← Chapters

အခန်း (၆၉၂-၆၉၃)

Vol. 37 Ch. 692-693

အခန်း (၆၉၂-၆၉၃)

Vol. 37 Ch. 692-693

အပိုင်း (၆၉၂) ကောင်းကင်စစ်သည်များ ရောက်ရှိလာခြင်း။

ချွေ့ကျွန်းက တပ်ဖွဲ့ကို ဦးဆောင်ကာ အဝေးသို့ ထွက်သွားပြီဖြစ်သော်လည်း လျောက်ချွန်းက မူလနေရာတွင် ကျန်ရစ်ခဲ့သည်။ မိန်းမစိုးတစ်ယောက် ဦးဆောင်သော နောက်ထပ် စစ်တပ်တစ်တပ်က တောင်ဘက်တွင် ရန်သူကို စောင့်ဆိုင်းနေပြီး နှစ်ဖွဲ့ပေါင်းကာ မြို့ထဲသို့ အတူတူ ပြန်ဝင်ရန် စောင့်နေခြင်းဖြစ်သည်။

အချိန်အတော်ကြာ စောင့်ပြီးနောက် မိန်းမစိုးက လူအုပ်ကြီးကို ခေါ်ဆောင်ကာ ပြန်ရောက်လာသည်။ ကြည့်ရသည်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပုံ မရပေ။

လျောက်ချွန်းက မေးလိုက်သည်။ "မိန်းမစိုးဝေ့... ခင်ဗျားဘက်မှာ အခြေအနေ ဘယ်လိုလဲ။"

ဝေ့ရှောင်ဟုန်က ခေါင်းယမ်းလိုက်သည်။ "အရင်နှစ်ခေါက်ကလိုပဲ ထင်တယ်။ အမတ်မင်းချွေ့ရော … ပုံမှန်ဆို သူ ခင်ဗျားနဲ့ အတူတူ ရှိနေတာ မဟုတ်ဘူးလား။"

ဤမျှလောက်အချိန်အကြာကြီး စောင့်ပြီးမှ လျောက်ချွန်းလည်း စိတ်ထဲတွင် အနည်းငယ် နောင်တရလာ၏။

သောက်ကျိုးနည်း... ဒီပုံစံအတိုင်းဆို ကိုယ်က ချွေ့ကျွန်းကို တမင်သတ်သတ် ထောင်ချောက်ဆင်သလို ဖြစ်နေပြီ။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူက ဖြေလိုက်သည်။ "ရန်သူတွေကို နှိမ်နင်းဖို့ စစ်တပ်ခေါ်သွားပြီ။"

ဝေ့ရှောင်ဟုန်၏ ပါးစပ်က တဖြည်းဖြည်း ဟသွားပြီး အံ့သြစွာဖြင့် ပြောလိုက်၏။ "ဘာ .. အဲဒါက သေတွင်းထဲ သွားတာပဲ မဟုတ်ဘူးလား။ သူ့ကို အကြိမ်ကြိမ် ပြောပြီးသားလေ၊ ဒါက ရန်သူကို မျှားခေါ်တဲ့ အကြံအစည်ပါလို့၊ ဘာလို့ သွားရသေးတာလဲ။"

"သူက ရန်သူတွေကို အသုံးမကျတဲ့ကောင်တွေလို့ ထင်ပြီး သူကိုယ်သူ အထင်ကြီးနေတာကိုး။ သူ့ကို ဂရုမစိုက်နဲ့တော့ .. မြို့ထဲ ပြန်ကြမယ်။"

"အာ... အင်း... စစ်သူကြီးလျောက်၊ နည်းနည်းလောက် ထပ်စောင့်ကြည့်ရအောင်လေ၊ ဘာပဲဖြစ်ဖြစ် အထက်က လွှတ်လိုက်တဲ့သူပဲဟာ။"

သူတို့နှစ်ယောက် အတူတကွ အလုပ်လုပ်လာသည်မှာ အချိန်အတော်ကြာပြီဖြစ်ရာ ဆက်ဆံရေးက အတော်လေး ကောင်းမွန်နေပြီဖြစ်သည်။ ဝေ့ရှောင်ဟုန်ကလည်း ကိုယ့်ကိုယ်ကိုယ် သိသူဖြစ်သည်။ စစ်မြေပြင်က အစီအစဉ်တွေကို ယေဘုယျအားဖြင့် လျောက်ချွန်း၏ အမိန့်အတိုင်းပဲ နာခံရခဲ့သည်။ သို့ပေမည့် ယခုကိစ္စက အရေးကြီးသောကြောင့် စေတနာနှင့် နှစ်ခွန်းလောက် သတိပေးလိုက်ခြင်း ဖြစ်သည်။

သူ ထိုသို့ပြောလိုက်သောအခါ လျောက်ချွန်းလည်း အနည်းငယ် ဝေခွဲမရ ဖြစ်သွား၏။

စဉ်းစားနေစဉ် ရုတ်တရက် စစ်သားငယ်တစ်ယောက်က လာရောက် သတင်းပို့သည်။ "စစ်သူကြီးကို သတင်းပို့ပါတယ်။ မြို့တော်ကနေ စစ်ကူတွေ ရောက်လာပါတယ်၊ ကျုပ်တို့ကို သီးသန့် လာရှာတာပါ။"

စစ်ကူလား။

လျောက်ချွန်း မျက်မှောင်ကြုတ်သွားသည်။ ယခု စစ်အင်အား လုံလောက်နေပြီဖြစ်ရာ မြို့တော်က အဘယ့်ကြောင့် စစ်ကူတွေ ထပ်လွှတ်ရသနည်း။

"ခေါ်လာခဲ့စမ်း။"

စစ်သားငယ်က အမိန့်ခံကာ လှည့်ထွက်သွားသည်။ အချိန်သိပ်မကြာမီမှာပင် ကျိုးထျဲ့ကို ခေါ်ဆောင်ကာ ခြေလှမ်းကျဲကြီးများဖြင့် ပြန်ရောက်လာသည်။

လျောက်ချွန်း စကားမပြောရသေးမီမှာပင် ကျိုးထျဲ့က အရင် စတင်ပြောလိုက်၏ "စစ်သူကြီး... ကျုပ်က အိမ်ရှေ့စံမင်းသားရဲ့ အမိန့်နဲ့ စစ်ကူလာတာပါ။ ဒါက အိမ်ရှေ့စံမင်းသားရဲ့ လက်ရေးစာပါ၊ စစ်သူကြီး ကြည့်ရှုပေးပါ။"

လျောက်ချွန်းက ပေါ့ဆရဲခြင်း မရှိဘဲ စာကို အလျင်အမြန် ယူကာ ဖတ်ရှုလိုက်သည်။

ဖတ်ကြည့်လိုက်ရာ တကယ်ပင် အိမ်ရှေ့စံမင်းသား၏ လက်ရေးစာဖြစ်ပြီး အပေါ်တွင် အရှေ့နန်းဆောင်၏ တံဆိပ်တုံးပါ ရိုက်နှိပ်ထားသည်။ သို့သော် စစ်မြေပြင်ကို ကူညီရန် စေလွှတ်လိုက်သူများက အဘယ့်ကြောင့် အိမ်ရှေ့စံမင်းသား စေလွှတ်လိုက်သူများ ဖြစ်နေရသနည်း။

လျောက်ချွန်းက ခဏတာ စဉ်းစားလိုက်ပြီးနောက် မျက်နှာပေါ်တွင် နားလည်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။

အိမ်ရှေ့စံမင်းသားက သိုင်းပညာကို ဝါသနာပါပြီး စစ်တပ်ထဲတွင် နာမည်ကြီးသည်။ ကြည့်ရသည်မှာ ဤလူများက သူ တိတ်တဆိတ် စုဆောင်းထားတဲ့ လူတွေဖြစ်ပြီး စစ်မြေပြင်မှာ လာရောက်စမ်းသပ်ချင်တာ ဖြစ်ရမည်။ အတွေ့အကြုံလည်းမရှိ၊ တကယ်ကို ကလေးကလားဆန်လွန်း၏... ဘုရင်မင်းမြတ် သိ,မသိတော့ မပြောတတ်ပေ။

လျောက်ချွန်းက ခေါင်းမော့ကာ ကျိုးထျဲ့ကို မေးလိုက်သည်။ "ခင်ဗျားတို့ လူဘယ်နှစ်ယောက် လာလဲ။"

"ကျုပ်အပါအဝင် အယောက် နှစ်ရာ့တစ်ယောက်ပါ။"

"... တခြားလူတွေရော။"

"ဆန်းဝေ့မြို့က ကျုပ်တို့ကို အထဲမဝင်ခိုင်းလို့ မြို့ရိုးအောက်မှာပဲ စောင့်နေကြတယ်။ ကျုပ်က စစ်သူကြီးကို လာတွေ့ပြီး မည်သူမည်ဝါဖြစ်ကြောင်း အရင် လာအတည်ပြုတာပါ။"

"သိပြီ၊ သွားမယ်၊ မြို့ထဲ ပြန်မယ်။" လျောက်ချွန်းက သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။

လူနှစ်ရာတဲ့၊ ဒါ လာဆော့နေတာ မဟုတ်ပါလား။ ဘာအသုံးကျမှာလဲ။ ဒါပေမဲ့ အိမ်ရှေ့စံမင်းသား လွှတ်လိုက်တဲ့သူတွေဆိုတော့ သေချာ ဂရုစိုက်ရမှာပေါ့။

ဤလူများကို မြို့ထဲမှာပဲ အနားယူခိုင်းထားလိုက်တာ ပိုကောင်းပေမည်။

ဝေ့ရှောင်ဟုန်လည်း အပိုစကားများ မပြောရဲတော့ဘဲ လျောက်ချွန်း၏ အမိန့်ကိုသာ နာခံကာ စစ်တပ်ကြီး လမ်းကြောင်းပြောင်းလိုက်၏။

ထိုအချိန်မှာပင် အဝေးမှ စစ်သည်တစ်စုက အလောတကြီး ပြေးလာသည်။ ပါးစပ်မှလည်း အော်ဟစ်နေကြသည်။

လူအားလုံး လှည့်ကြည့်လိုက်ကြသည်။

ဝေ့ရှောင်ဟုန်က ချက်ချင်း အံ့သြတကြီး အော်လိုက်တော့၏။ "ဒါ ကျုပ်တို့လူတွေပဲ၊ အမတ်မင်းချွေ့ ပြန်ရောက်လာပြီ။"

လျောက်ချွန်းက မျက်နှာထား လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

ထိုစစ်သည်များ အနီးသို့ ရောက်လာသောအခါ ခေါင်းဆောင်ဖြစ်သူက လျောက်ချွန်းရှေ့တွင် ချက်ချင်း ဒူးထောက်ချလိုက်သည်။

လျောက်ချွန်းက သက်ပြင်းရှည်ကြီးချကာ မေးလိုက်၏။ "ချုံခိုတိုက်ခိုက်ခံရတာလား။"

"ချုံခိုတိုက်ခိုက်ခံရတာပါ။ လူသုံးရာကျော် ကျဆုံးသွားပါတယ်...။"

"ချွေ့ကျွန်းရော။"

"မြားတွေ ဆက်တိုက်အပစ်ခံရလို့ သေသွားပါပြီ... အလောင်းကို ပြန်သယ်လာပါတယ်။"

ချွေ့ကျွန်း သေသွားပြီလော။

ဝေ့ရှောင်ဟုန်၏ မျက်နှာက ချက်ချင်း ဖြူရော်သွားပြီး အော်လိုက်၏။ "မြန်မြန်။ အလောင်းကို မြန်မြန် သယ်လာခဲ့။"

ချွေ့ကျွန်း၏ အလောင်းကို သယ်လာသောအခါ သေဆုံးနေသည့်ပုံစံမှာ ကြည့်ရက်စရာပင် မရှိပေ... ခန္ဓာကိုယ်ပေါ်တွင် မြားအစင်းနှစ်ဆယ်ကျော် စိုက်ဝင်နေပြီး မျက်နှာပေါ်တွင်ပင် မြားသုံးစင်း စိုက်ဝင်လျက်ရှိနေသည်။

ဝေ့ရှောင်ဟုန်နှင့် လျောက်ချွန်းတို့မှာ ချက်ချင်း ခေါင်းကြီးသွားကြ၏။

သောက်ကျိုးနည်း။ ဒီလောက်မြန်မြန် သေသွားတာ... ပြီးတော့ ဒီလောက်တောင် ကြည့်ရဆိုးနေတာ။

ကြည့်ရသည်မှာ မီးသင်္ဂြိုဟ်ပြီးမှ လျှောက်လွှာထဲမှာ ပုံပြင်လေး တစ်ပုဒ်လောက် ဖန်တီးရေးရတော့မည် ထင်သည်။

ကျိုးထျဲ့လည်း စပ်စုချင်စိတ်ဖြင့် ခေါင်းပြူကြည့်လိုက်မိ၏။ သူ၏ မျက်နှာပေါ်တွင် လေးစားမှု အနည်းငယ် ပါဝင်နေသည်။ ဤချွေ့ကျွန်းဆိုသည့် နာမည်ကို အိမ်ရှေ့စံမင်းသားထံမှ သူ ကြားဖူးထားခဲ့ဖူး၏။

တာ့ကျင်း၏နန်းတွင်း အမတ်တွေ က ဤမျှလောက် သွေးဆူလွယ်ပြီး ကိုယ်တိုင် ဓားကိုင်ကာ စစ်မြေပြင် ထွက်ရဲလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ချန်တိုင်းပြည် စစ်ရှုံသွားသည်ကို မတရား ရှုံးနိမ့်သည်ဟု ဆို၍မရနိုင်ပေ။ သို့ပေမည့် ဉာဏ်ရည် နိမ့်လွန်းသည်။ တစ်ယောက်တည်း ထင်းထင်းကြီး ပေါ်အောင် အရောင်အသွေး စုံဖြင့် ဝတ်ထားမှ မသေခံနိုင်ရိုးလား။ မြှားပစ်မှတ်ကြီးလိုပင်။

"ကဲ... သယ်သွားလိုက်တော့။ သေဆုံး၊ ဒဏ်ရာရတဲ့ ညီအစ်ကိုတွေကိုလည်း အတူတူ ခေါ်သွားကြ၊ မြို့ထဲရောက်မှ ဆက်စဉ်းစားကြတာပေါ့။" လျောက်ချွန်းက အမိန့်ပေးလိုက်သည်။

စစ်တပ်ကြီး ထပ်မံ၍ စတင်ရွေ့လျားသွားခဲ့သည်။ လမ်းတစ်လျှောက်တွင် လျောက်ချွန်းက ညှိုးငယ်နေသော ပုံစံဖြင့် ကျိုးထျဲ့ကိုပင် စကားမပြောချင်တော့ဘဲ တစ်ယောက်တည်း မည်သည်တို့ကို စဉ်းစားနေမှန်း မသိနိုင်ချေ။

ဝေ့ရှောင်ဟုန်က ကျိုးထျဲ့အနားသို့ တိုးသွားကာ မေးလိုက်၏။ "ခင်ဗျားတို့က အိမ်ရှေ့စံမင်းသား လွှတ်လိုက်တာဆိုတော့ ဘယ်အဖွဲ့အစည်းကလဲ။"

"ကျင်းယီဝေ... အာ... အရန်တပ်ဖွဲ့ပါ။" ကျိုးထျဲ့က အလိုအလျောက် ဖြေကြားလိုက်သော်လည်း စဉ်းစားကြည့်လိုက်ရာ သိပ်၍မမှန်ကန်ဟု ထင်မြင်သဖြင့် အလျင်အမြန် ထပ်ဖြည့်ပြောလိုက်သည်။

ဝေ့ရှောင်ဟုန်၏ မျက်လုံးများ တောက်ပသွား၏။ "ကောင်းလိုက်တာ။ ခင်ဗျားတို့က ကျုပ်ဦးလေးဖန်ရဲ့ လူတွေလား။"

"ဦးလေးဖန်က ဘယ်သူလဲ။" ကျိုးထျဲ့က နားမလည်စွာဖြင့် မေးလိုက်၏။

"ဖန်ကျန်းရီ၊ အမတ်မင်းဖန်လေ။ ကျုပ် ဦးလေးဖန်ရဲ့ လူတွေဆိုမှတော့ ခင်ဗျားတို့ကို သေချာ ဂရုစိုက်ပေးရမှာပေါ့။ ရီရွှန်းရဲ့ ပတ်ဝန်းကျင်ကို ခင်ဗျားတို့ အသားကျအောင် အချိန်ယူရအုံးမယ်ထင်တယ်၊ ပြီးမှ စစ်တိုက်လို့ ရလိမ့်မယ်။ ဒီမှာ ခြင်တွေက အရမ်း အဆိပ်ပြင်းပြီး စိုစွတ်ပူအိုက်တယ်၊ ခင်ဗျားတို့ လိုအပ်တာရှိရင် ကျုပ်ကို အားမနာဘဲ ပြောပါ၊ ကူညီနိုင်တာ မှန်သမျှ သေချာပေါက် ကူညီပေးပါ့မယ်။"

အို...။ ကျိုးထျဲ့ ဝမ်းသာသွားသည်။

သခင်လေး၌ မိန်းမစိုး ဆွေမျိုးပင် ရှိနေသေးသည်လား။ အဆက်အသွယ် အတော်ပင် များလှပေသည်။ သို့ဆိုလျှင်တော့ အလုပ်လုပ်ရသည်မှာ များစွာ အဆင်ပြေချောမွေ့သွားပြီ ဖြစ်သည်။ သူက အစပိုင်းတွင် အသားကျရန် ခက်ခဲမည်ကိုပင် စိတ်ပူပန်နေခဲ့မိ၏။

ကျိုးထျဲ့က လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ပြောလိုက်၏။ "မိန်းမစိုး... ကျုပ်တို့ ညီအစ်ကို နှစ်ရာအတွက် အသားလေး နည်းနည်းလောက် စီစဉ်ပေးလို့ ရမလား။ တစ်ယောက်ကို တစ်ပေါင်လောက်ဆို ရပါပြီ။ ခရီးစဉ် နောက်တစ်ဝက်မှာ ရိက္ခာခြောက်တွေချည်း စားလာရတော့ လူတွေ တော်တော်လေး ပိန်သွားကြပြီ၊ အခု အသားစားချင်လို့ အော်နေကြတယ်။"

ဝေ့ရှောင်ဟုန်က ထိုစကားကို ကြားသောအခါ ကြောင်အမ်းအမ်းဖြင့် မေးလိုက်သည်။ "စား... အသားစားမယ်။ ဘာအသား စားမှာလဲ။"

"ဘာအသားဖြစ်ဖြစ် ရပါတယ်။ ပုံမှန်ဆို သူတို့က ဝက်သားနဲ့ ဆိတ်သားကို ပိုစားကြတယ်။ အမဲသား၊ မြည်းသား ရှိရင်တော့ ပိုကောင်းတာပေါ့။"

ကျိုးထျဲ့က ပြောပြီးနောက် အနည်းငယ် အားနာသွားခဲ့သည်။ သူတို့လူများက တကယ်ပင် များစွာ စားနိုင်လွန်းပြီး အနည်းငယ်မျှပင် ထိန်းမထားနိုင်ကြချေ။ စားသည်ကို ထားလိုက်ပါဦး၊ စားပြီးလျှင် လေ့ကျင့်ခန်းပါ လုပ်ကြသေးသည်ဖြစ်ရာ အတော်ပင် ဒုက္ခရောက်ရလေသည်။ ထောက်ပံ့ရေးပစ္စည်းများမှာ ခရီးဆုံးသို့ မရောက်မီမှာပင် အသားခြောက်များ အကုန်စားသောက်ပြီးဖြစ်နေခဲ့သည်။ မူလက လမ်းတစ်လျှောက်တွင် လတ်ဆတ်သော အသားအနည်းငယ် ဝယ်ယူမည်ဟု တွေးထားခဲ့သော်လည်း ဝယ်ယူရန် ထိုမျှလောက် မလွယ်ကူမှန်း မသိခဲ့ပေ။

ဝေ့ရှောင်ဟုန်က အခက်တွေ့သွားခဲ့သည်။ ဤကိစ္စကို သူ တကယ်ပင် သဘောတူရန် မလွယ်ကူလှပေ။ လျောက်ချွန်း စကားပြောလာမည့် အချိန်ကိုသာ စောင့်ရပေတော့မည်။

အသားစားမည်တဲ့လား... ဤစစ်တပ်က တစ်လလျှင် အသားကို အကြိမ်ရေ အနည်းငယ်မျှပင် မစားရချေ။ ၎င်းတို့ လူနှစ်ရာက ရှက်ရွံ့ခြင်းကင်းမဲ့စွာ ရောက်ရောက်ချင်း အသားစားချင်သည်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

လျောက်ချွန်းက အေးစက်စက် အကြည့်ဖြင့် လှမ်းကြည့်ကာ ပြောလိုက်၏။ "ခင်ဗျားတို့ နေချင်ရင် နေ၊ မနေချင်ရင် မြို့တော်ကို ပြန်သွားကြ။ ကျုပ်ဆီမှာ အပျော်တမ်း စစ်သားတွေကို ကျွေးမွေးမထားဘူး။"

ကျိုးထျဲ့က ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး မည်သို့မျှ ပြန်မပြောတော့ချေ။ စိတ်ထဲတွင်မူ ကျိန်ဆဲလိုက်သည်။ “ခွေးသားကြီး”

အပျော်တမ်း စစ်သားများလား။ တကယ်လည်း အပျော်တမ်း စစ်သားများပင် ဖြစ်သည်။ သို့သော်ငြား တောက်ယွမ်ခရိုင်၏ စားသောက်မှု စံနှုန်းက သာမန် သခင်လေးများ စားသောက်သည်ထက် များစွာ ပိုမို ကောင်းမွန်လှသည်။ သူတို့ ဤအပျော်တမ်း စစ်သားများမှာ ပိန်သွားခဲ့သော်လည်း တစ်ယောက်လျှင် လက်ရှိစစ်သားတို့ ငါးယောက်ကို အေးဆေးစွာ ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။ အပြုအမူကို ကြည့်ရသည်မှာ ဤစစ်သူကြီးလျောက် က ပေါင်းသင်းရ သိပ်လွယ်ကူမည့်ပုံ မပေါ်ချေ။ သို့ပေမည့် အရင်ဆုံး ရှင်းပြရန် မလောသေးပေ၊ ညီအစ်ကိုများ အနားယူပြီးမှသာ သူတို့ကို ဖြည်းဖြည်းချင်း ရှင်းပြရပေမည်။

ဆန်းဝေ့မြို့အပြင်ဘက်တွင် တောက်ယွမ်ခရိုင်မှ လာရောက်ကြသော လူနှစ်ရာမှာ အချိန်အတော်ကြာ စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ ရာသီဥတုက အလွန်ပူအိုက်လွန်းလှသဖြင့် အပေါ်အင်္ကျီများကို ချွတ်ထားကြသော်လည်း ချွေးများ ရွှဲနစ်နေဆဲပင် ဖြစ်၏။

လျောက်ချွန်းက စစ်တပ်ကြီးကို ဦးဆောင်ကာ အနီးသို့ ရောက်ရှိလာသောအခါ ချက်ချင်း မျက်လုံးများ ပြူးကျယ်သွားပြီး ကျိုးထျဲ့ကို လှည့်ကြည့်ကာ မေးလိုက်ချေသည်။ "ဒါ ခင်ဗျား ခေါ်လာတဲ့ လူတွေလား။"

၎င်း၏ရှေ့ရှိ အမျိုးသား နှစ်ရာလုံးမှာ တစ်ယောက်ချင်းစီတိုင်းက ခန္ဓာကိုယ် တောင့်တင်းသန်စွမ်းပြီး ကြွက်သားများမှာလည်း ဆီသုတ်ထားသကဲ့သို့ ပြောင်လက်နေသည်။

သောက်ကျိုးနည်းလှချေသည်တကား။ သူ့ထက်ပင် ပို၍ သန်မာနေကြသေးသည်။ သူက ထမင်းစားတိုင်း အသားစားရသူ ဖြစ်သည်။ သူ၏ရှေ့မှ ဤသန်မာသောသူများက စစ်သားများရော ဟုတ်ကြသေးရဲ့လား။

ဝေ့ရှောင်ဟုန်မှာလည်း မျက်လုံးများ တောက်ပလာပြီး အလွန်အမင်း စိတ်လှုပ်ရှားနေ၏။

ကျိုးထျဲ့က အပြုံးလေးဖြင့် ပြောလိုက်သည်။ "စစ်သူကြီးလျောက် ပြောတာ မှန်ပါတယ်။ ဒါ ကျုပ်ခေါ်လာတဲ့ အပျော်တမ်း စစ်သားတွေပါ။"

လျောက်ချွန်း၏ မျက်နှာမှာ တဖြည်းဖြည်း နီရဲလာပြီး ဖွဖွလေး ခေါင်းညိတ်လိုက်၏။ "ကောင်းပြီ၊ ခင်ဗျားတို့ကို ငွေတုံး နှစ်ရာ ပေးလိုက်မယ်၊ မြို့ထဲဝင်ပြီး ကိုယ့်ဘာသာ နေစရာ နေရာရှာကြ။ အပြင်ထွက်ပြီး စစ်တိုက်တာ၊ မတိုက်တာကို ကျုပ် ဂရုမစိုက်ဘူး။ ဒါပေမဲ့ ခင်ဗျားတို့ အပြင်ထွက်မယ်ဆိုရင် ကျုပ်ရဲ့ အမိန့်ကို နာခံရမယ်။ ကိုယ့်သဘောနဲ့ကိုယ် လှုပ်ရှားရင် သေဒဏ်ပေးမယ်။"

ပြောပြီးသည်နှင့် သူက မြင်းကို စီးကာ မြို့ထဲသို့ ဝင်သွားခဲ့သည်။

ဝေ့ရှောင်ဟုန်က သူ၏ ကျောပြင်ကို ကြည့်ကာ ခေါင်းယမ်းရင်း ပြောလိုက်၏။ "သူ့စကားက စစ်မိန့်ပဲ၊ စစ်မိန့်ကို လုံးဝ မလွန်ဆန်နဲ့နော်။ ခင်ဗျားတို့က အိမ်ရှေ့စံမင်းသား လွှတ်လိုက်တဲ့သူတွေဆိုတော့ စစ်တိုက်ချင်တိုက် ၊ မတိုက်ချင်နေလို့ ရတယ်။ ပြီးတော့ ကျုပ် ဦးလေးဖန်ရဲ့ လူတွေဆိုတော့ ခင်ဗျားတို့ကို ကျုပ် အကြံပေးချင်တာက လူတွေကို ခေါ်ပြီး မြို့ထဲမှာပဲ အေးအေးဆေးဆေး နေလိုက်ပါ၊ ပြီးရင် အေးအေးဆေးဆေး ပြန်သွားလိုက်ပါ၊ ဒီဒုက္ခကို ခံစားစရာ မလိုပါဘူး။ ခင်ဗျား နာမည်က ကျိုးထျဲ့ မဟုတ်လား။"

"ဟုတ်ပါတယ်။"

"ညီအစ်ကိုကျိုးထျဲ့... ခင်ဗျား ဒီမှာ သေချာ အနားယူပါ၊ ပြန်ရောက်သွားရင် ကျုပ် ဦးလေးဖန်ဆီမှာ ကျုပ်အကြောင်း ကောင်းကောင်းလေး ပြောပေးဖို့ မမေ့နဲ့နော်။ မှတ်မိပြီလား။"

ဤမိန်းမစိုးမှာ အတော်ပင် စိတ်ဝင်စားစရာ ကောင်းလှသည်။

ကျိုးထျဲ့က ပြုံးရင်း ပြန်ဖြေလိုက်၏။ "မှတ်မိပါပြီ။"

ဝေ့ရှောင်ဟုန်ကလည်း မျက်လုံးများ မှေးသွားသည်အထိ ပြုံးလိုက်သည်။ "ကောင်းတယ်၊ ကောင်းတယ်။ ခင်ဗျားတို့ အခုမှ ရောက်လာတာဆိုတော့ ပတ်ဝန်းကျင်နဲ့ သိပ်မရင်းနှီးသေးဘူး။ အခု ကျုပ်လည်း အချိန်ရနေတော့ ခင်ဗျားတို့ကို လိုက်ပို့ပေးမယ်၊ ခင်ဗျား မေးချင်တာရှိရင် မေးလို့ရတယ်။"

ကျိုးထျဲ့က ဟောင်းနွမ်းနေသော မြို့ရိုးများကို ကြည့်ကာ မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားပြီးနောက် မေးလိုက်၏။ "ဒီမြို့ထဲမှာ ပြည့်တန်ဆာတွေ ရှိလား။"

"..."

အပိုင်း (၆၉၃) ခင်ဗျားတို့ အကုန် ထွက်သွားကြ။

ဝေ့ရှောင်ဟုန်က အရူးတစ်ယောက်ကို ကြည့်သည့် အကြည့်မျိုးဖြင့် ကျိုးထျဲ့အား အပြင်းအထန် စိုက်ကြည့်လိုက်သည်။

သူ့ပုံစံက ပြည့်တန်ဆာရုံအကြောင်း ကောင်းကောင်း သိထားသည့်ပုံစံ ပေါက်နေ၍လား။ ဤသူမှာ ယဉ်ကျေးမှုရော ရှိပါရဲ့လား။

"မသိဘူး။ ခင်ဗျားဘာသာ လိုက်ရှာကြည့်လိုက်၊ ကျုပ် ကိစ္စရှိသေးတယ်။ ခင်ဗျားနဲ့ ခင်ဗျားရဲ့ ညီအစ်ကိုတွေ အပြင်ထွက်မယ်ဆိုရင် ကျုပ်ကို ကြိုပြောဖို့ မမေ့နဲ့နော်။ မဟုတ်ရင် စစ်သူကြီးလျောက်နဲ့ ပြဿနာတက်ရင် ကျုပ် ဝင်ပါလို့ မရဘူး။"

ပြောပြီးသည်နှင့် ဝေ့ရှောင်ဟုန်က စစ်တပ်ကို ဦးဆောင်ကာ မြို့ထဲသို့ ဝင်သွားခဲ့၏။

ကျိုးထျဲ့က နှုတ်ခမ်းကို စုပ်သပ်လိုက်ပြီး ဂရုမစိုက်တော့ချေ။ အဝေးရှိ ညီအစ်ကိုများကို လက်ဝှေ့ယမ်းပြကာ အသံကျယ်ကြီးဖြင့် အော်လိုက်သည်။ "ညီအစ်ကိုတို့ … မြို့ထဲ ဝင်ကြမယ်။ မြို့ထဲရောက်ရင် ကိုယ့်ဘာသာ နေစရာ နေရာရှာကြ၊ အကောင်းဆုံး နေရာကို ရှာကြ။"

"ဟုတ်ကဲ့။"

လူနှစ်ရာလုံးက တညီတညွတ်တည်း ပြန်ဖြေလိုက်ကြပြီး လက်နက်ပစ္စည်းများကို သိမ်းဆည်းကာ တန်းစီလျက် မြို့ထဲသို့ ဝင်သွားကြ၏။

ကျိုးထျဲ့က လူအုပ်နောက်မှ ကျောက်လျဲ့ကို လှမ်းခေါ်ကာ မှာကြားလိုက်သည်။ "ဒီလောက် လူအများကြီးကို တည်းခိုခန်း တစ်ခုတည်းမှာ နေရာချပေးလို့ အဆင်မပြေလောက်ဘူး။ အစီအစဉ် လုပ်ရလွယ်အောင် နီးစပ်တဲ့ တည်းခိုခန်း နှစ်ခုလောက် ရှာပြီး နေကြ။ နောက်ပြီး ညီအစ်ကိုတွေကို အပြင်မှာ ထမင်းမစားခိုင်းနဲ့၊ ဟင်းသီးဟင်းရွက်နဲ့ ဆန်တွေကို ဒေသခံတွေဆီကပဲ ဝယ်။ အသားစားချင်ရင် အရှင်တွေကိုပဲ ဝယ်ပြီး ချက်ချင်း သတ်၊ ချက်ချင်း ချက်စား။ ခြင်ပြေးအောင် အမွှေးတိုင်တွေလည်း ပိုဝယ်ထား။ အမြန်ဆုံး အသားကျသွားပြီဆိုရင် ငါတို့ အပြင်းအထန် လေ့ကျင့်ကြမယ်။ ဒေသခံ တပ်ဖွဲ့တွေနဲ့ ဘယ်လို ပူးပေါင်းရမလဲဆိုတာကိုတော့ ငါ သွားဆွေးနွေးလိုက်မယ်။"

ကျောက်လျဲ့က ခေါင်းညိတ်ကာ အမိန့်ခံပြီးနောက် အစီအစဉ်များ လုပ်ဆောင်ရန် ပြင်ဆင်လိုက်၏။

ထွက်သွားရန် ပြင်လိုက်စဉ် ကျိုးထျဲ့က သူ့ကို ဆွဲထားပြီး စပ်ဖြီးဖြီးဖြင့် ရယ်မောကာ ပြောလိုက်သည်။ "ခဏနေဦး။ အားလုံး နေရာချထားပြီးရင် အစ်ကို့အတွက် အပန်းဖြေဖို့ မိန်းမတစ်ယောက်လောက် အရင် သွားရှာပေးအုံး။"

ကျောက်လျဲ့က ပြောလိုက်၏။ "အစ်ကိုထျဲ့... ဒီလို လုပ်ဖို့ မလိုပါဘူး။ ကျုပ်တို့ ဒီကို ရောက်တည်းက လှတဲ့ မိန်းမ တစ်ယောက်မှ မမြင်ရသေးဘူး၊ အကုန်လုံးက ပိန်ပိန်ညှောင်ညှောင်၊ သေးသေးကွေးကွေးနဲ့ အသားမည်းမည်းတွေချည်းပဲ။"

ကျိုးထျဲ့က ပြုံးလိုက်သည်။ "မင်း ငယ်ပါသေးတယ်၊ မင်း နားမလည်ပါဘူး။ ဒီလောက် ဝေးတဲ့ နေရာကို လာရတာ ခဲယဉ်းတယ်။ လမ်းတစ်လျှောက်လုံးလည်း အောင့်အည်းလာရတာဆိုတော့ ဒေသခံရဲ့ ထူးခြားချက်ကို စမ်းကြည့်ရမှာပေါ့။ သခင်လေးကလည်း ပြောထားတယ်လေ၊ ငါတို့ကို ဒေသထွက်ကုန်တွေ စမ်းကြည့်ခွင့် ပေးထားတယ်လို့။"

"ဒါပေမဲ့ ဒီပတ်ဝန်းကျင်က ထူးဆန်းပြီး သူစိမ်းပြင်ဆင်ဖြစ်နေတော့... တကယ်လို့ ထူးဆန်းတဲ့ ရောဂါတွေ ကူးစက်သွားရင် ဘယ်လိုလုပ်မလဲ... ဒါမှမဟုတ် အစ်ကို ဝက်သားသုံးထပ်သား တစ်တုံးလောက် ယူပြီး ဖြေရှင်းလိုက်ပါလား။ ကျုပ် အဆီများတာ တစ်တုံး ရွေးပေးမယ်။"

ကျိုးထျဲ့က အော်ဆဲလိုက်တော့၏။ "သောက်ရေးမပါတာတွေ။ မင်းတို့က စစ်သား၊ ငါက စစ်သူကြီးကွ။ မင်းတို့နဲ့ အတူတူဆိုရင် စစ်တပ်ကို ဘယ်လို အုပ်ချုပ်ရမှာလဲ။ မြန်မြန် သွားရှာပေးစမ်း။"

ညဘက်သို့ ရောက်ရှိသောအခါ လူအားလုံး နေရာချထား ပြီးစီးသွားပြီ ဖြစ်သည်။

တည်းခိုခန်း၏ နောက်ဖေးဝင်းထဲတွင် ဆိတ်များ၊ ကြက်များကို သတ်ကာ မီးမွှေးပြီး ထမင်းဟင်းများ ချက်ပြုတ်၍ အားရပါးရ စားသောက်လိုက်ကြသည်။ ကျောက်လျဲ့ဘက်တွင်လည်း အတော်လေး အဆင်ပြေသွားပြီး အသေအချာ ရွေးချယ်ထားသော ထူးခြားမှုတစ်ခုကို ကျိုးထျဲ့၏ရှေ့သို့ ခေါ်ဆောင်လာခဲ့ပေ၏။

မျက်နှာ၌ အရေးအကြောင်းများ အပြည့်ရှိပြီး အသားအရေ မည်းနက်နေသော မိန်းမကြီးကို ကြည့်ကာ... ကျိုးထျဲ့၏ မျက်နှာမှာ ချက်ချင်းပင် ထိုမိန်းမကြီးကဲ့သို့ မည်းနက်သွားပြီး ကျောက်လျဲ့အား ကြည့်၍ ပြောလိုက်သည်။ "ဒါ မင်း ငါ့အတွက် ရှာလာပေးတဲ့လူလား၊ ငါ သူ့ကို ချရမှာလား၊ ကန်တော့ရမှာလား။”

ကျောက်လျဲ့က ထိုမိန်းမကြီးကို တစ်ချက် ကြည့်လိုက်ပြီး သူမ၏ ကိုယ်ပေါ်ရှိ ထူးခြားသော ဝတ်စားဆင်ယင်မှုကို လက်ညိုးထိုးပြကာ ပြောလိုက်ချေ၏။ "အစ်ကိုထျဲ့... ကျုပ် စုံစမ်းကြည့်ပြီးပြီ။ ဒါက မြို့ထဲမှာ အထူးခြားဆုံးပဲ၊ ဒေသခံလည်း ဖြစ်သေးတယ်။ ဒီရပ်ကွက်မှာ သူက နာမည်အကြီးဆုံးပဲလို့ ကြားတယ်။"

"သောက်ကျိုးနည်း။ သူက မင်းအမေတောင် လုပ်လို့ရနေပြီ။ သေချာလေး ဂရုတစိုက် မရှာနိုင်ဘူးလား။"

ကျောက်လျဲ့က ရယ်ချင်စိတ်ကို အောင့်ထားရင်း ကျိုးထျဲ့၏ နားအနီးသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်တော့သည်။ "အစ်ကိုထျဲ့... အချိန်ကပ်နေပြီ။ တာဝန်က အရေးကြီးနေတော့ ရွေးမနေပါနဲ့တော့။ အသက်ကြီးတဲ့သူတွေက အပူကျစေတယ်လို့ အဒေါ်ကြီးက ကျုပ်ကို ပြောတယ်။ အစ်ကို စမ်းကြည့်ပါလား။"

"စမ်းကြည့်ရအောင် မင်း အမေ... ထားပါတော့၊ အရင် ထွက်သွားတော့။" ကျိုးထျဲ့က လူကို ပြန်ပို့ရန် တွေးလိုက်သော်လည်း စိတ်ပြောင်းကာ ချန်ထားလိုက်၏။

အကြိုက်က တကယ်ပင် ကြမ်းတမ်းလှသည်။ ကြည့်ရသည်မှာ တကယ်ပင် အောင့်အည်းလာရသည်မှာ ကြာမြင့်နေပြီ ထင်သည်။

ကျောက်လျဲ့က လက်မထောင်ပြကာ အခန်းထဲမှ တိတ်တဆိတ် ထွက်သွားခဲ့သည်။

လူထွက်သွားသည်ကို မြင်တွေ့ရသောအခါ ကျိုးထျဲ့က ပြတင်းပေါက်ဘက်သို့ လက်ညိုးထိုးကာ ပြည့်တန်ဆာအား ပြောလိုက်၏။ "ခင်ဗျား အဝတ်အစားတွေ အကုန် ချွတ်ပြီး ပြတင်းပေါက်နားမှာ တစ်ညလုံး သွားထိုင်နေ။ ငွေကတော့ ခင်ဗျားအတွက် မလျော့စေရဘူး။"

ထို့နောက် ငွေတစ်ကျပ်ကို ထုတ်ကာ ကမ်းပေးလိုက်ရာ ပြည့်တန်ဆာမှာ ဝမ်းသာအားရ ပြုံးရွှင်သွားပြီး အဝတ်အစားများကို ချွတ်ကာ ပြတင်းပေါက်အနီးတွင် သွားထိုင်နေတော့သည်။

ကျိုးထျဲ့က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ဓားကို ခေါင်းအုံးဘေးတွင် ထားကာ အဝတ်အစားများ မချွတ်ဘဲ အိပ်ရာဝင်လိုက်၏။

လူရောက်လာပြီဖြစ်ရာ အလကားတော့ အဖြစ်မခံနိုင်ချေ။ တိုက်တိုက်ဆိုင်ဆိုင် ဤနေရာတွင် ခြင်များကလည်း များပြားလှပြီး အဆိပ်ပြင်းလှသည်။ လမ်းခရီးတွင် ညဘက်၌ ကောင်းစွာ မအိပ်စက်ရသည်မှာ အတော်ပင် ကြာမြင့်နေပြီ ဖြစ်သည်။

"ခင်ဗျား အဲဒီမှာပဲ ထိုင်နေ၊ လျှောက်မလှုပ်နဲ့။ အသက်အန္တရာယ် ရှိသွားမယ်၊ ကျုပ်က အိပ်မက်ထဲမှာ လူသတ်တတ်တယ်။"

……..

စစ်တပ်တဲအတွင်း၌။

လျောက်ချွန်းက စုတ်တံကို ကိုက်ကာ အပြင်းအထန် စဉ်းစားနေ၏။

ချွေ့ကျွန်း သေဆုံးသွားသောကြောင့် သူ၏အဖို့ များစွာ စိတ်အေးသွားရသော်လည်း ရုံးတော်သို့ ဆက်လက်၍ အစီရင်ခံရသည့်အခါ သူကိုယ်တိုင်လည်း တာဝန် အနည်းနှင့်အများ ယူရမည်မှာ အသေအချာပင်။ လောလောဆယ်တွင် အရေးအကြီးဆုံးမှာ သူ၏ အပြစ် လျော့ပါးစေရန် လျှောက်လွှာတင်ပြရမည်သာ ဖြစ်သည်။

ဤလျှောက်လွှာကို ပုံမှန်ကဲ့သို့ တိုက်ရိုက်ကြီး ရေး၍မရနိုင်ချေ။ သူနှင့် ချွေ့ကျွန်းတို့ နှစ်ဦး၏ ဆက်ဆံရေး အဆင်ပြေကြောင်း ပေါ်လွင်စေရန် အရင်ရေးရမည်။ ထို့နောက်မှ ချွေ့ကျွန်းက အောင်ပွဲကို လောဘတကြီး လိုချင်သောကြောင့် ရန်သူကို လိုက်လံတိုက်ခိုက်ရင်း မတော်တဆမှု ကြုံတွေ့ခဲ့ရသည်ဟု ရေးသားရပေမည်။ နောက်ဆုံးကျမှသာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီး မိမိ၏ အမှားကို ဖော်ပြရမည်။ တစ်ချိန်တည်းမှာပင် နာကျင်မှု၊ နှမြောတသမှုနှင့် ဝမ်းနည်းမှုများကိုလည်း ထည့်သွင်းဖော်ပြရဦးမည် ဖြစ်သည်။

နည်းလမ်းများကိုတော့ သူ နားလည်ထားသော်လည်း စတင်ရေးသားရန်မူ ခက်ခဲနေချေသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် လျောက်ချွန်းက စိတ်ကူးထဲတွင် အကြမ်းဖျင်း ရေးဆွဲပြီးစီးသွားခဲ့သည်။ မျက်ရည်များနှင့် အဆုံးအစမရှိသော နောင်တများ ပါဝင်သည့် လျှောက်လွှာတစ်စောင်ကို လျင်မြန်စွာ ရေးသားပြီးစီးသွားကာ လက်အောက်ငယ်သားများထံမှတစ်ဆင့် ချက်ချင်း ပေးပို့ရန် အပ်နှံလိုက်တော့၏။

သူ ဂုဏ်ယူနေစဉ်မှာပင် တဲအပြင်ဘက်မှ လူတစ်ယောက်က လာရောက် သတင်းပို့ချေသည်။ "စစ်သူကြီး... ဟိုလူနှစ်ရာကို စုံစမ်းထားတဲ့ သတင်းတွေ ရောက်လာပါပြီ။"

လျောက်ချွန်းက မျက်လုံးအနည်းငယ် ပင့်ကြည့်ကာ ပြောလိုက်လေ၏။ "ပြော။"

"အဲဒီလူနှစ်ရာက မြို့ထဲက အကောင်းဆုံး တည်းခိုခန်း နှစ်ခုကို တစ်ခါတည်း ငှားလိုက်ပါတယ်။ ပြီးတော့ လမ်းကြောင်းခွဲပြီး ပြည်သူတွေဆီကနေ ကြက်၊ ဘဲ၊ ဆိတ် စတဲ့ တိရစ္ဆာန်တွေကို လိုက်ဝယ်ကြတယ်။ ပြီးတော့ အရှင်တွေကိုပဲ လိုချင်တယ်၊ လတ်လတ်ဆတ်ဆတ် မဟုတ်ရင် မစားဘူးလို့လည်း ပြောသေးတယ်။ နောက်ထပ် တစ်စုကတော့ လမ်းပေါ်မှာ ပြည့်တန်ဆာတွေအကြောင်း တောက်လျှောက် လိုက်မေးနေကြတယ်။ သူတို့ ပြည့်တန်ဆာတွေကို တည်းခိုခန်းထဲ ခေါ်သွားတာကို မြင်လိုက်တဲ့သူတွေလည်း ရှိတယ်။"

လျောက်ချွန်းက စားပွဲကို အပြင်းအထန် ရိုက်ချလိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။ "ရိုင်းစိုင်းလိုက်တာ။ ရှေ့တန်းကို ရောက်နေတာတောင် အလွန်အမင်း ဖြုန်းတီးနေကြသေးတယ်။ သူတို့ကို ငွေတုံး နှစ်ရာ ပေးလိုက်တာက ကြီးမားတဲ့ ဆုလာဘ်ကြီးဖြစ်နေပြီ၊ ဒီလောက်တောင် ဖြုန်းတီးရဲတယ်ပေါ့လေ။ ကျုပ်ရဲ့ စစ်တပ်စည်းကမ်းကို လာဖျက်ဆီးနေတာပဲ။ မနက်ဖြန် မင်း သွားပြီး ဟို ကျိုးထျဲ့ဆိုတဲ့ကောင်ကို ကျုပ်ဆီ ခေါ်လာခဲ့။ ကျုပ် အိမ်ရှေ့စံမင်းသားဆီကို ကိုယ်တိုင် စာရေးပြီး သူတို့ကို လာရာလမ်းအတိုင်း ပြန်လွှတ်လိုက်မယ်၊ အကုန် ထွက်သွားကြစမ်း။"

နောက်တစ်နေ့ နံနက်စောစောတွင် ..

ညက ကျိုးထျဲ့တစ်ယောက် အတော်ကြာမှ တစ်ကြိမ် ကောင်းစွာ အိပ်စက်လိုက်ရသည်။ မျက်လုံးဖွင့်လိုက်ရာ ပြည့်တန်ဆာမှာ တစ်ကိုယ်လုံး ခြင်ကိုက်ခံထားရသဖြင့် အဖုအပိမ့်များ အပြည့်ဖြစ်နေပြီး သူ့ကို နာကြည်းစွာ စိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရ၏။

ကျိုးထျဲ့က မျက်နှာကို ပွတ်သပ်လိုက်ပြီး စပ်ဖြီးဖြီး ရယ်မောကာ ငွေတစ်မူး ထုတ်ပြီး ပစ်ပေးလိုက်သည်။ "မဆိုးဘူး….. ဒီည ခင်ဗျား ထပ်လာခဲ့။"

ခွေးကောင်။ ငါ့ကို ခြင်စာ ကျွေးရက်တယ်။

ပြည့်တန်ဆာက နှာခေါင်းရှုံ့လိုက်ပြီး အဝတ်အစားများကို ဝတ်ဆင်ကာ လှည့်ထွက်သွားခဲ့တော့၏။

ထိုအချိန်မှာပင် ကျောက်လျဲ့က အခန်းထဲသို့ ဝင်လာပြီး မျက်နှာထား အနည်းငယ် လေးနက်စွာဖြင့် ပြောလိုက်သည်။ "အစ်ကိုထျဲ့... ဒီဘက်က လူတွေက ကျုပ်တို့ကို သူတို့ရဲ့ စစ်သူကြီးဆီ သွားတွေ့ဖို့ လာအကြောင်းကြားတယ်၊ ခင်ဗျား မြန်မြန် သွားလိုက်ပါ။"

ကျိုးထျဲ့က ခဏတာ ကြောင်သွားပြီးနောက် ထရပ်လိုက်၏။ "ကျုပ် အခုချက်ချင်း သွားမယ်၊ ညီအစ်ကိုတွေကို တည်းခိုခန်းထဲမှာပဲ နေခိုင်းထား၊ အပြင်မထွက်နဲ့လို့ ပြောလိုက်။ ခဲခဲယဉ်းယဉ်း ကောင်းကောင်း အိပ်လိုက်ရတာကို... သောက်ကျိုးနည်း နောက်ထပ် ဘာပြဿနာတွေ တက်လာပြန်ပြီလဲ။"

ပြောပြီးသည်နှင့် အလောတကြီး ထွက်သွားခဲ့သည်။ ကျိုးထျဲ့ ပျောက်ကွယ်သွားသော ကျောပြင်ကို ကြည့်ကာ ကျောက်လျဲ့က တစ်စုံတစ်ခုကို စဉ်းစားနေမိပေသည်။

ကောင်းကောင်း အိပ်လိုက်ရသည်လား။ ကြည့်ရသည်မှာ အဒေါ်ကြီးက သူ့အား မလိမ်ညာခဲ့ချေ။ အသက်ကြီးသူများက တကယ်ပင် အပူကျစေခြင်း ဖြစ်မည်။

တည်းခိုခန်းအပြင်ဘက်တွင် စစ်သားငယ်က စောင့်ဆိုင်းနေပြီးဖြစ်ရာ ကျိုးထျဲ့က စစ်တပ်စခန်းအတွင်းသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ လျောက်ချွန်းကို မြင်သည်နှင့် နှုတ်ဆက်ရန် ပြင်လိုက်စဉ် ငွေထုပ်တစ်ထုပ်က သူ့ထံသို့ ပြင်းထန်စွာ လွင့်စင်လာချေ၏။

ငွေထုပ်က မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီးနောက် လျောက်ချွန်း၏ အေးစက်စက် အသံကို ကြားလိုက်ရတော့သည်။ "ဒါက ငွေတုံး ငါးရာပဲ၊ ခင်ဗျားလူတွေကို ခေါ်ပြီး မြို့တော်ကို ချက်ချင်း ပြန်သွားကြ။ ကျုပ်ဆီမှာ အသုံးမကျတဲ့ကောင်တွေကို ကြိုဆိုမနေဘူး။"

ကျိုးထျဲ့က မျက်လုံးကို မှေးလိုက်ပြီး ငွေထုပ်ကို ကောက်ယူကာ ရင်ဘတ်ထဲ ထည့်လိုက်ရင်း ပြောလိုက်၏။ "စစ်သူကြီးက ဘာသဘောလဲ။ ကျုပ်တို့က စေတနာနဲ့ လာကူညီတာကို၊ တစ်ရက်တောင် မပြည့်သေးဘူး လူတွေကို နှင်ထုတ်နေပြီလား။"

"ဟက်... ဆန်းဝေ့မြို့ကို ရောက်ရောက်ချင်း ခင်ဗျားတို့က အားရပါးရ စားသောက်နေကြတယ်။ ခင်ဗျားတို့က စစ်လာတိုက်တာလား၊ ဒါမှမဟုတ် ဟန်ပြ လာလုပ်တာလားဆိုတာ ကျုပ် ထပ်ပြောနေစရာ မလိုတော့ဘူး ထင်တယ်။ ကျုပ်က သနားညှာတာတဲ့အနေနဲ့ ခင်ဗျားတို့ကို အနားယူဖို့ တစ်ရက် အချိန်ပေးမယ်၊ နောက်အကျဆုံး မနက်ဖြန်ဆိုရင် ခင်ဗျားတို့ထဲက ဘယ်သူ့ကိုမှ ကျုပ် ထပ်မမြင်ချင်တော့ဘူး။" လျောက်ချွန်းက ကျိုးထျဲ့ကို အေးစက်စက် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

ကျိုးထျဲ့၏ နှုတ်ခမ်းထောင့်များမှာ အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။

လျောက်ချွန်းအပေါ် သူ၏ အမြင်မှာ မဆိုးလှချေ။ လက်ရှိ အခြေအနေအရ အနည်းဆုံးတော့ ဤသူက စစ်မြေပြင်ကို အဓိကထားနေသည်မှာ သိသာထင်ရှားလှသည်။

ကျိုးထျဲ့က ရင်ဘတ်ထဲသို့ ထပ်မံ နှိုက်လိုက်ပြီး စာအိတ်တစ်အိတ်ကို ထုတ်ကာ ပြောလိုက်၏။ "ကျုပ်ဆီမှာ အိမ်ရှေ့စံမင်းသားရဲ့ စာတစ်စောင် ရှိသေးတယ်၊ စစ်သူကြီး ကြည့်ပြီးမှပဲ ဆက်ဆုံးဖြတ်ပါတော့။"

All Chapters