← Chapters

အခန်း (၆၉၈-၆၉၉)

Vol. 37 Ch. 698-699

အခန်း (၆၉၈-၆၉၉)

Vol. 37 Ch. 698-699

အပိုင်း (၆၉၈) ရီရွှန်းထံမှ အရေးပေါ်သတင်း ရောက်ရှိလာခြင်း။

ဖန်ကျန်းရီသည် သတင်းစာကို အလျင်အမြန် လုယူလိုက်ပြီး သေချာစွာ ကြည့်ရှုလိုက်ရာ အံ့အားသင့်သွား၏။

သတင်းစာထဲတွင် ဖော်ပြထားသည်မှာ လီယွမ်ကျောက် ပြောသည့်အတိုင်း အတိအကျပင် ဖြစ်သည်။ သို့သော် ကျောက်ခဲက လူသတ်နိုင်သည်ဆိုသည်မှာ သူ၏ နားလည်မှုအရဆိုလျှင် ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်များ ရှိနေ၍သာ ဖြစ်မည်။ သို့ပေမည့် ဤအရာက ထိုမျှလောက် အစွမ်းထက်သလားဟု တွေးမိသည်။

ယခင်ဘဝက အင်တာနက် သတင်းများတွင် စွမ်းအင်ကျောက်ခဲများ ရောင်းချသည်ကို တွေ့ဖူးသော်လည်း အလွန်ဆုံးမှ နှာခေါင်းသွေးလျှံရုံသာ ဖြစ်စေတတ်သည်။ လူသေစေနိုင်လောက်သည့် အရာများမှာ ဓာတ်ခွဲခန်းမှ ထွက်လာသည့် အရာများသာ ဖြစ်ပြီး ၎င်းတို့သည် သန့်စင်ပြီးသားများ ဖြစ်ပေလိမ့်မည်။

စဉ်းစား၍ အဖြေမထွက်သဖြင့် ဖန်ကျန်းရီသည် မထွက်ခွာသေးသော ဝေါယာဉ်ထမ်း အစေခံအား ချက်ချင်း မှာကြားလိုက်၏။ "ဒီသတင်းစာကို ယူပြီး တောက်ယွမ်ဆေးခန်းကို အခုချက်ချင်း သွား။ အဲဒီမှာ ရေးထားတဲ့ ကျောက်စိမ်းဆွဲကြိုး ဆွဲထားတဲ့ ကောင်လေးကို ရှာပြီး အဲဒီဆွဲကြိုးကို ခြံထဲမှာ မြန်မြန် မြှုပ်ခိုင်းလိုက်။ အနက်ဆုံး ရနိုင်သမျှ အနက်ဆုံး မြှုပ်ရမယ်၊ ဘယ်သူမှ အနားမကပ်စေနဲ့။ မင်း ကိုယ်တိုင် သေချာ ကြည့်နေပြီး မြှုပ်ပြီးသွားရင် ငါ့ဆီ ချက်ချင်း ပြန်လာခဲ့။"

အစေခံ လျင်မြန်စွာ ပြေးထွက်သွားသည်ကို ကြည့်ပြီးမှသာ ဖန်ကျန်းရီ၏ ရင်ထဲတွင် အနည်းငယ် ပေါ့ပါးသွားသည်။

လီယွမ်ကျောက်သည် သူ၏ လေးနက်နေသော မျက်နှာထားကို မြင်သောအခါ လိုက်လံ တည်ကြည်သွားကာ မေးလိုက်၏။ "ဖန်ကြီး... ဘာအခြေအနေလဲ။"

ဖန်ကျန်းရီက ရှင်းပြလိုက်သည်။ "ကျုပ်လည်း ဘာအခြေအနေလဲ ဆိုတာ မသိသေးဘူး။ ဒါပေမဲ့ မကောင်းတဲ့ အရာကို အရင်မြှုပ်ထားလိုက်တာ အသေချာဆုံးပဲ။ ခင်ဗျား နောင်ဆိုရင် အလင်းထွက်ပြီး ပူနေတဲ့ ကျောက်ခဲတွေကို တွေ့ရင် အဝေးကြီးကနေ ရှောင်သွား။ လျှောက်မကိုင်နဲ့ … သေတတ်တယ်။"

လီယွမ်ကျောက်က ဇဝေဇဝါဖြင့် မေးလိုက်၏။ "ဟင်... ပတ္တမြားတွေကရော အဲဒီအထဲ ပါသလား။"

ဖန်ကျန်းရီက ပြန်ဖြေလိုက်သည်။ "အဲဒါ မပါဘူး။"

လီယွမ်ကျောက်က မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားတွေးတောကာ မေးလိုက်၏။ "ခင်ဗျား ပြောစမ်းပါ၊ တကယ်ပဲ သရဲတစ္ဆေ ဆိုတာ ရှိသလား။"

ဖန်ကျန်းရီက တဟားဟား ရယ်မောလိုက်သည်။ "သရဲတစ္ဆေကို ဘာကြောက်စရာ ရှိလို့လဲ။ တကယ်လို့ သရဲတစ္ဆေသာ ရှိရင် သရဲတစ္ဆေ သတ်လို့ သေသွားတဲ့သူတွေလည်း သရဲတစ္ဆေ ဖြစ်သွားမှာပဲလေ။ သရဲတစ္ဆေတွေက ပြန်အရိုက်ခံရမှာ မကြောက်ဘူးလား။"

သူက ဆက်ပြောလိုက်၏။ "ဒါပေမဲ့... သရဲတစ္ဆေ ဆိုတဲ့ အရာကို ကျုပ် တကယ် မြင်ဖူးတယ်။ ငယ်ငယ်တုန်းက ကံကောင်းရင် တစ်နေ့ကို ခုနစ်ခါ ရှစ်ခါလောက်တောင် မြင်ရတာ။"

လီယွမ်ကျောက် အလွန်အမင်း အံ့အားသင့်သွားကာ မေးလိုက်သည်။ "တကယ်လား၊ ခင်ဗျား ပြောတာကို တစ်ခါမှ မကြားဖူးပါလား။"

ဖန်ကျန်းရီက လေးနက်စွာဖြင့် ပြန်ပြောလိုက်သည်။ "အရင်တုန်းကတော့ မြင်ရတယ်။ ဒါပေမဲ့ နောက်ပိုင်း နယ်လှည့် သိပ္ပံပညာရှင် တစ်ယောက်နဲ့ တွေ့တော့ သူက ကျုပ်ကို မှော်ပစ္စည်း တစ်ခု ပေးသွားတယ်။ အဲဒီနောက်ပိုင်း သရဲတစ္ဆေတွေက ကျုပ်ကို လာမတွေ့ရဲတော့ဘူး။"

လီယွမ်ကျောက်က စိတ်ဝင်တစား မေးလိုက်၏။ "ဘာပစ္စည်းလဲ။"

ဖန်ကျန်းရီက ဖြေလိုက်သည်။ "ကြည်လင်ပြတ်သားတဲ့ ကင်မရာလေ။ ပိုပြီး ကြည်လင်လေ သရဲတစ္ဆေတွေက ပိုကြောက်လေပဲ။ နှမြောစရာ ကောင်းတာက နောက်ပိုင်း ကျုပ်မှာ ပျောက်သွားလို့။ ဒါပေမဲ့ တန်ခိုးကြီးတဲ့ သရဲတစ္ဆေတွေကတော့ ကြည်လင်နေတဲ့ အရာတွေကို မှုန်ဝါးသွားအောင် အမြဲတမ်း လုပ်နိုင်ကြတယ်။"

လီယွမ်ကျောက်က နားမလည်စွာဖြင့် မေးလိုက်၏။ "အဲဒါ ဘာကြီးလဲ။"

ဖန်ကျန်းရီက ရှင်းပြလိုက်သည်။ "မိုင်ထောင်ချီ မြင်ရတဲ့ မှန်ပြောင်းနဲ့ ခပ်ဆင်ဆင် တူတဲ့ အရာမျိုးပါ။"

လီယွမ်ကျောက်က နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ "ခင်ဗျား ကျုပ်ကို လာမလိမ်နဲ့။"

ဖန်ကျန်းရီက ခေါင်းခါပြီးနောက် မေးလိုက်သည်။ "အရှင့်သား... ဒီနေ့ ဘယ်လိုလုပ် ထွက်လာတာလဲ။ အရှင်မင်းကြီးက ဘာမှ မပြောဘူးလား။"

လီယွမ်ကျောက်က ဘယ်ညာ လှည့်ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။ "တကယ်တော့ ခင်ဗျားကို ပြောစရာ ရှိလို့ပါ။ မနေ့ညက ကျုပ် ခမည်းတော်ကို သွားပြီး ဂါရဝပြုတော့ ခင်ဗျားကို စွပ်စွဲပြစ်တင်ထားတဲ့ စာလွှာတွေ အများကြီး တွေ့ခဲ့ရတယ်။ ခင်ဗျား ဒုက္ခရောက်တော့မယ့် ပုံပဲ၊ စောစောစီးစီး ပြင်ဆင်ထားပါလား။"

ဖန်ကျန်းရီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ကျုပ်ကို စွပ်စွဲပြစ်တင်တယ် ဟုတ်လား။ လတ်တလော ဘာမှ မဖြစ်ခဲ့ပါဘူး။"

လီယွမ်ကျောက်က ပြန်ဖြေလိုက်၏။ "ပြည်သူတွေကြားထဲက သိပ္ပံစာတမ်း ဆိုတာတွေနဲ့ ပတ်သက်နေပုံရတယ်။ ထားလိုက်ပါတော့၊ အချိန်စေ့ပြီဆိုတော့ ကျုပ် ပြန်ရတော့မယ်။"

လီယွမ်ကျောက်သည် ပြောပြီးသည်နှင့် တစ်ပြိုင်နက် နန်းတော်တွင်းသို့ ချက်ချင်း ပြေးဝင်သွားသည်။

ဖန်ကျန်းရီသည် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ရင်ထဲတွင် အကြံအစည်များ ရှိနေပြီ ဖြစ်၏။

လတ်တလော ပြည်သူများကြားတွင် အခြေအနေများ အနည်းငယ် လမ်းလွဲနေသော်လည်း အရမ်းကြီး ဆိုးရွားလှသည်တော့ မဟုတ်ပေ။

သူသည် မကြာသေးမီက လူတိုင်းနှင့် ပြဿနာမရှိ ငြိမ်းချမ်းနေခဲ့သည်။ ကျင်းယီဝေတပ်ဖွဲ့မှာလည်း တည်ငြိမ်နေပြီး အရေးမပါသော လူတချို့ကိုသာ ဖမ်းဆီးခဲ့ရာ သူ့ကို စွပ်စွဲပြစ်တင်နိုင်မည့် တစ်ဦးတည်းသော အဖွဲ့မှာ တော်ဝင်စစ်ဆေးရေး အရာရှိများသာ ဖြစ်မည်။

ဤလူစုသည် သဘောထား အနည်းငယ် ကွဲလွဲသည်နှင့်၊ သို့မဟုတ် မျက်စိနောက်သည်နှင့် လူများကို နှုတ်ဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်တတ်ကြသဖြင့် တကယ်ကို ဒုက္ခပေးတတ်ကြသည်။

အချိန်သိပ်မကြာလိုက်ဘဲ ညီလာခံ စတင်လေသည်။ ဖန်ကျန်းရီသည် စိတ်ကို တည်ငြိမ်စွာ ထားရှိပြီး အေးအေးဆေးဆေးပင် နေလိုက်၏။

အဓိကအားဖြင့် အမြဲလိုလို စွပ်စွဲပြစ်တင် ခံနေရသဖြင့် အကျင့်ပါနေပြီဖြစ်ကာ ခံနိုင်ရည် ရှိနေပြီ ဖြစ်သည်။ ၎င်းတို့ ပြောချင်ရာ ပြောကြပါစေ၊ ရန်သူလာလျှင် စစ်သူကြီးက ကာကွယ်မည် ဆိုသည့်အတိုင်း ဖြေရှင်းရုံသာ ရှိသည်။

ဆယ့်ငါးမိနစ်ခန့် ကုန်လွန်သွားပြီးနောက် ကျင်းအရှင်မင်းမြတ်က စတင် မေးမြန်းလိုက်၏။

ထင်ထားသည့်အတိုင်းပင် လူတစ်ယောက် ထွက်လာကာ အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်သည်။

"ကျွန်တော်မျိုး ရှီကျုံး လျှောက်တင်စရာ ရှိပါတယ်။ လတ်တလော ပြည်သူတွေကြားမှာ သိပ္ပံပညာကို ဆွေးနွေးတဲ့ အလေ့အထက အရမ်းကို ခေတ်စားနေပါတယ်။ ဒီလမ်းလွဲနေတဲ့ ယုံကြည်မှုတွေကြောင့် ပြည်သူတွေက အလုပ်အကိုင် မလုပ်ကြတော့ပါဘူး။ ဒီကိစ္စရဲ့ တရားခံကတော့ အရှေ့ဆင်ခြေဖုံး တက္ကသိုလ်ပါပဲ။"

လူတွေရဲ့ စိတ်တွေ ဂနာမငြိမ် ဖြစ်ကုန်ပါပြီ၊ အရှင်မင်းကြီး တရားမျှတစွာ အမိန့်ချမှတ်ပေးတော်မူပါ”

သူက အပြင်းအထန် တောင်းဆိုလိုက်၏။ "ကျင်းယီဝေ တပ်မှူးချုပ် ဖန်ကျန်းရီက အာဏာကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးအတွက် သုံးနေပါတယ်။ ပြည်သူတွေ ကြားထဲမှာ ဒီလို မကောင်းတဲ့ အကျင့်စရိုက်တွေ ဆက်ပြီး ပျံ့နှံ့နေလို့ လူတွေရဲ့ စိတ်တွေ ဂနာမငြိမ် ဖြစ်ကုန်ပါပြီ။ အရှင်မင်းကြီး တရားမျှတစွာ အမိန့်ချမှတ်ပေးတော်မူပါ။"

လူအများအပြားက တီးတိုး ဆွေးနွေးနေကြပြီး ထိုအသံများထဲတွင် အများစုမှာ ထောက်ခံသည့် သဘောထားများ ဖြစ်သည်။

ဖန်ကျန်းရီသည် မတတ်နိုင်စွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။

တကယ်ပင် စစ်ဆေးရေးအရာရှိတွေက ပါးစပ်ကနေ အညစ်အကြေးတွေ စွန့်ပစ်နေပြန်သည်။

ရေမြေ မကိုက်ညီခြင်း ဖြစ်ပေမည်၊ သိပ္ပံပညာသည် အဆုံးတွင်တော့ ဤနေရာနှင့် ရေမြေ မကိုက်ညီသေးချေ။ ကိုယ်တိုင် အဆင်သင့်မဖြစ်သေးဘဲ အလွန်အမင်း တွန်းအားပေးခဲ့မိခြင်းကိုလည်း အပြစ်တင်ရမည်။

မှူးမတ်များအတွက်မူ ပြည်သူများကြားတွင် ရှေးဟောင်း ရေတွင်းတစ်တွင်းကဲ့သို့ လှိုင်းဂယက် အနည်းငယ်မျှပင် မထဘဲ ငြိမ်သက်နေခြင်းက အကောင်းဆုံးဖြစ်သည်။ သာမန် ပြည်သူများက လယ်ယာစိုက်ပျိုးကာ ကလေးမွေးဖွားကြပြီး အထက်လူကြီးများ ပြောသမျှကို နားထောင်ကာ ရုံးတော်မှ လူများ ဉာဏ်ပညာ ကြီးမားကြောင်းကို အော်ဟစ် ချီးကျူးနေလျှင် လုံလောက်ပြီဖြစ်သည်။

အနည်းငယ်မျှသော အသံများ ထွက်ပေါ်လာလျှင်သော်လည်းကောင်း၊ ၎င်းတို့ နားမထောင်ချင်သော စကားများ ဖြစ်နေလျှင်သော်လည်းကောင်း လုံးဝ သည်းမခံနိုင်ကြပေ။

ယခင်ကလည်း ဤသို့ဖြစ်ခြင်းမှာ သဘာဝကျပါသည်။ အဘယ်ကြောင့်ဆိုသော် လယ်ယာစိုက်ပျိုးရေး လူ့အဖွဲ့အစည်းဖြစ်သဖြင့် နှစ်ထောင်ပေါင်းများစွာ အပြောင်းအလဲ မရှိခြင်းမှာလည်း ပုံမှန်ပင် ဖြစ်၏။ သို့ပေမည့် ထိုသို့ဖြစ်နေလျှင်ပင် မိမိကို အာဏာရှင်ဆန်ကာ အလွဲသုံးစားလုပ်သည် ဟူသော စွပ်စွဲချက်ကြီး တပ်ပေးခြင်းကတော့ အနည်းငယ် လွန်ကဲလွန်းလှပေသည်။

ဖန်ကျန်းရီက ရှီကျုံးကို အေးစက်စွာ ကြည့်ကာ မေးလိုက်၏။ "ကျုပ်က ဘယ်တုန်းက အာဏာရှင်ဆန်ပြီး အလွဲသုံးစား လုပ်ခဲ့လို့လဲ။"

ရှီကျုံးက ဒေါသတကြီး ပြန်ပြောလိုက်သည်။ "အမတ်ဖန်…. လတ်တလော ဈေးကွက်ထဲမှာ စာအုပ်ဆိုင်တွေက စာအုပ်သစ်တွေ အများကြီး ပုံနှိပ်ထုတ်ဝေနေတယ်။ ဒါပေမဲ့ စာအုပ်တိုင်းမှာ မင်းရဲ့ နာမည်ကို ရေးထားတယ်။ ဒီအချက်ကို မင်း ဘယ်လို ရှင်းပြမလဲ။"

သူက ထပ်မံ စွပ်စွဲလိုက်သည်။ "မင်းရဲ့ အာဏာကို သုံးပြီး အဲဒီစာအုပ်ဆိုင်တွေကို မင်းနာမည် ထည့်ရေးဖို့ အတင်းအကျပ် ခိုင်းစေခဲ့တာ မဟုတ်ဘူးလား။ မင်း ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ဒါမှမဟုတ်... အမတ်ဖန်က ကျောင်းတော်သား သူတော်စင်ကြီး ဖြစ်ချင်နေတာလား။"

ဖန်ကျန်းရီသည် ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်၏။ ထိုစကားကတော့ အမှန်ပင် ဖြစ်၏။

ဖန်ကျန်းရီက အသံကျယ်ကျယ်ဖြင့် တုံ့ပြန်လိုက်သည်။ "ယုတ္တိမရှိလိုက်တာ။ ကျုပ် စာအုပ်တွေမှာ နာမည်ထည့်ရေးပေးတာက သိပ္ပံပညာနဲ့ သက်ဆိုင်တဲ့ စာအုပ်တွေကိုပဲ ရွေးချယ်ခဲ့တာပါ။ ကျုပ်က အရှေ့ဆင်ခြေဖုံး တက္ကသိုလ်ရဲ့ ကျောင်းအုပ် တစ်ယောက်အနေနဲ့ ကျောင်းက သိပ္ပံပညာကိုပဲ အဓိကထား သင်ကြားနေတာဆိုတော့ အဲဒီစာအုပ်တွေမှာ နာမည်ထည့်ရေးတာ အပြစ်ရှိလို့လား။ နောက်ပြီး ကျုပ် နာမည်ထည့်ရေးပေးလိုက်လို့ စာအုပ်ဆိုင်တွေက စာအုပ်တွေ ပိုရောင်းရပြီး သူတို့ရဲ့ စီးပွားရေးကိုလည်း အထောက်အကူ ဖြစ်စေတယ်။ ကျုပ်က အဲဒီထဲကနေ ငွေတစ်ပြားမှတောင် မယူခဲ့ဘူး။"

ရှီကျုံးက ဆက်လက် ပြစ်တင်လိုက်သည်။ "အမတ်ဖန် … မင်းက ဘာပဲဖြစ်ဖြစ် ရုံးတော်က အရာရှိ တစ်ယောက်လေ၊ ကုန်သည်တွေနဲ့ ရောနှောနေတာက သင့်တော်လို့လား။"

ဖန်ကျန်းရီက ပြန်လည် ချေပလိုက်၏။ "ကျုပ်ကတော့ မသင့်တော်စရာ ဘာမှမရှိဘူးလို့ ထင်တာပဲ။ ကုန်သည်တွေ ကလည်း လူတွေပဲလေ၊ ခင်ဗျားကရော ကုန်သည်တွေဆီက ပစ္စည်း မဝယ်ဘူးလား။"

ဖန်ကျန်းရီ၏ တည်ငြိမ်နေသော လေယူလေသိမ်းကို ကြားလိုက်ရသဖြင့် ရှီကျုံး၏ ရင်ထဲတွင် ဒေါသများ ထွက်လာကာ အော်ပြောလိုက်သည်။ "ပြည်သူတွေက အခုဆိုရင် မင်းတို့ပြောတဲ့ သိပ္ပံပညာ ဆိုတာကိုပဲ တစ်နေ့လုံး လေ့လာနေကြပြီး အလုပ်အကိုင် မလုပ်ကြတော့ဘူး။ ဒါကိုရော မင်း ဘယ်လို ရှင်းပြမလဲ။"

ဖန်ကျန်းရီက ပြန်လည် မေးခွန်းထုတ်လိုက်၏။ "ဒါက ခေတ်ရေစီးကြောင်း တစ်ခု သတ်သတ်ပါ။ အချိန်သိပ်မကြာခင်မှာ ပြည်သူတွေရဲ့ စိတ်အားထက်သန်မှုက အလိုလို ကျဆင်းသွားမှာပါ။ နောက်ပြီး ပြည်သူတော်တော်များများက သိပ္ပံပညာကို ဆွေးနွေးကြရင်း စာပေတွေကိုတောင် ကိုယ်တိုင် လေ့လာသင်ယူလာကြတယ်လို့ ကျုပ် ကြားထားတယ်၊ ဒီအချက်က မမှားနိုင်ဘူး မဟုတ်လား။"

ရှီကျုံးက အသံကျယ်ကျယ်ဖြင့် ငြင်းဆိုလိုက်သည်။ "မှားတယ်။ လုံးဝ အမှားကြီးပဲ။ ပြည်သူတွေက စာတတ်တယ်ဆိုတာ ဘာစာတွေကို တတ်တာလဲ။ စာဖတ်တယ်ဆိုတာ ဘာစာအုပ်တွေကို ဖတ်တာလဲ။ သိပ္ပံပညာနဲ့ သက်ဆိုင်တဲ့ စာအုပ်တွေက သူတို့ကို လူကောင်းဖြစ်အောင် သင်ပေးနိုင်လို့လား လို့ မေးပါရစေ။ အခု ဈေးကွက်ထဲမှာ ခေတ်စားနေတဲ့ သိပ္ပံစာတမ်း ဆိုတာတွေက အရူးတွေရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေချည်းပဲ၊ လုံးဝ အသုံးမဝင်ဘူးလို့ ပြောလို့ရတယ်။"

ဘာ အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေတာလဲ။

ဖန်ကျန်းရီ ရင်ထဲတွင် ဒေါသထွက်သွားပြီး ကျင်းအရှင်မင်းမြတ်ကို ကြည့်ကာ လေးနက်စွာဖြင့် လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... ပြည်သူတွေက စာမတတ်ဘူးဆိုရင် သူတော်စင်တွေရဲ့ ကျမ်းစာတွေကို ဖတ်ရင်တောင် နားလည်မှာ မဟုတ်ပါဘူး။ အခု ပြည်သူတွေကြားမှာ စာပေသင်ယူတဲ့ အလေ့အထ ရှိလာတာက နောင်တစ်ချိန် ရုံးတော်အတွက် လူရည်ချွန်တွေ ရွေးချယ်တဲ့အခါမှာ အများကြီး အကျိုးရှိစေမှာမို့ သေချာပေါက် ဝမ်းသာစရာ ကိစ္စ ဖြစ်သင့်ပါတယ်။"

ထိုအချိန်တွင် မမျှော်လင့်ထားသော လူတစ်ယောက်က ထွက်လာပြီး လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုးလည်း ပြောစရာ စကားတချို့ ရှိပါတယ်။"

ဖန်ကျန်းရီ ခေါင်းလှည့်ကြည့်လိုက်ရာ ဘဏ္ဍာရေးဌာန ဝန်ကြီး ရွှီဝမ် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ရင်ထဲတွင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။

ယနေ့ကိစ္စသည် သူနှင့် ဘာမှ သက်ဆိုင်စရာ အကြောင်းမရှိပေ။

ရွှီဝမ်ရှူးက လက်သီးဆုပ်ကာ ဆက်လက် လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... ကျွန်တော်မျိုးက ဒီအငြင်းပွားမှုမှာ ဝင်ပါဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမဲ့ ကိစ္စတစ်ခုကို အများရှေ့မှာ အမတ်ဖန်ကို မေးမြန်းချင်လို့ပါ။"

ကျင်းအရှင်မင်းမြတ်က အနည်းငယ် ခေါင်းညိတ်ကာ ခွင့်ပြုလိုက်သည်။ "ပြောပါ။"

ရွှီဝမ်က ပြောလိုက်၏။ "လအနည်းငယ်က အမတ်ဖန်ဟာ ဘဏ္ဍာရေးဌာနကို ကိုယ်တိုင် လာရောက်ပြီး တော်ဝင်သိပ္ပံအကယ်ဒမီ လက်အောက်က သေနတ်ဌာနအနေနဲ့ အလွန် လျှို့ဝှက်တဲ့ စီမံကိန်း တစ်ခုကို သုတေသန လုပ်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်မျိုးက လက်နက်တွေနဲ့ သက်ဆိုင်တယ်ဆိုတော့ အဲဒီအချိန်က ငွေအမြောက်အမြားကို ခွင့်ပြုပေးလိုက်ပါတယ်။"

သူက ဆက်ပြောလိုက်သည်။ "ဒါပေမဲ့ လအနည်းငယ် ကြာသွားတော့ ကျွန်တော်မျိုး သေနတ်ဌာနဆီကို လူလွှတ်ပြီး စုံစမ်းကြည့်ပေမဲ့ အကြိမ်တိုင်း သေနတ်ဌာနက လူတွေရဲ့ အကြောင်းပြချက် အမျိုးမျိုးနဲ့ ရှောင်လွှဲတာကိုပဲ ခံခဲ့ရပါတယ်။ ဒါကြောင့် အခုအချိန်အထိ ဒီငွေတွေ ဘယ်ရောက်သွားလဲ ဆိုတာကိုလည်း မသိရသလို၊ သိပ္ပံအကယ်ဒမီရဲ့ ရလဒ်ကိုလည်း မတွေ့ရသေးပါဘူး။"

သူက အသံကို မြှင့်ကာ မေးလိုက်၏။ "ဒါကြောင့် ဒီငွေတွေ ဘယ်ရောက်သွားလဲဆိုတာ အမတ်ဖန်ကို မေးပါရစေ။ ကျွန်တော်မျိုးတို့ ဘဏ္ဍာရေးဌာနက ငွေဆိုတာ ပြည်သူတွေရဲ့ ချွေးနှဲစာတွေပါ၊ အကြောင်းအရင်း မခိုင်လုံဘဲ သုံးပစ်လို့ မရပါဘူး။"

သူက ကျင်းအရှင်မင်းမြတ်ဘက်သို့ လှည့်ကာ လျှောက်တင်လိုက်သည်။ "တကယ်လို့ သိပ္ပံအကယ်ဒမီက နောင်ဆိုရင်လည်း ဒီအတိုင်းပဲ ဆက်လုပ်နေမယ်ဆိုရင် အရှင်မင်းကြီးက သိပ္ပံအကယ်ဒမီအတွက် သတ်မှတ်ထားတဲ့ ပမာဏတစ်ခုကို တိုက်ရိုက် ခွဲဝေပေးသနားတော်မူပါ။ အဲဒီနောက်ပိုင်း သိပ္ပံအကယ်ဒမီရဲ့ အတွင်းရေး ကိစ္စတွေကို ကျွန်တော်မျိုး ဆက်ပြီး ဝင်မစွက်ဖက်တော့ပါဘူး။"

ဖန်ကျန်းရီ၏ ရင်ထဲတွင် မကောင်းတော့ဘူးဟု တိတ်တဆိတ် ရေရွတ်လိုက်မိ၏။

ထိုငွေများကို မီးပုံးပျံ တည်ဆောက်ရန်နှင့် လစာ၊ ခံစားခွင့်များ ပေးရန် အသုံးပြုလိုက်ပြီ ဖြစ်သည်။ ရီရွှန်းတွင် တိုက်ပွဲ အခြေအနေ မည်သို့ ရှိနေသည်ကိုလည်း မသိရသေးဘဲ ယခုအချိန်အထိ ပြန်မလာကြသေးပေ။

ဖြေရှင်းမည့် နည်းလမ်းကို စဉ်းစားနေဆဲမှာပင် နန်းဆောင်အပြင်ဘက်မှ ခြေသံများ ရုတ်တရက် ထွက်ပေါ်လာပြီးနောက် မိန်းမစိုးတစ်ဦး၏ စူးရှသော အော်ဟစ်သံက နန်းဆောင်အတွင်းသို့ ထိုးဖောက် ဝင်ရောက်လာ၏။

"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်၊ အရေးပေါ်သတင်း ရှိပါတယ်။ ရီရွှန်းက အရေးပေါ်သတင်းပါ"

အလောတကြီး လျှောက်တင်သံ ထွက်ပေါ်လာသည်။

အပိုင်း (၆၉၉) နောက်ထပ် အရေးပေါ်သတင်း ရောက်လာခြင်း

အရေးပေါ်သတင်း ဟူသော အသံက မျက်စိတစ်မှိတ်အတွင်းမှာပင် လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။

ကျင်းအရှင်မင်းမြတ် သည် ခန္ဓာကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်းလိုက်ပြီး အလောတကြီး အမိန့်ပေးလိုက်၏။ "အထဲဝင်ပြီး လျှောက်တင်စမ်း။"

သတင်းပို့သော မိန်းမစိုးသည် ခွင့်ပြုချက် ရရှိသည်နှင့် တပြိုင်နက် နန်းဆောင်အတွင်းသို့ လျင်မြန်သော ခြေလှမ်းများဖြင့် ချက်ချင်း ဝင်ရောက်လာသည်။

သူက ခေါင်းငုံ့ကာ လျင်မြန်စွာ လျှောက်တင်လိုက်၏။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ရီရွှန်းက သတင်းပို့လာတာပါ၊ အမတ်ချွေ့ကျွင်းဟာ စစ်မြေပြင်ကို ကိုယ်တိုင် ဝင်ရောက်ခဲ့ပြီး ရန်သူတွေနဲ့ တိုက်ခိုက်နေရင်း မြားထိမှန်ကာ ကံမကောင်းစွာနဲ့ ကျဆုံးသွားခဲ့ပါတယ်။"

ကျင်းအရှင်မင်းမြတ်သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး သတင်းပို့သော မိန်းမစိုးကို စူးရဲသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ တစ်လုံးချင်း အမိန့်ပေးလိုက်သည်။ "ဆက်သစမ်း၊ ကိုယ်တော် ကိုယ်တိုင် ကြည့်မယ်။"

နေရာတွင် ရှိနေသူများအားလုံး၏ ရင်ထဲတွင် ထိတ်လန့်သွားကြ၏။

ဖန်ကျန်းရီပင်လျှင် ထိုနည်းတူ ခံစားလိုက်ရသည်။

ချွေ့ကျွင်းသည် မူလက စစ်တပ်ကို စစ်ဆေးရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ သူကိုယ်တိုင်ပင် စစ်မြေပြင်သို့ ဝင်ရောက်ခဲ့ရသည်ဆိုလျှင် အခြေအနေက မည်မျှအထိ ဆိုးရွားနေပြီ ဖြစ်ကြောင်း သိသာထင်ရှားလှ၏။

စစ်သည် အင်အား နှစ်သောင်းနီးပါးကို တိုင်းရင်းသားတွေက သုတ်သင်ပစ်လိုက်တာများလားဟု တွေးမိကြသည်။

ကျင်းအရှင်မင်းမြတ်သည် သတင်းလွှာကို ယူကာ အတွင်းရှိ အကြောင်းအရာများကို အထပ်ထပ် ကြည့်ရှုပြီးနောက်မှသာ သက်ပြင်းတစ်ချက် ချနိုင်တော့၏။

ထို့နောက် နဂါးပလ္လင်ပေါ်တွင် ပြန်ထိုင်လိုက်ပြီး လက်တန်းကို အားရပါးရ ရိုက်ကာ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ "ချွေ့ကျွင်း... ကိုယ်တော့်ကို ဒုက္ခပေးတာပဲ။"

အောက်ခြေရှိ မှူးမတ်များသည် သူ၏ ရုတ်တရက် တုံ့ပြန်မှုကြောင့် လန့်ဖျပ်သွားကြပြီး ရင်ထဲတွင် အနည်းငယ် စိုးရိမ်ပူပန်သွားကြ၏။

ချွေ့ကျွင်း ကျဆုံးသွားပြီ ဖြစ်သော်လည်း ဤသို့ အဆဲခံနေရသေးသည်ဆိုတော့ တကယ်တမ်း ဘာတွေ ဖြစ်ပျက်ခဲ့သနည်း။

ကျင်းအရှင်မင်းမြတ်သည် မှူးမတ်များကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ရင်ထဲတွင် အနည်းငယ် နောင်တ ရသွားမိသည်။

ချွေ့ကျွင်း ကျဆုံးသွားသည်မှာ မှန်သော်လည်း သူသည် စစ်မြေပြင်တွင် ရန်သူကို တိုက်ခိုက်ရင်း ကျဆုံးခဲ့ခြင်း ဖြစ်သည်။

ဤကဲ့သို့ စကားမျိုး ပြောဆိုခြင်းက အနည်းငယ် ပြင်းထန်လွန်းရာ ကျနေပေမည်။

စိတ်အခြေအနေကို ပြန်လည် ထိန်းညှိပြီးနောက် ကျင်းအရှင်မင်းမြတ် က သက်ပြင်းချကာ မိန့်ကြားလိုက်၏။ "ရီရွှန်းက တိုက်ပွဲ အခြေအနေ မကောင်းဘူး။ တိုင်းရင်းသားတွေက ရှန်းဝေ့မြို့ကို အကြိမ်ကြိမ် နှောင့်ယှက်ပြီး ကျုပ်တို့ စစ်တပ်ကို အရင်ဆုံး တိုက်ခိုက်လာအောင် ဆွဲဆောင်ဖို့ ကြိုးစားနေကြတယ်။ ချွေ့ကျွင်းက အနိုင်ရချင်စိတ် လောသွားပြီး စစ်တပ်ကို ကိုယ်တိုင် ဦးဆောင်ထွက်သွားလို့ အသက်ဆုံးရှုံးခဲ့ရတာပဲ။"

ဤစကားကို ကြားလိုက်ရသည်နှင့် ဖန်ကျန်းရီက အရင်ဆုံး သက်ပြင်းချလိုက်မိသည်။

ထိုချွေ့ကျွင်းသည် သူနှင့် ဘာရင်းနှီးမှုမှ မရှိသဖြင့် သေသည်ဖြစ်စေ ၊ ရှင်သည်ဖြစ်စေ ဘာခံစားချက်မှ မရှိပေ။

သို့ပေမည့် ဤအရေးပေါ်သတင်းသည် ကျိုးထျဲ့တို့ မရောက်ရှိမီက ပေးပို့ထားခြင်း ဖြစ်ကြောင်း သိသာ ထင်ရှားလှရာ မိမိ စေလွှတ်လိုက်သော လူများထံမှ သတင်းမရရှိသေးကြောင်းကို ညွှန်ပြနေသည်။

လောလောဆယ် တိုက်ပွဲ အခြေအနေကတော့ အကောင်းမြင်၍ မရသေးချေ။

လီယန်စုန့်က မေးလိုက်၏။ "အရှင်မင်းကြီး... ရီရွှန်း ရှေ့တန်းက တိုက်ပွဲ အခြေအနေ လက်ရှိ ဘယ်လို ရှိနေပါသလဲ။"

ကျင်းအရှင်မင်းမြတ် က ခေါင်းခါလိုက်သည်။ "တိုင်းရင်းသားတွေက အဖွဲ့ငယ်လေးတွေနဲ့ နှောင့်ယှက်ရုံ သတ်သတ်ပဲ။ ပထဝီအနေအထား အားသာချက်ကို သုံးပြီး ကိုယ်တော်တို့ စစ်တပ်ကို လှည့်ပတ် ကစားနေတာ။ အခု အခြေအနေအရဆိုရင် ဆက်ပြီး အချိန်ဆွဲနေအုံးမယ့် ပုံပဲ။"

ကျန်းတုန်ရှန်းက ကြားသည်နှင့် လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... စစ်ကူတွေ ထပ်ပို့ပြီး တစ်ချက်တည်းနဲ့ အပြတ်ရှင်းလိုက်ရင် မကောင်းဘူးလား။"

သူက ဆက်ပြောလိုက်သည်။ "ဒီတိုက်ပွဲက တောင်ဘက်ပိုင်းရဲ့ လုံခြုံရေးနဲ့ သက်ဆိုင်ရုံတင် မကဘူး၊ ရီရွှန်း တောင်ဘက်က တခြား နိုင်ငံငယ်လေးတွေကလည်း စောင့်ကြည့်နေကြတာပါ။ တကယ်လို့ အချိန်ဆက်ဆွဲနေမယ် ဆိုရင်... ရုံးတော်ရဲ့ မျက်နှာ ပျက်ရလိမ့်မယ်လို့ စိုးရိမ်မိပါတယ်။"

အခြား မှူးမတ်တစ်ဦးကလည်း ထောက်ခံလိုက်၏။ "သခင်ကြီးကျန်း ပြောတာ ယုတ္တိရှိတယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်။ သေးငယ်တဲ့ ရီရွှန်းလောက်ကို ကျွန်တော်မျိုးတို့ တာ့ကျင်းတိုင်းပြည်က အချိန်တွေ ဆက်ဆွဲနေလို့ မဖြစ်ပါဘူး။ မဟုတ်ရင် ရုံးတော်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားပြီး နောင်တရလို့လည်း အချိန်မီတော့မှာ မဟုတ်ပါဘူး။"

"ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်။"

ကျင်းအရှင်မင်းမြတ် သည် ခေါင်းအနည်းငယ် ငုံ့ကာ ခုနကမှ ရောက်ရှိလာသော အရေးပေါ်သတင်းကို ကြည့်ရင်း ရင်ထဲတွင် အနည်းငယ် ရှုပ်ထွေးနေမိသည်။

ဤတိုက်ပွဲတွင် ဆုံးရှုံးမှုက တကယ်ကို ကြီးမားလွန်းလှ၏။

မူလက ရှန်းဝေ့မြို့တွင် လူအမြောက်အမြား သေဆုံးဒဏ်ရာရခဲ့ပြီး နောက်ပိုင်းတွင် စစ်သည် အင်အား နှစ်သောင်းနီးပါးကို ထပ်မံ စုစည်းခဲ့ရသဖြင့် ကုန်ကျစရိတ်ကလည်း မနည်းလှချေ။

ယခုအခြေအနေအရ ဆက်လက်၍ စစ်တပ်များ စေလွှတ်မည်ဆိုပါက ရီရွှန်းကို သိမ်းပိုက်နိုင်ရန် ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်ရဦးမည်မှာ သေချာသည်။

အကောင်းဆုံး အကြံအစည်မှာ တိုင်းရင်းသားများ စားနပ်ရိက္ခာ ပြတ်လပ်သွားပြီး အင်အား အလုံးအရင်းဖြင့် ထွက်လာချိန်အထိ စောင့်ဆိုင်းကာ အသေအလဲ တိုက်ခိုက်ရန်ပင် ဖြစ်၏။

သို့ပေမည့် တိုင်းရင်းသားများသည် စိုက်ပျိုးရေးကို ကျွမ်းကျင်မှု မရှိသော်လည်း သဘာဝတရားအပေါ် မှီခို အသက်မွေးနိုင်သည့် စွမ်းရည်မှာ အလွန် အံ့မခန်း ဖြစ်သည်။

သူတို့ ဘယ်အချိန်မှ အရင်ဆုံး စတင် တိုက်ခိုက်လာမည်ကို မည်သူ သိနိုင်မည်နည်း။

စောင့်ဆိုင်းမည် ဆိုလျှင်လည်း မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ ယခင်တုန်းက ဆိုလျှင်တော့ ပြဿနာ မဟုတ်သော်လည်း ယခုအခါတွင် ရုံးတော်၏ ဂုဏ်သိက္ခာ ကျဆင်းနေပြီဖြစ်ရာ ထပ်ပြီး ဂုဏ်သိက္ခာ အကျခံနေရဦးမည်လား။

နန်းဆောင်ကြီး တစ်ခုလုံး ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွား၏။

လီယွမ်ကျောက်နှင့် ဖန်ကျန်းရီတို့ နှစ်ဦးသာ မျက်စပစ်ပြနေကြသည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ကျင်းအရှင်မင်းမြတ် က နောက်ဆုံးတွင် စကားစလိုက်၏။ "ရီရွှန်းရဲ့ မြေပြင်အနေအထားက..."

"အရေးပေါ်သတင်း။ ရီရွှန်းက အရေးပေါ်သတင်းပါ" ဟအသံကျယ်ကျယ်ဖြင့် အော်ဟစ်သံ ထွက်ပေါ်လာသည်။

ကျင်းအရှင်မင်းမြတ်၏ ပါးစပ်မှ စကားလုံး အနည်းငယ် ထွက်ပေါ်လာချိန်မှာပင် နန်းဆောင်အပြင်ဘက်မှ အော်ဟစ်သံများ ထပ်မံ ထွက်ပေါ်လာခဲ့၏။

လူတိုင်း အလွန် အံ့အားသင့်သွားကြပြီး နန်းဆောင်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။

အခြား မိန်းမစိုးတစ်ဦးသည် မောဟိုက်စွာဖြင့် နန်းဆောင်တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသော်လည်း သူ၏ မျက်နှာပေါ်တွင် ဝမ်းသာသည့် အရိပ်အယောင် အနည်းငယ် ပါရှိနေသည်။

ဤသတင်းပို့သော မိန်းမစိုး၏ ရင်ထဲတွင် အလွန် ဝမ်းသာနေ၏။

အလွန် အရေးကြီးသော ကိစ္စဖြစ်သဖြင့် အရှင်မင်းကြီးထံသို့ အမြန်ဆုံး ဆက်သရန် မှာကြားထားသော်လည်း၊ ခုနက သတင်းလာပေးသူက သတင်းကောင်း ဖြစ်ကြောင်း ပြောပြခဲ့သည်။ ထို့အပြင် ထိုသူ၏ ပုံစံကို ကြည့်ရသည်မှာ ပင်ပန်းလွန်း၍ သေတော့မည့် ပုံပင် ပေါက်နေသည်။

ဤသတင်းကောင်း မည်မျှ ကြီးမားကြောင်း သိသာထင်ရှားလှသည်။ ယနေ့ သူ သေချာပေါက် ဆုချခံရတော့မည် ဖြစ်၏။

မိန်းမစိုးက ဝမ်းသာနေသော်လည်း အခြားသူများကမူ အလွန် စိုးရိမ်ပူပန်နေကြသည်။

ခုနကမှ ရီရွှန်း၏ သတင်းဆိုးတစ်ခုကို ကြားလိုက်ရပြီး ယခု နောက်ထပ် အရေးပေါ်သတင်း တစ်ခု ထပ်ရောက်လာသဖြင့် ရင်ထဲတွင် ပြင်းထန်သော အန္တရာယ် ခံစားချက်ကြီး တစ်ခု အလိုအလျောက် ပေါ်ပေါက်လာခဲ့၏။

ကျန်သူတွေပါ ရှုံးနိမ့်သွားပြီလားဟု တွေးမိကြသည်။

ကျင်းအရှင်မင်းမြတ် က အလျင်အမြန် လက်ယပ်ခေါ်လိုက်၏။ "ဘာသတင်းလဲ။ မြန်မြန် ဆက်သစမ်း။"

ကော်ထျန်းယန်သည် လှေကားအောက်သို့ အလျင်အမြန် ပြေးသွားကာ သတင်းလွှာကို ယူဆောင်လာခဲ့သည်။

အရေးပေါ်သတင်းကို လက်ထဲသို့ ရောက်သည်နှင့် ကျင်းအရှင်မင်းမြတ် က တစ်ချက် ဝေ့ကြည့်လိုက်ရာ အံ့အားသင့်သွား၏။

နားမလည်နိုင်အောင် ဖြစ်နေသည်။

အတွင်းတွင် အဓိပ္ပာယ် မသိရသော စကားလုံးများစွာ ပါဝင်နေ၏။

မီးပုံးပျံ၊ ကောင်းကင်ပေါ်မှ မီးရှို့ခြင်း စသည်ဖြင့် ရေးသားထားသည်။

သို့ပေမည့် အဆုံးထိ ကြည့်ရှုပြီးသောအခါ ကျင်းအရှင်မင်းမြတ် တစ်ကိုယ်လုံး တုန်ယင်သွားတော့၏။

တစ်ညတည်းနှင့် ရန်သူ ရှစ်ထောင် ခြောက်ရာကျော်ကို သုတ်သင်နိုင်ခဲ့ပြီး တိုင်းရင်းသားတွေ၏ အဓိက အင်အားစုကြီး ပြိုကွဲသွားခဲ့ပြီ။ ရီရွှန်းမှာ စိုးရိမ်စရာ ဘာမှ မရှိတော့ဘူး ဟူ၍ ဖြစ်သည်။

ကျင်းအရှင်မင်းမြတ် သည် ထိုသတင်းလွှာကို ကိုင်ကာ မှင်သက်နေပြီး အချိန်အတော်ကြာသည်အထိ သတိ မဝင်နိုင်တော့ပေ။

ပထမအချက်မှာ ဤရုတ်တရက် ရောက်လာသော သတင်းကောင်းကြီးက တကယ်ကို ကြီးမားလွန်းသောကြောင့် ဖြစ်၏။

၎င်းသည် စက္ကန့်ပိုင်းအလိုက အလွန် ခက်ခဲသော ပြဿနာတစ်ခုကို မည်သို့ ဖြေရှင်းရမည်နည်းဟု ခေါင်းကိုက်နေရပြီး နောက်တစ်စက္ကန့်တွင် တစ်စုံတစ်ယောက်က ပြဿနာ ပြေလည်သွားပြီဟု လာပြောသကဲ့သို့ပင်။

သို့ပေမည့် ဒုတိယအချက်ကတော့ အနည်းငယ် ယုတ္တိမတန် ဖြစ်နေ၏။

ပြဿနာ ဖြေရှင်းပြီးသွားသည်မှာ မှန်သော်လည်း ကောင်းကင်ပေါ်မှ နတ်ဒေဝါများက ကူညီ တိုက်ခိုက်ပေးသည်ဟု တစ်စုံတစ်ယောက်က ပြောလာမည်ဆိုပါက ထိုသတင်း၏ ယုံကြည်ရမှုက ကြီးမားစွာ လျော့ကျသွားမည်မှာ သေချာသည်။

ကျင်းအရှင်မင်းမြတ် ၏ ခေါင်းထဲတွင် ရှုပ်ထွေးနေပြီး အတွေးများကို ရှင်းလင်းအောင် မလုပ်နိုင်သေးချေ။

ရန်သူ့ အဓိက အင်အားစုကို ခံတပ်ထဲသို့ မောင်းသွင်းပြီး မီးပုံးပျံကို အသုံးပြုကာ ကောင်းကင်ပေါ်မှ မီးစာအိုးများ ပစ်ချသည် ဟူသော ရှုပ်ထွေးလှသည့် အကြောင်းအရာများက ခေါင်းထဲတွင် အဆက်မပြတ် လည်ပတ်နေ၏။

ရှေ့တစ်ဝက်ကို သူ နားလည်နိုင်သော်လည်း နောက်တစ်ဝက်ကတော့... လုံးဝ နားမလည်နိုင်အောင် ဖြစ်နေတော့သည်။

ကျင်းအရှင်မင်းမြတ် ၏ ဤသို့သော အမူအရာကြောင့် နေရာတွင် ရှိနေသူများအားလုံး စိုးရိမ်ပူပန်သွားကြ၏။

လီယန်စုန့်က မနေနိုင်တော့ဘဲ ရှေ့သို့ တိုးလာကာ လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး၊ အရှင်မင်းကြီး .. သတင်းကောင်းလား ဒါမှမဟုတ်..."

ကျင်းအရှင်မင်းမြတ် သတိပြန်ဝင်လာပြီး အိပ်မက်မက်နေသလို ခံစားနေရဆဲ ဖြစ်ကာ အလိုအလျောက် ပြန်ဖြေလိုက်၏။ "သတင်းကောင်း၊ သတင်းကောင်းပဲ။"

ပြောပြီးသည်နှင့် ဘာမှ ဆက်မပြောတော့ချေ။

လီယန်စုန့်မှာ နားမလည်နိုင်အောင် ဖြစ်သွားပြီး သတိထားကာ မေးလိုက်သည်။ "အရှင်မင်းကြီး... ဘာသတင်းကောင်းများပါလဲ။"

ဖတ်၍ပင် နားမလည်နိုင်ဘဲ ပြောပြရန်မှာ ပို၍ပင် ခက်ခဲနေသေးသည်။

ကျင်းအရှင်မင်းမြတ် က ခေါင်းခါလိုက်ပြီး သတင်းလွှာကို ကော်ထျန်းယန်ထံသို့ ကမ်းပေးကာ အမိန့်ပေးလိုက်၏။ "အကုန်လုံးကို ပတ်ဖတ်ခိုင်းလိုက်။"

ဤသတင်းလွှာကို လီယွမ်ကျောက်မှ စတင်၍ အောက်ဘက်သို့ အလှည့်ကျ ဖတ်ရှုကြသည်။

သတင်းလွှာကို မြင်လိုက်သည်နှင့် တပြိုင်နက် လီယွမ်ကျောက်၏ နှလုံးခုန်သံများ ပြင်းထန်စွာ မြန်ဆန်လာ၏။

တစ်ကိုယ်လုံး အလွန်အမင်း စိတ်လှုပ်ရှားလွန်း၍ မိမိကိုယ်ကိုပင် မထိန်းချုပ်နိုင်တော့လောက်အောင် ဖြစ်နေသည်။

အောင်မြင်သွားပြီလား။ အစီအစဉ် အောင်မြင်သွားပြီပဲ။

အလွန်အမင်း ဝမ်းသာအံ့သြနေသော အကြည့်တစ်ချက်က ဖန်ကျန်းရီထံသို့ ရောက်ရှိသွား၏။

အိမ်ရှေ့စံ၏ ဤမျက်နှာထားကို ကြည့်ရသည်မှာ မိမိလူများ စွမ်းဆောင်နိုင်ခဲ့ပြီလားဟု တွေးမိသည်။

အစပိုင်းတွင် ဖန်ကျန်းရီသည် သေချာ မသိရဲသေးသော်လည်း သတင်းလွှာ သူ့လက်ထဲသို့ ရောက်လာသောအခါမှသာ ချက်ချင်း သဘောပေါက်သွားတော့၏။

သူတို့နှစ်ဦး တစ်ပြိုင်နက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ အပြည့်အဝ ပါရှိနေသည်။

သတင်းလွှာကို အားလုံး ဖတ်ရှုပြီးသွားသောအခါ မှူးမတ်များ အားလုံး ငတုံးများကဲ့သို့ ဖြစ်နေကြပြီး တစ်ယောက်ကို တစ်ယောက် ကြည့်နေကြ၏။

အတွင်းရှိ အကြောင်းအရာများက တကယ်ကို ယုတ္တိမတန် လွန်းလှပေသည်။

မည်သူမှ အရင် စကားမစရဲကြသည်ကို မြင်သောအခါ လီယန်စုန့်က အတင်းအကျပ် လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... သတင်းလွှာထဲမှာ ရေးထားတာက... လျောက်ချွန်းအရက်မူးပြီး ရေးထားတာများ ဖြစ်နေမလား။"

ကျင်းအရှင်မင်းမြတ် ၏ မျက်ခမ်းထောင့်များ တွန့်သွားပြီး သူစဉ်းစားကြည့်ရာတွင်လည်း ဤကောက်ချက်ကိုသာ ရရှိခဲ့သည်။

ပုံမှန်လူ တစ်ယောက်က ကောင်းကင်ပေါ်မှ တိုက်ခိုက်မည်ဟု မည်သို့ တွေးမိနိုင်မည်နည်း။ ချွေ့ကျွင်း သေဆုံးသွားမှုကြောင့် လျောက်ချွန်း အသိတရား လွတ်သွားပြီး ဤသို့သော အပြုအမူမျိုး လုပ်မိခြင်းသာ ဖြစ်ရမည်။

ထို့အပြင် ယခင် သတင်းလွှာတွင် ချွေ့ကျွင်း သေဆုံးသွားကြောင်းကို ရေးသားထားရာ မျက်ရည်များဖြင့် ရေးသားထားသည်ဟု ဆိုနိုင်ပြီး စာရွက်ပေါ်တွင် မျက်ရည်စက် နှစ်စက်ပင် ရှိနေသေးသည်။

သို့ပေမည့် လျောက်ချွန်းသည်လည်း မိမိနှင့်အတူ နှစ်ပေါင်းများစွာ စစ်တိုက်လာခဲ့သော စစ်သူကြီးဟောင်း တစ်ဦးဖြစ်ရာ ဤကဲ့သို့ အဆင့်နိမ့်သော အမှားမျိုးကို မလုပ်သင့်ပေ။

ကျင်းအရှင်မင်းမြတ် သည် နောက်ထပ်တစ်ကြိမ် နက်ရှိုင်းသော တွေဝေမှုထဲသို့ ကျဆင်းသွားပြန်၏။

ရုတ်တရက် အသံတစ်သံက နားဘေးမှ ထွက်ပေါ်လာသည်။

"ခမည်းတော်... ဒါက အရက်မူးပြီး ရေးထားတာ မဟုတ်ပါဘူး။ တကယ် ကောင်းကင်စစ်သည်တွေ ရှိနေတာပါ။"

All Chapters