အခန်း ၂၅၅
Vol. 26 Ch. 255
အခန်း (၂၅၅)
အွန်ဆောင်း မော်တာဟာ IMF စီးပွားရေးပျက်ကပ်နောက်ပိုင်း အဆိုးရွားဆုံး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်။
လေအိတ် ပြန်သိမ်းရတဲ့ ပြဿနာ၊ ထိုးဆင်းသွားတဲ့ အရောင်းပမာဏနဲ့ လုပ်ငန်းလည်ပတ်မှု အမြတ်အစွန်း၊ ဟန်ချန်ယောင်းရဲ့ စီမံခန့်ခွဲမှုစွမ်းရည်အပေါ် သံသယဝင်မှုတွေအပြင် သမဂ္ဂရဲ့ အလုံးစုံ သပိတ်မှောက်မှု စတာတွေပေါ့။
ဒါတွေအားလုံးထက် ပိုဆိုးတာက ကျွန်တော်ကိုယ်တိုင် အွန်ဆောင်း မော်တာနဲ့ မလှပခဲ့တဲ့ သမိုင်းကြောင်း ရှိခဲ့တာပါပဲ။
လေအိတ် ပြန်သိမ်းတုန်းက ကူညီပေးခဲ့တာ ရှိပေမဲ့ အစောပိုင်းမှာ ဒီပြဿနာ အကြီးအကျယ်ဖြစ်အောင် လုပ်ခဲ့တာက ကျွန်တော်လေ။ တချို့လူတွေဆို CarOSက အွန်ဆောင်း မော်တာကို သိမ်းပိုက်ဖို့ တမင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလို့တောင် ပြောကြသေးတယ်။
အင်းပါလေ။ ကျွန်တော်လည်း အဲဒီလို မစဉ်းစားခဲ့တာတော့ မဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် ဒီလိုစိုးရိမ်မှုတွေ စုပြုံလာတာက အွန်ဆောင်း မော်တာရဲ့ ရှယ်ယာဈေးကို ဆွဲချနေခဲ့တာပါ။ အွန်ဆောင်း မော်တာ ရှယ်ယာဖိုရမ်မှာဆိုရင် အသေးစား ရင်းနှီးမြှုပ်နှံသူတွေရဲ့ မကျေနပ်သံတွေ လျှံထွက်နေတာပဲ။
–အသုံးမကျတဲ့ကောင်တွေ။ ရှယ်ယာဈေးကို မထိန်းကြဘူးလား။
– ဟန်ချန်ယောင်းနဲ့ သမဂ္ဂကောင်တွေ သွားသေလိုက်ကြတော့။
– အားလုံး ပိတ်ပစ်ပြီး ရှယ်ယာဈေးကွက်ကနေပဲ ထွက်လိုက်တော့။
– အွန်ဆောင်း မော်တာ ရှယ်ယာကို ဝယ်ခဲ့မိတဲ့ ငါက ရူးတာပဲ။
– မိန်းမရေ... မင်းကို အရမ်းချစ်တယ်နော်။ နောက်ဆို ဒါထက် ပိုကောင်းအောင် နေပါ့မယ်။
– အွန်ဆောင်း မော်တာ ရှယ်ယာမှာ ရင်းနှီးမြှုပ်နှံမိတဲ့ အသုံးမကျတဲ့ လင်ယောက်ျားတွေရဲ့ ဇနီးသည်များကို တောင်းပန်ပါတယ်ဗျာ။
– ကျေးဇူးပြုပြီး တစ်ခုခု လုပ်ပေးကြပါဦး။
– ဟန်မြစ် သွားကြစို့။ (အကြွေးတင်ပြီး ဘဝပျက်လို့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာကို ဆိုလိုခြင်း)
အဖွဲ့အစည်းတွေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေနဲ့ တစ်ကိုယ်တော် ရင်းနှီးမြှုပ်နှံသူတွေ အားလုံးက သူတို့ရှယ်ယာတွေကို ထုတ်ရောင်းနေကြချိန်မှာ ကျွန်တော်တို့ကတော့ ဈေးကွက်ထဲကနေ တိတ်တဆိတ်နဲ့ မှန်မှန်လေး လိုက်ဝယ်နေခဲ့တယ်။
OTK ကုမ္ပဏီက အတိအကျပြောရရင် ၄.၉၇ ရာခိုင်နှုန်းအထိ ဝယ်ယူခဲ့တယ်။ ၅ ရာခိုင်နှုန်းကျော်သွားရင် လူသိရှင်ကြား ထုတ်ပြန်ရမှာမလို့ အဲဒီနားမှာတင် ရပ်လိုက်တာပါ။
Golden Gate ကိုရီးယားကလည်း ၄.၉ ရာခိုင်နှုန်း ဝယ်ယူခဲ့တယ်။ OTK ကုမ္ပဏီက ဒီရှယ်ယာဝေစုကို နောက်ပိုင်းကျရင် block deal နည်းလမ်းနဲ့ လွှဲပြောင်းယူဖို့ စီစဉ်ထားပါတယ်။
နောက်ဆုံးမှာတော့ အွန်ဆောင်း မော်တာနဲ့ ဆွေးနွေးမှုတွေ ပြီးဆုံးသွားခဲ့ပါပြီ။
အစ်မ ဟျွန်းဂျူးက သူခေါ်ယူတဲ့ အစည်းအဝေးမှာ ဆွေးနွေးမှု ရလဒ်တွေကို ကြေညာခဲ့တယ်။
"မနေ့က ဈေးကွက်ပိတ်ဈေးအရ OTK ကုမ္ပဏီက အွန်ဆောင်း မော်တာ လက်ဝယ်ရှိတဲ့ ရှယ်ယာ ၉ ရာခိုင်နှုန်းကို လွှဲပြောင်းယူမှာဖြစ်ပြီး၊ CarOSကတော့ ဝမ် သိန်းပေါင်း ၈ ကုဋေ တန်ဖိုးရှိတဲ့ BW တွေကို အဆင့်ဆင့် ဝယ်ယူသွားမှာပါ။ ကျွန်မတို့ လက်ရှိ ပိုင်ဆိုင်ထားတဲ့ ၁၈ ရာခိုင်နှုန်း ရှယ်ယာအပြင် ဈေးကွက်ထဲကနေ ထပ်မံဝယ်ယူတာတွေနဲ့ ရှယ်ယာအသစ်တွေ ရယူတာတွေ ပေါင်းလိုက်ရင် ကျွန်မတို့ရဲ့ ရှယ်ယာဝေစုကို ၄၀ ရာခိုင်နှုန်းအထိ မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်"
BW ဆိုတာက Bond with Warrant ကို ပြောတာဖြစ်ပြီး အထူးအခွင့်အရေးပါတဲ့ ငွေတိုက်စာချုပ် အမျိုးအစားတစ်ခုပါပဲ။ သာမန် ငွေတိုက်စာချုပ်လိုမျိုး သက်တမ်းပြည့်တဲ့အခါ အရင်းနဲ့ အတိုးကို ပြန်ရနိုင်သလို၊ ငွေသားပြန်ယူမယ့်အစား ရှယ်ယာအသစ်တွေအဖြစ် ပြောင်းလဲပစ်ဖို့လည်း ရွေးချယ်နိုင်ပါတယ်။ ဒါပေမဲ့ အတိုးနှုန်းကတော့ သာမန်ငွေတိုက်စာချုပ်တွေထက် အများကြီး နည်းပါတယ်။
ကျွန်တော်တို့ ဒီနည်းလမ်းကို တမင်တကာ ရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းက အွန်ဆောင်း မော်တာရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့်ပါ။ အွန်ဆောင်း မော်တာက လေအိတ် ပြန်သိမ်းရတာတွေနဲ့ သပိတ်မှောက်မှုတွေကြောင့် ငွေအများကြီး သုံးစွဲခဲ့ရလို့ အကြီးစား ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ ရန်ပုံငွေ မလုံလောက်တော့ပါဘူး။
ဒီသဘောတူညီချက်က OTK ကုမ္ပဏီရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရယူဖို့အတွက် သက်သက်မလို့ လက်ရှိ ရှယ်ယာရှင်တွေအနေနဲ့ BW ထုတ်ဝေတာကို ဆန့်ကျင်ဖို့ အကြောင်းမရှိပါဘူး။ အမှန်တော့ သူတို့တွေက ဝမ်းသာအားရတောင် ကြိုဆိုကြမှာပါ။
BW ဝယ်ယူတဲ့သူအနေနဲ့ အွန်ဆောင်း မော်တာရဲ့ ရှယ်ယာဈေး တက်လာမှသာ ကျွန်တော်တို့ ပိုပြီး အမြတ်ရမှာမလို့ သူတို့ အောင်မြင်အောင် ကူညီပေးဖို့ ကျွန်တော်တို့မှာ အကြောင်းပြချက် အပြည့်ရှိပါတယ်။
ဒါပေမဲ့ အပြန်အလှန်အနေနဲ့ တောင်းဆိုထားတာတော့ ရှိတာပေါ့။
"မော်တော်ကား ထုတ်လုပ်သူတွေအားလုံးထဲမှာ အွန်ဆောင်း မော်တာကို ကျွန်မတို့ရဲ့ ပထမဆုံး အဓိက မိတ်ဖက်အဖြစ် ဦးစားပေးဖို့၊ အလိုအလျောက် မောင်းနှင်စနစ် မော်ဂျူးတွေကို ဦးစားပေး ထောက်ပံ့ပေးဖို့၊ OTK ဘတ္ထရီတွေကို ဦးစားပေး ထောက်ပံ့ပေးဖို့နဲ့ အာရှနဲ့ ဥရောပ အရှေ့ပိုင်းဒေသတွေမှာ တချို့သော လုပ်ငန်းလုပ်ပိုင်ခွင့်တွေကို အာမခံပေးဖို့ စတာတွေ ပါဝင်ပါတယ်"
အွန်ဆောင်း မော်တာရဲ့ လက်ရှိ အခြေခံ အဆောက်အဦးက တော်တော်လေး ကြီးမားပါတယ်။ အရေးကြီးဆုံးကတော့ တစ်နှစ်ကို ကားအစီးရေ ဆယ်သန်းနီးပါး ထုတ်လုပ်နိုင်တဲ့ စွမ်းအားပါပဲ။
ရှယ်ယာဝေစုကို ခဏဖယ်ထားရင်တောင် ကျွန်တော်တို့ရဲ့ အလိုအလျောက်မောင်းနှင်စနစ် ဆော့ဖ်ဝဲနဲ့ OTK ဘတ္ထရီတွေ တပ်ဆင်ထားတဲ့ ကားတွေကို သူတို့ ပိုထုတ်လုပ်နိုင်လေလေ၊ ကျွန်တော်တို့ အမြတ် ပိုရလေလေပါ။
OTK ကုမ္ပဏီ၊ ဆိုးဆောင်း အုပ်စုနဲ့ အွန်ဆောင်း မော်တာ အုပ်စုတို့က စီအီးအိုတွေဟာ ဆီလွန်ဟိုတယ် ကွန်ဗန်းရှင်းစင်တာမှာ လူချင်းတွေ့ပြီး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်။
ဥက္ကဌ ဟန်ချန်ယောင်းက သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့တယ်။
"ဒီလို မိတ်ဖက်ဖြစ်မှုက အွန်ဆောင်း မော်တာကို အနာဂတ် မော်တော်ကား ဈေးကွက်ရဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် တစ်ကျော့ပြန် လည်ပတ်နိုင်စေမှာ ဖြစ်ပါတယ်"
ဒီသတင်း ထွက်လာတာနဲ့ ချက်ချင်းပဲ ဆိုးဆောင်း အီလက်ထရောနစ်နဲ့ ဆိုးဆောင်း SB ရှယ်ယာတွေက ၅ ရာခိုင်နှုန်းနီးပါး ခုန်တက်သွားပြီး အွန်ဆောင်း မော်တာရဲ့ ရှယ်ယာဈေးကလည်း နေ့စဉ် သတ်မှတ်ချက် အမြင့်ဆုံးအထိ ချက်ချင်း တက်သွားခဲ့တယ်။
မပြတ်တမ်း ဆဲဆိုနေခဲ့ကြတဲ့ အသေးစား ရင်းနှီးမြှုပ်နှံသူတွေဟာ ဖိုရမ်တွေပေါ်မှာ ချက်ချင်းပဲ ဝမ်းသာအားရ အော်ဟစ်ကြတော့တယ်။ အများစုကတော့ သူတို့ ဆုံးရှုံးသွားတဲ့ ငွေတွေကို ပြန်ရဖို့ လမ်းခရီး အဝေးကြီး လိုသေးတယ်ဆိုတာကို သိနေကြပေမဲ့ပေါ့။
တက်ဂယူက သတင်းကို ဖတ်ရင်း ပြောတယ်။
"ဝိုး... တုံ့ပြန်မှု ကောင်းလှချည်လား။ လူတွေက ကန်ဂျင်ဟူဟာ နောက်ဆုံးတော့ ကောင်းမွန်တဲ့အလုပ်တစ်ခု လုပ်လိုက်ပြီဆိုပြီး ချီးကျူးနေကြတယ်"
လူတိုင်းက အလုပ်အကိုင်တွေ ရဖို့ အဲဒီလောက်အထိ မျှော်လင့်နေကြတာပဲ။
ကျွန်တော် ရယ်လိုက်မိတယ်။
"ဒါပေမဲ့ အွန်ဆောင်း မော်တာ သမဂ္ဂကတော့ အဲဒီလို မြင်လိမ့်မယ် မထင်ဘူး"
ကိုရီးယား မော်တော်ကား သမဂ္ဂတွေဟာ အွန်ဆောင်း မော်တာ သမဂ္ဂကို သူတို့ရဲ့ တိုက်ပွဲဝင် စံပြပုဂ္ဂိုလ်အဖြစ် ရေရှည် ကြည့်မြင်ခဲ့ကြတယ်။ ဒါပေမဲ့ ရုတ်တရက်ဆိုသလို ဘဏ္ဍာရေး အခြေအနေ ဆိုးရွားလာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ GM ဟာ ဂွန်ဆန် စက်ရုံကို ပိတ်ပစ်ခဲ့တယ်။
အွန်ဆောင်း စက်မှုလုပ်ငန်းကြီး ပြိုလဲသွားပြီးနောက် GM ရဲ့ စက်ရုံပိတ်သိမ်းမှုက ဂွန်ဆန် ဒေသတွင်း စီးပွားရေးကို တိုက်ရိုက် ထိုးနှက်ချက် ဖြစ်သွားခဲ့တယ်။
တစ်ချိန်က GM စက်ရုံမှာ ယာယီ ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ နိုဟျွန်ဂျွန်းဟာ မှောင်မည်းနေတဲ့ ဆိုင်ခန်းတွေ ဘေးကနေ ဖြတ်လျှောက်လာခဲ့တယ်။ သူဟာ အလုပ်အင်တာဗျူး ပေါင်းများစွာကို သွားခဲ့ဖူးပေမဲ့ အလုပ်တစ်ခု ရှာရတာက ကောင်းကင်က ကြယ်ကို လှမ်းဆွဲရသလိုပဲ ခက်ခဲလွန်းလှတယ်။
‘ငါ ဘာမှားခဲ့လို့လဲ’
GM က ကိုရီးယား ဈေးကွက်ကနေ လုံးဝ ထွက်ခွာသွားနိုင်တယ်ဆိုတဲ့ ကောလာဟလတွေ ထွက်နေတာပါ။ ဒါက ဖြစ်နိုင်ခြေ ရှိပါတယ်။ GM မှာ ဒီလို လုပ်ခဲ့ဖူးတဲ့ သမိုင်းကြောင်း ရှိတာလေ။
နိုင်ငံတိုင်းက မော်တော်ကား သမဂ္ဂတွေလိုပဲ ဩစတြေးလျ မော်တော်ကား သမဂ္ဂကလည်း အကြမ်းပတမ်း တိုက်ပွဲဝင်ခဲ့ကြတယ်။ ဩစတြေးလျ အစိုးရရဲ့ ထောက်ပံ့ကြေးတွေ ရပ်ဆိုင်းသွားတဲ့အခါ GM က စက်ရုံတွေ ပိတ်ဖို့ အရိပ်အယောင် ပြလာခဲ့တယ်။ အဲဒီအချိန်အထိ ပြင်းပြင်းထန်ထန် သပိတ်မှောက်ပြီး တိုက်ပွဲဝင်နေခဲ့တဲ့ သမဂ္ဂက နောက်ဆုံးမှာ လစာနဲ့ ခံစားခွင့်တွေ လျှော့ချတာကို သဘောတူပြီး သပိတ်မမှောက်တော့ပါဘူးလို့ ကတိပေးခဲ့ပေမဲ့ နောက်ကျသွားခဲ့ပါပြီ။ GM က ဘာမှ တွန့်ဆုတ်မနေဘဲ ထွက်ခွာသွားခဲ့တယ်။ အဲဒီလိုနဲ့ ဩစတြေးလျရဲ့ နောက်ဆုံး မော်တော်ကားစက်ရုံ ပျောက်ကွယ်သွားပြီး အလုပ်သမားတွေ အားလုံး အလုပ်လက်မဲ့ ဖြစ်ခဲ့ရတော့တာပဲ။
‘ငါကတော့ အမြဲတမ်း ဝန်ထမ်းတွေ ရတဲ့ လစာရဲ့ ၃၀ ရာခိုင်နှုန်းတောင် မပြည့်တဲ့ လစာလေးနဲ့ အသေအလဲ လုပ်ခဲ့တာပဲ ရှိတာ’
အမြဲတမ်း ဝန်ထမ်းတွေက အခြေအနေ ပိုကောင်းပါသေးတယ်။ သူတို့က နစ်နာကြေး အများကြီး ရခဲ့ကြပြီး စောစော အနားယူတာ ဒါမှမဟုတ် တခြားစက်ရုံတွေကို ပြောင်းရွှေ့တာတွေ လုပ်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ ယာယီ ဝန်ထမ်းတွေအတွက်ကတော့ သွားစရာ နေရာမရှိတော့ပါဘူး။ သူတို့ ရလိုက်တာဆိုလို့ ဝမ် ၁၀ သန်းဆိုတဲ့ နှစ်သိမ့်ကြေးနဲ့ အလုပ်လက်မဲ့ ထောက်ပံ့ကြေး အနည်းငယ်ပဲ ရှိတာပါ။
‘ငါတို့က သပိတ်တောင် မမှောက်ခဲ့ရပါဘူးကွာ’
တကယ်တော့ သူတို့တွေ သပိတ်မှောက်ခဲ့ရင်တောင် ဒါက အမြဲတမ်း ဝန်ထမ်းတွေရဲ့ လစာနဲ့ ခံစားခွင့်တွေကိုပဲ တိုးတက်စေမှာ ဖြစ်ပြီး ယာယီ ဝန်ထမ်းတွေအပေါ် သက်ရောက်မှု မရှိသလောက်ပါပဲ။ ဒါပေမဲ့ သူတို့ကတော့ အထိခိုက်ဆုံး ဖြစ်ခဲ့ရတာပါ။
မတရားပေမဲ့လည်း ဘယ်သူ့ကိုမှ သွားတိုင်တည်လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ယာယီ ဝန်ထမ်းတွေ ဖြစ်နေလို့ပါ။
တစ်ချိန်က စက်ရုံမှာ လုပ်ကိုင်တဲ့ လူတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ စတူဒီယို တိုက်ခန်းတွေက အခုတော့ အလွတ်ကြီး ဖြစ်နေပါပြီ။ လူတွေကို အခန်းမှာ ပေးနေထိုင်ပြီး စီမံခန့်ခွဲမှုစရိတ်ပဲ ပေးပါလို့ ပြောတာတောင် ဘယ်သူမှ လာမနေကြပါဘူး။ အဆောက်အဦးပိုင်ရှင်က ဆက်ပြီး မတောင့်ခံနိုင်တော့လို့ ဆောက်လုပ်စရိတ်ထက် နည်းတဲ့ ဈေးနဲ့ ထုတ်ရောင်းတာတောင် လာကြည့်မယ့်သူတစ်ယောက်မှ မရှိပါဘူး။
နိုဟျွန်ဂျွန်းဟာ မတွေ့ရတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ နေ့လယ်စာ စားဖို့ တွေ့ခဲ့ကြတယ်။ တစ်ချိန်က လူစည်ကားခဲ့တဲ့ အကင်ဆိုင်က အခုတော့ အလွတ်ကြီး ဖြစ်နေပါပြီ။
ဆိုင်ရှင်အဒေါ်ကြီးက သူ့ရဲ့ ပထမဆုံး နေ့လယ်စာ ဝယ်သူတွေကို အားနည်းတဲ့ အပြုံးနဲ့ ဆီးကြိုနှုတ်ဆက်ရှာတယ်။
သူတို့နှစ်ယောက် အသားတွေကို အကင်ပြားပေါ် တင်ပြီး ဆိုဂျူခွက်ချင်း တိုက်လိုက်ကြတယ်။
"အလုပ်အခြေအနေ ဘယ်လိုလဲ"
"အနိုင်နိုင်ပဲကွာ။ ပေးစရာရှိတာတွေပေးပြီးရင် တစ်လကို ဝမ် ၁.၅ သန်းလောက်ပဲ လက်ထဲ ကျန်တယ်"
"ဒါတောင် မင်းက အလုပ်ရထားသေးလို့ ကံကောင်းတာလို့ပြောလို့ရတယ်"
"ဒါက ဘယ်လောက်အထိ ကြာဦးမှာလဲ။ ငါက ယာယီ ဝန်ထမ်းပဲလေ"
သူ အဲဒီလို ပြောနေပေမဲ့လည်း အခုလို အလုပ်ရှိနေတာကိုပဲ ကျေးဇူးတင်နေရတာပါ။ အလုပ်လက်မဲ့ ဖြစ်နေတာက သူတစ်ယောက်ထဲမှ မဟုတ်တာ။
"အခြေအနေတွေ ဒီလောက်ဖြစ်နေတာတောင် အွန်ဆောင်း မော်တာ သမဂ္ဂကတော့ အလုံးစုံ သပိတ်မှောက်နေတုန်းပဲ။ တစ်လနီးပါး ရှိနေပြီမလား"
"ဒီရက်ပိုင်း အွန်ဆောင်း မော်တာ အခြေအနေက တော်တော် ဆိုးနေတာ"
"ဒီစက်ရုံ ပိတ်သွားတာကို ကြည့်ပြီး သူတို့ ဘာမှ သင်ခန်းစာ မရကြဘူး ထင်တယ်"
နိုဟျွန်ဂျွန်းက သက်ပြင်းချတယ်။
"အွန်ဆောင်း မော်တာရဲ့ ပြည်တွင်းစက်ရုံတွေကတော့ ပြိုလဲသွားမှာ မဟုတ်ပါဘူးကွာ"
အမေရိကန်မှာ အခြေစိုက်ပြီး အမေရိကန် ဈေးကွက်ကိုပဲ အဓိက အာရုံစိုက်တဲ့ GM အတွက်တော့ ကိုရီးယား ဒါမှမဟုတ် ဩစတြေးလျ ဆိုတာက စွန့်ပစ်လို့ရတဲ့ အရာတွေပါ။ ဒါပေမဲ့ အွန်ဆောင်း မော်တာက ကိုရီးယား ကုမ္ပဏီ ဖြစ်ပြီး ကိုရီးယား ဈေးကွက်အပေါ်မှာပဲ အပြည့်အဝ မှီခိုနေရတာလေ။ သူတို့က ဘာပဲဖြစ်ဖြစ် စက်ရုံတွေကို ပိတ်ပစ်နိုင်မှာ မဟုတ်ပါဘူး။ သမဂ္ဂက ဒီအချက်ကို ကောင်းကောင်းသိလို့ပဲ ကုမ္ပဏီကို သပိတ်မှောက်ပြီး အကြပ်ကိုင်နေကြတာပါ။
"မင်း ဘာဆက်လုပ်မှာလဲ"
"ငါလည်း မသိတော့ဘူးကွာ"
သူက ဂွန်ဆန်မှာ မွေးပြီး ကြီးပြင်းလာခဲ့တာပါ။ သူ့မိသားစုနဲ့ သူငယ်ချင်းတွေ အားလုံးက ဒီမှာပဲ ရှိကြတာလေ။ သူ ဒီမြို့ကနေ မထွက်ခွာချင်ပေမဲ့ ရွေးချယ်စရာ လမ်းတွေက ကုန်နေပါပြီ။
ဒါပေမဲ့ တခြားနေရာကို သွားရင်တောင် အလုပ်ရလိမ့်မယ်လို့ အာမခံချက် မရှိပါဘူး။ အဖက်ဖက်ကနေ စိတ်ပျက်စရာ ကောင်းတဲ့ အခြေအနေပါပဲ။
ဆိုဂျူ သောက်နေတဲ့ သူ့သူငယ်ချင်းက တစ်ခုခုကို ငေးကြည့်နေခဲ့တယ်။
"ဘာဖြစ်လို့လဲ"
အဲဒီနောက် သူ့သူငယ်ချင်းက ဆိုင်ရှင်အဒေါ်ကြီးကို လှမ်းအော်ပြောတယ်။
"အဒေါ်။ တီဗီအသံလေး နည်းနည်း ချဲ့ပေးပါဦး"
တီဗီမှာ အရေးပေါ် သတင်းထူးတွေ ထွက်ပေါ်နေခဲ့တယ်။ တီဗီဖန်သားပြင်ပေါ်မှာ ကန်ဂျင်ဟူ ပေါ်လာပြီး၊ အောက်က စာတန်းမှာ 'OTK ကုမ္ပဏီ၊ ဆိုးဆောင်း အုပ်စု၊ အွန်ဆောင်း မော်တာ အုပ်စု စီးပွားရေး သဘောတူညီချက်' လို့ ရေးထားပါတယ်။
ကန်ဂျင်ဟူက ကင်မရာကို ကြည့်ပြီး ကြေညာနေတယ်။
"OTK ကုမ္ပဏီက အွန်ဆောင်း မော်တာ အုပ်စုကို အာရှဈေးကွက်မှာ ကျွန်တော်တို့ရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော်တို့ဟာ အလိုအလျောက် မောင်းနှင်စနစ်နဲ့ လျှပ်စစ်ကား ကဏ္ဍတွေမှာ ရှေ့ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်သလို၊ OTK ဘတ္ထရီတွေကိုလည်း ဦးစားပေး ထောက်ပံ့ပေးသွားမှာပါ။ ဒါ့အပြင် ကျွန်တော်တို့ ဆိုးဆောင်း အုပ်စုနဲ့အတူ လုပ်ဆောင်နေတဲ့ လျှပ်စစ်ကား စက်မှုဇုန် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်မှာ အွန်ဆောင်း မော်တာကိုပါ ထည့်သွင်းဖို့နဲ့ ပြည်တွင်းမှာ တစ်နှစ်ကို ကားအစီးရေ ၂ သိန်း ထုတ်လုပ်နိုင်မယ့် စက်မှုဇုန်တစ်ခုကို တည်ဆောက်ဖို့ သဘောတူညီခဲ့ကြပါတယ်"
သူတို့နှစ်ယောက်ဟာ အကင်ဗန်းပေါ်မှာ အသားတွေ တူးနေတာကိုတောင် မေ့သွားပြီး တီဗီကိုပဲ ငေးကြည့်နေမိကြတယ်။
ကန်ဂျင်ဟူက ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို ဆက်လက် ရှင်းပြနေခဲ့တယ်။ သူတို့က တစ်နှစ်ကို အနည်းဆုံး လျှပ်စစ်ကား အစီးရေ ၂ သိန်း ထုတ်လုပ်ဖို့ စီစဉ်ထားပြီး၊ ဝန်ထမ်း အရေအတွက်ကတော့ အံ့ဩစရာကောင်းလောက်အောင် ၁၅,၀၀၀ခန့်အပ်မှာပါ။
ဒါက စက်မှုဇုန်အတွင်းမှာတင် တိုက်ရိုက် ခန့်အပ်မယ့် အလုပ်အကိုင် အရေအတွက်ပဲရှိပါသေးတယ်။ ဆက်စပ်လုပ်ငန်းတွေနဲ့ ဒေသတွင်း ကုန်သွယ်မှု ကဏ္ဍအပေါ် သက်ရောက်မှုတွေကို ထည့်သွင်းစဉ်းစားရင် နှစ်ဆ၊ သုံးဆမကတဲ့ အလုပ်အကိုင်တွေကိုပါ ဖန်တီးပေးလိမ့်မယ်လို့ ပြောလို့ရပါတယ်။
ဒါက မြို့သစ်တစ်ခုကို အစကနေ ပြန်တည်ဆောက်တာနဲ့ အတူတူပါပဲ။
နောက်ဆက်တွဲ ကြေညာချက်ကတော့ ပိုပြီး တုန်လှုပ်စရာ ကောင်းနေခဲ့တယ်။
"ကျွန်တော်တို့ စက်မှုဇုန်အတွင်းမှာ လစာ ညီညွတ်ရေး စနစ်ကို ကျင့်သုံးဖို့ စီစဉ်ထားပြီး၊ အခြေခံလစာကို အလုပ်စဝင်တဲ့ ရာထူးတွေအတွက် ဝမ် ၃၆ သန်း သတ်မှတ်ထားပါတယ်။ ဒါကို ကုမ္ပဏီကြီး စက်ရုံတွေတင်မကဘဲ ကန်ထရိုက်တာခွဲ စက်ရုံတွေမှာပါ အညီအမျှ ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။ ဆုကြေးငွေနဲ့ စွမ်းဆောင်ရည်အလိုက် လစာတွေကို သီးခြား ပေးချေမှာ ဖြစ်လို့ ပျမ်းမျှလစာက ဝမ် သန်း ၄၀ ကျော် ရှိလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ တကယ်လို့ ထုတ်လုပ်မှု ပမာဏ တိုးလာရင် အချိန်ပိုဆင်းတာတွေထက် အမြဲတမ်း ဝန်ထမ်းတွေကို ပိုမိုခန့်အပ်ခြင်းအားဖြင့် အလုပ်အကိုင်တွေ ပိုပြီး ဖန်တီးပေးနိုင်အောင် ကြိုးစားသွားမှာပါ"
သူ့သူငယ်ချင်းက သူ့ဘာသာ ရေရွတ်မိသလို ပြောတယ်။
"ဒါသာ ကိုရီးယားကို ရောက်လာရင် ဘယ်နေရာက ဖြစ်နိုင်ခြေ အရှိဆုံးလဲ"
နိုဟျွန်ဂျွန်းက အသိသာကြီးပဲဆိုတဲ့ အမူအရာနဲ့ လှမ်းအော်တယ်။
"ဒီနေရာပဲ ဖြစ်မှာပေါ့ကွ"
သူက ဂွန်ဆန်သား ဖြစ်လို့တင်မကဘဲ၊ ဒီမှာ ပိတ်ထားတဲ့ GM စက်ရုံလည်း ရှိသလို၊ အဲဒီစက်ရုံကို ပစ္စည်းသွင်းပေးခဲ့ဖူးတဲ့ လုပ်ငန်းတွေလည်း ရှိနေလို့ ပြောရဲတာပါ။
ပြီးတော့ စက်ရုံမှာ လုပ်ကိုင်ခဲ့ဖူးတဲ့ ဝန်ထမ်း အမြောက်အမြားကလည်း ဒီမှာပဲ ရှိနေကြသေးတာပါ။ ဒီလူတွေကို အပို သင်တန်းတွေ အများကြီး ပေးစရာမလိုဘဲ လုပ်ငန်းခွင်ထဲကို ချက်ချင်း ထည့်သွင်းနိုင်ပါတယ်။
တစ်နည်းအားဖြင့် ပြောရရင် တခြားဒေသတွေထက် ဒီမှာ စက်မှုဇုန်ကို အမြန်ဆုံး တည်ဆောက်နိုင်တာပါ။
ဆိုင်ရှင်အဒေါ်ကြီးက ဝမ်းသာအားရ ထခုန်ပြီး လက်နှစ်ဖက်ကို အပေါ်မြှောက်လိုက်တယ်။
"ငါတို့တော့ အသက်ရှင်ပြီ။ ငါတို့တော့ အသက်ရှင်ပြီ"
သတင်း ထွက်လာပြီးတဲ့နောက် တစ်မြို့လုံး အုန်းအုန်းကျွက်ကျွက် ဖြစ်သွားခဲ့တယ်။
အလုပ်ရှာဖို့ မြို့ကနေ ထွက်ခွာတော့မယ့် လူတွေက မထွက်ခွာကြတော့သလို၊ ဆိုင်ပိတ်တော့မယ့် ကိုယ်ပိုင်လုပ်ငန်းရှင်တွေကလည်း ဆိုင်ပိတ်မယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ကြတယ်။ ပြီးတော့ စတူဒီယို တိုက်ခန်းတွေနဲ့ အဆောက်အဦး ပိုင်ရှင်တွေကလည်း ဈေးပေါပေါနဲ့ ထုတ်ရောင်းထားတဲ့ အိမ်ခြံမြေတွေကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်ကြတယ်။
ဂွန်ဆန် မြို့တော်ခန်းမနဲ့ ဂျိုလာဘတ်ဒို ပြည်နယ်ရုံးတွေဆီကို လူထုရဲ့ တောင်းဆိုချက်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့တယ်။ သူတို့အနေနဲ့ ဘာပဲဖြစ်ဖြစ် ဒီလျှပ်စစ်ကား စက်မှုဇုန်ကို ရအောင် ဆွဲဆောင်ရမယ်လေ။
အဆိပ်အတောက် ဖြစ်စေတဲ့ အရာတွေ ထွက်လာမှာ စိုးရိမ်ရတဲ့ ဓာတုဗေဒ စက်ရုံတွေနဲ့ ဖုန်မှုန့်တွေ ထွက်တဲ့ ဘိလပ်မြေ စက်ရုံတွေကိုတော့ မလိုချင်ကြပေမဲ့၊ အဆိပ်အတောက် နည်းပြီး အလုပ်အကိုင် ဖန်တီးမှု စွမ်းအားမြင့်မားတဲ့ မော်တော်ကား စက်ရုံတွေကိုတော့ နေရာတိုင်းက ကြိုဆိုကြတာပါပဲ။ ဘတ္ထရီ စက်ရုံတွေအပေါ် စိုးရိမ်မှုတွေ ရှိခဲ့ပေမဲ့ စက်မှုဇုန် တည်ဆောက်မှုကို တာဝန်ယူထားတဲ့ ဆိုးဆောင်း ကော်ပိုရေးရှင်းက ခေတ်မီပြီး သဘာဝပတ်ဝန်းကျင်နဲ့ ညီညွတ်တဲ့ စက်မှုဇုန်တစ်ခုကို ဖန်တီးမှာ ဖြစ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့တယ်။
ဂွန်ဆန်မြို့တော်ဝန်နဲ့ ဂျိုလာဘတ်ဒို ပြည်နယ်အုပ်ချုပ်ရေးမှူးတို့ဟာ စီအီးအို ကန်ဂျင်ဟူ၊ ဥက္ကဌ လင်ဂျင်ယုံ၊ ဥက္ကဌ ဟန်ချန်ယောင်းတို့နဲ့ တွေ့ဆုံဖို့ ဆိုးလ်မြို့ဆီကို အပြေးအလွှား လာခဲ့ကြတယ်။
GM ကိုရီးယားရဲ့ ဒုတိယ အကြီးဆုံး ရှယ်ယာရှင် ဖြစ်တဲ့ ကိုရီးယား ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်ကလည်း စက်ရုံ အရောင်းအဝယ်နဲ့ ရှယ်ယာ ပါဝင်မှုတွေကို ပြန်လည် သုံးသပ်ဖို့ ဆန္ဒရှိကြောင်း ချက်ချင်း ဖော်ပြလာခဲ့တယ်။
တခြား ဒေသတွေကလည်း ဒီအတိုင်း ငြိမ်ထိုင်နေကြတာ မဟုတ်ပါဘူး။
မြို့ကြီးတွေတောင်မှ ကုန်ထုတ်လုပ်မှု ယှဉ်ပြိုင်နိုင်စွမ်း အားနည်းလာတာကြောင့် ရုန်းကန်နေရတာပဲလေ။ လူငယ်တွေက အလုပ်အကိုင် ရှာဖွေဖို့ ဆိုးလ်နဲ့ မြို့ပြဒေသတွေဆီ ထွက်ခွာသွားကြလို့ မြို့တွေက သက်ဝင်လှုပ်ရှားမှု မရှိတော့ပါဘူး။
ဒေသတွင်း စီးပွားရေး ဆိုးရွားလာတဲ့အခါ အခွန်တွေ ကောင်းကောင်း မကောက်နိုင်တော့ဘဲ၊ ရန်ပုံငွေ မရှိတဲ့ ဒေသန္တရ အစိုးရတွေကလည်း အခြေခံ အဆောက်အဦးတွေနဲ့ ပံ့ပိုးကူညီမှု အစီအစဉ်တွေမှာ သေချာ မရင်းနှီးမြှုပ်နှံနိုင်တော့ပါဘူး။ ဒါက လူငယ်တွေ မြို့ကနေ ထပ်ပြီး ထွက်ခွာသွားစေတဲ့ သံသရာဆိုးကြီး ဖြစ်လာစေတာပေါ့။
ဒီသံသရာဆိုးကြီးကို ဖြတ်တောက်နိုင်မယ့် တစ်ခုထဲသော နည်းလမ်းကတော့ အရည်အသွေးမြင့် အလုပ်အကိုင်တွေပါ။
အလုပ်ကောင်းကောင်း ရှိရင် လူတွေကို ဆွဲဆောင်နိုင်မှာပဲ။ လူတွေ စုမိရင် ဒေသတွင်း စီးပွားရေးနဲ့ ကုန်သွယ်မှုတွေ ပြန်လည် နိုးထလာမှာ ဖြစ်ပြီး၊ ဒေသန္တရ အစိုးရတွေကလည်း ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦးတွေနဲ့ အခြေခံ အဆောက်အဦးတွေကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
– အလုပ်စဝင်တာနဲ့ ဝမ် ၃၆ သန်းဆိုတော့ မိုက်လှချည်လား။
– ဆုကြေးငွေတွေပါ ပေါင်းရင် တစ်နှစ်ကို ပျမ်းမျှလစာ ဝမ် သန်း ၄၀ လောက် ရှိမယ် ပြောတယ်။
– အလန်းစားကြီးပဲ။ ဆိုးလ်မှာတော့ မသိဘူး၊ နယ်တွေမှာတော့ ဒီလိုလစာမျိုးဆိုရင် တကယ်ကို ကျေးဇူးတင်လှပါပြီ။
– ဟားဟား၊ ဒီလောက်အထိ ပေးတာတောင် အွန်ဆောင်း မော်တာ သမဂ္ဂရဲ့ ပျမ်းမျှလစာရဲ့ တစ်ဝက်တောင် မရှိဘူးဆိုတာ အံ့ဩစရာပဲ။
– ငါ့ကိုသာ အလုပ်ခန့်ပေးရင် ငါ့ဘဝကိုပါ ပုံပေးလိုက်မယ်။ အွန်ဆောင်း မော်တာ သမဂ္ဂထက် နှစ်ဆပို ကြိုးစားပြမယ်။
– စီအီးအို ကန်ဂျင်ဟူ။ ကျေးဇူးပြုပြီး ဂွန်ဆန်မှာ စက်မှုဇုန် ဆောက်ပေးပါ။ တောင်းပန်ပါတယ်ဗျာ။
– ဘာတွေ ပြောနေတာလဲ။ ဂွမ်ဂျူးက စက်မှုဇုန်အတွက် အသင့်တော်ဆုံး နေရာပဲ။ ဒါက ဒေသခံတွေ အားလုံးရဲ့ ဆန္ဒပဲ။ စီအီးအို ကန်ဂျင်ဟူ သက်တောင့်သက်သာ ဆင်းလာနိုင်အောင် လမ်းကို သန့်ရှင်းနေအောင် ခင်းပေးထားပါ့မယ်။
– ဘူဆန်ကကျတော့ရော။ ပို့ကုန်တွေကို စဉ်းစားရင် ဘူဆန်က အကောင်းဆုံး မဟုတ်ဘူးလား။ အစ်ကိုကြီး... ဒီမှာသာ စက်ရုံ ဆောက်ပေးရင် ဘူဆန် ယောက်ျားရင့်မာတွေရဲ့ စိတ်ဓာတ်ကို သေချာပေါက် ပြပေးမယ်။
ဂွမ်ဂျူးမြို့တော်ဝန်၊ ဒေဂူမြို့တော်ဝန်၊ ဘူဆန်မြို့တော်ဝန်၊ ချောင်ချွန်းဘတ်ဒို ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဂန်ဝမ်ဒို ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဒေသခံ ကောင်စီဝင်တွေနဲ့ လွှတ်တော်အမတ်တွေ အားလုံးက စက်မှုဇုန်ကို သူတို့ဒေသဆီ ရောက်လာအောင် အပြိုင်အဆိုင် လှုပ်ရှားနေကြတော့တယ်။
အလုံးစုံ သပိတ်မှောက်မှုကို ဆက်တိုက် လုပ်ဆောင်နေခဲ့တဲ့ အွန်ဆောင်း မော်တာ သမဂ္ဂကတော့ အကြီးအကျယ် တုန်လှုပ်သွားခဲ့ရတယ်။ သမဂ္ဂ ခေါင်းဆောင်တွေလည်း ကြောင်အမ်းသွားကြတော့တာပဲ။
"ဘာတွေ ဖြစ်ကုန်တာလဲ"
"ကန်ဂျင်ဟူက ဘာလို့ ဒီလိုမျိုး ထပ်လုပ်ရပြန်တာလဲ"
"ဒီကောင်က ကိုရီးယားမှာ ရင်းနှီးမြှုပ်နှံဖို့ အစီအစဉ် မရှိဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား"
သမဂ္ဂခေါင်းဆောင် ဂျူဆောင်းမူ ကတော့ သူ့ခေါင်းကို နောက်ကနေ အုန်းသီးနဲ့ အထုခံလိုက်သလိုမျိုး ခံစားလိုက်ရတယ်။
‘ဒါ... ဒါက ဘာကို ဆိုလိုတာလဲ’