အခန်း ၂၅၈
Vol. 26 Ch. 258
အခန်း (၂၅၈)
ပြည်သူလူထုက ထကြွလာတဲ့အခါ အလုပ်သမားကဏ္ဍရဲ့ မျက်နှာကိုပဲ ကြည့်ပြီး ဘာမှမလုပ်ဘဲ နေခဲ့ကြတဲ့ နိုင်ငံရေးလောကကလည်း စတင်လှုပ်ရှားလာခဲ့တယ်။
သမ္မတ ဟိုချန်မင်း နဲ့ အိမ်ပြာတော်က အလုပ်သမားကဏ္ဍကို နှစ်သိမ့်ပေးရင်း လိုက်လျောမှုတွေလုပ်ဖို့ အကြံပြုခဲ့ကြတယ်။ နိုင်ငံရေးသစ်ပါတီ ကတော့ လျှပ်စစ်ကား စက်မှုဇုန်ကို ဆွဲဆောင်ဖို့နဲ့ ပံ့ပိုးကူညီဖို့ ကိစ္စကို သူတို့ပါတီရဲ့ မူဝါဒအဖြစ် သတ်မှတ်လိုက်ပြီး လုပ်သက်အခြေခံ လစာစနစ်ကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့တယ်။
အိမ်ပြာတော်နဲ့ အာဏာရပါတီ လုပ်သမျှကို အဆင်အခြင်မဲ့ ကန့်ကွက်နေခဲ့တဲ့ လေဘာပါတီ ကလည်း ဒီတစ်ကြိမ်မှာတော့ အသံတစ်သံထဲ ထွက်လာခဲ့တယ်။
အာဏာရပါတီကော အတိုက်အခံပါတီကပါ လွှတ်တော် အမတ်တွေဟာ သက်ဆိုင်ရာ ကုမ္ပဏီတွေကို စည်းရုံးတာတွေ၊ စက်မှုဇုန်ကို အပိုင်ရအောင် ဥပဒေကြမ်းတွေ တင်သွင်းတာတွေ စတင်လုပ်ဆောင်လာခဲ့ကြတယ်။
သမဂ္ဂကနေ နုတ်ထွက်မှုတွေ ဆက်တိုက်ဖြစ်လာတာနဲ့အမျှ အလုပ်သမား အဖွဲ့ချုပ်ကြီး နှစ်ခုရဲ့ အင်အားက လျင်မြန်စွာ ကျဆင်းသွားခဲ့ပြီး အွန်ဆောင်း မော်တာ သမဂ္ဂကတော့ လုံးဝကို ချောင်ပိတ်မိသွားခဲ့ရတော့တာပဲ။
အွန်ဆောင်း မော်တာ အုပ်စု ရုံးချုပ်နဲ့ OTK ကုမ္ပဏီ အရှေ့မှာ ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေခဲ့ပေမဲ့ ဖြတ်သွားဖြတ်လာ ပြည်သူတွေရဲ့ ဝေဖန်မှုကိုပဲ ခံခဲ့ရတယ်။ တချို့ပြည်သူတွေဆိုရင် သမဂ္ဂတွေအရှေ့မှာ ပြန်လည်ဆန္ဒပြတာမျိုးတွေအထိ လုပ်ခဲ့ကြတယ်။
လက်ရှိ ကိုရီးယား မော်တော်ကား စက်မှုလုပ်ငန်းက အဆိုးရွားဆုံး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာလေ။
လူဦးရေ တည်ဆောက်ပုံ အပြောင်းအလဲ၊ ကားမျှဝေသုံးစွဲမှု၊ Ride sharing နဲ့ အလိုအလျောက်မောင်းနှင်တဲ့ နည်းပညာတွေကြောင့် ကားရောင်းအားက ဆက်တိုက် ကျဆင်းနေခဲ့တာပါ။ ဒါပေမဲ့ ဒီအချက်တွေကို ထည့်တွက်ရင်တောင် ကိုရီးယားရဲ့ အခြေအနေက ပိုပြီး ပြင်းထန်နေခဲ့တယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်အထိ ကိုရီးယားက ကမ္ဘာ့ ပဉ္စမမြောက် အကြီးဆုံး ကားထုတ်လုပ်တဲ့နိုင်ငံအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ပေမဲ့ အခုတော့ အိန္ဒိယရဲ့ ကျော်တက်ခြင်းကို ခံလိုက်ရပြီး ဆဋ္ဌမနေရာကို ရောက်သွားခဲ့ပါပြီ။ ဒါ့အပြင် လေအိတ်ပြန်သိမ်းတဲ့ အကြပ်အတည်းနဲ့ သပိတ်မှောက်မှုတွေ ထပ်တူကျသွားတဲ့အတွက် အခုဆိုရင် မက္ကဆီကိုရဲ့ နောက်ကိုပါ ရောက်သွားပြီး သတ္တမနေရာအထိ ကျဆင်းသွားခဲ့ရတယ်။ ဒုံဒူချွန်း စက်ရုံပါ ပိတ်လိုက်ရပြီဖြစ်လို့ ထုတ်လုပ်မှု ပမာဏက နောက်ပိုင်း ပိုပြီးတော့တောင် လျော့နည်းသွားတော့မှာပါ။
ကားအချောထည် ထုတ်လုပ်တဲ့ လုပ်ငန်းကြီးတွေရဲ့ အခြေအနေက ဒီလောက်အထိ ဆိုးရွားနေရင် မိတ်ဖက်ကုမ္ပဏီတွေရဲ့ အခြေအနေကတော့ ပြောနေစရာတောင် မလိုတော့ပါဘူး။ အလတ်စား ကုမ္ပဏီတွေလို့ သတ်မှတ်နိုင်တဲ့ ပထမအဆင့် မိတ်ဖက်ကုမ္ပဏီတွေထဲက တစ်ဝက်လောက်က အရှုံးပြနေခဲ့ကြပြီး ဒုတိယနဲ့ တတိယအဆင့် မိတ်ဖက်ကုမ္ပဏီတွေကတော့ ဒေဝါလီခံရမယ့် အခြေအနေကို ဆိုက်ရောက်နေခဲ့ပါပြီ။ တကယ်လို့ ဒုတိယအဆင့် မိတ်ဖက်ကုမ္ပဏီတစ်ခုသာ ဒေဝါလီခံလိုက်ရရင် တတိယအဆင့် ကုမ္ပဏီအမြောက်အမြားကပါ အတူတူ ပြိုလဲသွားကြမှာပါ။
ဒီလို အခြေအနေမျိုးမှာ သူတို့က လစာတိုးပေးဖို့နဲ့ သမဂ္ဂအဖွဲ့ဝင်တွေရဲ့ သားသမီးတွေကို အလုပ်ခန့်ရာမှာ ဦးစားပေးဖို့ တောင်းဆိုပြီး အလုံးစုံ သပိတ်မှောက်မှုကို လုပ်ခဲ့ကြတာဆိုတော့ ပြည်သူလူထုရဲ့ အမြင်က မကောင်းတာ မဆန်းပါဘူး။
ပြန်တွေးကြည့်ရင် သပိတ်မှောက်မှုက အစကတည်းကိုက အကြောင်းပြချက် မခိုင်လုံခဲ့တာလေ။ သမဂ္ဂအဖွဲ့ဝင်တွေထဲမှာတင် သပိတ်မှောက်မှုကို ရုတ်သိမ်းဖို့ တောင်းဆိုတဲ့ အသံတွေက ပိုပြီး ကျယ်လောင်လာခဲ့တယ်။
အွန်ဆောင်း မော်တာ အနေနဲ့ CarOS နဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တဲ့ အချိန်ကတည်းက သပိတ်မှောက်တယ်ဆိုတာ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ် ဖြစ်သွားခဲ့ပြီလေ။
ရှယ်ယာစျေးနှုန်းတွေက ပြန်တက်လာနေပြီး ရှယ်ယာရှင်တွေ ကလည်း ဟန်ချန်ယောင်း ရဲ့ စနစ်ကို ထောက်ခံနေကြတာပါ။ BW ထုတ်ဝေမှုကတစ်ဆင့် လုံလောက်တဲ့ ရန်ပုံငွေတွေကိုလည်း ရရှိထားပြီးသားလေ။ အွန်ဆောင်း မော်တာ ရဲ့ အရေးပေါ် ရန်ပုံငွေ ပံ့ပိုးမှုနဲ့ CarOS ဆီက အော်ဒါတွေကြောင့် မိတ်ဖက်ကုမ္ပဏီတွေလည်း သက်ပြင်းချနိုင်ခဲ့ကြတယ်။
အားလုံးထက် ပိုဆိုးတာက စက်မှုဇုန်ကို နိုင်ငံရပ်ခြားဆီ ရွှေ့လိုက်ရင်တောင် ပြဿနာက လုံးဝ ပြေလည်သွားမှာ မဟုတ်ပါဘူး။
အလုပ်သမားနဲ့ အလုပ်ရှင် သဘောတူညီချက်အရ အွန်ဆောင်း မော်တာ အနေနဲ့ နိုင်ငံခြားစက်ရုံတွေမှာ ထုတ်လုပ်တဲ့ ကားတွေကို ပြည်တွင်းဆီ သွင်းခွင့်မရှိပါဘူး။ ဒါပေမဲ့ လျှပ်စစ်ကား စက်မှုဇုန်ကို ဦးဆောင်နေတာက OTK ကုမ္ပဏီပါ။ အွန်ဆောင်း မော်တာ ကတော့ စက်ရုံလည်ပတ်မှုနဲ့ ရှယ်ယာ ရင်းနှီးမြှုပ်နှံမှုမှာပဲ ပါဝင်တာပါ။
တကယ်လို့ နိုင်ငံရပ်ခြားမှာ ထုတ်လုပ်တဲ့ ကားတွေကို အွန်ဆောင်း မော်တာ တံဆိပ်မဟုတ်ဘဲ တခြား တံဆိပ်နဲ့ တခြားကုမ္ပဏီကနေ ကိုရီးယားဆီ သွင်းလာရင် အဲဒါကို တားဆီးဖို့ ထိရောက်တဲ့ နည်းလမ်း မရှိပါဘူး။
ဒီလိုသာ ဖြစ်လာရင် သပိတ်မှောက်တာကို အသုံးချပြီး ပြည်တွင်းစျေးကွက်ကို ဓားစာခံလုပ်ဖို့က မဖြစ်နိုင်တော့ပါဘူး။ ဒါက အလုပ်သမားသမဂ္ဂအနေနဲ့ အခုအချိန်အထိ ခံစားခဲ့ရတဲ့ လက်ဝါးကြီးအုပ် ရပိုင်ခွင့်အဆင့်အတန်း ပျက်စီးသွားပြီလို့ အဓိပ္ပာယ်ရပါတယ်။
အခုကစပြီး သူတို့ဟာ အသစ်တည်ဆောက်မယ့် စက်ရုံတွေနဲ့ ကုန်ထုတ်လုပ်မှု စွမ်းအားချင်း ပြိုင်ဆိုင်ကြရတော့မှာပါ။ သမဂ္ဂအတွက်တော့ အဆိုးရွားဆုံး အခြေအနေက လက်တွေ့ ဖြစ်လာခဲ့ပြီပေါ့။
ဒါကြောင့်မလို့ သမဂ္ဂခေါင်းဆောင် ဂျူဆောင်းမူ က အွန်ဆောင်း မော်တာ အနေနဲ့ သဘောတူညီချက်ကို ဖျက်သိမ်းပြီး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကနေ လုံးဝ နုတ်ထွက်ရမယ်လို့ အော်ဟစ်နေခဲ့ပေမဲ့ အဲဒါက အဓိပ္ပာယ်မရှိတဲ့ အော်ဟစ်မှုသက်သက်ပဲဖြစ်နေခဲ့တယ်။
တကယ်လို့ ကုမ္ပဏီဘက်က ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို ဇွတ်အတင်း တွန်းအားပေးခဲ့ရင် ဒီဘက်က အဆုံးထိ ဆန့်ကျင်ဖို့ အကြောင်းပြချက် ရှိကောင်းရှိနိုင်ခဲ့လောက်မှာပါ။ ဒါပေမဲ့ ကန်ဂျင်ဟူ က ကိုရီးယားမှာ ရင်းနှီးမြှုပ်နှံမှာကို ပွင့်ပွင့်လင်းလင်း ရုတ်သိမ်းလိုက်ပြီး ပြည်သူလူထုရဲ့ ထောက်ခံမှုကို ရယူကာ အတားအဆီးတွေကို ဖြိုခွဲပစ်လိုက်တယ်။
'သူက အစကတည်းက ဒီလိုဖြစ်လာမယ်ဆိုတာ သိနေခဲ့တာလား'
သမဂ္ဂခေါင်းဆောင် ဂျူဆောင်းမူ က လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက တွေ့ခဲ့ရတဲ့ အသက် ၂၀ ကျော် လူငယ်လေးရဲ့ ပုံရိပ်ကို ပြန်တွေးမိပြီး အံကြိတ်လိုက်မိတယ်။
"ကန်ဂျင်ဟူ... ခွေးမသား..."
အွန်ဆောင်း မော်တာ သမဂ္ဂက သပိတ်မှောက်မှုကို ရုတ်သိမ်းလိုက်ပြီး လုပ်ငန်းခွင်ထဲ ပြန်ဝင်ခဲ့ကြတယ်။ ဒါက သူတို့အနေနဲ့ ဘာအကျိုးအမြတ်မှ မရဘဲ သပိတ်မှောက်မှုကို အဆုံးသတ်လိုက်ရတဲ့ ပထမဆုံးအကြိမ်ပါပဲ။
သမဂ္ဂခေါင်းဆောင် ဂျူဆောင်းမူ နဲ့ သမဂ္ဂ တာဝန်ရှိသူတွေဟာ တာဝန်ယူတဲ့အနေနဲ့ သူတို့ရဲ့ ရာထူးတွေကနေ နုတ်ထွက်သွားခဲ့ကြတယ်။
တိုက်ပွဲဝင်မယ့် အရှိန်အဟုန်က ပျောက်ဆုံးသွားခဲ့ပြီဖြစ်လို့ နောက်ဆက်တွဲ ကုမ္ပဏီနဲ့ ဆွေးနွေးပွဲတွေမှာလည်း ဘာမှ မရရှိခဲ့ကြပါဘူး။
လစာတွေကို နဂိုအတိုင်းပဲ လက်ခံလိုက်ပြီး သမဂ္ဂအဖွဲ့ဝင်တွေရဲ့ သားသမီးတွေကို အလုပ်ခန့်ရာမှာ ဦးစားပေးဖို့ အပါအဝင် သူတို့ရဲ့ တောင်းဆိုချက်တွေထဲက တစ်ခုမှ လက်ခံခြင်း မခံခဲ့ရဘူး။ အလုပ်အကိုင် တည်မြဲရေးကိုပဲ ပြန်လည်အတည်ပြုနိုင်ခဲ့ကြတာပါ။
ကန်ဂျင်ဟူ ကတော့ အလုပ်သမား အဖွဲ့ချုပ်ကြီး နှစ်ခုဘက်က ကန့်ကွက်မှာမဟုတ်ဘူးဆိုတဲ့ အတည်ပြုချက်ကို ရရှိပြီးတဲ့နောက်မှ ကိုရီးယားမှာ လျှပ်စစ်ကား စက်မှုဇုန်တစ်ခု တည်ဆောက်မယ်လို့ ကြေညာခဲ့တယ်။
ကျွန်တော်တို့တွေ လျှပ်စစ်ကား စက်မှုဇုန် နှစ်ခုအတွက် မြေနေရာ ရွေးချယ်မှုကို စတင်ခဲ့ကြတယ်။
လျှပ်စစ်ကားကဏ္ဍမှာ ဒီလောက်အထိ အကြီးအကျယ် ရင်းနှီးမြှုပ်နှံတာမျိုးက Nikola က နီဗားဒါးမှာ Gigafactory ဆောက်ခဲ့ပြီးကတည်းက ပထမဆုံးအကြိမ်ပါပဲ။
ဒါက OTK ကုမ္ပဏီ အနေနဲ့ အလိုအလျောက်မောင်းနှင်မှုနဲ့ ဘတ္ထရီ နယ်ပယ်တွေမှာ အကောင်းဆုံး နည်းပညာတွေ ရှိနေသလို ငွေကြေးအရလည်း ကြွယ်ဝချမ်းသာလို့သာ ရင်းနှီးမြုတ်နှံနိုင်နေတာပါ။
ပြည်တွင်းမှာတော့ ဒုံဒူချွန်း ကို မြေနေရာအဖြစ် ယာယီ သတ်မှတ်လိုက်ကြတယ်။
အကြောင်းပြချက်ကတော့ GM က ချန်ထားခဲ့တဲ့ စက်ရုံနဲ့ စက်မှု အခြေခံအဆောက်အဦးတွေက အကောင်းအတိုင်း ကျန်နေသေးတာကြောင့် စက်မှုဇုန်ကို အမြန်ဆုံး တည်ဆောက်နိုင်မယ်ဆိုတဲ့ အားသာချက် ရှိနေလို့ပါပဲ။
နောက်ပိုင်း အခြေအနေအပေါ် မူတည်ပြီး စက်မှုဇုန်တွေ ပိုပြီး ဆောက်လာရနိုင်တာမလို့ တခြား ဒေသန္တရ အစိုးရအဖွဲ့တွေဆီမှာလည်း စီစဉ်ထားတဲ့အတိုင်း ကွင်းဆင်းစစ်ဆေးမှုတွေကို ဆက်လုပ်ဖို့ စီစဉ်ထားတယ်။
ကျွန်တော်တို့က စက်မှုဇုန်ရဲ့ အနည်းဆုံး ထုတ်လုပ်မှု ပမာဏကိုတော့ အာမခံပေးဖို့ စီစဉ်ထားပေမဲ့ အပိုပမာဏကိုတော့ ကုန်ထုတ်လုပ်မှု စွမ်းအားအပေါ် မူတည်ပြီး ခွဲဝေပေးမှာပါ။ အတိုချုပ်ပြောရရင် ဒေသတစ်ခုစီက စက်ရုံတွေဟာ ကုန်ထုတ်လုပ်မှု စွမ်းအားချင်း အချင်းချင်း ပြိုင်ဆိုင်ကြရမှာပေါ့။
ဒါက တစ်ကမ္ဘာလုံးမှာ ထုတ်လုပ်မှု အဆောက်အဦးတွေ ရှိကြတဲ့ ကမ္ဘာ့အဆင့်မီ ကုမ္ပဏီတွေ သုံးလေ့ရှိတဲ့ အများသုံး နည်းလမ်းတစ်ခုပါပဲ။
အွန်ဆောင်း မော်တာ က ဒီနည်းလမ်းကို မလုပ်နိုင်ခဲ့တဲ့ အကြောင်းရင်းကတော့ 'နိုင်ငံခြား စက်ရုံတွေမှာ ထုတ်လုပ်တဲ့ ကားတွေ ဒါမှမဟုတ် အစိတ်အပိုင်းတွေကို ကိုရီးယားဆီ သွင်းလာတဲ့အခါ သမဂ္ဂရဲ့ သဘောတူညီချက်ကို ရယူရမယ်' ဆိုတဲ့ စုပေါင်းသဘောတူညီချက်ကြောင့်ပါ။
ဒါကြောင့်မလို့ တစ်ကမ္ဘာလုံးက မော်တော်ကား စက်ရုံတွေက ကုန်ထုတ်လုပ်မှု စွမ်းအားချင်း ပြိုင်ဆိုင်နေကြတဲ့ အခြေအနေမျိုးမှာတောင် အွန်ဆောင်း မော်တာ ရဲ့ ကိုရီးယားစက်ရုံတွေကပဲ သာယာနေခဲ့တာလေ။
GM ရဲ့ ကိစ္စမှာဆိုရင်တော့ ကုန်ထုတ်လုပ်မှု စွမ်းအား နည်းတဲ့ စက်ရုံတွေကို ပြတ်ပြတ်သားသား ပိတ်ပစ်ခဲ့တာပဲ။ သြစတြေးလျက ဟိုးဒန်း စက်ရုံနဲ့ ကိုရီးယားက ဒုံဒူချွန်း စက်ရုံတို့က အထင်ကရ သာဓကတွေပေါ့၊ အမေရိကန်လည်း ချွင်းချက်မဟုတ်ဘဲ အတိတ်တုန်းက တစ်ချိန်က အမေရိကန် စက်ရုံ ၁၀ ခုထက်မက ပိတ်ပစ်ခဲ့ဖူးတယ်။
ဥက္ကဌ ဟန်ချန်ယောင်း ကတော့ လည်ပတ်မှုနှုန်း နည်းနေတဲ့ ပြည်တွင်း ပြည်ပ စက်ရုံတွေကို လျှပ်စစ်ကား ထုတ်လုပ်မှုစက်ရုံတွေအဖြစ် အဆင့်ဆင့် ပြောင်းလဲသွားမှာဖြစ်ပြီး ဝန်ထမ်းတွေကို ပြန်လည်နေရာချထားပေးမယ်လို့ ကြေညာခဲ့တယ်။ အတိတ်တုန်းကတော့ သမဂ္ဂက ဝန်ထမ်းနေရာရွှေ့ပြောင်းတာကို အကဲဆတ်ခဲ့ကြပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဘာမှမပြောဘဲ ငြိမ်ငြိမ်သက်သက် သဘောတူခဲ့ကြတယ်။
ကျွန်တော် ဥက္ကဌ လင်ဂျင်ယုံ ဆီကနေ ရထားတဲ့ စက်မှုဇုန်ရဲ့ ပုံစံပြမြေပုံကို ကြည့်လိုက်တယ်။
ဆိုးဆောင်း အီလက်ထရောနစ် က အလိုအလျောက်မောင်းနှင်မှုအတွက် လိုအပ်တဲ့ အီလက်ထရွန်နစ် အစိတ်အပိုင်းတွေ ထုတ်လုပ်ဖို့ တာဝန်ယူမှာဖြစ်ပြီး၊ TS ကုမ္ပဏီ က OTK ဘတ္ထရီတွေ ထုတ်လုပ်ဖို့ တာဝန်ယူကာ၊ အွန်ဆောင်း မော်တာ ကတော့ လျှပ်စစ်ကားတွေ ထုတ်လုပ်ဖို့ တာဝန်ယူမှာပါ။ OTK ကုမ္ပဏီ ကတော့ ရှယ်ယာနဲ့ အဓိက နည်းပညာတွေကို ပံ့ပိုးပေးမှာပေါ့။
ပိုက်ဆံအများဆုံး သုံးရမယ့်သူကတော့ သဘာဝအတိုင်း ဆိုးဆောင်း အုပ်စု ပါပဲ။
ဆိုးဆောင်း အီလက်ထရောနစ် ဟာ Semiconductor အရှိန်အဟုန်ကြောင့် တစ်ကမ္ဘာလုံးကနေ ပိုက်ဆံတွေကို သိမ်းကျုံးရနေခဲ့တာပါ။ သုံးလပတ် အမြတ်က အခုဆိုရင် ဝမ် သိန်းပေါင်း ၁၅ ကုဋေကျော်နေပြီး သိန်းပေါင်း ၂၀ ကုဋေနားကို ချဉ်းကပ်နေခဲ့ပါပြီ။
ဒါကြောင့်မလို့ အကြီးစား စက်မှုလုပ်ငန်းတွေနဲ့ မော်တော်ကားကဏ္ဍတွေ ရုန်းကန်နေရပေမဲ့ ကိုရီးယားရဲ့ ဝင်ငွေစာရင်းက စံချိန်တင် အမြင့်ဆုံးအဆင့်တွေကို ဆက်တိုက် ရောက်ရှိနေတာပေါ့။
ဥက္ကဌ လင်ဂျင်ယုံ က သူရှာထားတဲ့ ပိုက်ဆံတွေကို အီလက်ထရွန်နစ်နဲ့ ဘတ္ထရီကဏ္ဍတွေထဲ ပုံအောထည့်လိုက်တယ်။
မျှော်လင့်ချက်တွေက ရှယ်ယာစျေးနှုန်းတွေပေါ်မှာ ချက်ချင်း ထင်ဟပ်လာခဲ့တယ်။ တချို့ ကျွမ်းကျင်သူတွေကတော့ အီလက်ထရွန်နစ် ကဏ္ဍကနေ အမြတ်အစွန်းတွေ လက်တွေ့ ထွက်လာတဲ့အခါ ဆိုးဆောင်း အီလက်ထရောနစ် ရဲ့ မတည်ရင်းနှီးငွေ ပမာဏက Enple ကို ကျော်တက်သွားလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတယ်။
အွန်ဆောင်း မော်တာ နဲ့ စီးပွားရေး သဘောတူညီချက်ကြောင့် CarOS ရဲ့ လျှပ်စစ်ကား ဖွံ့ဖြိုးတိုးတက်မှုကလည်း အရှိန်ရလာခဲ့တယ်။
အွန်ဆောင်း မော်တာ မှာက ဟိုက်ဒရိုဂျင်ကား နယ်ပယ်မှာ ကမ္ဘာ့အဆင့်မီ နည်းပညာ ရှိနေတာပါ။ ဟိုက်ဒရိုဂျင်ကားနဲ့ လျှပ်စစ်ကားဆိုတာ ဒုတိယအဆင့် ဘတ္ထရီကို သုံးတာလား၊ လောင်စာဆဲလ်ကို သုံးတာလားဆိုတာပဲ ကွာတာလေ။ လျှပ်စစ်ကို သုံးပြီး မော်တာကို လည်ပတ်စေတဲ့ မောင်းနှင်မှုပုံစံကိုယ်နှိုက်ကတော့ အတူတူပါပဲ။
CarOS က မော်တာတွေနဲ့ အင်ဗာတာတွေလိုမျိုး အဓိက အစိတ်အပိုင်းတချို့ကို အွန်ဆောင်း မော်တာ ဆီကနေ ဝယ်ယူဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါရီလ် ကတော့ တစ်နှစ်အတွင်း လျှပ်စစ်ကား မော်ဒယ် နှစ်ခုကို မိတ်ဆက်နိုင်မယ်လို့ ယုံကြည်ချက် ရှိနေပါတယ်။
ဝယ်ယူသူတွေအနေနဲ့ လျှပ်စစ်ကားတွေမှာ အရေးအကြီးဆုံးလို့ သတ်မှတ်ကြတာက အပြင်အဆင်တွေ၊ စွမ်းဆောင်ရည်တွေ မဟုတ်ဘဲ မောင်းနှင်နိုင်တဲ့ အကွာအဝေးပါပဲ။
လက်ရှိ လျှပ်စစ်ကားတွေရဲ့ အများဆုံး မောင်းနှင်နိုင်တဲ့ အကွာအဝေးက ကီလိုမီတာ ၅၀၀ ဝန်းကျင်မှာ ရှိတာပါ။ ဒါပေမဲ့ OTK ဘတ္ထရီတွေနဲ့ဆိုရင်တော့ ကီလိုမီတာ ၁၀၀၀ ကျော်အထိ မောင်းနှင်နိုင်ဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။
ဒီဇယ်ကားတွေထက် ပိုပြီး ရှည်လျားတဲ့ မောင်းနှင်မှု အကွာအဝေး ရှိတာမလို့ ထုတ်ကုန်ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကတော့ လုံလောက်မှု ရှိနေတာပါ။
ဗီဒီယို ကွန်ဖရင့်တစ်ခုမှာ ဒါရီလ် က ပြောတယ်။
"ယာဉ်တန်း မောင်းနှင်မှု စမ်းသပ်ချက်တွေကတော့ အပြည့်အဝ ပြီးဆုံးသွားပါပြီ"
စမ်းသပ်ချက် ရာပေါင်းများစွာမှာ CarOS ဟာ ကုန်တင်ကား အမြောက်အမြားကို ဘာအမှားအယွင်းမှ မရှိဘဲ ယာဉ်တန်းလိုက် မောင်းနှင်နိုင်ခဲ့တယ်။ ရှုပ်ထွေးတဲ့ မြို့လယ်ခေါင် နေရာတွေ ဒါမှမဟုတ် လမ်းကြားတွေ မဟုတ်ဘဲ အမျိုးသား အဝေးပြေးလမ်းမကြီးတွေ ဒါမှမဟုတ် အမြန်လမ်းမကြီးတွေအတိုင်း မောင်းနှင်တာ ဖြစ်တာကြောင့် လက်ရှိနည်းပညာနဲ့တင် ချက်ချင်း စီးပွားဖြစ် ထုတ်လုပ်နိုင်တဲ့ အခြေအနေ ရှိနေတာပါ။
ဒါပေမဲ့ ပြဿနာ နှစ်ခု ရှိနေခဲ့တယ်။ တစ်ခုက ကုန်တင်ကား မောင်းသမားတွေ အစုလိုက်အပြုံလိုက် အလုပ်လက်မဲ့ဖြစ်မှုကို ဖြစ်စေနိုင်တာဖြစ်ပြီး၊ နောက်တစ်ခုကတော့ သက်ဆိုင်ရာ ဥပဒေတွေ အခုထိ မရှိသေးတာပါပဲ။
အမေရိကန်က ပြည်ထောင်စုနိုင်ငံ ဖြစ်တာမလို့ ပြည်နယ်အလိုက် ဥပဒေတွေက ကွဲပြားစွာ ကျင့်သုံးတာပါ။ တချို့ ပြည်နယ်တွေက အလိုအလျောက် မောင်းနှင်မှုကို တက်ကြွစွာ ခွင့်ပြုထားပေမဲ့ တချို့ ပြည်နယ်တွေကတော့ ပိတ်ပင်ထားကြပါတယ်။
ထောက်ပံ့ပို့ဆောင်ရေး ကုန်တင်ကားတွေက ပြည်နယ်အမြောက်အမြားကို ဖြတ်သန်း မောင်းနှင်ရတာ ဖြစ်တာကြောင့် ပြည်နယ်အစိုးရအားလုံးဆီကနေ ခွင့်ပြုချက် ရယူရပါလိမ့်မယ်။
တက်ဂယူက ကျွန်တော့်ဘေးကနေ တိုးတိုးလေး ရေရွတ်လိုက်တယ်။
"သမ္မတ ရိုနယ် က အားလုံးကို အဆင်ပြေအောင် လုပ်ပေးလိမ့်မယ်။ မျှော်လင့်ချက် ရှိတယ်... မျှော်လင့်ချက် ရှိတယ်"
"..."
ဟုတ်ပါတယ်။ ရိုနယ် က ဘယ်လိုနည်းနဲ့မဆို အဆင်ပြေအောင် လုပ်ပေးမှာပါ။
FedEx နဲ့ DHL လိုမျိုး ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီတွေအပြင် တခြားကုမ္ပဏီတွေကလည်း ဥပဒေ ပြင်ဆင်ဖို့အတွက် ကြိုးပမ်းနေကြတာလေ။ တကယ်လို့ အလိုအလျောက်မောင်းနှင်တဲ့ ကုန်တင်ကားတွေကို သုံးနိုင်လာရင် သယ်ယူပို့ဆောင်ရေး စရိတ်စကတွေကို သိသိသာသာ လျှော့ချနိုင်မှာဖြစ်ပြီး စျေးနှုန်း ယှဉ်ပြိုင်နိုင်စွမ်းလည်း မြင့်တက်လာမှာပေါ့။
တချို့ ပြည်နယ်တွေမှာတော့ သက်ဆိုင်ရာ ဥပဒေတွေကို ပြင်ဆင်ဖို့အတွက် လှုပ်ရှားမှုတွေ စတင်ပြသနေခဲ့ပါပြီ။
"ကျွန်တော်တို့တွေဟာ လျှပ်စစ် ကုန်တင်ကားတွေကိုလည်း ထုတ်လုပ်ဖို့ ဆက်ပြီး ကြိုးစားနေပါတယ်"
နှစ်ခုလုံးက လျှပ်စစ်ကားတွေ ဖြစ်ကြပေမဲ့ ခရီးသည်တင်ကားနဲ့ စီးပွားရေးသုံးကားတွေကြားထဲမှာ ကွဲပြားမှုတွေကတော့ ရှိလာမှာပဲ။ ဒီနယ်ပယ်မှာလည်း Volvo ကုန်တင်ကား၊ Daimler အုပ်စု၊ Nikola နဲ့ တခြားသူတွေက အရင်ကတည်းက ဝင်ရောက်လာခဲ့ကြပြီး ထုတ်လုပ်မှုအပိုင်းမှာ ပြိုင်ဆိုင်နေကြတာပါ။
ကိစ္စတစ်ခု ပြီးသွားပြီလို့ တွေးလိုက်မိရုံရှိသေးတယ်၊ လုပ်စရာ အလုပ်တွေက တောင်လိုပုံနေပြန်တာပါပဲ။
ဟိုတယ်မှာ တည်းခိုနေခဲ့ကြတဲ့ အစ်မ ဟျွန်းဂျူး နဲ့ ဟင်နရီ တို့က အိမ်အသစ်ဆီ ပြောင်းရွှေ့သွားခဲ့ကြပါပြီ။ သူတို့က အတွင်းပိုင်းကို ပြင်ဆင်ကြပြီး ကလေးခန်းကိုပါ ကြိုတင် ပြင်ဆင်ထားခဲ့ကြတာပါ။
အစ်မ ဟျွန်းဂျူး က အခုဆိုရင် ကိုယ်ဝန် အရင့်အမာနဲ့ ဖြစ်နေခဲ့ပါပြီ။ ဒါပေမဲ့လည်း ဝိုင်းတားနေတဲ့ကြားက ကလေးမမွေးမချင်း အလုပ်ကနေ နားဖို့ စဉ်းစားပုံ မရပါဘူး။
တက်ဂယူ၊ စီနီယာ ဆန်းယော့တို့နဲ့ နေ့လယ်စာ အတူစားပြီးတဲ့နောက်၊ ကျွန်တော် အဆောက်အဦး နောက်ဘက်မှာ ထိုင်ရင်း အလိုအလျောက် အရောင်းစက်ကနေ ကော်ဖီ ထုတ်သောက်နေခဲ့တယ်။
စီနီယာ ဆန်းယော့က ပြောတယ်။
"ဒီရက်ပိုင်း နိုင်ငံရေးသမားတွေနဲ့ မီဒီယာတွေက မင်းကိုပဲ ချီးကျူးခန်း ဖွင့်နေကြတယ်"
တက်ဂယူက ခေါင်းညိတ်ပြတယ်။
"မှန်တာပေါ့။ အဲဒီမတိုင်ခင်အထိတော့ မင်းက ကိုရီးယားအတွက် ဘာလုပ်ပေးခဲ့လို့လဲဆိုပြီး ဝေဖန်တာပဲ ခံခဲ့ရတာလေ"
ကျွန်တော်က ဘာလို့ တစ်ခုခု လုပ်ကိုလုပ်ပေးရမှာလဲတော့ မသိပေမဲ့၊ ကျွန်တော် ဘာမှမလုပ်ပေးခဲ့တာတော့ အမှန်ပါပဲ။
ပြည်တွင်းက စီးပွားရေးလုပ်ငန်းစုကြီးတွေကတော့ တည်ရှိနေရုံနဲ့တင် အမျိုးသားစီးပွားရေးအတွက် ကြီးမားတဲ့ ပံ့ပိုးကူညီမှုတွေကို လုပ်ဆောင်ပေးနေကြတာပါ။ သူတို့က ကော်ပိုရိတ်အခွန်တွေ ပေးဆောင်ကြသလို၊ ပို့ကုန်တင်ပို့ပြီး ဒေါ်လာတွေ ရှာဖွေဖို့အတွက်လည်း ကြိုးစားကြတာလေ။ ဒါကြောင့်မလို့ နိုင်ငံရဲ့ဝင်ငွေစာရင်း အမြဲတမ်း ပိုလျှံနေပြီး နိုင်ငံခြားသုံးသီးသန့်ရန်ပုံငွေလည်း လုံလောက်မှု ရှိနေတာပါ။
တစ်ဖက်မှာတော့ OTK ကုမ္ပဏီ ဟာ သူ့ရဲ့ ကော်ပိုရေးရှင်းက နိုင်ငံရပ်ခြားမှာ ရှိနေတဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခု ဖြစ်တာကြောင့် ကိုရီးယားမှာ အခွန်မပေးသလို လူအမြောက်အမြားကိုလည်း အလုပ်မခန့်ထားပါဘူး။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သေသေချာချာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပြီး အလုပ်အကိုင်တွေကို ဖန်တီးပေးခဲ့တာပေါ့လေ။
"ကုမ္ပဏီတွေက အလုပ်အကိုင် ဖန်တီးပေးတာထက် ကောင်းတာ ဘာမှမရှိဘူး"
ပိုက်ဆံရှာတာက ကုမ္ပဏီတစ်ခုရဲ့ ရည်ရွယ်ချက် ဖြစ်တယ်ဆိုရင် အလုပ်အကိုင် ဖန်တီးပေးတာက ကုမ္ပဏီတစ်ခုရဲ့ လူမှုရေးဆိုင်ရာ တာဝန်ဝတ္တရားပါပဲ။ ဒါကြောင့်မလို့လည်း အစိုးရက အစွမ်းကုန် ပံ့ပိုးကူညီပေးနေတာပေါ့။
စီနီယာ ဆန်းယော့က ကော်ဖီသောက်ရင်း ပြောလိုက်တယ်။
"တရုတ်ကတော့ တော်တော်လေး ပျာယာခတ်နေပုံပဲ။ သူတို့က လျှပ်စစ်ကား ထောက်ပံ့ကြေး အစီအစဉ်တွေနဲ့ ထောက်ပံ့ကြေး တိုးမြှင့်မယ့် အစီအမံတွေကို အလောတကြီး ထုတ်ပြန်နေကြတာ။ ဆိုးဆောင်း အီလက်ထရောနစ် နဲ့ အွန်ဆောင်း မော်တာ တို့ကိုလည်း ဖိအားပေးဖို့ ကြိုးစားနေပုံပဲ"
တရုတ်ကတော့ နိုင်ငံတော် ဦးဆောင်တဲ့၊ အစိုးရ ထိန်းချုပ်တဲ့ စီးပွားရေးစနစ် ဖြစ်တာလေ။ တကယ်လို့ အစိုးရရဲ့ ပစ်မှတ်ထားခြင်းကို ခံလိုက်ရရင် ကုမ္ပဏီကြီး ဖြစ်ဖြစ်၊ မဖြစ်ဖြစ် လွတ်လမ်းမရှိပါဘူး။
ကိုရီးယားမှာတောင် အတိတ်တုန်းက စစ်အစိုးရလက်ထက်က သမ္မတရဲ့ စကားတစ်ခွန်းကြောင့် ချေဘော အုပ်စုတစ်ခုလုံး ပြိုကွဲသွားခဲ့ရတဲ့ အဖြစ်အပျက်မျိုး ရှိခဲ့ဖူးတာပဲ။
"သူတို့ကို ဖိအားပေးတာက သိပ်ပြီး အသုံးဝင်မှာ မဟုတ်ဘူး"
အွန်ဆောင်း မော်တာ ရဲ့ ဖက်စပ်လုပ်ငန်းကတော့ လေအိတ်ပြန်သိမ်းတဲ့ အကြပ်အတည်းကြောင့် တရုတ်မှာ ရောင်းအား ထိုးကျသွားခဲ့ပြီသားပါ။ ဆိုးဆောင်း SB ဘတ္ထရီတွေကလည်း ထောက်ပံ့ကြေး သတ်မှတ်ချက်ကနေ ဖယ်ထုတ်ခံထားရတာမလို့ တရုတ်က လျှပ်စစ်ကားတွေမှာ လက်တွေ့ ကျကျ အသုံးမပြုကြပါဘူး။
ဆိုးဆောင်း အီလက်ထရောနစ် ကတော့ တရုတ်ဆီ တင်ပို့တဲ့ ကဏ္ဍမှာ အချိုးအစား ကြီးမားပေမဲ့ သူ့ရဲ့ ရောင်းအား အများစုက Semiconductorကနေ လာတာပါ။ သူတို့ဘက်က အသိအမှတ်ပြုလက်မှတ်တွေ ဒါမှမဟုတ် အကောက်ခွန် ရှင်းလင်းရေး ကိစ္စတွေကို အကြောင်းပြပြီး စမတ်ဖုန်းတွေနဲ့ တီဗီတွေလိုမျိုး အချောထည် ထုတ်ကုန်တွေ ရောင်းချမှုကို ပိတ်ဆို့ရင်တောင် Semiconductorကိုတော့ ပိတ်ဆို့ဖို့က မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ Semiconductor ပံ့ပိုးမှု လျော့နည်းသွားရင် တရုတ်ရဲ့ အီလက်ထရွန်နစ် စက်မှုလုပ်ငန်းက အကြီးအကျယ် ထိခိုက်မှာ ဖြစ်လို့ပါပဲ။ ဒါကြောင့်မလို့ တရုတ်က ကုန်သွယ်ရေးဆိုင်ရာ လက်တုံ့ပြန်မှုတွေ လုပ်တဲ့အခါတိုင်း Semiconductorကိုတော့ အမြဲတမ်း ချွင်းချက်အနေနဲ့ ဖယ်ထားခဲ့တာပေါ့။
"ဥက္ကဌ လင်ဂျင်ယုံ ကတော့ တရုတ်ရဲ့ လှုပ်ရှားမှုတွေကို သေချာ စောင့်ကြည့်နေတာပဲ"
စီနီယာ ဆန်းယော့က ကော်ဖီသောက်လို့ ပြီးသွားတဲ့အခါ စာရွက်ကော်ဖီခွက် အလွတ်ကို အမှိုက်ပုံးထဲ လှမ်းပစ်လိုက်တယ်။
"ဒီနေ့ သောကြာနေ့ပဲ၊ အလုပ်ဆင်းရင် ဘာလုပ်မှာလဲ"
"စီနီယာကော ဘာလုပ်မှာလဲ"
"ဆင်းဆာဒေါင်း မှာ ကလပ်အသစ်တစ်ခု ဖွင့်တယ်လို့ ကြားတယ်။ အဲဒီကို သွားမလို့ စဉ်းစားနေတာ"
ကျွန်တော် အဲဒီစကားကြောင့် အနည်းငယ် အံ့သြသွားခဲ့ရတယ်။
"စီနီယာက ကလပ်လည်း သွားတတ်တာပဲလား"
"ဒါပေါ့။ မသွားစရာ အကြောင်းမှ မရှိတာ"
"အင်း... ဟုတ်တာပေါ့"
သူလည်း ပိုက်ဆံတွေ အများကြီး ရှာထားတာဆိုတော့ အပြင်ထွက်ပြီး သုံးစွဲသင့်တာပေါ့။ ဒါက စီးပွားရေးအတွက်လည်း ကောင်းတာပဲလေ။
တက်ဂယူက ကျွန်တော့် ပုခုံးကို ပုတ်ရင်း ပြောလိုက်တယ်။
"မင်းလည်း သွားသင့်တာပေါ့"
"ဟမ်"
ကျွန်တော်လည်း စာသင်နှစ် အစတုန်းက ကလေးတွေနဲ့အတူ ဟွန်ဒေး ကလပ်တွေကို အကြိမ်အနည်းငယ်တော့ သွားခဲ့ဖူးပါတယ်၊ ဒါပေမဲ့...
စီနီယာ ဆန်းယော့က နောက်ပြောင်တဲ့သံနဲ့ ပြောတယ်။
"တကယ်လို့ ကန်ဂျင်ဟူ သာ ကလပ်မှာ ပေါ်လာရင်တော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားမှာပဲ။ အတူတူ သွားကြမလား"
ကျွန်တော် ခေါင်းခါပြလိုက်ပြီး ပြောလိုက်တယ်။
"မသွားတော့ပါဘူး။ ကျွန်တော် အယ်လီ နဲ့ ချိန်းထားတာ ရှိလို့ပါ"