← Chapters

အခန်း (၇၀၀-၇၀၁)

Vol. 37 Ch. 700-701

အခန်း (၇၀၀-၇၀၁)

Vol. 37 Ch. 700-701

အပိုင်း (၇၀၀) ကောင်းကင်ပေါ်သို့ တစ်လှမ်းတည်း တက်လှမ်းသွားသော ရှောင်လဲ့ထျန်း။

မှူးမတ်များ၏ အကြည့်များက လီယွမ်ကျောက်ထံသို့ ရွှေ့လျားသွားကြသည်။

လီယွမ်ကျောက်သည် အလွန် ဝင့်ကြွားနေသော မျက်နှာထားဖြင့် ရှိနေပြီး ယခင်ကလို ခါးထောက်ရန်သာ လိုတော့၏။

ဖန်ကျန်းရီက သူ့ကို ကြည့်ကာ ချီးကျူးသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ယခုအခါ ကောင်းမွန်သော ရလဒ်များ ရရှိနေပြီဖြစ်ရာ အိမ်ရှေ့စံ၏ နှုတ်မှ ပြောထွက်လာခြင်းက အကောင်းဆုံးပင် ဖြစ်၏။

သို့ပေမည့် အရှင်မင်းကြီးအား သေချာပေါက် ရှင်းပြရဦးမည်။

ကျင်းအရှင်မင်းမြတ်သည် သားဖြစ်သူ၏ ဤအပြုအမူကို မြင်သောအခါ မနေနိုင်တော့ဘဲ မျက်နှာကို တည်ကာ မိန့်ကြားလိုက်၏။ "အိမ်ရှေ့စံ... ပေါက်ကရတွေ မပြောနဲ့၊ ပြောစရာ ရှိရင် တည့်တည့်ပြောစမ်း။"

လီယွမ်ကျောက်သည် လေကို ပြင်းပြင်းရှူသွင်းလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ ယနေ့ မျက်နှာပန်းလှမည့် အခွင့်အရေး ရောက်လာပြီ ဖြစ်သည်။

သူက လျှောက်တင်လိုက်၏။ "ဘာလို့လဲဆိုတော့ သတင်းလွှာထဲမှာ ပြောထားတဲ့ ကောင်းကင်စစ်သည်တွေ ဆိုတာ တကယ် ရှိနေလို့ပါ။

နောက်ပြီး ဒီကောင်းကင်စစ်သည်တွေကို သားတော် ကိုယ်တိုင် လေ့ကျင့်ပေးထားတာပါ။ ရီရွှန်းကို တိုက်ခိုက်မယ့် စစ်ဗျူဟာကိုလည်း သားတော် ကိုယ်တိုင် ချမှတ်ခဲ့တာပါ။"

ဤစကားကို ကြားလိုက်ရသည်နှင့် မှူးမတ်များ အားလုံး ဆူညံသွားကြသည်။

ကျင်းအရှင်မင်းမြတ် သည် ပို၍ပင် အံ့အားသင့်သွားကာ မေးလိုက်သည်။ "မင်း ဘာပြောလိုက်တယ်။"

လီယွမ်ကျောက်က ထပ်မံ လျှောက်တင်လိုက်၏။ "သားတော် ပြောတာက အဲဒီ ကောင်းကင်စစ်သည် ဆိုတဲ့ သူတွေကို သားတော် ကိုယ်တိုင် လေ့ကျင့်ပေးခဲ့တာလို့ပါ။ ပြီးတော့ သတင်းလွှာထဲမှာ ပြောထားတဲ့ မီးပုံးပျံ ဆိုတာက သူတို့ကို ကောင်းကင်ပေါ် တက်နိုင်အောင် ကူညီပေးတဲ့ အရာပါပဲ။

ဒီပစ္စည်းကို ဖန်ကြီးရဲ့ သိပ္ပံအကယ်ဒမီက ဦးဆောင်ပြီး တီထွင်ခဲ့တာပါ။ ရီရွှန်းက မြေပြင်အနေအထား ရှုပ်ထွေးတယ် ဆိုပေမဲ့ ကောင်းကင်ပေါ်ကနေ တိုက်ခိုက်နိုင်မယ် ဆိုရင်တော့ လုံးဝ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။

အခု ဒီသတင်းလွှာက အကောင်းဆုံး သက်သေပါပဲ။ သားတော်ရဲ့ နည်းလမ်းက အောင်မြင်သွားပါပြီ။"

မှူးမတ်များ အားလုံးသည် တစ်ပြိုင်နက်တည်း လှည့်ကာ ဆာလောင်နေသော ဝံပုလွေများကဲ့သို့သော မျက်လုံးများဖြင့် ဖန်ကျန်းရီကို စိုက်ကြည့်လိုက်ကြ၏။

ဖန်ကျန်းရီသည် အကြည့်ခံရလွန်း၍ ကြက်သီးထသွားကာ ရှက်ကိုးရှက်ကန်းဖြင့် ပြုံးရင်း လျှောက်တင်လိုက်သည်။ "အိမ်ရှေ့စံ ပြောတာ တကယ် အမှန်ပါပဲ။ သိပ္ပံအကယ်ဒမီမှာ လူတွေကို ကောင်းကင်ပေါ် တက်နိုင်အောင် လုပ်ပေးနိုင်တဲ့ နည်းလမ်း တကယ် ရှိပါတယ်။"

နန်းဆောင်ကြီး တစ်ခုလုံး လုံးဝ တိတ်ဆိတ် ငြိမ်သက်သွားတော့၏။

ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင် အခြေအနေမှာ အလွန် ထူးဆန်းနေပြီး လူတိုင်း၏ အကြည့်များက ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့ နှစ်ဦးကြားတွင် ဟိုဟိုဒီဒီ ရွှေ့လျားနေကြသည်။

ကျင်းအရှင်မင်းမြတ်က မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။ "ပျံသန်းနိုင်တယ် ဟုတ်လား... မင်း ဘာပြောနေလဲဆိုတာ မင်း သိရဲ့လား။"

ဤကဲ့သို့သော တုံ့ပြန်မှုမျိုးကို ဖန်ကျန်းရီ အများကြီး မြင်တွေ့ခဲ့ဖူးပြီ ဖြစ်သည်။

မီးပုံးပျံ ကောင်းကင်ပေါ်သို့ တက်သွားသည်ကို သူတို့ မျက်မြင်ကိုယ်တွေ့ မမြင်ရသရွေ့ မည်သူမှ ယုံကြည်မည် မဟုတ်ပေ။

ဖန်ကျန်းရီက ချောင်းတစ်ချက် ဟန့်လိုက်ပြီး လျှောက်တင်လိုက်၏။ "တကယ်လို့ အရှင်မင်းကြီးနဲ့ မှူးမတ်တွေက ကြည့်ချင်တယ် ဆိုရင် ကျွန်တော်မျိုး လူလွှတ်ပြီး အဲဒီပစ္စည်းကို အခုချက်ချင်း ယူခိုင်းလိုက်ပါ့မယ်။

အဲဒီအချိန်ကျရင် ရီရွှန်းက သတင်းကောင်းက အစစ်လား၊ အတုလား ဆိုတာကို တစ်ချက် ကြည့်လိုက်တာနဲ့ သိနိုင်ပါပြီ။"

ကျင်းအရှင်မင်းမြတ် က အားရပါးရ ခေါင်းညိတ်လိုက်သည်။ "အဲဒီပစ္စည်းကို ကိုယ်တော့်ဆီ အခုချက်ချင်း ယူလာခဲ့စမ်း။ ဒီနေ့ ညီလာခံ ဒီလောက်ပဲ။ အကုန်လုံး ကိုယ်တော်နဲ့အတူ နန်းဆောင်အပြင်ဘက်ကို ထွက်ပြီး မီးပုံးပျံ သွားကြည့်ကြမယ်။"

မူလက ပုံမှန်အတိုင်း ဖြစ်နေသော ညီလာခံမှာ ဤမမျှော်လင့်ထားသော ကိစ္စကြောင့် ရပ်ဆိုင်းသွားခဲ့ရ၏။

ဖန်ကျန်းရီသည် ပြောသည့်အတိုင်း ချက်ချင်း လုပ်ဆောင်လိုက်ပြီး အရှေ့ဆင်ခြေဖုံး တက္ကသိုလ်သို့ လူလွှတ်ကာ မီးပုံးပျံကို သွားယူခိုင်းလိုက်သည်။

စကားတွေ အများကြီး ပြောနေလည်း အကျိုးမရှိပေ၊ လက်တွေ့ လုပ်ပြရုံသာ ရှိသည်။ ယနေ့ မီးပုံးပျံကို ခမ်းနားစွာ ထွက်ပေါ်လာစေရမည်။

အရှေ့ဆင်ခြေဖုံး တက္ကသိုလ်၏ သေနတ်ဌာနကို ဤကာလအတွင်း တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်ကာ ထိုနေရာတွင် မီးပုံးပျံကို သိမ်းဆည်းထားသည်။ သို့ပေမည့် လျှို့ဝှက်ထားရန် အများရှေ့တွင် တစ်ခါမှ စမ်းသပ် ပျံသန်းဖူးခြင်း မရှိချေ။

မီးပုံးပျံတင် မကဘဲ ကမ္ဘာ့ပထမဆုံး မီးပုံးပျံ မောင်းနှင်သူ ရှောင်လဲ့ထျန်းကိုပါ နန်းတော်တွင်းသို့ တစ်ပါတည်း ခေါ်ဆောင်လာခဲ့၏။

နန်းတော်တွင်းရှိ အနီရောင် နံရံများနှင့် အစိမ်းရောင် အမိုးကြွပ်များကို ရှောင်လဲ့ထျန်း ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသောအခါ မူးဝေသွားတော့သည်။

ဘေးရှိ သေသပ်စွာ ဝတ်ဆင်ထားသော နန်းတွင်း အစောင့်များကြောင့်လည်း သူ့ကို ပို၍ ထိတ်လန့်သွားစေခဲ့၏။

နန်းဆောင် ကွင်းပြင်ရှေ့သို့ ဆွဲခေါ်ခံရပြီး နဂါးဝတ်စုံကို ဝတ်ဆင်ထားသော ကျင်းအရှင်မင်းမြတ် နှင့် အရောင်အသွေး စုံလင်စွာ ဝတ်ဆင်ထားသော မှူးမတ်များကို မြင်တွေ့လိုက်ရချိန်တွင်...

ရှောင်လဲ့ထျန်း၏ ခြေထောက်များက ချက်ချင်းပင် အမိန့်မနာခံတော့ချေ။

ဒူးနှစ်ဖက် ခွေကျသွားပြီး မြေပြင်ပေါ်တွင် စောင်းထိုင်ကျသွားကာ မျက်စိရှေ့ရှိ လူအုပ်ကြီးကို စိတ်ပျက်အားငယ်စွာဖြင့် ကြည့်နေမိ၏။

ဖန်ကျန်းရီသည် ကပျာကယာ သွားရောက် တွဲထူပေးပြီး ရှောင်လဲ့ထျန်း၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ဆဲဆိုလိုက်သည်။ "ချီးပဲ .. သောက်သုံးကို မကျတဲ့ကောင်။ ဖြောင့်ဖြောင့် ဒူးထောက်စမ်း။"

ရှောင်လဲ့ထျန်း၏ ခေါင်းထဲတွင် ဝီခနဲ မြည်သွားပြီး မျက်လုံးများ ပြူးကျယ်ကာ သတိလစ်မတတ် ဖြစ်နေ၏။

ကျောင်းအုပ်ကြီး ဆဲနေပြီပဲ။

ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း ဆဲနေတာ၊ ဒါ ငါသိတဲ့ ကျောင်းအုပ်ကြီးရော ဟုတ်ရဲ့လား။

တစ်ခဏချင်းမှာပင် သူ၏ ယုံကြည်မှုများ တဖြည်းဖြည်း ပြိုလဲစပြုလာတော့သည်။

မှူးမတ်များသည် ကွင်းပြင်တွင် စောင့်ဆိုင်းနေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်ရာ ရုတ်တရက် ဤကဲ့သို့ အသုံးမကျသော လူတစ်ယောက် ရောက်လာသည်ကို မြင်သောအခါ အချင်းချင်း တီးတိုး ရယ်မောလိုက်ကြ၏။

ဖန်ကျန်းရီ၏ မျက်နှာမှာ ဒယ်အိုးမည်းကြီးကဲ့သို့ မည်းမှောင်သွားသည်။

ရှောင်လဲ့ထျန်းကို အားရပါးရ ဆွဲထူကာ ကျင်းအရှင်မင်းမြတ် ရှေ့သို့ ဆွဲခေါ်သွားပြီး အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... ဒီလူက ကျွန်တော်မျိုးတို့ အရှေ့ဆင်ခြေဖုံး တက္ကသိုလ်ရဲ့ ပထမဆုံး ကောလိပ်ကျောင်းသား ဖြစ်ပြီး မြို့တော်ထဲမှာ နာမည်ကြီးနေတဲ့ ရှောင်လဲ့ထျန်း ပါပဲ။

ဒီနေ့ အရှင်မင်းကြီးအတွက် မီးပုံးပျံ ဘယ်လို ပျံသန်းတယ် ဆိုတာကို သူ့ကို သရုပ်ပြခိုင်းပါ့မယ်။"

"ရှောင်လေး... အရှင်မင်းကြီးကို မြန်မြန် အရိုအသေပေးစမ်း။"

ပြောပြီးသည်နှင့် ဖန်ကျန်းရီသည် ရှောင်လဲ့ထျန်း၏ ချိုင်းကြားကို အားရပါးရ နှစ်ချက်လောက် ဆွဲဆိတ်လိုက်သည်။

ရှောင်လဲ့ထျန်း နာကျင်သွားပြီး တစ်ကိုယ်လုံး ချွေးများ ပြန်နေကာ ကျင်းအရှင်မင်းမြတ် ကို ဦးညွှတ် အရိုအသေပေးရင်း အထစ်ထစ်အငေါ့ငေါ့ဖြင့် လျှောက်တင်လိုက်၏။ "ကျွန်... ကျွန်... ကျွန်တော်မျိုး ရှောင်လဲ့ထျန်း အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။"

မှူးမတ်များသည် အဆက်မပြတ် ခေါင်းခါနေကြပြီး ၎င်းတို့၏ စကားများတွင် ဖုံးကွယ်၍ မရနိုင်သော လှောင်ပြောင်သည့် အရိပ်အယောင်များ ပါရှိနေသည်။

မှူးမတ်တစ်ဦးက ပြောလိုက်၏။ "မြို့တော်ထဲမှာတော့ တန်ခိုးရှင်လိုလို ဘာလိုလိုနဲ့ နာမည်ကြီးနေတာ၊ ဒီကောလိပ်ကျောင်းသားကလည်း သုံးစားမရပါလား။"

အခြားတစ်ဦးကလည်း ထောက်ခံလိုက်သည်။ "သာမန် ပြည်သူ တစ်ယောက် သတ်သတ်ပါပဲ၊ ဖန်ကျန်းရီက အတင်း မြှောက်စားနေတာလေ။ အခု ကြောက်လန့်နေတာလည်း ပုံမှန်ပါပဲ။"

"ဒီလိုလူမျိုးက ကောင်းကင်ပေါ် ပျံနိုင်မှာလား။"

ကျင်းအရှင်မင်းမြတ် ၏ မျက်လုံးထဲတွင်လည်း အလွန် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာ၏။

သို့ပေမည့် ခေါင်းညိတ်ကာ မိန့်ကြားလိုက်သည်။ "မင်း မကြောက်နဲ့။ မင်းက မီးပုံးပျံကို မောင်းနှင်တတ်တယ်လို့ အမတ်ဖန် ပြောတာ ကိုယ်တော် ကြားတယ်။ ဒီနေ့ ကိုယ်တော့်ကို လာပြီး သရုပ်ပြပါ၊ သရုပ်ပြတာ ကောင်းရင် ဆုချမယ်။ တကယ်လို့ အမှားအယွင်း ဖြစ်သွားရင်လည်း ကိုယ်တော် လုံးဝ အပြစ်မယူဘူး။"

ရှောင်လဲ့ထျန်းသည် ကျင်းအရှင်မင်းမြတ် ကို ကြည့်ကာ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်နေ၏။

အရှင်မင်းမြတ်။ တကယ့် အရှင်မင်းမြတ် အစစ်ကြီး။ ကိုယ့်မျက်စိရှေ့မှာတင် ရှိနေတာပဲ။

ဖန်ကျန်းရီ မျက်မှောင်ကြုတ်သွားပြီး သူ၏ ချိုင်းကြားကို နောက်ထပ် အားရပါးရ တစ်ချက် ဆွဲဆိတ်လိုက်ကာ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။ "ကောလိပ်ကျောင်းသား၊ ကောလိပ်စိတ်ဓာတ်။ ကောလိပ်ကျောင်းသားတွေဆိုတာ လူတွေထဲက လူတွေပဲကွ။

ဟိုဘက်က အဘိုးအိုကြီးတွေကို ကြည့်စမ်း၊ ငါတို့ကိုတောင် လှောင်ရဲသေးတယ်။ ခဏနေရင် သူတို့ကို ပြန်လှောင်ပေးမယ်။

ရှောင်လေး... မင်း မှတ်ထား။ ငါ ဒီနေ့ မင်းကို ခေါ်လာတာ အရှေ့ဆင်ခြေဖုံး တက္ကသိုလ် တစ်ခုလုံးရဲ့ ကံကြမ္မာကို မင်းလက်ထဲ အပ်လိုက်တာပဲ။ ဒီအခွင့်အရေးကို မင်း သေချာပေါက် ဆုပ်ကိုင်ထားရမယ်။"

အဘိုးအိုကြီးတွေ။

ရှောင်လဲ့ထျန်း၏ အကြည့်များက မှူးမတ်များထံသို့ ဖြည်းညင်းစွာ ရွှေ့လျားသွား၏။

အင်ပါယာနဲ့ အတူတူ ရှိနေနိုင်တယ် ဆိုတော့ ရုံးတော်က အမတ်ကြီးတွေ ဖြစ်ရမယ်... ကျောင်းအုပ်ကြီးဖန်က သူတို့ကို အဘိုးအိုကြီးတွေလို့ ခေါ်တယ်ပေါ့။ ဒါ သင့်တော်ရဲ့လား။

ရှောင်လဲ့ထျန်းသည် ခေါင်းကို အားရပါးရ ခါယမ်းကာ ထိုအတွေးများကို ဖယ်ရှားလိုက်ပြီး ပြောလိုက်သည်။ "စိတ်ချပါ ကျောင်းအုပ်ကြီး။ ကျုပ် ကျောင်းအုပ်ကြီးကို သေချာပေါက် စိတ်ပျက်အောင် မလုပ်ပါဘူး။"

ထိုအချိန်တွင် လီယွမ်ကျောက်သည်လည်း ပြုံးရွှင်စွာဖြင့် အနားသို့ ကပ်လာ၏။

သူက ပြောလိုက်သည်။ "ရှောင်လဲ့ထျန်း... လုံးဝ မကြောက်နဲ့နော်။ ဒီနေ့ သရုပ်ပြတာကို သေချာပေါက် အောင်မြင်အောင် လုပ်ရမယ်၊ အရင်တုန်းက ငါတို့ လေ့ကျင့်ခဲ့သလိုမျိုးပဲ။"

ရှောင်လဲ့ထျန်း ပါးစပ်အဟောင်းသား ဖြစ်သွားပြီး လီယွမ်ကျောက်၏ ကိုယ်ပေါ်ရှိ တောက်ပနေသော ဝတ်ရုံကို ကြည့်ကာ အတွေးများ ထပ်မံ လွင့်မျောသွားပြန်၏။

သူက မေးလိုက်သည်။ "သခင်လေးလီ... ခင်ဗျားက..."

ဖန်ကျန်းရီက ပြုံးကာ ဝင်ပြောလိုက်၏။ "နန်းတော်ထဲမှာတော့ အိမ်ရှေ့စံလို့ ခေါ်ရတယ်။"

အိမ်ရှေ့စံ ဟုတ်လား။

ရှောင်လဲ့ထျန်း အသက်ရှူမှားသွားသည်။

အိမ်ရှေ့စံ... ဖော်ရွေပြီး သတ္တိခဲကြီးဖြစ်ကာ ဟိုဟိုဒီဒီ ခုန်ပေါက်နေတတ်တဲ့ သခင်လေးလီက အိမ်ရှေ့စံတဲ့လား။

လီယွမ်ကျောက်က မေးလိုက်၏။ "ဟုတ်တယ်။ ကျုပ်က အိမ်ရှေ့စံပဲ။ အခု မင်း ကြောက်နေသေးလား။"

ရှောင်လဲ့ထျန်းသည် လီယွမ်ကျောက်၏ အပြုံးမျက်နှာကို ကြည့်ရင်း ယခင်က သူနှင့် အတူတကွ ပူးပေါင်းခဲ့သော မှတ်ဉာဏ်များ အဆက်မပြတ် ပေါ်ထွက်လာကာ တစ်ခဏချင်းမှာပင် ရင်ထဲ၌ ကြီးမားလှသော သတ္တိများ ရုတ်တရက် ပေါ်ပေါက်လာတော့၏။ သူက ဖြေလိုက်သည်။ "မကြောက်တော့ပါဘူး... ကျေးဇူးတင်ပါတယ် အိမ်ရှေ့စံ။"

ရှောင်လဲ့ထျန်း၏ စိတ်အခြေအနေသည် တဖြည်းဖြည်း တည်ငြိမ်သွားပြီ ဖြစ်ကာ ဘေးတွင် ချထားသော မီးပုံးပျံဆီသို့ လျှောက်သွားပြီး စတင် ပြင်ဆင်တော့၏။

ကျင်းအရှင်မင်းမြတ် နှင့် ဖန်ကျန်းရီတို့ နှစ်ဦး အတူတကွ ရပ်နေရင်း ရုတ်တရက် မိန့်ကြားလိုက်သည်။ "ကျန်းရီ... ကိုယ်တော့် ရင်ထဲမှာ မေးစရာတွေ အများကြီး ရှိသေးတယ်။"

ဖန်ကျန်းရီက လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုးလည်း အရှင်မင်းကြီးကို လျှောက်တင်စရာတွေ အများကြီး ရှိပါတယ်။"

ကျင်းအရှင်မင်းမြတ်က ခေါင်းညိတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။ ယောက္ခမနှင့် သမက်ကြားရှိ နားလည်မှုက အစောကြီးတည်းက ရှိနေပြီး ဖြစ်၏။

ဖန်ကျန်းရီက ပြောပြီးပြီဆိုမှတော့ ခဏနေလျှင် သူ့ကို သေချာပေါက် ရှင်းပြလိမ့်မည် ဖြစ်ရာ လောစရာ မလိုပေ။

ရှောင်လဲ့ထျန်း၏ ညွှန်ကြားမှုအောက်တွင် နေရာ၌ ရှိနေသော မိန်းမစိုးများက သူ့ကို စတင် ကူညီပေးကြ၏။

ပထမဆုံး မီးပုံးပျံကို လေသွင်းလိုက်ပြီး လေပြည့်လုနီးပါး ဖြစ်လာသောအခါ မီးစာအိုးများကို စတင် မီးညှိလိုက်ကြသည်။

မီးစာအိုးများထဲတွင် တောက်လောင်နေသော မီးတောက်ကြီးများ ထွက်ပေါ်လာသည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည်။

ကျင်းအရှင်မင်းမြတ် နှင့် မှူးမတ်များ၏ ရင်ထဲတွင် စိုးရိမ်ပူပန်လာကြ၏။

အချိန်သိပ်မကြာလိုက်ဘဲ အပူငွေ့များက မီးပုံးပျံ အတွင်းပိုင်းသို့ စတင် ပြည့်နှက်လာပြီး ခြင်းတောင်းနှင့် ဆက်သွယ်ထားသော အစိတ်အပိုင်းကိုလည်း ကျောက်တိုင်များတွင် ခိုင်မြဲစွာ ချည်နှောင်ထားလိုက်သည်။

တဖြည်းဖြည်းနှင့် မီးပုံးပျံသည် ဖြည်းညင်းစွာ စတင် ပျံတက်လာပြီး... မျက်စိရှေ့တွင် မြေပြင်မှ ကြွတက်သွားသည်ကို မြင်လိုက်ရ၏။

လူတိုင်း အံ့အားမသင့်နိုင်သေးခင်မှာပင် အရိပ်တစ်ခုက လျင်မြန်စွာ ရှေ့သို့ တိုးသွားပြီး ခြင်းတောင်းအတွင်းသို့ အားရပါးရ ခုန်ဝင်သွားသည်။

အတွင်းတွင် ထိန်းချုပ်မောင်းနှင်နေသော ရှောင်လဲ့ထျန်းမှာ လန့်ဖျပ်သွားပြီး ဝင်လာသူကို သေချာ ကြည့်လိုက်ပြီးမှသာ စိတ်အေးသွား၏။

သူက မေးလိုက်သည်။ "အိမ်ရှေ့စံ... ဘယ်လိုလုပ် ဝင်လာတာလဲ။"

အပိုင်း (၇၀၁) ကောင်းကင်ပေါ်မှ စကားဝိုင်း။

လီယွမ်ကျောက်သည် ကိုယ်ဟန်ကို တည်ငြိမ်အောင် ရပ်လိုက်ပြီး ပါးစပ်ကြီး ဖြဲကာ ဖန်ကျန်းရီကို လက်ပြ နှုတ်ဆက်လိုက်၏။

ဖန်ကျန်းရီက ဘာမှ မခံစားရသေးသော်လည်း ပတ်ဝန်းကျင်ရှိ မှူးမတ်များမှာမူ လန့်ဖျပ်သွားကြသည်။

၎င်းတို့က အသံကျယ်ကျယ်ဖြင့် ဝိုင်းအော်လိုက်ကြ၏။ "အိမ်ရှေ့စံ အန္တရာယ်ရှိပါတယ်။ မြန်မြန် ဆင်းလာပါ၊ မြန်မြန်လေး ဆင်းလာခဲ့ပါ၊ သူ့တစ်ယောက်တည်း သရုပ်ပြတာ လုံလောက်နေပါပြီ။"

လီယွမ်ကျောက်သည် လက်နှစ်ဖက်ကို အသံချဲ့စက်ပုံစံ လုပ်ကာ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။ "ဘာမှမဖြစ်ဘူး။ ကျုပ်က အတွေ့အကြုံ ရှိတယ်။ ခမည်းတော်... တက်ကြည့်ချင်သေးလား။"

ဖန်ကျန်းရီ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ကျင်းအရှင်မင်းမြတ် ကို ကပျာကယာ လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး မသွားတာပဲ ကောင်းပါတယ်။ ကျွန်တော်မျိုး သူ့ကို အဖော်လုပ်ပြီး သွားကြည့်လိုက်ပါ့မယ်။"

အရှင်မင်းမြတ် ဆိုသည်မှာ အရှင်မင်းမြတ် ပင် ဖြစ်ပြီး တိုင်းပြည် တစ်ပြည်လုံး၏ အဓိက ကျောရိုးကြီး ဖြစ်သည်။

ကောင်းကင်ပေါ် ပျံတက်ခြင်းဆိုသည့် ကိစ္စကို မပြောနှင့်ဦး၊ အန္တရာယ် အနည်းငယ်မျှ ရှိနေလျှင်ပင် အခြားသူများ၏ ပြင်းထန်သော မကျေနပ်မှုများကို ဖြစ်ပေါ်စေနိုင်၏။

ကိုယ်တိုင် သွားလိုက်ခြင်းက ပိုကောင်းပေမည်၊ အချိန်ကိုက်ပင် ကောင်းကင်ပေါ်သို့ တက်ကြည့်ချင်နေသည်၊ သူသည်လည်း ယခင်ဘဝက ဤပစ္စည်းကို တစ်ခါမှ မစီးဖူးခဲ့ချေ။

ထို့အပြင် ရှောင်လဲ့ထျန်း၏ အရည်အချင်းကို သူ ယုံကြည်စိတ်ချနိုင်သည်။

ဖန်ကျန်းရီသည် ခြင်းတောင်းရှိရာသို့ တိုက်ရိုက် လျှောက်သွားလိုက်ပြီး ခြင်းတောင်းဘေးသို့ ရောက်သောအခါ သွက်လက်စွာဖြင့် အတွင်းသို့ ခုန်ဝင်လိုက်၏။

တည်ငြိမ်အောင် ရပ်ပြီးနောက် ရှောင်လဲ့ထျန်း၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ "ရှောင်လေး... သေချာ လုပ်နော်။ လုံးဝ မကြောက်နဲ့၊ ကျောင်းအုပ်ကြီး ငါ မင်းကို အဖော်လာလုပ်ပေးပြီ။"

လီယွမ်ကျောက်သည် မူလနေရာတွင်သာ ကျန်ရစ်ခဲ့သော ကျင်းအရှင်မင်းမြတ် ကို တစ်ချက် ကြည့်လိုက်ပြီး ရင်ထဲတွင် အနည်းငယ် ဝင့်ကြွားသွားမိ၏။

ဟားဟား၊ ကြည့်ရတာ ခမည်းတော်ရဲ့ သတ္တိက ငါနဲ့ ယှဉ်လိုက်ရင် အများကြီး ကွာသေးတာပဲ။

ဖန်ကျန်းရီသည် ပခုံးတွန့်လိုက်ပြီး စကားမဆက်တော့ချေ။

ကျင်းအရှင်မင်းမြတ် သည် လီယွမ်ကျောက်၏ အကြည့်ကို လျင်မြန်စွာ သတိထားမိသွားပြီး မျက်နှာမှာ တဖြည်းဖြည်း မည်းမှောင်လာ၏။

ဒီတိရစ္ဆာန်လေးက ဘာအကြည့်လဲ။ ကိုယ်တော့်ကို သတ္တိမရှိဘူးလို့ လှောင်နေတာလား။

မီးပုံးပျံ၏ အောက်ခြေတွင် ကျောက်တိုင်များ၌ ချည်နှောင်ထားဆဲဖြစ်ရာ မူလနေရာတွင်သာ တွဲလွဲဆိုင်းနေပြီး ရှောင်လဲ့ထျန်းက လူများကို ကြိုးဖြုတ်ခိုင်းရန် ပြင်လိုက်ချိန်တွင်...

ကျင်းအရှင်မင်းမြတ်သည် ရုတ်တရက် လှုပ်ရှားလာပြီး တည်ငြိမ်သော ခြေလှမ်းများဖြင့် မီးပုံးပျံဆီသို့ လျှောက်သွားလိုက်၏။

မူလက ခုန်ဝင်ချင်သော်လည်း ဤအမြင့်က... ကိုယ်ဟန်အမူအရာ အနည်းငယ် ကြည့်ရဆိုးစေမည်။

ထို့ကြောင့် မိန့်ကြားလိုက်သည်။ "ဒီမီးပုံးပျံကို အရင် အောက်ချလိုက်။ အိမ်ရှေ့စံက ပြောနေမှတော့ ကိုယ်တော်လည်း မင်းတို့နဲ့အတူ သွားကြည့်တာပေါ့။"

ဖန်ကျန်းရီ အလွန် အံ့အားသင့်သွားကာ လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... တကယ်ကြီး တက်မလို့လား။ တကယ်တော့... နည်းနည်း အန္တရာယ် ရှိပါတယ်။"

ကျင်းအရှင်မင်းမြတ် က တည်ငြိမ်စွာဖြင့် ပြန်မိန့်ကြားလိုက်သည်။ "မင်းတို့နှစ်ယောက်တောင် မကြောက်တာ၊ ကိုယ်တော်က ကြောက်ပါ့မလား။ ကဲပါ... အောက်ချလိုက်တော့။"

မီးပုံးပျံသည် ရှောင်လဲ့ထျန်း၏ ထိန်းချုပ်မှုအောက်တွင် မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ကျဆင်းလာ၏။

ကျင်းအရှင်မင်းမြတ် ခြင်းတောင်းအတွင်းသို့ ဝင်ရောက်သွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောအခါ မှူးမတ်များ အားလုံး ချက်ချင်း ဆူညံသွားကြတော့၏။

အရှင်မင်းကြီးက ဘယ်လိုလုပ် ဝင်သွားတာလဲ။ ဘုရင်မင်းမြတ် ဖြစ်နေရင်တောင် ကောင်းကင်ပေါ်ကို ဖြစ်ကတတ်ဆန်း တက်သွားလို့ မရဘူးလေ။

လီယန်စုန့် ပို၍ပင် ထိတ်လန့်သွားကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ "အရှင်မင်းကြီး မဖြစ်ပါဘူး။ ဒီပစ္စည်းက အရမ်း အန္တရာယ်များတယ်၊ ကိုယ်တိုင် အသက်အန္တရာယ် အဖြစ်မခံပါနဲ့။"

ထို့နောက် အချို့သူများက ဒူးထောက်ချလိုက်ပြီး အော်ဟစ်လိုက်ကြ၏။ "အရှင်မင်းကြီးက ရွှေတစ်သောင်းတန် ခန္ဓာကိုယ်ပိုင်ရှင်ပါ၊ ဒီလို အန္တရာယ်မျိုးကို လုံးဝ မစွန့်စားသင့်ပါဘူး။"

"အရှင်မင်းကြီး နန်းတော်တွင်းကနေပဲ ကြည့်ရှုတော်မူပါ။"

မှူးမတ်များ၏ အဆက်မပြတ် တောင်းဆိုမှုများကို ရင်ဆိုင်ရသောအခါ ကျင်းအရှင်မင်းမြတ်သည် မျက်မှောင်အနည်းငယ် ကြုတ်ကာ မိန့်ကြားလိုက်သည်။ "အကုန် ထကြစမ်း။ ကိုယ်တော့်ရဲ့ သားနဲ့ သမက်က ကိုယ်တော့်ကို ဒုက္ခပေးမယ်လို့ ထင်နေတာလား။ တစ်ယောက်ချင်းစီတိုင်းက ဒီလောက် ကြောက်ရွံ့နေကြတာ၊ ဘယ်လို အချိုးတွေလဲ။"

ပြောပြီးသည်နှင့် မှူးမတ်များ၏ တုံ့ပြန်မှုကို ဂရုမစိုက်တော့ဘဲ ခေါင်းလှည့်ကာ ရှောင်လဲ့ထျန်းအား အမိန့်ပေးလိုက်၏။ "စပြီး ပျံတက်တော့၊ ကိုယ်တော် စောင့်မျှော်နေတာ ကြာပြီ။"

ရှောင်လဲ့ထျန်း၏ ရင်ထဲတွင် တုန်ယင်သွားပြီး အရှင်မင်းမြတ် ကိုယ်တိုင် အမိန့်ပေးနေမှတော့ နားမထောင်စရာ အကြောင်းမရှိတော့ချေ။

နောက်တစ်စက္ကန့်တွင် ရှောင်လဲ့ထျန်းသည် ခြင်းတောင်းဘေးတွင် ချည်နှောင်ထားသော ကြိုးများကို ဖြုတ်ချလိုက်ရာ မီးပုံးပျံက ဖြည်းညင်းစွာ ပျံတက်သွား၏။

မှူးမတ်များသည် မီးပုံးပျံ တစ်စတစ်စ မြင့်တက်သွားသည်ကို စိတ်ပျက်အားငယ်စွာဖြင့် ကြည့်နေကြပြီး... အမြင့်ပေမှာ နန်းဆောင်ထက်ပင် တဖြည်းဖြည်း ကျော်လွန်သွားတော့သည်။

ခြင်းတောင်းပေါ်တွင်မူ ကျင်းအရှင်မင်းမြတ်သည် ခြင်းတောင်း၏ အစွန်းကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး မျက်နှာမှာ အနည်းငယ် ဖြူရော်နေ၏။

နောင်တရသွားပြီ... ဤအရာ အပေါ်သို့ တက်သွားချိန်တွင် ထူးဆန်းသော ခံစားချက်တစ်ခုက တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး ရင်ထဲတွင် ပို၍ပင် လုံခြုံမှု မရှိတော့ချေ။

သို့ပေမည့် တက်လာခဲ့ပြီဖြစ်ရာ အရှင်မင်းမြတ် တစ်ပါး၏ ဂုဏ်သိက္ခာကိုလည်း သဘာဝကျကျ အကျခံ၍ မရနိုင်ပေ။

လီယွမ်ကျောက်နှင့် ရှောင်လဲ့ထျန်းတို့ကတော့ အတွေ့အကြုံ ရှိပြီးဖြစ်သဖြင့် ထူးခြားသော တုံ့ပြန်မှု ဘာမှမရှိချေ။

ဖန်ကျန်းရီသည်လည်း အဆင်ပြေသည်ဟု ခံစားရ၏။ ယခင်ဘဝက မီးပုံးပျံ မစီးဖူးခဲ့သော်လည်း ရုံးခန်း အဆောက်အအုံက အမြင့်ကြီးဖြစ်သည်။

အချိန်ရလျှင် ပြတင်းပေါက်တွင် မှောက်ကာ အောက်သို့ ခုန်ချပြီး မိမိ၏ စုတ်ပြတ်နေသော ဘဝမှ လွတ်မြောက်ရန် စိတ်ကူးယဉ်ခဲ့သေး၏

ယခု ဤမျှလောက် အမြင့်က ဘာမှ မဟုတ်သေးသည့်အပြင် ပျံသန်းမှုကလည်း တည်ငြိမ်နေသည်။

ကျင်းအရှင်မင်းမြတ် အနည်းငယ် စိုးရိမ်နေသည်ကို မြင်သောအခါ ဖန်ကျန်းရီက ဂရုတစိုက် လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... အောက်ကို မကြည့်ပါနဲ့၊ အဝေးက ရှုခင်းတွေကို ကြည့်တာ ပိုကောင်းပါတယ်။"

ကျင်းအရှင်မင်းမြတ် အလိုအလျောက် ခေါင်းမော့ကြည့်လိုက်ရာ မီးပုံးပျံ မြင့်တက်လာသည်နှင့်အမျှ နန်းတော်၏ အပြည့်အစုံ မြင်ကွင်းက မျက်စိရှေ့တွင် တဖြည်းဖြည်း ပေါ်ထွက်လာသည်။

နေရောင်ခြည် ဖြာကျလာသောအခါ နန်းတော်တွင်းရှိ မရေမတွက်နိုင်သော နန်းဆောင်များ၏ အမိုးကြွပ်များ ပေါ်တွင် ရွှေရောင်များ တောက်ပနေပြီး အလွန် လှပခမ်းနားလှ၏။

ဤမြင်တွေ့ရခဲသော အလှတရားကို လူလေးယောက်စလုံး တစ်ခဏချင်းမှာပင် ကြည့်ရှုရင်း ယစ်မူးသွားကြသည်။

သို့ပေမည့် အောက်ခြေရှိ မှူးမတ်များမှာမူ ပို၍ပင် ထိတ်လန့်သွားကြ၏။

မီးပုံးပျံက ပို၍ပို၍ မြင့်တက်သွားပြီဖြစ်ရာ ယခု အောက်မှနေ၍ ကြည့်လျှင် အနည်းငယ် ကြီးမားသော အမည်းစက်လေး တစ်ခုသာ ဖြစ်နေပြီး၊ အကယ်၍များ အရှင်မင်းကြီးနှင့် အိမ်ရှေ့စံတို့ ဤအမြင့်မှ ကျလာခဲ့လျှင်...

အကျိုးဆက်ကို တွေးကြည့်၍ပင် မရနိုင်တော့ချေ။

အမတ်ဖန် ရော ….

အမတ်ဖန်ကတော့ သေချင်သေပါလေ့စေ။

မှူးမတ်များ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်နေကြစဉ် ရုတ်တရက် လူတစ်ယောက်က မေးလိုက်၏။ "တကယ်လို့ ဆက်ပြီး ပျံတက်သွားရင် ဘုံသုံးဆယ့်ခြောက်ဆင့် အထက်ကိုတောင် ရောက်သွားနိုင်မလား။ ကောင်းကင်အထွတ်အထိပ်မှာ ကောင်းကင်နန်းဆောင်များ ရှိနေမလား။"

ဤသို့ မေးလိုက်သောအခါ လူတိုင်း၏ အာရုံစိုက်မှုက လျင်မြန်စွာ ပြောင်းလဲသွားပြီး ကြီးမားလှသော သိချင်စိတ်များဖြင့် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြသည်။

ဟုတ်သားပဲ၊ ဒီလောက် အမြင့်ကြီး ပျံတက်သွားတာ၊ ကောင်းကင်နန်းဆောင်ပေါ်ကို တိုက်ရိုက် ရောက်သွားမလား။

သူတို့ ထိုသို့တွေးမိကြသည်။

ကျင်းအရှင်မင်းမြတ်က ကောင်းကင်ကို ကြည့်ကာ မျက်လုံးထဲတွင် အရောင်တစ်မျိုး တလက်လက် တောက်ပနေလျက် မေးလိုက်၏။ "ကျန်းရီ... ကောင်းကင်ပေါ်မှာ ကောင်းကင်နန်းဆောင်များ ရှိမလား။"

လီယွမ်ကျောက်သည် ပါးစပ်ကို အုပ်ကာ ရယ်မောနေမိသည်။ ကောင်းကင်ပေါ် တက်လာသူတိုင်းတွင် ဤမေးခွန်း ရှိကြသည်ပဲ၊ သို့ပေမည့် ခမည်းတော်၏ အိပ်မက်လှလှလေးကတော့ အဆုံးတွင် ပျက်သုဉ်းသွားရမည်သာ။

မီးပုံးပျံက အပေါ်သို့ ဆက်ပြီး ပျံတက်သွားနိုင်မည် မဟုတ်သည်မှာ သေချာသည်။

ဤအရာကို မည်သို့ ရှင်းပြရမည်နည်း။

ဖန်ကျန်းရီက ခဏမျှ စဉ်းစားပြီးနောက် လျှောက်တင်လိုက်၏။ "မရှိလောက်ဘူးလို့ ကျွန်တော်မျိုး ထင်ပါတယ်။ မဟုတ်ရင် မိုင်ထောင်ချီ မြင်ရတဲ့ မှန်ပြောင်းကို သုံးပြီး ကြည့်ရင် မြင်ရမှာပေါ့။"

အင်း... အကြောင်းပြချက် ယုတ္တိရှိပေသည်။

ကျင်းအရှင်မင်းမြတ် ပြုံးလိုက်ပြီး ကျယ်ဝန်းလှသော ကောင်းကင်နှင့် မြေကြီးကို ကြည့်ရင်း ရင်ထဲတွင် ချက်ချင်း လင်းလက်သွား၏။

အချိန်ကြာလာသည်နှင့် ပတ်ဝန်းကျင်ကို တဖြည်းဖြည်း အသားကျသွားပြီး ရင်ထဲတွင် အံ့သြချီးကျူးပြီးနောက် ဖန်ကျန်းရီအား မေးလိုက်သည်။ "အခု ကိုယ်တော့်ကို ရှင်းပြတော့။ မီးပုံးပျံကို ဘာလို့ အခုမှ ထုတ်လာတာလဲ၊ အိမ်ရှေ့စံကရော ရီရွှန်းကို စစ်တပ် ဘာလို့ ခိုးလွှတ်လိုက်တာလဲ။"

ဖန်ကျန်းရီသည် ပြောရမည့် စကားများကို အစောကြီးတည်းက ပြင်ဆင်ထားပြီး ဖြစ်၏။ "အရှင်မင်းကြီး... ကျွန်တော်မျိုး အစကနေ သေချာ ရှင်းပြပါရစေ။ မီးပုံးပျံကို စတင် တီထွင်တုန်းက ကောင်းကင်ပေါ်မှာ ထိန်းချုပ်လို့ မရသေးပါဘူး။ ဒါပေမဲ့ နောက်ပိုင်း အခွင့်အရေး တစ်ခု ရလာတယ်။ ရှောင်လဲ့ထျန်း ရေးခဲ့တဲ့ စာတမ်းကို အရှင်မင်းကြီး မှတ်မိသေးလား။"

ကျင်းအရှင်မင်းမြတ် သည် လျင်မြန်စွာ ပြန်လည် စဉ်းစားလိုက်ပြီးနောက် သဘောပေါက်သွားသည့် မျက်နှာထား ပေါ်လာ၏။ "ကိုယ်တော် မှတ်မိတယ်။ လေစီးကြောင်းနဲ့ ပတ်သက်တဲ့ စာတမ်းပဲ။ ဒီစာတမ်းက မီးပုံးပျံကို ထိန်းချုပ်ဖို့ အဓိက သော့ချက်များ ဖြစ်နေလို့လား။"

ဖန်ကျန်းရီက လျှောက်တင်လိုက်သည်။ "ဟုတ်ပါတယ်။ ရှောင်လဲ့ထျန်းက အကြီးမားဆုံး အကျိုးပြုသူလို့ ဆိုနိုင်ပါတယ်။"

ကျင်းအရှင်မင်းမြတ် က ကြားသည်နှင့် မနေနိုင်တော့ဘဲ ရှောင်လဲ့ထျန်း၏ ပခုံးကို ပုတ်ကာ ချီးကျူးလိုက်၏။ "ကောင်းတယ်... ကောင်းတယ်။ ဒီလောက် အရည်အချင်းရှိတဲ့ လူပါလား။ ကြည့်ရတာ တစ်လောကလုံးက လူတွေက မင်းကို အထင်လွဲခဲ့ကြတာပဲ။"

ရှောင်လဲ့ထျန်းသည် မီးစာအိုးအောက်တွင် အဆို့ရှင်ကို တိတ်တဆိတ် ချိန်ညှိနေရင်း ဖန်ကျန်းရီက မိမိအတွက် ဂုဏ်ပြုပေးနေသည်ကို ကြားလိုက်ရသည်။

မျက်ရည်များ တဖြည်းဖြည်း ဝဲတက်လာပြီး ခေါင်းကို တိတ်တဆိတ် ငုံ့ကာ မျက်လုံးထောင့်ကို တစ်ချက် သုတ်လိုက်၏။

လအနည်းငယ် ရှိသွားပြီ။ မိမိသည် အစပိုင်းတွင် လူသောင်းချီ၏ အားကျမှုကို ခံရရာမှ နောက်ပိုင်းတွင် ကွယ်ရာ၌ အတင်းအဖျင်း ပြောဆိုမှုများကို ခံခဲ့ရသည်။

ရင်ထဲတွင် မခံချိမခံသာမှု ဘယ်လောက်တောင် ကြုံတွေ့ခဲ့ရလဲ မသိပေ။ သို့ပေမည့် ယခုအခါ မိမိကိုယ်ကို သက်သေပြနိုင်ခဲ့ပြီ ဖြစ်၏။

ထို့အပြင် အရှင်မင်းမြတ် ၏ ရှေ့မှောက်တွင် သက်သေပြနိုင်ခဲ့ခြင်း ဖြစ်သည်။

ဤအခိုက်အတန့်တွင် ရှောင်လဲ့ထျန်း စိတ်သက်သာရာ ရသွား၏... ဖိနှိပ်မှုများ အားလုံးက ဤအချိန်တွင် ပျောက်ကွယ်သွားလေပြီ။

သူက လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုးကို ချီးကျူးတဲ့အတွက် အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။"

ဖန်ကျန်းရီသည် ရှောင်လေးက ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လာသည်ကို မြင်သောအခါ အပြုံးတစ်ခုဖြင့် ပြန်လည် တုံ့ပြန်လိုက်၏။

ထို့နောက် ကျင်းအရှင်မင်းမြတ် ကို ဆက်လက် လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုးက မီးပုံးပျံဟာ ကောင်းကင်ပေါ် တက်နိုင်တဲ့အပြင် ထိန်းချုပ်လို့လည်း ရတယ်ဆိုတာ သိသွားပြီးတဲ့နောက်မှာ... လက်အောက်က လူတွေ ကျွမ်းကျင်အောင် မောင်းနှင်နိုင်တဲ့အထိ စောင့်ပြီး ပြီးပြည့်စုံတဲ့ ရလဒ်တစ်ခု ထွက်လာမှ အရှင်မင်းကြီးကို အမြန်ဆုံး သတင်းပို့မလို့ တွေးထားတာပါ။ ဒါပေမဲ့ အိမ်ရှေ့စံက ရီရွှန်းအကြောင်း ပြောတာကို ကျွန်တော်မျိုး ကြားလိုက်ရတော့..."

လီယွမ်ကျောက်က အခွင့်အရေးကို ကြည့်ကာ ဝင်ပြောလိုက်၏။ "ခမည်းတော်... ကျန်တဲ့ကိစ္စတွေက ဖန်ကြီးနဲ့ မဆိုင်တော့ပါဘူး။"

သူ ဖန်ကျန်းရီအပေါ် နားလည်ထားမှုအရဆိုလျှင် ဖန်ကျန်းရီသည် အပြစ်များ အားလုံးကို မိမိအပေါ် လွှဲချလိမ့်မည်မှာ သေချာသည်။

ကြည့်ရသည်မှာ အလွန် ဂရုစိုက်ပုံရသော်လည်း ယခင် အတွေ့အကြုံများအရဆိုလျှင် နောက်ဆုံး၌ အရိုက်ခံရသူမှာ သူသာ အမြဲ ဖြစ်နေတတ်သည်။

လီယွမ်ကျောက်သည် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး အလွန် လိမ္မာပုံပေါက်နေသည်။ ကျင်းအရှင်မင်းမြတ် ကို မော့ကြည့်ရင်း လျှောက်တင်လိုက်၏။ "သားတော်က ဖန်ကြီးဆီကနေ လူနှစ်ရာ တောင်းပြီး လျှို့ဝှက် လေ့ကျင့်ပေးပြီးမှ စစ်မြေပြင်ကို စေလွှတ်လိုက်တာပါ။ သူက အကြိမ်ကြိမ် သတင်းပို့ချင်ခဲ့ပေမဲ့ သားတော်က သေမယ်လို့ ခြိမ်းခြောက်ပြီး တားထားခဲ့တာပါ။

သားတော်က ငယ်ငယ်တည်းက စစ်မြေပြင်မှာ ကိုယ့်ရဲ့ စွမ်းရည်တွေကို ထုတ်ပြချင်တာကလွဲပြီး တခြား ဆန္ဒ ဘာမှမရှိပါဘူး။ ဒီတစ်ခေါက် ဒီလို အခွင့်အရေးမျိုး ရခဲတာမို့ သားတော်က မြို့တော်မှာ ရှိနေရင်တောင် ကျေနပ်နေပါပြီ။ ခမည်းတော် ရိုက်ချင်တယ်၊ အပြစ်ပေးချင်တယ် ဆိုရင်လည်း သားတော့် တစ်ယောက်တည်းကိုပဲ အပြစ်ပေးပါ။"

ကျင်းအရှင်မင်းမြတ်သည် လီယွမ်ကျောက်ကို စိုက်ကြည့်နေပြီး ရိုက်မည်၊ မရိုက်မည်ကို ခဏမျှ တွေဝေနေပြီးနောက် မိန့်ကြားလိုက်၏။ "ထစမ်းပါ။ ဒီတိုက်ပွဲက နိုင်သွားပြီဆိုတော့ မင်းမှာလည်း အကျိုးပြုမှု ရှိတယ်လို့ ဆိုနိုင်ပါတယ်။"

လီယွမ်ကျောက်က ဝမ်းသာအားရဖြင့် ထရပ်ကာ ပြောလိုက်သည်။ "ခမည်းတော်ကို ကျေးဇူးတင်ပါတယ်။"

သူ၏ စိတ်ထဲဘာမှမရှိသည့် ပုံစံကို မြင်သောအခါ ကျင်းအရှင်မင်းမြတ် ရင်ထဲတွင် ဒေါသထွက်သွားပြီး အေးစက်စွာ မိန့်ကြားလိုက်၏။ "နောင်ဆိုရင် မင်း ပေါက်ကရတွေ လုပ်ချင်ရင် ကျန်းရီကို မဆွဲသွင်းနဲ့၊ မဟုတ်ရင် ကိုယ်တော်က မျက်နှာမထောက်ဘူးလို့ အပြစ်မတင်နဲ့နော်။"

လီယွမ်ကျောက်က ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်ပြီး ခြင်းတောင်းအစွန်းကို ကိုင်ကာ တတ်နိုင်သမျှ သေးငယ်သွားအောင် ဟန်ဆောင်နေလိုက်သည်။

မီးပုံးပျံက ဆက်လက် မြင့်တက်နေဆဲဖြစ်ပြီး ရုတ်တရက် ပါးလွှာသော တိမ်တိုက်တစ်ခုက မျက်စိရှေ့တွင် ပေါ်ထွက်လာ၏။

ကျင်းအရှင်မင်းမြတ် သည် အနားမှ တိမ်များ ဖြတ်သန်းသွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရပြီး တစ်ကိုယ်လုံး အေးစိမ့်သွားသော်လည်း ရင်ထဲတွင်မူ ပူလောင် ပြင်းပြနေသည်။

လက်ဖြင့် တိမ်ကိုပင် ခူးဆွတ်နိုင်သည်၊ ဤမျှလောက် အမြင့်အထိ ပျံသန်းနိုင်လိမ့်မည်ဟု...

ဖန်ကျန်းရီက ချက်ချင်းပင် အံ့သြဝမ်းသာစွာဖြင့် လျှောက်တင်လိုက်၏။ "ကျွန်တော်မျိုး အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ ဝမ်းမြောက်ကြောင်း လျှောက်တင်ပါတယ်။"

ကျင်းအရှင်မင်းမြတ် က မေးလိုက်သည်။ "အို... ဘာဝမ်းသာစရာ ရှိလို့လဲ။"

ဖန်ကျန်းရီသည် အနည်းငယ် ထိုင်ချလိုက်ရာ ကျင်းအရှင်မင်းမြတ် ထက် ခေါင်းတစ်ဝက်ခန့် နိမ့်သွားပြီး မျက်နှာပေါ်တွင် အလွန် စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်များဖြင့် လျှောက်တင်လိုက်၏။ "ဒီလောက် အမြင့်ကို တက်နိုင်တာ၊ ခေတ်အဆက်ဆက်က အရှင်မင်းမြတ် တွေကို ကြည့်ရင် အရှင်မင်းကြီးကို ယှဉ်နိုင်မယ့်သူ ဘယ်သူရှိလို့လဲ။

အရှင်မင်းကြီးရဲ့ စီမံအုပ်ချုပ်မှုနဲ့ စစ်ရေးစွမ်းရည်တွေက အရင်လူတွေထက် အများကြီး သာလွန်နေပြီ ဖြစ်သလို၊ အခုလို အမြင်ကျယ်မှုကလည်း အတိတ်မှာရော အနာဂတ်မှာပါ ဘယ်သူမှ မရှိနိုင်ဘူးလို့ မထင်ထားခဲ့ပါဘူး။ တကယ်ကို ခေတ်အဆက်ဆက်မှာ တစ်ပါးတည်းသော အရှင်မင်းမြတ် ဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါတယ်။"

"ဒါကြောင့် ကျွန်တော်မျိုး စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့လို့ပါ။ အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်၊ ဝမ်းမြောက်ကြောင်း လျှောက်တင်ပါတယ်လို့ မနေနိုင်ဘဲ ပြောမိတာပါ။"

ဤစကားကို ကြားလိုက်ရသောအခါ...

ခေတ်အဆက်ဆက်မှာ တစ်ပါးတည်းသော အရှင်မင်းမြတ် ၊ အရင်လူတွေထက် အများကြီး သာလွန်တယ်၊ အတိတ်မှာရော အနာဂတ်မှာပါ ဘယ်သူမှ မရှိနိုင်ဘူး။

အေးစိမ့်သော လေထဲတွင် ကျင်းအရှင်မင်းမြတ် ၏ ရင်ထဲမှ မီးတောက်ငယ်လေးက မျက်စိတစ်မှိတ်အတွင်းမှာပင် ပေါက်ကွဲထွက်လာ၏။

အရှင်မင်းမြတ် တစ်ပါး၏ ဂုဏ်သိက္ခာ၊ လေးနက်သော မျက်နှာထားများကို ဤအခိုက်အတန့်တွင် ဆက်လက် မထိန်းသိမ်းနိုင်တော့ချေ။

ရုတ်တရက် ရွှင်လန်းသော ရယ်မောသံများက တိမ်တိုက်များထဲမှ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

All Chapters