အခန်း ၂၅၄
Vol. 26 Ch. 254
အခန်း (၂၅၄)
ကျွန်တော်က တက်ဂယူနဲ့ နှစ်ယောက်ထဲ သွားဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ အစ်မ ဟျွန်းဂျူးက အဲဒီအကြောင်း ကြားပြီး သူပါ လိုက်ခဲ့မယ်ဆိုပြီး ဝင်ပြောလာတယ်။ အဲဒါနဲ့ ဟင်နရီကလည်း သူပဲ ကားမောင်းပို့ပါရစေဆိုပြီး ချက်ချင်း ဝင်ပါလာတာလေ။
"ငါပဲ လိုက်ပို့ပေးပါရစေ"
"..."
သူ အစ်မ ဟျွန်းဂျူးကို လိုက်ပို့ချင်လို့ တမင်သက်သက် လုပ်နေမှန်း သိသာနေတာပဲ။
ကျွန်တော်တို့ ဟိုတယ်ဧည့်ခန်းထဲမှာ အစ်မ ဟျွန်းဂျူး ဆင်းလာမှာကို စောင့်နေခဲ့ကြတယ်။ ဟင်နရီက သူ့ကော်လံနဲ့ ဆံပင်တွေကို လက်နဲ့ သပ်တင်နေရင်း ကျွန်တော် လှမ်းကြည့်နေတာကို သတိထားမိတော့ ရှက်ကိုးရှက်ကန်း ပြုံးပြရှာတယ်။
ကျွန်တော်လည်း ပြုံးပြီး ပြောလိုက်တယ်။
"မင်းတို့နှစ်ယောက် အဆင်ပြေသွားတာ တွေ့ရတာ တကယ် ဝမ်းသာပါတယ်"
"ဒါတွေအားလုံးက ဂျင်ဟူနဲ့ တက်ဂယူတို့ ကျေးဇူးကြောင့်ပါ"
"ငါတို့က ဘာလုပ်ပေးမိလို့လဲ"
တကယ်တော့ ကျွန်တော်တို့ ကူညီပေးမယ်လို့ အကြိမ်ကြိမ် ပြောခဲ့ဖူးတာ မှန်ပေမဲ့ တကယ်တမ်းကျ ဘာလုပ်ပေးခဲ့လို့လဲ။
"လုပ်ပေးတာပေါ့။ ဆီလွန်ဟိုတယ် ဖွင့်ပွဲပါတီကို မင်းတို့တွေ ငါ့ကို ဖိတ်ခဲ့လို့လေ။ မင်းတို့သာ မဖိတ်ခဲ့ရင် ဒါတွေအားလုံး ဖြစ်လာမှာ မဟုတ်ဘူး"
စဉ်းစားကြည့်မှ အဲဒီညကတည်းက အရာအားလုံး စတင်ခဲ့တာပဲ။ အဲဒီလိုသာ မဟုတ်ရင် အစ်မ ဟျွန်းဂျူးရဲ့ စိတ်တံခါးကို ဖွင့်ဖို့ အချိန်အများကြီး ယူရဦးမှာပါ။
တက်ဂယူက ခေါင်းညိတ်တယ်။
"မှန်တယ်၊ မှန်တယ်။ မင်းတို့နှစ်ယောက် အဆင်ပြေနေတာ ငါတို့ကျေးဇူးကြောင့်ပဲ။ ဟုတ်တယ်မလား။ သူငယ်ချင်း"
"အင်း..."
သူတို့က အဲဒီလို တွေးပေးရင်တော့ ကောင်းတာပေါ့။
ကျွန်တော်တို့ စကားပြောနေတုန်း အစ်မ ဟျွန်းဂျူး ဆင်းလာခဲ့တယ်။
ဟင်နရီက မောင်းသူနေရာမှာ ထိုင်ပြီး တက်ဂယူက ဘေးက ထိုင်ခုံမှာ ထိုင်တယ်။ ကျွန်တော်နဲ့ အစ်မ ဟျွန်းဂျူးကတော့ နောက်ခန်းမှာ ထိုင်ခဲ့ကြတယ်။
တက်ဂယူက ဘာလို့ လိုက်လာတာလဲလို့ လှမ်းမေးတော့ အစ်မ ဟျွန်းဂျူးက ပြန်ဖြေတယ်။
"ပါမောက္ခ ဂျန်ဆီမြောင် လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ဌာနမှူး ဖြစ်သွားတာကို ငါ အခုထိ သွားမတွေ့ရသေးဘူးလေ။ အဲဒါကြောင့် တခါထဲသွားတွေ့ပြီး နှုတ်ဆက်မလို့"
"ဩော်၊ ဟုတ်သားပဲ။ သူက မမကို စာသင်ပေးခဲ့တဲ့ ပါမောက္ခပဲလေ"
"သူ့ကို ငါ့ရဲ့ လမ်းပြဆရာလို့လည်း ပြောလို့ရတယ်"
အစ်မ ဟျွန်းဂျူးက ကိုရီးယားတက္ကသိုလ်ရဲ့ စီးပွားရေးစီမံခန့်ခွဲမှုဌာနက ဘွဲ့ရခဲ့တာဆိုတော့ ပါမောက္ခ ဂျန်ဆီမြောင်ကို ကောင်းကောင်းသိတာ မဆန်းပါဘူး။
"ကျွန်တော်လည်း အဲဒီပါမောက္ခရဲ့ အတန်းကို တက်ချင်ခဲ့တာ၊ ဒါပေမဲ့ ဘာသာရပ် လျှောက်ရတာ လူတွေ ကြိတ်ကြိတ်တိုးလွန်းလို့ မတက်ခဲ့ရဘူး"
"သူ့ရဲ့ ဟောပြောချက်တွေက တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်။ နင် တကယ်လို့ ကျောင်းပြန်တက်ဖြစ်ရင် သေချာပေါက် တက်ကြည့်သင့်တယ်"
"ဟုတ်တယ်၊ သူက သာမန်လူတွေတောင် နားလည်လွယ်အောင် ရှင်းပြပေးတာ"
ဒါပေမဲ့ ကျွန်တော် ကျောင်းပြန်တက်နိုင်ပါဦးမလား။
ဟင်နရီက ပြောတယ်။
"ငါလည်း ပါမောက္ခ ဂျန်ဆီမြောင်ကို သိတယ်။ ဗြိတိန်ရဲ့ စီးပွားရေးကျဆင်းမှု ပြဿနာကို ခွဲခြမ်းစိတ်ဖြာထားတဲ့ သူ့ရဲ့စာအုပ်ကို ဖတ်ပြီး တော်တော် သဘောကျခဲ့တာ"
ပါမောက္ခ ဂျန်ဆီမြောင်က ကိုရီးယားတင်မကဘဲ ကမ္ဘာကျော်တဲ့ စီးပွားရေးပညာရှင် တစ်ယောက်ပဲလေ။ ဘဏ္ဍာရေးနယ်ပယ်မှာ လုပ်ကိုင်နေတဲ့သူဆိုရင် သူ့နာမည်ကို မသိတဲ့သူ မရှိပါဘူး။
"'From Grave to Cradle' စာအုပ်လား"
"ဟုတ်တယ်။ အဲဒီစာအုပ်ပဲ"
စာအုပ်ခေါင်းစဉ်က "From Cradle to Grave" (ပုခက်မှသည် သချိုင်းအထိ) ဆိုတဲ့ စကားစုကို ပြောင်းပြန်လှန်ပြီး ပဟေဠိဆန်ဆန် ပေးထားတာပါ။
ပါမောက္ခ ဂျန်ဆီမြောင် နာမည်ကြီးလာရတဲ့ အကြောင်းရင်းက ဗြိတိန်စီးပွားရေးကို ခွဲခြမ်းစိတ်ဖြာထားတဲ့ သုတေသန စာတမ်းတစ်စောင်ကို စာအုပ်အဖြစ် ထုတ်ဝေခဲ့လို့ပါပဲ။
၁၉၆၀ ပြည့်လွန်နှစ်တွေကတည်းက ဗြိတိန်ဟာ ကုန်ကျစရိတ်တွေ တိုးလာပေမဲ့ အလုပ်သမားတွေရဲ့ ထုတ်လုပ်မှုစွမ်းအားနဲ့ ကုန်ပစ္စည်း ယှဉ်ပြိုင်နိုင်စွမ်းက ကျဆင်းလာတဲ့ ပြင်းထန်တဲ့ အကြပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဗြိတိန်က လစာကို ထိန်းချုပ်ဖို့ ဒါမှမဟုတ် ကုန်ကျစရိတ် လျှော့ချဖို့ ကြိုးစားတိုင်း နေရာအနှံ့က အလုပ်သမားတွေက သပိတ်မှောက်ခဲ့ကြတာလေ။
ဥရောပကတောင် အဲဒါကို "ဗြိတိန်ရောဂါ" လို့ ခေါ်ခဲ့တဲ့အထိပဲ။ ဒီရောဂါကို ကုသပေးခဲ့တဲ့သူကတော့ သံမဏိအမျိုးသမီးလို့ လူသိများတဲ့ မာဂရက် သက်ချာ ပါ။
သက်ချာက ပြည်သူ့ကဏ္ဍကို ပြုပြင်ပြောင်းလဲခဲ့ပြီး စီးပွားရေးတစ်ရပ်လုံးကို ပြန်လည်ဖွဲ့စည်းခဲ့တယ်။ သမဂ္ဂတွေက ဒါကို ဆန့်ကျင်ပြီး ထကြွလာတဲ့အခါ သူက အစိုးရရဲ့ အာဏာကို သုံးပြီး ပြတ်ပြတ်သားသား နှိမ်နင်းခဲ့တယ်။
ဒီမူဝါဒတွေကြောင့် သူက ဗြိတိန်ရောဂါကို ကျော်လွှားနိုင်ခဲ့ပြီး သိသာထင်ရှားတဲ့ စီးပွားရေးတိုးတက်မှုကို ရရှိခဲ့ပေမဲ့ ဘေးထွက်ဆိုးကျိုးတွေကလည်း မနည်းလှပါဘူး။ အဲဒီအတွက်ကြောင့် သက်ချာအပေါ် သုံးသပ်ချက်တွေက အခုထက်ထိ အငြင်းပွားစရာ ဖြစ်နေတုန်းပါပဲ။
ပါမောက္ခ ဂျန်ဆီမြောင်က အဲဒီစာအုပ်ထဲမှာ ဗြိတိန်ရောဂါ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေနဲ့ ကျော်လွှားခဲ့တဲ့ လုပ်ငန်းစဉ်တွေအပြင် လက်ရှိ ဗြိတိန်လူ့အဖွဲ့အစည်းမှာ တွေ့နေရတဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို တင်ပြခဲ့တယ်။
"From Grave to Cradle" စာအုပ်က ဗြိတိန်မှာတင်မကဘဲ အမေရိကန်၊ ဥရောပနဲ့ ကိုရီးယားတို့မှာပါ အုန်းအုန်းကျွက်ကျွက် ဖြစ်သွားခဲ့တာပါ။
ပါမောက္ခ ဂျန်ဆီမြောင် ကိုရီးယားကို ပြန်မယ်လို့ ပြောတဲ့အခါ ကိန်းဘရစ်ချ် တက္ကသိုလ်က သူ့ကို ထိန်းထားဖို့အတွက် အမြဲတမ်း ပါမောက္ခရာထူးကိုတောင် ကမ်းလှမ်းခဲ့သေးတယ်။
ဒါပေမဲ့ နောက်ဆုံးမှာတော့ သူက ကိုရီးယားတက္ကသိုလ်မှာပဲ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကိုရီးယားစီးပွားရေးရဲ့ ပြဿနာတွေကို ခွဲခြမ်းစိတ်ဖြာပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေကာ ကျောင်းသားတွေကို သင်ကြားပေးရင်း စာအုပ်တွေ၊ စာတမ်းတွေကို တက်တက်ကြွကြွ ရေးသားနေခဲ့တာပါ။
ကျွန်တော်တို့ သွားမယ့်နေရာကို ရောက်ခါနီးတော့ တက်ဂယူက တစ်ခုခုကို သတိရသွားတဲ့ပုံစံနဲ့ လှမ်းမေးတယ်။
"အာ…. မမ ရင်သွေးလေးက သားလေးလား သမီးလေးလား ဆိုတာ သိပြီလား"
"ဆရာဝန်ကို မပြောပြခိုင်းထားဘူး။ စောစောစီးစီး သိသွားရင် ရင်ခုန်စရာ မကောင်းတော့ဘူးလေ"
"မမက ဘာလေးလိုချင်လဲ"
"ဘာရရ အဆင်ပြေပါတယ်"
မမေးဘဲနဲ့ ဟင်နရီကပါ ဝင်ပြောတယ်။
"ငါလည်း ဘာရရ ပျော်ပါတယ်"
ကျွန်တော်တို့ ဂွမ်ဟွာမွန်းမှာရှိတဲ့ ဆိုးဆောင်း စီးပွားရေး သုတေသနဌာနကို ရောက်လာခဲ့ကြတယ်။
အစည်းအဝေးခန်းထဲမှာ လူတချို့ ရောက်နှင့်နေပါပြီ။ စောစောစီးစီး ရောက်နေတဲ့ ဥက္ကဌ လင်ဂျင်ယုံက ကျွန်တော်တို့ကို နှုတ်ဆက်ပြီး လူတွေနဲ့ မိတ်ဆက်ပေးတယ်။
"ဒါက အမှုဆောင်ဒါရိုက်တာ ကင်ဒေးယန်း ပါ"
ဒါရိုက်တာ ကင်ဒေးယန်းက နှုတ်ဆက်တယ်။
"တွေ့ရတာ ဝမ်းသာပါတယ်။ စီအီးအို ကန်ဂျင်ဟူ။ ကျွန်တော် ဥက္ကဌကို စီအီးအိုကန်ဂျင်ဟူနဲ့ တွေ့ချင်တယ်ဆိုပြီး ခဏခဏ ပူဆာနေခဲ့တာ။ အခုမှပဲ တွေ့ရတော့တယ်"
"မင်္ဂလာပါ။ ဒါရိုက်တာ ။ ကျွန်တော်လည်း ဒါရိုက်တာ့အကြောင်းတွေ အများကြီး ကြားဖူးပါတယ်"
သူကလည်း ထူးချွန်တဲ့ ပညာရှင်တစ်ယောက်ဖြစ်ပြီး အာရှဈေးကွက် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို ခွဲခြမ်းစိတ်ဖြာဖို့ တာဝန်ယူထားတဲ့သူပါ။
ဥက္ကဌ လင်ဂျင်ယုံက ဟင်နရီနဲ့ အစ်မ ဟျွန်းဂျူးကို မြင်တော့ ဂုဏ်ပြုစကား ပြောလာတယ်။
မကြာခင်မှာပဲ OTK ဘတ္ထရီကို တီထွင်ခဲ့တဲ့ ပါမောက္ခ ကင်ဟိုမင် ရောက်လာပြီး၊ အဲဒီနောက် ပါမောက္ခ ကင်မြောင်ဂျွန်နဲ့ ပါမောက္ခ ဂျန်ဆီမြောင်တို့ အတူတူ ရောက်လာကြတယ်။
ပါမောက္ခ ဂျန်ဆီမြောင်က မျက်မှန်တပ်ထားပြီး သပ်ရပ်တဲ့ ဆံပင်ကေနဲ့ စာပေသမား ပုံစံအတိုင်းပါပဲ။ သူ့ရဲ့ အသက်က ၅၀ ကျော် ရှိပြီဆိုပေမဲ့ ကြည့်ရတာ ၄၀ ကျော်လောက်ပဲ ထင်ရတယ်။
သူက လက်ဆွဲနှုတ်ဆက်ရင်း နောက်ပြောင်တဲ့ သဘောနဲ့ ပြုံးပြီး ပြောတယ်။
"နာမည်ကျော် စီအီးအို ကန်ဂျင်ဟူကို ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး"
"ကျွန်တော်လည်း ကျောင်းသားဘဝကတည်းက ပါမောက္ခရဲ့ နာမည်ကျော်ကြားမှုကို ကြားဖူးပါတယ်။ ပါမောက္ခရဲ့ စာအုပ်တွေကိုလည်း အကုန်လုံးနီးပါး ဖတ်ဖူးပါတယ်။ ဖိတ်ကြားချက်ကို လက်ခံပေးလို့ ကျေးဇူးတင်ပါတယ်"
အစ်မ ဟျွန်းဂျူးက ဝမ်းသာအားရ နှုတ်ဆက်တယ်။
"မင်္ဂလာပါ ပါမောက္ခ။ မတွေ့ရတာ ကြာပြီနော်"
ပါမောက္ခ ဂျန်ဆီမြောင်ရဲ့ မျက်လုံးတွေ ဝိုင်းသွားပြီး ဝမ်းသာသွားရှာတယ်။
"ဘယ်သူလဲလို့ ကြည့်လိုက်တာ၊ အိုဟျွန်းဂျူး ပဲ။ နေကောင်းရဲ့လား"
အစ်မ ဟျွန်းဂျူးက ပြုံးပြတယ်။
"ဟုတ်ကဲ့ ကောင်းပါတယ်။ ပါမောက္ခဆီ စောစောစီးစီး လာတွေ့ရမှာကို နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်"
"မဟုတ်တာ၊ မဟုတ်တာ။ အလုပ်ရှုပ်နေလို့ ဖြစ်မှာပေါ့။ ငါ့ဌာနက ကျောင်းသူက Golden Gateရဲ့ ကိုရီးယားဌာနခွဲ မန်နေဂျာ ဖြစ်လာလိမ့်မယ်လို့ မထင်ထားမိဘူး။ ငါ တခြားပါမောက္ခတွေကို နင်က ငါ့တပည့်ဆိုပြီး ဘယ်လောက်တောင် ကြွားထားလဲ သိလား"
ပါမောက္ခ ကင်မြောင်ဂျွန်က ဂုဏ်ယူဝင့်ကြွားတဲ့ အမူအရာနဲ့ သူ့ဘာသာ ရေရွတ်တယ်။
"အင်း။ ငါ့တပည့်ကျတော့ OTK ကုမ္ပဏီရဲ့ စီအီးအို ဖြစ်နေတာ။ ပြီးတော့ ၂၁ ရာစုရဲ့ အထူးချွန်ဆုံး ရင်းနှီးမြှုပ်နှံသူနဲ့ အမေရိကန်ကို အကြပ်အတည်းကြီးကနေ ကယ်တင်ခဲ့တဲ့ သူရဲကောင်းလည်း ဟုတ်တယ်"
"..."
ကျေးဇူးပြုပြီး တော်ပါတော့။
"အာ… နင် ကိုယ်ဝန်ရှိနေပြီလို့ သတင်းထဲမှာ တွေ့လိုက်တယ်။ ဂုဏ်ယူပါတယ်နော်။ ဒါနဲ့ ဘေးက လူကြီးမင်းက ဘယ်သူများလဲ"
ပါမောက္ခ ဂျန်ဆီမြောင်ရဲ့ အကြည့်က အစ်မ ဟျွန်းဂျူးဘေးက ဟင်နရီဆီ ရောက်သွားတယ်။ အစ်မ ဟျွန်းဂျူးက သူ့ကို ဘယ်လို မိတ်ဆက်ပေးမလဲဆိုတာ ကျွန်တော် စိတ်ဝင်စားသွားမိတယ်။
"ကလေးရဲ့ အဖေ" လို့ ပြောမလား၊ ဒါမှမဟုတ် "အတူနေသူ" လို့ပဲ ပြောမလားပေါ့။
ဟင်နရီကလည်း တစ်ခုခုကို မျှော်လင့်နေတဲ့ ပုံပဲ။
အစ်မ ဟျွန်းဂျူးက သာမန်အတိုင်းပဲ ပြောလိုက်တယ်။
"ဟုတ်ကဲ့။ သူက ကျွန်မနဲ့စေ့စပ်ထားသူပါ"
ဟင်နရီရဲ့ မျက်နှာက အဲဒီစကားကြောင့် ပိုပြီး ဝင်းပသွားတော့တယ်။ သူက ကိုရီးယားလို ပြောလာတယ်။
"တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်တော် ဟင်နရီ ပါ။ ပါမောက္ခနဲ့ တွေ့ရတာ ဂုဏ်ယူပါတယ် ခင်ဗျာ"
နှုတ်ဆက်ပြီးတဲ့နောက် ကျွန်တော်တို့ အသီးသီး နေရာယူလိုက်ကြတယ်။
ကျွန်တော် ပါမောက္ခ ဂျန်ဆီမြောင်ကို ကိုရီးယား ကုန်ထုတ်လုပ်မှု ကဏ္ဍရဲ့ လက်ရှိ အခြေအနေအပေါ် သူ့ရဲ့ သဘောထားကို မေးမြန်းလိုက်တယ်။ ဒီကို မလာခင်ကတည်းက စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို အီးမေးလ်ကနေ ပို့ထားတာမလို့ သူ သေချာပေါက် ဖတ်ပြီးလောက်ပါပြီ။
သာမန်လူဆိုရင်တော့ စိတ်လှုပ်ရှားပြီး တုန်ရင်နေမှာ ဖြစ်ပေမဲ့ သူကတော့ ဘာမှ မဖြစ်သလိုပါပဲ။ ဘာပဲဖြစ်ဖြစ် သူက ကမ္ဘာကျော် စီးပွားရေး ပညာရှင်တွေနဲ့အတူ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွေ၊ ဆွေးနွေးပွဲတွေကို အကြိမ်ကြိမ် တက်ရောက် ဟောပြောခဲ့ဖူးတာဆိုတော့ ဒီလိုကိစ္စမျိုးက သူ့အတွက် မစိမ်းလှပါဘူး။
"ကိုရီးယားစီးပွားရေးရဲ့ လက်ရှိပြဿနာကို စကားလုံးတစ်လုံးထဲနဲ့ အကျဉ်းချုပ်ရရင်တော့ အစွန်းနှစ်ဖက် ကွာဟမှုပဲ။ ကုမ္ပဏီကြီးတွေနဲ့ အသေးစား၊ အလတ်စား လုပ်ငန်းတွေ၊ အမြဲတမ်း ဝန်ထမ်းတွေနဲ့ ယာယီ ဝန်ထမ်းတွေ၊ ဆိုးလ်မြို့ပြဒေသနဲ့ နယ်ဒေသတွေအကြား ကွာဟမှုက ပြင်းထန်တဲ့ အဆင့်ကို ရောက်နေပြီ။ စီးပွားရေး ဆက်တိုက် တိုးတက်ဖို့အတွက် ဒီပြဿနာကို သေချာပေါက် ဖြေရှင်းရမယ်"
စီးပွားရေး ပညာရပ်မှာ အရေးကြီးတာက ဘာက မှန်ကန်လဲဆိုတာထက် ဘာက အကျိုးအမြတ် ရှိလဲဆိုတာပါ။ စီးပွားရေး ပညာရှင် တော်တော်များများက လူလတ်တန်းစားတွေကို တိုးချဲ့ပြီး ကွာဟမှုနဲ့ ဝင်ငွေမညီမျှမှုကို လျှော့ချသင့်တယ်လို့ ငြင်းခုံကြတာက ကိုယ်ကျင့်တရားအရ မှန်ကန်လို့ မဟုတ်ဘဲ အကျိုးရှိလို့ပါပဲ။
ကွာဟမှု ပိုမို နက်ရှိုင်းလာရင် လူမှုရေး မတည်ငြိမ်မှုတွေ တိုးလာပြီး ကုန်ကျစရိတ်တွေ ရှိလာကာ စီးပွားရေး တိုးတက်မှုလည်း ကျဆင်းသွားတတ်ပါတယ်။ တစ်ဖက်မှာတော့ လူလတ်တန်းစား ပိုများလေလေ၊ စားသုံးမှုနဲ့ စုဆောင်းမှုက ပိုတိုးလာလေလေပါပဲ။ ဒါကြောင့်လည်း နိုင်ငံအများစုက လူမှုဖူလုံရေးနိုင်ငံ ဖြစ်ဖို့ ရည်မှန်းကြတာပါ။
ဥက္ကဌ လင်ဂျင်ယုံက မေးတယ်။
"ဖြေရှင်းနိုင်မယ့် နည်းလမ်းက လစာ ညီညွတ်ရေး စနစ်လား"
လစာ ညီညွတ်ရေး စနစ်ရဲ့ အခြေခံ အယူအဆကတော့ တူညီတဲ့ အလုပ်အတွက် တူညီတဲ့ လစာ ရရှိဖို့ပါပဲ။
ဒါက ပါမောက္ခ ဂျန်ဆီမြောင် ကိုယ်တိုင် အသစ်ထွင်ထားတဲ့ အကြံဉာဏ် မဟုတ်ဘဲ၊ ပညာရှင်တွေကြားထဲမှာ ဆွေးနွေးနေတာ ကြာပြီဖြစ်တဲ့ အရာတစ်ခုပါ။
ဒီစနစ်ကို လက်တွေ့ အကောင်အထည်ဖော်ခဲ့တဲ့ နိုင်ငံကတော့ ဆွီဒင် နိုင်ငံပါ။
ဥရောပ နိုင်ငံတွေအားလုံးလိုပဲ ဆွီဒင်ကလည်း ဒုတိယကမ္ဘာစစ်အပြီးမှာ အပြင်းအထန် ဖရိုဖရဲဖြစ်မှုနဲ့ စီးပွားရေး အကြပ်အတည်းကို ကြုံတွေ့ခဲ့ရတယ်။
အဲဒီအချိန်တုန်းက ဝန်ကြီးချုပ် တာဂီ အာလန်ဒါ က တူညီတဲ့ အလုပ်အတွက် တူညီတဲ့ လစာ ပေးဖို့ အဆိုပြုခဲ့ပြီး၊ ရေရှည် ဆွေးနွေး ညှိနှိုင်းမှုတွေကနေတစ်ဆင့် အလုပ်သမား၊ စီမံခန့်ခွဲသူနဲ့ အစိုးရတို့အကြား သဘောတူညီချက် ရရှိအောင် ဦးဆောင်ခဲ့တယ်။
တူညီတဲ့ အလုပ်အတွက် တူညီတဲ့ လစာပေးတာက စကားလုံးအတိုင်းပဲ တူညီတဲ့ အလုပ်လုပ်ရင် တူညီတဲ့ လစာကို ရရှိစေတာပါ။
ဒီလိုလုပ်ရင် ကုန်ထုတ်လုပ်မှု စွမ်းအားမြင့်မားတဲ့ လုပ်ငန်းတွေရဲ့ အမြတ်အစွန်းက တိုးလာမှာ ဖြစ်ပေမဲ့၊ ကုန်ထုတ်လုပ်မှု စွမ်းအားနိမ့်တဲ့ လုပ်ငန်းတွေကတော့ လစာကို မတတ်နိုင်တော့ဘဲ အလိုလို ပြိုလဲသွားပြီး အလုပ်လက်မဲ့တွေ အမြောက်အမြား ဖြစ်လာပါလိမ့်မယ်။
ဒါကြောင့် လူမှုဖူလုံရေး မူဝါဒအမျိုးမျိုးကို တစ်ပြိုင်ထဲ အကောင်အထည်ဖော်ခဲ့ကြတယ်။ ဒီကနေတစ်ဆင့် ကုန်ထုတ်လုပ်မှု နိမ့်တဲ့ အလုပ်တွေကနေ အလုပ်ပြုတ်သွားတဲ့ အလုပ်သမားတွေကို အလုပ်အကိုင် လေ့ကျင့်ရေး သင်တန်းတွေ ပေးပြီး၊ ကုန်ထုတ်လုပ်မှု ပိုမြင့်မားတဲ့ ကုမ္ပဏီတွေမှာ ပြန်လည် အလုပ်ခန့်အပ်ပေးခဲ့တယ်။
ဒီကျေးဇူးကြောင့် ဆွီဒင်ရဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍက အမေရိကန်၊ ဂျပန်၊ ဂျာမနီတို့နဲ့ ယှဉ်ပြိုင်တဲ့ နေရာမှာတောင် ရပ်တည်နိုင်ခဲ့တာပါ။
"ဆွီဒင်နိုင်ငံရဲ့ ဖြစ်ရပ်လိုမျိုး၊ လစာ ညီညွတ်ရေး စနစ်က လူမှုစနစ်တစ်ခုလုံးရဲ့ ပံ့ပိုးကူညီမှု ရှိမှသာ ဖြစ်နိုင်တာ။ ဒါကြောင့် ကိုရီးယားမှာ ချက်ချင်း လက်တွေ့အသုံးချဖို့ကတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ စက်မှုဇုန်တစ်ခုအတွင်းမှာဆိုရင်တော့ အကောင်အထည် ဖော်ဖို့ကတော့ လုံလုံလောက်လောက် ဖြစ်နိုင်ခြေ ရှိတယ်။ ပြီးတော့ အဲဒါသာ အောင်မြင်သွားရင် တခြားနယ်ပယ်တွေကိုပါ တဖြည်းဖြည်း တိုးချဲ့သွားလို့ ရတာပေါ့"
အတိတ်တုန်းကတော့ ကုမ္ပဏီကြီးတွေနဲ့ အသေးစား၊ အလတ်စား လုပ်ငန်းတွေကြားက လစာ ကွာဟချက်က ဒီလောက် မကြီးမားခဲ့ပါဘူး။
အများဆုံးရှိမှ ၂၀ ရာခိုင်နှုန်းလောက်ပဲ ကွာခြားခဲ့တာပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ အနည်းဆုံး နှစ်ဆ၊ တစ်ခါတလေ သုံးဆ၊ လေးဆလောက်အထိ ကွာခြားနေပါပြီ။ လူမှုဖူလုံရေး ခံစားခွင့်အမျိုးမျိုးကိုပါ ထည့်တွင်းစဉ်းစားရင် ကွာဟချက်က ပိုပြီး ကြီးမားသွားမှာပါ။
အထူးသဖြင့် မော်တော်ကား စက်မှုလုပ်ငန်းမှာ ကုမ္ပဏီကြီးတွေရဲ့ စက်ရုံတွေနဲ့ အသေးစား၊ အလတ်စား စက်ရုံတွေမှာ လုပ်တဲ့ အလုပ်က ယေဘုယျအားဖြင့် ဆင်တူကြပါတယ်။ ဒါပေမဲ့ ကုမ္ပဏီကြီးတွေက အမြတ်အစွန်း အများစုကို လက်ဝါးကြီးအုပ်ထားတဲ့အတွက် လစာ ကွာဟချက်က ဆက်တိုက် ကြီးမားလာခဲ့တယ်။
ကုမ္ပဏီတစ်ခုချင်းစီရဲ့ ညှိနှိုင်းနိုင်စွမ်းက ကုမ္ပဏီကြီးလေလေ ပိုကောင်းလေလေမလို့ အသေးစား၊ အလတ်စား လုပ်ငန်းတွေရဲ့ ဝေစုကတော့ ဆက်တိုက် ကျုံ့ဝင်နေခဲ့တာပါ။
နောက်ဆုံးတော့ ဒီအတိုင်းသာ ပစ်ထားရင် အနာဂတ်မှာ လစာ ကွာဟချက်က ပိုပြီး ကြီးမားလာဖို့ပဲ ရှိတော့ပါတယ်။
"လစာ ညီညွတ်ရေး ဆိုတာက အဓိက ကန်ထရိုက်တာ (ကုမ္ပဏီကြီး) တွေနဲ့ ကန်ထရိုက်တာခွဲ (အသေးစား၊ အလတ်စား လုပ်ငန်း) တွေအကြား ရရှိတဲ့ ငွေတွေကို အချိုးကျကျနဲ့ မူဝါဒတွေအတိုင်း ခွဲဝေယူကြတာကို ပြောတာ။ ဒီလိုနည်းနဲ့ အဓိက ကန်ထရိုက်တာတွေက ကုန်ပစ္စည်း ဈေးနှုန်းတွေကို နှိပ်ကွပ်ဖို့ မလိုတော့သလို၊ အလုပ်သမားတွေကလည်း ကုမ္ပဏီကြီးမှာ လုပ်ရမလား၊ အသေးစား လုပ်ငန်းမှာ လုပ်ရမလား ဆိုတာကို ဂရုစိုက်နေမှာ မဟုတ်တော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့ ရရှိမယ့် လစာက ဆင်တူနေမှာမလို့ပဲ"
အဓိက ကန်ထရိုက်တာ (ကုမ္ပဏီကြီး)၊ ကန်ထရိုက်တာခွဲ (အသေးစား၊ အလတ်စား လုပ်ငန်း) နဲ့ ယာယီ ဝန်ထမ်းတွေ ရှိတယ်လို့ ယူဆကြည့်ရအောင်။ အွန်ဆောင်း မော်တာကို အခြေခံပြီး ကြည့်ရင် သူတို့က လစာအသီးသီး ဝမ် ၉၅ သန်း (အွန်ဆောင်း မော်တာ)၊ ဝမ် ၄၅ သန်း (ပထမအဆင့် ပစ္စည်းသွင်းကုမ္ပဏီ) နဲ့ ဝမ် ၂၅ သန်း (ကုမ္ပဏီတွင်း ယာယီ ဝန်ထမ်းနဲ့ တတိယအဆင့် ပစ္စည်းသွင်းကုမ္ပဏီ) ရရှိကြတာပါ။
နောက်ဆုံးတော့ အွန်ဆောင်း မော်တာ အလုပ်သမားတွေ ရရှိတဲ့ လစာက တခြား အလုပ်သမားတွေရဲ့ ဝေစုကို အနစ်နာခံပြီး ရရှိထားတာလို့ မြင်နိုင်ပါတယ်။
လစာ ညီညွတ်ရေး စနစ်က ဒီလစာတွေကို ချိတ်ဆက်ပေးပြီး ကွာဟချက်ကို ဝမ် ၆၀ သန်း၊ ဝမ် ၅၀ သန်းနဲ့ ဝမ် ၄၅ သန်းဝန်းကျင်အထိ ဖြစ်အောင် အတတ်နိုင်ဆုံး လျှော့ချဖို့ ရည်ရွယ်တာပါ။
ဒီလိုနည်းနဲ့ ကုမ္ပဏီကြီးတွေက သမဂ္ဂတွေရဲ့ သပိတ်မှောက်မှုကို လျှော့ချနိုင်ပြီး ကန်ထရိုက်တာခွဲတွေနဲ့ အတူတကွ ရပ်တည်နိုင်မယ့် အကျိုးသက်ရောက်မှုကို ရရှိမှာဖြစ်သလို၊ အသေးစား၊ အလတ်စား လုပ်ငန်းတွေကလည်း ယှဉ်ပြိုင်နိုင်စွမ်းကို အာမခံချက်ရရှိပြီး ကိုယ်ပိုင် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ပြီးတော့ ဒါက ကုန်ထုတ်လုပ်မှု စွမ်းအား တိုးတက်ဖို့ ဖြစ်လာမှာပါ။
ကုမ္ပဏီတွေအတွက်လည်း သင့်တင့်တဲ့ လစာနဲ့ တည်ငြိမ်တဲ့ လည်ပတ်မှုကို အာမခံချက် ရရှိလို့ အကျိုးရှိသလို၊ အလုပ်သမားတွေအတွက်လည်း အရည်အသွေးမြင့် အလုပ်အကိုင်တွေကို ရရှိနိုင်လို့ အကျိုးရှိပါတယ်။ နိုင်ငံတော်အတွက်လည်း ကော်ပိုရိတ်အခွန်တွေ ကောက်ခံနိုင်ပြီး၊ ဒေသန္တရ အစိုးရတွေအတွက်လည်း အလုပ်အကိုင်တွေ တိုးလာကာ ဒေသတွင်း စီးပွားရေး ပြန်လည် နိုးထလာနိုင်လို့ အကျိုးရှိတာပေါ့။
ဒါဆို ဒီလို ကောင်းမွန်တဲ့ အရာကို ဘယ်သူက မနှစ်သက်ဘဲ နေမှာလဲ။
ကုမ္ပဏီကြီးတွေရဲ့ သမဂ္ဂတွေမှာ ပါဝင်နေပြီးသား အလုပ်သမားတွေကတော့ နှစ်သက်မှာမဟုတ်ပါဘူး။ သူတို့က သူတို့နဲ့ ဆင်တူတဲ့ အလုပ်ကို လုပ်နေတဲ့ သာမန် ဝန်ထမ်းတွေက သူတို့ထက် လစာနည်းနည်းပဲ ရတာမျိုးကို မလိုချင်ကြဘူး။
အတိုချုပ်ပြောရရင် သူတို့က ဝမ် သန်း ၁၀၀ ရနေလို့ ကုမ္ပဏီကို အဲဒီပမာဏထက် လစာနည်းနည်းပဲရေးရတဲ့သူကို အလုပ်မခန့်ဖို့ တောင်းဆိုကြတယ်။ (ယာယီ ဝန်ထမ်းတွေနဲ့ ကန်ထရိုက်တာခွဲ ဝန်ထမ်းတွေ ဘယ်လောက်ရလဲဆိုတာ သူတို့ ဂရုမစိုက်ပါဘူး။)
အဲဒါကြောင့်မလို့ ဒါကို ဆွေးနွေးနေတာ ကြာပြီဖြစ်ပေမဲ့ သမဂ္ဂတွေရဲ့ ဆန့်ကျင်မှုကြောင့် ဆွေးနွေးမှုက တစ်လက်မတောင် ရှေ့မတိုးနိုင်ခဲ့တာပါ။
ဒါဆို ဒါကို ဘယ်သူက လုပ်နိုင်မှာလဲ။
ကိုရီးယားမှာ ရင်းနှီးမြှုပ်နှံဖို့ အရင်းအနှီးနဲ့ နည်းပညာ ရှိပြီး၊ လက်ရှိ သမဂ္ဂတွေရဲ့ လွှမ်းမိုးမှုကနေ အတတ်နိုင်ဆုံး ကင်းလွတ်နေတဲ့သူပဲ လုပ်နိုင်မှာပါ။
အဲဒါက ကျွန်တော်ပဲပေါ့။ OTK ကုမ္ပဏီက ကိုရီးယားမှာ စက်ရုံတွေ မရှိသလို၊ တိုက်ရိုက် ခန့်အပ်ထားတဲ့ ဝန်ထမ်း အရေအတွက်ကလည်း ဆယ်ဂဏန်းလောက်ပဲ ရှိတာပါ။
ဒါရိုက်တာ ကင်ဒေးယန်းက ပြောတယ်။
"တကယ်လို့ အွန်ဆောင်း မော်တာကိုပါ ဆွဲထည့်လိုက်ရင် သူတို့ သမဂ္ဂက တော်လှန်ပုန်ကန်လာဖို့ အလားအလာ အရမ်းများတယ်။ အလုပ်သမားအဖွဲ့ချုပ်ကြီး နှစ်ခုစလုံးကလည်း ငြိမ်နေမှာ မဟုတ်ဘူး"
ဥက္ကဌ လင်ဂျင်ယုံက ကျွန်တော့်ကို ကြည့်ပြီး ပြောတယ်။
"မင်းတော့ အပြောခံရတော့မှာပဲ"
ဝေဖန်မှုတွေရဲ့ မြားဦးကတော့ ဒီစီမံကိန်းကို ဦးဆောင်နေတဲ့ OTK ကုမ္ပဏီဆီကို သေချာပေါက် ရောက်လာမှာပါ။
တက်ဂယူက ကျွန်တော့်ပုခုံးကို ပုတ်ရင်း ပြောတယ်။
"အဆင်ပြေပါတယ်၊ သူက အပြောခံရတာ အကျင့်ရနေပါပြီ။ အခုဆို အသားကျသွားလို့ ဂရုတောင် မစိုက်တော့ဘူး မဟုတ်လား"
"..."
မဟုတ်ပါဘူး၊ ကျွန်တော်လည်း စိတ်နာတတ်ပါတယ်။