← Chapters

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း (၂၅၉)

ကျွန်တော် အလုပ်ကနေ စောစောဆင်းပြီး အိမ်မှာ အိတ်ဝင်သိမ်းကာ Grand Dayton ဟိုတယ်ဆီ ဦးတည်လိုက်တယ်။

ဟိုတယ်အရှေ့မှာ ကားရပ်ပြီး ခဏစောင့်နေတုန်း အယ်လီ က ခရီးဆောင်အိတ်လေး ဆွဲပြီး ထွက်လာခဲ့တယ်။ သူက အပြာနုရောင် ဂါဝန်လေးပေါ်မှာ ကုတ်အင်္ကျီကို ထပ်ဝတ်ထားတာပါ။ ဒူးလောက်ရှိတဲ့ စကတ်အောက်ကနေ သွယ်လျတဲ့ ခြေတံရှည်တွေက ပေါ်လွင်နေခဲ့တယ်။ ဒေါက်ဖိနပ်အစား Converse All-Stars ကို စီးထားတာက သူ ဝတ်ထားတဲ့ ဝတ်စုံနဲ့ အရမ်းလိုက်ဖက်တာပဲ။

အယ်လီ က ခရီးဆောင်အိတ်ကို နောက်ဖုံးထဲထည့်ပြီး ကားထဲ ဝင်ထိုင်လိုက်တယ်။

"အကြာကြီး စောင့်လိုက်ရလား"

"ဟင့်အင်း။ စောနမှ ရောက်တာ"

သူ့ ဆံပင်အဖျားတွေက ရေချိုးပြီးခါစမလို့ အနည်းငယ် စိုစွတ်နေသေးတယ်။ မိတ်ကပ်ပါးပါးလေး လိမ်းထားပြီး ငွေနားကပ်နဲ့ ဆွဲကြိုးကို ဆင်မြန်းထားတာပါ။

ကျွန်တော်လည်း သူ့ကို အမှန်အတိုင်းပဲ ချီးကျူးလိုက်တယ်။

"ဒီနေ့တော့ နင့်ရဲ့ အလှက ကြည့်မဝအောင်လှနေတယ်"

အယ်လီ က ကျွန်တော့်ပါးကို ခပ်ဖွဖွလေး လာနမ်းတယ်။

"ကျေးဇူးပဲ ဂျင်ဟူ။ မင်းလည်း ကြည့်ကောင်းနေပါတယ်"

ကျွန်တော် ကားကို စတင်မောင်းနှင်လိုက်တယ်။

"လေဆိပ်သွားတဲ့လမ်းက ကား သိပ်မပိတ်လောက်ပါဘူးနော်"

"နောက်ကျရင်လည်း သူတို့တွေ ငါတို့ကို စောင့်နေမှာပဲဟာ"

"နင့် အမေကော"

"စောစောက ဖုန်းဆက်ကြည့်တော့ ထွက်သွားပြီလို့ ပြောတယ်"

ဆီလွန်ဟိုတယ် က M Pizza ဂျေဂျူးကျွန်း ဆိုင်ခွဲကို မနက်ဖြန်ကျရင် ဖွင့်လှစ်ဖို့ စီစဉ်ထားတာပါ။ အပန်းဖြေစခန်း ပုံစံနဲ့ တည်ဆောက်ထားတဲ့ ဂျေဂျူးကျွန်း ဆိုင်ခွဲက နမ်ဆန်မျှော်စင် က ရုံးချုပ်ထက်တောင် ပိုပြီး ကြီးမားပါတယ်။

စီအီးအို လင်ဆိုမီ က ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖို့ ဂျေဂျူးကျွန်း ကို သွားမှာဖြစ်လို့ ကျွန်တော့်အမေကိုပါ ခေါ်ပြီး အတူတူသွားကြဖို့ အကြံပြုခဲ့တာပါ။

ကျွန်တော်ကလည်း အလုပ်ဆင်းရင် ခရီးတစ်ခု သွားဖို့ စဉ်းစားထားတာနဲ့ အချိန်ကိုက် ဖြစ်သွားတာပေါ့။ မကြာသေးခင်က ဘဏ္ဍာရေးလောကမှာ ကြီးမားတဲ့ ပြဿနာမျိုး မရှိခဲ့သလို၊ ဌာနခွဲမန်နေဂျာကလည်း အချိန်မှန် အလုပ်ဆင်းတာမလို့ Golden Gate က ငြိမ်သက်နေခဲ့တယ်။ ဒါကြောင့်မလို့ အယ်လီ ပါ အတူတူ လိုက်လာဖို့ ဆုံးဖြတ်ခဲ့တာပါ။

အယ်လီ ကတော့ စိတ်လှုပ်ရှားနေတဲ့ ပုံပဲ။

"အဲလောက်တောင် ပျော်နေတာလား"

"ဒါပေါ့။ ငါ ဂျေဂျူးကျွန်း ကို သွားချင်ခဲ့တာကြာပြီ။ ဂျင်ဟူ နင်ကော ရောက်ဖူးတယ်မလား"

"နှစ်ခေါက် ရောက်ဖူးတယ်။ တစ်ခေါက်က ကျောင်းသားဘဝ လေ့လာရေးခရီး၊ နောက်တစ်ခေါက်က မိသားစုခရီးစဉ်ပေါ့။ အဲတုန်းက ငယ်သေးတော့ သိပ်တော့ မမှတ်မိတော့ဘူး"

"ဂျေဂျူးကျွန်း မှာ ရေငုပ်သမားတွေကြားထဲ နာမည်ကြီးတဲ့ ရေငုပ်စင်တာတွေ အများကြီး ရှိတယ်"

ကျွန်တော်တို့က အဲဒီနေရာတွေကို လေ့လာဖို့အတွက် ရွက်လှေတစ်စီးတောင် ငှားရမ်းထားခဲ့တာပါ။ အံ့သြစရာကောင်းတာက အယ်လီ မှာ ရွက်လှေမောင်းလိုင်စင်ကော PADI နည်းပြ လက်မှတ်ပါ ရှိနေတာပါပဲ။

သူက ခန္ဓာကိုယ် လှုပ်ရှားရတဲ့အရာမှန်သမျှကို တကယ် သဘောကျတာပဲ။

"စကူးဘာ ရေငုပ်တာ မလုပ်ဖြစ်တာလည်း ကြာပြီ။ အခုကတည်းက မျှော်လင့်နေမိပြီ"

"ငါကတော့ တစ်ခါမှ မလုပ်ဖူးဘူး"

အယ်လီ က ယုံကြည်ချက်ရှိရှိ ပြောတယ်။

"ဂျင်ဟူ က ငါ့ကိုပဲ ယုံပြီး ဘာမှ စိတ်မပူဘဲ လိုက်ခဲ့ရုံပဲ။ ငါ အားလုံး သင်ပေးမယ်"

"...အင်းပါ"

သူ့ရဲ့ တက်ကြွနေတဲ့ ပုံစံကို ကြည့်ရတာ တစ်မျိုးကြီးပဲ၊ ကျွန်တော်တော့ ပင်ပန်းတော့မယ် ထင်တယ်။ ကျွန်တော့် ကြံ့ခိုင်မှုကကော လိုက်နိုင်ပါ့မလား။

"ဒါနဲ့ တက်ဂယူ က ဘာလို့ အတူတူ မလိုက်တာလဲ"

"သူက အိမ်မှာပဲ အနားယူမယ်တဲ့။ ပြီးတော့ သူ့မိဘတွေက အစ်မဟျွန်းဂျူးအိမ်ကို လာကြမှာလေ"

"ဪ၊ ဒါနဲ့ ဂျက်စီကာ က အိမ်အသစ်ကို တော်တော် သဘောကျနေတာ သိလား"

ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။

"တက်ဂယူ က အဲဒီအိမ်ကို ရှာဖို့နဲ့ ပြင်ဆင်ဖို့ တော်တော်လေး အားစိုက်ခဲ့တာ"

ကိုယ်ဝန်ရှိနေတဲ့ အမမအတွက် အိမ်တစ်လုံး ဝယ်ပေးပြီး ဝမ် သိန်းပေါင်းကုဋေချီ တန်ဖိုးရှိတဲ့ ရှယ်ယာတွေကို လွှဲပြောင်းပေးတယ်ဆိုတဲ့ (သူ ပေးခဲ့တုန်းကတော့ သန်း ၂သောင်း ဝန်းကျင်ပဲ ရှိပါသေးတယ်) ဒီလို မောင်နှမမျိုးကို မြင်တွေ့ရခဲပါတယ်။

အယ်လီ က ခေါင်းညိတ်ရင်း ပြောတယ်။

"ဂျက်စီကာ ကလည်း သူ့မောင်အတွက် တော်တော် စိတ်ပူရှာတာ။ သူ့ကို ရည်းစားရစေချင်နေတာလေ။ အာ... ဒါပေမဲ့ တက်ဂယူ က မိန်းကလေးတွေကို လုံးဝ စိတ်မဝင်စားတာလား"

"မဖြစ်နိုင်တာ"

ယောကျာ်းလေး အများစုလိုပဲ တက်ဂယူ ကလည်း မိန်းကလေးတွေကို သဘောကျပါတယ်။

"Golden Gate ဝန်ထမ်းတွေထဲမှာ တက်ဂယူ ကို စိတ်ဝင်စားတဲ့ မိန်းကလေးတွေ အများကြီး ရှိတယ်"

ကျွန်တော် အဲဒီစကားကြောင့် အံ့သြသွားရတယ်။

"တကယ်ကြီးလား"

Golden Gate မှာ အလုပ်လုပ်တယ်ဆိုတာ လက်တွေ့မှာ ဘဏ္ဍာရေးလောကရဲ့ ထိပ်သီး ၁ ရာခိုင်နှုန်းထဲမှာ ပါဝင်နေတာလေ။ အဲဒီလို မိန်းကလေးတွေက တက်ဂယူ ကို စိတ်ဝင်စားနေကြတာလား။

"သူက အမြဲတမ်း အားကစားဝတ်စုံနဲ့ ကတ္တီပါဖိနပ်ပဲ စီးနေတာကို"

"သူတို့ကတော့ သူက ပေါ့ပေါ့ပါးပါး ရှိပြီး ထူးခြားတဲ့ ပင်ကိုယ်စရိုက် ရှိတယ်လို့ ပြောကြတာပဲ။ မိုက်တယ်တဲ့လေ"

"အာ..."

ဝမ် သိန်းပေါင်း ကုဋာချီတဲ့ ပိုင်ဆိုင်မှုတွေ ရှိနေရင် အဲဒါကလည်း ပင်ကိုယ်စရိုက် ဖြစ်သွားတာပဲကိုး။ ချမ်းသာရင် ကြည့်ကောင်းတာက အမြင်အာရုံ လှည့်စားမှုမျိုးလား မသိဘူး။

"ဒါနဲ့ တက်ဂယူ က ဘယ်လိုပုံစံ မိန်းကလေးမျိုးကို သဘောကျတာလဲ"

"အဲဒါကတော့..."

သူက အဓိကအားဖြင့် မန်ဂါနဲ့ အန်နီမေးထဲက ကာရိုက်တာတွေကို သဘောကျတာပါပဲ၊ ဒါပေမဲ့...

ကျွန်တော် အတိတ်က ကိစ္စတစ်ခုကို ရုတ်တရက် သတိရသွားတယ်။

"အာ…. တက်ဂယူ အထက်တန်းကျောင်းသားဘဝတုန်းက သဘောကျခဲ့တဲ့ မိန်းကလေးတစ်ယောက်တော့ ရှိဖူးတယ်"

ကျွန်တော့်စကားကြောင့် အယ်လီ ရဲ့ မျက်လုံးတွေက သိချင်စိတ်နဲ့ တောက်ပလာခဲ့တယ်။

"တကယ်ကြီးလား၊ ဘယ်သူလဲ"

"ငါလည်း သေချာတော့ မသိဘူး။ တက်ဂယူ နဲ့ ငါက အထက်တန်းကျောင်း မတူကြဘူးလေ"

"ကောင်မလေးက ဘယ်လိုပုံစံလဲ"

"ဓာတ်ပုံတစ်ပုံတော့ မြင်ဖူးတယ်၊ ဒါပေမဲ့ သေချာ မမှတ်မိတော့ဘူး။ မျက်မှန်တပ်ထားပြီး မျက်နှာဝိုင်းဝိုင်းလေးနဲ့ ထင်တယ်။ သာမန် ပုံစံလေးလိုပဲ"

"အဲဒါနဲ့ ဘာဆက်ဖြစ်လဲ"

"အဲဒီမှာတင် ပြီးသွားတာပဲ"

အခု ပြန်တွေးကြည့်ရင်တော့ အဲဒါက စိတ်ကူးယဉ်ပြီး သဘောကျတာသက်သက်ပါပဲ။ ပြင်းပြင်းပြပြ ချစ်ခဲ့တာမျိုး မဟုတ်ပါဘူး။

"ဒါဆို အဲဒီမိန်းကလေးက အခု ဘာလုပ်နေလဲ"

"မသိဘူး"

တက်ဂယူ ကော၊ ကျွန်တော်ပါ သာမန် အထက်တန်းကျောင်းတွေကိုပဲ တက်ခဲ့ကြတာပါ။ ပညာရေးအဆင့်အတန်းတွေက ကွဲပြားလွန်းလို့ ဘွဲ့ရပြီးတဲ့နောက် အားလုံး လူချင်းကွဲသွားကြတာလေ။ တချို့က ဆိုးလ်က နာမည်ကြီး တက္ကသိုလ်တွေ တက်ကြပေမဲ့၊ တချို့ကတော့ ဒေသန္တရ တက္ကသိုလ်တွေ ဒါမှမဟုတ် သက်မွေးဝမ်းကျောင်း ကောလိပ်တွေ တက်ကြပြီး တခြားလမ်းကြောင်းတွေကို ရွေးချယ်ခဲ့ကြတယ်။

အထက်တန်းကျောင်းတုန်းက ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ရင်တောင် ဘဝကို ရုန်းကန် လှုပ်ရှားနေရတဲ့အခါ ဆက်သွယ်ဖို့က မလွယ်ကူတော့ပါဘူး။

"ငါတို့ ပြန်တွေ့ဖြစ်တော့မှာ မဟုတ်ဘူး ထင်တယ်"

တက်ဂယူ ကုတင်ပေါ်ကနေ နိုးလာတဲ့အချိန်မှာ မွန်းတည့်လုနီးပါး ဖြစ်နေခဲ့ပါပြီ။

သူ တံခါးဖွင့်ပြီး ကျယ်ဝန်းတဲ့ ဧည့်ခန်းထဲ ထွက်လာခဲ့တယ်။ သူ့ရဲ့ အခန်းဖော်က ရည်းစားနဲ့အတူ ခရီးထွက်သွားတာမလို့ အိမ်ကြီးထဲမှာ သူတစ်ယောက်ထဲ ဖြစ်နေတာပါ။

လုံခြုံရေးတွေနဲ့ အိမ်အကူတွေကတော့ နောက်ဆက်တွဲ အဆောက်အဦးမှာ အဆင်သင့် ရှိနေကြပေမဲ့ မခေါ်မချင်းတော့ လာမှာ မဟုတ်ပါဘူး။

တက်ဂယူ က ရေခဲသေတ္တာထဲက ဆန်းဒဝစ်ချ်ကို အပူပေးပြီး ဖျော်ရည်နဲ့အတူ သူ့အခန်းထဲ ယူလာခဲ့တယ်။

အခန်းရဲ့ တစ်ဖက်မှာတော့ ကွန်ပျူတာ စားပွဲတစ်ခု ရှိနေပါတယ်။ အဲဒီပေါ်မှာ မော်နီတာ သုံးလုံး တပ်ဆင်ထားပြီး ကွန်ပျူတာကလည်း တစ်လုံးကို ဝမ် ၁၀ သန်းကျော် တန်ဖိုးရှိတဲ့ အဆင့်မြင့်ဆုံး မော်ဒယ်ပါ။

တက်ဂယူ က ဆန်းဒဝစ်ချ်ကို စားရင်း ကွန်ပျူတာကို ဖွင့်လိုက်တယ်။

အင်တာနက်ပေါ်မှာတော့ အမြဲတမ်း အဓိပ္ပာယ်မရှိတဲ့ ငြင်းခုံမှုတွေနဲ့ ပြည့်နေတာပါပဲ။ ခြင်္သေ့နဲ့ ကျား ကိုက်ရင် ဘယ်သူနိုင်မလဲ။ ပီလီ နဲ့ မာရာဒိုနာ ထဲက ဘယ်သူက ပိုကောင်းတဲ့ ဘောလုံးသမားလဲ။

အဲဒီထဲက တစ်ခုကတော့ ကန်ဂျင်ဟူ က တိုးတက်ပြောင်းလဲရေးဝါဒီလား၊ ဒါမှမဟုတ် ရှေးရိုးစွဲဝါဒီလား ဆိုတာပဲ။

သူ့ကို ရှေးရိုးစွဲဝါဒီလို့ ခေါ်ဖို့ ခက်တာက သမ္မတဟောင်း ပတ်ဆီဟျွန်း နဲ့ လေဘာပါတီ တို့နဲ့ သူနဲ့ ဆက်ဆံရေးက တော်တော်လေး ဆိုးရွားနေလို့ပါပဲ။ တိုးတက်ပြောင်းလဲရေးဝါဒီလို့ ခေါ်ဖို့ ခက်ပြန်တာကလည်း ရီပတ်ဘလစ်ကန် သမ္မတလောင်း ဖြစ်တဲ့ ရိုနယ် ကို သမ္မတ ဖြစ်အောင် လုပ်ပေးခဲ့ပြီး အမေရိကန်လိုလားတဲ့ အပြုအမူတွေကို ပြသခဲ့လို့လေ။ ပြီးတော့ သူက ပြည်တွင်းက စီးပွားရေးလုပ်ငန်းစုကြီးတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာပါ။ သူက ဝူဆောင်း စက်မှုလုပ်ငန်း သမဂ္ဂကို ကူညီပေးခဲ့ပေမဲ့၊ အွန်ဆောင်း မော်တာ သမဂ္ဂနဲ့တော့ သဘောထားကွဲလွဲခဲ့ပြီး အလုပ်သမား အဖွဲ့ချုပ်ကြီး နှစ်ခုကို ရန်သူဖြစ်အောင် လုပ်ခဲ့တယ်။

"ဒီနေ့လည်း ဆဲဆိုသံတွေက လျှံထွက်နေတာပဲ"

ဒါကြောင့်မလို့ ကြားညပ်နေတဲ့လူအဖြစ် နေရတာက ခက်ခဲတာပါ။ ရင်းနှီးမြှုပ်နှံသည်ဖြစ်စေ၊ မရင်းနှီးမြှုပ်နှံသည်ဖြစ်စေ ဝေဖန်ခံရတာပါပဲ။

ဘာပဲဖြစ်ဖြစ် ကမ္ဘာပေါ်မှာ အကြောင်းပြချက်မရှိဘဲ မကောင်းပြောတတ်တဲ့ လူတွေကတော့ ရှိနေမှာပဲလေ။ တစ်ခုချင်းစီကို လိုက်ပြီး စိတ်ထဲထားနေရင် ဘယ်တော့မှ ပြီးမှာ မဟုတ်ပါဘူး။

တက်ဂယူ က အဲဒီနောက် တခြား ဆိုက်တစ်ခုဆီ သွားလိုက်တယ်။

Ruliweb ကတော့ ဂိမ်းတွေနဲ့ ဆက်စပ်ယဉ်ကျေးမှုတွေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ အချက်အလက်မျိုးစုံ ရှိတဲ့ ပြည်တွင်းက အကြီးဆုံး ဂိမ်းဆိုက်ပါ။

Lost Fantasy M ကတော့ မိုဘိုင်းလ်ဂိမ်းတွေထဲမှာ နံပါတ်တစ်နေရာကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားဆဲဖြစ်တဲ့ လူကြိုက်များတဲ့ ဂိမ်းတစ်ခုပါပဲ။ ဒါကြောင့်မလို့ Lost Fantasy Online အပေါ် မျှော်လင့်ချက်တွေကလည်း လျှံထွက်နေတာလေ။

OTK Games ဘက်က သတင်းပို့ထားတဲ့ အချက်အလက်တွေထဲကနေ တက်ဂယူ က လူသိရှင်ကြား ထုတ်ပြန်ထားတဲ့ အချက်အလက်တွေနဲ့ စခရင်ရှော့ အနည်းငယ်ကို တင်ပေးလိုက်တယ်။ ကွန်မန့်တွေက ချက်ချင်းကို လျှံထွက်လာခဲ့တယ်။

– အိုး။ အိုး။ ကျေးဇူးတင်ပါတယ်။ TK_Sayoh-nim။

– အဲဒီ စခရင်ရှော့တွေက တကယ်ကြီးလား။

– ဒီလူက အနည်းဆုံးတော့ ကုမ္ပဏီအတွင်းလူပဲ ဖြစ်ရမယ်။

– သူက အောင်မြင်နေတဲ့ အိုတာကူ တစ်ယောက် မဟုတ်ဘူးလား။

– ဖန်တီးသူတွေထဲမှာ ကိုရီးယားလူမျိုးတချို့ ပါဝင်နေတယ်လို့ ကြားတယ်၊ သူက အဲဒီထဲက တစ်ယောက်လား။

– မင်းက အိချီကာဝါ ရှီဂဲရု နဲ့ ကိုယ်တိုင် တွေ့ဖူးတာလား။

– အွန်လိုင်းဂိမ်းက မိုဘိုင်းလ်နဲ့ ချိတ်ဆက်နိုင်ခြေ ရှိတယ်လို့ ကြားတယ်၊ အဲဒါ တကယ်လား။

သူက တက်လာတဲ့ မေးခွန်းတစ်ခုချင်းစီကို ပြန်ဖြေနေတုန်းမှာပဲ ရုတ်တရက် အီးမေးလ် သတိပေးချက်တစ်ခု မြည်လာခဲ့တယ်။

တက်ဂယူ က သူ့ရဲ့ ဖုန်းနံပါတ်ကို အကြိမ်ကြိမ် ပြောင်းလဲခဲ့ပေမဲ့ အီးမေးလ်လိပ်စာကိုတော့ ဒီအတိုင်းပဲ သုံးနေခဲ့တာပါ။ သူ့အီးမေးလ်က ကန်ဂျင်ဟူ လိုမျိုး အီးမေးလ်တွေ အလုံးအရင်းနဲ့ ဝင်နေတာမျိုး မရှိသလို၊ သူ့ရဲ့ ဂိမ်းအကောင့်အားလုံးကလည်း ဒီအီးမေးလ်ကိုပဲ သုံးထားတာမလို့ ပြောင်းလဲဖို့ မလိုအပ်ဘူးလို့ မြင်တာလေ။

သူက Mail Boxကို ဖွင့်ပြီး စစ်ဆေးကြည့်လိုက်တော့ မထင်မှတ်ဘဲ အီးမေးလ်တစ်ခု ရောက်နေတာကိုမြင်လိုက်ရတယ်။

ပို့လိုက်တဲ့သူကတော့ အထက်တန်းကျောင်း ဒုတိယနှစ်တုန်းက သူနဲ့ အတန်းတူဖြစ်ခဲ့တဲ့ မင်ဟာယောင်း ကလွဲလို့ အခြားသူ မဟုတ်ပါဘူး။ သူတို့က ဝါသနာချင်း တူကြတာမလို့ ကျောင်းတုန်းက ရံဖန်ရံခါတော့ စကားပြောဖြစ်ခဲ့ဖူးပါတယ်။ ပြီးတော့ မင်ဟာယောင်းက တစ်ချိန်တုန်းက သူ သဘောကျခဲ့ဖူးတဲ့သူပါ။

အီးမေးလ်ထဲမှာတော့ အချိန်အတော်ကြာမှ သူ့ကို ရုတ်တရက် သတိရမိလို့ ဆက်သွယ်လိုက်တာဖြစ်ပြီး အဆင်ပြေရင် ပြန်စာရေးပေးဖို့ ရေးထားတာပါ။ ဒါကြောင့်မလို့ သူက သူ့ရဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကို ရေးပြီး ပြန်စာပို့လိုက်တယ်။

အဲဒီနောက် အံ့သြစရာကောင်းတာက ချက်ချင်းပဲ ဖုန်းဝင်လာခဲ့တာပါပဲ။

[မတွေ့ရတာ ကြာပြီနော်။ တက်ဂယူ။ ငါ မင်ဟာယောင်း ပါ၊ မှတ်မိသေးလား]

သူ့အသံကို နားထောင်ပြီး သူ မှတ်မိသွားတယ်။

"ဒါပေါ့။ မတွေ့ရတာ ကြာပြီပဲနော်"

[အင်း။ ငါ နင့်ကို ဆက်သွယ်မလို့ပဲ၊ ဒါပေမဲ့ ခဏခဏ မေ့နေလို့။ ပိတ်ရက်ကြီးမှာ ဘာလုပ်နေလဲ]

"အိမ်မှာ အနားယူနေတာလေ"

[နင် ဘယ်မှာလဲ]

"ဂန်နမ် မှာပဲ"

အဲဒီစကားကြောင့် မင်ဟာယောင်း ဝမ်းသာသွားခဲ့တယ်။

[အိုး။ တကယ်ကြီးလား။ ကောင်းတယ်။ ငါက ဂျိုဒေး မှာ ရှိနေတာ။ နင် အချိန်ရရင် ခဏလောက် တွေ့ကြမလား]

"အခုလား"

[အင်း။ အဆင်ပြေရဲ့လား]

"..."

အထက်တန်းကျောင်းတုန်းက အတန်းဖော်တစ်ယောက်က ရုတ်တရက် ဆက်သွယ်လာပြီး တွေ့ဖို့ တောင်းဆိုရတဲ့ အကြောင်းရင်းက ဘာဖြစ်မလဲ။

အင်တာနက်ပေါ်က ဆောင်းပါးတွေအရဆိုရင်တော့ အဲဒါက နှစ်ခုထဲက တစ်ခုပဲ ဖြစ်ရမယ်။

'အာမခံ ဒါမှမဟုတ် MLMအလုပ်နဲ့ ပစ္စည်းထိုးရောင်းတာ'

ဒါမှမဟုတ် ဖြစ်နိုင်ခြေ အလွန်နည်းပေမဲ့ သူက တကယ်ပဲ ရိုးရိုးသားသား တွေ့ချင်တာလည်း ဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် အိမ်မှာ ပျင်းနေတဲ့အချိန်မလို့ အတော်ပါပဲ။

"ငါ ဘယ်ကို လာရမလဲ"

တက်ဂယူ ဟာ သက်တော်စောင့်မောင်းနှင်တဲ့ ကားကိုစီးပြီး ဂျိုဒေး ဆီ ဦးတည်လိုက်တယ်။

သူက ပုံမှန်ဆိုရင် အလုပ်ကို အားကစားဝတ်စုံနဲ့ ကတ္တီပါဖိနပ်နဲ့ သွားလေ့ရှိပေမဲ့ အချိန်အတော်ကြာမှ အတန်းဖော်ဟောင်းနဲ့ တွေ့ရမှာ ဖြစ်တာကြောင့် ဂျင်းဘောင်းဘီနဲ့ တီရှပ်ကို ဝတ်ဆင်ထားခဲ့တယ်။

ဂျိုဒေး ဘူတာရုံကို ရောက်တဲ့အခါ သက်တော်စောင့်က ပြောတယ်။

"ကျွန်တော် ဒီနားမှာ စောင့်နေပါ့မယ်။ ကိစ္စပြီးရင် ဒါမှမဟုတ် တစ်ခုခုဖြစ်ရင် ဆက်သွယ်ပေးပါ"

"အင်း။ အေးအေးဆေးဆေးပဲ အနားယူပြီးနေပါ"

တက်ဂယူ က ကဖေးတစ်ခုထဲ ဝင်ပြီး သောက်စရာတစ်ခု အရင်မှာကာ ထိုင်နေလိုက်တယ်။

သိပ်မကြာခင်မှာပဲ မိန်းကလေးတစ်ယောက် ဝင်လာခဲ့တယ်။ သူက စကတ်တိုနဲ့ ဒေါက်မြင့်ဖိနပ်ကို ဝတ်ထားပါတယ်။

သူက တောက်ပတဲ့ ကျောက်မျက်ရတနာတွေပါတဲ့ နားကပ်နဲ့ ဆွဲကြိုးကို ဆင်မြန်းထားပြီး လက်ထဲမှာတော့ Louis Vuitton Speedy အိတ်ကို ကိုင်ထားတယ်။ အဲဒါက လမ်းမပေါ်မှာ ၃ စက္ကန့်တိုင်း တစ်လုံးတွေ့နိုင်တယ်ဆိုတဲ့ "၃ စက္ကန့်အိတ်" လို့ ခေါ်ကြတဲ့အရာပါပဲ။

သူက ကဖေးထဲကို လှည့်ပတ်ကြည့်လိုက်ပြီး တက်ဂယူ ရှိတဲ့ စားပွဲဆီ ချက်ချင်း ချဉ်းကပ်လာခဲ့တယ်။

"မင်ဟာယောင်း လား"

"အင်း။ မတွေ့ရတာ တော်တော် ကြာသွားပြီနော်"

မိတ်ကပ်အထူကြီးနဲ့ ထူထဲတဲ့ မျက်ခုံးမွှေး။ ပလတ်စတစ် ဆာဂျရီ တချို့လည်း လုပ်ထားပုံရတယ်၊ ဘာလို့လဲဆိုတော့ အရင်က ရှိခဲ့တဲ့ အပြစ်ကင်းစင်တဲ့ အသွင်အပြင်က ပျောက်ဆုံးနေလို့ပါပဲ။

သူ့မျက်နှာက တော်တော်လေး ပြောင်းလဲသွားတာမလို့ မမှတ်မိသလိုတောင် ဖြစ်သွားရတယ်။

"နင် မျက်မှန် မတပ်တော့ဘူးပဲ"

"ဒါပေါ့။ ငါ တပ်ကြည့်သေးတယ်၊ မျက်ကပ်မှန်က ပိုပြီး အဆင်ပြေလို့လေ"

မင်ဟာယောင်းရဲ့မျက်လုံးထဲမှာ အပြာရောင် မျက်ကပ်မှန်တွေကို တပ်ထားတာပါ။

မင်ဟာယောင်းက မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တယ်။

"ကော်ဖီ သောက်မလား"

"ဟင့်အင်း၊ ရပါတယ်။ ငါ အခုလေးတင် သောက်ထားလို့။ ဒါနဲ့ နင် တော်တော်လေး ပိန်သွားတယ်နော်။ ဝိတ်ချထားတာလား"

"အင်း။ အခက်အခဲတချို့ကို ကြုံတွေ့ခဲ့ရလို့ပါ"

"နင် ဒီရက်ပိုင်း ဘာလုပ်နေလဲ။ တက္ကသိုလ် တက်နေတာလား"

"ဟင့်အင်း။ ငါ တက္ကသိုလ် မတက်ဖြစ်ဘူး၊ အခု သူငယ်ချင်းတစ်ယောက်နဲ့ ဟိုဟိုဒီဒီပဲ အလုပ်တွေလျှောက် လုပ်နေတာ"

"ဒါဆို နင် ကုမ္ပဏီတစ်ခုမှာ အလုပ်မဝင်ရသေးဘူးပေါ့"

"အင်း"

တိတိကျကျ ပြောရရင်တော့ သူက ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ဆိုးဆောင်း အုပ်စု ကို ယှဉ်ပြိုင်နိုင်တဲ့ ထိပ်သီး စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုအဖြစ် ကြီးထွားအောင် လုပ်ထားတာပါ။

လူတိုင်းက ကန်ဂျင်ဟူ နဲ့ အိုဟျွန်းဂျူး ရဲ့ နာမည်တွေကို သိကြပေမဲ့ အိုတက်ဂယူ ရဲ့ နာမည်ကိုတော့ သိပ်မသိကြပါဘူး။ ပြီးတော့ သူက ဂျင်ဟူ နဲ့ အထက်တန်းကျောင်း မတူခဲ့တာကြောင့် မင်ဟာယောင်း အနေနဲ့ သူတို့ နှစ်ယောက် ရင်းနှီးတယ်ဆိုတာကို သိစရာ အကြောင်းမရှိပါဘူး။

တက်ဂယူ က သူ့ကို မေးလိုက်တယ်။

"နင်ကော ဘာလုပ်လဲ"

အဲဒီတော့မှ မင်ဟာယောင်း က သူ စောင့်ဆိုင်းနေခဲ့တဲ့အတိုင်း ပြောလာခဲ့တာ။

"ငါက ရင်းနှီးမြှုပ်နှံမှု မားကတ်တင်း ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတာ"

"ရင်းနှီးမြှုပ်နှံမှု မားကတ်တင်းဟုတ်လား"

အဲဒါက ရင်းနှီးမြှုပ်နှံမှုလား၊ မားကတ်တင်းလား၊ ရင်းနှီးမြှုပ်နှံမှု မားကတ်တင်းဆိုတာ ဘာကြီးလဲ။

'နင်ပြောတဲ့ မားကတ်တင်းဆိုတာ ဆင့်ပွားစျေးကွက် အရောင်းစနစ်တော့ မဟုတ်ပါဘူးနော်'

သူ အဲလို တွေးနေတုန်းမှာပဲ မင်ဟာယောင်း က မေးတယ်။

"နင် ဘန့်ကွိုင် အကြောင်း သိလား"

ဒါပေါ့။ သူ သိတာပေါ့။ OTK ကုမ္ပဏီ ဆိုတာ သူ အလယ်တန်းကျောင်းတုန်းက ရခဲ့တဲ့ ဘန့်ကွိုင် ကနေ စတင်ခဲ့တာလေ။

တက်ဂယူ က ခေါင်းညိတ်ပြလိုက်တယ်။

"ဒါပေါ့၊ ငါ သိတာပေါ့"

"အင်း။ သိလောက်မှာပါလေ။ ဘန့်ကွိုင်က မနှစ်က တော်တော်လေး ရေပန်းစားခဲ့တာကို။ နင်ကော ကွိုင်တွေဝယ်ပြီး ပိုက်ဆံတချို့ ရလိုက်လား"

တက်ဂယူ က လက်ပိုက်ရင်း ခဏလောက် တွေးလိုက်မိတယ်။

'ငါ ဘယ်လောက် ရှာလိုက်ရလဲ... စျေးမကျခင်ကတည်းက သေသေချာချာ ထုတ်ရောင်းခဲ့တာဆိုတော့ ခန့်မှန်းခြေ ဝမ် သိန်းပေါင်း ၁၀ ကုဋေလောက်လား'

မင်ဟာယောင်း က ပြုံးလိုက်တယ်။

"နင် မပြောနိုင်တာကို ကြည့်ရတာ အမြတ်မရခဲ့ဘူး ထင်တယ်။ စိတ်မပူပါနဲ့။ ကွိုင်တွေက မကြာခင် ပြန်တက်လာတော့မှာ။ အဓိကက နင် ဘယ်ကွိုင်ကို ဝယ်မလဲဆိုတာပဲ"

သူ စကားပြောနေတုန်းမှာပဲ စားပွဲပေါ်တင်ထားတဲ့ သူ့ဖုန်းက မြည်လာခဲ့တာမလို့ မင်ဟာယောင်း က ဖုန်းဖြေဖို့ ခဏ ထသွားခဲ့တယ်။

"အားနာပါတယ်၊ ငါ အလုပ်ကိစ္စကြောင့် ကုမ္ပဏီကို ခဏ သွားရမယ် ထင်တယ်"

သူတို့ တွေ့တာ ၁၀ မိနစ်ပဲ ရှိသေးတာလေ။ ဘာပဲဖြစ်ဖြစ် သူ အလုပ်ရှိတယ်ဆိုတော့လည်း ဘာတတ်နိုင်မှာလဲ။

"အေးပါ၊ ဒါဆို နောက်မှ တွေ့ကြတာပေါ့"

တက်ဂယူ က ထိုင်ခုံကနေ ထဖို့ လုပ်တဲ့အခါ သူက အလောတကြီး ပြောတယ်။

"ဒါမှမဟုတ် နင် ငါနဲ့အတူ ကုမ္ပဏီကို လိုက်ခဲ့မလား။ ခဏပဲ ကြာမှာပါ၊ ပြီးရင် အတူတူ သွားစားကြတာပေါ့"

"အတူလိုက်ခဲ့ရမှာလား"

"အင်း။ နင့်ကို ကုမ္ပဏီကိုလည်း လိုက်ပြမလို့လေ"

အချိန်အတော်ကြာမှ ပြန်တွေ့တဲ့ အတန်းဖော်ကို ကိုယ့်လုပ်ငန်းခွင်ဆီ ခေါ်သွားတယ်ဆိုတာ ဘယ်လို အခြေအနေမျိုးလဲ။

တက်ဂယူ က သူ့ရဲ့ မျက်လုံးတွေ အနည်းငယ် ပျာယာခတ်နေတာကို မြင်လိုက်ရတယ်။ သူ အခြေအနေကို ချက်ချင်း သဘောပေါက်သွားခဲ့တယ်။

အင်တာနက်ပေါ်က ပညာရှိတွေရဲ့ အဆိုအရဆိုရင်တော့ ဒီလို အခြေအနေမျိုးမှာ ထိုင်ခုံကို ချက်ချင်း ကန်ကျောက်ပြီး ထွက်ပြေးရမှာပါ။ ဒါပေမဲ့ သိလိုစိတ်က ပိုပြီး အားကောင်းနေခဲ့တယ်။

ကိုယ့်ကိုကိုယ် အလိမ်ခံရတော့မယ်ဆိုတာ သိနေပေမဲ့ သွားချင်နေမိသလိုမျိုးပေါ့။

တက်ဂယူ က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်တယ်။

"ဒါဆို သွားကြမလား"

ကဖေးကနေ ထွက်ပြီး ၅ မိနစ်လောက် လမ်းလျှောက်ပြီးတဲ့နောက် အဆောက်အဦးတစ်ခု ပေါ်လာခဲ့တယ်။

"ဒီမှာပဲ"

သူတို့ ဓာတ်လှေကားစီးပြီး ဒုတိယထပ်ကို တက်ခဲ့ကြတဲ့အခါ စတော့ပွဲစားလုပ်ငန်းတစ်ခုနဲ့ တူတဲ့ အတွင်းပိုင်း နေရာတစ်ခု ပေါ်လာခဲ့တယ်။ ပိတ်ရက်ဖြစ်နေတာတောင် ဝန်ထမ်းတွေက အလုပ်ဆင်းနေကြပြီး နေရာအပြည့် ရှိနေခဲ့တာပါ။ သူတို့က အကန့်လေးတွေကြားထဲမှာ ဟိုတစ်စ ဒီတစ်စ ဆွေးနွေးမှုတွေ လုပ်နေကြတယ်။

ဘာကြောင့်မှန်းမသိ သူ့နှလုံးသားက မျှော်လင့်ချက်တွေနဲ့ တုန်လှုပ်နေမိတယ်။

'ဒါက ငါ ကြားပဲ ကြားဖူးတဲ့ ဆင့်ပွားစျေးကွက် အရောင်းစနစ်ရဲ့ ထောင်ချောက် ဆိုတာလား'

All Chapters