အခန်း (၇၀၂-၇၀၃)
Vol. 37 Ch. 702-703
အပိုင်း (၇၀၂) ယောက္ခမနှင့် သမက် အချိတ်အဆက်မိခြင်း။
မီးပုံးပျံသည် ရှောင်လဲ့ထျန်း၏ ထိန်းချုပ်မှုအောက်တွင် မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ကျဆင်းလာသည်။
နန်းဆောင်အပြင်ဘက်မှ မှူးမတ်များသည် အစပိုင်းက အံ့အားသင့်သွားကြသော်လည်း အချိန်အတော်ကြာတည်းက ပူပင်သောက ရောက်ကာ အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့ကြပြီ ဖြစ်၏။
ကျင်းအရှင်မင်းမြတ် တို့ အန္တရာယ်ကင်းစွာ ဆင်းသက်လာသည်ကို မြင်သောအခါမှသာ အားလုံး သက်ပြင်းချနိုင်တော့သည်။ ပြီးနောက် အလျင်အမြန် ဝိုင်းအုံသွားကြသည်။
ခြင်းတောင်းပတ်လည်တွင် ဝိုင်းအုံသွားပြီး အလုအယက် စိုးရိမ်တကြီး မေးမြန်းနေကြ၏။
ကျင်းအရှင်မင်းမြတ်သည် ခြင်းတောင်းထဲမှ ထွက်လာပြီး ခန္ဓာကိုယ် အနည်းငယ် ယိမ်းယိုင်သွားသည်။ ပြီးနောက် လွန်စွာ တည်ငြိမ်သော ခံစားချက်တစ်ခု ရင်ထဲသို့ ပြန်လည် ဝင်ရောက်လာသည်။ သူက မနေနိုင်ဘဲ ပြောလိုက်သည်။ "မြေပြင်ပေါ်မှာ နေရတာ ပိုကောင်းတယ်။"
လီယန်စုန့်က မနေနိုင်တော့ဘဲ မေးလိုက်၏။ "အရှင်မင်းကြီး... ကောင်းကင်ပေါ်မှာ ဘယ်လို ခံစားရလဲ။ ဘာတွေ မြင်ခဲ့ရလဲ။"
ကျင်းအရှင်မင်းမြတ် က ခဏမျှ စဉ်းစားပြီးနောက် ချီးကျူးလိုက်၏။ "မြင်ခဲ့ရတာပေါ့... ကိုယ်တော် နန်းတော်ကြီး တစ်ခုလုံးကို မြင်ခဲ့ရတယ်။ တာ့ကျင်းတိုင်းပြည်ရဲ့ တောင်တန်းတွေ မြစ်တွေကို မြင်ခဲ့ရတယ်..."
ဘယ်သူက အဲဒါကို မေးနေလို့လဲ။
ကျန်းတုန်ရှန်းက ကျင်းအရှင်မင်းမြတ် ချီးကျူးနေသည်ကို မြင်သောအခါ ကပျာကယာ ဝင်မေးလိုက်သည်။ "အရှင်မင်းကြီး... ကောင်းကင်ပေါ်မှာ ကောင်းကင်နန်းဆောင် ရှိလား။"
မျက်လုံးပေါက်လေးများက ကျင်းအရှင်မင်းမြတ် ကို စိုက်ကြည့်နေကြပြီး သူ၏ နှုတ်မှ အဖြေကို ရှာဖွေလိုနေကြ၏။ သူတို့ အောက်တွင် ရှိနေစဉ်က အရှင်မင်းမြတ် နှင့် အိမ်ရှေ့စံတို့၏ အန္တရာယ်ကို စိုးရိမ်နေကြသလို တစ်ဖက်တွင်လည်း ကောင်းကင်နန်းဆောင် ကိစ္စကို စိတ်ဝင်စားနေကြခြင်း ဖြစ်၏။
ကျင်းအရှင်မင်းမြတ် ဆွံ့အသွား၏။ ကြည့်ရသည်မှာ လူတိုင်းက ဤမေးခွန်းကို စဉ်းစားနေကြပုံရသည်။
"ကိုယ်တော် ကောင်းကင်နန်းဆောင်ကို မမြင်ခဲ့ရပါဘူး။ လောကီကမ္ဘာကြီးကိုပဲ မြင်ခဲ့ရတယ်။ ဒါပေမဲ့ ရှုခင်းတွေကတော့ အရမ်း လှတယ်။"
အားလုံး ချက်ချင်း စိတ်ပျက်သွားကြ၏။ ကောင်းကင်နန်းဆောင်ကို မမြင်ခဲ့ရဘူးပဲ။
လီယန်စုန့်က ခါးသီးစွာ ပြုံးရင်း လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... အရှင်မင်းကြီး ဒီလို အန္တရာယ်များတဲ့ အလုပ်မျိုး နောက်တစ်ခါ ထပ်မလုပ်ဖို့ ကျွန်တော်မျိုး တောင်းပန်ပါတယ်။ ကျွန်တော်မျိုးရဲ့ နှလုံးသားက တကယ်ကို ခံနိုင်ရည် မရှိတော့လို့ပါ။"
ကျင်းအရှင်မင်းမြတ် က အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ကောင်းကင်ကို နောက်တစ်ကြိမ် မော့ကြည့်ကာ ပြုံးရင်း မိန့်ကြားလိုက်၏။ "မှူးမတ်တွေ စိတ်ချပါ... ကောင်းကင်ပေါ်မှာ အရမ်း အေးပါတယ်။ ကိုယ်တော် ထပ်မသွားတော့ပါဘူး။"
"အပိုစကားတွေ မပြောတော့ဘူး။ ခုနက ကိုယ်တော်နဲ့ အမတ်ဖန်တို့ ကောင်းကင်ပေါ်မှာ အခြေအနေတွေကို နားလည်ခဲ့ရပြီ။ ရီရွှန်းက တိုက်ပွဲ အောင်မြင်တာ အိမ်ရှေ့စံက စစ်တပ်လွှတ်ပြီး ကူညီခဲ့လို့ပဲ။ ဒါပေမဲ့ ဒီအထဲမှာ အကျိုးပြုမှု အကြီးမားဆုံးကတော့ အရှေ့ဆင်ခြေဖုံး တက္ကသိုလ်က ရှောင်လဲ့ထျန်းပဲ။ သူသာ မရှိရင် ဒီလို ကောင်းကင်ပေါ်ကနေ အံ့အားသင့်စရာ တိုက်ခိုက်မှုမျိုး ဖြစ်လာနိုင်မှာ မဟုတ်ဘူး။"
"ရှောင်လဲ့ထျန်း... ကိုယ်တော် မင်းကို ဆုချချင်တယ်။ မင်းမှာ ဘာဆန္ဒရှိလဲ၊ ကိုယ်တော့်ကို ပြောပြနိုင်တယ်။"
နေရာတွင် ရှိနေသူများအားလုံး ဘာမှ မစဉ်းစားနိုင်သေးခင်မှာပင် အားလုံး၏ အကြည့်များက ရှောင်လဲ့ထျန်းထံသို့ အစုလိုက်အပြုံလိုက် ရောက်ရှိသွားကြသည်။
ရှောင်လဲ့ထျန်းမှာ အကြည့်ခံရလွန်း၍ မျက်နှာနီရဲသွားပြီး အလွန်အမင်း စိတ်လှုပ်ရှားလာကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် လျှောက်တင်လိုက်၏။ "ကျွန်တော်မျိုး... မသိပါဘူး။ ကျောင်းအုပ်ကြီးဖန်သာ မရှိရင် ကျွန်တော်မျိုးရဲ့ ဒီနေ့ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။ ကျွန်တော်မျိုးက ဂုဏ်ယူဝင့်ကြွားဖို့ မဝံ့ရဲပါဘူး။"
ဖန်ကျန်းရီသည် ချက်ချင်းပင် မေတ္တာတရား ပြည့်ဝသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
တပည့်ကောင်းပါလား... ဒါ တကယ့်ကို တပည့်ကောင်းပဲ။
ကျင်းအရှင်မင်းမြတ် က မိန့်ကြားလိုက်၏။ "သူ့ရဲ့ အကျိုးပြုမှုကို ကိုယ်တော် ဆုချမှာပါ။ အခု ကိုယ်တော် မေးနေတာက မင်းကိုပဲ။ မင်း မသိဘူးဆိုရင် ကိုယ်တော်ပဲ မေးလိုက်မယ်... မင်း ရုံးတော်မှာ အရာရှိ လုပ်ချင်လား။"
ရုံးတော်မှာ အရာရှိ လုပ်ချင်လား။
ဤစကားလုံး လေးလုံး ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ရှောင်လဲ့ထျန်း၏ ခေါင်းထဲတွင် မှော်ဂါထာတစ်ခုလို ပေါ်လာတော့၏။
အရှေ့ဆင်ခြေဖုံး တက္ကသိုလ်သို့ မဝင်ရောက်မီကသာ တစ်စုံတစ်ယောက်က သူ့ကို တိုက်ရိုက် အရာရှိ လုပ်နိုင်သည်ဟု ပြောလာမည်ဆိုလျှင် သူ သေချာပေါက် ချက်ချင်း လက်ခံမည်မှာ အသေအချာပင်။
သို့သော်ငြား ယခုအခါ သူသည် ကိုယ်ပိုင်လမ်းကြောင်းကို ရှာတွေ့ခဲ့ပြီဖြစ်ပြီး ကိုယ်ပိုင် ဝါသနာလည်း ရှိနေပြီ ဖြစ်သည်။ ယခင်က လမ်းဟောင်းကို ပြန်လျှောက်ရဦးမည်လား။
ထို့အပြင် ဖခင်ဖြစ်သူကလည်း သူ့အပေါ် မျှော်လင့်ချက် အလွန် ကြီးမားသည်။ အကယ်၍များ အရာရှိ လုပ်ရမည်ဆိုလျှင် ဖခင်ဖြစ်သူ အလွန် ပျော်ရွှင်နေမည်မှာ သေချာသည်။
လက်ခံရမလား၊ သို့မဟုတ်... ငြင်းရမည်လား။
ဖန်ကျန်းရီက ဘေးတွင် ရပ်နေပြီး သူ အလွန် ဒွိဟဖြစ်နေသည်ကို မြင်သောအခါ အကြောင်းရင်းကို အကြမ်းဖျင်း ခန့်မှန်းမိသွား၏။
သူက ရှောင်လဲ့ထျန်း အနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "မင်း စိတ်ထဲက ဖြစ်ချင်တဲ့အတိုင်း ရွေးချယ်လိုက်။ တခြားဟာတွေကို အရင် မစဉ်းစားနဲ့။"
ရှောင်လဲ့ထျန်း အနည်းငယ် မှင်သက်သွားပြီး တိုးတိုးလေး ပြန်ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး။"
ထို့နောက် ခေါင်းမော့ကာ လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုး အရာရှိ မလုပ်ချင်ပါဘူး။ ကျောင်းမှာပဲ သုတေသန လုပ်ငန်းတွေကို ဆက်လုပ်ချင်ပါတယ်။ အရှင်မင်းကြီး ခွင့်လွှတ်ပေးတော်မူပါ။"
ကျင်းအရှင်မင်းမြတ် ကလည်း ဘာမှ မခံစားရဘဲ ခေါင်းညိတ်ကာ မိန့်ကြားလိုက်၏။ "ကောင်းပြီ။ ဒါဆို ဒီနေ့ ကိုယ်တော် မင်းကို ရွှေတစ်ထောင်၊ ပိုးထည် အလိပ်တစ်ရာ၊ စားနပ်ရိက္ခာ..."
ကျင်းအရှင်မင်းမြတ် စကားမဆုံးသေးခင် ဖန်ကျန်းရီက ဝင်၍ လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဆုချတာက ကောင်းပါတယ်။ ဒါပေမဲ့ ရှောင်လဲ့ထျန်းက မိဘကို သိတတ်တဲ့သူ တစ်ယောက်ဆိုတာ ကျွန်တော်မျိုး သိပါတယ်။ သူ့အဖေက သူ နာမည်ကောင်း ရဖို့ကို မျှော်လင့်နေတာပါ။
အရှင်မင်းကြီးက သူ့ကို အရှင်မင်းကြီး ကိုယ်တိုင် ရေးဆွဲထားတဲ့ စာလုံးပန်းချီကား တစ်ချပ် ထပ်ပြီး ဆုချပေးဖို့ ကျွန်တော်မျိုး တောင်းဆိုချင်ပါတယ်။ အိမ်ယူသွားရင် သူ့ရဲ့ မိဘကျေးဇူးဆပ်ချင်တဲ့ စိတ်ကို ဖြည့်ဆည်းပေးရာ ရောက်ပါတယ်။"
ကျင်းအရှင်မင်းမြတ် က ပြုံးကာ မေးလိုက်၏။ "ရပါတယ်။ ဒါပေမဲ့ ဘာစာလုံး ရေးပေးရင် ကောင်းမလဲ။"
"ကောလိပ်ကျောင်းသား၊ ကောလိပ်စိတ်ဓာတ်။" ဖန်ကျန်းရီက ဝမ်းသာအားရဖြင့် ဖြေလိုက်သည်။
ဒီစာလုံးပန်းချီကားကိုသာ ချိတ်ဆွဲလိုက်ရင် ကြော်ငြာအကျိုးသက်ရောက်မှုက အံ့မခန်းပဲ။ ကျောင်းက ကျောင်းသားတွေ သေချာပေါက် သေမတတ် ကြိုးစားကြတော့မှာ။ လူတွေထဲက လူတွေ ဖြစ်ချင်ရင် ကောလိပ်ကို တက်ရမယ်လေ။
ရှောင်လဲ့ထျန်း တံတွေး အားရပါးရ မြိုချလိုက်မိ၏။
အရှင်မင်းကြီး ကိုယ်တိုင် ရေးဆွဲထားတာလား။ ဒါကို အဖေ့ဆီ ယူသွားပေးရင် အဖေ ရူးသွားလောက်တယ်။
ထိုအချက်ကို တွေးမိပြီး ရှောင်လဲ့ထျန်းသည် ဒူးနှစ်ဖက် ခွေကျသွားကာ မြေပြင်ပေါ်တွင် ဒူးထောက်၍ စိတ်လှုပ်ရှားစွာဖြင့် လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို ကျွန်တော်မျိုး ကျေးဇူးတင်ပါတယ်။"
"မင်း အိမ်ကို အရင် ပြန်သွားတော့။ နောက်မှ မင်းအိမ်ကို အမိန့်တော် လာပို့မယ့်သူ ရှိလိမ့်မယ်။ ဒီနေ့ ကိုယ်တော်လည်း အမြင်ကျယ်သွားပါပြီ။ မင်း နောင်ဆိုရင် သိပ္ပံအကယ်ဒမီမှာ သေချာ သုတေသန ဆက်လုပ်ပါ။" ကျင်းအရှင်မင်းမြတ် က မိန့်ကြားလိုက်၏။
ရှောင်လဲ့ထျန်းက အကြိမ်ကြိမ် အရိုအသေပေးပြီးနောက် မိန်းမစိုးများက သူ့ကို နန်းတော်ပြင်ပသို့ ပို့ဆောင်ပေးခဲ့သည်။
ဖန်ကျန်းရီက ပြုံးရွှင်စွာဖြင့် လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... ဒီနေ့ ရုံးတော်က ညီလာခံ မပြီးသေးပါဘူး။ နန်းဆောင်မှာ ရှီကျုံးက ပြောတယ်... သိပ္ပံပညာဆိုတဲ့ လမ်းလွဲယုံကြည်မှုက ပြည်သူတွေကြားထဲ ပျံ့နှံ့နေပြီး ပြည်သူတွေအတွက် အကျိုးမရှိဘူးတဲ့။
ဒါပေမဲ့ မီးပုံးပျံက ဒီလို အသုံးမဝင်ဘူးလို့ ပြောတဲ့ သိပ္ပံပညာရဲ့ သီအိုရီကနေတစ်ဆင့် အောင်မြင်မှု ရခဲ့တာပါ။ ရီရွှန်း တိုက်ပွဲမှာ စစ်သည်တွေ ဘယ်နှစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့သလဲ၊ ရုံးတော်အတွက် ငွေဘယ်လောက် သက်သာသွားစေသလဲ ဆိုတာ မသိနိုင်ပါဘူး။
သိပ္ပံပညာက ကောင်းလား ဆိုးလားဆိုတာ အခုချိန်မှာ အဖြေရှိလောက်ပြီလို့ ကျွန်တော်မျိုး ထင်ပါတယ်။ အမတ်ရှီ... ခင်ဗျား ဘယ်လို ထင်လဲ။"
ရှီကျုံးက အတင်းအကျပ် ပြုံးပြကာ ခေါင်းငုံ့ပြီး ဘာမှ ဆက်မပြောရဲတော့ချေ။
အဖြစ်မှန်က မျက်စိရှေ့မှာ အထင်အရှား ရှိနေပြီး ဤမျှလောက် ခိုင်မာနေသည်ကို ဆက်ပြောနေလျှင် တကယ်ကို အရှက်မရှိရာ ကျသွားလိမ့်မည်။
ရှီကျုံး ဘာမှ မပြောနိုင်တော့သည်ကို မြင်သောအခါ ဖန်ကျန်းရီက စကားလမ်းကြောင်းကို ရွှီဝမ်ထံသို့ လှည့်လိုက်၏။
"အမတ်ရွှီ... ကျုပ်က ဘဏ္ဍာရေးဌာနက တောင်းလာတဲ့ ငွေတွေ ဘယ်ရောက်သွားလဲဆိုတာ ခင်ဗျား သိချင်နေတယ် မဟုတ်လား။ ဒီနေ့ ခင်ဗျား မြင်လိုက်ရပြီလေ။" ဖန်ကျန်းရီက လက်နှစ်ဖက်ကို ယှက်ကာ ပိတ်ထိုးချင်စရာကောင်းသော ရုပ်ဖြင့် ပြောလိုက်သည်။
ရွှီဝမ်က ရှက်ကိုးရှက်ကန်း ရယ်မောလိုက်ပြီး ပြန်ပြောလိုက်၏။ "သိပါပြီ။ ဒါပေမဲ့ အမတ်ဖန်က ကျုပ်ကို စောစောစီးစီး ပြောပြခဲ့ရင် ကျုပ်လည်း စကားအများကြီး ပြောနေစရာ မလိုတော့ဘူးပေါ့။"
"စောစောစီးစီး ပြောပြရင် ခင်ဗျား နားလည်မှာ မို့လို့လား။" ဖန်ကျန်းရီက အသံကို မြှင့်ကာ မေးလိုက်သည်။
မှူးမတ်များသည် အဆက်မပြတ် ခေါင်းခါနေကြ၏။
ဒုက္ခပါပဲ။ ဒီကောင်က အခွင့်အရေး ရသွားရင် လုံးဝ အလျှော့မပေးတော့ဘူး... သူ့ကို အနိုင်ပေးလိုက်ရပြန်ပြီ။
ကျင်းအရှင်မင်းမြတ် က ဘေးမှနေ၍ ဖန်ကျန်းရီ၏ သရုပ်ဆောင်မှုကို တိတ်တဆိတ် ကြည့်ရှုနေပြီး မည်သူမှ စကားမပြောကြတော့မှသာ...
ကျင်းအရှင်မင်းမြတ် က မိန့်ကြားလိုက်၏။ "ရီရွှန်း တိုက်ပွဲ အောင်မြင်သွားပြီ။ ရန်သူ ရှစ်ထောင်ကျော်ကို သတ်နိုင်ခဲ့တယ်။ တာ့ကျင်းတိုင်းပြည်မှာ ဒီလို အောင်ပွဲမျိုး မရခဲ့တာ နှစ်ပေါင်း ဘယ်လောက်တောင် ရှိသွားပြီလဲ။ သိပ္ပံအကယ်ဒမီနဲ့ အရှေ့ဆင်ခြေဖုံး တက္ကသိုလ်က ဒီတစ်ကြိမ်မှာ အဓိက အကျိုးပြုသူတွေပဲ။ အမတ်ဖန်... မင်း ဒီနေ့ ဘာတောင်းဆိုချင်လဲ ပြောနိုင်တယ်။"
ကိုယ်တိုင် ပြောရမှာလား။ ယောက္ခထီးကြီးက ဒီတစ်ခါ ဘာလို့ ဒီလောက် ရက်ရောနေတာလဲ။
ဖန်ကျန်းရီက ကျင်းအရှင်မင်းမြတ် ကို ဇဝေဇဝါဖြင့် ကြည့်လိုက်၏။
ကျင်းအရှင်မင်းမြတ် က သူ့ကို ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်ကို မြင်လိုက်ရသည်။
ဖန်ကျန်းရီ ချက်ချင်း သဘောပေါက်သွားပြီး ပြင်ဆင်ထားသည့်အတိုင်း လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... ရှောင်လဲ့ထျန်းက မူလက ဆင်းရဲတဲ့ စာပေပညာရှင် တစ်ယောက်ပါ။ စာမေးပွဲ အကြိမ်ကြိမ် ကျရှုံးပြီးမှ အရှေ့ဆင်ခြေဖုံး တက္ကသိုလ်ကို လာဖို့ တွေးမိတာပါ။ မမျှော်လင့်ဘဲ သူရဲ့ ပါရမီကို အမှတ်မထင် ရှာတွေ့ခဲ့ပါတယ်။
အရှေ့ဆင်ခြေဖုံး တက္ကသိုလ်မှာ ဒီလို ကျောင်းသားမျိုးတွေ အများကြီး ရှိပါတယ်။ တချို့က လက်သမားရဲ့ သားတွေ၊ တချို့က ပန်းပဲသမားရဲ့ သားတွေပါ။ ဒါပေမဲ့ သူတို့က ကျောင်းမှာ ဘိုးဘေးတွေနဲ့ မတူတဲ့ ဘာသာရပ်တွေကို ရွေးချယ်ခဲ့ကြပါတယ်။
သူတို့က ကြိုးကြိုးစားစား သင်ယူနေကြတယ် ဆိုပေမဲ့ ကျောင်းပြီးသွားရင်တော့ ပြည်သူတွေ ကြားထဲကို ရောက်သွားကြမှာ သေချာပါတယ်။ အဲဒီလူတွေက နောင်တစ်ချိန်ကျရင် အိမ်ထောင်စု အမျိုးအစား သတ်မှတ်ချက်တွေကြောင့် အကန့်အသတ်တွေ ဖြစ်လာပါလိမ့်မယ်။ တကယ်လို့ သူတို့က ဘိုးဘေးတွေရဲ့ အလုပ်ကိုပဲ ဆက်လုပ်ရမယ်ဆိုရင် သူတို့ သင်ယူခဲ့သမျှ ပညာတွေက အလကား ဖြစ်သွားမှာပေါ့။ ဒါဆို အချိန်တွေ၊ အရင်းအမြစ်တွေ အလကား ဖြုန်းတီးရာ မရောက်ဘူးလား။
တကယ်လို့များ သူတို့ထဲမှာ ရှောင်လဲ့ထျန်းလို ပါရမီရှင် တစ်ယောက် ပါလာခဲ့ရင် အရည်အချင်းတွေ မြှုပ်နှံခံရမှာ မဟုတ်ဘူးလား။ ဒါက ရုံးတော်ရဲ့ ဆုံးရှုံးမှုတင် မကဘူး၊ တစ်တိုင်းပြည်လုံးရဲ့ ဆုံးရှုံးမှုကြီးပါ။
ဒါကြောင့် ကျွန်တော်မျိုးမှာ ဆန္ဒတစ်ခုပဲ ရှိပါတယ်။ အရှေ့ဆင်ခြေဖုံး တက္ကသိုလ်က ကျောင်းဆင်းတွေအတွက် အိမ်ထောင်စု အမျိုးအစား ပြောင်းလဲခွင့် တစ်ခါလောက် ပေးဖို့ ရုံးတော်ကို တောင်းဆိုချင်ပါတယ်။"
"ကောင်းပြီ၊ ဒီကိစ္စကို ကိုယ်တော် ခွင့်ပြုတယ်။"
ကျင်းအရှင်မင်းမြတ် က မှူးမတ်များကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး မေးလိုက်၏။ "ဘယ်သူ ကန့်ကွက်စရာ ရှိသေးလဲ။"
အပိုင်း (၇၀၃) သတင်းကောင်း ရောက်လာခြင်း။
မှူးမတ်များသည် ကျင်းအရှင်မင်းမြတ် ၏ အကြည့်ကို ခံရသောအခါ ခေါင်းငုံ့သွားကြပြီး တိုက်ရိုက် မကြည့်ရဲကြတော့ချေ။
သို့ပေမည့် ရင်ထဲတွင်မူ မကျေမနပ် ဖြစ်နေကြ၏။
အိမ်ထောင်စု အမျိုးအစား ပြောင်းလဲခြင်း ကိစ္စမှာ ပုံမှန်အချိန်ဆိုလျှင် လုံးဝ ခွင့်ပြု၍ မရသော ကိစ္စဖြစ်သည်။ ပြည်သူများက ကိုယ့်အလုပ်ကို ကိုယ်လုပ်ပြီး ဘိုးဘေးများ၏ အလုပ်ကို ဆက်လက် လုပ်ကိုင်ခြင်းက မည်မျှ ကောင်းမွန်သော စနစ်နည်း။
သို့သော်ငြား ထင်သလို ပြောင်းလဲခွင့်ပြုလိုက်ပါက လူများက တည်ငြိမ်မှု မရှိတော့ဘဲ မိမိစိတ်ကြိုက် ဖွံ့ဖြိုး တိုးတက်ချင်လာကြမည် ဖြစ်ရာ ကမောက်ကမတွေ ဖြစ်ကုန်မည် မဟုတ်ပါလား။ လယ်သမားက လယ်ကို သေချာ မစိုက်တော့ဘဲ ပန်းပဲသမားကလည်း ပန်းပဲကို သေချာ မထုတော့မည့် အခြေအနေ ရောက်သွားနိုင်သည်။
လူအများစု၏ ရင်ထဲတွင် ပြင်းထန်စွာ ကန့်ကွက်နေကြသော်လည်း ဤအချိန်တွင်တော့ တကယ်ကို ဝင်ပြောရန် အဆင်မပြေတော့ချေ။
ခုနကတင် ဖန်ကျန်းရီ၏ ဆူပူကြိမ်းမောင်းမှုကို ခံထားရပြီး အရှင်မင်းကြီးကလည်း သူ့ဘက်တွင် ရပ်တည်နေသည်။ အရေးအကြီးဆုံးမှာ အရှေ့ဆင်ခြေဖုံး တက္ကသိုလ်မှ ကျောင်းသားများက တကယ်ပဲ အကျိုးပြုမှု ကြီးကြီးမားမား လုပ်ခဲ့ခြင်းကြောင့် ဖြစ်၏။ ဤမီးပုံးပျံက နောင်တွင် မည်မျှ အသုံးဝင်လာမည်ကို မသိနိုင်သေးပေ။
အရှေ့ဆင်ခြေဖုံး တက္ကသိုလ်မှ ကျောင်းဆင်းများကိုသာ အိမ်ထောင်စု အမျိုးအစား ပြောင်းလဲခွင့် ပြုမည်ဆိုပါက ဤသေးငယ်သော အခွင့်အရေးကိုတော့ အလျှော့ပေးလိုက်၍ ရနိုင်သည်။
မှူးမတ်များ ဘာမှ မပြောကြသဖြင့် နောက်ဆုံးတွင် လီယန်စုန့်က လျှောက်တင်လိုက်၏။ "အရှင်မင်းကြီးက သဘောတူပြီးပြီ ဆိုမှတော့ ကျွန်တော်မျိုးတို့လည်း သေချာပေါက် လိုက်နာရမှာပါ။"
ကျင်းအရှင်မင်းမြတ် က မိန့်ကြားလိုက်သည်။ "ကောင်းပြီ။ ဒါဆို ဒီကိစ္စကို ဒီလိုပဲ ဆုံးဖြတ်လိုက်မယ်။ အရှေ့ဆင်ခြေဖုံး တက္ကသိုလ်က ကျောင်းသားတွေအတွက် လွယ်ကူတဲ့ လမ်းကြောင်းတစ်ခု ဖွင့်ပေးဖို့ စီစဉ်လိုက်ပါ။"
ဖန်ကျန်းရီ ရင်ထဲတွင် အလွန် ဝမ်းသာသွား၏။
သေချာသွားပြီ။ ဒီတစ်ကြိမ်တော့ အရှေ့ဆင်ခြေဖုံး တက္ကသိုလ်ရဲ့ အခြေခံအုတ်မြစ်က လုံးဝ ခိုင်မာသွားပြီ။ ဒီခွင့်ပြုချက် တစ်ခုတည်းနဲ့တင် ကိုယ့်ကံကြမ္မာကို ပြောင်းလဲချင်တဲ့ ဆန္ဒရှိတဲ့ ပြည်သူ ဘယ်လောက်များများက သိပ္ပံပညာ နယ်ပယ်ထဲကို ဝင်လာကြမလဲ မသိနိုင်ဘူး။
မူလက သိပ္ပံပညာဆိုတဲ့ အပင်ပေါက်လေးက အရမ်း နုနယ်နေသေးပေမဲ့ အခုတော့ တစ်ခဏချင်းမှာပဲ သစ်ပင်ငယ်လေး တစ်ပင် အဖြစ် ကြီးထွားလာခဲ့ပြီ။
နောင်ဆိုရင် ကျောင်းသားလက်ခံဖို့ ထပ်စဉ်းစားမယ်ဆိုရင်လည်း အားအများကြီး စိုက်ထုတ်နေစရာ မလိုတော့ဘူး။
တကယ်လို့ နိုင်ငံတစ်ဝန်းလုံးမှာ ကျောင်းခွဲတွေ ဖွင့်ပြီး လူရည်ချွန်တွေကို အပြည့်အဝ ရွေးချယ်မယ်ဆိုရင်၊ အင်ပါယာစာမေးပွဲနဲ့ အပြိုင်ဖြစ်လာမဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ စနစ်တစ်ခုကို ဖန်တီးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး။
ဒါဆို ငါ ဖန်ကျန်းရီက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲရဲ့ ဖခင်ကြီး ဖြစ်သွားပြီပေါ့။
ဒီတစ်ခေါက်တော့ သောက်ကျိုးနည်း အကုန်လုံးကို အပြောင်းအပြန် လုပ်ပစ်ပြီး နာကျင်ခဲ့ရတဲ့ စိတ်နှလုံးကို ပြန်လည် ကုစားရမယ်။
ဖန်ကျန်းရီသည် နှုတ်ခမ်းကို သပ်ကာ စိတ်လှုပ်ရှားစွာဖြင့် လျှောက်တင်လိုက်၏။ "အရှေ့ဆင်ခြေဖုံး တက္ကသိုလ်က ကျောင်းသားတွေ အားလုံး ကိုယ်စား အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို ကျွန်တော်မျိုး ကျေးဇူးတင်ပါတယ်။"
ကျင်းအရှင်မင်းမြတ် က လက်ဝှေ့ယမ်းကာ မိန့်ကြားလိုက်သည်။ "ရပါတယ်။ မီးပုံးပျံ အကြောင်းကို အရင် ပြောကြတာပေါ့။
ဒီပစ္စည်းက ထိန်းချုပ်ရ လွယ်ကူတော့ တာ့ကျင်းတိုင်းပြည်က မျက်လုံးတစ်လုံး ပိုရသွားသလိုပဲ။ ကိုယ်တော်က နောက်ထပ် လေကြောင်းတပ်ဖွဲ့ အသစ်တစ်ခု ဖွဲ့စည်းဖို့ စဉ်းစားထားတယ်၊ ယာယီ လူတစ်ထောင် သတ်မှတ်ထားမယ်။ ဘဏ္ဍာရေးဌာနက ငွေချထားပေးပြီး မီးပုံးပျံတွေ ထပ်ထုတ်လုပ်မယ်။
မင်းက လူတချို့ကို အရင် စုစည်းပြီး စစ်တပ်နဲ့ ချိတ်ဆက်ထားလိုက်၊ မီးပုံးပျံ ထိန်းချုပ်မောင်းနှင်တဲ့ နည်းလမ်းတွေကို သင်ပေးလိုက်ပါ။”
"ကျွန်တော်မျိုး အမိန့်တော်အတိုင်း နာခံပါ့မယ်။"
...
မိုးချုပ်သွားပြီ ဖြစ်၏။
ရှောင်လဲ့ထျန်းသည် ပေါ့ပါးသော ခြေလှမ်းများဖြင့် အိမ်သို့ ပြန်ရောက်လာသည်။
အိမ်တံခါးဝသို့ ရောက်သောအခါ ကောင်းကင်ပေါ်မှ လမင်းကြီးကို မော့ကြည့်ရင်း နက်ရှိုင်းသော မဖြစ်နိုင်ဘူးဆိုသည့် ခံစားချက်မျိုး ခံစားနေရဆဲ ဖြစ်၏။
ယနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက တကယ်ကို အိပ်မက်ဆန်လွန်းလှပေသည်။
နန်းတော်ထဲ ဝင်ခဲ့တယ်၊ အရှင်မင်းမြတ် ကို တွေ့ခဲ့ရတယ်၊ ပြီးတော့ သူနဲ့အတူ ရူးသွပ်ခဲ့တဲ့ သခင်လေးလီ ကလည်း အိမ်ရှေ့စံ ဖြစ်နေတယ်။
အရေးအကြီးဆုံးကတော့ သူ သက်သေပြနိုင်ခဲ့ပြီ။
ယခုအချိန်တွင် ရင်ဘတ်ထဲ၌ ပိတ်ဆို့နေသော အဖုအထစ်များ အားလုံး ဖြေရှင်းပြီးသွားပြီ ဖြစ်ရာ၊ ဖခင်ဖြစ်သူသာ ဤကိစ္စကို သိသွားပါက အလွန်အမင်း ပျော်ရွှင်နေမည်မှာ သေချာသည်။
ရုံးတော်က ဆုလာဘ်တွေ ဘယ်အချိန် ရောက်လာမလဲ ဆိုတာကိုတော့ မသိသေးပေ။ ထိုသို့ တွေးရင်း ရှောင်လဲ့ထျန်းသည် အိမ်တံခါးကို တွန်းဖွင့်လိုက်၏။
အိမ်ထဲတွင် ယခင်ကလိုပင် မှောင်မဲနေပြီး စာမဖတ်လျှင် ဖခင်ဖြစ်သူက မီးမထွန်းရက်ချေ။
ရှောင်လဲ့ထျန်းသည် စမ်းတဝါးဝါးဖြင့် ဆီမီးခွက်ကို မီးညှိလိုက်သည်။
ဆီမီးခွက်ကို ကိုင်ကာ အခန်းတွင်းသို့ လျှောက်သွားလိုက်ရာ ရှောင်ခန်က ဘေးစောင်း အိပ်နေသည်ကို မြင်လိုက်ရသဖြင့် ဆီမီးခွက်ကို တိတ်တဆိတ် မှုတ်ပိတ်လိုက်၏။
"ပြန်လာပြီလား" ရှောင်ခန်၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
"အဖေ မအိပ်သေးဘူးလား။"
"အိပ်ပြီ။ အိုးထဲမှာ ထမင်းရှိတယ်၊ စာမဖတ်ရင် မီးမထွန်းနဲ့။" ရှောင်ခန်၏ အသံတွင် မည်သည့် လှိုင်းဂယက်မှ မရှိချေ။
စိတ်ထဲရှိ အဖုအထစ်များ ပြေလည်သွားပြီ ဖြစ်သော်လည်း လတ်တလော ထွက်ပေါ်နေသော ကောလာဟလများက အဆက်မပြတ် ရောက်ရှိလာနေဆဲ ဖြစ်သည်။
အထူးသဖြင့် သူသည် ယခင်က အောင်သွယ်တော်မကြီးကို အပြစ်လုပ်မိခဲ့ရာ ထိုမိန်းမကြီးက အငြိုးကြီးသဖြင့် သွေးထိုးလှုံ့ဆော်မှုများ ပိုမို ပြုလုပ်လာခဲ့၏။
သူမ၏ သွေးထိုးမှုအောက်တွင် အိမ်နီးနားချင်းမှ ရိုင်းစိုင်းသော ယောကျ်ားများနှင့် စွာတေးလန် မိန်းမများကလည်း အပြောအဆို မဆင်မခြင် ဖြစ်လာကာ အလွန် နားလည်ရခက်သော စကားများကို ပြောဆိုလာကြသည်။
ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် အချိန်ကြာလာသည်နှင့်အမျှ ရှောင်ခန်လည်း စိတ်ဓာတ်ကျလာပြီး အနည်းငယ် သက်သာလာသော သားအဖ ဆက်ဆံရေးမှာလည်း နောက်တစ်ကြိမ် ခက်ခဲလာပြန်၏။
ဤအခြေအနေကို ရှောင်လဲ့ထျန်း သိရှိထားသည်။
မူလက စိတ်လှုပ်ရှားစွာဖြင့် သတင်းကောင်းကို ဖခင်ဖြစ်သူအား ပြောပြချင်ခဲ့သော်လည်း ရှောင်ခန်၏ အေးစက်သော တုံ့ပြန်မှုကြောင့် စိတ်အားထက်သန်မှုများ ပျောက်ကွယ်သွားခဲ့ရ၏။
ရှောင်လဲ့ထျန်း မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာပြီး ကုတင်နားသို့ သွားကာ ရှိရင်းစွဲ အဝတ်အစားများဖြင့်သာ အိပ်ရာဝင်လိုက်သည်။
မပြောတော့ဘူး။ ဆုလာဘ်တွေ ရောက်လာမှပဲ ပြောပြတော့မယ်၊ အခု ပြောရင် အဖေက ငါ့ကို အရူးလို့ ထင်သွားလိမ့်မယ်။
...
နောက်တစ်နေ့တွင် ရှောင်ခန်သည် ပုံမှန်အတိုင်း အလုပ်ဆင်းရန် သွားခဲ့၏။
ယနေ့ မနက်ခင်း အလုပ်သည် အရှေ့ဈေးရှိ ဈေးသို့ ကုန်ပစ္စည်းများ ပို့ဆောင်ပေးရန် ဖြစ်ပြီး မိုးမလင်းမီ အိမ်မှ ထွက်ကာ လူအများစု မထမီ ကုန်ပစ္စည်းများကို အရောက်ပို့ပေးရမည် ဖြစ်သည်။
၎င်းသည် လေးလံသော ကာယအလုပ်ဖြစ်ပြီး ယခု ဈေးကွက်ထဲတွင် သုံးဘီးများ ရှိနေပြီ ဖြစ်သော်လည်း သူဌေးက ဝယ်မပေးပေ။ မြင်းလှည်းဆိုလျှင် ပို၍ပင် ဝေးသေးသည်။ အရှေ့ကနေ ဆွဲပြီး အနောက်ကနေ တွန်းရသည့် အိုဟောင်းနေသော သစ်သားလှည်း တစ်စီးသာ ရှိ၏။
နာရီဝက်ခန့် ကြာပြီးနောက်မှသာ ရှောင်ခန်သည် ကုန်ပစ္စည်းများကို သတ်မှတ်နေရာသို့ အရောက်ပို့နိုင်ခဲ့ပြီး လက်နှစ်ဖက်စလုံးတွင် ရွှံ့မည်းများ ပေကျံနေသည်။
ခဏမျှ အနားယူချိန် ရရှိသောအခါမှသာ ရှောင်ခန်သည် ပခုံးပေါ်တွင် တင်ထားသော အဝတ်စုတ်ကို ဆွဲချကာ ချွေးများနှင့် လက်များကို သုတ်လိုက်၏။
ညဘက်က ကြိုတင် လျှော်ဖွပ်ထားသော အဝါရောင်သန်းနေသည့် အဝတ်စုတ်မှာ ချက်ချင်းပင် မည်းနက်သွားတော့သည်။
သေချာစွာ သန့်ရှင်းရေး လုပ်ပြီးနောက်မှသာ မျက်မှောင်ကြုတ်ကာ သက်ပြင်းချရင်း ကိုက်ခဲနေသော ခါးကို ပွတ်သပ်နေမိ၏။
ဘေးမှ အလုပ်ဖော်က နောက်ပြောင်လိုက်သည်။ "ရှောင်ကြီး... ခင်ဗျားသားက ငွေတုံး တစ်ရာတောင် ရှာနိုင်နေပြီကို ခင်ဗျားက ဘာလို့ ဒီလို ပင်ပန်းတဲ့ အလုပ်တွေ ဆက်လုပ်နေတာလဲ။"
"အခု ခင်ဗျားမှာလည်း အချိန်ရနေပြီ၊ စာလည်း တတ်တယ်ဆိုတော့ စာရင်းကိုင် အလုပ်လေး ဘာလေး ရှာလုပ်ရင် မကောင်းဘူးလား။"
ရှောင်ခန်က ခါးသီးစွာ ပြုံးရင်း ခေါင်းခါလိုက်၏။
စာရင်းကိုင် ဆိုသည်မှာ အလွန် ကောင်းမွန်သော အလုပ်ဖြစ်သော်လည်း ရှာရမလွယ်ကူပေ။ သူစိမ်းများကို ယုံကြည်ရန် ခက်ခဲပြီး မြို့တော်ထဲတွင် အခြေအနေမကောင်းသော စာပေပညာရှင်များ မည်မျှ များပြားသနည်း၊ တောင်သူအိုကြီးနှင့် တူသော သူလို စာပေပညာရှင် တစ်ယောက်ကို မည်သူက အလုပ်ခန့်မည်နည်း။
"ငွေတုံး တစ်ရာနဲ့ ဘာလုပ်လို့ရမှာလဲ။ ကျုပ်သားက မိန်းမ မယူရသေးဘူး။"
"ဟား... နတ်သမီးကို ယူမှာမို့လို့လား။ ငွေတုံး တစ်ရာနဲ့ ဘယ်လို မိန်းမမျိုးကို ရှာမရမှာလဲ။ ကျုပ်သား မိန်းမယူတုန်းက ငွေတုံး အနည်းငယ်တောင် မကုန်ခဲ့ဘူး၊ အခု ကလေး နှစ်ယောက်တောင် ရနေပြီ။ ခင်ဗျားလည်း အရမ်းကြီး မျှော်လင့်မနေပါနဲ့၊ ခင်ဗျားက စာပေပညာရှင် ဆိုပေမဲ့ ကျုပ်တို့လို လှည်းဆွဲနေရတာပဲ မဟုတ်လား။ ရတဲ့ဘဝလေးနဲ့ ရောင့်ရဲပါ" အလုပ်ဖော်က နောက်ပြောင်လိုက်၏။
ရှောင်ခန်က တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။ "ကျုပ်သားရဲ့ လိုအပ်ချက်က သဘာဝကျကျ ပိုမြင့်မှာပေါ့၊ အထက်တန်းလွှာ မိသားစုက သမီးပျိုမှ ယူမှာ။ သာမန် မိန်းမတွေကို ဘယ်လိုလုပ် မျက်စိကျမှာလဲ။"
အလုပ်ဖော် ရုတ်တရက် အထင်သေးခံရသလို ခံစားလိုက်ရ၏။
ခင်ဗျားက ကျုပ်သားက ခင်ဗျားသားကို မမီဘူးလို့ ပြောချင်တာလား။
ထို့ကြောင့် လှောင်ပြောင်သလို ပြောလိုက်သည်။ "အေးပါ... ငွေတုံး တစ်ရာပဲ ရှိတာလေ၊ အခု ကုန်ဈေးနှုန်းက မြန်မြန် တက်နေတာ၊ နောင်တစ်ချိန်ကျရင် လောက်ပါ့မလား မသိဘူး။ ခင်ဗျားသားက နားလည်ရခက်တဲ့ စာတမ်း တစ်စောင်လောက် ထပ်မရေးနိုင်ရင်တော့ မလွယ်ဘူး။
ဒါနဲ့ ရှောင်ကြီး... ခင်ဗျားသား ရေးတဲ့ လေစီးကြောင်း ဆိုတဲ့ စာတမ်းက တကယ်တမ်း ဘာအတွက် သုံးတာလဲ။"
ရှောင်ခန်၏ မျက်နှာ တောင့်တင်းသွားပြီး ဘာမှ ဆက်မပြောတော့ချေ။
ဘာအတွက် သုံးတာလဲ ဟုတ်လား။ အသုံးမဝင်ဘူးလေ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့ကို လှောင်ပြောင် နောက်ပြောင်တဲ့ သူတွေက တစ်ယောက် နှစ်ယောက် မကတော့ဘူး။ အလုပ်သွားလုပ်တဲ့ နေရာတိုင်းမှာ သူ့ရဲ့ စာပေပညာရှင် ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် ပစ်မှတ်ထား ခံရလေ့ရှိတယ်။
လူတိုင်းက စာပေပညာရှင်တွေကို အထင်ကြီးကြပေမဲ့ အဲဒီစာပေပညာရှင်က အခြေအနေ မကောင်းတော့ဘူး ဆိုရင် လူတိုင်းက ခြေနဲ့ နင်းချင်ကြတယ်။
ဤသို့သော အခြေအနေမျိုးကို ရှောင်ခန် အစောကြီးတည်းက လျစ်လျူရှုတတ်နေပြီ ဖြစ်၏။
သို့ပေမည့် သူ့သားကို အသုံးချပြီး နောက်ပြောင်သည်ကို ကြုံရတိုင်း အလွန် ခံရခက်သည်။
"သွားကြစို့၊ လှည်းကို ပြန်ပို့ကြမယ်။"
သူ အနည်းငယ် စိတ်ဓာတ်ကျသွားသည်ကို မြင်သောအခါ အလုပ်ဖော်၏ မျက်နှာတွင် အောင်နိုင်သူ၏ အရိပ်အယောင်များ ပေါ်လာ၏။
သူတို့နှစ်ဦးသည် သစ်သားလှည်းကို သိမ်းဆည်းကာ ပြန်ရန် ပြင်လိုက်ကြသည်။
ခြေနှစ်လှမ်းခန့် ဆွဲပြီးချိန်တွင် မိတ်ကပ် အထူကြီး လိမ်းထားသော ဝဝဖိုင့်ဖိုင့် အမျိုးသမီးကြီး တစ်ဦးက သူတို့နှစ်ဦးထံသို့ အလောတကြီး ပြေးလာ၏။
"လောင်ရှောင်... လောင်ရှောင်... ရှင့်အိမ်မှာ သတင်းကောင်း ရှိတယ်။ မြန်မြန်၊ ကျွန်မနဲ့အတူ အိမ်ပြန်ရအောင်"
ရှောင်ခန် အံ့သြသွား၏။ လာသူမှာ နောက်ကွယ်မှ သူ့အပေါ် မကောင်းပြောနေသော အောင်သွယ်တော်မကြီး ဖြစ်နေသည်။
သတင်းကောင်း ရှိတယ် ဟုတ်လား။ ငါ့အိမ်မှာ ဘာသတင်းကောင်း ရှိမှာလဲ၊ ငါ့ကို တမင် လာနောက်နေတာလား။
ရှောင်ခန်က သတိထားကာ မေးလိုက်သည်။ "ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ။ ကျုပ်အိမ်မှာ အခု ဘယ်သူမှ မရှိလောက်ဘူး၊ ဘယ်က သတင်းကောင်း ရမှာလဲ။"
အောင်သွယ်တော်မကြီး၏ မျက်နှာတွင် မျက်နှာချိုသွေးသော အပြုံးများ ပါရှိနေ၏။ "တကယ်ပြောတာပါ။ တကယ်ပါ။ ကျုပ် မလိမ်ပါဘူး၊ ရှင့်အိမ်ကို အရာရှိကြီးတွေ ရောက်နေတယ်။ နန်းတော်ထဲက လာတာလို့ ကြားတယ်၊ ဒါကို ကျုပ် လိမ်ရဲပါ့မလား။ မြန်မြန် သွားကြည့်ရအောင်ပါ။"
နန်းတော်ထဲက လာတယ် ဟုတ်လား။
ရှောင်ခန် နေရာတွင် မှင်သက်သွားပြီး တစ်ခဏမျှ တွေဝေသွားတော့သည်။