← Chapters

အခန်း (၇၀၄-၇၀၅)

Vol. 37 Ch. 704-705

အခန်း (၇၀၄-၇၀၅)

Vol. 37 Ch. 704-705

အပိုင်း (၇၀၄) ရှောင် မိသားစု ဆုလာဘ် လက်ခံရရှိခြင်း။

"မြန်မြန် လုပ်ပါ၊ မှင်သက်မနေနဲ့တော့။ အရာရှိကြီးတွေ စောင့်ရတာ ကြာနေပြီ။"

ရှောင်ခန်က မလောသော်လည်း အောင်သွယ်တော်မကြီးကတော့ လောနေပြီ ဖြစ်၏။

သူမက သတင်းမြန်ပြီး စုံစမ်းရတာလည်း ဝါသနာပါသဖြင့် ရှောင်မိသားစုထံသို့ ဂုဏ်သရေရှိ ဧည့်သည်များ လာရောက်သည်ကို သိသည်နှင့် တစ်ပြိုင်နက် သတင်းလာပေးရန် ကပျာကယာ ပြေးလာခြင်း ဖြစ်သည်။

နန်းတော်ထဲက ဂုဏ်သရေရှိ ဧည့်သည်၊ သူတို့က ကောင်းကင်ဘုံက လူတွေလေ။ ရှောင်မိသားစုကတော့ ကြီးပွားတော့မှာပဲ။

ဒီရက်ပိုင်းအတွင်း သူ့မိသားစုရဲ့ မကောင်းသတင်းတွေကို မနည်း ပြောခဲ့မိတယ်၊ အခုတော့ ဆက်ဆံရေးကို ပြန်လည် ပြုပြင်ရတော့မယ်။

အောင်သွယ်တော်မကြီးက ရှေ့သို့တိုးကာ ရှောင်ခန်၏ အင်္ကျီလက်ကို ဆွဲ၍ ခေါ်သွားရန် ပြင်လိုက်၏။

ရှောင်ခန်က လက်ကို တစ်ချက် ခါလိုက်ပြီး အောင်သွယ်တော်မကြီး၏ လက်မှ ရုန်းထွက်ကာ မေးလိုက်သည်။ "တကယ်တမ်း ဘာကိစ္စလဲ။"

"မသိဘူးလေ၊ သူတို့ကလည်း မပြောဘူး။ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ကိစ္စ ဖြစ်မှာ သေချာတယ်။ အိမ်မှာ အခု အရမ်းကို စည်ကားနေတယ်။"

ကျုပ်တို့အိမ်... ဘယ်က ခင်ဗျားနဲ့ ကျုပ်တို့အိမ်လဲ။ ဒါ ကျုပ်အိမ်ပါဗျ။

ရှောင်ခန်က တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ "အော်... ကျေးဇူးတင်ပါတယ်။ ကျုပ် အခုပဲ အိမ်ပြန်လိုက်ပါ့မယ်။"

အောင်သွယ်တော်မကြီးက သူ၏ အေးစက်သော သဘောထားကို မြင်သောအခါ အံကြိတ်ကာ ရှောင်ခန်၏ အင်္ကျီလက်ကို အတင်းဆွဲပြီး အနီးရှိ စက်ဘီး အရောင်းဆိုင် တစ်ဆိုင်သို့ ခေါ်သွားသည်။

ရှောင်ခန်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ "ဘာလုပ်မလို့လဲ။"

အောင်သွယ်တော်မကြီးက တဟားဟား ရယ်မောလိုက်ပြီး ဆိုင်ရှေ့ရှိ စက်ဘီးများကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ "ကျွန်မ ရှင့်ကို စက်ဘီးတစ်စီး ဝယ်ပေးမယ်၊ ရှင် မြန်မြန် အိမ်ပြန်သွားလိုက်ပါ။ ဂုဏ်သရေရှိ ဧည့်သည်တွေကို မစောင့်ခိုင်းနဲ့။"

ထို့နောက် ဆိုင်ထဲသို့ အတင်း ဝင်သွားပြီး အချိန်သိပ်မကြာလိုက်ဘဲ သော့တစ်ချောင်း ယူလာခဲ့သည်။

ရှောင်ခန်၏ လက်ထဲသို့ ထည့်ပေးကာ ပြောလိုက်၏။ "စီးတတ်လား။ ဒီစက်ဘီးကို ကျွန်မ လက်ဆောင်ပေးမယ်။ မြန်မြန် အိမ်ပြန်သွားလိုက်ပါ။"

သူမ၏ ဤမျှလောက် အလွန်အမင်း ဖော်ရွေသော အပြုအမူကို မြင်သောအခါ ရှောင်ခန် အံ့သြသွားပြီး တံတွေးမြိုချကာ ပြောလိုက်သည်။ "စီးတတ်တယ်... ဒါကို ငှားတာလို့ပဲ သတ်မှတ်လိုက်၊ အိမ်ရောက်ရင် ငွေပြန်ပေးမယ်။"

စက်ဘီးကို သူဌေးဆီမှာ သူ စီးဖူးတယ်။ အရမ်းကို လွယ်ကူတယ်။ ဒါပေမဲ့ ငွေနှမြောလို့ မဝယ်ဖြစ်ခဲ့ဘူး၊ ပြီးတော့ ဒီပစ္စည်းက အရမ်းပျောက်လွယ်တယ်လို့ ကြားတယ်။

ရှောင်ခန်က သော့ကိုကိုင်ကာ စက်ဘီးဘီးတွင် ခတ်ထားသော သော့ကို ဖွင့်နေစဉ် အောင်သွယ်တော်မကြီးက ဘေးမှနေ၍ အဆက်မပြတ် ပြောဆိုနေ၏။ "ရှောင်ဟောင်းရယ်... ကျွန်မတို့ အားလုံးက အိမ်နီးနားချင်းတွေပဲ၊ ဒီလောက် ကိစ္စလေးက ဘာများ အရေးကြီးလို့လဲ၊ ရှင် နောင်ဆိုရင် ကျွန်မကို မမေ့နဲ့နော်။ ရှင်က တိုးတက်မယ့်သူလို့ ကျွန်မ အစောကြီးကတည်းက မြင်ထားပြီးသားပါ။ ဟိုစကားပုံ ရှိတယ်လေ... နောက်ကျမှ အောင်မြင်တာတဲ့။ ရှင့်သားကလည်း ကြီးကြီးမားမား အောင်မြင်အုံးမှာပါ။ သူနဲ့ သင့်တော်မယ့် အထက်တန်းလွှာ မိသားစုက သမီးပျိုကို ကျွန်မ ရှာပေးနေပါတယ်၊ အဲဒီအချိန်ကျရင် ရှင် မငြင်းနဲ့တော့နော်။ ရှင့်သား ကိစ္စကို ခဏထားအုံး .. ရှင်လည်း နောက်အိမ်ထောင် ပြုသင့်ပြီ၊ ကျွန်မကို ကြည့်ပါအုံး..."

ရှောင်ခန်သည် အလွန်အမင်း စိတ်ရှုပ်လာသဖြင့် သော့ကိုဖွင့်ကာ စက်ဘီးပေါ်သို့ ခွတက်ပြီး နင်းတံကို သွက်လက်စွာ နင်းလိုက်၏။

လျှောခနဲ အသံနှင့်အတူ အောင်သွယ်တော်မကြီး၏ အမြင်အာရုံထဲမှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

အဆက်မပြတ် အားရပါးရ နင်းလာပြီး အိမ်အနီးသို့ ရောက်သောအခါ ရှောင်လဲ့ထျန်း ရုတ်တရက် ခေါင်းနပန်းကြီး သွားတော့၏။

အိမ်ပတ်ဝန်းကျင် တစ်ဝိုက်တွင် လူတွေက ကြက်ပျံမကျ စည်ကားနေသည်။

ကုန်ပစ္စည်းများ အပြည့် တင်ဆောင်ထားသော မြင်းလှည်း ဆယ်စီးကျော်ခန့် ရှိနေပြီး အပေါ်တွင် အနီရောင် ပိတ်စများ ဖုံးအုပ်ထား၏။

အလယ်ဗဟိုရှိ လူမှာ ခမ်းနားစွာ ဝတ်ဆင်ထားပြီး မြင့်မားသော မြင်းပေါ်တွင် စီးနင်းထားရာ အလွန် ထင်ရှားနေသည်။

လမ်းသွားလမ်းလာများကလည်း အဆက်မပြတ် ရောက်ရှိလာကြပြီး အချင်းချင်း မေးမြန်းနေကြ၏။ "ဘာဖြစ်တာလဲ၊ ဒီနေ့ လူတစ်ယောက်ယောက် အပြစ်လုပ်မိလို့လား၊ ဒါမှမဟုတ် မင်္ဂလာကိစ္စ ရှိလို့လား၊ ဘာလို့ လူတွေ ဒီလောက် အများကြီး ဝိုင်းနေကြတာလဲ။"

"ဒီမှာက လောင်ရှောင်ရဲ့ အိမ်လေ၊ အရာရှိတွေ လာရှာနေတာ။ ဒီလောက် စည်ကားနေတာကို ကြည့်ရင် အပြစ် လုပ်မိတဲ့ ပုံတော့ မပေါ်ပါဘူး။"

"ရှောင်မိသားစု ဟုတ်လား။ ဟို... လေကြီးလေကျယ်တွေ ပြောတတ်ပြီး စာပေပညာရှင်လို နေ့တိုင်း ဟန်ဆောင်နေတဲ့သူလား။"

"ဟေ့ကောင်... အသံတိုးတိုး လုပ်ပါ... သူ လာပြီ။"

ရုတ်တရက် လူအုပ်ထဲမှ မျက်စိလျှင်သော သူတစ်ယောက်က ရှောင်ခန်၏ အရိပ်ကို မြင်လိုက်ရသဖြင့် ချက်ချင်း အော်ဟစ်လိုက်၏။ "ရှောင်ခန် .. ရှောင်ခန် လာပြီ။"

ထူထပ်စွာ စုဝေးနေသော လူအုပ်ကြီးသည် ချက်ချင်း မျက်စိလှည်ကာ အနောက်ဘက်ရှိ ရှောင်ခန်ကို ပြိုင်တူ ကြည့်လိုက်ကြသည်။

အမိန့်တော် လာပို့သော မိန်းမစိုးကလည်း မြင်းခေါင်းကို လှည့်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ "ဖယ်ပေးကြ။ အကုန်လုံး ဖယ်ပေးကြစမ်း။"

ဤကဲ့သို့သော မြင်ကွင်းမျိုးကို ရှောင်ခန် ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်ရာ ရင်ထဲတွင် အနည်းငယ် ထိတ်လန့်နေမိသည်။

အမိန့်တော် လာပို့သော မိန်းမစိုးသည် သူ၏ ရှေ့သို့ ရောက်လာပြီး မေးလိုက်၏။ "မင်းက ရှောင်ခန်လား။"

ရှောင်ခန်က လည်ချောင်းကို ရှင်းကာ ပြန်ဖြေလိုက်သည်။ "ဟုတ်ပါတယ်။ အရှင်က..."

အမိန့်တော် လာပို့သော မိန်းမစိုး၏ မျက်နှာ ပြောင်းလဲသွားပြီး ချက်ချင်း ဖော်ရွေလာသည်။ မြင်းပေါ်မှ ဆင်း၍ ရှောင်ခန် ရှေ့သို့ လျှောက်သွားပြီး လက်သီးဆုပ်ကာ ပြောလိုက်၏။ "သခင်ကြီးရှောင်ကို ဂါရဝပြုပါတယ်။ ဂုဏ်ယူပါတယ်။"

"ကျုပ်က ဒီနေ့ အရှင်မင်းကြီးရဲ့ အမိန့်တော်အရ ခင်ဗျားဆီကို ဆုလာဘ်တွေ လာပို့ပေးတာပါ။"

"ဆု... ဆုလာဘ် လာပို့တာလား။" ရှောင်ခန်၏ မျက်လုံးများ တွေဝေသွား၏။

ပတ်ဝန်းကျင်မှ လူများကလည်း ဆူညံသွားကြသည်။

"အရှင်မင်းကြီးရဲ့ အမိန့်တော်အရ …. အရှင်မင်းကြီးက ဆုချတာတဲ့လား။ ဘုရားရေ..."

"လူကို အပြင်ပန်းကြည့်ပြီး အကဲဖြတ်လို့ မရဘူး၊ လူကို အပြင်ပန်းကြည့်ပြီး အကဲဖြတ်လို့ မရဘူး ဆိုတာ တကယ်ပဲ။"

အမိန့်တော် လာပို့သော မိန်းမစိုးက မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်သို့ လှမ်းအော်လိုက်၏။ "တိတ်တိတ်နေ။ အကုန်လုံး တိတ်တိတ်နေကြစမ်း။"

ပတ်ဝန်းကျင်မှာ ချက်ချင်းပင် တိတ်ဆိတ် ငြိမ်သက်သွားသည်။

အမိန့်တော် လာပို့သော မိန်းမစိုးက ဆက်ပြောလိုက်၏။ "သခင်ကြီးရှောင်... ဒီနေ့ ဒီဆုလာဘ်တွေက သားဖြစ်သူရဲ့ အကျိုးပြုမှုတွေပါ။ ဒါပေမဲ့ အိမ်ရှေ့စံနဲ့ သခင်လေးဖန်တို့က ကျုပ်ကို အမိန့်တော် လာပို့တဲ့ အချိန်မှာ ခင်ဗျားရဲ့ မျက်နှာပန်းလှအောင် သေချာ လုပ်ပေးဖို့ အထူး မှာလိုက်ပါတယ်။ တကယ်တော့ ဝိုင်းကြည့်နေတဲ့ လူတွေကို မောင်းထုတ်ရမှာပါ။ တကယ်လို့ ခင်ဗျား သဘောမကျရင် အခုပဲ လူတွေကို မောင်းထုတ်ပေးပါ့မယ်။"

"သဘော... သဘောကျပါတယ်။" ရှောင်ခန်၏ မျက်နှာတွင် အနည်းငယ် တွေဝေနေသည့် အရိပ်အယောင်များ ပေါ်နေ၏။

သားက အကျိုးပြုမှု လုပ်ခဲ့တာလား။ ဘာလို့ ငါ့ကို မပြောပြခဲ့တာလဲ။

မိန်းမစိုးက ပြောလိုက်သည်။ "ကောင်းပြီ။ သခင်ကြီးရှောင် အမိန့်တော်ကို ခံယူပါ။"

ရှောင်ခန်က အင်္ကျီအောက်စကို မကာ ဒူးနှစ်ဖက်ဖြင့် မြေပြင်ပေါ်တွင် ထောက်လိုက်ရာ၊ ပတ်ဝန်းကျင်မှ လူများကလည်း လိုက်လံ ဒူးထောက်ကြပြီး မိန်းမစိုးကို စိတ်အားထက်သန်စွာ ကြည့်နေကြ၏။

ဒီနေ့ ဒီအဖြစ်အပျက်က အလကား ကြုံလိုက်ရတာပေမဲ့ အပြင်မှာ တစ်လလောက် လေလုံးထွားဖို့ လုံလောက်နေပြီ။

အမိန့်တော် လာပို့သော မိန်းမစိုးက လည်ချောင်းကို ရှင်းလိုက်သည်။ "ကောင်းကင်ဘုံ၏ အလိုတော်အရ အုပ်စိုးသော အရှင်မင်းကြီး၏ အမိန့်တော်.. အရှေ့ဆင်ခြေဖုံး တက္ကသိုလ်မှ ရှောင်လဲ့ထျန်းသည် စကြဝဠာ၏ အခြေခံ သဘောတရားများကို လေ့လာပြီး သဘာဝတရား၏ နက်နဲသော အရာများကို ထိုးထွင်း သိမြင်ကာ လေစီးကြောင်း ဆိုသော စာတမ်းကို ရေးသားခဲ့သည်..."

ရှောင်ခန်၏ ခေါင်းထဲတွင် ဝီခနဲ မြည်သွားပြီး အိပ်မက် မက်နေတာများလားဟု တွေးမိလိုက်၏။

ကောင်းကင်ပေါ် ပျံသန်းနိုင်တယ်၊ ရုံးတော်အတွက် ကြီးမားတဲ့ အကျိုးပြုမှု လုပ်ခဲ့တယ်၊ ငွေကြေးနဲ့ စားနပ်ရိက္ခာတွေ ဆုချတယ်၊ အရှင်မင်းကြီးက ချီးကျူးတယ်၊ အရှင်မင်းကြီး ကိုယ်တိုင် စာလုံး ရေးပေးတယ်။ ဆိုတဲ့ အလွန် ကြီးမားလှသော သတင်းများက သူ၏ နားထဲသို့ တစ်ခုပြီးတစ်ခု ဝင်ရောက်လာတော့သည်။

ပတ်ဝန်းကျင်မှ လူများကလည်း လုံးဝ တိတ်ဆိတ်သွားကြပြီး အသက်ရှူသံပင် မထွက်ရဲဘဲ ငြိမ်သက်နေကြ၏။

အမိန့်တော် လာပို့သော မိန်းမစိုးက ဖတ်ပြီးသွားသောအခါ ရှောင်ခန်ကို ပြုံးရွှင်စွာ ကြည့်လိုက်သည်။ "သခင်ကြီးရှောင်... အမိန့်တော်ကို လက်ခံယူပါ။"

ရှောင်ခန်က ကပျာကယာ ထရပ်ကာ အမိန့်တော်ကို လက်ခံယူလိုက်၏။

မိန်းမစိုးက ချက်ချင်း အမိန့်ပေးလိုက်သည်။ "လူတွေ လာခဲ့ .. သခင်ကြီးရှောင်ကို ဆိုင်းဘုတ် ဖွင့်ခိုင်းလိုက်။"

လူသန်ကြီး နှစ်ယောက် ထွက်လာကာ အနီရောင် ပိတ်စဖြင့် ဖုံးအုပ်ထားပြီး အနီရောင် ပန်းပွင့်များ တပ်ဆင်ထားသော ဆိုင်းဘုတ် တစ်ခုကို ထမ်းကာ ရှောင်ခန် ရှေ့သို့ ရောက်လာ၏။

ရှောင်ခန်က မိန်းမစိုးကို အရင် ကြည့်လိုက်ပြီး သူက ခေါင်းညိတ်ပြသည်ကို မြင်သောအခါမှသာ ရှေ့သို့တိုးကာ အနီရောင် ပိတ်စကို ဖြည်းညင်းစွာ ဆွဲချွတ်လိုက်သည်။

စာလုံးကြီး ခြောက်လုံးက ရှောင်ခန်၏ မျက်စိရှေ့တွင် ထင်ရှားစွာ ပေါ်ထွက်လာ၏။

[ကောလိပ်ကျောင်းသား၊ ကောလိပ်စိတ်ဓာတ်]

ဆိုင်းဘုတ် ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်မှ အံ့အားသင့် ချီးကျူးသံများ ထွက်ပေါ်လာတော့သည်။

ဒါက ကောလိပ်ကျောင်းသား ဆိုတဲ့ လူရည်ချွန်လား။ အရှင်မင်းကြီးကိုတောင် အံ့သြသွားစေပြီး စာလုံးတောင် ကိုယ်တိုင် ရေးပေးရတယ် ဆိုတော့။

ရှောင်ခန် တစ်ကိုယ်လုံး တုန်ယင်နေပြီး ဆိုင်းဘုတ်ကို စိုက်ကြည့်နေရင်း ရင်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်နေသကဲ့သို့ ခံစားနေရ၏။

ဒီလပိုင်းတွေမှာ သူ အများကြီး စိတ်ဓာတ်ကျခဲ့ရပေမယ့် သားဖြစ်သူရဲ့ အနာဂတ် မသေချာမှာကို ပိုပြီး ကြောက်ခဲ့ရတယ်။

လူတော်တော်များများက ကောလိပ်က ဘာမှမဟုတ်ဘူး၊ အသုံးမဝင်တဲ့ အရာတွေကိုပဲ လေ့လာနေတာ၊ ကံကောင်းလို့သာ ဖြစ်တာ ဆိုပြီး ပြောကြတယ်။

သူ ဒီကိစ္စအတွက် အမြဲတမ်း စိုးရိမ်နေခဲ့ရတယ်... ဟုတ်တယ်၊ သူလည်း အသုံးမဝင်ဘူးလို့ ထင်ခဲ့တာပဲ၊ လူဆိုတာ ကံတရားကိုပဲ အားကိုးပြီး အသက်ရှင်လို့ မရဘူးလေ။

ဒါပေမဲ့ အခုတော့ အရှင်မင်းကြီး ကိုယ်တိုင် စာလုံးရေးပေးပြီး ကောလိပ်ကို အသိအမှတ်ပြုလိုက်ပြီ ဆိုတော့၊ ဘယ်သူကများ သံသယဝင်ရဲအုံးမှာလဲ။

တဖြည်းဖြည်းနှင့် မျက်ရည်ပေါက်ကြီးများက သူ၏ မျက်လုံးထောင့်မှ ဖြည်းညင်းစွာ ကျဆင်းလာ၏။

ပါးစပ်မှလည်း အထစ်ထစ်အငေါ့ငေါ့ဖြင့် လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုး... အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်။"

အမိန့်တော် လာပို့သော မိန်းမစိုးက လက်ကို မြှောက်ကာ အမိန့်ပေးလိုက်၏။ "တီးမှုတ်ကြ။ ဗြောက်အိုး ဖောက်ကြ။"

လိုက်ပါလာသော တီးဝိုင်းက တဖြောင်းဖြောင်း အသံများနှင့်အတူ ဗြောက်အိုးများ ဖောက်ကာ ဆူညံစွာ တီးမှုတ်ကြတော့သည်။

ပျော်ရွှင်စရာ အခြေအနေ တစ်ခုလုံးတွင် မိန်းမစိုးက အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်၏။ "အရှေ့ဆင်ခြေဖုံး တက္ကသိုလ်ကို ဒီရက်ပိုင်းအတွင်းမှာ အများပြည်သူ လာရောက် လေ့လာနိုင်ဖို့ ဖွင့်လှစ်ပေးထားပြီး၊ ကောင်းကင်ပေါ် ပျံသန်းနိုင်တဲ့ ပစ္စည်းကိုလည်း အများရှေ့မှာ သရုပ်ပြပါလိမ့်မယ်။ ရှောင်လဲ့ထျန်းရဲ့ စာတမ်းက ကောင်းကင်ပေါ် ပျံသန်းနိုင်ဖို့အတွက် ရေးသားထားတာပါ။ တကယ်လို့ သွားကြည့်ချင်တဲ့သူတွေ ရှိရင် အခုပဲ အရှေ့ဆင်ခြေဖုံး တက္ကသိုလ်ကို တိုက်ရိုက် သွားကြည့်နိုင်ပါတယ်။"

ထိုစကားကို ကြားလိုက်ရသည်နှင့် လူအုပ်ကြီး ရုတ်တရက် ရူးသွပ်သွားကြတော့၏။

ဘာ။ ကောင်းကင်ပေါ် ပျံတယ် ဟုတ်လား။ ခုနက အမိန့်တော် ဖတ်တုန်းက ပေါက်ကရတွေ ပြောနေလို့ ဘယ်သူမှ သေချာ နားမလည်ခဲ့ကြဘူး၊ နည်းနည်းပါးပါးလောက်ပဲ မှတ်မိလိုက်တယ်။

သို့သော်လည်း မိန်းမစိုးက ဤသို့ ပြောလိုက်သောအခါမှသာ ပြည်သူပြည်သားများ ချက်ချင်း သဘောပေါက် နားလည်သွားကြသည်။

ဒါကြောင့် ဒီနေ့ အခမ်းအနားကို ဒီလောက် ခမ်းခမ်းနားနား လုပ်ထားတာကိုး။ ရှောင်မိသားစုက ကောင်လေး ကောင်းကင်ပေါ် တက်သွားလို့ကိုး။

ဤမျှ ငွေကြေးများစွာ ရှာဖွေနိုင်ခြင်းအပေါ် မည်သူကမျှ မနာလို မဖြစ်ကြချေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဒဏ္ဍာရီဆန်လွန်းသော ကိစ္စရပ်တစ်ခု ဖြစ်နေသောကြောင့်ပင်။

အပိုင်း (၇၀၅) ရင်ထဲမှ အဖုအထစ်များ အားလုံး ရှင်းလင်းသွားခြင်း

"လောင်ရှောင် ဂုဏ်ယူပါတယ်ဗျာ။ ခင်ဗျားသားက ငယ်ငယ်ကတည်းက ဉာဏ်ကောင်းပြီး သေချာပေါက် ကြီးပွားမယ့်သူလို့ ကျုပ် အစောကြီးကတည်းက မြင်ထားပြီးသားပါ။ ကျုပ် ပြောတာ ဘယ်လိုလဲ၊ ဒီနေ့ တကယ် ဖြစ်လာပြီ မဟုတ်လား။"

"လောင်ရှောင်... ကျုပ်မှာ သမီးတစ်ယောက် ရှိတယ်၊ ဒီနှစ်မှ ဆယ့်ခြောက်နှစ် ပြည့်တာ။ ခင်ဗျားသားလည်း မိန်းမ မယူရသေးဘူး မဟုတ်လား။ ကျုပ်တို့က အိမ်နီးချင်းတွေပဲ၊ ဒါဆိုရင်..."

"တော်ပါတော့။ ခင်ဗျား သမီးရဲ့ မုန့်ဟင်းခါး ဒယ်အိုးလို မျက်နှာကြီးကို အလကားပေးရင်တောင် ဘယ်သူက ယူမှာလဲ။ လောင်ရှောင်... ကျုပ်မှာလည်း သမီးတစ်ယောက် ရှိတယ်။"

"မင်း သမီးက ပိုတောင် ဆိုးသေးတယ်၊ တင်ပါးမှာ မှဲ့ခရုတွေ အပြည့်နဲ့..."

"မင်း ဘယ်လိုလုပ် သိတာလဲ။ မင်း ကျုပ်ဘိုးဘေးတွေကိုပါ စော်ကားနေတာလား။"

"မင်းတို့ မရိုက်ကြနဲ့လေ။ ဂုဏ်သရေရှိ ဧည့်သည်ကြီး ရှိနေသေးတယ်နော်။"

ဆူညံနေသော အသံများကြားတွင် ရှောင်ခန်၏ မျက်နှာ၌ ပျော်ရွှင်သော အပြုံးများ ပေါ်လွင်နေပြီး ငတုံး တစ်ယောက်လို နေရာတွင် ရပ်နေမိ၏။

ရုတ်တရက် နားဘေးမှ အသံတစ်သံ ထွက်ပေါ်လာသည်။ "အမိန့်တော်လည်း ပို့ပြီးပြီဆိုတော့ ကျုပ် အရင် ပြန်တော့မယ်။ ဒါပေမဲ့ သခင်ကြီးရှောင်... ခင်ဗျား အချိန်ရတုန်း အရှေ့ဆင်ခြေဖုံး တက္ကသိုလ်ကို သွားကြည့်လိုက်ပါ။ အဲဒီ ကောင်းကင်ပေါ် ပျံတဲ့ ပစ္စည်းက တကယ်ကို အံ့သြစရာ ကောင်းပါတယ်။ ခင်ဗျားသားက အရည်အချင်း ရှိလွန်းလို့ တကယ်ကို လေးစားရပါတယ်။"

ရှောင်ခန် သတိပြန်ဝင်လာပြီး မိန်းမစိုးက ပြန်တော့မည်ဟု ကြားသဖြင့် ကိုယ်ပေါ်တွင် ငွေကို ကပျာကယာ လိုက်ရှာလိုက်၏။

သူ စည်းမျဉ်းတွေကို နားလည်သည်။ အမိန့်တော် လာပို့သောသူကို ငွေပေးရပေမည်။

လောလောဆယ် ကြေးပြား အနည်းငယ်သာ ရှာတွေ့သဖြင့် ရှောင်ခန်က ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ "မိန်းမစိုးမင်း … ခဏစောင့်ပါအုံး … ကျုပ် အိမ်ပြန်ပြီး ငွေနည်းနည်း သွားယူလိုက်ပါ့မယ်..."

"မလိုပါဘူး။"

အမိန့်တော် လာပို့သော မိန်းမစိုးက ခါးသီးစွာ ပြုံးလိုက်၏။ "သခင်လေးဖန်က ခင်ဗျားကို နာမည်နဲ့တောင် တိုက်ရိုက် ပြောထားတာ။ ခင်ဗျားဆီက ငွေယူပြီး ကျင်းယီဝေတပ်ဖွဲ့က သိသွားရင် ကျုပ် ဒုက္ခရောက်မှာပေါ့၊ သွားပြီနော်... မလိုက်ပို့နဲ့တော့။"

ထိုသို့ဆိုမှတော့ ရှောင်ခန်က အရိုအသေပေးပြီး ကျေးဇူးတင်စကား ပြောရုံသာ ရှိတော့သည်။

မိန်းမစိုး ထွက်သွားပြီးနောက် လူအုပ်ကြီးက ချက်ချင်း ဝိုင်းအုံလာပြီး ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရန်နှင့် သဘောထား ပြသရန် အပြိုင်အဆိုင် ကြိုးစားကြတော့၏။

ရောင်စုံ သက်တံလို စကားလုံးများက မျက်နှာပေါ်သို့ အဆက်မပြတ် ကျဆင်းလာရာ ရှောင်ခန်မှာ အလယ်တွင် ညပ်နေပြီး အကြိမ်ကြိမ် လက်အုပ်ချီကာ အပြင်သို့ အတင်း တိုးထွက်နေရသည်။ "အားလုံးပဲ... အားလုံးပဲ... ကျုပ် အရှေ့ဆင်ခြေဖုံး တက္ကသိုလ်ကို သွားကြည့်ချင်လို့ပါ၊ ကျေးဇူးပြုပြီး လမ်းဖယ်ပေးကြပါ။"

"လောင်ရှောင်... ကျုပ်မှာ မြင်းလှည်း ရှိတယ်။ ကျုပ် မြင်းလှည်းနဲ့ လိုက်ပို့မယ်။"

"ကျုပ်ဆီမှာလည်း ရှိတယ်။ ကျုပ်တို့ အိမ်က မြင်းကို တိုက်ရိုက် စီးသွားလိုက်။"

ဤကဲ့သို့သော ခမ်းနားသည့် ဧည့်ခံမှုကို သူ၏ ဘဝသက်တမ်း တစ်လျှောက်တွင် ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်ရာ ရှောင်ခန်၏ မျက်နှာ တစ်ခုလုံး နီမြန်းနေပြီး အဆက်မပြတ် တုံ့ပြန်နေရ၏။

"အားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျုပ် ကိုယ်တိုင်... ဟမ် .. ကျုပ်ရဲ့ စက်ဘီးရော။ ဘယ်သူ ကျုပ် စက်ဘီးကို တွေ့လိုက်လဲ။ ဘယ်သူ ကျုပ် စက်ဘီးကို စီးသွားတာလဲ။"

...

အရှေ့ဆင်ခြေဖုံး တက္ကသိုလ်ကို ဖွင့်လှစ်လိုက်ရာ မရေမတွက်နိုင်သော ပြည်သူများက သတင်းကြားသည်နှင့် အလုအယက် ရောက်ရှိလာကြသည်။

သိပ္ပံပညာ၏ အသုံးဝင်မှုကို ရုံးတော်အား သက်သေပြနိုင်ခဲ့ပြီ ဖြစ်ရာ၊ နောက်တစ်ဆင့်မှာ သာမန် ပြည်သူများကို သက်သေပြရန်ပင် ဖြစ်၏။

ထိုနေ့တွင် သင်ထောက်ကူ ပစ္စည်းများ ပျက်စီးခြင်း သို့မဟုတ် အခိုးခံရခြင်းမှ ကာကွယ်ရန်အတွက် ကျောင်းဆောင်များ အားလုံးကို ပိတ်ထားလိုက်သည်။

အများပြည်သူ ဝင်ရောက်ခွင့် ပြုထားသော နေရာများကိုသာ ဖွင့်လှစ်ထား၏။

အားကစားကွင်းတွင်၊ ကျောက်တောင်တု နေရာတွင်၊ ကန်ရေပြင်ဘက်တွင် အမြင့် ဆယ်ကိုက်ကျော်ခန့်တွင် တွဲလွဲဆိုင်းနေသော မီးပုံးပျံများကို ချည်နှောင်ထားသည်။

မီးပုံးပျံ အပြင်ဘက်ကိုလည်း အရောင်အသွေး စုံလင်စွာ ဆေးသုတ်ထားသဖြင့် မျက်စိကျစရာ အလွန် ကောင်းလှပေသည်။

ရှောင်ခန်သည် လူအုပ်ကြီး၏ ဝိုင်းရံမှုဖြင့် အရှေ့ဆင်ခြေဖုံး တက္ကသိုလ် အပြင်ဘက်သို့ ရောက်ရှိလာ၏။

စက်ဘီး အသစ်လေး ရရချင်း ပျောက်သွားသော်လည်း အဆုံးတွင်တော့ အခြားသူများ၏ မြင်းလှည်းဖြင့် လိုက်လာခဲ့ရသည်။

အရှေ့ဆင်ခြေဖုံး တက္ကသိုလ် အပြင်ဘက်တွင် ပြည်သူများကို ကြိုဆို လမ်းညွှန်ပေးမည့် ကျောင်းသားများ ရှိနေပြီး အခြေအနေကို ထိန်းသိမ်းရန် ကျင်းယီဝေတပ်ဖွဲ့ဝင်များလည်း ရှိနေ၏။

လူများ ချဉ်းကပ်လာသည်ကို မြင်သောအခါ ကျောင်းသားများက ကျောင်း၏ ယဉ်ကျေးမှု အမွေအနှစ်ကို ပြသရန် ကျောင်းသီချင်းကို ကပျာကယာ သီဆိုလိုက်ကြ၏။

"အရှေ့ဆင်ခြေဖုံး တက္ကသိုလ်က တကယ် အံ့သြစရာပါပဲ၊ ကောင်းကင်ပေါ် တက်နိုင်သလို မြေအောက်လည်း ဆင်းနိုင်ပြီး အကအခုန်လည်း ကျွမ်းကျင်ပါတယ်၊ ဆရာတွေ ကျောင်းသားတွေက အရည်အချင်း စုံလင်ပြီး ပြည်သူတွေအတွက် သီချင်းတစ်ပုဒ်လောက် သီဆိုဖျော်ဖြေပေးပါ့မယ် .. "

ထိုအချိန်တွင် ရှောင်လဲ့ထျန်းသည် ကျောင်းတံခါးဝတွင် အလွန် စိုးရိမ်တကြီး ရပ်နေ၏။ နန်းတော်တွင်းမှ လူများ သူ၏ အိမ်သို့ အမိန့်တော် သွားပို့သည့် ကိစ္စကို ကျောင်းအုပ်ကြီးရုံးခန်းတွင် ဖန်ကျန်းရီက သူ့ကို ပြောပြထားပြီး ဖြစ်သည်။

အကယ်၍ ဖခင်ဖြစ်သူသာ အမိန့်တော်ကို လက်ခံရရှိပါက ကျောင်းသို့ သေချာပေါက် ရောက်လာမည် ဖြစ်သဖြင့် သူက ကျောင်းတံခါးဝတွင် အစောကြီးတည်းက လာစောင့်နေခြင်း ဖြစ်၏။

ထင်သည့်အတိုင်းပင် မလှမ်းမကမ်းတွင် လူတစ်အုပ်ကြီး ရုတ်တရက် ထွက်ပေါ်လာရာ ရှောင်လဲ့ထျန်းက မျက်လုံးကို ကျဉ်းကာ သေချာ ကြည့်လိုက်သည်။

ရှေ့ဆုံးမှ လူမှာ သူ၏ ဖခင်ပင် ဖြစ်၏။

ရှောင်လဲ့ထျန်း၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး အလျင်အမြန် ရှေ့သို့ တိုးသွားလိုက်သည်။

"အဖေ"

ရှောင်ခန်က ပါးစပ်ကို ဟလိုက်ပြီး ပြောချင်သော စကားများ အများကြီး ရှိသော်လည်း သားဖြစ်သူကို မြင်လိုက်ရသောအခါ ရင်ထဲရှိ စကားများ အားလုံးက ရင်ဘတ်ထဲတွင် ပိတ်ဆို့သွားသကဲ့သို့ ဖြစ်သွား၏။

နောက်ဆုံးတွင် စကားတစ်ခွန်းသာ ပြောထွက်တော့သည်။ "အေး... အဖေ အကုန်သိပါပြီ။"

ရှောင်လဲ့ထျန်း ပြုံးလိုက်သည်၊ အလွန် ပျော်ရွှင်စွာ ပြုံးလိုက်၏။

"အဖေ... အဖေ ဒီကို ပထမဆုံး ရောက်ဖူးတာ မဟုတ်လား။ သား လိုက်ပြမယ်။"

ရှောင်ခန် ခေါင်းညိတ်လိုက်ပြီး အနောက်ဘက်သို့ လှည့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "အားလုံးပဲ... ကိုယ့်ဘာသာကိုယ် လေ့လာကြပါ။ ကျုပ်နဲ့ ကျုပ်သား စကားနည်းနည်းလောက် ပြောပါရစေ။"

ကြည့်ရှုနေသော လူအုပ်ကြီးကလည်း မျက်နှာသာ ပေးသည့်အနေဖြင့် အလိုအလျောက် လူစုကွဲသွားကြပြီး ကျောင်းဝင်းအတွင်းသို့ အသုတ်လိုက် ဝင်ရောက်သွားကြသည်။

ရှောင်ခန် သားအဖ နှစ်ဦး ယှဉ်လျှောက်လာကြပြီး ရှောင်လဲ့ထျန်းက စိတ်လှုပ်ရှားစွာဖြင့် အဆောက်အအုံ အမျိုးမျိုးကို လက်ညှိုးထိုးပြကာ ရှောင်ခန်ကို အဆက်မပြတ် မိတ်ဆက်ပေးနေ၏။

ရှောင်ခန်က ဘာမှ မပြောဘဲ သူ လက်ညှိုးထိုးပြရာကိုသာ လိုက်ကြည့်နေသည်။

မျက်နှာပေါ်တွင် ဘာမှ မပြသသော်လည်း ရင်ထဲတွင်မူ အလွန် ကြီးမားသော တုန်လှုပ်မှုကို ခံစားနေရပြီ ဖြစ်၏။

ဒီအဆောက်အအုံတွေ၊ စိမ်းလန်းနေတဲ့ မြက်ခင်းပြင်တွေ၊ ထူထပ်နေတဲ့ သစ်တောတွေ၊ လှိုင်းတွန့်လေးတွေ ရှိနေတဲ့ ကန်ရေပြင်...

အရာအားလုံးက အရမ်းကို သာယာလှပပြီး ငြိမ်းချမ်းနေတယ်။

ဤသို့သော နေရာမျိုးကို သူ ဘဝမှာ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်၏။

ရှောင်ခန်၏ မျက်နှာတွင် အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။

ကြည့်ရသည်မှာ ကိုယ်တိုင်က အိုမင်းသွားပြီပဲ... အမြင်လည်း ကျဉ်းမြောင်းသွားပြီ။

သားဖြစ်သူ သင်ယူလေ့လာနေသည့် နေရာက ဤသို့သော ပတ်ဝန်းကျင်မျိုး ဖြစ်နေသဖြင့် တကယ်လို့ မိမိသာ အစောကြီးကတည်းက လာကြည့်ဖြစ်ခဲ့လျှင် နေ့တိုင်း စိုးရိမ်ပူပန်နေစရာ လိုတော့မည်မဟုတ်ပေ။

"အဖေ... ကြည့်။ အဲဒါ မီးပုံးပျံပဲ၊ အဲဒီအပေါ် တက်ပြီး ကောင်းကင်ပေါ် ပျံလို့ရတယ်။"

ရှောင်ခန်က ခေါင်းမော့ကြည့်လိုက်ပြီး မီးပုံးပျံကို ကြည့်ကာ သက်ပြင်းချလိုက်၏။ "မထင်ထားဘူး... တကယ် မထင်ထားဘူး။ ဒီလောက် ကြီးမားတဲ့ အရာကြီးက ကောင်းကင်ပေါ် ပျံတက်နိုင်တယ်ဆိုတော့၊ ဒါက သိပ္ပံပညာရဲ့ နက်နဲတဲ့ သဘောတရားလား။"

"အဖေ … သူက ကြီးတယ် ဆိုပေမယ့် အလေးချိန်က သိပ်မ..."

"လဲ့ထျန်း။"

"မင်း လုပ်တာ အရမ်း ကောင်းတယ်။ အဖေက မင်းကို မမီတော့ပါဘူး၊ တကယ်လို့ မင်းအမေသာ အသက်ရှင်နေသေးရင် သူ သေချာပေါက် ဂုဏ်ယူနေမှာပဲ။"

ရှောင်ခန်က ခေါင်းငုံ့ကာ ခံစားချက် အပြည့်ဖြင့် ပြောလိုက်သည်။ "အဖေ့ အမှားဖြစ်နိုင်ပါတယ်။ အင်ပါယာ စာမေးပွဲ ဖြေဆိုတာကလွဲပြီး တခြားလမ်း မရှိဘူးလို့ ထင်ခဲ့တာ။ မင်း ရွေးချယ်ခဲ့တာကမှ အမှန်ပါ။"

ရှောင်လဲ့ထျန်း တစ်ကိုယ်လုံး တုန်ယင်သွား၏။

မျက်လုံးများထဲတွင် မျက်ရည်များ ဝဲတက်လာပြီး အသံမှာ အနည်းငယ် တုန်ရီလာသည်။ "အဖေ... မနက်ဖြန် အဖေ အလုပ်သွားစရာ မလိုတော့ဘူး။"

"အေး"

"အဖေ ကောင်းကင်ပေါ် တက်ကြည့်ချင်လား။ သား သွားပြီး ကျောင်းအုပ်ကြီးကို ခွင့်တောင်းလိုက်မယ်၊ သူ သေချာပေါက် ခွင့်ပြုမှာပါ။"

"ကြည့်ချင်တာပေါ့။"

...

ကျောင်းအုပ်ကြီး ရုံးခန်းထဲတွင် ဖန်ကျန်းရီက ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ရှိ လူအုပ်ကြီးကို ကြည့်နေ၏။

မျက်မှောင်ကြုတ်လုမတတ် ဖြစ်နေသည်။

ချီးပဲ။ ပြသတာ ရက်အနည်းငယ် ကြာအုံးမှာဆိုတော့ မြက်ခင်းပြင်တွေ အကုန် ပျက်စီးကုန်တော့မှာပဲ။

"ဟူး..."

ဘေးတွင် ရှိနေသော ရှဲ့ရှန်းက မေးလိုက်၏။ "သခင်လေး ဘာလို့ သက်ပြင်းချနေတာလဲ။"

"သက်ပြင်းချတာလား။ တာ့ကျင်းတိုင်းပြည်ရဲ့ ခွန်အားတွေ ကြီးမားလာပြီး ပြည်သူတွေ ပျော်ရွှင်နေတာကို တွေးမိလို့ပါ။ ဒါပေမဲ့ ဒီလောကမှာ ထမင်းမစားရတဲ့ သူတွေ အများကြီး ရှိနေသေးတယ်လို့ တွေးမိတော့ ကျုပ် ရင်ထဲ မကောင်းလို့။"

ရှဲ့ရှန်းက လေးစားစွာဖြင့် ပြောလိုက်သည်။ "သခင်လေးက တကယ်ကို ဘုရားလောင်း စိတ်ဓာတ် ရှိတာပဲ။"

ဖန်ကျန်းရီက ရယ်မောပြီး နောက်သို့ လှည့်ကာ ပြောလိုက်၏။ "ဒီနေ့ ကိစ္စတွေကို သေချာ မှတ်ထား၊ မနက်ဖြန် သတင်းစာထဲမှာ ထည့်ဖို့ မမေ့နဲ့။ ပြီးတော့ အရှေ့ဆင်ခြေဖုံး တက္ကသိုလ်က ကျောင်းဆင်းရင် အိမ်ထောင်စု အမျိုးအစား ပြောင်းလဲခွင့် ရှိတယ် ဆိုတာကိုပါ အကုန် ထည့်ရေးလိုက်။ နောင်ဆိုရင် ကျုပ်တို့ ကျောင်းက ကမ္ဘာ့ယဉ်ကျေးမှုရဲ့ တောက်ပတဲ့ ပုလဲလုံးကြီး တစ်လုံး ဖြစ်လာတော့မှာ။"

"သခင်လေးက အမြော်အမြင် ကြီးမားလှပါတယ်။"

ထိုအချိန်တွင် လူတစ်ယောက် ရုံးခန်းထဲသို့ ဝင်လာသည်။

လာသူမှာ ကျင်းယီဝေတပ်ဖွဲ့ဝင် ဖြစ်ပြီး ဖန်ကျန်းရီကို မြင်သည်နှင့် လျှောက်တင်လိုက်၏။ "တပ်မှူး .. လုဖာက ကျွန်တော်မျိုးကို စကား မှာခိုင်းလိုက်လို့ပါ။ ဟို နိုင်ငံခြားသားတွေက အခုဆိုရင် ရိုးရှင်းတဲ့ စကားလုံးတွေ ပြောတတ်နေပြီတဲ့။ သခင်လေး ဘယ်အချိန် တွေ့ချင်လဲ၊ သူ လူခေါ်လာခဲ့ပါ့မယ်တဲ့။"

"သိပြီ၊ သူ့ကို မနက်ဖြန် ဌာနချုပ်ကို ခေါ်လာခဲ့ဖို့ ပြောလိုက်။"

ကျင်းယီဝေတပ်ဖွဲ့ဝင် ထွက်သွားပြီးနောက် ဖန်ကျန်းရီက ခေါင်းမော့ကာ ရင်ထဲတွင် ဇဝေဇဝါ ဖြစ်သွား၏။

နိုင်ငံခြားသားတွေ... လအနည်းငယ် သင်ရုံနဲ့ စကားပြောတတ်နေပြီလား။ ငါတောင် အင်္ဂလိပ်စကားကို ဆယ်နှစ်ကျော် သင်ခဲ့ရတာ စကားနည်းနည်းပဲ တတ်တယ်၊ တစ်ဝက်လောက်က ဆဲတဲ့စကားတွေ။

နိုင်ငံခြားသားတွေက ဒီလောက် မြန်မြန် သင်ယူနိုင်တာလား။ တကယ် သေနာကောင်တွေပဲ။

All Chapters