယ်စဉ်တည်းက မည်မျှ ကြိုးစားအားထုတ်ခဲ့ကြောင်း၊ ကျောင်းသို့ ဝင်ရောက်ပြီးနောက် ဘဝသစ်တစ်ခု မည်သို့ ရရှိခဲ့ကြောင်းများကို အကျယ်တဝင့် ဖော်ပြထားသည်။

စာတမ်းကို ဖတ်ဖူးသော ပြည်သူအားလုံးမှာ ကြောင်တောင်တောင် ဖြစ်နေကြပြီး ဘာအသုံးကျမှန်း မသိကြသော်လည်း...

တကယ့် ငွေသားတွေ ပေးခြင်းဖြစ်၏။

ထိုအရာနဲ့တင် လုံလောက်နေပြီ၊ မဟုတ်လျှင် ကိုယ့်မိသားစုဝင်တွေကို အဘယ်သို့ အရှေ့ဘက် ဆင်ခြေဖုံးတက္ကသိုလ်သို့ လွှတ်မည်နည်း။ ထို့ကြောင့် ပြည်သူများက အချင်းချင်း သတင်းပေးဝေမျှကြပြီး ဘာအသုံးကျမှန်းမသိသော စာတမ်းအကြောင်းအရာများကိုလည်း ဆွေးနွေးလာကြတော့သည်။

ရှောင်ခန်က ယနေ့ ခါတိုင်းလိုပင် အလုပ်ဆင်းနေသည်။ တိုက်တိုက်ဆိုင်ဆိုင် သူ အလုပ်လုပ်သည့် နေရာအနီးတွင် သတင်းစာဖတ်ပြသူများ ရှိနေပြီး တစ်နာရီခန့် အလုပ်များပြီးနောက် အနားယူချိန် ရလိုက်၏။

ထိုအချိန်လေးကို အသုံးချကာ ယနေ့သတင်းများကို သွားရောက်နားထောင်လိုက်သည်။ သေချာ နားထောင်ကြည့်သောအခါ သူ၏သားဖြစ်သူ နာမည်ကို ကြားလိုက်ရသည်။ ရှောင်ခန်က ချက်ချင်း ဆုံးဖြတ်ချက်ချကာ တစ်ရက် ခွင့်ယူလိုက်ပြီး ခါတိုင်း မဝယ်ရက်သော သတင်းစာတစ်စောင်ကိုပါ ဝယ်လာခဲ့သည်။ အိမ်ပြန်ရောက်သောအခါ သေချာစွာ ဖတ်ရှုလေ့လာနေသည်။

စာတစ်စောင်လုံး ဖတ်ပြီးသွားသောအခါ ရှောင်ခန်မှာ တိတ်ဆိတ်သွားတော့၏။

အမှန်စင်စစ် အချိန်ကာလတစ်ခု ကြာမြင့်လာသောအခါ သူ၏စိတ်ထဲ၌ ဤအခြေအနေကို လက်ခံနိုင်နေပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သားဟူ၍ သူတစ်ဦးတည်းသာ ရှိသည် မဟုတ်ပါလား။ သူက အခြားလမ်းကို ရွေးချယ်ရန် ပြတ်သားစွာ ဆုံးဖြတ်ထားပြီးမှတော့ အကြိမ်ကြိမ် အဖန်ဖန် ကျရှုံးခဲ့ဖူးသော လမ်းဟောင်းကြီးပေါ်သို့ မည်သို့ ပြန်၍ လျှောက်စေနိုင်တော့မည်နည်း။

သတင်းစာထဲတွင် သားဖြစ်သူက မည်မျှ ကြိုးစားကြောင်း၊ ပညာကို မည်မျှ အလေးထားကြောင်း ရေးသားထားသည်ကို ကြည့်ပြီး ရှောင်ခန်က လက်သီးဆုပ်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။

အကယ်၍သာ သူသည် ဤမျှလောက်သော ကြိုးစားအားထုတ်မှုကို စာပေသင်အံလေ့လာရာ၌ အသုံးပြုခဲ့ပါမူ စောစောစီးစီးကပင် အရာရှိတစ်ဦး ဖြစ်နေလောက်ပေပြီ။ ရှောင်ခန်၏ မျက်ဝန်းအိမ်၌မူ အထီးကျန်ဆန်မှု အရိပ်အယောင်တို့က လျှပ်တစ်ပြက် ဖြတ်ပြေးသွား၏။

ထိုအချိန်မှာပင် တံခါးကို ရုတ်တရက် ခေါက်လာသည်။

ထ၍ တံခါးဖွင့်လိုက်ရာ အပြင်ဘက်တွင် မိတ်ကပ်များ အထူကြီး လိမ်းထားသော မိန်းမကြီးတစ်ယောက်က သူ့ကို ဖော်လံဖားသည့် အပြုံးဖြင့် ရပ်နေသည်။

"လောင်ရှောင် .. ရှင့်သား အိမ်မှာ ရှိလား။"

ဤမိန်းမကြီးက အနီးအနား လမ်းများတွင် နာမည်ကြီးသော အောင်သွယ်တော်တစ်ဦးဖြစ်သည်။ ယနေ့ အဘယ့်ကြောင့် အိမ်ပေါက်ဝသို့ ရောက်လာရသနည်း။

ရှောင်ခန်က သံသယဖြင့် မေးလိုက်သည်။ "ကိစ္စရှိလို့လား။ သူ့ကို ဘာလုပ်မလို့လဲ။"

မိန်းမကြီးက ပါးစပ်ကို ကွယ်ကာ ရှက်ရွံ့ဟန်ဖြင့် ရယ်မောလိုက်ပြီး ရှောင်ခန်ကို လက်ဖြင့် ဖွဖွလေး ရိုက်လိုက်၏။ "ဟယ်... လောင်ရှောင်ရာ၊ ရှင်တော့ ကံကောင်းပြီပဲ။ ရှင့်သား ဒီပလိုမာအဆင့် တက်သွားတာကို အနီးအနားက အိမ်နီးချင်းတွေ အကုန် သိနေကြပြီလေ။ ဟိုဘက်လမ်းက လောင်ကျန်းရဲ့ သမီးလေးက ရှင့်သားကို သဘောကျနေလို့ ကျွန်မကို အောင်သွယ်ပေးဖို့ အကူအညီတောင်းထားတယ်။ ရှင့်သားလည်း အသက်မငယ်တော့ဘူးဆိုတော့... ကျွန်မ သွားပြီး စကားစပ်ကြည့်ပေးရမလား။"

ရှောင်ခန်က လှောင်ပြုံးပြုံးလိုက်သည်။ "ဒီနေ့မှ ဘယ်လိုဖြစ်ပြီး ကျုပ်သားကို သဘောကျသွားရတာလဲ။"

"ကြည့်စမ်း ရှင် စကားပြောတာကလည်း … မိန်းကလေးတွေက ရှက်တတ်ကြတယ်လေ... ဒီနေ့မှ ကျွန်မကို လာအကူအညီတောင်းလို့ ချက်ချင်း လာခဲ့တာပေါ့။"

"ကျုပ်သားမှာ ငွေရှိသွားတာကို မြင်လို့ မဟုတ်လား။" ရှောင်ခန်က အေးစက်စက် ပြောလိုက်၏။

မိန်းမကြီးက ရယ်ကျဲကျဲဖြင့် ပြန်ဖြေလိုက်သည်။ "ရှိ... ရှိတာပေါ့။ ပြောရမယ်ဆိုရင်တော့ လောင်ရှောင်ရာ... ရှင်တို့ အိမ်ရဲ့ အခြေအနေက တော်တော်လေး ဆိုးတယ်လေ၊ မဟုတ်ရင် ရှင့်သားလည်း အစောကြီးကတည်းက မိန်းမရနေလောက်ပြီ။ အခု ဒီလို အခွင့်အရေးကောင်းလေး ရှိနေတုန်း မြန်မြန် ဆုပ်ကိုင်ထားသင့်တယ် မဟုတ်ဘူးလား။"

ရှောင်ခန်က နှာခေါင်းရှုံ့လိုက်၏။ "စေတနာကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မျိုးရိုးမြင့် မိသားစုက မဟုတ်ရင် ကျုပ်သား ယူမှာ မဟုတ်ဘူး။ ပြန်တော့။"

ပြောပြီးသည်နှင့် တံခါးကို ပိတ်ရန် ပြင်လိုက်စဉ် မိန်းမကြီးက တံခါးကို ခြေထောက်ဖြင့် အလျင်အမြန် ကာထားလိုက်သည်။

"ကျွတ်။ ဘာလို့ ဒီလောက် မာနကြီးနေရတာလဲ။ ရှင့်သားက ပညာသင်ဆု ငွေတစ်ရာပဲ ရထားတာလေ၊ ကျန်းအိမ်က ကောင်မလေးက အသက်ဆယ့်ခြောက်နှစ်၊ အသားဖြူဖြူ ဝဝကစ်ကစ်လေး။ လောင်ရှောင်... ရှင် အရမ်း အခွင့်အရေး မယူနဲ့နော်၊ ကျွန်မကလည်း စေတနာနဲ့ လာပြောတာပါ။" မိန်းမကြီးက အနည်းငယ် စိတ်မရှည်တော့ပေ။

အိမ်နီးချင်းတွေ အကုန်လုံး သိကြတယ်။ ရှင်တို့ ရှောင်မိသားစုက ခွေးတောင် မနေချင်လောက်အောင် ဆင်းရဲတာ၊ အပြင်မှာ အလုပ်လုပ်နေရတာတောင် ပညာတတ်ဟန် ဆောင်နေသေးတယ်။ သားဖြစ်သူက မိန်းမတောင် မရနိုင်သေးတာကို အခုများတော့ ဟိုရွေးဒီရွေး လုပ်နေသေးတယ်။

ရှောင်ခန်က ထိုစကားကို ကြားသောအခါ မျက်နှာ ချက်ချင်း ပြောင်းလဲသွားပြီး ပြတ်သားစွာ ပြောလိုက်၏။ "ငွေတစ်ရာက ဘာအရေးကြီးလို့လဲ။ ကျုပ်သားက ဒီပလိုမာအဆင့် ကျောင်းသားကွ။ နောက်တစ်ခါ မျိုးရိုးမြင့် မိသားစုက မဟုတ်ရင် လာမပြောနဲ့။"

ပြောပြီးသည်နှင့် ဘုန်းခနဲ အသံကြီးနှင့်အတူ တံခါးကို ဆွဲပိတ်လိုက်တော့သည်။

အပိုင်း (၆၉၁) - ရီရွှန်းစစ်ပွဲ။

တစ်နေ့တာ အချိန်ကုန်ဆုံးသွားသောအခါ ရှောင်လဲ့ထျန်းမှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။

မရေမတွက်နိုင်သော လူများက သူ၏ စာတမ်းပါ အသေးစိတ်အချက်အလက်များနှင့် ပတ်သက်၍ စိတ်အားထက်သန်စွာ လာရောက်မေးမြန်းကြသည်။ ဤမျှ ကြိုဆိုမှုကို တစ်ခါမှ မရဖူးသဖြင့် သူလည်း အကြီးမားဆုံးသော စိတ်အားထက်သန်မှုဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။ တစ်ယောက်ချင်းစီကို ဖြေကြားရသည်မှာ အလွန်ပင်ပန်းလှ၏။

သို့ပေမည့် ဤအရာများက ဘာမှမဟုတ်သေးပေ၊ သူ့အတွက် အနေရခက်ဆုံးမှာ ဤအရာက ဘာအသုံးကျသလဲဟု တစ်စုံတစ်ယောက်က မေးလာသောအခါဖြစ်သည်။ သူက ဘာမှပြန်မပြောနိုင်ဘဲ ဆွံ့အသွားခဲ့သည်။

မီးပုံးပျံကိစ္စကို လျှို့ဝှက်ထားရန် အထက်မှ အကြိမ်ကြိမ် အမိန့်ပေးထားသည်။ သို့ပေမည့် သူ၏ ဤစာတမ်းက မီးပုံးပျံကို ထိန်းချုပ်နိုင်ရန် ရေးသားထားခြင်းဖြစ်ပြီး တခြားသူများက သူ၏ စာတမ်းအကြောင်းအရာကိုသာ သိကြပြီး မီးပုံးပျံ ရှိနေကြောင်းကိုတော့ မသိကြပေ။ ထို့ကြောင့် သူက မည်မျှပင် ရှင်းပြချင်သော်လည်း ရေးသားထားသောအရာက ဘာအတွက် အသုံးကျသလဲ၊ ပြီးတော့ ဘာကြောင့် ဒီပလိုမာအဆင့် တက်နိုင်သလဲဆိုတာကို ရှင်းပြနိုင်စွမ်း မရှိခဲ့ပေ။

သို့ပေမည့် ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးတွင် မိုရှောင်ဟူက သူ့ကို ဝင်ရောက်ကူညီဖြေရှင်းပေးခဲ့ပြီး သေချာ မှာကြားခဲ့သည်။ သိပ်မကြာခင်မှာ မီးပုံးပျံကိစ္စက လူသိရှင်ကြား ဖြစ်လာမှာဖြစ်ပြီး ထိုအချိန်ရောက်လျှင် သံသယတွေ အကုန် ရှင်းလင်းသွားလိမ့်မည်ဟု ပြောခဲ့သည်။

ထို့အတွက် ရှောင်လဲ့ထျန်းမှာလည်း ခါးသီးစွာ ပြုံးနေရုံသာ တတ်နိုင်တော့၏။

……

"ကျန်းရီ... ဖန်ကျန်းရီ၏ အရည်နှင့်အငွေ့ စီးဆင်းမှုဆိုင်ရာ ရူပဗေဒဆိုတာ ဘာလဲ။ မင်း စာအုပ် ထုတ်လိုက်တာလား၊ ကိုယ်တော် ဘယ်လိုလုပ် မသိရတာလဲ။" ကျင်းဘုရင်မင်းမြတ်က သတင်းစာကို ကိုင်ကာ ဖန်ကျန်းရီကို စပ်စုချင်စိတ်ဖြင့် ကြည့်နေသည်။

ဖန်ကျန်းရီ၏ မျက်နှာကြွက်သားများ အကြိမ်အနည်းငယ် တုန်ယင်သွားသည်။ ဦးနှောက်က အသည်းအသန် အလုပ်လုပ်ကာ ရင်ထဲတွင်လည်း အရူးအမူး အော်ဟစ်နေမိ၏။

သောက်ကျိုးနည်း... ပေါ့ဆသွားတယ်။ ကိုယ်က နာမည်လေး အလကားလိုချင်လို့ လုပ်လိုက်တာ၊ အခုတော့ ရုံးတော်တစ်ခုလုံးက ကိုယ်ရေးထားတဲ့ စာအုပ်က ဘယ်မှာလဲဆိုပြီး လိုက်မေးနေကြတယ်။ ဖတ်ချင်လို့တဲ့။ တခြားသူတွေကိုတော့ လှည့်စားလို့ရသွားတယ်။ ဒါပေမဲ့ ယောက္ခထီးကြီးကိုတော့ ဘယ်လိုပြောရမှန်း မသိတော့ဘူး။ တကယ်လို့ ဆက်ပြီး အသေးစိတ် မေးလာရင်ရော။

တကယ်ကြီး အရည်နဲ့အငွေ့ စီးဆင်းမှုဆိုင်ရာ ရူပဗေဒကို သွားလေ့လာရမှာလား။

ခဏတာ စဉ်းစားပြီးနောက် ဖန်ကျန်းရီက မျက်နှာပြောင်တိုက်ကာ လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... အဲဒါက... ဒီလို စာအုပ်မျိုး မရှိပါဘူး။ ကျွန်တော်မျိုး လျှောက်ပြောလိုက်တာပါ။ အဟမ်း အဟမ်း... နောက်ဆိုရင် အရှေ့ဘက်ဆင်ခြေဖုံးတက္ကသိုလ်က ထုတ်ဝေတဲ့ စာတမ်းတွေမှာ ရှေ့လူတွေရဲ့ စာတမ်းတွေကို ကိုးကားဖို့ လိုအပ်တယ်လေ။ အဲဒါနဲ့ ကျွန်တော်မျိုးက သူတို့ကို နမူနာလေး ပြလိုက်တာကို သူတို့က တကယ်ကြီး ရိုက်နှိပ်လိုက်မယ်မှန်း မသိဘူး။ ဟား... ဟား... ဒီကိစ္စက တော်တော် ဖြစ်ရတယ်နော်၊ အရှင်မင်းကြီး ကြည့်ပါ ,, သူတို့ကို ကျွန်တော်မျိုး ဆူပူလိုက်ပါ့မယ်။"

ကျင်းဘုရင်မင်းမြတ်က အပြောအဆိုခက်သော မျက်လုံးဖြင့် သူ့ကို တစ်ချက် ကြည့်လိုက်သည်။ "ကောင်းပြီလေ၊ ဒါပေမဲ့ ဒီစာတမ်းထဲမှာ ရေးထားတဲ့ အကြောင်းအရာတွေက ဘာအသုံးကျလို့လဲ။ ကိုယ်တော်ကတော့ နားလည်ပါတယ်၊ ဒါပေမဲ့ မြို့တော်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလောက်တဲ့အထိတော့ မတန်ဘူး ထင်တယ်။"

"အရှင်မင်းကြီး မိန့်တာ မှန်ပါတယ်။ ဒါပေမဲ့ ဒါကလည်း တွေ့ရှိချက်အသစ်တစ်ခုပဲလေ။ အခု ကျုပ်တို့က တခြားကျောင်းသားတွေကို စံပြအနေနဲ့ ပြသချင်လို့ပါ၊ သူတို့ကို ရှာဖွေဖို့၊ ဖန်တီးဖို့ အားပေးချင်ရုံ သတ်သတ်ပါ။ အသုံးဝင်မှုကတော့ နောက်ပိုင်းမှ ဆက်ပြီး ရှာဖွေရမှာပေါ့။" ဖန်ကျန်းရီက တိကျသောအဖြေ မပေးဘဲ ရှောင်ထွက်သွားသည်။

ယခုအချိန်တွင် သူ့ကို ရှင်းပြခိုင်းလျှင်လည်း သူ ရှင်းပြနိုင်မည် မဟုတ်ပေ။ အိမ်ရှေ့စံမင်းသားက ရီရွှန်းကို ကူညီဖို့ တိတ်တဆိတ် စစ်တပ်စေလွှတ်လိုက်တာကြောင့် ကျင်းယီဝေ နှစ်ရာလောက် လစ်ဟာသွားပြီ။ သူကိုယ်တိုင်လည်း ဖုံးကွယ်ထားရသေးသည်။ အကယ်၍ မီးပုံးပျံကိစ္စကို ကြိုတင် ထုတ်ပြောလိုက်လျှင် အိမ်ရှေ့စံမင်းသား၏ ထူးဆန်းသော အပြုအမူများနှင့် ပေါင်းစပ်ကာ ကျင်းဘုရင်မင်းမြတ်၏ ထက်မြက်မှုဖြင့် ချက်ချင်း ရိပ်မိသွားလိမ့်မည်။

သိသွားလျှင် ကြီးကြီးမားမား ပြဿနာ မဖြစ်နိုင်သော်လည်း သူနှင့် လီယွမ်ကျောက်တို့ နှစ်ယောက်လုံး ဖင်ပြဲသည်အထိ ရိုက်နှက်ခံရလိမ့်မည်။ ထို့ကြောင့် လောလောဆယ်တော့ အချိန်ဆွဲနိုင်သလောက် ဆွဲထားရမည်... ရီရွှန်းဘက်မှာ အောင်ပွဲလှလှလေး တစ်ခုလောက် ရပါစေဟုသာ ဆုတောင်းရတော့မည်။

……

ရီရွှန်း။

တိုက်ပွဲတစ်ပွဲ ပြီးဆုံးခါနီးဖြစ်ပြီး ရန်သူများ ဆုတ်ခွာသွားရာ စစ်မြေပြင်တွင် အလောင်းဆယ်ဂဏန်းခန့်သာ ကျန်ရစ်ခဲ့သည်။ လျောက်ချွန်းက မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်ကာ မျက်နှာထား တင်းမာနေသည်။

စမ်းသပ်နေတာပဲ... ရန်သူက ထပ်ပြီး စမ်းသပ်နေပြန်ပြီ။ ဒါ တတိယအကြိမ် ရှိပြီ။

ဒီရက်ပိုင်း ဆက်တိုက် တိုက်ပွဲတွေမှာ အဓိက အင်အားစုကို မတွေ့ရဘဲ တောင်ပေါ်ကို မျှားခေါ်ဖို့ ဟန်ပြ တိုက်ခိုက်နေတာချည်းပဲ။

သူက ဆန်းဝေ့မြို့တွင် တပ်စွဲထားသည်မှာ နှစ်နှစ်ခန့် ရှိပြီဖြစ်ရာ ရီရွှန်းဒေသခံများ၏ စစ်ရေးနည်းဗျူဟာများကို အတော်လေး နားလည်ထားပြီးဖြစ်သည်။ ထို့ကြောင့် ကြိုတင် စီစဉ်မှုများ ပြုလုပ်ထားသည်။ တပ်ဖွဲ့နှစ်ဖွဲ့ခွဲပြီး မိန်းမစိုး တစ်ယောက်က တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ လမ်းနှစ်သွယ်မှ ပိတ်ဆို့တိုက်ခိုက်မည်ဆိုပါက အဓိက အင်အားစု ပေါ်လာသည်နှင့် တစ်ပွဲတည်းဖြင့် အောင်ပွဲရနိုင်မည်။

ကံမကောင်းစွာဖြင့် ဒေသခံများက အလွန် ကောက်ကျစ်လွန်းလှသည်။ ကြည့်ရသည်မှာ ရေရှည်တိုက်ပွဲက ရှောင်လွှဲ၍ မရနိုင်တော့ပေ။

တွေးတောနေစဉ် အနောက်မှ လူတစ်ယောက်က မြင်းစီး၍ ရှေ့သို့ တိုးလာသည်။ လျောက်ချွန်းက ခေါင်းမော့ကြည့်လိုက်ရာ ခေါင်းတွေ ထပ်ကိုက်လာပြန်သည်။ သူ့ရှေ့ရှိ လူမှာ မြို့တော်မှ စေလွှတ်လိုက်သော စစ်ဆေးရေးမှူး ချွေ့ကျွန်းပင်ဖြစ်သည်။

ယခုအချိန်တွင် ချွေ့ကျွန်းက ဒေါသတကြီးဖြင့် သူ့ကို စိုက်ကြည့်ကာ မေးလိုက်၏။ "စစ်သူကြီးလျောက်... ဘာလို့ ဆက်မလိုက်တာလဲ။"

လျောက်ချွန်းက ခေါင်းယမ်းလိုက်သည်။ "အရင်ကလိုပါပဲ၊ သူတို့က ကျုပ်တို့ကို အတွင်းထဲ ရောက်အောင် မျှားခေါ်နေတာ။ မြေမျက်နှာသွင်ပြင်က ကျုပ်တို့အတွက် အဆင်မပြေဘူး၊ လုံးဝ လိုက်လို့မရဘူး။ ဆန်းဝေ့မြို့ကို အရင် ဆုတ်ရမယ်။"

ချွေ့ကျွန်းက ဒေါသတကြီး ပြောလိုက်၏။ "အတွင်းထဲ ရောက်အောင် မျှားခေါ်တယ် ဟုတ်လား၊ ခင်ဗျားမှာ ဒီအကြောင်းပြချက် တစ်ခုပဲ ရှိတာလား။ ကျုပ်က ဘုရင်မင်းမြတ်ရဲ့ အမိန့်နဲ့ စစ်ဆေးရေးမှူးအဖြစ် လာတာ။ ဒီရက်ပိုင်း တိုက်ပွဲတွေအရ ရန်သူတွေက အသုံးမကျတဲ့ကောင်တွေဆိုတာ တွေ့ရတယ်။ ဒါပေမဲ့ ခင်ဗျားက တမင်သတ်သတ် အကြိမ်ကြိမ် ရှောင်ရှားနေတာ ဘာသဘောလဲ။

ရန်သူတွေကို အချိန်အကြာကြီး မနှိမ်နင်းနိုင်ရင် သူတို့က ကျုပ်တို့ကို ဂရုစိုက်ပါ့မလား။ ဒီလိုသာ ဆက်သွားရင် နောင်တစ်ချိန်ကျ သူတို့ ပိုဆိုးလာလိမ့်မယ်၊ တကယ်လို့ တခြားတောင်ပေါ်ရွာတွေနဲ့ပါ ပူးပေါင်းသွားရင် ရီရွှန်းတင်မကဘူး တခြားနေရာတွေပါ ပုန်ကန်ကြလိမ့်မယ်။ အဲဒီတာဝန်ကို ခင်ဗျား ယူရဲသလား။"

လျောက်ချွန်းက စိတ်ရှုပ်မှုကို အတင်းအကျပ် ထိန်းချုပ်ကာ စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။ "အမတ်မင်းချွေ့... ကျုပ် ပြောစရာရှိတာတွေ အကုန် ပြောပြီးပြီ။ လောလောဆယ် တိုက်လို့ မရသေးဘူး၊ မတိုက်သင့်ဘူး၊ အချိန်မကျသေးဘူး။ ကျုပ်ကရော အားရပါးရ မတိုက်ချင်ဘူးလို့ ထင်နေလား။ ဒါပေမဲ့ ကျုပ် လက်အောက်က စစ်သည်တွေမှာလည်း အသက်နဲ့လေ။ ထောင်ချောက်မှန်း သိသိကြီးနဲ့ သူတို့ကို အသေခံခိုင်းရမှာလား။ ရှေ့က မြင့်မားတဲ့ တောင်တွေ၊ ထူထပ်တဲ့ သစ်တောတွေထဲမှာ လူဘယ်လောက် ပုန်းနေလဲဆိုတာ သေချာကြည့်ပါအုံး။ ထောင်ချောက်တွေ ဘယ်လောက်တောင် ရှိနေလဲ မသိဘူး၊ ဘယ်လိုလုပ် တိုက်လို့ရမှာလဲ။

ရီရွှန်းဒေသခံတွေက အဲဒီနေရာမှာ နေလာတာ နှစ်ပေါင်းဘယ်လောက်တောင် ကြာပြီလဲ မသိဘူး။ ချန်တိုင်းပြည်ကလည်း သူတို့ကို နှိမ်နင်းချင်ခဲ့တာပဲ၊ နှိမ်နင်းလို့ ရခဲ့လား။ ကျုပ်တို့ တာ့ကျင်းက နိုင်ငံအင်အား တောင့်တင်းတယ် ဆိုပေမဲ့ အချိန်တော့ လိုအပ်တယ်။ သူတို့ရဲ့ အဓိက အင်အားစု ထွက်မလာသရွေ့ ဒီစစ်ပွဲက နှစ်နဲ့ချီပြီး ကြာသွားတာလည်း ပုံမှန်ပဲ။ ခဏစောင့်ပါအုံး … သူတို့ ရိက္ခာမလောက်လို့ အပြင်ထွက် လုယက်တဲ့အချိန်ကျမှ သူတို့နဲ့ အသေအလဲ တိုက်ကြတာပေါ့။"

နှစ်နဲ့ချီပြီး ကြာမယ်လား။ ကျုပ်ကို ဆန်းဝေ့မြို့လို အမှိုက်ပုံကြီးထဲမှာ နှစ်နဲ့ချီပြီး နေခိုင်းချင်တာလား။

ချွေ့ကျွန်းက ဒေါသထွက်လာသည်။ "ကျုပ် ခင်ဗျားရဲ့ ဆင်ခြေတွေကို နားမထောင်ချင်ဘူး။ ချက်ချင်း စစ်တပ်ကို လိုက်ခိုင်းလိုက်။ မဟုတ်ရင် ကျုပ် ဘုရင်မင်းမြတ်ဆီကို စစ်တိုက်ဖို့ တွန့်ဆုတ်နေတယ်ဆိုပြီး တိုင်စာပို့လိုက်မယ်။"

လျောက်ချွန်းက ထိုစကားကို ကြားသောအခါ မျက်ခွံများ ပြင်းထန်စွာ လှုပ်ခတ်သွားသည်။ သူက စစ်သားတစ်ယောက်ဖြစ်ပြီး သူ့မှာလည်း သွေးဆူလွယ်သည့် စိတ်ဓာတ်ရှိသည်။ ဤခွေးကောင်က သူ့ကို ခြိမ်းခြောက်နေတာ တစ်ခါမကတော့ပေ။ ယခုလည်း အသုံးမကျသော စကားတွေကို ထပ်ထုတ်လာပြန်၏။

"ချွေ့ကျွန်း … ကျုပ်က ခင်ဗျား မြို့တော်က လာတာမို့လို့ မျက်နှာသာ ပေးထားတာ၊ သောက်ရှက်မရှိတဲ့ အလုပ်တွေ မလုပ်နဲ့။ တိုက်ချင်ရင် ခင်ဗျားဘာသာ သွားတိုက်။ ကျုပ် မတိုက်ဘူး။" လျောက်ချွန်းက ဆဲဆိုလိုက်သည်။

"ပုန်ကန်နေတာပဲ။ ခင်ဗျား ပုန်ကန်နေတာပဲ။"

"ခင်ဗျားအမေကို ပုန်ကန်တာကွ။ ချွေ့ကျွန်း … ခင်ဗျားက နန်းတွင်းအမတ် တစ်ယောက်အနေနဲ့ မြို့တော်ကနေ စစ်ဆေးရေးမှူးအဖြစ် ရောက်လာတာ၊ အခုတော့ ကျုပ်ကိုတောင် လာအုပ်ချုပ်နေတယ်။ ခင်ဗျားက ကျုပ်ကို တိုင်ချင်တယ်မလား။ ကျုပ်လည်း ခင်ဗျားကို ပြန်တိုင်မယ်။ ဘုရင်မင်းမြတ်က ဘယ်သူ့စကားကို နားထောင်မလဲ ကြည့်ကြသေးတာပေါ့။ ငါလူးမ ချွေ့ကျွန်း.။" လျောက်ချွန်းက အဆက်မပြတ် ဆဲဆိုနေတော့၏။

သူ့တွင် ဤသို့ ပြောရဲသည့် အကြောင်းရင်းရှိသည်။ ဘုရင်မင်းမြတ်က စစ်ရေးစစ်ရာကို ကောင်းကောင်း နားလည်ပြီး သူ၏ လျှောက်လွှာ တင်လိုက်သည်နှင့် တစ်ပြိုင်နက် ဘုရင်မင်းမြတ်က အကျိုးအပြစ်များကို ချက်ချင်း သိရှိသွားပေမည်။

ချွေ့ကျွန်းက မြင်းပေါ်တွင် ထိုင်နေရင်း မျက်နှာက အဖြူတစ်လှည့်၊ အပြာတစ်လှည့် ဖြစ်နေသည်။ ဤမျှ အဆဲခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်ရာ ရင်ထဲတွင် ရှက်ရွံ့လွန်း၍ သေချင်စိတ်ပင် ပေါက်သွားသည်။ မျက်နှာက ပိုပိုပူလာပြီး ရင်ထဲရှိ ဒေါသများကို မထိန်းချုပ်နိုင်တော့ဘဲ ချွေ့ကျွန်းက အော်ဟစ်လိုက်သည်။ "လျောက်ချွန်း .. ခင်ဗျားလို သတ္တိမရှိတဲ့ကောင်က စစ်တပ်ကို ဦးဆောင်ဖို့ မတန်ဘူး။ ခင်ဗျား မသွားဘူးမလား။ ဓားယူခဲ့။ ကျုပ် စစ်သည် နှစ်ထောင် ခေါ်သွားပြီး ကိုယ်တိုင် ရန်သူကို နှိမ်နင်းပြမယ်။ ခင်ဗျား မျက်လုံးကျယ်ကျယ်ဖွင့်ပြီး သေချာ ကြည့်ထား။"

ချွေ့ကျွန်းက အဆက်မပြတ် အသက်ပြင်းပြင်းရှူနေပြီး ရင်ဘတ်ကလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ ဒေါသထွက်လွန်း၍ ဖြစ်သော်လည်း တွေးခေါ်နိုင်စွမ်းတော့ ရှိနေသေးသည်။ ဒေသခံများနှင့် အကြိမ်ကြိမ် တိုက်ခိုက်ဖူးပြီးပြီဖြစ်ရာ ခန္ဓာကိုယ် ကြံ့ခိုင်မှုရော၊ တိုက်ခိုက်ရေးစွမ်းရည်ပါ မိမိတို့ဘက်က လုံးဝ မယှဉ်နိုင်ကြောင်း သိထားသည်။ သို့ပေမည့် လူနှစ်ထောင်ဖြင့် တောင်ပေါ်သို့ တက်ကာ ရန်သူ ရာဂဏန်းခန့်ကို နှိမ်နင်းပြီး အောင်ပွဲငယ်လေး တစ်ခုရရန်မှာ ပြဿနာ မရှိနိုင်ပေ။ ထိုချိန်ရောက်လျှင် ဤလျောက်ချွန်းကို အရှုံးပေးသွားအောင် လုပ်ပြမည်။

လျောက်ချွန်းက ဒေါသထွက်လွန်း၍ ရယ်မောလိုက်ပြီး နောက်ဘက်သို့ လှည့်ကာ အော်လိုက်သည်။ "လူနှစ်ထောင် လာခဲ့၊ အမတ်မင်းချွေ့နဲ့အတူ တောင်ပေါ်တက်ပြီး ရန်သူကို နှိမ်နင်းကြ။ အမတ်မင်းချွေ့... ဂရုစိုက်သွားပါအုံး။"

"ခင်ဗျား စိတ်ပူစရာ မလိုပါဘူး။ ခင်ဗျားရဲ့ တာဝန်ပျက်ကွက်မှုအတွက် ဘုရင်မင်းမြတ်ဆီမှာ ဘယ်လို ရှင်းပြရမလဲဆိုတာကိုပဲ သေချာ စဉ်းစားထားလိုက်။ အားလုံး ကျုပ်နောက်က လိုက်ခဲ့။ ရန်သူတစ်ယောက်ကို သတ်နိုင်ရင် ငွေတစ်တေလ်း ဆုချမယ်။ ရန်သူခေါင်းဆောင်ကို သတ်နိုင်ရင် ငွေတစ်ရာ ဆုချမယ်။ ကျုပ်နဲ့အတူ လိုက်တိုက်ကြ။"

ပြောပြီးသည်နှင့် သူက ဓားကို ကိုင်ကာ ရှေ့ဆုံးမှ ပြေးထွက်သွားပြီး နောက်မှ လူနှစ်ထောင်က ဖုန်တလုံးလုံးဖြင့် ထပ်ကြပ်မကွာ လိုက်ပါသွားကြတော့၏။

All Chapters