← Chapters

အခန်း ၂၅၆

Vol. 26 Ch. 256

အခန်း ၂၅၆

Vol. 26 Ch. 256

အခန်း (၂၅၆)

အွန်ဆောင်း မော်တာ အလုပ်သမားသမဂ္ဂရဲ့ အလုံးစုံ သပိတ်မှောက်မှုဟာ ဘာတိုးတက်မှုမှ မရှိဘဲ အချိန်တွေသာ ကုန်ဆုံးပြီး ကြာရှည်နေခဲ့တယ်။

သူတို့က ကုမ္ပဏီကြီးတစ်ခုရဲ့ ရုံးဝန်ထမ်းတွေ ဖြစ်ကြတာမလို့ လက်လုပ်လက်စားတွေလို တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဘဝမျိုးတော့ မဟုတ်ပေမဲ့ လခစား ဝန်ထမ်းတွေအတွက် လစဉ်ဝင်ငွေ ပြတ်တောက်သွားတာကတော့ တော်တော်လေး ထိခိုက်စေတာပေါ့။

သမဂ္ဂအဖွဲ့ဝင်တွေကြားထဲမှာ စနေ၊ တနင်္ဂနွေ အချိန်ပိုအလုပ်တွေ ပြန်ဆင်းဖို့ စကားတွေ ထွက်လာကြတယ်။ အကြံအစည်ကတော့ ကြားရက်တွေမှာ သပိတ်မှောက်ပြီး စနေ၊ တနင်္ဂနွေကျမှ အလုပ်ဆင်းကြမယ် ဆိုတာပါပဲ။

နားထောင်ရတာကတော့ ထူးဆန်းနေမှာပါ။ ဒါပေမဲ့ သူတို့ရဲ့ တွက်ချက်မှုအရ စနေ၊ တနင်္ဂနွေ အချိန်ပိုလုပ်ခက ကြားရက်တွေထက် ၅၀ ရာခိုင်နှုန်း ပိုများတယ်လေ။ ဒါကြောင့် စနေ၊ တနင်္ဂနွေ နှစ်ရက်ပဲ အလုပ်လုပ်ရင် ကြားရက် သုံးရက်စာ လစာနဲ့ ညီမျှတာမလို့ပါ။

သမဂ္ဂခေါင်းဆောင် ဂျူဆောင်းမူ ကတော့ အဖွဲ့ဝင်တွေကို နောက်ထပ် ဘာမှမကြာခင်အထိပဲ အောင့်အီးပြီး တောင့်ခံထားကြဖို့ တိုက်တွန်းနေခဲ့တယ်။

သပိတ်မှောက်တာ တစ်လနီးပါး ရှိလာတဲ့အခါ အွန်ဆောင်း မော်တာဟာ အဆုံးအစွန်ဆုံး အခြေအနေကို ရောက်ရှိလို့လာခဲ့ပါပြီ။ အရောင်းအဝယ် ဆုံးရှုံးမှုတွေဟာ ဝမ် သိန်းပေါင်း ကုဋေနဲ့ချီ ကျော်လွန်နေပြီဖြစ်သလို ရှယ်ယာဈေးနှုန်းတွေကလည်း ဆက်တိုက် ထိုးကျနေခဲ့တာလေ။

ရှယ်ယာရှင်တွေရဲ့ မကျေနပ်မှုတွေက အထွတ်အထိပ်ကို ရောက်နေပြီး စီမံခန့်ခွဲမှုအဖွဲ့ကို အစားထိုးဖို့ ရှယ်ယာရှင်များ အစည်းအဝေး ခေါ်ယူတော့မယ်ဆိုတဲ့ ကောလာဟလတွေပါ ထွက်ပေါ်လာတယ်။

နောက်ဆုံးမှာတော့ ဥက္ကဌ ဟန်ချန်ယောင်းအနေနဲ့ သူ့ရဲ့ ရာထူးကို ထိန်းသိမ်းဖို့အတွက် ဆွေးနွေးပွဲစားပွဲဆီကို အရင်ဆုံး လာရုံကလွဲလို့ တခြား ရွေးချယ်စရာ မရှိတော့ပါဘူး။

ဒီအတောအတွင်းမှာ မိတ်ဖက်ကုမ္ပဏီတွေရဲ့ ဥက္ကဌတွေက သမဂ္ဂဆီကို အစုလိုက်အပြုံလိုက် ရောက်လာပြီး သပိတ်မှောက်တာကို ရပ်တန့်ပေးဖို့ မျက်ရည်စက်လက်နဲ့ တောင်းပန်ခဲ့ကြတယ်။

မော်တော်ကား ထုတ်လုပ်သူတွေဟာ အစိတ်အပိုင်း ပေးသွင်းတဲ့ ကုမ္ပဏီအမြောက်အမြားနဲ့ ချိတ်ဆက်နေတာပါ။ အသေးစားနဲ့ အလတ်စား ကုမ္ပဏီတွေဟာ လအနည်းငယ်လောက် ငွေစီးဆင်းမှု ရပ်တန့်သွားရင်တင် အကြပ်ရိုက်ရတာပါပဲ။ တကယ်လို့ မိတ်ဖက်ကုမ္ပဏီတွေသာ ဆက်တိုက် ဒေဝါလီခံသွားရင် နောက်ပိုင်းမှာ ထုတ်လုပ်မှု ပြန်စနိုင်ရင်တောင် အစိတ်အပိုင်းတွေ ရရှိဖို့ ခက်ခဲတော့မှာပါ။ အဲဒီလိုဆိုရင် အလုပ်ပြန်ဆင်းပြီးရင်တောင် ယခင် ထုတ်လုပ်မှု ပမာဏအတိုင်း ပြန်ရဖို့ အချိန်အများကြီး ယူရမှာလေ။

ဒီလို စိုးရိမ်မှုတွေ ရှိနေပေမဲ့လည်း သမဂ္ဂခေါင်းဆောင် ဂျူဆောင်းမူ ကတော့ ကုမ္ပဏီကသာ သမဂ္ဂရဲ့ တောင်းဆိုချက်တွေကို လက်ခံရင် ပြဿနာက အလွယ်တကူ ပြေလည်သွားမှာပဲလို့ ဆိုပြီး အပြစ်အားလုံးကို ကုမ္ပဏီအပေါ်ပဲ ပုံချနေခဲ့တယ်။

ပြောရရင်တော့ သူတို့က ကိုယ့်ရဲ့ တိုက်ပွဲအတွက် တခြား အလုပ်သမားတွေရဲ့ အလုပ်အကိုင်ကို ဓားစာခံလုပ်နေကြတာပါပဲ... မလွှဲသာလို့လုပ်ရပါတယ်ဆိုပြီး အကြောင်းတော့ပြတာပေါ့လေ။

"နောက်ဆုံးသတ်မှတ်ရက်က ရက်ပိုင်းပဲ လိုတော့တယ်၊ ကုမ္ပဏီက ငါတို့တောင်းဆိုချက်တွေကို လက်ခံရုံကလွဲလို့ တခြားနည်းလမ်း မရှိဘူး"

သမဂ္ဂအဖွဲ့ဝင်တွေအားလုံးကလည်း အဲဒီလိုပဲ ယုံကြည်နေကြတာပါ။

ဒါပေမဲ့ ရုတ်တရက်ကြီး အွန်ဆောင်း မော်တာ ဟာ OTK ကုမ္ပဏီနဲ့ စီးပွားရေးဆိုင်ရာ သဘောတူညီချက်တစ်ခုကို ချုပ်ဆိုလိုက်ပြီဆိုတဲ့ သတင်း ကြေညာချက် ထွက်ပေါ်လာခဲ့တယ်။

အွန်ဆောင်း မော်တာ ရဲ့ ရှယ်ယာတွေရော တစ်အုပ်စုလုံးရဲ့ ရှယ်ယာတွေပါ ချက်ချင်း ထိုးတက်သွားပြီး ရှယ်ယာရှင်တွေ ပျော်ရွှင်ခဲ့ကြတာပေါ့။ သဘောတူညီချက်ကို လက်မှတ်ရေးထိုး ပြီးတာနဲ့ CarOSက အော်ဒါတချို့ကို ကိုရီးယားဆီ ချက်ချင်း လွှဲပြောင်းပေးလိုက်တာကြောင့် မိတ်ဖက်ကုမ္ပဏီတွေလည်း အသက်ရှူချောင်သွားခဲ့ရတယ်။

ဒါပေမဲ့ နောက်ထပ် ထွက်လာတဲ့ ကြေညာချက်ကတော့ ပိုပြီး တုန်လှုပ်စရာ ကောင်းနေခဲ့တယ်။

"ဘာလဲဟ... OTK ကုမ္ပဏီနဲ့ ဆိုးဆောင်း အုပ်စုက လျှပ်စစ်ကား စက်မှုဇုန် ဆောက်ဖို့ ပူးပေါင်းနေကြတယ် ဟုတ်လား"

"တစ်နှစ် လစာက ဝမ် ၃၆ သန်း တဲ့လား"

"နေပါဦး... အဲဒါက ငါတို့လစာရဲ့ တစ်ဝက်တောင် မရှိဘူးပဲ"

"ဒါဆို ငါတို့က ဘယ်လိုဖြစ်သွားမှာလဲ"

"သမဂ္ဂရဲ့ သဘောတူညီချက်မပါဘဲ အဲဒီလိုမျိုး ရင်းနှီးမြှုပ်နှံရတယ်လို့ကွာ"

"သူတို့က ငါတို့ကို ဒီလိုမျိုး နောက်ကျောကို ဓားနဲ့ထိုးလိုက်တာလား"

အွန်ဆောင်း မော်တာ အနေနဲ့ ကိုရီးယားမှာ စက်ရုံအသစ် မဆောက်ခဲ့တာ အနှစ် ၂၀ ကျော် ရှိပြီဖြစ်ပြီး အကြောင်းရင်းကတော့ ပြည်တွင်းမှာ သမဂ္ဂအဖွဲ့ဝင် အရေအတွက် တိုးမလာစေချင်လို့ပါပဲ။

ဒါပေမဲ့ ဒီတစ်ကြိမ် အသစ်ခန့်အပ်မယ့် အလုပ်သမားတွေရဲ့ လစာဟာ လက်ရှိ အွန်ဆောင်း မော်တာ ဝန်ထမ်းတွေရဲ့ လစာနဲ့ ချိတ်ဆက်ထားမှာ မဟုတ်ဘဲ စက်မှုဇုန်အတွင်းမှာရှိတဲ့ တခြား အလုပ်သမားတွေရဲ့ လစာနဲ့သာ ချိတ်ဆက်ထားမှာပါ။ လစာတိုးမြှင့်တာနဲ့ ဆွေးနွေးပွဲတွေကိုလည်း အလားတူပဲ ဆောင်ရွက်ပြီး သတ်မှတ်သွားမှာ ဖြစ်ပါတယ်။

ဒီလိုဆိုရင်တော့ ကုမ္ပဏီကြီးတစ်ခုထဲမှာရှိတဲ့ အမြဲတမ်း ဝန်ထမ်းတွေအတွက်ပဲ လစာတိုးပေးဖို့ တောင်းဆိုတဲ့ လက်ရှိ တိုက်ပွဲဝင်နည်းလမ်းကို သုံးဖို့ ခက်ခဲသွားတော့မှာပါ။

တကယ်လို့ အွန်ဆောင်း မော်တာ သမဂ္ဂကသာ ယာယီဝန်ထမ်းတွေနဲ့ မိတ်ဖက်ကုမ္ပဏီ အလုပ်သမားတွေရဲ့ လစာကိုပါ အတူတူ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ရင် သူတို့ ဒီလောက်အထိ လစာ ရနိုင်ပါ့မလား။

မြင့်မားတဲ့ လစာတွေနဲ့ မကြာခဏ သပိတ်မှောက်မှုတွေအပေါ် အငြင်းပွားမှုတွေက ရှိနေခဲ့တာဖြစ်ပြီး၊ အခုလို သပိတ်မှောက်မှု သက်တမ်းကြာရှည်လာတာကြောင့် ပြည်သူလူထုရဲ့ အမြင်ကလည်း အတော်လေး ဆိုးရွားနေခဲ့ပါပြီ။

ဒီလို အခြေအနေမျိုးမှာ လစာသက်သက်သာသာနဲ့ တူညီတဲ့ လုပ်အားကို ပေးမယ့် အလုပ်အကိုင်အသစ်တွေ ပေါ်ထွက်လာရင် သမဂ္ဂက အခုထိ ခံစားလာခဲ့ရတဲ့ တစ်ဦးထဲမူပိုင် နေရာက လှုပ်ခတ်သွားမှာပါပဲ။

သမဂ္ဂကတော့ သူတို့ရဲ့ ရပ်တည်မှုကို ခြိမ်းခြောက်မယ့် အလုပ်အကိုင်အသစ်တွေ ပေါ်လာမှာကို လုံးဝ မလိုလားပါဘူး။

အခုအချိန်မှာတော့ လစာတိုးဖို့ ဒါမှမဟုတ် သမဂ္ဂအဖွဲ့ဝင်တွေရဲ့ သားသမီးတွေကို ဦးစားပေး အလုပ်ခန့်ဖို့ ဆိုတာတွေက အဓိက မဟုတ်တော့ဘူး။ ဘာပဲဖြစ်ဖြစ် လျှပ်စစ်ကား စက်မှုဇုန် ပေါ်ပေါက်လာတာနဲ့ အလုပ်အကိုင်အသစ်တွေ ဖန်တီးမယ့် ကိစ္စကို သူတို့ ဘယ်လိုနည်းနဲ့မဆို တားဆီးရတော့မှာပါ။

သမဂ္ဂခေါင်းဆောင် ဂျူဆောင်းမူ က သတင်းထုတ်ပြန်ချက်တွေကို မီဒီယာတွေဆီ ချက်ချင်း ဖြန့်ဝေလိုက်တယ်။

"အွန်ဆောင်း မော်တာ သမဂ္ဂဟာ အလုပ်သမားအားလုံးရဲ့ လစာကို လျှော့ချဖို့နဲ့ အလုပ်အကိုင် မရေရာမှုကို ဖြစ်စေမယ့် လျှပ်စစ်ကား စက်မှုဇုန် ရင်းနှီးမြှုပ်နှံမှုကို ဆန့်ကျင်ပါတယ်။ အွန်ဆောင်း မော်တာ အနေနဲ့ OTK ကုမ္ပဏီ ဦးဆောင်တဲ့ လျှပ်စစ်ကား စက်မှုဇုန် ရင်းနှီးမြှုပ်နှံမှုမှာ ပါဝင်တာက အွန်ဆောင်း မော်တာ အုပ်စုအတွင်း စီမံခန့်ခွဲမှု ဆက်ခံရေး ပြဿနာကို ဖြေရှင်းဖို့နဲ့ အဆိုးရွားဆုံး စီမံခန့်ခွဲမှု အကြပ်အတည်းကို ကျော်လွှားဖို့အတွက် အရှက်သိက္ခာမရှိ သဘောတူညီခဲ့တာပါ။ ဒီသဘောတူညီချက်က နောက်ဆုံးမှာ အွန်ဆောင်း မော်တာကို CarOSရဲ့ ကုန်ထုတ်လုပ်မှု အခြေစိုက်စခန်းတစ်ခုအဖြစ် ပြောင်းလဲပစ်မှာ ဖြစ်ပြီး အနာဂတ်မှာ ပိုပြီး ကြီးမားတဲ့ စီမံခန့်ခွဲမှု အကြပ်အတည်းနဲ့ အမြတ်အစွန်း ကျဆင်းမှုကို ဖြစ်စေပါလိမ့်မယ်။ တကယ်လို့ ကုမ္ပဏီက အလုပ်သမား သဘောတူညီချက်ကို ချိုးဖောက်ပြီး ရင်းနှီးမြှုပ်နှံမှုကို ဇွတ်အတင်း ဆက်လုပ်မယ်ဆိုရင် သမဂ္ဂက စီမံခန့်ခွဲမှုအဖွဲ့ကို သစ္စာဖောက်ဖျက်မှု၊ အလုပ်သမား သဘောတူညီချက် ချိုးဖောက်မှုတွေနဲ့ ဥပဒေအရ အရေးယူသွားမှာပါ။ ဒါ့အပြင် ဒါကို အလုပ်သမားနဲ့ အလုပ်ရှင် ဆက်ဆံရေးအပေါ် စစ်ကြေညာမှုအဖြစ် သတ်မှတ်ပြီး ဥက္ကဌ ဟန်ချန်ယောင်း နဲ့ ကုမ္ပဏီကပဲ အကုန်တာဝန်ခံရပါလိမ့်မယ်လို့ ကြေညာပါတယ်။ အွန်ဆောင်း မော်တာ သမဂ္ဂက ဒါကို တားဆီးဖို့အတွက် အစွမ်းကုန် တိုက်ပွဲဝင်သွားမှာပါ"

အွန်ဆောင်း မော်တာ သမဂ္ဂ ပါဝင်တဲ့ ကိုရီးယား အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (KCTU) သာမက ကိုရီးယား ကုန်သွယ်မှုသမဂ္ဂများ ဖက်ဒရယ်အဖွဲ့ချုပ် (FKTU) ကပါ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတယ်။

"OTK ကုမ္ပဏီ ဦးဆောင်တဲ့ လျှပ်စစ်ကား စက်မှုဇုန်ဟာ အလုပ်သမားတွေရဲ့ လစာကို နိမ့်ကျသွားစေနိုင်ပြီး အလုပ်သမားအချင်းချင်းကြား ပဋိပက္ခကို ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ စီအီးအို ကန်ဂျင်ဟူ က ဒါကို လျစ်လျူရှုပြီး ဇွတ်အတင်း ရှေ့ဆက်မယ်ဆိုရင် အလုပ်သမားထုအနေနဲ့ အထွေထွေ သပိတ်မှောက်တာ၊ လူထုဆန္ဒပြပွဲတွေနဲ့ စုပေါင်းတိုက်ပွဲဝင်တာတွေနဲ့ တုံ့ပြန်ရုံကလွဲလို့ တခြားနည်းလမ်း မရှိပါဘူး"

အဓိက အလုပ်သမား အဖွဲ့ချုပ်ကြီး နှစ်ခုက လာမယ့် စနေ၊ တနင်္ဂနွေမှာ ဂွမ်ဟွာမွန်း စတုရန်းကွင်းပြင်မှာ လူထုဆန္ဒပြပွဲကြီး ပြုလုပ်ဖို့ ချက်ချင်း ဆုံးဖြတ်လိုက်ကြတယ်။ ဆန္ဒပြပွဲမှာ ပါဝင်သူ အရေအတွက်ဟာ ၅၀၀၀၀ အထိ ရှိလိမ့်မယ်လို့ စီစဉ်သူတွေက ကြေညာခဲ့တယ်။

ဒါပေမဲ့ အလုပ်သမားထု တစ်ရပ်လုံးကတော့ ဒီလို သဘောထားမျိုး မရှိကြပါဘူး။ အသေးစားနဲ့ အလတ်စား ကုမ္ပဏီ သမဂ္ဂတွေနဲ့ ယာယီဝန်ထမ်းတွေကတော့ ကုမ္ပဏီကြီးတွေရဲ့ သမဂ္ဂတွေကို အားနာတာကြောင့် ပွင့်ပွင့်လင်းလင်း ထုတ်မပြောရဲပေမဲ့ ရင်ထဲမှာတော့ ဒီအခြေအနေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြတာပါ။

နိုင်ငံရေးလောကနဲ့ အင်တာနက်ပေါ်မှာလည်း တစ်ကျော့ပြန် ဆူညံသွားခဲ့ရတယ်။

-တောက်... ကိုရီးယားကတော့ ခက်ပြီ။ ကုမ္ပဏီက အလုပ်အကိုင်တွေ ဖန်တီးပေးမယ်ဆိုရင်တောင် သမဂ္ဂက လက်နက်ဆွဲကိုင်ပြီး ထလာတာပဲ။

-သူတို့က လစာအများကြီး ရနေကြပြီဆိုတော့လည်း ဒီလိုပဲ ပြောမှာပေါ့။

-အွန်ဆောင်း မော်တာ သမဂ္ဂကတော့ တစ်မျိုးကြီးပဲ။ ကိုယ့်ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုအဖွဲ့ကိုတောင် တရားပြန်စွဲနေတယ် တဲ့။

-ဟားဟား... သမဂ္ဂက ကိုယ့်ကုမ္ပဏီကို ကိုယ် ပြန်ဖျက်ဆီးနေတာပဲ။ သမဂ္ဂအဖွဲ့ဝင်တွေရဲ့ စကားအတိုင်း ဆိုရင်တော့ ငါကတော့ နောက်နောင် အွန်ဆောင်းကားကို လုံးဝ ဝယ်မှာ မဟုတ်တော့ဘူး။

-အစွမ်းကုန် တိုက်ပွဲဝင်မယ့်အစား အားလုံးပဲ သေလိုက်ကြပါလား။

-လစာ နိမ့်ကျသွားမယ် ဟုတ်လား။ အပိုတွေ ပြောမနေနဲ့။ မိတ်ဖက်ကုမ္ပဏီတွေနဲ့ ကုမ္ပဏီတွင်းက ယာယီဝန်ထမ်းတွေကိုကျတော့ အဲဒီလိုမျိုး မငဲ့ကွက်ခဲ့ကြဘဲနဲ့များ။

-ငါလည်း အဲဒီ အလုပ်သမား အဖွဲ့ချုပ်ကြီး နှစ်ခုထဲက တစ်ခုခုမှာ ပါချင်တယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ငါက တစ်လကို ဝမ် ၁.၈ သန်းပဲရတဲ့ ယာယီဝန်ထမ်းတစ်ယောက်ပါဗျာ ㅜㅜ

-ကန်ဂျင်ဟူ ဘယ်လို တုံ့ပြန်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတယ်။

-ရှင်းရှင်းလေးပဲ မဟုတ်ဘူးလား။ ရင်းနှီးမမြှုပ်နှံရုံပဲပေါ့။ အဲဒီ စက်မှုဇုန်ကို လိုချင်လို့ တန်းစီစောင့်နေတဲ့ နိုင်ငံတွေ အများကြီးပဲဟာ။

-တောက်... အဲဒီလိုတော့ မဖြစ်ပါစေနဲ့။ ငါ အလုပ်ရဖို့ လိုတယ်လေ။ ㅜㅜ

ဒေသခံ အစိုးရအဖွဲ့အားလုံးနီးပါးက အဲဒီစက်ရုံကို သူတို့ဆီ ရောက်လာအောင် တက်ကြွစွာ ကြိုးစားနေကြတာပါ။ နေရာတိုင်းက အရည်အသွေးမြင့် အလုပ်အကိုင်တွေကို ဆာလောင်နေကြတာလေ။

ဒေသခံ အစိုးရခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမားတွေ အလုံးအရင်းနဲ့ ရောက်လာကြတယ်။ အဲဒီထဲမှာ လေဘာပါတီ က အဖွဲ့ဝင်တွေလည်း ပါဝင်နေခဲ့တာပါ။

တကယ်လို့ စက်ရုံကို ဆွဲဆောင်နိုင်ခဲ့ရင် ဒေသခံ ရွေးကောက်ပွဲတွေနဲ့ အထွေထွေ ရွေးကောက်ပွဲတွေမှာ အနိုင်ရဖို့က သေချာသလောက်ပါပဲ။ ဒါကြောင့်မလို့ မစတင်ရသေးခင်မှာတင် စက်ရုံကို ဆွဲဆောင်ဖို့ ပြိုင်ဆိုင်မှုက ပြင်းထန်နေခဲ့ပါပြီ။

ကျွန်တော် သူတို့နဲ့ တွေ့ဆုံဖို့ ကိစ္စတွေကို စီနီယာ မန်နေဂျာ ဆန်းယော့ ဆီပဲ လွှဲပေးလိုက်တယ်။ ကိုယ်တိုင်ကတော့ တိုးတက်တဲ့အဖွဲ့ပဲဖြစ်ဖြစ်၊ ရှေးရိုးစွဲအဖွဲ့ပဲဖြစ်ဖြစ် နိုင်ငံရေးလောကနဲ့ မပတ်သက်ချင်ပါဘူး။

ဒါပေမဲ့ မျှော်လင့်ထားတဲ့အတိုင်းပဲ ပြဿနာက ပေါ်ပေါက်လာခဲ့တယ်။

အွန်ဆောင်း မော်တာ သမဂ္ဂအဖွဲ့ဝင် ဒါဇင်ပေါင်းများစွာဟာ OTK ကုမ္ပဏီ အရှေ့မှာ စုဝေးပြီး ဆန္ဒပြခဲ့ကြသလို အွန်ဆောင်း မော်တာ အရှေ့မှာလည်း အလားတူ ဆန္ဒပြမှုတွေ ဖြစ်ပွားနေခဲ့တာပါ။

တကယ်လို့ အွန်ဆောင်း မော်တာ အနေနဲ့ စက်မှုဇုန် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကနေ မနုတ်ထွက်ရင် အလုပ်ပြန်ဆင်းမှာ မဟုတ်ဘဲ နည်းလမ်းပေါင်းစုံ သုံးပြီး အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ သမဂ္ဂက ကြေညာခဲ့တယ်။

ကျွန်တော်လည်း အချိန်အကုန်မခံတော့ဘဲ သမဂ္ဂခေါင်းဆောင် ဂျူဆောင်းမူ နဲ့ သမဂ္ဂ ကိုယ်စားလှယ်တွေကို ကုမ္ပဏီဆီ ခေါ်ယူလိုက်တယ်။

အနီရောင် ခေါင်းစည်းပုဝါတွေနဲ့ အနီရောင် အပေါ်င်္ကျီအင်္ကျီတွေ ဝတ်ဆင်ထားတဲ့ အသက် ၄၀ ကျော်၊ ၅၀ ကျော် အရွယ် လူကြီးတွေ အစည်းအဝေးခန်းထဲကို ဝင်လာကြတယ်။ သူတို့ကတော့ စက်ရုံမှာ အမှန်တကယ် အလုပ်မလုပ်ဘဲ သမဂ္ဂနဲ့ ပတ်သက်တဲ့ အလုပ်တွေကိုပဲ တာဝန်ယူထားကြတဲ့ သမဂ္ဂ အချိန်ပြည့် တာဝန်ရှိသူတွေပေါ့။

သူတို့က အလုပ်သမားတွေရဲ့ ကိုယ်စားလှယ်တွေ ဖြစ်ကြတာမလို့ အားလုံးက ထူးခြားတဲ့ အရှိန်အဝါမျိုး ထွက်ပေါ်နေခဲ့ပါတယ်။

ကျွန်တော် အမေရိကန်မှာတုန်းက CarOS သမဂ္ဂနဲ့ ညှိနှိုင်းခဲ့စဉ်က အချိန်ကို ပြန်တွေးမိသွားတယ်။ ကံကောင်းတာက အွန်ဆောင်း မော်တာ သမဂ္ဂ ကိုယ်စားလှယ်တွေကတော့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာ အမေရိကန်က အလုပ်သမားတွေလို အကြီးကြီးတွေတော့ မဟုတ်ကြပါဘူး။

အမေရိကန်မှာတုန်းကတော့ ပရိုနပန်းသမားတွေ ရောက်လာသလိုမျိုး ခံစားခဲ့ရတာပါ။ လူတွေက ဘယ်လိုများ အရပ် ၂ မီတာကျော်အထိ ရှည်နိုင်ကြတာလဲ မသိဘူး။

ကျွန်တော် လက်ကမ်းလိုက်ပြီး ပြောလိုက်တယ်။

"တွေ့ရတာ ဝမ်းသာပါတယ်ဗျာ။ ကျွန်တော် ကန်ဂျင်ဟူ ပါ"

"ကျွန်တော်ကတော့ အွန်ဆောင်း မော်တာ ရဲ့ သမဂ္ဂခေါင်းဆောင် ဂျူဆောင်းမူ ပါ"

အသက် ၅၀ အရွယ် ကတုံးနဲ့ လူကြီးက ကျွန်တော့်လက်ကို ဆုပ်ကိုင်လိုက်တယ်။ သူ ကတုံးတုံးထားရတဲ့ အကြောင်းရင်းကတော့ ကုမ္ပဏီအရှေ့မှာတင် ကတုံးတုံး ဆန္ဒပြပွဲ လုပ်ခဲ့လို့ပါပဲ။

သူ့ဆံပင်တွေက အရင်ကတည်းက တစ်ဝက်လောက် မရှိတော့တာမလို့ အခုလို ကတုံးတုံးလိုက်တာက ပိုပြီး ကြည့်ကောင်းနေသေးတယ်လို့တောင် တွေးမိလိုက်တယ်။

ကျွန်တော်တို့ အနေရခက်တဲ့ နှုတ်ဆက်ခြင်းတွေကို အဆုံးသတ်ပြီး ထိုင်လိုက်ကြတယ်။

"ခင်ဗျားတို့ရဲ့ သဘောထားတွေကို နားထောင်ချင်လို့ ဒီအစည်းအဝေးကို စီစဉ်လိုက်တာပါ။ ပြောချင်တာရှိရင် ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်"

သမဂ္ဂခေါင်းဆောင် ဂျူဆောင်းမူ က အော်ဟစ်လွန်းလို့ တိမ်ဝင်နေတဲ့ အသံနဲ့ အသည်းအသန် ပြောတော့တာပဲ။

လစာ နိမ့်ကျသွားမယ့် ကိစ္စ၊ အလုပ်အကိုင် မရေရာမှု၊ လစာ ကွာဟချက်၊ ဒေသတွင်း ကွာဟချက် စတာတွေပေါ့။ အားလုံးက သတင်းထုတ်ပြန်ချက်တွေမှာ ပါပြီးသားဖြစ်သလို၊ ကုမ္ပဏီအရှေ့မှာ အော်ဟစ်ခဲ့ကြတဲ့ အကြောင်းအရာတွေချည်းပဲမလို့ ကျွန်တော် အားလုံး သိပြီးသားပါ။

"တကယ်လို့ သတ်မှတ်ထားတဲ့ ဒေသတစ်ခုမှာ အလုပ်အကိုင် ၁၅၀၀၀ ပေါ်လာရင် တခြားဒေသတွေမှာ အလုပ်အကိုင် ၁၅၀၀၀ ပျောက်ကွယ်သွားလိမ့်မယ်၊ ဒါက နောက်ဆုံးမှာ ဒေသအချင်းချင်းကြား လစာကွာဟချက်ကို ပိုပြီး ဆိုးရွားစေမှာဖြစ်သလို၊ လစာကွာဟချက်အသစ်တွေကို ဖန်တီးပြီး၊ အလုပ်သမားနဲ့ အလုပ်ရှင် ဆက်ဆံရေးကို ပျက်ပြားစေကာ၊ ကုန်ထုတ်လုပ်မှု စွမ်းဆောင်ရည်ကို ကျဆင်းစေပြီး တစ်နိုင်ငံလုံးရဲ့ စီးပွားရေးကို ဆုတ်ယုတ်စေပါလိမ့်မယ်"

တက်ဂယူက ကျွန်တော့်နားကို ကပ်ပြီး တိုးတိုးလေး ကပ်မေးတယ်။

"သူ ဘာတွေ လျှောက်ပြောနေတာလဲ။ အလုပ်အကိုင်တွေ ဖန်တီးပေးရင် တောင်ကိုရီးယားကြီး ပျက်စီးသွားမယ်လို့ ပြောနေတာလား"

"......"

သူ ဘာပြောနေလဲဆိုတာ ကျွန်တော်လည်း နားမလည်ပါဘူး။ ကိုယ့်ရဲ့ ထမင်းအိုးကို ကာကွယ်ချင်တယ်လို့ တည့်တည့်ပြောရင် ရနေတာကို ဘာလို့ ဒီလောက်တောင် လှည့်ပတ်ပြောနေရတာလဲ မသိဘူး။

ကျွန်တော် သူ့ရဲ့ ပြောဆိုချက်တွေကို ပြန်မချေပဘဲ ဒီအတိုင်း ဆက်နားထောင်နေလိုက်တယ်။ တစ်နာရီကျော်ကြာအောင် သမဂ္ဂ ကိုယ်စားလှယ်တွေက တစ်ဖက်သတ် စကားတွေ ပြောနေခဲ့ကြပြီး ကျွန်တော်ကတော့ ခေါင်းပဲ ညိတ်ပြနေခဲ့တာပေါ့။

"ဟုတ်ကဲ့... ခင်ဗျားတို့ စိုးရိမ်နေတဲ့ အချက်တွေကို သိပါပြီ။ ခင်ဗျားတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ကောင်းကောင်း နားလည်ပါတယ်။ ဒီလိုမျိုး ကြီးမားတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေတာကို မသိဘဲ ဒီအတိုင်း ဇွတ်အတင်း လုပ်ဖို့ ကြိုးစားခဲ့မိတဲ့အတွက် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ရှက်မိပါတယ်ဗျာ။ ခင်ဗျားတို့ကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး နောင်တရဖို့ အချိန် ရသွားခဲ့ပါတယ်"

သမဂ္ဂခေါင်းဆောင် ဂျူဆောင်းမူ က အသံကျယ်ကျယ်နဲ့ ဆက်ပြီး အော်ပြောတယ်။

"ဒါဆို ခင်ဗျား ဘာလုပ်ဖို့ စီစဉ်ထားလဲ။ နားလည်တယ်လို့ပဲ ပြောပြီး ဇွတ်အတင်းပဲ ရှေ့ဆက်သွားမှာလား"

ကျွန်တော် ခေါင်းခါပြလိုက်တယ်။

"လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်က အဲဒီလောက်အထိ အလိုက်မသိတတ်တဲ့လူ မဟုတ်ပါဘူး။ အလုပ်သမားထုရဲ့ သဘောထားကို လျစ်လျူရှုပြီး ဇွတ်အတင်း ရှေ့ဆက်မှာ မဟုတ်ဘူးလို့ ကတိပေးပါတယ်"

အဲဒီစကားကြောင့် ဂျူဆောင်းမူ ရော ဘေးက သမဂ္ဂ ကိုယ်စားလှယ်တွေပါ ကြောင်အမ်းအမ်း ဖြစ်သွားကြတယ်။

"ခင်ဗျားတို့ နောက်ထပ် ပြောစရာ ရှိသေးလား"

ကျွန်တော် ဒီလောက်အထိ ပြောလိုက်ပြီဆိုမှတော့ သူတို့ဘက်ကလည်း နောက်ထပ် ပြောစရာ မရှိတော့ပါဘူး။

သမဂ္ဂ ကိုယ်စားလှယ်တွေဟာ အချင်းချင်း မျက်လုံးချင်း အကြည့်ချင်း ဖလှယ်လိုက်ကြတယ်။

'အဆင်ပြေသွားတာလား'

'ပြေသွားပုံတော့ ရတာပဲ...'

'ဒါပေမဲ့ ဘာလို့ ဒီလောက်တောင် ရင်မအေးနိုင်ဖြစ်မိနေရတာလဲ'

သူတို့ရဲ့ မျက်ဝန်းတွေထဲမှာ အဲဒီလို ခံစားချက်မျိုးတွေ ထွက်ပေါ်နေခဲ့တာပါ။

စကားပြောလို့ ပြီးသွားတဲ့အခါ သမဂ္ဂ ကိုယ်စားလှယ်တွေ ထွက်သွားကြပြီး ကျွန်တော်နဲ့ တက်ဂယူပဲ ကျန်ခဲ့တော့တယ်။

အွန်ဆောင်း မော်တာ သမဂ္ဂနဲ့ အလုပ်သမား အဖွဲ့ချုပ်ကြီး နှစ်ခုက ကန့်ကွက်လာမှာကို ကြိုသိပြီးသားပဲလေ။ တကယ်လို့ လျစ်လျူရှုပြီး ဇွတ်အတင်း ရှေ့ဆက်မယ်ဆိုရင် ဖြစ်စဉ်တစ်ခုလုံးမှာ အမြဲတမ်း ဆူညံသံတွေ ရှိနေမှာကတော့ သေချာတယ်။

ရင်းနှီးမြှုပ်နှံမှုတစ်ခု စတင်ပြီးရင် ပြန်ဆုတ်ဖို့ ခက်ခဲပါတယ်။ တကယ်လို့ နိုင်ငံရေးလောကနဲ့ ဒေသခံ အစိုးရတွေက ရှိရင်းစွဲ သမဂ္ဂတွေကို အားနာပြီး စက်မှုဇုန် ဆောက်လုပ်ခွင့် ပါမစ်တွေကို ကောင်းကောင်း မထုတ်ပေးတာ ဒါမှမဟုတ် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် အကြောင်းပြပြီး စီမံကိန်းကို ကြန့်ကြာအောင် လုပ်ရင်တော့ ခေါင်းကိုက်စရာ ဖြစ်လာမှာပါ။

ဒီလိုကိစ္စမျိုးတွေက လက်တွေ့မှာ ခဏခဏ ဖြစ်တတ်တာပါပဲ။

"ဟိုလေ... အခန်းငှားစားတဲ့ အိမ်ပိုင်ရှင်တွေက ကန့်ကွက်လို့ ခရိုင်ရုံးက တက္ကသိုလ် အဆောင်ဆောက်ခွင့်ကို ပိတ်ပင်လိုက်သလိုမျိုးပေါ့ ဟုတ်လား"

"အတိအကျပဲ"

"တက္ကစီသမားတွေက ride-sharing ကို ကန့်ကွက်ကြတယ်၊ သမဂ္ဂတွေက စက်မှုဇုန်လုပ်မှာကို ကန့်ကွက်ကြတယ်ဆိုတော့ ဒီနိုင်ငံမှာ ဘာလုပ်လို့ ရမှာလဲကွာ"

ပဋိပက္ခတွေကို တက်တက်ကြွကြွ ဝင်ရောက်စွက်ဖက်ပြီး ဖြေရှင်းပေးရမယ့် နိုင်ငံရေးလောကကတော့ နှစ်ဖက်စလုံးကိုပဲ မျက်နှာသာပေးပြီး စောင့်ကြည့်နေခဲ့ကြတာပါ။ ဘာလို့လဲဆိုတော့ သူတို့လည်း ဇွတ်ဝင်ပါရင် ကျွန်တော့်လိုပဲ နေရာအနှံ့ကနေ အပြောခံရမှာ စိုးလို့လေ။

"စီမံကိန်းကို ရှေ့ဆက်ဖို့ဆိုရင် နောက်ပိုင်းမှာ ပြဿနာ ထပ်မတက်အောင် ဒီတစ်ကြိမ်မှာ အပြတ် ရှင်းပစ်ရမယ်"

တက်ဂယူက မေးတယ်။

"မင်း ဘာလုပ်မှာလဲ"

ကျွန်တော် ပြုံးလိုက်ပြီး ပြောလိုက်တယ်။

"ဘာလုပ်ရမှာလဲ... သူတို့ အလိုရှိတဲ့အတိုင်း လုပ်ပေးရမှာပေါ့"

ကျွန်တော် မီဒီယာတွေရဲ့ ရှေ့မှာ တစ်ကျော့ပြန် ရပ်လိုက်ပြန်တယ်။

"အားလုံး သိကြတဲ့အတိုင်း လက်ရှိ ကိုရီးယားရဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍဟာ ကြီးမားတဲ့ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာပါ။ ဒီအကြပ်အတည်းကို ကျော်လွှားဖို့အတွက် ဆိုးဆောင်း အုပ်စု၊ အွန်ဆောင်း မော်တာ အုပ်စုနဲ့ အသေးစားနဲ့ အလတ်စား ကုမ္ပဏီ တချို့ ပူးပေါင်းပြီး အလုပ်အကိုင်အသစ်တွေ ဖန်တီးဖို့ ကြိုးစားခဲ့ပေမဲ့ ရလဒ်အနေနဲ့ ပိုပြီး ကြီးမားတဲ့ ရှုပ်ထွေးမှုတွေကိုပဲ ဖြစ်စေခဲ့ပါတယ်။ အလုပ်သမားထုနဲ့ သဘောတူညီချက် မရရှိထားတဲ့ အခြေအနေမှာ လက်ရှိ အစီအစဉ်ကို ဇွတ်အတင်း ရှေ့ဆက်ဖို့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ သတ်မှတ်လိုက်ပါတယ်။ ဒါကြောင့် အလုပ်သမားထုရဲ့ တောင်းဆိုချက်တွေကို တက်ကြွစွာ လက်ခံပြီး ကိုရီးယားမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု အစီအစဉ် အားလုံးကို လုံးဝ ဆိုင်းငံ့လိုက်မှာ ဖြစ်ပါတယ်"

ကျွန်တော့်စကားကြောင့် သတင်းထောက်တွေအားလုံး အံ့ဩသွားကြတယ်။

"ဒါဆို လျှပ်စစ်ကား စက်မှုဇုန် အစီအစဉ်က ပျက်ပြယ်သွားတာလား"

"အရင်က ကုမ္ပဏီ သုံးခု ချုပ်ဆိုခဲ့တဲ့ စီးပွားရေး သဘောတူညီချက်ကကော ဘယ်လို ဖြစ်သွားမှာလဲ"

ကျွန်တော် ခေါင်းခါပြလိုက်တယ်။

"လျှပ်စစ်ကား စက်မှုဇုန်ကိုတော့ အလုပ်သမားထုရဲ့ ကန့်ကွက်မှုကို ရှောင်ရှားဖို့အတွက် ကိုရီးယား မဟုတ်တဲ့ တခြား အာရှနိုင်ငံတွေမှာ တည်ဆောက်သွားမှာ ဖြစ်ပြီး၊ လျာထားတဲ့ နိုင်ငံတွေကို ရွေးချယ်ဖို့ ဆွေးနွေးမှုတွေလည်း စတင်နေပါပြီ"

သတင်းထောက်တွေက မေးခွန်းတွေ ဆက်တိုက် မေးကြပြန်တယ်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆိုးဆောင်း အုပ်စုနဲ့ အွန်ဆောင်း မော်တာ အုပ်စု ဘက်ကို ကြိုတင် ညှိနှိုင်းခဲ့တာ ရှိပါသလား"

"ဥက္ကဌ ဟန်ချန်ယောင်း ကော သဘောတူပါသလား"

"ဥက္ကဌ လင်ဂျင်ယုံ ရဲ့ သဘောထားကကော ဘယ်လို ရှိပါသလဲ"

ကျွန်တော် အခိုင်အမာ ပြောလိုက်တယ်။

"ညှိနှိုင်းဖို့ မလိုပါဘူး။ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ နောက်ဆုံး ဆုံးဖြတ်ချက် အားလုံးကို ကျွန်တော် ကိုယ်တိုင်ပဲ ချမှတ်တာပါ"

ဒါကြောင့်လည်း အပြောခံရရင် ကျွန်တော်တစ်ယောက်ထဲပဲ ခံရမှာပေါ့။

ကျွန်တော် ကင်မရာတွေကို ကြည့်ပြီး ကြေညာချက်ကို ဆက်ပြောလိုက်တယ်။

"အလိုအလျောက်မောင်း လျှပ်စစ်ကားတွေက အနာဂတ်ရဲ့ အဓိက စက်မှုလုပ်ငန်း ဖြစ်ပြီး ဝယ်လိုအားက အကြီးအကျယ် များပြားလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ OTK ကုမ္ပဏီ၊ ဆိုးဆောင်း အုပ်စုနဲ့ အွန်ဆောင်း မော်တာ အုပ်စုတို့ဟာ အနာဂတ် ကားကဏ္ဍကို ဦးဆောင်ဖို့အတွက် အာရှမှာရှိမယ့် ကုန်ထုတ်လုပ်မှု စက်မှုဇုန်ရဲ့ အတိုင်းအတာကို နှစ်ဆထက်မက တိုးမြှင့်ဖို့ စီစဉ်ထားပါတယ်။ အရင်က ကြေညာခဲ့တဲ့ စက်မှုဇုန်အပြင် နောက်ထပ် တစ်ခု ဒါမှမဟုတ် နှစ်ခုကို ထပ်မံ တည်ဆောက်သွားမှာပါ။ သဘာဝအတိုင်းပဲ ထပ်တိုး ရင်းနှီးမြှုပ်နှံမှု အားလုံးကိုလည်း ကိုရီးယား မဟုတ်တဲ့ တခြား အာရှနိုင်ငံတွေမှာပဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ အွန်ဆောင်း မော်တာ သမဂ္ဂနဲ့ အလုပ်သမား အဖွဲ့ချုပ်ကြီး နှစ်ခုက အလုပ်သမားတွေကို စိုးရိမ်ပူပန်မှု ဖြစ်စေခဲ့တဲ့အတွက် တောင်းပန်အပ်ပါတယ်။ ဒါကြောင့်မလို့ ကျေးဇူးပြုပြီး သပိတ်မှောက်တာကို ရပ်တန့်ပြီး အလုပ်ခွင်ထဲကို ပြန်ဝင်ကြဖို့ အနူးအညွတ် တောင်းဆိုအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်"

All Chapters