အခန်း ၂၅၁
Vol. 26 Ch. 251
အခန်း (၂၅၁)
SUV အင်အားကြီးကုမ္ပဏီအဖြစ် နာမည်ကျော်ကြားခဲ့တဲ့ ချောင်လျောင် မော်တာ က IMF အကြပ်အတည်း ကာလအတွင်းမှာ ကြီးမားတဲ့ အကြပ်အတည်းတစ်ခုကို ကြုံတွေ့ခဲ့ရတယ်။ အဲဒီနောက်ပိုင်းမှာလည်း ပြန်လည်ဦးမော့မလာနိုင်ခဲ့ဘဲ နောက်ဆုံးမှာတော့ တရုတ်နိုင်ငံရဲ့ ရှန်ဟိုင်းမော်တော်ကား ကော်ပိုရေးရှင်း (SAIC) ဆီကို ရောင်းချခြင်း ခံလိုက်ရတာပါ။
အဲဒီလို ဝယ်ယူစဉ်တုန်းကတော့ SAIC က ကားအသစ်တွေ တီထွင်ထုတ်လုပ်ဖို့နဲ့ ချောင်လျောင် မော်တာ ကို ပြန်လည်အသက်သွင်းဖို့အတွက် အရင်းအနှီး အမြောက်အမြား ရင်းနှီးမြှုပ်နှံပါ့မယ်လို့ အခိုင်အမာ ကတိပြုခဲ့တယ်။ ဒါပေမဲ့လည်း SAIC က ဝယ်ယူမှုကို အပြီးသတ်လိုက်တာနဲ့ တစ်ပြိုင်ထဲ သဘောထားချင်း ပြောင်းလဲသွားခဲ့တယ်။
ရင်းနှီးမြှုပ်နှံဖို့ နေနေသာသာ ချောင်လျောင် မော်တာ ပိုင်ဆိုင်ထားတဲ့ နည်းပညာတွေကို ယူဆောင်သွားဖို့အတွက်ပဲ သူတို့က စိတ်အားထက်သန်နေခဲ့ကြတာပါ။ နောက်ဆုံးမှာတော့ SAIC က နည်းပညာအားလုံးကို ခိုးယူသွားခဲ့ပြီး ဖွံ့ဖြိုးရေးအဖွဲ့လိုမျိုး အဓိက ဝန်ထမ်းတွေကို တခြားကော်ပိုရေးရှင်းတွေဆီ ပြောင်းရွှေ့ပစ်ခဲ့တယ်။ အဲဒီနောက် တန်ဖိုးမရှိတော့တဲ့ အခါကျမှ ပြန်လည်ရောင်းချပစ်ခဲ့ပါတယ်။ အဲဒီအတောအတွင်းမှာ ချောင်လျောင် မော်တာ ရဲ့ ရောင်းအားနဲ့ အမြတ်အစွန်းတွေက ထိုးဆင်းသွားခဲ့ရပြီး အလုပ်သမား အမြောက်အမြားလည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်။
SAIC က အမြတ်အစွန်းတွေကို လုံးဝကိုလိမ်လည်ယူဆောင်သွားဖို့ ရည်ရွယ်ချက်သက်သက်နဲ့ ဝယ်ယူခဲ့တာလို့ ပြောရင်လည်း မမှားပါဘူး။
တရုတ်ကုမ္ပဏီတစ်ခုအနေနဲ့ အွန်ဆောင်း မော်တာ တစ်ခုလုံးကို ဝယ်ယူဖို့ဆိုတာက မဖြစ်နိုင်လောက်ပေမဲ့ တရုတ်နိုင်ငံမှာ ရှိတဲ့ ကော်ပိုရေးရှင်းကိုပဲ ခွဲထုတ်ဝယ်ယူဖို့ကတော့ လုံးဝကို ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေတစ်ခုပါ။
ကိုရီးယားမှာတော့ အကြောင်းပြချက် အမျိုးမျိုးကြောင့် ဝေဖန်ခံနေရတာ ဖြစ်ပေမဲ့ အွန်ဆောင်း မော်တာ ရဲ့ နည်းပညာကတော့ ကမ္ဘာ့အဆင့်မီပါ။ အွန်ဆောင်း မော်တာ ထက် ပိုမိုသာလွန်တဲ့ နည်းပညာရှိတဲ့ Mercede Benz၊ BMW၊ တိုယိုတာ စတာတွေကတော့ အွန်ဆောင်းမော်တာကို ဝယ်ယူဖို့စိတ်မဝင်စားကြပေမဲ့ တရုတ် မော်တော်ကား ထုတ်လုပ်သူတွေအတွက်ကတော့ သွားရည်ကျစရာ အရာတစ်ခု ဖြစ်နေတာလေ။
အွန်ဆောင်း မော်တာ ရဲ့ အခြေအနေက ကယ်မရအောင်အထိတော့ မဆိုးရွားသေးပါဘူး။ ပြီးတော့ စီအီးအို နဲ့ အမှုဆောင်တွေကလည်း အဲဒီလိုမျိုး မိုက်မဲတဲ့ ဆုံးဖြတ်ချက်မျိုးကို ချမှတ်မှာ မဟုတ်ပေမဲ့ ရှယ်ယာရှင်တွေရဲ့ အတွေးကတော့ ကွာခြားနိုင်ပါတယ်။
တကယ်လို့ ရှယ်ယာရှင်တွေက ကုမ္ပဏီ ဒုက္ခရောက်နေတဲ့ အခြေအနေမျိုးမှာ အမြတ်အစွန်းမရှိတဲ့ နိုင်ငံရပ်ခြား လုပ်ငန်းတွေကို ဖျက်သိမ်းပစ်ချင်တယ်ဆိုရင်တော့ မျက်စိစုံမှိတ်ပြီး ကန့်ကွက်နေဖို့က မဖြစ်နိုင်ပါဘူး။
တရုတ်ကုမ္ပဏီတွေရဲ့ ဆိုးရွားတဲ့ သာဓကတွေ အများကြီး ရှိနေခဲ့တာတောင်မှ ကုမ္ပဏီ အမြောက်အမြားက တရုတ်နိုင်ငံဆီ ရောင်းချခြင်း ခံခဲ့ရတာပါ။ Kumho Tireတောင်မှ ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက တရုတ်နိုင်ငံရဲ့ Doublestar ဆီကို လွှဲပြောင်းပေးခဲ့ရတယ်။
ဒီတစ်ကြိမ်မှာလည်း အမြတ်ထုတ်ပြီး ထွက်ပြေးသွားမယ့် ဖြစ်နိုင်ခြေက မြင့်မားနေပေမဲ့ ဝယ်ယူဖို့ ကမ်းလှမ်းလာတဲ့ တစ်ခုထဲသောသူက တရုတ်ကုမ္ပဏီတစ်ခု ဖြစ်နေခဲ့တာ ဖြစ်လို့ ဒါက ရှောင်လွှဲလို့မရတဲ့ အခြေအနေမျိုး ဖြစ်နေမှာပါ။
ကျွန်တော် ဒါရီလ် ကို ပြောလိုက်တယ်။
"အခြေအနေကို ဆက်ပြီး စောင့်ကြည့်ပေးပါ။ ပြီးတော့ တရုတ်ကို ရောင်းမယ့်ပုံစံမျိုး တွေ့လာရရင် ငါ့ကို အသိပေးပါ"
"သဘောပေါက်ပါပြီ"
Video conference ပြီးဆုံးသွားခဲ့ပြီးတဲ့နောက် screenက ပိတ်သွားခဲ့တယ်။ ကိုင်ထားတဲ့ အချက်အလက်တွေကို ကျွန်တော် ချထားလိုက်ရင်း ထိုင်ခုံနောက်ကျောကို မှီချလိုက်ပြီး တွေးတောနေမိတယ်။
ကျွမ်းကျင်သူတွေကတော့ ဒီနှစ်ကို ထူးခြားတဲ့ အလှည့်အပြောင်းကာလတစ်ခုအဖြစ် ထောက်ပြကြတယ်။ ဒီနှစ်ကစပြီး နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေး ကဏ္ဍတွေမှာ ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုက ဖြစ်ပေါ်နေခဲ့တာပါ။
တကယ်တမ်းတော့ ပြောင်းလဲမှုတွေက လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက စတင်ခဲ့တာ ဖြစ်ပြီး ပြင်ဆင်မှုတွေလည်း ရှိခဲ့တယ်။ အခုအချိန်မှာမှ ပြောင်းလဲမှုတွေက ထင်ရှားလာခဲ့တာပါ။
မော်တော်ကား ဈေးကွက်မှာလည်း ပြောင်းလဲမှုတွေအကြီးအကျယ်ရှိခဲ့တာပါ။
CarOS က အလိုအလျောက်မောင်းနှင်မှု စနစ်သုံး ကားတွေကို ထုတ်လုပ်ခဲ့သလို OTK သုတေသန အဖွဲ့ကလည်း OTK ဘတ္ထရီတွေကို တီထွင်ထုတ်လုပ်ခဲ့ပြီး ပြောင်းလဲမှုကို မီးမွှေးပေးခဲ့တယ်။
Nphone ပေါ်ထွက်လာပြီးတဲ့နောက် တခြားကုမ္ပဏီတွေက Goobleရဲ့ Andromeda စနစ်ကို အုန်းအုန်းကျွက်ကျွက် သုံးလာခဲ့ကြသလိုမျိုးပဲ အနာဂတ် ကားတွေကို ကိုယ့်ဘာသာ တီထွင်ထုတ်လုပ်နေခဲ့ကြတဲ့ ကုမ္ပဏီတွေကလည်း တစ်ခုထဲအဖြစ် ပူးပေါင်းလာခဲ့ကြတယ်။
အမေရိကန်မှာတော့ Nikola၊ Arriver၊ Gooble၊ GM၊ Ford… ဂျပန်မှာတော့ တိုယိုတာ၊ ဟွန်ဒါ၊ SFT ဘဏ်… ဥရောပမှာတော့ Daimler၊ BMW၊ Volkswagen အုပ်စု၊ PSA အုပ်စု စတာတွေက မဟာမိတ်တွေ ဖွဲ့စည်းခဲ့ကြတယ်။
တက်ဂယူ က ရှင်းပြချက်ကို နားထောင်ပြီးတဲ့နောက် လှမ်းမေးတယ်။
"ငါတို့ပဲ အပယ်ခံ ဖြစ်နေတာလား"
"အင်း။ ငါတို့ကလည်း ဆောင်း အီလက်ထရောနစ် နဲ့ ဆောင်း SB တို့နဲ့ လက်တွဲထားတာပဲလေ"
CarOS ရဲ့ ဈေးကွက်ဝေစုကတော့ အခုအချိန်အထိ အရေးမပါသေးပါဘူး။ ဒါပေမဲ့လည်း နေရာအနှံ့အပြားက ကုမ္ပဏီတွေဆီကနေ ထိန်းကျောင်းမှုတွေကို ခံယူနေရတာပါ။
ကျောက်ခေတ်ဆိုတာက ကျောက်ခဲတွေ ကုန်ဆုံးသွားလို့ ပြီးဆုံးသွားခဲ့တာ မဟုတ်ပါဘူး။
နည်းပညာအသစ်တွေ ပေါ်ထွက်လာတဲ့ အခါမှာတော့ ရှိရင်းစွဲ နည်းပညာတွေက သဘာဝအတိုင်းပဲ ဆုတ်ယုတ်မှု လမ်းကြောင်းဆီ ဦးတည်သွားရတယ်။
Nphone ပေါ်ထွက်လာခဲ့တဲ့ အချိန်တုန်းကတည်းက သူ့ရဲ့ အရောင်းပမာဏက စုစုပေါင်း မိုဘိုင်းလ်ဖုန်း အရောင်းပမာဏရဲ့ ရာခိုင်နှုန်း အနည်းငယ်သာ ရှိခဲ့တာပါ။ ဒါပေမဲ့လည်း နှစ်အနည်းငယ်အတွင်းမှာတင် စမတ်ဖုန်းတွေက ဖုန်းအဟောင်း Feature Phone တွေကို တွန်းထုတ်ပစ်ခဲ့ပြီး ဈေးကွက်ကို သိမ်းပိုက်နိုင်ခဲ့တယ်။
နိုကီယာ က Feature Phone တွေကို ကောင်းမွန်စွာ မထုတ်လုပ်နိုင်ခဲ့လို့ ပျက်စီးသွားခဲ့ရတာလို့ထင်လား။ လုံးဝကို ဆန့်ကျင်ဘက်ပါပဲ။ နိုကီယာက တခြားဘယ်ကုမ္ပဏီထက်မဆို Feature Phone တွေကို ပိုပြီး ကောင်းမွန်အောင် ထုတ်လုပ်နိုင်ခဲ့လို့ ပျက်စီးသွားခဲ့ရတာပါ။ တခြားကုမ္ပဏီတွေက စမတ်ဖုန်းတွေ တီထွင်ထုတ်လုပ်ဖို့ အာရုံစိုက်နေခဲ့ကြတဲ့ အချိန်မှာတောင်မှ နိုကီယာက Feature Phone တွေကိုပဲ စွမ်းဆောင်ရည် အပြည့်နဲ့ ထုတ်လုပ်နေခဲ့ကြတာလေ။
ဒါက ကြေးခေတ်နဲ့ သံခေတ် ရောက်ရှိလာခဲ့ပြီ ဖြစ်တာတောင်မှ ပိုပြီး ကြီးမားပြီး ခမ်းနားတဲ့ ကျောက်ပုဆိန်တွေကိုပဲ ဆက်ပြီး ထုတ်လုပ်နေခဲ့ကြသလိုမျိုးပဲ ဖြစ်နေခဲ့တာပေါ့။
လက်ရှိ မော်တော်ကား လုပ်ငန်းကတော့ နောက်ထပ် ခေတ်တစ်ခုဆီ ကူးပြောင်းမယ့် ဖြစ်စဉ်ထဲမှာ ရှိနေခဲ့တာပါ။ ဒီဖြစ်စဉ်အတွင်းမှာ အသားကျအောင် လုပ်ဆောင်နိုင်မယ့် ကုမ္ပဏီတွေကတော့ ခေတ်သစ်တစ်ခုကို ကြိုဆိုနိုင်မှာ ဖြစ်ပေမဲ့ အသားမကျနိုင်တဲ့ ကုမ္ပဏီတွေကတော့ သဘာဝအတိုင်း ပျောက်ကွယ်သွားရမှာပါပဲ။ ဒါကြောင့်ပဲ လူတိုင်းက ရှင်သန်နိုင်ဖို့အတွက် အသည်းအသန် လှုပ်ရှားနေခဲ့ကြတာပါ။
ကျွန်တော်တို့ အလုပ်ဆင်းပြီးနောက် အိမ်ကို ပြန်ခဲ့ကြတယ်။
"ညစာက တရုတ်စာပဲလား"
"တရုတ်စာပဲ စားကြတာပေါ့"
ကျွန်တော်တို့တွေ တရုတ်စားသောက်ဆိုင် တစ်ဆိုင်လောက်ကိုပဲ ဝယ်ယူလိုက်သင့်ပြီထင်တယ်။
ကျွန်တော်က သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေကို လဲလိုက်ပြီး ဆိုဖာပေါ်မှာ ဝင်ထိုင်လိုက်တယ်။ ကျွန်တော် သံဗူးဘီယာတစ်ဗူးကို သောက်လိုက်ရင်း အမောဖြေနေတဲ့ အချိန်မှာပဲ အစားအသောက်တွေ ရောက်ရှိလာခဲ့တယ်။
"ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို အမြဲတမ်း အသုံးပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဒါက လက်ဆောင်အနေနဲ့ ကြက်သွန်မြိတ်ဖက်ထုပ်ကြော်လေး ထည့်ပေးထားတာပါ"
"အာ…. ကျေးဇူးတင်ပါတယ်"
တက်ဂယူ က စားပွဲပေါ်မှာ အစားအသောက်တွေကို ပြင်ဆင်လိုက်ရင်း အုပ်ထားတာတွေကို ခွာလိုက်တယ်။
"အစ်မဟျွန်းဂျူးကော ဘယ်လိုနေလဲ"
"သူက မနေ့တုန်းက ဟင်နရီ နဲ့အတူ ဆေးရုံကို သွားသေးတယ်။ ဘာမှ ထူးခြားတဲ့ ပြဿနာမရှိဘူးလို့ ပြောတာပဲ"
အစ်မ ဟျွန်းဂျူး ရဲ့ ဗိုက်ကတော့ သိသိသာသာကို စူထွက်နေခဲ့ပြီ ဖြစ်ပါတယ်။ အခုဆိုရင် သူက ခါးကြပ်စကတ်တွေမဝတ်တော့ဘဲ သက်တောင့်သက်သာရှိတဲ့ ဂါဝန်ပွပွတွေကိုပဲ ဝတ်ဆင်နေပါပြီ။ အလုပ်ကတော့ လုပ်နေဆဲ ဖြစ်ပေမဲ့ အချိန်ပို အလုပ်မလုပ်တော့ဘဲ အချိန်မှန်ပဲ အလုပ်ကနေ ဆင်းပါတော့တယ်။ အယ်လီ ရဲ့ ပြောကြားချက်အရ Golden Gate ဝန်ထမ်းတွေကတော့ ရုံးခွဲမန်နေဂျာ အလုပ်ကနေ စောစောဆင်းတာကို ဝမ်းမြောက်နေကြပါတယ်တဲ့။
ဟင်နရီ ကတော့ အလုပ်ဆင်းချိန် ရောက်တာနဲ့ ဘေးနားက အဆောက်အဦးဆီကို တန်းပြီး ပြေးတော့တာပဲ။ ဒီရက်ပိုင်းအတွင်း သူ့ရဲ့ မျက်နှာက လုံးဝကို ပြုံးဖြဲနေခဲ့တာပါ။ သူက အရမ်းကို ပျော်ရွှင်နေခဲ့တာ ဖြစ်လို့ အခုအချိန်အထိ ဘယ်လိုမျိုး အောင့်အီးထားခဲ့လဲဆိုတာကိုတောင် ကျွန်တော် မသိတော့ပါဘူး။
"အိမ်ပြောင်းမှာက ဘယ်တော့လဲ"
"နောက်အပတ် စနေနေ့လေ။ အဲဒီနေ့ကျရင် မင်းမှာ လုပ်စရာတွေ ဘာတွေရှိရင် ဖျက်ထားလိုက်ဦး။ ငါတို့ သွားပြီး ပစ္စည်းတွေကို အတူတူ သယ်ပေးရမယ်"
"...... ဟင်"
အိမ်ပြောင်းကုမ္ပဏီတစ်ခုခုကိုပဲ ငှားလိုက်သင့်တာ မဟုတ်ဘူးလား။ ဒါပေမဲ့လည်း အိမ်ပြောင်းတဲ့နေ့မှာ အချင်းချင်း ကူညီပေးကြတာက ကျွန်တော်တို့ရဲ့ ရိုးရာဓလေ့တစ်ခုပါပဲလေ။
ဘာပဲဖြစ်ဖြစ် အစ်မ ဟျွန်းဂျူး နဲ့ ဟင်နရီ တို့က တကယ်ပဲ အတူတူ နေကြတော့မယ်ဆိုတာကို တွေးမိရင်တော့ ကံကြမ္မာဆိုတဲ့အရာက တကယ်ပဲ ရှိနေလိမ့်မယ်လို့ ထင်ရပါတယ်။
ကျွန်တော် သတင်းတွေကို ကြည့်ဖို့အတွက် တီဗီကို ဖွင့်လိုက်တယ်။
အွန်ဆောင်း မော်တာ ရဲ့ သပိတ်မှောက်မှု သတင်းကတော့ ပေါ်ထွက်လာခဲ့တယ်။ အလုပ်သမားသမဂ္ဂက လက်ရှိအချိန်မှာ အချိန်ပိုင်း သပိတ်မှောက်မှုတွေကို အကောင်အထည်ဖော်နေခဲ့ကြတာ ဖြစ်ပြီး တကယ်လို့ နောက်ထပ် ညှိနှိုင်းမှုမှာ သူတို့ရဲ့ တောင်းဆိုချက်တွေကို လက်မခံဘူးဆိုရင်တော့ အပြည့်အဝ သပိတ်မှောက်မှုကို လုပ်ဆောင်သွားမယ်လို့ ကြေညာထားခဲ့တယ်။
ဒါက ဟန်ချန်ယောင်း ဥက္ကဌအဖြစ် ရာထူးရယူပြီးတဲ့နောက်ပိုင်း ပထမဆုံးသော လစာနဲ့ စုပေါင်းညှိနှိုင်းမှု သဘောတူညီချက်ကို တောင်းဆိုမှုပဲ ဖြစ်ပါတယ်။ အလုပ်သမားသမဂ္ဂ ဥက္ကဌအတွက်လည်း ဒါက ပထမဆုံးခေါင်းဆောင်ပြီး တောင်းဆိုဆန္ဒပြမှုလို့ ပြောလို့ရပါတယ်။ နှစ်ဦးနှစ်ဖက်လုံးကတော့ အာဏာလွန်ဆွဲပွဲမှာ နောက်ဆုတ်မပေးဖို့အတွက် ကြိုးစားနေကြတဲ့ ပုံစံမျိုး ရှိနေတာပါ။
လစာနဲ့ စုပေါင်းညှိနှိုင်းမှု သဘောတူညီချက်တောင်းဆိုမှုရဲ့ အကြီးမားဆုံးသော ပြဿနာကတော့ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေရဲ့ သားသမီးတွေကို ဦးစားပေး ခန့်အပ်မယ့် ကိစ္စပါပဲ။ မီဒီယာတွေကလည်း အဲဒီအပိုင်းကိုပဲ အဓိက အာရုံစိုက်နေခဲ့ကြတယ်။
တက်ဂယူ က ဇဝေဇဝါဖြစ်နေတဲ့ အမူအရာနဲ့ လှမ်းမေးတယ်။
"သူတို့က အလုပ်အကိုင် ဆက်ခံမှုဆိုတဲ့ အံ့ဩစရာကောင်းတဲ့ အတွေးအခေါ်မျိုးကို ဘယ်လိုမျိုး တွေးမိကြတာလဲ။ ဒါက မင်းမျိုးမင်းနွယ်တွေက သူတို့ရဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကို မျိုးရိုးလိုက်ပြီး လက်ဆင့်ကမ်းတာနဲ့ ဘာကွာခြားလို့လဲ"
ဒါကြောင့်ပဲ သူတို့ကို မင်းမျိုးမင်းနွယ် အလုပ်သမားသမဂ္ဂလို့ ခေါ်ဆိုကြတာထင်တယ်။
အဲ့ဒီစကားလုံးက ကွန်ဆာဗေးတစ် မီဒီယာတွေက ဖန်တီးထားတဲ့ ပုံဖော်မှု ဖြစ်ပေမဲ့ ဒီကိစ္စမှာတော့ သင့်တော်တယ်လို့ သတ်မှတ်နိုင်ပါတယ်။
အလုပ်သမားသမဂ္ဂကတော့ ဒီတောင်းဆိုမှုဟာ အခုအချိန်အထိ ကုမ္ပဏီအတွက် အနစ်နာခံခဲ့ရတာတွေအတွက် သဘာဝကျတဲ့ အကျိုးခံစားခွင့် ဖြစ်တယ်လို့ အကြောင်းပြချက် ပေးခဲ့တယ်။
အပေါ်ယံကြည့်ရင်တော့ ဟုတ်သလိုလိုရှိတယ်လို့ ထင်ရပေမဲ့ သေချာစဉ်းစားကြည့်ရင်တော့ အဓိပ္ပာယ်မရှိပါဘူး။
ဒီလိုမျိုး ယုတ္တိဗေဒအတိုင်း နိုင်ငံတော်က လုပ်သက် ၁၅ နှစ်ထက်မကရှိတဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ သားသမီးတွေကို ဦးစားပေး အလုပ်ခန့်အပ်မယ်ဆိုရင် ဘယ်နိုင်ငံသားကမှ သဘောတူမှာ မဟုတ်ပါဘူး။
ဒီရက်ပိုင်းအတွင်း ကိုရီးယားမှာ လူငယ် အလုပ်လက်မဲ့ ပြဿနာက ပြင်းထန်နေပြီး ကုမ္ပဏီကြီးတွေရဲ့ အလုပ်အကိုင် ပြိုင်ဆိုင်မှု နှုန်းထားကလည်း မြင့်မားနေပါတယ်။ အလုပ်တွေက ၁၀၀ မှာ ၁ ယောက်လောက်ပဲ ခန့်ကြတာပါ။ သဘာဝအတိုင်းပဲ သာမန် လျှောက်ထားသူတွေအနေနဲ့ အလုပ်အကိုင် ပြိုင်ဆိုင်မှုမှာ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေရဲ့ သားသမီးတွေကို ကျော်ဖြတ်ဖို့က ခက်ခဲလှပါတယ်။
ပြောရရင်တော့ ဒီတောင်းဆိုမှုက တခြားသော အလုပ်ရှာဖွေသူတွေရဲ့ အခွင့်အလမ်းတွေကို လုယူလိုက်တဲ့ လုပ်ရပ်တစ်ခုပါပဲ။
တက်ဂယူ ကတော့ ဆက်ပြီး ညည်းညူနေခဲ့တယ်။
" မိဘတွေက ကုမ္ပဏီကြီးတစ်ခုရဲ့ ဝန်ထမ်း ဖြစ်နေခဲ့ရင် သူတို့ရဲ့ သားသမီးတွေကလည်း ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်ရမယ်၊ ပြီးတော့ မိဘတွေက အသေးစားနဲ့ အလတ်စား ကုမ္ပဏီတစ်ခုရဲ့ ဝန်ထမ်း ဖြစ်နေခဲ့ရင် သူတို့ရဲ့ သားသမီးတွေကလည်း သူတို့ရဲ့ တစ်ဘဝလုံးမှာ အသေးစားနဲ့ အလတ်စား ကုမ္ပဏီတွေမှာပဲ အလုပ်လုပ်ရမယ်ဆိုတဲ့ သဘောလား။ မိဘနောက်ခံကလည်း အရည်အချင်းတစ်ခု ဖြစ်သွားပြီပေါ့လေ"
ကျွန်တော်ကတော့ စိတ်ထဲကနေ သက်ပြင်းချလိုက်မိတယ်။
ဒီနိုင်ငံက ဘယ်အချိန်တုန်းကတည်းက ဒီလိုမျိုး ဖြစ်သွားခဲ့တာလဲ။
ဒါပေမဲ့ ဒါက အွန်ဆောင်း မော်တာ တစ်ခုထဲမှာပဲ ဖြစ်ပျက်နေတာ မဟုတ်ပါဘူး။
အလုပ်သမားသမဂ္ဂရဲ့ ဖိအားပေးမှုကြောင့် အလားတူ သဘောတူညီချက်မျိုးတွေ ပေးခဲ့ရတဲ့ ကုမ္ပဏီကြီးတွေက မနည်းလှပါဘူး။ အွန်ဆောင်း မော်တာ ရဲ့ အလုပ်သမားသမဂ္ဂကလည်း အဲဒါကို သာဓကတစ်ခုအနေနဲ့ အသုံးပြုရင်း သူတို့ကိုလည်း တူညီစွာ ဆက်ဆံပေးရမယ်လို့ အကြောင်းပြချက် ပေးနေခဲ့တာပါ။
ဒီအကြောင်းပြချက်ကြောင့်ပဲ ကုမ္ပဏီကြီးတွေက ကိုရီးယားမှာ စက်ရုံတွေ တည်ဆောက်ဖို့ကို ဝန်လေးနေခဲ့ကြတာ ဖြစ်ပြီး အရည်အသွေးမြင့်မားတဲ့ အလုပ်အကိုင်တွေက တဖြည်းဖြည်းချင်း ပျောက်ကွယ်နေခဲ့တာပါ။ လူငယ်တွေအတွက် အလုပ်အကိုင် ရရှိဖို့ ပိုမိုခက်ခဲလာတာနဲ့အမျှ အလုပ်သမားသမဂ္ဂတွေက အလုပ်အကိုင် ဆက်ခံမှုအပေါ်ကို ပိုပြီးတော့တောင်မှ ဖက်တွယ်နေခဲ့ကြတယ်။
"အခုအချိန်မှာ အွန်ဆောင်း မော်တာ ရဲ့ ရောင်းအားက ထိုးဆင်းနေတာလေ။ သူတို့တွေ အဲဒီလိုမျိုး သပိတ်မှောက်နေတာက အဆင်ပြေပါ့မလား"
"ဘယ်လိုလုပ် အဆင်ပြေမှာလဲ"
"CarOS ရဲ့ အလုပ်သမားသမဂ္ဂက အဲဒီလောက်အထိ မဆိုးရွားတာကပဲ ကံကောင်းတယ်လို့ပြောရမယ်"
အတိတ်တုန်းကတော့ အမေရိကန် မော်တော်ကား အလုပ်သမားသမဂ္ဂ ကလည်း တော်တော်လေးကို ပြင်းထန်တဲ့ ပုံစံမျိုး ရှိခဲ့ဖူးပါတယ်။
ဒါပေမဲ့ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် Big Three (အမေရိကန်ရဲ့ အကြီးဆုံး မော်တော်ကား ကုမ္ပဏီကြီး ၃ ခု) က ပြိုလဲခဲ့ရပြီး ကြီးမားလှတဲ့ ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်မှုတွေဟာ နောက်ဆက်တွဲအဖြစ် ပေါ်ထွက်လာခဲ့တယ်။ အမေရိကန် အစိုးရကလည်း ပြည်သူ့ဘဏ္ဍာငွေတွေ ထောက်ပံ့ပေးခဲ့ပြီး အပြန်အလှန်အနေနဲ့ ကုမ္ပဏီနဲ့ အလုပ်သမားသမဂ္ဂ နှစ်ဦးနှစ်ဖက်လုံးဆီကနေ အလျော့ပေးမှုတွေကို တောင်းဆိုခဲ့တယ်။
အခုအချိန်မှာတော့ အမေရိကန် အလုပ်သမားတွေဟာ တကယ်လို့ ကုမ္ပဏီသာ ပြိုလဲသွားခဲ့မယ်ဆိုရင် အလုပ်အကိုင်တွေလည်း ပျောက်ကွယ်သွားလိမ့်မယ်ဆိုတဲ့ ထင်ရှားလှတဲ့ အမှန်တရားကို သဘောပေါက်သွားခဲ့ကြပါပြီ။
သဘောပေါက်သွားတဲ့အချိန်ကစပြီး အမေရိကန် မော်တော်ကား အလုပ်သမားတွေက ကွဲပြားခြားနားတဲ့ လမ်းကြောင်းတစ်ခုဆီ စတင်လျှောက်လှမ်းခဲ့ကြတယ်။ အမေရိကန် မော်တော်ကား အလုပ်သမားသမဂ္ဂကတော့ လေးနှစ်မှာ တစ်ကြိမ်သာ လစာနဲ့ စုပေါင်းညှိနှိုင်းမှု သဘောတူညီချက်တောင်းဆိုမှုကို ပြုလုပ်ခဲ့ကြပြီး သပိတ်မှောက်မှုတွေကိုလည်း တတ်နိုင်သမျှ ရှောင်လွှဲခဲ့ကြတယ်။ ထိပ်တိုက်ရင်ဆိုင်တဲ့ အလုပ်သမားသမဂ္ဂ မဟုတ်တော့ဘဲ အတူတကွ ကြီးပွားတိုးတက်ဖို့အတွက် လက်တွဲလုပ်ဆောင်မယ့် အလုပ်သမားသမဂ္ဂအဖြစ် ပြန်လည်မွေးဖွားလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကိုရီးယား မော်တော်ကား အလုပ်သမားသမဂ္ဂကတော့ ထိပ်တိုက်ရင်ဆိုင်လိုတဲ့ လမ်းကြောင်းဆီကို ပိုပြီးတော့တောင် နက်ရှိုင်းစွာ လျှောက်လှမ်းသွားခဲ့တယ်။
အဲ့လိုထိပ်တိုက်ရင်ဆိုင်ဖို့ ရွေးချယ်ရတဲ့ အကြောင်းပြချက်ကတော့ သူတို့က သပိတ်အကြီးအကျယ်မှောက်မှုကို လုပ်ဆောင်ရင်တောင်မှ ကုမ္ပဏီက ဒေဝါလီခံမှာ မဟုတ်ဘူးဆိုတဲ့ ခိုင်မာလှတဲ့ ယုံကြည်ချက်မျိုး ရှိနေခဲ့ကြလို့ပါပဲ။
ဒီအတောအတွင်းမှာတင် အမြဲတမ်းဝန်ထမ်းတွေရဲ့ ပျမ်းမျှလစာက ဝမ် သန်း ၁၀၀ နီးပါးအထိ မြင့်တက်သွားခဲ့တာပါ။ ဝမ် သန်း ၁၀၀ ဆိုတာက ကောင်းမွန်လှတယ်လို့ ထင်ရပေမဲ့ လစာအပေါ်မှာ အမျိုးမျိုးသော လူမှုဖူလုံရေး ခံစားခွင့်တွေကိုပါ ထည့်သွင်းလိုက်မယ်ဆိုရင် ကုမ္ပဏီရဲ့ ဝန်ထုပ်ဝန်ပိုးက ပိုပြီးတော့တောင် ကြီးမားသွားမှာပါပဲ။
အလုပ်သမားတွေအနေနဲ့ကတော့ မြင့်မားတဲ့ လစာတွေကို ရရှိတာက သေချာပေါက် ကောင်းမွန်တဲ့အရာတစ်ခု ဖြစ်တာပေါ့။
ဒါပေမဲ့လည်း Semiconductorလိုမျိုး အလုပ်သမား ကုန်ကျစရိတ် အချိုးအစား နည်းပါးလှတဲ့ တန်ဖိုးမြင့်မားတဲ့ လုပ်ငန်းမျိုး မဟုတ်ဘူးဆိုရင်တော့ သာမန် ထုတ်လုပ်မှုကဏ္ဍအနေနဲ့ ဒီလိုမျိုး မြင့်မားလှတဲ့ ကုန်ကျစရိတ် ဖွဲ့စည်းပုံကို ထိန်းသိမ်းဖို့အတွက် ခက်ခဲမှာက ရှောင်လွှဲလို့မရပါဘူး။
ပြဿနာဟာ အခြေအနေတွေ ကောင်းမွန်နေတဲ့ အချိန်မှာတော့ သိပ်ပြီး မသိသာလှပေမဲ့ ရောင်းအားကျဆင်းလာတဲ့ အခါမှာတော့ ပြဿနာတွေက ချက်ချင်း ပေါ်ထွက်လာတာပါ။ အလုပ်သမား ကုန်ကျစရိတ်ဆိုတာက တိုးမြှင့်ဖို့ လွယ်ကူလှပေမဲ့ လျှော့ချဖို့ကတော့ မဖြစ်နိုင်ပါဘူး။
တွေးကြည့်ရင်တော့ ဒါက ရယ်စရာကောင်းတဲ့ အခြေအနေတစ်ခုပါပဲ။
ကိုရီးယားမှာ နှစ်စဉ်လစာ ဝမ် သန်း ၄၀ ရတာနဲ့ အလုပ်လုပ်ဖို့ ဆန္ဒရှိနေကြတဲ့ လူတွေ အများကြီး ရှိနေတာ ဖြစ်ပေမဲ့ ကုမ္ပဏီတွေကတော့ မြင့်မားလှတဲ့ အလုပ်သမား ကုန်ကျစရိတ်တွေကြောင့် နိုင်ငံရပ်ခြားဆီ ထွက်ခွာနေကြပါတယ်။ ပြီးတော့ အလုပ်သမား ကုန်ကျစရိတ်တွေကို ကာမိစေဖို့အတွက် ကုမ္ပဏီတွေက အမြဲတမ်းဝန်ထမ်းတွေကို ခန့်အပ်မယ့်အစား ယာယီဝန်ထမ်းတွေကိုပဲ ဆက်တိုက် တိုးမြှင့်ခန့်အပ်နေခဲ့ကြတာပါ။
ဒီအကြောင်းပြချက်ကြောင့်ပဲ ကိုရီးယားမှာ အလုပ်အကိုင်တွေက တိုးတက်မလာခဲ့ဘဲ ရှိနေတဲ့ အလုပ်အကိုင်တွေကလည်း အစွန်းတွေရောက်နေခဲ့ကြတာလေ။
နောက်ဆုံးမှာတော့ ဒီပြဿနာကို သေချာပေါက် ဖြေရှင်းရမှာ ဖြစ်ပေမဲ့ ကုမ္ပဏီဖြစ်စေ၊ အလုပ်သမားသမဂ္ဂဖြစ်စေ၊ အစိုးရဖြစ်စေ… ဘယ်သူကမှ ဒီပြဿနာကို လက်ဖျားနဲ့တင် မထိရဲကြပါဘူး။
စားသောက်နေရင်းနဲ့ ကျွန်တော် အတွေးလွန်နေခဲ့တာ ဖြစ်လို့ တက်ဂယူ က ကျွန်တော့်ကို စိုက်ကြည့်နေခဲ့တယ်။
"ဘာလဲ။ ဘာဖြစ်လို့ ငါ့ကို အဲဒီလိုမျိုး ကြည့်နေရတာလဲ"
"မင်း သူတို့ကို ကူညီပေးဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူးမလား။ လုံးဝကို မလုပ်နဲ့နော်"
"……."
ငါကမှ နစ်နာခဲ့တဲ့ လူပါကွ။ မင်းက ဘာဖြစ်လို့ ဝုန်းဒိုင်းကြဲနေရတာလဲ။
"နတ်မျက်စိ က မင်းကို ပူးပေါင်းလုပ်ဆောင်ဖို့ ပြောခဲ့တယ် မဟုတ်လား"
"အဲဒီလိုမျိုး ခံစားချက် ရခဲ့တာပါ"
တက်ဂယူ ကတော့ ဆက်ပြီး မေးခွန်းထုတ်နေခဲ့တယ်။
"ဟုတ်ရင်လည်း ဟုတ်တယ်၊ မဟုတ်ရင်လည်း မဟုတ်ဘူးပေါ့ကွာ။ အဲဒီလိုမျိုး ခံစားချက် ရရှိတယ်ဆိုတာက ဘာလဲ။ နတ်မျက်စိ က မင်းကို ဘာကို အတိအကျ ပြသခဲ့တာလဲ"
"အဲဒါကတော့..."
တက်ဂယူ က ကျွန်တော့်ရဲ့ စကားကို ကြားပြီးတဲ့နောက် လန့်ဖျပ်သွားခဲ့တယ်။
"ဘာ။ အဲဒါက တကယ်ပဲ ဟုတ်လို့လား"
"အင်း"
ကျွန်တော် မြင်တွေ့ခဲ့ရတဲ့ နတ်မျက်စိ အကြောင်းကို ပြန်ပြီး သတိရမိလိုက်တယ်။
CarOS အုပ်စုက အွန်ဆောင်း မော်တာ ကို လက်အောက်ခံ ကုမ္ပဏီတစ်ခုအဖြစ် ဝယ်ယူခြင်း -
မော်တော်ကား ကဏ္ဍမှာ စီးပွားရေးဟန်ချက်ညီတဲ့ နယ်ပယ်ကတော့ နည်းပါးပါတယ်။ ကျွမ်းကျင်သူတွေကတော့ အနာဂတ်မှာ ပြိုင်ဆိုင်မှုကနေ ရှင်သန်နိုင်မယ့် ကုမ္ပဏီ အနည်းငယ်လောက်နဲ့ မော်တော်ကား ဈေးကွက်က ပြန်လည်ဖွဲ့စည်းခြင်း ခံရလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတာပါ။
ကျွမ်းကျင်သူတွေရဲ့ စကားအရ မဟုတ်ရင်တောင်မှ အခုအချိန်မှာတင် ကုမ္ပဏီတွေကြားထဲမှာ ပူးပေါင်းမှုတွေနဲ့ မဟာမိတ်ဖွဲ့မှုတွေက တက်ကြွစွာ ဖြစ်ပေါ်နေခဲ့တယ်။
GMက Chevrolet၊ Cadillac၊ GMC၊ Buick နဲ့ GM ကိုရီးယား တို့ကို လက်အောက်ခံအဖြစ် ပိုင်ဆိုင်ထားသလို BMW အုပ်စုကတော့ MINI နဲ့ Rolls-Royceတို့ကို ပိုင်ဆိုင်ထားပြီး Volkswagen အုပ်စုမှာတော့ Skoda၊ Audi၊ Porsche၊ Bentley နဲ့ Lamborghini တို့ကို လက်အောက်ခံအဖြစ် ပိုင်ဆိုင်ထားခဲ့ကြတာပါ။
GM က ဒေဝူး မော်တာကို ဝယ်ယူခဲ့သလိုမျိုးနဲ့ Renault က Samsung Motors ကို ဝယ်ယူခဲ့သလိုမျိုးပဲ CarOS အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီတစ်ခု ဖြစ်လာမယ့် ဖြစ်စဉ်အတွင်းမှာ တခြားသော မော်တော်ကား ထုတ်လုပ်သူတစ်ခုခုကို မဝယ်ယူရဘူးဆိုတဲ့ ဥပဒေမျိုး မရှိပါဘူး။
"ဝယ်ယူရမယ့်ထဲက တစ်ခုက အွန်ဆောင်း မော်တာတဲ့လား"
"အင်း"
နတ်မျက်စိ က အနာဂတ်ကို ပြသတာပါ။
ကျွန်တော်က ရလဒ်ကို သိရှိထားတာ ဖြစ်ပေမဲ့ ဘယ်လိုမျိုး ဖြစ်စဉ်ကနေတစ်ဆင့် အဲဒီနေရာဆီ ဦးတည်သွားမလဲဆိုတာတော့ မသိပါဘူး။
"ဒါဆိုရင် အွန်ဆောင်း မော်တာ က အရင်ဆုံး ဒေဝါလီခံရမှာ မဟုတ်ဘူးလား"
"အဲဒီလိုဆိုရင် တရုတ်နိုင်ငံက အရင်ဆုံး လက်လှမ်းလာလိမ့်မယ်။ နည်းပညာတွေ အားလုံး ခိုးယူခံလိုက်ရတဲ့ ဒေဝါလီခံသွားတဲ့ ကုမ္ပဏီတစ်ခုကို ဝယ်ယူရတာက ဘာအဓိပ္ပာယ် ရှိမှာမလို့လဲ"
တက်ဂယူ က ခဏလောက် တွေးလိုက်ပြီးတဲ့နောက် လှမ်းမေးတယ်။
"တကယ်လို့ ငါတို့က အကြောင်းပြချက်မရှိဘဲ သူတို့ကို ကူညီပေးလိုက်လို့ အနာဂတ်က ပြောင်းလဲသွားခဲ့ရင် ဘာဖြစ်မလဲ။ တကယ်လို့ အွန်ဆောင်း မော်တာ က ဒေဝါလီမခံဘဲ ပြန်လည်ဦးမော့လာတဲ့အထိ အောင်မြင်သွားခဲ့ရင်ကော"
"အဲဒါက ပြဿနာ ဖြစ်ပေမဲ့..."
ကျွန်တော် နတ်မျက်စိ ကို မြင်တွေ့ရတဲ့ အခါတိုင်းမှာ အလားတူ လွန်ဆွဲမှုမျိုး စိတ်ထဲမှာ ရှိနေခဲ့တာပါ။
အနာဂတ်ဆိုတာက ကြိုတင်သတ်မှတ်ထားတာမျိုးလား၊ ဒါမှမဟုတ် ပြောင်းလဲပစ်လို့ ရတာမျိုးလား။ ကျွန်တော် မြင်တွေ့ခဲ့ရတဲ့ အနာဂတ်က ကျွန်တော့်ရဲ့ အနာဂတ် လုပ်ရပ်တွေကိုပါ ကြိုတင်ဟောကိန်းထုတ်ထားတာမျိုးလား၊ မဟုတ်ဘူးလား။ တကယ်လို့ ကျွန်တော်က နတ်မျက်စိက မှားယွင်းသွားအောင် အတင်းအကြပ် လုပ်ဆောင်လိုက်မယ်ဆိုရင် ဘာဖြစ်လာမလဲ။
ဒီအပိုင်းကိုတော့ ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း တွေးဖို့ လိုအပ်ပါလိမ့်မယ်။ ဒါပေမဲ့လည်း ဘာပဲဖြစ်ဖြစ် အခုအချိန်အထိတော့ နတ်မျက်စိ က တစ်ခါမှ မမှားယွင်းခဲ့ဖူးပါဘူး။ ဒါကြောင့်ပဲ ဒီတစ်ကြိမ်မှာလည်း နတ်မျက်စိကို ယုံကြည်လိုက်လို့ မရဘူးလား။
ဥက္ကဌ လင်ဂျင်ယုံ ပြောခဲ့သလိုမျိုးပဲ အာရှဈေးကွက်မှာ ထုတ်လုပ်မှု အခြေစိုက်စခန်းတစ်ခု လိုအပ်တယ်ဆိုတာကလည်း အမှန်တရားတစ်ခုပါ။ တရုတ်နိုင်ငံကတော့ အစိုးရအဆင့်မှာတင် အနာဂတ် ကားတွေကို တီထွင်ထုတ်လုပ်ဖို့အတွက် အရာအားလုံးကို ပုံအောထားခဲ့တာ ဖြစ်ပြီး တိုယိုတာနဲ့ ဟွန်ဒါလိုမျိုး သမိုင်းဝင် အင်အားကြီးနိုင်ငံ ဖြစ်တဲ့ ဂျပန်ကလည်း ဈေးကွက်ကို အလွယ်တကူနဲ့ အလျှော့ပေးမှာ မဟုတ်ပါဘူး။
ဒီအချိန်မှာ အရေးအကြီးဆုံး ထည့်သွင်းစဉ်းစားရမယ့်အရာကတော့ ဝယ်ယူလိုက်လို့ ကျွန်တော်တို့အတွက် အကျိုးအမြတ် ရှိမလား၊ မရှိဘူးလားဆိုတာပါပဲ။
အနာဂတ်က ပြောင်းလဲမသွားသရွေ့တော့ အွန်ဆောင်း မော်တာကို တတ်နိုင်သမျှ အကောင်းဆုံး အခြေအနေမျိုးမှာ ဝယ်ယူနိုင်တာက ပိုပြီး ကောင်းမွန်ပါလိမ့်မယ်။
တက်ဂယူ ကတော့ လက်ပိုက်လိုက်ရင်း ရေရွတ်လိုက်တယ်။
"ဟင်း၊ ဒါဆိုရင် ဘာပဲဖြစ်ဖြစ် အွန်ဆောင်းမော်တာက ငါတို့အပိုင် ဖြစ်လာမှာပေါ့လေ"
ရိုးသားစွာ ပြောရမယ်ဆိုရင်တော့ ကျွန်တော် အွန်ဆောင်း မော်တာ နဲ့ မပတ်သက်ချင်ပါဘူး။ ဒါပေမဲ့ နတ်မျက်စိက ပေါ်ထွက်လာခဲ့တာ ဖြစ်လို့ ကျွန်တော် ဒါကို ဒီအတိုင်း လျစ်လျူရှုထားဖို့က မဖြစ်နိုင်ဘူးလေ။
အဲဒီလိုမျိုး ဖြစ်နေခဲ့တာတောင်မှ သူတို့ဘက်ကနေ အရင်ဆုံး အကူအညီ မတောင်းမချင်း သူတို့ဆီကို အရင်ဆုံး ကမ်းလှမ်းဖို့အတွက်တော့ စိတ်ကူးမရှိပါဘူး။
ဒါပေမဲ့လည်း ရက်အနည်းငယ် ကြာမြင့်သွားခဲ့ပြီးတဲ့နောက် ကျွန်တော် ဟန်ချန်ယောင်း ဆီကနေ ဖုန်းခေါ်ဆိုမှု တစ်ခု လက်ခံရရှိခဲ့တယ်။
[ နေကောင်းလား။ စီအီးအို ကန်ဂျင်ဟူ။ ကျွန်တော် အွန်ဆောင်း မော်တာ က ဟန်ချန်ယောင်း ပါ ]
"ဟုတ်ကဲ့။ မတွေ့ရတာ အချိန်တော်တော်လေး ကြာသွားခဲ့ပြီနော်"
[ တကယ်လို့ အချိန်ရမယ်ဆိုရင် ကျွန်တော်တို့ ခဏလောက် တွေ့ဆုံဖို့ ဖြစ်နိုင်မလား]