အခန်း ၁၆၂
Vol. 17 Ch. 162
အခန်း (၁၆၂)
မှူးမတ်အဆင့်၏ စွမ်းအား၊ လက်ဝါးတစ်ချက်တည်းဖြင့် ချေမှုန်းခြင်း! အဆင့် ၆ နတ်ဆိုးချီ
“ဒါကို စုပ်ယူဖို့ နေရာတစ်ခု ရှာရမယ်...”
ယခင်ရရှိထားသည့် နတ်ဆိုးချီ သုံးခုနှင့် ယခုတစ်ခုကို ပေါင်းစပ်လိုက်လျှင် အလွန်များပြားသည့် ဝိညာဥ်ဆိုင်ရာ အသိမြင်များကို ရရှိစေမည် ဖြစ်သည်။
လက်ရှိတွင် ထပ်မံသတ်ဖြတ်နေရန် မလိုသေးချေ။
ထို့ပြင် ဤတိုက်ပွဲသည် လှည့်စားခြင်းအသံ ကောင်းကင်နတ်ဆိုးကလန် တစ်ခုလုံးကို တုန်လှုပ်သွားစေမည်မှာ သေချာသည်။
အကြောင်းက သေဆုံးသွားသူမှာ အဆင့် ၆ သို့ ရောက်ရန် အလွန်နီးစပ်နေသည့် အဆင့် ၅ အထွတ်အထိပ် နတ်ဆိုးတစ်ကောင် ဖြစ်နေသောကြောင့်ပင်။
နိမ့်နိမ့်ချချနေပြီး ဤတိုက်ပွဲမှ ရရှိသည်များကို အပြည့်အဝခြေဖျက်လိုက်ခြင်းက ပို၍ ဉာဏ်ရှိရာ ရောက်ပေသည်။
ထို့ပြင် သူသည် ယခုချက်ချင်း ထွက်ခွာသွားရန်လည်း စိတ်ကူးမရှိသေးချေ။
ဟင်းလင်းပြင်မှန် ရှိနေသရွေ့ သူ၏ ရည်မှန်းချက်များက ဤထက်မက ပိုမိုကြီးမားနေသေးသည်။
ဖြတ်ခနဲ မုန့်ချန်ချင်း မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
ဒူမင်၏ နယ်မြေအတွင်းရှိ တစ်ချိန်က အေးချမ်းခဲ့သော နတ်ဆိုးတောင်တန်းပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာလည်း အဆက်မပြတ် တုန်ခါနေခဲ့သည်။
“ဒါ ဘိုးဘေးပဲ...”
“ဘိုးဘေး ဒေါသထွက်နေပြီ...”
“ဘာဖြစ်တာလဲမသိဘူး...”
နတ်ဆိုးများစွာ အပြင်သို့ ထွက်လာခဲ့ကြပြီး တစ်ဦးကိုတစ်ဦး အံ့ဩတကြီး ကြည့်လိုက်မိကြသည်။
ဘိုးဘေး၏ စိတ်ခံစားချက်မှာ ဤမျှလောက် မတည်မငြိမ်ဖြစ်ခဲ၏။
“ဒူမင် အသတ်ခံလိုက်ရပြီ... နယ်မြေကို စောင့်ကြပ်ထားကြ... ငါ အပြင်သွားလိုက်ဦးမယ်...”
ဘိုးဘေး ပြောလိုက်ပြီးနောက် အနက်ရောင်အလင်းတန်းတစ်ခုသည် နတ်ဆိုးတောင်တန်းမှ ချက်ချင်း ထွက်ခွာသွားကာ အဝေးသို့ ပျောက်ကွယ်သွားခဲ့တော့သည်။
“ဘာ...”
နတ်ဆိုးများအားလုံး ထိတ်လန့်သွားကြသည်။
ဒူမင်သည် ဘိုးဘေးပြီးလျှင် ဒုတိယဖြစ်ပြီး အဆင့် ၆ သို့ ရောက်ရန် အလားအလာ အရှိဆုံးသူ ဖြစ်သည်။
ယခုမူ သူ သေဆုံးသွားပြီ?
ဘိုးဘေး ဒေါသတကြီး ထွက်ခွာသွားသည်မှာ မဆန်းတော့ချေ။
“ဘယ်လို မကောင်းဆိုးဝါးမျိုး ဝင်လာလို့ သခင်ဒူမင်တောင် သေသွားရတာလဲ...”
“သေခြင်းရှင်ခြင်းနယ်ပယ် အစွမ်းထက် လူသားတစ်ယောက် များလား...”
“မဖြစ်နိုင်ဘူး... သေခြင်းရှင်ခြင်းနယ်ပယ် လူသားတစ်ယောက်ဆိုရင် ဖြစ်စဥ်ထူးတွေ ဖြစ်ပေါ်လာမှာပဲ... အဲဒါဆိုရင် နတ်ဆိုးဝါမျိုမြို့က နတ်ဆိုးတွေ ချက်ချင်း ရောက်လာကြလိမ့်မယ်...”
“ဒါဆိုရင် သခင်ဒူမင်က နယ်ပယ်တူ တစ်စုံတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာပေါ့...”
“ဟုတ်တယ်...”
နတ်ဆိုးများအားလုံး၏ မျက်နှာမှာ လေးနက်သွားခဲ့ကြသည်။
နယ်ပယ်တူအတွင်းမှာပင် သခင်ဒူမင်ကို သတ်နိုင်သည်ဆိုပါက ပြိုင်ဘက်မှာ ကောင်းကင်ကို ဆန့်ကျင်နေသည့် လူသားပါရမီရှင်တစ်ဦး ဖြစ်ရပေမည်။
အချိန်တွေ လျင်မြန်စွာ ကုန်လွန်သွားပြီး တစ်လကျော် ကြာမြင့်သွားခဲ့သည်။
ဤကာလအတွင်း ကောင်းကင်နတ်ဆိုးချောက်နက်မှာ အလွန်အမင်း ယောက်ယက်ခတ်နေခဲ့သည်။
လှည့်စားခြင်းအသံ ကောင်းကင်နတ်ဆိုးကလန်၏ ဘိုးဘေးမှာ နယ်မြေတစ်ခုလုံးကို ဇောက်ထိုးလှန်ရှာဖွေခဲ့သော်လည်း လူသတ်သမားကို ရှာမတွေ့ခဲ့ချေ။
တွန်ဆုတ်စွာဖြင့် လက်လျှော့လိုက်ရသော်လည်း သူ၏ ကလန်သားများကို ဆက်လက်ရှာဖွေရန် အမိန့်ပေးထားခဲ့သည်။
လျှို့ဝှက်နည်းစနစ်တစ်ခုအရ ထိုလူသားမှာ ထွက်မသွားသေးဘဲ ကောင်းကင်နတ်ဆိုးချောက်နက်ထဲမှာပင် ပုန်းအောင်းနေကြောင်း သူ သိရှိထားသည်။
ချောက်နက်ထဲသို့ ဝင်ရောက်ရန်မှာ မလွယ်ကူသလို ထွက်ခွာသွားပါကလည်း အချိန်အတော်ကြာအောင် ပြန်ဝင်၍ မရနိုင်ချေ။
ထို့ကြောင့် ထိုလူသားမှာ အလွန်တရာ သတ္တိကောင်းလှပြီး ပိုမိုသတ်ဖြတ်ရန်အတွက် ဆက်လက်ရှိနေခြင်းဖြစ်ကြောင်းမှာ ရှင်းလင်းပေသည်။
.....
ချောက်နက်အနက်ပိုင်း၌ အရှေ့မှအနောက်သို့ တစ်ဟုန်ထိုးစီးဆင်းနေသည့် သွေးမြစ်ကြီးတစ်စင်းရှိနေခဲ့သည်။
သွေးမြစ်ထဲ၌ အရပ်ရှည်ရှည်ပုံရိပ်တစ်ခု ခြေချိတ်ထိုင်နေပြီး ပတ်ပတ်လည်၌ ဝိညာဥ်စွမ်းအားတွေဝန်းရံနေကာ ရေမရှိသည့်နေရာတစ်ခုကို ဖန်တီးထား၏။
အချိန်တစ်ခု၌ ထိုပုံရိပ်မှာ ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
ကြီးမားသော ဝိညာဥ်ဖိအားများ ပေါက်ကွဲထွက်လာပြီး မြစ်ရေကို မီတာရာချီအဝေးသို့ တွန်းထုတ်ပစ်လိုက်ရာ အထက်ရှိမြစ်ရေအပါအဝင် သွေးမြစ်တစ်ခုလုံး ရပ်တန့်သွားခဲ့သည်။
“နတ်ဘုရားရရှိခြင်းနယ်ပယ် အဆင့် ၆...”
ထိုပုံရိပ်မှာ မုန့်ချန်ချင်းဖြစ်ပြီး ဝမ်းသာအားရဖြင့် ထရပ်လိုက်သည်။
နတ်ဆိုးချီများစွာကို စုပ်ယူပြီးနောက် အထူးသဖြင့် ဒူမင်၏ အနက်ရောင်နတ်ဆိုးချီကြောင့် သူ၏ ဝိညာဥ်ကျင့်ကြံရေးမှာ လျင်မြန်စွာ တိုးတက်လာခဲ့သည်။
တစ်လကျော်အတွင်းမှာပင် အဆင့် ၆ သို့ ဆက်တိုက် ထိုးဖောက်နိုင်ခဲ့ပြီး အထွတ်အထိပ်နယ်ပယ်သို့ ရောက်ရန် အဆင့်ငယ် သုံးဆင့်သာ လိုတော့သည်။
အမှန်တကယ်တွင် ကုန်ဆုံးသွားသော အချိန်မှာ ထိုမျှအထိ မကြာမြင့်ချေ။
မုန့်ချန်ချင်းသည် သူ၏ နယ်ပယ်ကို တည်ငြိမ်အောင် အချိန်ယူခဲ့ခြင်း ဖြစ်သည်။
လျင်မြန်လွန်းစွာ အဆင့်ချိုးဖျက်ခြင်းက ပြဿနာများဖြစ်ပေါ်စေနိုင်သောကြောင့်ပင်။
“ဒီမှာ နတ်ဆိုးချီတွေ ပိုပြီး စုဆောင်းသင့်တယ်... နတ်ဘုရားရရှိခြင်းနယ်ပယ် အထွတ်အထိပ်ကို ရောက်သွားရင်တော့ အကောင်းဆုံးပဲ...”
မုန့်ချန်ချင်း အသက်ပြင်းပြင်းရှူလိုက်သည်။
နတ်ဆိုးချီ၏ အကျိုးသက်ရောက်မှုမှာ သူ၏ ထူးကဲသောပါရမီဖြင့် ကိုယ်တိုင် နားလည်သဘောပေါက်မှုနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်ချေ။
စကားပုံတစ်ခု ရှိသည်မဟုတ်ပါလား။
ချွေတာခြင်းမှ ဖြုန်းတီးခြင်းသို့ ကူးပြောင်းရန် လွယ်ကူသော်လည်း နောက်ပြန်လှည့်ရန် ခက်ခဲလှသည်ဟူ၍ပင်။
ယခုမူ သူသည် အရည်အသွေးမြင့် နတ်ဆိုးချီများကိုသာ စုပ်ယူချင်တော့သည်။
“အဆင့် ၅ နတ်ဆိုးတွေ အများကြီး သတ်ပြီးသွားပြီဆိုတော့ လှည့်စားခြင်းအသံ ကောင်းကင်နတ်ဆိုးကလန်မှာတောင် အနည်းငယ်ပဲ ကျန်တော့မှာပဲ...”
မုန့်ချန်ချင်းမျက်လုံးများ ဖျတ်ခနဲ လက်သွားခဲ့သည်။
“ငါသာ သတ်နိုင်ရင်...”
ထိုအချိန်၌ ကြီးမားသောဝိညာဥ်ဖိအားတစ်ခု လျှင်မြန်စွာပျံ့နှံ့လာပြီး ဟင်းလင်းပြင်ကို ချိပ်ပိတ်လိုက်သည်။
စစ်သည်တစ်ဦးအနေဖြင့် ချောက်နက်တံဆိပ်ပြားကို ချက်ချင်း ထုတ်ယူလျှင်တောင် ထွက်ခွာသွားနိုင်လိမ့်မည် မဟုတ်ချေ။
“တကယ့် အကောင်ကြီးကြီးတစ်ကောင် ရောက်လာပြီပဲ...”
မုန့်ချန်ချင်း မျက်ခုံးပင့်လိုက်သည်။
ဤဝိညာဥ်ဖိအားမှာ ဒူမင်အပါအဝင် ယခင်က ကြုံတွေ့ခဲ့ဖူးသော မည်သည့်နတ်ဆိုးထက်မဆို များစွာ သာလွန်ပေသည်။
ရောက်ရှိလာသူမှာ အဆင့် ၆ နတ်ဆိုးဖြစ်သည့် လှည့်စားခြင်းအသံ ကောင်းကင်နတ်ဆိုးကလန်၏ ဘိုးဘေးဖြစ်သည်မှာ သေချာသည်။
သို့သော်လည်း မုန့်ချန်ချင်းမှာ ကြောက်ရွံ့ခြင်း မရှိပေ။
သူအသုံးပြုတာ ချောက်နက်တံဆိပ်ပြားမဟုတ်ပဲ ရှားပါးစွမ်းအားကြီးရတနာဖြစ်သည့် ဟင်းလင်းပြင်မှန်ဖြစ်သည်။
မဟာအကြီးအကဲ ပြောခဲ့ဖူးသည်၏။
အလွန်အမင်း စွမ်းအားကြီးမားသော တည်ရှိမှုမျိုး မဟုတ်လျှင် အဆင့် ၆ သို့မဟုတ် အဆင့် ၇ နတ်ဆိုးများပင်လျှင် သူ့ကို ပိတ်လှောင်ထားနိုင်လိမ့်မည် မဟုတ်ချေ။
သူက လွယ်လွယ်ကူကူ ထွက်ပြေးနိုင်သည်။
ဤအချက်ကို သိရှိထားသဖြင့် မုန့်ချန်ချင်းမှာ ဒူမင်ကို သတ်ပြီးနောက်တွင်ပင် ကောင်းကင်နတ်ဆိုးချောက်နက်ထဲ၌ ဆက်လက်နေထိုင်ကာ အလွန်တရာ သတ္တိကောင်းစွာ ပြုမူနေခြင်း ဖြစ်သည်။
ထို့အပြင် ၎င်းမှာ သူ၏ အစီအစဥ်ထဲမှ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။
အဆင့် ၅ နတ်ဆိုးများက ကောင်းမွန်သော်လည်း အဆင့် ၆ မှာမူ များစွာ ပို၍ ကောင်းမွန်ပေသည်။
အဆင့် ၆ နတ်ဆိုးချီကို ရရှိခြင်းက နတ်ဘုရားရရှိခြင်းနယ်ပယ် အထွတ်အထိပ်သို့ အလွယ်တကူ ရောက်စေလိမ့်မည်ဖြစ်သည်။
သူကိုယ်တိုင် အဆင့် ၆ နတ်ဆိုးကို မသတ်နိုင်သော်လည်း ဂိုဏ်းချုပ်ကို သတ်ခိုင်းပြီး ဂိုဏ်းချုပ်၏စွမ်းအားကိုလည်း မြင်နိုင်တာဖြစ်သည်။
“လူသား... မင်း ကောင်းကင်နတ်ဆိုးချောက်နက်ထဲမှာ ဆက်နေရဲလောက်အောင် တကယ့်ကို သတ္တိကောင်းတာပဲ...”
နတ်ဆိုးချီများ ပြည့်နှက်နေသော ကောင်းကင်ယံတွင် ဧရာမမျက်နှာကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
၎င်းမှာ လူသားနှင့် ဆင်တူသော်လည်း အနီရင့်ရောင်ကြေးခွံများ ဖုံးလွှမ်းနေပြီး အလွန်အမင်း ရက်စက်ကြမ်းကြုတ်သော ပုံစံရှိ၏။
မျက်လုံးများ၌ လောကကြီးကို အေးခဲသွားစေနိုင်လောက်သည့် အေးစက်မှုကို ထုတ်ဖော်နေပြီး ချောက်နက်ရေခဲကန်များကဲ့သို့ပင် ဖြစ်သည်။
၎င်း ထွက်ပေါ်လာသည့်အခါ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ ၎င်း၏တည်ရှိမှုကို မခံနိုင်သကဲ့သို့ လှိုင်းတွန့်များ ဖြစ်ပေါ်လာခဲ့သည်။
“မင်းက ငါ့ကလန် အသန်မာဆုံးသူရဲ့ စွမ်းအားကို ဝါမျိုဖို့ ကြိုးစားလောက်အောင် လောဘကြီးတာပဲ... အခု သေဖို့ အဆင်သင့်ဖြစ်ပြီလား...”
နတ်ဆိုးဘိုးဘေးမှာ ဝမ်းနည်းမှုမရှိဘဲ ဝမ်းသာအားရ ဖြစ်နေခဲ့သည်။
လူသားပါရမီရှင်တစ်ဦးကို သတ်ဖြတ်ခြင်းက နတ်ဆိုးဝါမျိုမြို့ထံမှ ကြီးမားသော ဆုလဒ်များကို ရရှိစေမည်မှာ သေချာသည်။
“ပြီးတော့... မင်းရဲ့ ခန္ဓာကိုယ်ကို ငါ လိုချင်တယ်...”
သူ၏ကလန်သားများ သေဆုံးမှုကြောင့် ဒေါသထွက်နေသော်လည်း ကောင်းကင်ဆန့်ကျင်သည့် ပါရမီရှင်တစ်ဦးကို တွေ့ရှိရခြင်းက သူ့ကို ပိုမိုစိတ်လှုပ်ရှားစေခဲ့သည်။
ဤကဲ့သို့သော ခန္ဓာကိုယ်မျိုးနှင့်ဆိုလျှင် သူက ပိုမိုမြင့်မားသော နယ်ပယ်များသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။
"ဒီတော့ မင်းက ငါ့ကို ဖမ်းမိပြီလို့ ထင်နေတာပေါ့..."
မုန့်ချန်ချင်း ပြုံးလိုက်သည်။
“ဒါပေါ့... မင်း ဘယ်လောက်ပဲ သန်မာသန်မာ နယ်ပယ်ကျော်ပြီးတော့ တိုက်နိုင်မှာ မဟုတ်ဘူးလေ...”
နတ်ဆိုးဘိုးဘေး လှောင်ပြောင်လိုက်သည်။
“ငါ မင်းကို သုံးကွက်အတွင်း သတ်ပြမယ်...”
ထို့နောက် များပြားသည့်နတ်ဆိုးချီများနှင့်အတူ မုန့်ချန်ချင်းထံသို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။
သို့သော် ရုတ်တရက်ဆိုသလို မုန့်ချန်ချင်း ရှေးဟောင်းမှန်တစ်ချပ်ကို ထုတ်ယူလိုက်သည်။
၎င်းအတွင်းသို့ ဝိညာဥ်စွမ်းအားများကို ထည့်သွင်းလိုက်သည့်အခါ ကောင်းကင်ယံ၌ အပေါက်ကြီးတစ်ခုကဲ့သို့ ဧရာမ ဝဲကတော့ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ထိုဝဲကတော့ကြီးအတွင်းမှ ရှေးဟောင်းသင်္ကေတများပြည့်နှက်နေသည့် ဧရာမလက်ဝါးကြီးတစ်ဖက် ထွက်ပေါ်လာပြီး လောကကြီးကိုဖျက်ဆီးပစ်နိုင်သည့် အရှိန်အဝါတစ်ခုကို ထုတ်လွတ်နေခဲ့သည်။
“ဒါက...”
နတ်ဆိုးဘိုးဘေးမျက်နှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
မယုံကြည်နိုင်စရာကောင်းစွာပင် ထိုလက်ဝါးကြီးမှာ သူမျက်နှာကို ဆုပ်ကိုင်ပြီး အရာအားလုံးကို ဖိခြေပစ်လိုက်ရာ ဟင်းလင်းပြင်နှင့် နတ်ဆိုးဘိုးဘေးမှာ ကျိုးပဲ့သွားသော မှန်တစ်ချပ်ကဲ့သို့ အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့ပြီး မည်သည့်အစအနမျှ ကျန်ရှိမနေခဲ့တော့ချေ။