အခန်း ၂၅၃
Vol. 26 Ch. 253
အခန်း (၂၅၃)
အလုံးစုံ သပိတ်မှောက်တာ ၁၀ ရက်မြောက်နေ့ကို ရောက်လာခဲ့ပါပြီ။
သပိတ်မှောက်မှုက ရေရှည်ဖြစ်လာတာနဲ့အမျှ သမဂ္ဂဘက်ကလည်း ဖိအားတွေ တော်တော်လေး ကြုံနေရတယ်။ 'အလုပ်မလုပ်ရင် လစာမရှိ' ဆိုတဲ့ မူဝါဒအတိုင်း သပိတ်မှောက်နေတဲ့ အချိန်အတွင်းမှာ လစာမရလို့ပါပဲ။
ဒါကြောင့် ပြီးခဲ့တဲ့နှစ်တွေတုန်းက အွန်ဆောင်း မော်တာ သမဂ္ဂက လစာမဆုံးရှုံးအောင် ဝန်ထမ်းတွေ အလှည့်ကျ သပိတ်မှောက်တဲ့ နည်းလမ်းအသစ်ကို သုံးခဲ့ကြတယ်။ ဒီနည်းလမ်းက ပစ္စည်းသွင်းစက်ရုံတွေက ဝန်ထမ်းတွေက တစ်လှည့်စီ နှစ်နာရီကနေ သုံးနာရီလောက်ပဲ သပိတ်မှောက်ကြတာပါ။ စက်ရုံရဲ့ ထုတ်လုပ်မှု စနစ်သဘာဝအရ လုပ်ငန်းစဉ်တစ်ခု ရပ်သွားတာနဲ့ နောက်ကလုပ်ငန်းစဉ်တွေပါ အလိုလို လုပ်လို့မရတော့ပါဘူး။ ဝန်ထမ်းတချို့ကပဲ အလှည့်ကျ သပိတ်မှောက်တာ ဆိုပေမဲ့ ကျန်တဲ့ဝန်ထမ်းတွေပါ အလိုလို လက်ခမောင်းခတ်ပြီး ထိုင်နေရုံပါပဲ။
ဒီလိုနည်းနဲ့ လစာဆုံးရှုံးမှုနည်းနည်းနဲ့ သပိတ်မှောက်မှုရဲ့ ထိရောက်မှုကို အမြင့်ဆုံး ဖြစ်စေခဲ့တာပါ။
ဒီလို ကောင်းမွန်တဲ့ နည်းလမ်းရှိရက်နဲ့ ဒီတစ်ကြိမ်မှာတော့ ကုမ္ပဏီကို အမြင့်ဆုံး ဖိအားပေးဖို့ အလုံးစုံ သပိတ်မှောက်တဲ့ နည်းလမ်းကို တမင် ရွေးချယ်ခဲ့ကြတာပါ။ ဘာပဲဖြစ်ဖြစ် အွန်ဆောင်း မော်တာက အခက်အခဲ ကြုံနေရမှန်း လူတိုင်းသိနေတော့ ညှိနှိုင်းမှုကို အမြန်ဆုံး အဆုံးသတ်ဖို့ ရည်ရွယ်ခဲ့တာပေါ့။
တကယ်လို့ သားသမီးတွေကို ဦးစားပေး အလုပ်ခန့်မယ့် ကိစ္စသာ အဆင်ပြေရင် လစာတိုးပေးဖို့နဲ့ performance bonus တောင်းတာတွေကို လျှော့ပေးဖို့အထိ သူတို့ဘက်က ပြင်ဆင်ထားခဲ့တာပါ။
သမဂ္ဂခေါင်းဆောင် ဂျူဆောင်းမူက ရှေ့တန်းကနေ သပိတ်ကို ဦးဆောင်ရင်း ကုမ္ပဏီဘက်က သုံးရက်ထက်ပိုပြီး တောင့်ခံနိုင်မှာ မဟုတ်ဘဲ ညှိနှိုင်းရေး စားပွဲဝိုင်းကို ရောက်လာလိမ့်မယ်လို့ ယုံကြည်ချက်ရှိရှိ ဟောကိန်းထုတ်ခဲ့တယ်။
ဒါပေမဲ့ ဘာလို့လဲမသိဘူး၊ အခုအချိန်အထိ ကုမ္ပဏီဘက်က လုံးဝ မလှုပ်မယှက် ရှိနေတုန်းပဲ။
ပစ္စည်းသွင်းစက်ရုံတွေကတော့ အခက်အခဲ အကြီးအကျယ် ကြုံနေရပြီလို့ အော်ဟစ်နေကြတယ်။ ပထမအဆင့်နဲ့ ဒုတိယအဆင့် ပစ္စည်းသွင်းကုမ္ပဏီကြီးတွေကတော့ အံကြိတ်ပြီး တောင့်ခံနိုင်ကြ သေးပေမဲ့ အောက်ခြေက ကုမ္ပဏီလေးတွေကတော့ ဒုက္ခပင်လယ်ဝေနေကြပါပြီ။
ပစ္စည်းသွင်းစက်ရုံ ဝန်ထမ်းတွေရဲ့ ဒုက္ခတွေကို လူတွေ သိလာတာနဲ့အမျှ သပိတ်မှောက်မှုအပေါ် လူထုရဲ့ အမြင်က တဖြည်းဖြည်း ဆိုးရွားလာခဲ့တယ်။ အထူးသဖြင့် သားသမီးတွေကို ဦးစားပေး အလုပ်ခန့်ခိုင်းတဲ့ ကိစ္စကိုတော့ လူတိုင်းက မျိုးရိုးစဉ်ဆက် အလုပ်အကိုင် ဆက်ခံတာဆိုပြီး ဝေဖန် ပြစ်တင်ကြတယ်။
အွန်ဆောင်း မော်တာ သမဂ္ဂကတော့ ပြဿနာ ပိုမကြီးထွားအောင် တုံ့ပြန်တာမျိုး မလုပ်ဘဲ ကုမ္ပဏီနဲ့ ကွယ်ရာမှာ တိတ်တဆိတ် ဆက်သွယ်ဖို့ ကြိုးစားခဲ့တယ်။
သူတို့က ဒီလောက်အထိ သတိထားနေတဲ့ ကြားထဲက ကန်ဂျင်ဟူက ရုတ်တရက် ရှေ့ထွက်လာပြီး သမဂ္ဂကို တမင်သက်သက် ဝေဖန်လိုက်တာက မီးလောင်ရာ လေပင့်သလို ဖြစ်သွားခဲ့တယ်။
ကန်ဂျင်ဟူရဲ့ စကားတွေကြောင့် မီဒီယာတွေနဲ့ အင်တာနက်မှာ နေ့တိုင်းနီးပါး ပွက်လောရိုက်သွားတော့တာပဲ။
အွန်ဆောင်း မော်တာ သမဂ္ဂ အမြင်ကကြည့်ရင်တော့ ဒါက အဓိပ္ပာယ်မရှိတဲ့ ကိစ္စပါပဲ။ သမဂ္ဂအဖွဲ့ဝင်တွေက ဒေါသတကြီးနဲ့ အော်ဟစ်ကြတယ်။
"ဒီကောင်က ဘာလို့ သူများကိစ္စထဲ ဝင်ပါနေရတာလဲ"
"သူက ဘာသိလို့ လာဆရာလုပ်နေတာလဲ"
"ဒီကောင်က ဘယ်သူ့ဘက်ကလဲ"
ကန်ဂျင်ဟူနဲ့ အွန်ဆောင်း မော်တာကြားက မပြေလည်မှုတွေကို လူတိုင်း သိကြပါတယ်။ အဲဒီအတွက်ကြောင့်ပဲ သမဂ္ဂကို လာဝေဖန်နေတာ နေမှာပေါ့။
အခုအချိန်မှာတော့ သူတို့ဘက်က မတုံ့ပြန်လို့ မရတော့ပါဘူး။ အွန်ဆောင်း မော်တာ သမဂ္ဂက သတ္တုအလုပ်သမား သမဂ္ဂနဲ့ ပူးပေါင်းပြီး ဆိုးလ်မှာရှိတဲ့ OTK ကုမ္ပဏီရုံးချုပ်ရှေ့မှာ ဆန္ဒပြပွဲလုပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
"သမဂ္ဂကို အထင်သေးတဲ့ ကန်ဂျင်ဟူကို သင်ခန်းစာ သွားပေးကြစို့"
"ငါတို့ရဲ့ စွမ်းအားကို ပြလိုက်ကြရအောင်"
"ဟုတ်တယ်၊ သွားကြမယ်"
ဒါပေမဲ့ ဆန္ဒပြမယ့်နေ့ ရောက်လာတဲ့အခါ ကန်ဂျင်ဟူက ကုမ္ပဏီတစ်ခုလုံးကို ပိတ်ပစ်လိုက်တယ်။
သမဂ္ဂခေါင်းဆောင် ဂျူဆောင်းမူလည်း အံ့ဩမှင်သက်မှုကို မဖုံးကွယ်နိုင်တော့ဘူး။
ရုံးချုပ်အဆောက်အဦးရှေ့မှာ ဆန္ဒပြပွဲလုပ်ရင် ဥက္ကဌက ရုံးမတက်ဘဲ ရှောင်နေတာက သာမန်ပါပဲ။ ဒါပေမဲ့ ကုမ္ပဏီတစ်ခုလုံးကို လူသူမရှိအောင် ပိတ်ပစ်လိုက်တာမျိုးကတော့ တစ်ခါမှ မကြားဖူးဘူးလေ။
'ဒါက ဘာလဲဟ။ နည်းဗျူဟာအသစ်လား'
ဒီအခြေအနေမှာ သူတို့ ဘယ်လောက်ပဲ အော်ဟစ်ပြီး ဆန္ဒပြပြ လူမရှိတဲ့ အိမ်အလွတ်ကြီးရှေ့မှာ အော်နေသလိုပဲ ဖြစ်မှာပါ။ ဒါပေမဲ့ ပြင်ဆင်စရာရှိတာတွေ အားလုံး ပြင်ဆင်ပြီး မီဒီယာတွေကိုပါ ကြေညာထားပြီးသားမလို့ အခုမှ ဖျက်သိမ်းလို့လည်း မရတော့ပါဘူး။
ဆန္ဒပြမယ့်နေ့မှာ သတ္တုအလုပ်သမား သမဂ္ဂအဖွဲ့ဝင် ထောင်ပေါင်းများစွာက OTK ကုမ္ပဏီရုံးချုပ်ရှေ့နဲ့ ဂန်နမ်ဘူတာရုံ ပတ်ဝန်းကျင်မှာ စုရုံးရောက်ရှိလာကြတယ်။
သမဂ္ဂခေါင်းဆောင် ဂျူဆောင်းမူက လူသူမရှိဘဲ မှောင်မည်းနေတဲ့ အဆောက်အဦးကြီးရှေ့မှာ အသံကုန်အော်ပြီး မိန့်ခွန်း ပြောတော့တယ်။
"အလုပ်သမားတွေရဲ့ အခွင့်အရေးကို နင်းချေပြီး သမဂ္ဂကို ဖြိုခွဲဖို့ ကြိုးစားနေတဲ့ ကန်ဂျင်ဟူကို ငါတို့ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချတယ်"
"ကန့်ကွက်တယ်၊ ရှုတ်ချတယ်"
"ကန်ဂျင်ဟူ၊ တစ်နိုင်ငံလုံးက အလုပ်သမားတွေကို ချက်ချင်း တောင်းပန်ပါ"
"တောင်းပန်ပါ၊ တောင်းပန်ပါ"
ကျွန်တော်တို့တွေ ဧည့်ခန်းထဲမှာ တီဗီကနေ ဆန္ဒပြနေတဲ့ မြင်ကွင်းတွေကို ကြည့်နေခဲ့ကြတယ်။
တက်ဂယူက အံ့ဩတဲ့ အမူအရာနဲ့ ပြောတယ်။
"ဝိုး။ လူတွေ အများကြီး စုနေကြတာပဲ"
သမဂ္ဂအမည်အမျိုးမျိုးနဲ့ အဖွဲ့ခွဲအမည်တွေ ပါတဲ့ အလံတွေက အားမာန်ပါပါ လွင့်ပျံနေပြီး အနီရောင် ခေါင်းစည်းပတ်ထားတဲ့ သမဂ္ဂခေါင်းဆောင်တွေက လက်သီးလက်မောင်းတန်းပြီး အသံကုန် အော်ဟစ်နေကြတာပါ။
ရဲတပ်ဖွဲ့ဝင်တွေကလည်း အဲဒီပတ်ဝန်းကျင်ကို ဝိုင်းရံထားပြီး လမ်းတွေကို ထိန်းချုပ်ထားကြတယ်။
"ဟေ့…. ဟိုလူ မင်းကို ဆဲနေတာကွ။ သူ့နှုတ်ခမ်း လှုပ်ရှားမှုကို ကြည့်ရသလောက်တော့ ကန်ဂျင်ဟူက သောက်ကျင့်ကို မကောင်းဘူးဆိုပြီး ပြောနေတဲ့ ပုံပဲ"
"..."
ရုံးမသွားတာ တကယ် မှန်သွားတယ်။
ကျွန်တော့်ကြောင့် ရောက်လာကြတာဆိုတော့ မိန့်ခွန်းအများစုက ကျွန်တော့်ကို ဝေဖန်ဆဲဆိုတာတွေပါပဲ။ ဟိုနားဒီနားကနေ ဆဲသံတွေကိုလည်း ကြားနေရသလိုပဲ။
ကျွန်တော်ကတော့ အဆဲခံရလွန်းလို့ ဘာမှမဖြစ်တော့ပါဘူး။
တက်ဂယူက ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်တယ်။
"သူတို့ အိမ်ရှေ့အထိတော့ အလုံးအရင်းနဲ့ ရောက်မလာကြဘူး မဟုတ်လား"
"စိတ်မပူပါနဲ့။ လူနေရပ်ကွက်တွေမှာ ဆန္ဒပြခွင့် မရှိပါဘူး"
ဆန္ဒပြပွဲတွေက OTK ကုမ္ပဏီရှေ့တင်မကဘဲ အွန်ဆောင်း မော်တာ ရုံးချုပ်ရှေ့မှာပါ ဖြစ်ပွားနေတာပါ။ ကိုရီးယား အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က ဦးဆောင်တဲ့ အကြီးစား ဆန္ဒပြပွဲကြီးကိုတော့ ပိတ်ရက်မှာ ဂွမ်ဟွာမွန်းမှာ ကျင်းပဖို့ စီစဉ်ထားကြတယ်။
ကျွန်တော်ကတော့ အပြင်ကို လျှောက်မသွားဘဲ အိမ်မှာပဲ ငြိမ်ငြိမ်လေး နေရုံပါပဲ။
ကျွန်တော့်ဘေးမှာ ပီဇာစားနေတဲ့ စီနီယာ ဆန်းယော့က ပြောလာတယ်။
"ထင်တဲ့အတိုင်း M ပီဇာက အကောင်းဆုံးပဲ။ ဒါကို စားပြီးရင် တခြားပီဇာတွေကို စားလို့မရတော့ဘူး"
မကြာသေးခင်ကမှ ယော့ဆမ်ဒေါင်းက ဆီလွန်ဟိုတယ်မှာ M ပီဇာ အရောင်းဆိုင်ခွဲတစ်ခု ဖွင့်လှစ်ခဲ့တာပါ။ အဲလိုဖွင့်ခဲ့တာကြောင့် ကျွန်တော်တို့လည်း ဂန်နမ်မှာ မှာစားလို့ရနေပါပြီ။
M ပီဇာရဲ့ လုပ်ငန်းလည်ပတ်မှုကိုတော့ ဆီလွန်ဟိုတယ်ဘက်ကို လုံးဝ လွှဲအပ်ထားတာပါ။
ပြည်တွင်း ပီဇာဈေးကွက်က ကြက်ကြော်ဈေးကွက်ရဲ့ ထက်ဝက်တောင် မရှိပါဘူး။ ဒါပေမဲ့ တစ်ဖက်က ပြန်ကြည့်ရင်တော့ ဒါက တိုးတက်ဖို့ အလားအလာ အများကြီးရှိတယ်လို့ မြင်နိုင်ပါတယ်။
စီအီးအို လင်ဆိုမီက ဆိုင်ခွဲတွေ အများကြီး လျှောက်ဖွင့်မယ့်အစား အဆင့်မြင့် ပုံရိပ်တစ်ခု ဖြစ်အောင်ပဲ အဓိက အာရုံစိုက်ခဲ့တယ်။ အဲဒီအတွက်ကြောင့်မလို့ ရုံးချုပ်ကို နမ်ဆန်က ဆီလွန်ဟိုတယ်မှာ ထားခဲ့တာပါ။
M ပီဇာက ကနဦး ရင်းနှီးမြှုပ်နှံမှု အများကြီး လိုအပ်ပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ လုပ်အားခ ကုန်ကျစရိတ်ကို အများကြီး လျှော့ချနိုင်ပါတယ်။ ပြီးတော့ လျှော့ချလိုက်တဲ့ လုပ်အားခတွေကို ကုန်ကြမ်းတွေမှာ ပြန်ရင်းနှီးပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရသာရှိတဲ့ ပီဇာတွေကို လုပ်တာပေါ့။
အဲလိုလုပ်ဆောင်ခဲ့တာကြောင့်ပဲ ဈေးကွက်ရဲ့ တုံ့ပြန်မှုက အလွန်ကောင်းမွန်ပြီး ပီဇာတွေက မုန့်ဟင်းခါးလို ရောင်းကောင်းနေခဲ့တယ်။(hotcakeလို့ မူရင်းမှာရေးထားပေမဲ့ မျက်လုံးထဲမြင်အောင် မုန့်ဟင်းခါးလို့ ရေးလိုက်တာပါ)
ဂန်နမ်ဆိုင်ခွဲ ဖွင့်တာနဲ့ လူတွေ တန်းစီ စောင့်ဆိုင်းခဲ့ကြပြီး ဆိုင်ဖွင့်ပြီး မိနစ် ၃၀ အတွင်းမှာပဲ ပို့ဆောင်ဖို့ ကြိုတင်မှာယူမှုတွေ ပြည့်သွားတဲ့အထိ လူကြိုက်များခဲ့တယ်။
ကျွန်တော် ပီဇာတစ်ဖတ်ကို ယူစားရင်း ဘေးကို လှည့်မေးလိုက်တယ်။
"စီနီယာက နေ့ခင်းကြောင်တောင်ကြီး ဘာလို့ ဒီရောက်နေတာလဲ"
"ငါတို့ ကုမ္ပဏီ စီအီးအိုက ရုံးမလာနဲ့ဆိုလို့ လာလည်တာလေ"
"အိမ်ကနေ အလုပ်လုပ်ခိုင်းတာလေ၊ အားလပ်ရက် ပေးလိုက်တာ မဟုတ်ဘူး"
"ဟုတ်လား။ ငါ ကီဟုမ်ကို ဘီလီယက်ထိုးဖို့ လှမ်းခေါ်တော့ သူက ဟျွန်းဂျောင်နဲ့အတူ နာမီကျွန်းကို သွားနေတယ် ပြောတယ်"
"..."
ဒါကြောင့် ကုမ္ပဏီတွေက အိမ်ကနေ အလုပ်လုပ်တာကို ခွင့်မပြုကြတာ နေမှာ။
တက်ဂယူက ဆိုဖာပေါ်မှာ လှဲလျောင်းရင်း ပြောတယ်။
"ရုံးမသွားရတော့ ပျင်းစရာကြီး"
"မင်းက ရုံးသွားလည်း ပျင်းနေတာပဲ မဟုတ်လား"
ဝန်ထမ်းတွေကတော့ အွန်ဆောင်း မော်တာ သမဂ္ဂကို ကျေးဇူးတင်ရင်း အပန်းဖြေနေကြလောက်ပါပြီ။ သူတို့တွေ ဒီအတောအတွင်း အလုပ်တွေ ကြိုးစားခဲ့ကြတာဆိုတော့ ဒီလိုရက်မျိုးလည်း ရှိသင့်ပါတယ်လေ။
"ဒါနဲ့ မင်းက ဘာလို့ အွန်ဆောင်း မော်တာ သမဂ္ဂကို သွားပြီး ရန်စလိုက်တာလဲ။ မင်းလည်း သိသားနဲ့၊ ပတ်ဆီဟျွန်းတောင် သူတို့ကို မထိရဲဘူးလေ"
"နိုင်ငံရေးသမားတွေကတော့ မဲကို ငဲ့ကွက်နေရတော့ ဘယ်ထိရဲမလဲ"
နာမည်မရှိတဲ့ အသေးစား ဒါမှမဟုတ် အလတ်စား ကုမ္ပဏီတစ်ခုရဲ့ သမဂ္ဂဆိုရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ ကုမ္ပဏီကြီးတစ်ခုရဲ့ သမဂ္ဂကို ထိတာက အန္တရာယ် အရမ်းကြီးပါတယ်။ အွန်ဆောင်း မော်တာ သမဂ္ဂက သတ္တုအလုပ်သမား သမဂ္ဂအောက်မှာ ရှိပြီး၊ သတ္တုအလုပ်သမား သမဂ္ဂက ကိုရီးယား အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်အောက်မှာ ရှိတာပါ။
ခြေလှမ်းမှားသွားရင် ဆန္ဒပြပွဲတင်မကဘဲ မဲပေါင်း သန်းနဲ့ချီ ဆုံးရှုံးသွားနိုင်ပါတယ်။ အဲဒါကြောင့် ရှေးရိုးစွဲဝါဒီတွေရော လစ်ဘရယ်တွေပါ သမဂ္ဂပြဿနာတွေနဲ့ ပတ်သက်ရင် အရမ်း သတိထားကြတာပါ။
"မင်း တကယ်ပဲ အာရှမှာ လျှပ်စစ်ကား ထုတ်လုပ်မှု စက်မှုဇုန် ဆောက်ဖို့ စဉ်းစားနေတာလား"
"စီမံကိန်း အဆင့်မှာပဲ ရှိပါသေးတယ်။ ဥက္ကဌ လင်ဂျင်ယုံနဲ့လည်း ဆွေးနွေးနေတုန်းပါ"
CarOS က ကားတွေကို တိုက်ရိုက် ထုတ်လုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်ကစပြီး အရေးကြီးဆုံး စဉ်းစားရမယ့် အချက်က ကားထုတ်လုပ်မှု ပမာဏပါပဲ။ အဲဒီအတွက်ကြောင့် ရှိပြီးသား စက်ရုံတွေကို လွှဲပြောင်းယူခဲ့ရုံတင်မကဘဲ ရတ်စ်ဘဲဒေသမှာ စက်ရုံအသစ်တွေ ဆောက်ဖို့ ငွေအမြောက်အမြား ပုံအောခဲ့တာပါ။
ဒါပေမဲ့ အနာဂတ် ရောင်းအားပမာဏကို ခန့်မှန်းကြည့်တဲ့အခါ အဲဒီစက်ရုံတွေအားလုံး အစွမ်းကုန် လည်ပတ်ရင်တောင် မြောက်အမေရိကနဲ့ ဥရောပ ဈေးကွက်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ခက်ခဲပါလိမ့်မယ်။
ရေရှည်အမြင်အရ ထုတ်လုပ်မှု အခြေစိုက်စခန်းတွေကို ဆက်ပြီး တိုးချဲ့ဖို့ လိုအပ်ပါတယ်။
တကယ်လို့ အာရှမှာ စက်ရုံဆောက်မယ်ဆိုရင် ဘယ်နေရာက အကောင်းဆုံး ဖြစ်မလဲ။
တရုတ်ကတော့ ဖက်စပ်လုပ်ငန်း တည်ထောင်တာနဲ့ နည်းပညာ ပေါက်ကြားမှာ စိုးရိမ်ရတဲ့အတွက် ချန်လှပ်ထားရမယ်။ ဂျပန်မှာတော့ တိုယိုတာနဲ့ ဟွန်ဒါလိုမျိုး အင်အားကြီး ပြိုင်ဘက်တွေ ရှိနေပြီး လုပ်အားခကလည်း မသက်သာပါဘူး။
"ထိုင်းနဲ့ ဗီယက်နမ်တို့လည်း ရှိတာပဲလေ"
"အဲဒီမှာက လျှပ်စစ်ကား အခြေခံ အဆောက်အဦးက ငါတို့နိုင်ငံထက်တောင် ပိုဆိုးသေးတယ်။ ပြီးတော့ ပြည်တွင်းဈေးကွက်ကိုလည်း ထည့်စဉ်းစားရမယ်"
ကျွန်တော် စားပွဲပေါ်က အချက်အလက်တွေကို စီနီယာ ဆန်းယော့ဆီ ကမ်းပေးလိုက်တယ်။ ဒီအချက်အလက်တွေက ဆိုးဆောင်း စီးပွားရေး သုတေသနဌာနက ပြုစုထားတာဖြစ်ပြီး အာရှနိုင်ငံတွေက စက်ရုံတွေကို နှိုင်းယှဉ် သုံးသပ်ထားတာပါ။
တကယ်လို့ လုပ်အားခတစ်ခုထဲကိုပဲ ကြည့်မယ်ဆိုရင် ကမ္ဘာပေါ်က စက်ရုံတွေအားလုံး တရုတ်၊ အာဖရိက၊ အရှေ့တောင်အာရှတို့မှာပဲ ရှိနေရမှာပါ။ ဒါပေမဲ့ လုပ်အားခကြီးမြင့်တဲ့ အမေရိကန်နဲ့ အနောက်ဥရောပတို့မှာလည်း စက်ရုံတွေ အများကြီး ရှိနေတုန်းပါပဲ။ ဒါက လုပ်အားခအပြင် တခြားသော အခြေအနေတွေ အများကြီး သက်ရောက်မှု ရှိနေလို့လေ။
စီနီယာ ဆန်းယော့က အချက်အလက်တွေကို ကြည့်ပြီး ပြောတယ်။
"ကိုရီးယားက အကောင်းဆုံးဖြစ်မယ့်ပုံပဲ"
"စီမံခန့်ခွဲမှု၊ သယ်ယူပို့ဆောင်ရေး၊ အခြေခံ အဆောက်အဦး၊ အစိုးရရဲ့ ပံ့ပိုးကူညီမှု၊ နိုင်ငံအသီးသီးနဲ့ ချုပ်ဆိုထားတဲ့ FTA စတာတွေကို ထည့်စဉ်းစားရင်တော့ ဟုတ်တယ်"
စီနီယာ ဆန်းယော့က ကျွန်တော့်စကားကို ခေါင်းညိတ် ထောက်ခံတယ်။
"ရိုနယ်က ကိုရီးယား-အမေရိကန် FTA ကို ပြန်ပြင်ပြီး ကိုရီးယားကားတွေအပေါ် သွင်းကုန်အခွန် တိုးကောက်ရင်တောင် CarOS အတွက်တော့ သိပ်ပြီး သက်ရောက်မှု ရှိမှာမဟုတ်ဘူး"
"အမေရိကန်မှာ ရောင်းတဲ့ကားတွေကို အမေရိကန်မှာပဲ အပြည့်အဝ ထုတ်လုပ်နေတာပဲလေ"
ကျွန်တော် ပီဇာစားရင်း စကားကို ဆက်ပြောလိုက်တယ်။
"အလုပ်သမားတွေက ပညာအရည်အချင်း မြင့်မားပြီး ကြိုးစားကြတယ်။ ပြီးတော့ ထူးချွန်တဲ့ နည်းပညာရှိတဲ့ ပစ္စည်းသွင်းကုမ္ပဏီတွေလည်း အများကြီး ရှိတယ်။ အားလုံးထက် ဆိုးဆောင်း SB နဲ့ OTK သုတေသနဌာန အားလုံးက ကိုရီးယားမှာပဲ ရှိနေတာကလည်း အတော်ကိုကောင်းတဲ့အချက်ပဲ"
"ပြဿနာက လုပ်အားခ ကြီးမြင့်တာနဲ့ ခဏခဏ သပိတ်မှောက်တာပေါ့ ဟုတ်လား"
"အဲဒါကိုသာ ဖြေရှင်းနိုင်ရင် ကိုရီးယားမှာ ကားစက်ရုံအသစ် မဆောက်နိုင်စရာ အကြောင်းမရှိဘူး"
"ဒါက နှစ် ၂၀ လောက် ရှိပြီလေ။ ဆိုးဆောင်းကတော့ သေချာပေါက် သဘောတူမှာပဲ။ အွန်ဆောင်း မော်တာကျတော့ကော"
"စဉ်းစားနေတုန်းပဲ"
အကြပ်ရိုက်နေတာက အွန်ဆောင်း မော်တာပါ။ ကျွန်တော်တို့ မဟုတ်ပါဘူး။ လက်တွဲမယ်ဆိုရင် ကျွန်တော်တို့ဘက်က အကျိုးအမြတ် အများဆုံး ရအောင် လုပ်ရမှာပါ။
"ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှိလို့လား"
"ဒါကို တစ်ချက်ကြည့်ကြည့်"
ကျွန်တော် နောက်ထပ် အချက်အလက်တစ်ခုကို ကမ်းပေးလိုက်တော့ စီနီယာ ဆန်းယော့က ဖတ်ကြည့်တယ်။
"ဒါကို မင်းကိုယ်တိုင် လုပ်ထားတာလား"
"သေချာပေါက် မဟုတ်ဘူးပေါ့"
ကျွန်တော်က စီးပွားရေးပညာရပ်ဆိုင်ရာ နိုဘယ်ဆုရ ပညာရှင်မှ မဟုတ်တာ။
ဒါပေမဲ့ စိတ်ပူစရာမလိုပါဘူး။ ကမ္ဘာပေါ်မှာ ကျွန်တော့်ထက် တော်တဲ့သူတွေ အများကြီး ရှိနေပြီး လိုအပ်ရင် သူတို့ရဲ့ အရည်အချင်းကို ငှားသုံးလို့ရတာပဲ။
ပညာရှင်တွေနဲ့ ပါမောက္ခတွေ ရှိနေတာက အဲဒီအတွက်ကြောင့် မဟုတ်ဘူးလား။
"စီနီယာသိတဲ့အတိုင်းပဲ၊ ဒီအတိုင်းသာ ဆက်သွားရင် ကိုရီးယားရဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍက အန္တရာယ်ရှိတယ်"
ကိုရီးယားက 'ဟန်မြစ်ဝှမ်းရဲ့ အံ့ဖွယ်' လို့ ခေါ်ရလောက်အောင် မယုံနိုင်စရာ ကောင်းတဲ့ နှုန်းထားနဲ့ တိုးတက်လာခဲ့တာပါ။ အထူးသဖြင့် ၈၀ ကျော် နှောင်းပိုင်းကနေ ၉၀ ကျော် အလယ်ပိုင်းအထိ စီးပွားရေး တိုးတက်မှုက အံ့ဩစရာပါပဲ။
မြင့်မားတဲ့ တိုးတက်မှုနောက်မှာ ချမ်းသာကြွယ်ဝမှု ကွာဟတာမျိုးလို ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပေမဲ့ အဲဒီအချိန်တုန်းက ကိုရီးယားက ကွာဟချက်ကို လျှော့ချနိုင်ခဲ့ပြီး လူလတ်တန်းစားတွေကို တိုးပွားစေခဲ့တယ်။ အဲဒါက ကိုရီးယား စီးပွားရေးရဲ့ ရွှေခေတ်ပါပဲ။
အဲ့လိုတိုးတက်ခဲ့တာက ကိုရီးယားက ကုန်ထုတ်လုပ်မှုကို အခြေခံတဲ့ တိုးတက်မှုကို အကောင်အထည်ဖော်ခဲ့လို့သာ ဖြစ်နိုင်ခဲ့တာပါ။ စက်ရုံတွေက မရပ်မနား လည်ပတ်ခဲ့ပြီး အလုပ်အကိုင်တွေလည်း လျှံပယ်နေခဲ့တာလေ။
ကုန်ထုတ်လုပ်မှုက လက်ရှိအချိန်အထိ ကိုရီးယားစီးပွားရေးကို ထောက်ကူပေးထားတဲ့ အဓိကမဏ္ဍိုင်ပါပဲ။ တကယ်လို့ ကုန်ထုတ်လုပ်မှုကဏ္ဍသာ မရှိရင် ကျွန်တော်တို့တွေ IMF အကြပ်အတည်းနဲ့ ငွေကြေးအကြပ်အတည်းကို ကျော်လွှားနိုင်ခဲ့မှာ မဟုတ်ပါဘူး။
"ငါလည်း အဲဒီလိုပဲ ထင်တယ်။ အမေရိကန်ကတော့ နိုင်ငံရပ်ခြားကို ရောက်သွားတဲ့ စက်ရုံတွေကို ပြည်တွင်း ပြန်ခေါ်ဖို့ ပြောနေပေမဲ့ ကိုရီးယား လုပ်ငန်းစုကြီးတွေကတော့ နိုင်ငံရပ်ခြားမှာပဲ စက်ရုံတွေ ဆောက်နေကြတယ်။ ဒီအတိုင်းဆို ဘာမှ မဟုတ်တော့ဘဲ ဖြစ်ကျန်ခဲ့လိမ့်မယ်"
စီနီယာ ဆန်းယော့က တီဗီက ဆန္ဒပြသူတွေကို လက်ညှိုးထိုးပြတယ်။
"ဒါပေမဲ့ မင်းက စကားတစ်ခွန်း ပြောလိုက်ရုံနဲ့ သူတို့က ဒီလောက်အထိ ထကြွနေကြတာနော်။ မင်းသာ တစ်ခုခု လုပ်ဖို့ ကြိုးစားရင် အလုပ်သမားအဖွဲ့ချုပ်ကြီး နှစ်ခုက ဒီအတိုင်း ထိုင်ကြည့်နေမယ် ထင်လို့လား"
ကျွန်တော် တဟားဟား ရယ်လိုက်တယ်။
" အဆင်မပြေရင်တော့ ထောင်ပေါင်းများစွာသော အလုပ်အကိုင်တွေက တခြားနိုင်ငံတွေကို ရောက်သွားမှာပေါ့"
စီနီယာ ဆန်းယော့က ခေါင်းညိတ်တယ်။
"မှန်တယ်၊ စက်ရုံဆောက်ပေးမယ်ဆိုရင် ကြိုဆိုမယ့်နိုင်ငံတွေက တစ်ပုံကြီးပဲ"
အွန်ဆောင်း မော်တာရဲ့ သပိတ်မှောက်မှုက ၁၅ ရက်ကျော်သွားခဲ့ပါပြီ။
အွန်ဆောင်း မော်တာရဲ့ ပြည်တွင်း ဈေးကွက်ဝေစုကို ထည့်သွင်းစဉ်းစားရင် ကိုရီးယားရဲ့ မော်တော်ကား စက်မှုလုပ်ငန်းတစ်ခုလုံး ရပ်တန့်သွားသလိုပါပဲ။
တခြား ပြည်တွင်းကုမ္ပဏီတွေအတွက် ရရှိတဲ့ အကျိုးအမြတ်ကလည်း သိပ်မများလှပါဘူး။ ဘာလို့လဲဆိုတော့ ထုတ်လုပ်မှု ပမာဏမှာ ကန့်သတ်ချက် ရှိနေလို့လေ။
ပစ္စည်းသွင်းစက်ရုံတွေကတော့ ပြိုလဲလုနီးပါး ဖြစ်နေပြီး ဒေသတွင်း စီးပွားရေးလည်း ယိုင်နဲ့နေပါပြီ။
အာဏာရပါတီရော အတိုက်အခံပါတီပါ အလုပ်သမားနဲ့ စီမံခန့်ခွဲသူကြား အမြန်ဆုံး ညှိနှိုင်းကြဖို့ တညီတညွတ်တည်း တိုက်တွန်းကြတယ်။ စက်ရုံရှိတဲ့ မဲဆန္ဒနယ်က လွှတ်တော်အမတ်တွေက အဲဒီဒေသတွေကို ဆင်းပြီး ဒေသခံတွေနဲ့ တွေ့ဆုံတာမျိုး ဒါမှမဟုတ် အွန်ဆောင်း မော်တာဆီ သွားရောက်ပြီး အသနားခံတာမျိုးတွေ လုပ်ကြတယ်။
သမဂ္ဂခေါင်းဆောင် ဂျူဆောင်းမူကတော့ ဥက္ကဌ ဟန်ချန်ယောင်းရဲ့ တောင်းပန်မှုမရှိရင် ဆွေးနွေးမှာမဟုတ်ဘူးဆိုတဲ့ ရပ်တည်ချက်ကို ဆက်ထိန်းထားပြီး ကုမ္ပဏီဘက်ကတော့ ထူးထူးခြားခြား သဘောထားထုတ်ပြန်တာ မရှိသေးဘူး။
အွန်ဆောင်း မော်တာ အုပ်စုရဲ့ စတော့ဈေးကတော့ ဆက်တိုက် ကျဆင်းနေပါတယ်။ တစ်ခါက ဝမ် သိန်းပေါင်း ၂၀၀ ကုဋေကျော်ခဲ့တဲ့ ဈေးကွက်တန်ဖိုးက အခုဆို ဝမ် သိန်းပေါင်း ၁၀၀ ကုဋေ အောက်ကို ကျဆင်းသွားခဲ့ပါပြီ။
စီးပွားရေးလောကမှာ ရှိတဲ့ အဆင့်ကလည်း SSK အုပ်စုနဲ့ CL အုပ်စုတို့ရဲ့ ကျော်တက်ခြင်းကို ခံရပြီးနောက် စတုတ္ထနေရာအထိ ကျဆင်းသွားခဲ့တယ်။
အွန်ဆောင်း မော်တာ တစ်ခုထဲကိုပဲ ကြည့်ရင် လက်ရှိ ဈေးကွက်တန်ဖိုးက ဝမ် သိန်းပေါင်း ၄၆ ကုဋေပဲ ရှိတော့တာပါ။ တစ်ဖက်မှာတော့ အွန်ဆောင်း မော်တာက ဈေးပေါပေါနဲ့ ရောင်းချခဲ့တဲ့ CarOS ကတော့ ပုဂ္ဂလိကကုမ္ပဏီ ဖြစ်နေတုန်းပဲ ဆိုပေမဲ့ တန်ဖိုးက ဒေါ်လာ သန်း ၂သိန်း ကျော်အထိ ရှိနေခဲ့ပါပြီ။
ရှယ်ယာရှင်တွေ ဒေါသထွက်နေကြတာ မဆန်းပါဘူး။
OTK ကုမ္ပဏီနဲ့ Golden Gateကတော့ အွန်ဆောင်း မော်တာရဲ့ ရှယ်ယာတွေကို တိတ်တဆိတ် စုဆောင်းဝယ်ယူနေခဲ့ကြတယ်။ အစ်မ ဟျွန်းဂျူးက ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းပြီး အွန်ဆောင်း မော်တာနဲ့ တိတ်တဆိတ် ဆက်သွယ်ကာ အခြေအနေအမျိုးမျိုးကို ညှိနှိုင်းခဲ့တယ်။
တစ်ဖက်မှာလည်း ကျွန်တော်က ဥက္ကဌ လင်ဂျင်ယုံ၊ ပညာရှင်တွေနဲ့ တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို တဖြည်းဖြည်း အကောင်အထည်ဖော်ခဲ့တယ်။ အဲဒီပညာရှင်တွေထဲမှာ ကိုရီးယားတက္ကသိုလ်က ပါမောက္ခတွေလည်း ပါဝင်တာပေါ့။
ကျွန်တော် မတွေ့ရတာ ကြာပြီဖြစ်တဲ့ ပါမောက္ခ ကင်မြောင်ဂျွန်ဆီ ဖုန်းဆက်လိုက်တယ်။
[တစ်နိုင်ငံလုံးလည်း ဆူညံနေတာပဲ။ မင်း တကယ်ပဲ ကိုရီးယားမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ကူးရှိလို့လား]
"အကျိုးအမြတ်ရှိရင်တော့ လုပ်မှာပေါ့"
[ဟားဟား။ ပိုက်ဆံအကြောင်း ပြောတာ ကြည့်ရသလောက်တော့ မင်းက တကယ့် စီးပွားရေးသမား စစ်စစ် ဖြစ်နေပြီပဲ]
"ဒါက ပါမောက္ခဆီက သင်ယူခဲ့ရလို့ပါ"
[ဒါနဲ့ ဒီတစ်ကြိမ်မှာ ဘာကိစ္စရှိလို့ ငါ့ဆီ ဆက်သွယ်ရတာလဲ]
"ကျွန်တော် ပါမောက္ခနဲ့အတူ စီးပွားရေးဌာန အကြီးအကဲနဲ့ပါ တွေ့ချင်လို့ပါ။ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး မေးမြန်းချင်တာလေးတွေ ရှိလို့ပါ"
[ပါမောက္ခ ဂျန်ဆီမြောင်ကို ပြောတာလား]
ပါမောက္ခ ဂျန်ဆီမြောင်က ငယ်စဉ်က အင်္ဂလန်က ကိန်းဘရစ်ချ် တက္ကသိုလ်မှာ ပါမောက္ခအဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး အဲဒီအချိန်က သူ ထုတ်ဝေခဲ့တဲ့ စီးပွားရေးစာအုပ်က လူကြိုက်များခဲ့လို့ ကမ္ဘာနဲ့ချီပြီး နာမည်ကြီးခဲ့သူပါ။ အဲဒီနောက်ပိုင်းမှာတော့ ကိုရီးယားတက္ကသိုလ်ကို ပြန်လာပြီး စာသင်ကြားပေးနေတာပါ။
"ဟုတ်ကဲ့။ အဆင်ပြေလား ခင်ဗျာ"
ပါမောက္ခ ကင်မြောင်ဂျွန်က လွယ်လွယ်ကူကူပဲ ပြန်ဖြေတယ်။
[ရတာပေါ့။ ပါမောက္ခ ဂျန်ကလည်း မင်းနဲ့ တစ်ကြိမ်လောက် တွေ့ချင်နေတာနဲ့ အတော်ပဲပေါ့။ အချိန်ကိုက်ပဲ]