အခန်း (၆၉၆-၆၉၇)
Vol. 37 Ch. 696-697
အပိုင်း (၆၉၆) တောက်ယွမ်မှ ထွက်ခွာလာလျှင် မြက်ပင်လေးတစ်ပင်ပင် မကျန်စေရ။
ယုံယွမ်ရွာအတွင်း။
ဒေသခံ ခေါင်းဆောင်အချို့ စုဝေးနေကြသည်။ ဆီများ တဖျစ်ဖျစ် မြည်နေသော အသားကင်များနှင့် အရောင်အသွေး စုံလင်သော သစ်သီးဝလံများလည်း ရှိသည်။ လေထုက လေးလံမှု မရှိသည့်အပြင် မမျှော်လင့်ဘဲ အတော်လေး ပေါ့ပါးနေသေးသည်။
အထဲမှ တစ်ယောက်က ပြောလိုက်၏။ "အရင်တစ်ခေါက်တုန်းက ကျုပ်တို့ အရေးကြီးတဲ့ လူတစ်ယောက်ကို သတ်လိုက်မိလို့ တာ့ကျင်းက လူတွေ ပြာယာခတ်သွားပုံရတယ်။ ဒီတစ်ခေါက်တော့ သေချေကြေချေ တိုက်ရမယ့် အခြေအနေပဲ။"
ထိုသူ၏ ညာဘက်ရှိ လူက လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။ "သူတို့ နိုင်မှာတဲ့လား။ ကျုပ်တို့ အားလုံးက ရွာထဲမှာ ရှိနေတာကို သူတို့လူတွေနဲ့ အတင်းအကျပ် ဝင်တိုက်ချင်သေးတယ်ပေါ့လေ။ ငါးရက်တောင် မကြာဘဲ တပ်ဆုတ်သွားကြလိမ့်မယ်၊ အမြဲတမ်း ဒီလိုချည်းပါပဲ။ အောက်ကလူတွေကို မြို့တံခါးကို သေချာ စောင့်ခိုင်းထားလိုက်ရုံပဲ။ မနက်ဖြန် မိုးလင်းရင် ကျုပ် သွားပြီး စိန်ခေါ်လိုက်အုံးမယ်။ အဲဒီလူတွေကို ရီရွှန်းမှာ ဘယ်သူက သခင်လဲဆိုတာ ပြရသေးတာပေါ့။"
နောက်ထပ် တစ်ယောက်က ပြောလိုက်၏။ "ဒီစစ်ပွဲ ပြီးရင်တော့ ကိုယ့်သဘောနဲ့ကိုယ် လက်နက်ချ အညံ့ခံပြီး အကျိုးအမြတ်လေး နည်းနည်းပါးပါး ပိုတောင်းကြတာပေါ့။ မဟုတ်ရင် ဒီအတိုင်း ဆက်ပြီး အချိန်ဆွဲနေရင်တော့...။"
ရုတ်တရက် အပြင်ဘက်မှ စစ်သားတစ်ယောက်က လာရောက် သတင်းပို့ရာ မျက်နှာတွင် အထိတ်တလန့်ဖြစ်နေသည်။ "မီး... ကောင်းကင်မီးတွေ လာနေပြီ။"
ခေါင်းဆောင်အချို့က ချက်ချင်း မတ်တတ်ထရပ်လိုက်ကြပြီး ခေါင်းဆောင်ဖြစ်သူက အံ့သြစွာဖြင့် မေးလိုက်၏။ "ဘာ ကောင်းကင်မီးလဲ။"
"ကောင်းကင်ပေါ်မှာ မီးတွေ လွင့်နေတယ်... ကောင်းကင်ပေါ်မှာ မီးတွေ လွင့်နေတယ်။"
ဒေသခံက တုန်တုန်ယင်ယင်ဖြင့် ပြောနေပြီး ခြေထောက်နှစ်ဖက်ကပင် အမိန့်မနာခံတော့ပေ။ စောနက အပြင်ဘက် မြင်ကွင်းက တကယ်ကို အံ့သြထိတ်လန့်စရာ ကောင်းလွန်းလှပြီး တစ္ဆေသရဲ၊ နတ်ဘုရား ဆိုသည့် အတွေးအမျိုးမျိုးက ခေါင်းထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေသည်။
"သောက်ရေးမပါတာ။ မင်း ဘာတွေ လျှောက်ပြောနေတာလဲ။"
ခေါင်းဆောင်ဖြစ်သူက ဒေါသတကြီးဖြင့် ရှေ့တိုးကာ ပါးရိုက်ချပြီး အော်ဟစ်လိုက်၏။ "အားလုံး ငါ့နောက်က လိုက်ခဲ့၊ အပြင်ထွက် ကြည့်ရအောင်။"
လူအချို့က လက်နက်များကို ယူကာ အပြင်သို့ ခပ်သွက်သွက် လျှောက်သွားကြရာ သိပ်မဝေးခင်မှာပင် ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ အဝေးရှိ ကောင်းကင်ယံတွင် ကြယ်ရောင်လေးများကဲ့သို့ မီးတောက်များက တန်းစီလျက် သူတို့ဆီသို့ ပျံသန်းလာနေပြီး အပေါ်ဘက်တွင် မည်းမည်း အရိပ်ကြီးတစ်ခု ပါလာသည်ကို ဝေဝါးစွာ မြင်တွေ့နေရသည်။ ထိုအရာက ဘာမှန်းမသိပေ။
ဒေသခံ အများအပြားက လမ်းမပေါ်တွင် ကောင်းကင်ကို ကြည့်ကာ အဆက်မပြတ် ဒူးထောက် ရှိခိုးနေကြပြီး ပါးစပ်မှလည်း တစ်စုံတစ်ခုကို အဆက်မပြတ် ရေရွတ်နေကြသည်။ ခေါင်းဆောင်အချို့မှာ ချက်ချင်း ကြောင်အမ်းအမ်း ဖြစ်သွားကြပြီး မနေနိုင်ဘဲ ထိုနေရာတွင်ပင် ရပ်ကာ စဉ်းစားနေကြတော့သည်။
……
ကောင်းကင်ယံတွင်တော့ ကျောက်လျဲ့က အနည်းငယ် ချမ်းစိမ့်စိမ့်ဖြစ်လာသဖြင့် အင်္ကျီကော်လာကို ဆွဲစေ့လိုက်သည်။ မျက်စိအောက်တွင် မှောင်မည်းနေပြီး... အောက်ဘက်ရှိ မီးရှူးမီးတိုင် အများအပြားကိုသာ မြင်နေရသည်။ မီးရှူးမီးတိုင် အစုလိုက်အပြုံလိုက်က ကိုယ့်လူတွေလည်း ဖြစ်နိုင်သလို ယုံယွမ်ရွာကို ကာကွယ်နေသော ဒေသခံ စစ်သည်တွေလည်း ဖြစ်နိုင်၏။
တကယ်လို့ ရေနံဆီဘူး ပစ်တာ လွဲသွားရင်တော့ ဒုက္ခပဲ။ ကြိုတင် အစီအစဉ်အရဆိုရင် အောက်ကလူတွေ ဒီအချိန်လောက်ဆို အချက်ပြသင့်ပြီ။ မီးပုံးပျံရဲ့ မီးရောင်ကို မမြင်ရလို့များလား။
ကျောက်လျဲ့ စဉ်းစားနေစဉ် ရုတ်တရက် အောက်ဘက်ရှိ မီးရောင်များ စတင် လှုပ်ရှားလာသည်ကို မြင်လိုက်ရသည်။
လျောက်ချွန်း ဦးဆောင်သော စစ်ကြောင်း သုံးကြောင်းက လမ်းကြောင်း စတင် ပြောင်းလဲလိုက်ရာ မူလက ဖရိုဖရဲ ဖြစ်နေသော မီးရောင်များက မြားခေါင်း သုံးခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားပြီး ယုံယွမ်ရွာဘက်သို့ တညီတညွတ်တည်း ညွှန်ပြနေကြသည်။
ယုံယွမ်ရွာ မြို့ရိုးပေါ်တွင် မီးရှူးမီးတိုင်များ ကိုင်ကာ မြို့ကို ကာကွယ်နေသော ဒေသခံ စစ်သည်များက အဝေးရှိ ဖရိုဖရဲ မီးရောင်များ ရုတ်တရက် ထူးဆန်းသော ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားသည်ကို မြင်သောအခါ ရင်ထဲတွင် တစ်ပြိုင်နက်တည်း အတွေးတစ်ခု ပေါ်လာ၏။
ဘာလဲ။
↗↑↖
ကျောက်လျဲ့က အောက်ဘက်တွင် ကြိုတင် အစီအစဉ်အတိုင်း လှုပ်ရှားနေသည်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ အော်ဟစ်လိုက်သည်။ "ညီအစ်ကိုတို့ … ရေနံဆီဘူးတွေ ပစ်ချဖို့ ပြင်ကြ။ လုံးဝ လွဲသွားလို့ မဖြစ်ဘူးနော်။"
……
ယုံယွမ်ရွာအတွင်းတွင် ဒေသခံ ခေါင်းဆောင်အချို့က ကောင်းကင်ပေါ်ရှိ တန်းစီနေသော မီးရောင်များကို လေ့လာနေကြဆဲဖြစ်ပြီး အနည်းငယ် သဘောပေါက်လာကြပြီဖြစ်၏။
"နတ်ဘုရားတွေရဲ့ အစွမ်းပဲ။ ဒါက နတ်ဘုရားတွေရဲ့ အစွမ်းပဲ။ နတ်ဘုရားတွေတောင် ကူညီဖို့ ရောက်လာပြီဆိုတော့ ဒီစစ်ပွဲမှာ ကျင်းစစ်တပ် သေချာပေါက် ရှုံးပြီပဲ။"
လူအချို့က ဆွေးနွေးရင်း တဖြည်းဖြည်း သဘောတူညီမှု ရသွားကြပြီးနောက် ဝမ်းသာအားရဖြင့် မြေပြင်ပေါ် ဒူးထောက်ကာ အဝေးသို့ လှမ်း၍ ရှိခိုးကြတော့သည်။
ရှိခိုးနေစဉ် ရုတ်တရက် မီးတောက်များ ထွက်နေသော အရာတစ်ခု အောက်သို့ ကျလာသည်ကို ဝေဝါးစွာ မြင်လိုက်ရသည်။ ထိုမီးတောက်နေသော အရာက အလျင်အမြန် ကျဆင်းလာပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် ရွာ၏ မြောက်ဘက်ထောင့်သို့ ပြင်းထန်စွာ ကျရောက်သွားကာ ဘုန်းခနဲ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ မီးပွားများ လွင့်စင်သွားပြီး မရေမတွက်နိုင်သော ရေနံဆီများ ပန်းထွက်သွားကာ ထပ်မံ၍ မီးလောင်ကျွမ်းသွားတော့သည်။
ပို၍ ကြောက်စရာကောင်းသည်မှာ ယုံယွမ်ရွာအတွင်းရှိ အဆောက်အအုံအားလုံးနီးပါးက သစ်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ရီရွှန်းက စိုထိုင်းဆ အလွန်များသော်လည်း ရေနံဆီကတော့ အစိုဓာတ်ကို မကြောက်ပေ...။
ချက်ချင်းဆိုသလိုပင် မြို့ထဲသို့ မီးတောက်များ ပါလာသော ရေနံဆီဘူးများက ဆက်တိုက်ဆိုသလို ကျဆင်းလာတော့သည်။ မြို့ထဲတွင် ငိုယိုသံများ၊ အထိတ်တလန့် အော်ဟစ်သံများ၊ အကူအညီတောင်းသံများ စတင် ထွက်ပေါ်လာသည်။ သို့ပေမည့် ဤအရာများက ဘာမှ မကူညီနိုင်တော့ပေ၊ မီးက အပြင်းအထန် စတင် ကူးစက်လာပြီဖြစ်သည်။
ဒေသခံ ခေါင်းဆောင်များ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုမှ ကြောင်အမ်းအမ်းဖြစ်သွားကာ နောက်ဆုံးတွင် မျှော်လင့်ချက်မဲ့သွားတော့သည်။ ရေနံဆီဘူး တစ်ဘူးက သူတို့အနီးသို့ ပြင်းထန်စွာ ကျရောက်လာသောအခါမှသာ အော်ဟစ်လိုက်၏။ "ရန်သူတွေ လာပြီ။ ရန်သူတွေ လာပြီ။ မြန်မြန် ပုန်းကြ။"
ယခုအချိန်မှ သတိထားမိလည်း နောက်ကျသွားပြီဖြစ်သည်။ မီးပုံးပျံ ရောက်ရှိသွားသော နေရာတိုင်းက မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ ပြင်းထန်သော မီးတောက်များက ဝါးမြိုနိုင်သမျှ အရာအားလုံးကို စိတ်ကြိုက် ဝါးမြိုနေပြီး လေစီးကြောင်းကလည်း တဖြည်းဖြည်း မတည်မငြိမ် ဖြစ်လာသည်။ မရေမတွက်နိုင်သော မီးတောက်များက အရူးအမူး ကခုန်နေသကဲ့သို့ လူ့အသက်များကို အတားအဆီးမရှိ ရိတ်သိမ်းနေတော့သည်။
ပိုဆိုးသည်မှာ အဆောက်အအုံများ မီးလောင်ပြီးနောက် ထွက်ပေါ်လာသော မီးခိုးငွေ့များက ကောင်းကင်သို့ လိပ်တက်နေခြင်းဖြစ်သည်။ မီးလောင်မသေခင် အဆိပ်ငွေ့များကြောင့် မွန်းကြပ်ပြီး သေသွားနိုင်၏။
ယုံယွမ်ရွာ အပေါ်ဘက်ရှိ မီးပုံးပျံအဖွဲ့လည်း သိပ်မကောင်းလှပေ။ ကောင်းကင်ပေါ်သို့ လိပ်တက်လာသော မီးခိုးငွေ့များကြောင့် အမြင်အာရုံများ ဝေဝါးနေပြီး ပိုဆိုးသည်မှာ ဖုန်မှုန့်များကို ရှူရှိုက်မိပါက ခန္ဓာကိုယ်ကို အကြီးအကျယ် ထိခိုက်စေနိုင်ခြင်းဖြစ်သည်။ တောက်ယွမ်မှ ထိပ်တန်းစစ်သည်များက ရင်ထဲတွင် အခြေအနေမကောင်းကြောင်း အော်ဟစ်လိုက်ကြသည်။
အကြိမ်ကြိမ် တွက်ချက်ခဲ့ပေမယ့် နောက်ဆုံးတော့ တွက်ကိန်းလွဲသွားတာပဲ။ မီးခိုးငွေ့တွေက ဒီလောက်အမြင့်ကြီးအထိ တက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
သို့ပေမည့် အန္တရာယ်ရှိသော ဓာတ်ငွေ့များ ရှူရှိုက်မိခြင်းမှ မည်သို့ ကာကွယ်ရမည်ကို တောက်ယွမ်ခရိုင်၏ ဆောင်းရာသီ မီးဘေးအန္တရာယ် ကာကွယ်ရေး သင်တန်းတွင် အစောကြီးတည်းက သင်ကြားပေးထားပြီး ဖြေရှင်းရန် နည်းလမ်း မရှိသည်တော့ မဟုတ်ပေ။ သူတို့က ထိပ်တန်းစစ်သည်များ ဖြစ်သည့်အလျောက် ပို၍ပင် အလွတ်ရနေပြီဖြစ်၏။
ကောင်းကင်ပေါ်ရှိ လူအားလုံးက နားလည်မှုရှိစွာဖြင့် အပေါ်အင်္ကျီများကို ချွတ်လိုက်ပြီး အလျင်အမြန် သေး ပန်းချလိုက်ကြသည်။ အနံ့အနည်းငယ် ပါဝင်သော နွေးထွေးသည့် အင်္ကျီများကို နှာခေါင်းနှင့် ပါးစပ်တွင် ဖုံးအုပ်ကာ အောက်ဘက်သို့ ရေနံဆီဘူးများကို ရက်စက်စွာ ဆက်လက် ပစ်ချနေကြတော့သည်။
ဒေသခံ စစ်သည်အများစုကလည်း ထူးဆန်းသော အသံများကို ကြားလိုက်ရသဖြင့် စခန်းချရာ နေရာများမှ အသီးသီး ပြေးထွက်လာကြသည်။ ဤထူးခြားသော မြင်ကွင်းကို ရင်ဆိုင်ရသောအခါ... တချို့က ထွက်ပြေးကြပြီး တချို့က မြေပြင်ပေါ် ဒူးထောက်ကာ အသက်ချမ်းသာပေးရန် တောင်းပန်ကြသည်။ အသက်ရှင်ချင်စိတ် ပိုမို ပြင်းပြသူများကတော့ မြို့တံခါးကို ဖွင့်ရန် အလောတကြီး သွားရောက်ကြသည်။ အရင်တုန်းက လူတွေကို အလုံခြုံဆုံး ခံစားရစေခဲ့သော မြို့တံခါးက ယခုတော့ အသက်နုတ်မယ့် သရဲတစ္ဆေအဖြစ် ပြောင်းလဲသွားပြီ ဖြစ်၏။
မရေမတွက်နိုင်သော ဒေသခံများက မြို့တံခါးအနီးတွင် စုရုံးလာကြပြီး အရူးအမူး တွန်းထိုးဆဲဆိုနေကြကာ အချင်းချင်း ရန်ဖြစ်သည်အထိပင် ဖြစ်လာကြသည်။ တချို့က ခေါင်းကွဲသွေးထွက်သည်အထိ အရိုက်ခံရပြီး သရဲတစ္ဆေများကဲ့သို့ ဖြစ်နေကြသည်။ ပိုဆိုးသည်မှာ အချို့က သူတို့၏ အဖော်များ၏ နင်းကာ ထွက်ပြေးမှုအောက်တွင် သေဆုံးသွားကြပြီဖြစ်သည်။
နောက်ဆုံးတွင် အားအင်များစွာ စိုက်ထုတ်ပြီးနောက် မြို့တံခါး ပွင့်သွားခဲ့သည်။ ကြောက်လန့်နေပြီဖြစ်သော ဒေသခံများ၏ ရင်ထဲတွင် အသက်ရှင်ရန် မျှော်လင့်ချက်လေးတစ်ခု စတင် ပေါ်ပေါက်လာခဲ့သည်။
သို့ပေမည့် မျက်စိရှေ့ရှိ မြင်ကွင်းက သူတို့ကို ရေခဲငရဲထဲသို့ ထပ်မံ ကျဆင်းသွားစေခဲ့သည်။ သူတို့ရှေ့တွင် ပြည့်နှက်နေသော တာ့ကျင်းစစ်သားများက ဓားများကို ကိုင်ကာ ထိုနေရာတွင် စောင့်ဆိုင်းနေသည်မှာ အချိန် အတော်ကြာပြီဖြစ်သည်။ ဓားသွားများက မီးရောင်အောက်တွင် လူသတ်ချင်စိတ်များဖြင့် တောက်ပနေ၏။
လျောက်ချွန်းက လှံရှည်ဖြင့် ညွှန်ပြကာ တံခါးကို ဖောက်ထွက်လာသော ဒေသခံများကို ရက်စက်စွာ ပြုံးရင်း စိုက်ကြည့်နေသည်။ သူက အသံကျယ်ကြီးဖြင့် အော်လိုက်သည်။ "ညီအစ်ကိုတို့ …. ကလဲ့စားချေရမယ့် အချိန်ရောက်ပြီ။ ကျုပ်နောက်က လိုက်ပြီး သတ်။ သတ်... သတ်... သတ်..."
ဒေသခံများက ရိတ်သိမ်းခံရသော ဂျုံပင်များကဲ့သို့ အစုလိုက်အပြုံလိုက် လဲကျသွားကြပြီး သွေးချောင်းစီးသော တိုက်ပွဲတစ်ခု ထပ်မံ ဖြစ်ပေါ်လာပြန်သည်။ ယခုအချိန်တွင် ယုံယွမ်ရွာသည် ငရဲပြည်အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်၏။
ညတွင်းချင်း မီးအပြင်းအထန် လောင်ကျွမ်းသွားပြီးနောက် ယုံယွမ်ရွာအတွင်းပိုင်းက ဧရာမ မီးဖိုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ သက်ရှိအားလုံး ဤနေရာမှာ ပြာကျသွားခဲ့ပြီဖြစ်သည်။ ကျိုးထျဲ့က လူအုပ်ကြီးကို ဦးဆောင်ကာ နှစ်ကြိမ်တိုင်တိုင် ဆက်တိုက် ဗုံးကြဲပြီးနောက်မှသာ တောက်ယွမ်မှ ထိပ်တန်းစစ်သည်များကို ခေါ်ဆောင်ကာ လျောက်ချွန်းကို ကူညီရန် တောင်ပေါ်သို့ တက်လာခဲ့သည်။
ယုံယွမ်ရွာအတွင်းမှ မီးက မငြိမ်းသေးဘဲ လျောက်ချွန်းက ပတ်ဝန်းကျင်တွင် စစ်တပ်ကို ဦးဆောင်ကာ လှည့်ကင်းလှည့်နေဆဲဖြစ်သည်။ အသက်ရှင်နေသူကို တွေ့သည်နှင့် ချက်ချင်း သုတ်သင်ပစ်၏။
သို့ပေမည့် ကျိုးထျဲ့ ပေါ်လာသောအခါ အမြဲတမ်း မျက်နှာထား တင်းမာနေသော လျောက်ချွန်းက ချက်ချင်းဆိုသလို တစ်ကိုယ်လုံး အားတက်သရော ဖြစ်သွားတော့သည်။ လှံရှည်ကို ပစ်ချလိုက်ပြီး ပါးစပ်ကြီးကို ဟကာ လက်နှစ်ဖက်ကို ကားထားရင်း ရှေ့သို့ တိုးလာကာ ပွေ့ဖက်ရန် ပြင်လိုက်သည်။
"ညီအစ်ကိုကျိုးထျဲ့ … ဒီတစ်ခေါက် ခင်ဗျားတို့ရဲ့ ကျေးဇူးကြောင့်ပါ။ တကယ်ကို အိမ်ရှေ့စံမင်းသား လွှတ်လိုက်တဲ့...။"
ရုတ်တရက် ထွက်ပေါ်လာသော သေးစော်နံကြောင့် လျောက်ချွန်းက ခြေလှမ်းများကို အချိန်မီ ရပ်တန့်လိုက်သည်။ လက်နှစ်ဖက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ကျေနပ်အားရနေသော မျက်လုံးများဖြင့် ကျိုးထျဲ့ကို လေးစားစွာ အရိုအသေပေးလိုက်သည်။
စစ်သားကောင်းပဲ။ တကယ့် စစ်သားကောင်းပဲ။ ကောင်းကင်ပေါ်မှာ ကြောက်လွန်းလို့ သေးထွက်ကျသွားပေမယ့် တာဝန်ကို နည်းနည်းလေးတောင် မလစ်ဟင်းခဲ့ဘူး၊ တကယ်ကို ကြီးမားတဲ့ ကောင်းမှုကြီး ယူသွားတာပဲ။
အပိုင်း (၆၉၇) သိပ္ပံပညာလေပြေများ နေရာအနှံ့ တိုက်ခတ်ခြင်း။
လအနည်းငယ်အတွင်း မြို့တော်ရှိ ပြည်သူများကြားတွင် အပြောင်းအလဲများ အများအပြား ဖြစ်ပေါ်လာခဲ့သည်။
ရှောင်လဲ့ထျန်းက ငွေတုံး တစ်ရာ ပညာသင်ဆုကို အောင်မြင်စွာ ရရှိသွားသည်နှင့်အမျှ မရေမတွက်နိုင်သော ကျောင်းသားများမှာ ပွက်လောရိုက်သွားကြသည်။ အစပိုင်းတွင် မနာလိုဖြစ်ခဲ့ကြသော်လည်း ဤအခြေအနေက အချိန်အကြာကြီး မခံခဲ့ပေ။
တာ့ကျင်း၏ ပြည်သူများက အမြဲတမ်း သဘောကောင်းကြပြီး အားနည်းသူများနှင့် ကြုံတွေ့ရပါက အမြဲတမ်း နှစ်ဆတိုး၍ ကိုယ်ချင်းစာတတ်ကြသည်။ သို့ပေမည့် ကိုယ့်ထက် ပိုကောင်းသော ဘဝကို ပိုင်ဆိုင်နေသူများနှင့် ကြုံတွေ့ရပါက အမြဲတမ်း မျက်ခုံးပင့်ကာ အပြစ်ရှာတတ်ကြသည်။
ရှောင်လဲ့ထျန်း၏ စာတမ်းအယူအဆက ဘာအသုံးမှမကျကြောင်း လူတိုင်း သိသွားသောအခါ ရေလှိုင်းများကဲ့သို့ မရေမတွက်နိုင်သော ဝေဖန်ပြောဆိုမှုများက သူ့ဆီသို့ အုံကြွ ရောက်ရှိလာတော့၏။
အရှေ့ဘက်ဆင်ခြေဖုံးတက္ကသိုလ်အတွင်းတွင် ပညာရေးအခြေအနေ ကောင်းမွန်ပြီး ကျောင်းသားအများစုက အချင်းချင်း တွေ့ဆုံသည့်အခါ အခြေခံ ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ကြသော်လည်း လျှို့ဝှက်ပြောဆိုမှုများကတော့ အတော်လေး ကြည့်မကောင်းဖြစ်နေသည်။ ပို၍ ခံစားရခက်သည်မှာ အိမ်သို့ ပြန်ရောက်သောအခါ အိမ်နီးချင်းများ၏ နားကလော်စရာကောင်းပြီး မထီမဲ့မြင်ပြုသော စကားများက ရှောင်လဲ့ထျန်းနှင့် ဖခင်ဖြစ်သူတို့၏ နားထဲသို့ အဆက်မပြတ် ဝင်ရောက်လာခြင်းဖြစ်သည်။ ဤအရာက သူ့ကို အချိန်အတော်ကြာအောင် နာကျင်စေခဲ့သည်။
နောက်ဆုံးတွင် ဖန်ကျန်းရီ ကိုယ်တိုင် ထွက်လာပြီး သူ့ကို အားဆေးတစ်ခွက် တိုက်လိုက်မှသာ စိတ်ဓာတ်ကျနေမှုများ သက်သာသွား၏။
တကယ်တော့ ဖန်ကျန်းရီ ကိုယ်တိုင်ပင်လျှင် ဝေဖန်မှုများနှင့် တိုက်ခိုက်မှုများစွာကို ခံခဲ့ရသည်။ သို့ပေမည့် သူက မျက်နှာပြောင်တိုက်ကာ လုံးဝ ဂရုမစိုက်ပေ။
ကိုယ် ဘယ်လောက် ချမ်းသာလဲ၊ ဘဝက ဘယ်လောက် သာယာနေလဲဆိုတာ... အဲဒီ တောသားတွေက အစွမ်းကုန် စဉ်းစားရင်တောင် တွေးမိမှာ မဟုတ်ဘူး။ ဘဝကို အရသာခံဖို့တောင် အချိန်မလောက်တာကို၊ ခင်ဗျားတို့လို အလုပ်မရှိတဲ့ကောင်တွေနဲ့ စကားများနေရမလား။
ထို့အပြင် သမိုင်းကြောင်းကိုလည်း သူ အစောကြီးတည်းက ရှင်းလင်းစွာ မြင်ထားပြီးပြီဖြစ်ရာ ထိုအေးစက်စက် လှောင်ပြောင်မှုများက သူ့ကို ပြုံးမိစေရုံသာ ရှိသည်။ သို့သော်ငြား အကျိုးကျေးဇူး လုံးဝမရှိသည်တော့ မဟုတ်ပေ၊ ရှောင်လဲ့ထျန်းက ဒီပလိုမာအဆင့် တက်သွားပြီး ပညာသင်ဆုပါ ရရှိသွားခဲ့သည်။ ဤသည်က အခြားကျောင်းသားများ၏ ယှဉ်ပြိုင်ချင်စိတ်ကို နှိုးဆွပေးလိုက်ခြင်း ဖြစ်သည်မှာ သေချာသည်။
နေ့စဉ် ကျောင်းဆင်းပြီးနောက် အရူးတစ်ယောက်ကဲ့သို့ ဘာအသုံးမှမကျသော သဘာဝဖြစ်စဉ်များကို နေရာအနှံ့ လိုက်လံ လေ့လာစောင့်ကြည့်ကာ တစ်ရှိန်ထိုး တိုးတက်ရန် ကြိုးစားနေကြသည်။ စာတမ်းအမျိုးမျိုးက နှင်းပွင့်များကဲ့သို့ အရှေ့ဘက်ဆင်ခြေဖုံးတက္ကသိုလ်အတွင်းတွင် ထွက်ပေါ်လာ၏။
ကျောင်းအတွင်းရှိ ပညာသင်ယူလိုစိတ် ပြင်းပြမှုက ဖန်ကျန်းရီ မျှော်မှန်းထားသည်ထက် အများကြီး ကျော်လွန်သွားခဲ့ရာ ဤအတွက် အထူးအရေးပေါ် စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ရသည်။
လူတိုင်း၏ စာတမ်းကို စစ်ဆေးရေးအဖွဲ့သို့ တင်ပြ၍ စစ်ဆေးခံရမည်ဖြစ်ပြီး ထို့နောက် စမ်းသပ်မှုများဖြင့် စစ်ဆေးခြင်း သို့မဟုတ် လက်တွေ့ကွင်းဆင်း လေ့လာခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။
အကယ်၍ စမ်းသပ်မှု ရလဒ်များကို ထပ်မံလုပ်ဆောင်ကြည့်၍ ရနိုင်သည်၊ သို့မဟုတ် ဖြစ်စဉ်မှာ အမှန်တကယ် ဖြစ်တည်သည်ဆိုပါက ကျောင်းတွင်း ကြေညာသင်ပုန်း၌ အရင်ဆုံး ဖော်ပြပေးမည်။ အကယ်၍ တစ်စုံတစ်ယောက်က သဘောမတူပါက ခန်းမထဲတွင် လူလုံးရှေ့၌ စကားရည်လုပွဲ ကျင်းပရန် လျှောက်ထားနိုင်ပြီး၊ အထောက်အထားနှင့် ယုတ္တိဗေဒကို အသုံးပြုကာ ပြောဆိုရမည်။
သေချာသော ရလဒ်တစ်ခု ရရှိပြီဆိုသည်နှင့် တစ်ပြိုင်နက် သတင်းစာတွင် ဆောင်းပါးဖော်ပြကာ လူတိုင်းအား ဖတ်ရှုစေမည် ဖြစ်သည်။ ပန်းရှန်းသတင်းစာကလည်း ဤအတွက် အထူး သိပ္ပံပညာပေး ကဏ္ဍတစ်ခုကို ဖန်တီးလိုက်သည်။ ထိုအထဲမှ တစ်စိတ်တစ်ပိုင်းမှာ သိပ္ပံပညာပေး ဇာတ်လမ်းတိုလေးများနှင့် ဗဟုသုတလေး များပင် ဖြစ်သည်။
ဖန်ကျန်းရီက နေ့ရောညပါ မအိပ်ဘဲ စက်ဝိုင်းပိုင်းဖြတ်နည်းကို အသုံးပြုကာ ပိုင်တန်ဖိုးကို 3.141592653 အထိ အောင်မြင်စွာ တွက်ထုတ်နိုင်ခဲ့သည် ဆိုသည်မျိုးပင် ဖြစ်၏။ ထို့အပြင် အဘယ်ကြောင့် ထမင်းမစားမီနှင့် အိမ်သာတက်ပြီးလျှင် လက်ဆေးရသနည်း၊ ဖက်ထုပ်စိမ်းများက အဘယ်ကြောင့် နစ်သွားပြီး ကျက်သွားသောအခါ အပေါ်သို့ ပေါ်လာရသနည်း စသည်တို့ ပါဝင်၏။
ကျန်ရှိသော အပိုင်းကတော့ အရှေ့ဘက်ဆင်ခြေဖုံးတက္ကသိုလ်အတွင်း၌ အုတ်အော်သောင်းနင်း ဖြစ်နေကြသည့် အကြောင်းအရာများပင် ဖြစ်သည်။ ပုံမှန်အားဖြင့်မူ ကျောင်းမှ စစ်ဆေးရေးအဖွဲ့နှင့် သတင်းစာတိုက်မှ သတင်းထောက်များ ပူးပေါင်းကာ လူအများ နားလည်နိုင်မည့် ဘာသာစကားဖြင့် တစ်ခေါက် ပြန်လည် ပြင်ဆင်ပြီးမှသာ ဖော်ပြလေ့ရှသည်။ ခဏအတွင်းမှာပင် ပြည်သူများကြား၌ သိပ္ပံပညာနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးမှုများမှာ အုတ်အော်သောင်းနင်း ဖြစ်လာပြီး အလွန်ပင် စည်ကားနေတော့သည်။
ဤအခြေအနေကို ကြည့်ကာ အရှေ့ဘက်ဆင်ခြေဖုံးတက္ကသိုလ်က သတင်းသစ်တစ်ခုကို ထပ်မံ၍ ထုတ်ပြန်လိုက်သည်။ ပြည်သူများထဲမှ ထူးခြားသောသူ တစ်ဦးဦးက အရှေ့ဘက်ဆင်ခြေဖုံးတက္ကသိုလ်၏ စစ်ဆေးမှုကို ခံနိုင်ရည်ရှိသည့် ဆောင်းပါးတစ်ပုဒ်ကို သတင်းစာတွင် ဖော်ပြနိုင်ပါက ကျား၊ မ၊ အရွယ်မရွေး ချွင်းချက်အနေဖြင့် ကျောင်းတက်ခွင့်ပြုမည် ဖြစ်သည်။ အရှေ့ဘက်ဆင်ခြေဖုံးတက္ကသိုလ်တွင် ကျောင်းတက်ခြင်းမှာ ပညာသင်ဆုမှလွဲ၍ ငွေမရသော်လည်း ဘွဲ့ရရှိသည်နှင့် တစ်ပြိုင်နက် တော်ဝင်သိပ္ပံ အကယ်ဒမီသို့ ဝင်ခွင့်ရရှိနိုင်ချေရှိ၏။
တော်ဝင်သိပ္ပံအကယ်ဒမီဆိုသည်မှာ တော်ဝင်မိသားစုနှင့် ပတ်သက်ဆက်နွှယ်နေသည် မဟုတ်ပါလား။ ထို့အပြင် လစာငွေလည်း ရရှိနိုင်သေးသည်။ အတိအကျ မည်မျှရရှိသည်ကို အပြင်လူများ မသိရှိကြသော်လည်း ဤသည်မှာ တော်ဝင်မိသားစု ဖြစ်ရာ ငွေကြေးမှာ နည်းပါးနိုင်ပါမည်လား။ ဤသတင်းထွက်ပေါ်လာသည်နှင့် မီးတောက်ထဲသို့ ဆီလောင်းထည့်လိုက်သကဲ့သို့ပင် သိပ္ပံသုတေသန၏ လှိုင်းသစ်တစ်ခုကို ထပ်မံ နှိုးဆွလိုက်သကဲ့သို့ ဖြစ်သွားသည်။
ပြည်သူအများစု၏ ခေါင်းထဲတွင် သဘာဝဖြစ်စဉ်များနှင့် ပတ်သက်၍ စိတ်ကူးယဉ်မှု အမျိုးမျိုး ရှိနေကြသည်။ သို့သော်လည်း ထိုစိတ်ကူးယဉ်မှုများမှာ ခေါင်းထဲတွင်သာ ရှိနေနိုင်ပြီး၊ အကယ်၍ အပြင်၌ ပြောပြလိုက်ပါက အခြားသူများ၏ လှောင်ပြောင်မှုကို ခံရမည်ကို စိုးရိမ်ကြရသည်။ သို့ပေမည့် ယခုမူ မတူညီတော့ချေ။ လူအများရှေ့တွင် လွတ်လပ်စွာ ပြောဆိုနိုင်ခွင့် ရရှိသွားပြီ ဖြစ်၏။ လူလုံးရှေ့၌သာမက တော်ဝင်မိသားစုကပါ အားပေးနေသေးသည်ဖြစ်ရာ မပြောဆိုဘဲနေပါက အချည်းနှီးသာ ဖြစ်ပေမည်။ အကယ်၍များ မိမိပြောဆိုချက် မှန်ကန်သွားခဲ့လျှင်...။
မရေမတွက်နိုင်သော လူများက ထမင်းမေ့ ဟင်းမေ့ ဖြစ်နေကြပြီး အလုပ်ကိုလည်း သိပ်စိတ်မဝင်စားတော့ဘဲ နေ့စဉ်နေ့တိုင်း ကမ္ဘာကြီးကို တုန်လှုပ်သွားစေမည့် စာတမ်းတစ်စောင် ဖန်တီးနိုင်ရန်သာ တွေးတောနေကြသည်။
ပထမအဆင့်၊ တတိယအဆင့်တွေကို ကျော်ပြီး ဒီပလိုမာကို တန်းသွားကာ ဖြတ်လမ်းကနေ အောင်မြင်မှု ရယူချင်နေကြ၏။
ခဏအတွင်းမှာပင် စိုက်ပျိုးရေး၊ နက္ခတ္တဗေဒ၊ ပထဝီဝင်၊ ဆည်မြောင်း စသော လုပ်ငန်းခွင် အသီးသီးမှ ပြည်သူများ၏ ဖုံးကွယ်နေသော ဉာဏ်ပညာများ ပေါက်ကွဲထွက်လာသည်။ ဥပမာအားဖြင့် စပါးစိုက်သည့် အကွာအဝေးက စပါးအထွက်နှုန်းအပေါ် မည်သို့ သက်ရောက်မှု ရှိသနည်း၊ မိခင်ဝက်မ မီးဖွားပြီးနောက် ပြုစုစောင့်ရှောက်ပုံ၊ အဘယ်ကြောင့် ဆီးက ချိုသွားရသနည်း စသည်တို့ ဖြစ်၏။
စာတမ်းအမျိုးမျိုးမှာ ပေါက်ကွဲထွက်လာသကဲ့သို့ တိုးပွားလာသောကြောင့် ၎င်းအထဲတွင် အလွန်ပင် လက်တွေ့အသုံးကျသော အကြောင်းအရာများ ပါဝင်လာသည်။ သို့ပေမည့် အရေအတွက် အနည်းငယ် နည်းပါးနေခြင်းသာ ရှိပေသည်။ သို့သော်လည်း ထိုအသစ်အဆန်းဖြစ်ပြီး လက်တွေ့အသုံးကျသည့် အကြောင်းအရာများက စာမတတ်သော ပြည်သူ အများအပြားကိုပင် ရူးသွပ်လုမတတ် သင်ယူချင်စိတ်များ ဖြစ်ပေါ်လာစေခဲ့သည်။ ဆက်တိုက်ဆိုသလိုပင် လူအများအပြားမှာ မိမိတို့သဘောဖြင့် မိမိတို့ စာသင်၊ စာဖတ်ရန် စတင်လာကြတော့သည်။
လူများ၏ ခေါင်းထဲမှ အတွေးများမှာ မည်မျှပင် ထူးဆန်းနေပါစေ၊ မည်မျှပင် အသစ်အဆန်း ဖြစ်နေပါစေ တူညီသွားတတ်သည်သာ ဖြစ်သည်။ အကယ်၍ အရင်ဆုံး ဖော်ပြခွင့် မရပါက အခြားသူများက အရင်ဦးသွားကြပေလိမ့်မည်။ ယခုမှ သင်ယူပြီး ယခုမှ ရေးသားရန်မှာ အချိန်မမီနိုင်တော့ရာ၊ ထို့ကြောင့် ဆင်းရဲသော ပညာတတ်အချို့က ဤစာမတတ်သည့် စျေးကွက်ကို မျက်စိကျသွားကြပြီး စာတမ်းကိုယ်စားရေးပေးသော ဝန်ဆောင်မှုကို စတင်လိုက်ကြ၏။
မြို့တော်မှ ဉာဏ်ကောင်းသော စာအုပ်ကုန်သည်အချို့လည်း သတင်းစာ ဖြတ်ပိုင်းများကို စုဆောင်းတတ်လာကြပြီ ဖြစ်သည်။ နေ့စဉ် သတင်းစာတွင် ဖော်ပြထားသည့် အသစ်အဆန်း စကားများကို စုစည်းကာ စာအုပ်တစ်အုပ်အဖြစ် ထုတ်ဝေလိုက်ကြသည်။
ဖန်ကျန်းရီက အစပိုင်းတွင် စာအုပ်ကုန်သည်များထံမှ စာမူခ တစ်ကြိမ်တောင်းရန် တွေးထားသော်လည်း စဉ်းစားကြည့်ပြီးနောက် အတွေးပြောင်းသွားသည်။ သတင်းစာတွင် ဖော်ပြသူများက သတင်းစာတိုက်သို့ ငွေပေးပြီးပြီဖြစ်ရာ ဤငွေက သူနှင့် ဘာမှမဆိုင်ပေ။ စာအုပ်ကုန်သည်နှင့် သတင်းစာတွင် ဖော်ပြသူတို့ ခွဲဝေယူသင့်သည်။ ထို့အပြင် ထိုငွေအနည်းငယ်ကို ရှာမည့်အစား စာအုပ်အတွက် မျက်နှာဖုံးစာတမ်းလေး ရေးပေးပြီး သိပ္ပံပညာပေး လှိုင်းလုံးကြီးကို ထပ်မံ တွန်းအားပေးလိုက်သည်က ပိုကောင်းမည်။
စာအုပ်ကုန်သည်များက မူလက စာရေးဆရာနှင့် ငွေခွဲဝေရမည်ကို ကြားသောအခါ အနည်းငယ် မလိုလားသော်လည်း ဖန်ကျန်းရီက မျက်နှာဖုံးစာတမ်း ရေးပေးမည်ကို ကြားသောအခါ ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားကြပြီး နှစ်ဖက်စလုံး ချက်ချင်း သဘောတူညီသွားကြသည်။ နောက်ပိုင်းတွင် ထုတ်ဝေသော သိပ္ပံစာအုပ်တိုင်းနီးပါးတွင် ဖန်ကျန်းရီ၏ ထောက်ခံချက် စကားများ ရေးသားထားတော့၏။
[ရုံးတော်မှာ အရာရှိမဖြစ်ခင် မဖတ်မဖြစ် ဖတ်ရမယ့် သိပ္ပံဗဟုသုတ၊ အရှေ့ဘက်ဆင်ခြေဖုံးတက္ကသိုလ် ကျောင်းအုပ်ကြီး ဖန်ကျန်းရီ ကိုယ်တိုင် အကြံပြုထားသည်။]
[သီးနှံတွေ ဖွံ့ဖြိုးဖို့၊ သိပ္ပံနည်းကျ စိုက်ပျိုးစို့။ စပါးအထွက်နှုန်းကို တိုးမြှင့်ပြီး ခင်ဗျားလက်ထဲမှာ ရိက္ခာရှိအောင်၊ စိတ်ထဲမှာ မပူပန်ရအောင် လုပ်ပေးမယ်။ - ဖန်ကျန်းရီ]
[ဒီစာအုပ်က လူငယ်တွေရဲ့ စိတ်ဓာတ်ရေးရာကို ပြုစုပျိုးထောင်ပေးတဲ့ အကောင်းဆုံး စာအုပ်တစ်အုပ်ဖြစ်ပြီး အရည်အသွေးပြည့်ဝတဲ့ ပညာရေးရဲ့ စံပြပုံစံတစ်ခုပါပဲ။ - ဖန်ကျန်းရီ] ...
စာအုပ်ကုန်သည်များက ငွေအမြောက်အမြား ရှာနိုင်သွားပြီး ဖန်ကျန်းရီလည်း ခဏအတွင်းမှာပင် တာ့ကျင်း စာအုပ်ထုတ်ဝေရေးလောက၏ မျက်နှာဖုံးစာတမ်း မင်းသားလေး ဖြစ်သွားတော့သည်။
အခြေအနေက ဖန်ကျန်းရီ အမြင်တွင် အလွန်ကောင်းမွန်နေသော်လည်း ပြည်သူများ၏ ဝေဖန်ပြောဆိုမှုများက ဤမျှ လှုပ်ခတ်နေသဖြင့် ရုံးတော်ရှိ ရှေးရိုးစွဲ ပညာတတ်ကြီးများကတော့ ထုံးစံအတိုင်း မကျေမနပ် ဖြစ်လာကြတော့သည်...။
ဤနေ့တွင် ဝူတံခါးအပြင်ဘက်၌ ဖန်ကျန်းရီက ဝေါယာဉ်ဖြင့် ရောက်ရှိလာစဉ် မမျှော်လင့်ထားသော အရိပ်တစ်ခုက သူ၏ ဘေးတွင် ရုတ်တရက် ပေါ်လာ၏။
"ဖန်ကြီး... ဒါ မနေ့ညက အတည်ပြုထားတဲ့ စာမူပဲ။ ခင်ဗျား ကြည့်စမ်းပါအုံး ..။ သတင်းထူးတွေ ထပ်ပေါ်လာပြန်ပြီ၊ မြို့ထဲမှာ သရဲခြောက်နေတယ်တဲ့။"
ဖန်ကျန်းရီက စိတ်ကို အတင်းအကျပ် လန်းဆန်းအောင် လုပ်လိုက်ပြီး လီယွမ်ကျောက် လက်ထဲမှ သတင်းစာကို ယူလိုက်သည်။ ဤကောင်လေးက အသစ်အဆန်း ကိစ္စများအပေါ် အလွန်အမင်း စိတ်ဝင်စားနေပြီး မေးခွန်းများကို ဖြေကြားပေးရန် မိမိကို အမြဲတမ်း လာရှာလေ့ရှိသည်။ ယနေ့တွင် မနက်စောစောစီးစီး ဝူတံခါး အပြင်ဘက်ကိုတောင် ရောက်လာသေးသည်။ ကျင်းဘုရင်မင်းမြတ် သိ,မသိတော့ မပြောတတ်ပေ။
ဝန်းကျင်ရှိ လူများက အိမ်ရှေ့စံမင်းသား ရောက်လာသည်ကို မြင်သောအခါ အသီးသီး အရိုအသေ ပေးလိုက်ကြသည်။
ဖန်ကျန်းရီက သတင်းစာကို ပေါ့ပေါ့တန်တန် တစ်ချက်ကြည့်လိုက်ပြီး လီယွမ်ကျောက်ထံ ပြန်ပေးရင်း ပြောလိုက်၏။ "မင်းသား... ကျုပ် ဒီတလော သတင်းစာတိုက်ကို မသွားဖြစ်ဘူး၊ အခု သတင်းစာတိုက်က ဘာလို့ ပိုပိုပြီး ပေါ့ဆလာတာလဲ။ အမှိုက်သတင်းတွေ အကုန်လုံး လိုက်ဖော်ပြနေတယ်၊ သရဲ၊ နတ်ဘုရားဆိုတာ ဘယ်မှာ ရှိမှာလဲ၊ အကုန် လျှောက်ပြောနေတာချည်းပဲ။"
လီယွမ်ကျောက်က သတင်းစာကို ကြည့်ကာ စကားထစ်နေသည်။ "ဒါပေမဲ့ သတင်းစာတိုက်က အဖြစ်မှန်အတိုင်း ဖော်ပြတာပဲလေ။ မြို့တော်က ဒီဝမ်မိသားစုက ကျောက်မျက်ရတနာ တစ်ပွင့် ကောက်ရပြီး ဆွဲသီးလုပ်ဆွဲတာ၊ အဲဒီဆွဲသီးကို ဆွဲဖူးတဲ့သူတိုင်း ဆက်တိုက် ရောဂါဖြစ်ပြီး သေကုန်ကြပြီ။ သရဲခြောက်တာကလွဲပြီး တခြား ဘယ်လိုမှ ရှင်းပြလို့ မရဘူးမလား။ နောက်ဆုံး ကျန်တဲ့ သားအငယ်ဆုံးလေးက တောက်ယွမ်ဆေးခန်းမှာ ရှိသေးတယ်လေ၊ ဝမ်မုန်တို့တောင် ရောဂါအကြောင်းရင်းကို လုံးဝ ရှာမတွေ့ဘူးတဲ့။"
"ဘာ။"