အခန်း ၂၅၇
Vol. 26 Ch. 257
အခန်း (၂၅၇)
လျှပ်စစ်ကား စက်မှုဇုန်ကို ကိုရီးယားမှာ မဟုတ်ဘဲ တခြား အာရှနိုင်ငံတွေမှာ တည်ဆောက်မယ်ဆိုတဲ့ ကန်ဂျင်ဟူ ရဲ့ ကြေညာချက်က အကြီးအကျယ် ရိုက်ခတ်သွားခဲ့တယ်။
အလိုအလျောက်မောင်း လျှပ်စစ်ကားတွေက အနာဂတ်ရဲ့ အဓိက စက်မှုလုပ်ငန်း ဖြစ်တာကြောင့် တစ်ကမ္ဘာလုံးကလည်း ဒီရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြတာပါ။
စက်မှုဇုန်တစ်ခုကို ဆွဲဆောင်နိုင်တာက အလုပ်အကိုင်တွေ ရရှိဖို့တင်မကဘဲ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အလွန်ပဲ အကျိုးကျေးဇူး ရှိတာလေ။
မော်တော်ကား စက်မှုလုပ်ငန်းက အစိတ်အပိုင်း ပေးသွင်းတဲ့ ကုမ္ပဏီအမြောက်အမြားနဲ့ ချိတ်ဆက်နေတာပါ။ စက်မှုဇုန်အတွင်းမှာတင် အစိတ်အပိုင်းအားလုံးကို ရှာဖွေဖို့က မဖြစ်နိုင်တာမလို့ ဒေသခံ အသေးစားနဲ့ အလတ်စား ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့က မလွှဲမရှောင်သာပါပဲ။ ဒါက ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် သူတို့ရဲ့ အစိတ်အပိုင်း စက်မှုလုပ်ငန်းတွေကို တိုးတက်စေဖို့နဲ့ အဆင့်မြင့်နည်းပညာတွေကို ရယူဖို့ အခွင့်အရေးကောင်း တစ်ခုပဲလေ။
ကြေညာချက် ပြီးဆုံးသွားတာနဲ့ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး တာဝန်ရှိသူတွေဟာ ကိုရီးယားဆီ အပြေးအလွှား ရောက်ရှိလာခဲ့ကြတယ်။
"ဗီယက်နမ် အလုပ်သမားတွေရဲ့ ပျမ်းမျှလစာက ကိုရီးယားရဲ့ ၃၀ ရာခိုင်နှုန်းအောက်ပဲ ရှိပါတယ်၊ ဒါပေမဲ့ မြင့်မားတဲ့ ပညာရေးအဆင့်အတန်း ရှိပြီး ဝီရိယရှိရှိနဲ့ ရိုးသားကြပါတယ်၊ ဒါ့အပြင် ဟိုချီမင်းမြို့နဲ့ ဟနွိုင်းလို နေရာအမျိုးမျိုးမှာ ဆိုးဆောင်း အီလက်ထရောနစ် စက်ရုံတွေ လည်ပတ်နေပြီးသား ဖြစ်တာကြောင့် ပူးပေါင်းဆောင်ရွက်မှု အကျိုးသက်ရောက်မှုက သိသိသာသာ ကြီးမားလိမ့်မယ်လို့ ယုံကြည်ပါတယ်"
"အင်ဒိုနီးရှားမှာတော့ လူဦးရေ သန်း ၂၀၀ ကျော်ရှိတဲ့ ပြည်တွင်းစျေးကွက် ရှိပြီး ကမ္ဘာပေါ်က ဘယ်နိုင်ငံထက်မဆို ပိုပြီး လျင်လျင်မြန်မြန် တိုးတက်နေတာပါ"
"ထိုင်းနိုင်ငံအနေနဲ့ကတော့ မြေနေရာကို အခမဲ့ ပေးဖို့၊ ပတ်ဝန်းကျင် အခြေခံအဆောက်အဦးတွေ တည်ဆောက်ပေးဖို့နဲ့ အခွန်ဆိုင်ရာ မက်လုံးအမျိုးမျိုး ပေးဖို့ စဉ်းစားနေပါတယ်"
"မလေးရှား အစိုးရကလည်း လျှပ်စစ်ကား စက်မှုဇုန်ကို ဆွဲဆောင်ဖို့အတွက် အထောက်အပံ့ အားလုံးကို ပေးဖို့ အပြည့်အဝ အဆင်သင့်ပါပဲ"
အာဆီယံ နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ဖို့အတွက် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို ပြသခဲ့ကြတယ်။ သူတို့အားလုံးက လျှပ်စစ်ကား စက်မှုဇုန်ကို ဘယ်လိုနည်းနဲ့မဆို ကိုယ့်နိုင်ငံဆီ ရောက်အောင် ယူချင်တဲ့ ပြင်းပြတဲ့ ဆန္ဒတွေကို ထုတ်ဖော်ခဲ့ကြတာပါ။
တစ်ဖက်မှာတော့ စက်မှုဇုန်ကို ဆွဲဆောင်ဖို့ အိမ်မက်မက်နေခဲ့ကြတဲ့ ဒေသခံ အစိုးရအဖွဲ့တွေဟာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ်။ စက်မှုဇုန်ကို မျှော်လင့်နေခဲ့ကြတဲ့ ဒေသခံပြည်သူတွေနဲ့ အလုပ်ရှာနေတဲ့ လူငယ်တွေဟာလည်း အကြီးအကျယ် ဒေါသထွက်နေခဲ့ကြတာပေါ့။
စက်မှုဇုန်ဟာ ဒေသတွင်း စီးပွားရေးကို ပြန်လည်အသက်သွင်းဖို့ နောက်ဆုံး မျှော်လင့်ချက် ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့ အဲဒီ မျှော်လင့်ချက်ပါ ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့ပါပြီ။
မူလကတော့ လူတွေက တစ်ခုခုကို ပေးပြီးမှ ပြန်ယူသွားရင် ပိုပြီး ဒေါသထွက်တတ်ကြတာ သဘာဝပါပဲ။ ဒါပေမဲ့ ဒီကိစ္စမှာတော့ ပေးတဲ့လူက ပြန်ယူသွားတာ မဟုတ်ပါဘူး၊ ပေးတဲ့လူကလည်း ပေးချင်တယ်၊ ယူမယ့်လူကလည်း ယူချင်နေတာကို ရုတ်တရက်ကြီး တခြားလူက ကြားဖြတ်ဝင်လာပြီး မပေးနဲ့လို့ ပြောနေတာမျိုး ဖြစ်နေတာပါ။
ဒီအတိုင်းသာဆိုရင် အနာဂတ်ကို ဦးဆောင်မယ့် အဆင့်မြင့် စက်မှုဇုန်နဲ့ အလုပ်အကိုင် သောင်းနဲ့ချီဟာ နိုင်ငံရပ်ခြားဆီ တကယ်ပဲ ရောက်သွားတော့မှာပါ။
-အွန်ဆောင်း မော်တာ သမဂ္ဂနဲ့ အလုပ်သမား အဖွဲ့ချုပ်ကြီး နှစ်ခုက စက်မှုဇုန်ကို နိုင်ငံခြားဆီ မောင်းထုတ်နေကြတာလား။
-ရူးနေကြတာပဲ။ ဟားဟား။ အနာဂတ်ရဲ့ အဓိက စက်မှုလုပ်ငန်း ဖြစ်တဲ့ လျှပ်စစ်ကား စက်ရုံကို နိုင်ငံခြားဆီ လုံးလုံးကြီး အပ်နှံတော့မှာလား။
-ကိုရီးယားက ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်ပြီလား။
-ဒါကြောင့် ကိုရီးယားမှာ အလုပ်အကိုင်တွေ မရှိတာ။ အစိုးရက ဘာတွေ လုပ်နေတာလဲ။
-အလုပ်သမား အဖွဲ့ချုပ်ကြီး နှစ်ခုရဲ့ မျက်နှာကိုပဲ ကြည့်မနေဘဲ ရှေ့ထွက်ပြီး တစ်ခုခု လုပ်ပါဦး။
-တကယ်လို့ နိုင်ငံရေးသစ်ပါတီ က ဒီတစ်ကြိမ်မှာ အလုပ်ဖြစ်အောင် မလုပ်နိုင်ရင် နောက်လာမယ့် အထွေထွေ ရွေးကောက်ပွဲမှာ လေဘာပါတီ ကိုပဲ မဲပေးကြရအောင်။
-ဒါပေမဲ့လည်း လေဘာပါတီ ကျတော့လည်း နည်းနည်း...
ပြည်သူလူထုရဲ့ အမြင်တွေက ဆူပွက်လာတဲ့အခါ အလုပ်သမား အဖွဲ့ချုပ်ကြီး နှစ်ခုကတော့ စုပေါင်းလစာစနစ်ကို ဖျက်သိမ်းပေးရင် စဉ်းစားပေးနိုင်တယ်လို့ ဆိုပြီး နောက်ဆုတ်မယ့် အရိပ်အယောင် ပြသလာခဲ့ပေမဲ့ အွန်ဆောင်း မော်တာ သမဂ္ဂကတော့ အွန်ဆောင်း မော်တာ အနေနဲ့ လျှပ်စစ်ကား စက်မှုဇုန် ရင်းနှီးမြှုပ်နှံမှုကနေ လုံးဝ နုတ်ထွက်ရမယ်လို့ပဲ ဇွတ်အတင်း တောင်းဆိုနေခဲ့တယ်။ ဒါ့အပြင် OTK နဲ့ ချုပ်ဆိုထားတဲ့ စီးပွားရေး သဘောတူညီချက်ကို မဖျက်သိမ်းရင် အဆုံးထိ ဆက်ပြီး တိုက်ပွဲဝင်သွားမယ်လို့လည်း ကြေညာခဲ့တာပါ။
စနေ၊ တနင်္ဂနွေမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ လူထုဆန္ဒပြပွဲကြီးကိုတော့ စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါက သူတို့ရဲ့ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ သတ်မှတ်လိုက်တာဖြစ်ပြီး စကားအလှည့်အပြောင်း လုပ်တာမျိုး ဒါမှမဟုတ် တခြားအရာတွေကို ကြိုးစားတာမျိုး မလုပ်နိုင်အောင် ပိတ်ဆို့လိုက်တာပါပဲ။
သမဂ္ဂရဲ့ အခွင့်ထူးခံ ရပိုင်ခွင့်တွေကို ကာကွယ်ဖို့ ကြိုးစားတဲ့ ဒီလုပ်ရပ်တွေက ပိုပြီး ကြီးမားတဲ့ ကန့်ကွက်မှုတွေကို ဖြစ်ပေါ်စေခဲ့တယ်။
-တောက်... တော်ကြပါတော့ကွာ။
-တစ်နှစ် လစာ ဝမ် သန်း ၄၀ နဲ့ အလုပ်လုပ်ချင်လို့ တန်းစီနေတဲ့လူတွေ ရှိနေတာကို စက်ရုံကို မောင်းထုတ်ပစ်တယ်ဆိုတာ အဓိပ္ပာယ်ရှိလို့လား။
-ဘာအတွက် ဆန္ဒပြကြမှာလဲ။
-ဒီမှာ ဒီလိုမျိုး လုပ်နေရမယ့် အချိန်မဟုတ်ဘူး။ ငါတို့လည်း ဂွမ်ဟွာမွန်းကို သွားပြီး ဆန္ဒပြကြရအောင်။
-မှန်တာပေါ့။ တကယ်လို့ အွန်ဆောင်း မော်တာ သမဂ္ဂနဲ့ အလုပ်သမား အဖွဲ့ချုပ်ကြီး နှစ်ခုက လူထုဆန္ဒပြပွဲ လုပ်မယ်ဆိုရင် ငါတို့ ပြည်သူတွေကလည်း လူထုဆန္ဒပြပွဲ လုပ်ကြတာပေါ့။
-ဂွမ်ဟွာမွန်းမှာ ဖယောင်းတိုင်မီးထွန်း ဆန္ဒပြပွဲလုပ်ပြီး စုဝေးကြစို့။
-ငါတို့ရဲ့ အလုပ်အကိုင်တွေကို ငါတို့ လက်နဲ့ပဲ ဆုပ်ကိုင်ကြရအောင်။
-ဂွမ်ဟွာမွန်း ဖယောင်းတိုင်မီးထွန်း ဆန္ဒပြပွဲကို... သွားကြစို့။
ဆိုးဆောင်း အုပ်စုရဲ့ ဂန်နမ် ရုံးချုပ်အရှေ့မှာလည်း KCTU ရဲ့ အသေးစား ဆန္ဒပြပွဲတစ်ခု ပြုလုပ်နေခဲ့တယ်။
ဥက္ကဌ လင်ဂျင်ယုံ က အဲဒီမြင်ကွင်းကို ငုံ့ကြည့်ရင်း ပြောလိုက်တယ်။
"ငါ့ရဲ့ ဂျူနီယာလေးက နိုင်ငံကို ပြန်ပြီး ဆူညံအောင် လုပ်နေပြန်ပြီပဲ။ မီဒီယာတွေကလည်း ဆူညံနေသလို ပြည်သူတွေရဲ့ အမြင်ကလည်း ဆူပွက်နေတာပဲ"
တက်ဂယူက သဘောတူတဲ့ အမူအရာနဲ့ ကျွန်တော့်ကို ကြည့်လိုက်တယ်။
"မနေ့က သတင်းထဲမှာ တွေ့တယ်၊ လွှတ်တော်အမတ် ဂန်ဆေးက မင်းက လူမှုရေး ပဋိပက္ခတွေကို မီးထိုးပေးနေပြီး အလုပ်သမားအချင်းချင်းကြား ပဋိပက္ခဖြစ်အောင် လုပ်နေတယ်ဆိုပြီး အပြစ်တင်နေတာကွ"
သူတို့က ဘာလို့ ကျွန်တော့်ကိုပဲ လာပြီး အပြစ်ရှာနေကြတာလဲ မသိဘူး။
ကျွန်တော် သက်ပြင်းချလိုက်ပြီး ပြောလိုက်တယ်။
"ကဲ... လူမှုရေး ပဋိပက္ခဆိုတာမျိုးက လုံးဝ မကောင်းတာတော့ မဟုတ်ပါဘူး"
ပဋိပက္ခကို ရှောင်ရှားဖို့ အလွယ်ဆုံးနည်းလမ်းကတော့ ဘာမှမလုပ်ဘဲ နေတာပါပဲ။ ယေဘုယျအားဖြင့် အာဏာရှင်နိုင်ငံတွေမှာ လူမှုရေး ပဋိပက္ခဆိုတာ ဖြစ်ခဲတာပဲလေ။ မြောက်ကိုရီးယား ပြည်သူတွေက အမြင့်ဆုံးခေါင်းဆောင် ဒါမှမဟုတ် အလုပ်သမားပါတီရဲ့ မူဝါဒတွေကို ဆန့်ကျင်ပြီး ဆန္ဒပြတာမျိုး ခင်ဗျားတို့ မြင်ဖူးလို့လား။
ပြန်တွေးကြည့်ရင် ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာ ပဋိပက္ခ ရှိနေတာက သဘာဝကျပါတယ်။ "ပဋိပက္ခ မဖြစ်စေနဲ့" လို့ ပြောတာက "ရှိရင်းစွဲ အခွင့်ထူးခံ ရပိုင်ခွင့်တွေကို အသိအမှတ်ပြုပါ" လို့ ပြောတာနဲ့ ဘာမှမထူးပါဘူး။
ဂျပန်ကို ဆန့်ကျင်တဲ့ လွတ်လပ်ရေး လှုပ်ရှားမှုပဲဖြစ်ဖြစ်၊ အာဏာရှင်ကို ဆန့်ကျင်တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုပဲဖြစ်ဖြစ် ပဋိပက္ခတွေကတော့ ရှိလာမှာပါပဲ။
Ride-sharing ဝန်ဆောင်မှု ပေးချင်ရင် တက္ကစီမောင်းသမားတွေနဲ့ ထိပ်တိုက်တွေ့ရမှာဖြစ်သလို၊ တက္ကသိုလ် အဆောင်တွေ ဆောက်ချင်ရင်လည်း အခန်းငှားစားတဲ့ အိမ်ပိုင်ရှင်တွေနဲ့ ထိပ်တိုက်တွေ့ဖို့က မလွှဲမရှောင်သာပါပဲ။
တက်ဂယူက ကျွန်တော့်စကားကို နားထောင်ရင်း တက်တက်ကြွကြွနဲ့ ခေါင်းညိတ်ပြတယ်။
"ဒါကြောင့်မလို့လည်း အာဏာရှင်နိုင်ငံတွေမှာ အတိုက်အခံပါတီက ခေါင်းဆောင်ကြီးရဲ့ မူဝါဒတွေကို ဆန့်ကျင်ရုံနဲ့ အမျိုးသားရေး ပဋိပက္ခ ဖြစ်စေတယ်ဆိုပြီး ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းကြတာပေါ့လေ"
တကယ်လို့ နိုင်ငံရေးလောကက အသံတစ်သံထဲ ထွက်ချင်ရင် မြောက်ကိုရီးယားလို ပါတီတစ်ခုထဲစနစ် ဖြစ်မှပဲ ရပါမယ်။ ပါတီစုံစနစ် ဖြစ်လို့မရဘူးလေ။ ပြီးတော့ အဲဒီလို ပြောခဲ့တဲ့လူကိုယ်တိုင်ကလည်း(ပက်ဆီဟျွန်း) အဂတိ လိုက်စားမှုကြောင့် ကြီးမားတဲ့ လူမှုရေး ပဋိပက္ခကို ဖြစ်စေခဲ့ပြီး နောက်ဆုံးမှာ ထောင်ထဲ ရောက်သွားခဲ့တာပဲ မဟုတ်လား။
အရေးကြီးတာက ပဋိပက္ခတွေကို ကျိုးကြောင်းဆီလျော်စွာ စေ့စပ်ညှိနှိုင်းပေးဖို့ပါပဲ။ အဲဒီလို လုပ်ပေးဖို့အတွက်ပဲ ကျွန်တော်တို့က နိုင်ငံရေးသမားတွေကို အခွန်ငွေတွေ ပုံအောပေးထားကြတာ မဟုတ်ဘူးလား။
ဒါပေမဲ့ ဘာလို့ အားလုံးက ဘာမှမလုပ်ဘဲ ဘေးထိုင်ကြည့်နေကြတာလဲ မသိဘူး။
"ဆန္ဒပြပွဲကို ကြည့်ရတာ ဥက္ကဌ ဟန်ချန်ယောင်းလည်း ခေါင်းကိုက်နေလောက်ပြီ" လို့ တက်ဂယူက ပြောတယ်။
"တွေးကြည့်ရင် ဆိုးဆောင်း အုပ်စု သမဂ္ဂကကျတော့ ဆန္ဒမပြဘူးပဲ"
ဥက္ကဌ လင်ဂျင်ယုံ က အဖြေအစား အပြုံးနဲ့ပဲ တုံ့ပြန်ခဲ့တယ်။
ဆိုးဆောင်း အုပ်စုဟာ အတိတ်တုန်းက သမဂ္ဂမရှိတဲ့ စီမံခန့်ခွဲမှု မူဝါဒကို ဆွဲကိုင်ခဲ့တာပါ။ သဘာဝအတိုင်းပဲ အဲဒါက တရားမဝင်ပါဘူး။ သူတို့လည်း တရားရုံးကနေ စီရင်ချက်တွေ အကြိမ်ကြိမ် ခံခဲ့ရဖူးပြီး ခေတ်ကာလတွေ ပြောင်းလဲလာတာနဲ့အမျှ အခုအချိန်မှာတော့ သမဂ္ဂ တည်ထောင်ခွင့်ကို ခွင့်ပြုထားရပါပြီ။
ဒါပေမဲ့ သမဂ္ဂထဲ အဖွဲ့ဝင် ဝင်ရောက်မှုနှုန်းကတော့ အနည်းငယ်ပဲ ရှိတာပါ။ လစာနဲ့ ခံစားခွင့်တွေက တစ်နိုင်ငံလုံးမှာ အမြင့်ဆုံးအဆင့်မှာ ရှိနေတာမလို့ ဝန်ထမ်းတွေဘက်ကလည်း မကျေနပ်စရာ သိပ်မရှိကြပုံရတယ်။
ဥက္ကဌ လင်ဂျင်ယုံ က ပြန်ထိုင်လိုက်တယ်။ ဆိုးဆောင်း အုပ်စုရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကတော့ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ဖို့ မျှော်လင့်နေကြတဲ့ အာဆီယံ နိုင်ငံတွေဆီ သွားရောက်ပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေခဲ့ပါပြီ။
သူ့ရဲ့ စားပွဲပေါ်မှာ ပြည်တွင်း ဒေသခံ အစိုးရအဖွဲ့တွေကို ခွဲခြမ်းစိတ်ဖြာထားတဲ့ အချက်အလက်တွေနဲ့ အာဆီယံ နိုင်ငံတွေကို ခွဲခြမ်းစိတ်ဖြာထားတဲ့ အချက်အလက်တွေက သေသပ်စွာ ရှိနေပါတယ်။
ကျွန်တော်နဲ့ တက်ဂယူက သူ့ရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်ပြီး အချက်အလက်တွေကို လှည့်ပတ်ကြည့်လိုက်ကြတယ်။
"တစ်နှစ် ထုတ်လုပ်မှု ပမာဏ အနည်းဆုံး အစီးရေ ၂ သိန်းနဲ့ တိုက်ရိုက် အလုပ်အကိုင် ၁၅၀၀၀။ ဒီလို စက်မှုဇုန်မျိုးကို တစ်ခုထဲတင်မကဘဲ နှစ်ခုတောင် တည်ဆောက်မှာက တော်တော်လေး ကြီးမားတဲ့ ကိစ္စပဲ။ တကယ်လို့ စက်မှုဇုန်ကနေ အသေးစားနဲ့ အလတ်စား ကုမ္ပဏီတွေကို ဖယ်ထုတ်လိုက်ရင် ဝန်ထမ်းဦးရေကို လျှော့ချနိုင်မှာဖြစ်ပြီး အလုပ်သမား အဖွဲ့ချုပ်ကြီး နှစ်ခုရဲ့ ကန့်ကွက်မှုလည်း လျော့နည်းသွားနိုင်တယ်"
"စီနီယာ သိတဲ့အတိုင်းပဲ၊ ကျွန်တော့် မိသားစုရဲ့ ကုမ္ပဏီကလည်း အရင်တုန်းက မိတ်ဖက်ကုမ္ပဏီတစ်ခု ဖြစ်ခဲ့တာပါ"
DHK Engineering ဟာ တတိယအဆင့် မိတ်ဖက်ကုမ္ပဏီဆီကို ပစ္စည်းပေးသွင်းရတဲ့ ကုမ္ပဏီအသေးလေး တစ်ခု ဖြစ်ခဲ့တာပါ။
အွန်ဆောင်း မော်တာ ရဲ့ မတရားတဲ့ လုပ်ရပ်တွေကြောင့် ဒေဝါလီခံခဲ့ရတာ ဖြစ်ပေမဲ့၊ လက်တွေ့မှာတော့ မတရားဆုံး လုပ်ရပ်တွေကို လုပ်ခဲ့တာက တခြားသူမဟုတ်ဘဲ ပစ္စည်းတွေ အော်ဒါမှာခဲ့တဲ့ တတိယအဆင့် မိတ်ဖက်ကုမ္ပဏီတွေပါပဲ။
ကုမ္ပဏီကြီးတစ်ခုက ပထမအဆင့် မိတ်ဖက်ကုမ္ပဏီဆီကနေ ဈေးနှုန်းကို နှိပ်ကွပ်တဲ့အခါ၊ ပထမအဆင့် ကုမ္ပဏီကလည်း ဒုတိယအဆင့် ကုမ္ပဏီကို အဲဒီလိုပဲ လုပ်ပါတယ်၊ ဒုတိယအဆင့် ကုမ္ပဏီကလည်း တတိယအဆင့် ကုမ္ပဏီကို အဲဒီလိုပဲ ပြန်လုပ်တာပါ။ မတရားတဲ့ လုပ်ရပ်တွေက အမိန့်ပေးစနစ်လိုမျိုး အောက်ခြေအထိ ဆက်တိုက် စီးဆင်းသွားတာပေါ့။
အခုအချိန်အထိတော့ စီးပွားရေးက ဒီစနစ်နဲ့ပဲ ကောင်းကောင်း လည်ပတ်နိုင်ခဲ့တာပါ။ ဒါပေမဲ့ အနာဂတ်မှာတော့ အဲဒီလို ဖြစ်လာမှာ မဟုတ်တော့ပါဘူး။
လူတွေက ကောင်းကောင်း သတိမထားမိကြသေးပေမဲ့ စက်မှုလုပ်ငန်းတစ်ခုလုံးမှာ လျင်မြန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတာပါ။
လျှပ်စစ်ကားတွေက ရှုပ်ထွေးတဲ့ အင်ဂျင်တွေနဲ့ ဂီယာတွေအစား မော်တာတွေနဲ့ ဘတ္ထရီတွေကို သုံးကြတယ်။ အဲ့လိုသုံးတာက အစိတ်အပိုင်း အရေအတွက်ကို တစ်ဝက်ထက်မက လျော့နည်းသွားပါစေတယ်။ ဒါက တစ်ဖက်မှာတော့ လက်ရှိ အစိတ်အပိုင်းတွေ ထုတ်လုပ်နေတဲ့ မိတ်ဖက်ကုမ္ပဏီတွေရဲ့ တစ်ဝက်ထက်မက ပိတ်သိမ်းသွားရနိုင်ပြီး အလုံးအရင်းနဲ့ အလုပ်လက်မဲ့ဖြစ်မှုတွေ ကြုံရနိုင်တယ်လို့ အဓိပ္ပာယ်ရတာပါပဲ။
ဒါကြောင့်မလို့ ကျွန်တော်တို့အနေနဲ့ အနာဂတ် ကားကဏ္ဍဆီ အကူးအပြောင်းကို တတ်နိုင်သမျှ အမြန်ဆုံး အရှိန်မြှင့်ရမှာဖြစ်ပြီး အစိတ်အပိုင်း စက်မှုလုပ်ငန်းရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရမှာပါ။ ပြီးတော့ စက်ရုံတွေ ပိုများများနဲ့ အလုပ်အကိုင်တွေ ပိုများများ ဖန်တီးရပါလိမ့်မယ်။
ကျွန်တော် ကိုရီးယားမှာ စက်ရုံဆောက်ဖို့ ဆုံးဖြတ်ခဲ့တာက မျိုးချစ်စိတ်တစ်ခုထဲကြောင့် မဟုတ်ပါဘူး။
ကိုရီးယားမှာ အရည်အသွေးမြင့် လုပ်သားအင်အား ရှိတာ၊ သန်း ၅၀ ကျော်ရှိတဲ့ ပြည်တွင်းစျေးကွက် ရှိတာ၊ တစ်ဦးကျဝင်ငွေ ဒေါ်လာ ၃၀၀၀၀ အထိ ရှိတဲ့ ဝယ်ယူနိုင်စွမ်းအား ရှိတာနဲ့ တရုတ်၊ ရုရှား၊ ဂျပန်၊ အာဆီယံလိုမျိုး ကြီးမားတဲ့ ဈေးကွက်တွေနဲ့ နီးကပ်တာ စတဲ့ အားသာချက်တွေ ရှိနေပါတယ်။
ဒါက တကယ့်ကို အကောင်းဆုံး နေရာတစ်ခုပါပဲ။ ဒါပေမဲ့ တစ်ခုထဲသော ပြဿနာကတော့ အလုပ်သမားသမဂ္ဂတွေပါ။
ဥက္ကဌ လင်ဂျင်ယုံ က မေးတယ်။
"တကယ်လို့ သူတို့က အဆုံးထိ ဆက်ပြီး ကန့်ကွက်နေရင်ကော"
ကျွန်တော် ပုခုံးတွန့်ပြလိုက်ပြီး ပြောလိုက်တယ်။
"ဒါဆိုရင်တော့ စိတ်မကောင်းစရာပဲပေါ။ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်တော့ဘူး"
ကျွန်တော် လုပ်နိုင်တာက ဒီအဆင့်အထိပဲ။ ရွေးချယ်မှုကိုတော့ ပြည်သူတွေဆီပဲ လွှဲရတော့မှာပါ။
အတိတ်တုန်းကတော့ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ အားနည်းခဲ့စဉ်က ပြည်သူလူထုက အွန်ဆောင်း မော်တာ သမဂ္ဂကို ထောက်ခံခဲ့ကြပါတယ်။ သူတို့ရဲ့ ကြိုးပမ်းမှုတွေက ဆိုးရွားတဲ့ လုပ်ငန်းခွင် အခြေအနေတွေကို တိုးတက်စေတယ်လို့ ယုံကြည်ခဲ့ကြလို့ပါပဲ။
ဒါပေမဲ့ ဆန်းကြယ်တာက ကုမ္ပဏီကြီး သမဂ္ဂအတွက် ခံစားခွင့်တွေ ပိုပြီး ရရှိလေလေ အလုပ်အကိုင် ကွာဟချက်က ပိုပြီး ပြင်းထန်လာလေလေဖြစ်ပြီး၊ သပိတ်မှောက်တဲ့ အကြိမ်တိုင်းမှာ မိတ်ဖက်ကုမ္ပဏီတွေနဲ့ ယာယီဝန်ထမ်းတွေပဲ ဒုက္ခရောက်ခဲ့ရတာပါ။
သေချာ ကြည့်မယ်ဆိုရင် ဒါက သဘာဝကျပါတယ်။ သမဂ္ဂဆိုတာ ကိုယ့်အဖွဲ့ဝင်တွေရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုဖို့ ဖန်တီးထားတဲ့ အဖွဲ့အစည်း ဖြစ်တာပဲလေ။ ဒါကြောင့် သူတို့အနေနဲ့ တခြား အလုပ်သမားတွေရဲ့ အခြေအနေကို ငဲ့ညှာနေဖို့ အကြောင်းပြချက် မရှိပါဘူး။
အဲဒီကျမှ ပြည်သူလူထုက ကုမ္ပဏီကြီး သမဂ္ဂတွေရဲ့ ကိုယ်ကျိုးရှာတဲ့ လုပ်ရပ်တွေအပေါ် အေးစက်တဲ့ အကြည့်တွေနဲ့ ကြည့်လာခဲ့ကြတယ်။
ဒီလို အခြေအနေမျိုးမှာ ကန်ဂျင်ဟူ က ရှေ့ထွက်လာပြီး အလုပ်အကိုင် ကွာဟချက်ကို လျှော့ချဖို့အတွက် ကြိုးပမ်းမှုတစ်ရပ်အနေနဲ့ စုပေါင်းလစာစနစ်နဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးမယ်လို့ ပြောတဲ့အခါ ပြည်သူတွေအားလုံးက ဝမ်းမြောက်ဝမ်းသာ ထောက်ခံခဲ့ကြတယ်။ ကန်ဂျင်ဟူကို ဝေဖန်နေခဲ့ကြတဲ့ ရှေးရိုးစွဲ လူငယ်တွေတောင်မှ လက်ခုပ်တီး ချီးကျူးခဲ့ကြတာပေါ့။
နည်းပညာ တိုးတက်လာတာနဲ့ တိုးတက်မှုနှုန်း ကျဆင်းလာတာကြောင့် ကိုရီးယားမှာ ကုန်ထုတ်လုပ်မှု အလုပ်အကိုင်တွေက တဖြည်းဖြည်း လျော့နည်းလာနေခဲ့တာပါ။ ဒါကြောင့်မလို့လည်း ကိုရီးယားလူငယ်တွေဟာ နိုင်ငံတည်ထောင်စကတည်းက အမြင့်ဆုံး အရည်အချင်းတွေ ရှိနေကြပေမဲ့ အလုပ်လက်မဲ့ ဖြစ်နေကြရတယ်ဆိုတဲ့ စကားက ထွက်လာကြတာပေါ့။
ဒီလို အခြေအနေမျိုးမှာ လျှပ်စစ်ကား စက်မှုဇုန်ဟာ မိုးခေါင်ရေရှား အချိန်မှာ ရွာချလိုက်တဲ့ မိုးပြေးလေးလိုပဲ ကြိုဆိုစရာ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ရှိရင်းစွဲ သမဂ္ဂတွေက သူတို့ရဲ့ အခွင့်ထူးခံ ရပိုင်ခွင့်တွေကို ကာကွယ်မှုကြောင့် အလုပ်အကိုင် သောင်းနဲ့ချီဟာ နိုင်ငံရပ်ခြားဆီ ရောက်ရှိသွားတော့မှာ ဖြစ်တာကြောင့် ပြည်သူတွေရဲ့ ဒေါသက ပေါက်ကွဲသွားခဲ့ရတယ်။
လက်တွေ့မှာတော့ အလုပ်သမား အဖွဲ့ချုပ်ကြီး နှစ်ခုက အလုပ်သမားထု တစ်ရပ်လုံးကို ကိုယ်စားပြုသလိုမျိုး ထင်ရပေမဲ့ သူတို့ရဲ့ အမှန်တကယ် အဖွဲ့ဝင်ဝင်ရောက်မှုနှုန်းက ၁၀ ရာခိုင်နှုန်းပဲ ရှိတာပါ။ ပြောရရင် အလုပ်သမား ၁၀ ယောက်မှာ တစ်ယောက်ပဲ အလုပ်သမားသမဂ္ဂနဲ့ ဆက်စပ်နေတာလေ။
ဒါပေမဲ့ အလုပ်သမားသမဂ္ဂက ကန့်ကွက်နေတာကြောင့် ကျန်တဲ့ ၉၀ ရာခိုင်နှုန်းသော အလုပ်သမားတွေက ထိခိုက်နစ်နာမှုတွေကို ခံရတော့မှာပါ။ အခြေအနေကို စောင့်ကြည့်နေခဲ့ကြတဲ့ အသေးစားနဲ့ အလတ်စား ကုမ္ပဏီ သမဂ္ဂတွေက အလုပ်သမား အဖွဲ့ချုပ်ကြီး နှစ်ခုကနေ နုတ်ထွက်ကြောင်း တစ်ခုပြီးတစ်ခု စတင်ကြေညာလာခဲ့ကြတယ်။
ဘာလို့လဲဆိုတော့ စုပေါင်းလစာစနစ်က ကုမ္ပဏီကြီး သမဂ္ဂတွေအတွက်တော့ လစာအဆင့် လျော့ကျသွားတာမျိုး ဖြစ်နိုင်ပေမဲ့ တခြား အလုပ်သမားတွေအတွက်တော့ လစာအဆင့် မြင့်တက်လာတာမျိုး ဖြစ်လို့ပါပဲ။ ဒီလို အလုပ်အကိုင်တွေ တိုးပွားလာတာကို ဆန့်ကျင်ဖို့ အကြောင်းပြချက် မရှိဘူးလေ။
အလုပ်သမား အဖွဲ့ချုပ်ကြီး နှစ်ခုကတော့ လူထုဆန္ဒပြပွဲမှာ ပါဝင်သူ အရေအတွက် ၃ သိန်းအထိ ရှိလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာပါ။ ဒါပေမဲ့ ပြည်သူလူထုရဲ့ အမြင်တွေ ဆိုးရွားလာတာကြောင့် ဆက်စပ်မှု နည်းပါးတဲ့ စက်မှုလုပ်ငန်းအလိုက် သမဂ္ဂတွေကပါ အကြောင်းပြချက် အမျိုးမျိုးပေးပြီး နောက်ဆုတ်သွားခဲ့ကြတာကြောင့် လက်တွေ့ ပါဝင်သူ အရေအတွက်က ၁၀၀၀၀ တောင် မပြည့်ခဲ့ပါဘူး။
ဂွမ်ဟွာမွန်း စတုရန်းကွင်းပြင်ရဲ့ တစ်ဖက်မှာ စင်မြင့်တစ်ခုနဲ့ စပီကာတွေကို တပ်ဆင်ထားခဲ့တယ်။ အနီရောင် ခေါင်းစည်းပုဝါတွေနဲ့ အင်္ကျီတွေ ဝတ်ဆင်ထားတဲ့ အလုပ်သမားတွေ ထိုင်နေကြတာပေါ့။ ဂွမ်ဟွာမွန်း နယ်မြေတစ်ခုလုံးကို ဆန္ဒပြတဲ့လူတွေနဲ့ ဖြည့်ဖို့ နေနေသာသာ စတုရန်းကွင်းပြင်ရဲ့ တစ်ဖက်ခြမ်းကိုတောင် ဖြည့်ဖို့ ခက်ခဲနေတာပါ။
အဲဒါအစား ဆန့်ကျင်ဘက်ခြမ်းမှာတော့ တခြားလူတွေ စတင်စုဝေးလာခဲ့ကြတယ်။ သူတို့ကတော့ လူမှုကွန်ရက်တွေနဲ့ ဝဘ်ဆိုဒ်တွေပေါ်မှာ တင်ထားတဲ့ ဖယောင်းတိုင်မီးထွန်း ဆန္ဒပြပွဲ ကြေညာချက်တွေကို မြင်ပြီး စုဝေးလာခဲ့ကြတဲ့ ပြည်သူတွေပါပဲ။
အလုပ်သမားအဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင် ကော်မတီက စနစ်တကျ စီစဉ်ထားတဲ့ ဆန္ဒပြပွဲနဲ့မတူဘဲ သူတို့ကတော့ အနှံ့အပြားကနေ အလိုလိုနေရင်း လာရောက်စုဝေးကြတဲ့ တစ်ဦးချင်းစီ ဖြစ်တာကြောင့် အစပိုင်းမှာတော့ လူဦးရေ နည်းပါးနေခဲ့တယ်။
အလုပ်သမား အဖွဲ့ချုပ်ကြီး နှစ်ခုရဲ့ ခေါင်းဆောင်တွေက စင်မြင့်ပေါ်ကို တစ်လှည့်စီ တက်သွားကြပြီး OTK ကုမ္ပဏီ၊ ဆိုးဆောင်း အုပ်စုနဲ့ အွန်ဆောင်း မော်တာ အုပ်စုတို့ကို ရှုတ်ချခဲ့ကြတယ်။
သမဂ္ဂခေါင်းဆောင် ဂျူဆောင်းမူ က အားရပါးရ အော်ဟစ်လိုက်တယ်။
"ကျွန်တော်တို့ဟာ လုပ်ငန်းခွင် အခြေအနေတွေကို ဆိုးရွားစေပြီး အလုပ်သမားနဲ့ အလုပ်ရှင် ဆက်ဆံရေးကို ပျက်စီးစေမယ့် စုပေါင်းလစာစနစ်ကို ဆန့်ကျင်ပါတယ်"
"ဆန့်ကျင်တယ်... ဆန့်ကျင်တယ်"
"စီအီးအို ကန်ဂျင်ဟူ အနေနဲ့ သမဂ္ဂကို ဖြိုခွဲတဲ့ လုပ်ရပ်တွေအတွက် ချက်ချင်း တောင်းပန်ပါ"
"တောင်းပန်ပါ... တောင်းပန်ပါ"
ဒါပေမဲ့ နေဝင်စပြုလာတဲ့အခါ သမဂ္ဂအဖွဲ့ဝင်တွေကြားထဲမှာ တိုးတိုးတိုးတိုးနဲ့ စကားသံတွေ ပျံ့နှံ့သွားခဲ့ရတယ်။ ဖယောင်းတိုင်မီးတွေဟာ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်မျက်နှာအနှံ့ကနေ လင်းထိန်လာခဲ့လို့ပါပဲ။
"သမဂ္ဂ ဖြိုခွဲတဲ့ လုပ်ရပ်တွေကို ရပ်တန့်ပါ။ ပြီး... ပြီးတော့..."
သူ ဆက်ပြီး စကားမပြောနိုင်တော့ပါဘူး။
ဖယောင်းတိုင်မီးထွန်း ဆန္ဒပြပွဲမှာ ပါဝင်သူ အရေအတွက်ဟာ ဂွမ်ဟွာမွန်း စတုရန်းကွင်းပြင်တင်မကဘဲ ဘေးတစ်ဖက်တစ်ချက်စီက လမ်းတွေနဲ့ ပတ်ဝန်းကျင် နယ်မြေတစ်ခုလုံးကိုပါ ပြည့်လျှံသွားတဲ့အထိ တိုးပွားလာခဲ့တာပါ။
ဖယောင်းတိုင်မီးတွေက သမဂ္ဂအဖွဲ့ဝင်တွေကို ဝိုင်းရံထားသလိုမျိုး ဖြစ်နေခဲ့တာပေါ့။
အစပိုင်းမှာ တကွဲတပြားစီ ဖြစ်နေခဲ့တဲ့ တစ်ဦးချင်းစီရဲ့ အသံတွေဟာ အချိန်ကြာလာတာနဲ့အမျှ တစ်ခုထဲအဖြစ် ပေါင်းစည်းသွားခဲ့တယ်။ အချိန်ခဏလေးအတွင်းမှာပဲ အဲဒါက ကြီးမားတဲ့ ဟိန်းဟောက်သံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တယ်။
" လျှပ်စစ်ကား စက်မှုဇုန်ကို ကျွန်တော်တို့တွေ ထောက်ခံပါတယ်"
" စုပေါင်းလစာစနစ်ကို ကျွန်တော်တို့တွေ ထောက်ခံပါတယ်"
"ထောက်ခံပါတယ်"
"ပြည်သူတွေက ထောက်ခံပါတယ်"
"ထောက်ခံတယ်... ထောက်ခံတယ်"
အဲဒီ ဟိန်းဟောက်သံကြီးက ဂွမ်ဟွာမွန်း နယ်မြေတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့တယ်။
သမဂ္ဂခေါင်းဆောင် ဂျူဆောင်းမူ ကတော့ ဘာစကားမှ ဆက်မပြောနိုင်တော့ဘဲ ခေါင်းကိုသာ ငုံ့ထားလိုက်ပါတော့တယ်။