← Chapters

အခန်း ၁၆၃

Vol. 17 Ch. 163

အခန်း ၁၆၃

Vol. 17 Ch. 163

အခန်း (၁၆၃)

ထျန်းရွမ်၊ ထျန်းရှူ၊ ထျန်းကျီ၊ တောင်ပိုင်းဒေသ၏ ထိပ်သီးစီရင်စုစုသုံးခု

“ဒါ ဘယ်လိုစွမ်းအားမျိုးလဲ...”

မုန့်ချန်ချင်း လက်သီးများ အနည်းငယ် တင်းတင်းဆုပ်သွားခဲ့သည်။

အဆင့် ၆ နတ်ဆိုးတစ်ကောင်ကို လက်ဝါးတစ်ချက်တည်းဖြင့် လွယ်လွယ်ကူကူ ချေမှုန်းပစ်နိုင်သည်မှာ သူ မျှော်လင့်ထားခဲ့သည့်အတိုင်းပင် ဖြစ်သည်။

ဂိုဏ်းချုပ်မှာ အနည်းဆုံး မှူးမတ်အဆင့် စွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်ထားပေသည်။

“မှူးမတ်နယ်ပယ်...”

မုန့်ချန်ချင်း၏ မျက်လုံးများထဲတွင် အလင်းရောင်များ တောက်ပလာခဲ့သည်။

ထိိုအဆင့်၌ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို အမိန့်ပေးစေခိုင်းနိုင်သည်ဟု ပြောကြသည်မှာ မဆန်းတော့ချေ။

အလွန်တရာ မာကျောလှသော ဟင်းလင်းပြင်ပင်လျှင် ထိုစွမ်းအား၏ ရှေ့မှောက်တွင် စက္ကူပါးလေးကဲ့သို့ နုနယ်နေခဲ့သည်။

“တစ်နေ့ကျရင် ငါလည်း ဒီနယ်ပယ်ကို ရောက်ရမယ်...”

မုန့်ချန်ချင်း အသက်ကို ပြင်းပြင်းရှူလိုက်သည်။

သူက မကြာမီ ရောက်ရှိလာတော့မည့် တောင်ပိုင်းပါရမီရှင်များတိုက်ပွဲတွင် အနိုင်ရရှိရန် ပြင်းပြလာခဲ့သည်။

ထိပ်တန်း အယောက် ၂၀ အတွင်းသို့ ဝင်ရောက်နိုင်ပါက မှူးမတ်အဆင့် ကျင့်ကြံရေး အရင်းအမြစ်များတည်ရှိရာ ဖရိုဖရဲပင်လယ်အတွင်းသို့ ဝင်ရောက်ခွင့် ရမည် ဖြစ်သည်။

“အမြန် ထွက်ခွာတော့...”

ဂိုဏ်းချုပ်၏ အသံမှာ မုန့်ချန်ချင်းနားထဲသို့ ပဲ့တင်ထပ်ဝင်ရောက်လာခဲ့သည်။

ဤစကားကို ကြားရသောအခါ မုန့်ချန်ချင်း အသိပြန်ဝင်လာပြီး စစ်မှန်သောနတ်ဆိုးနည်းစနစ်ကို အသက်သွင်းကာ နတ်ဆိုးဘိုးဘေးကို စတင်သန့်စင်လိုက်တော့သည်။

အမှန်တကယ်ပင် အဆင့် ၆ နတ်ဆိုးချီမှာ မည်းနက်ပြီး ထူထပ်လှပေသည်။

၎င်းကို ကြည့်လိုက်ရုံမျှဖြင့်ပင် မရေတွက်နိုင်သော ဝိညာဥ်အသိအမြင်များကို ရရှိနိုင်သည်။

သူက ထပ်မတွေးတောဘဲ ၎င်းကို သိမ်းဆည်းလိုက်ပြီး ဟင်းလင်းပြင်မှန်ကို အသုံးပြုကာ ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

သူ ထွက်ခွာသွားပြီးနောက် မကြာမီခင် ကောင်းကင်ယံ၌ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်များ ထွက်ပေါ်လာခဲ့သည်။

မည်းနက်ပြီး အလွန်စွမ်းအားကြီးသည့် ဧရာမ နတ်ဆိုးလိပ်ကြီးတစ်ကောင်မှာ သံကြိုးများစွာဖြင့် ချည်နှောင်ကျွန်ပြုခံထားရပြီး ကျောထက်၌ ခမ်းနားထည်ဝါသည့် နန်းတော်ကြီးတစ်ခုကို သယ်ဆောင်ထားခဲ့သည်။

“ဟင်းလင်းပြင်ကို ဖျက်ဆီးပစ်ဖို့ဆိုရင် အနည်းဆုံး မှူးမတ်အဆင့်စွမ်းအား လိုအပ်တယ်...”

အေးဆေးတည်ငြိမ်သော အသံတစ်ခုက နန်းတော်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။

အပြင်ဘက်တွင်မူ အရပ်ရှည်ရှည်နှင့် နတ်ဆိုးအစောင့် နှစ်ယောက် မတ်တပ်ရပ်နေခဲ့ကြသည်။

“ဒီအက်ကွဲကြောင်းက လူသားတွေရဲ့ ဘယ်ဒေသကို ဦးတည်နေတာလဲ...”

ထိုအသံက ထပ်မံမေးမြန်းလိုက်သည်။

“မြို့သခင်ငယ်ကို သတင်းပို့ပါတယ်... ဒါက တောင်ပိုင်းဒေသရဲ့ ထျန်းလင်စီရင်စုကို ဦးတည်နေတာပါ...”

အစောင့်တစ်ယောက်က ရိုရိုသေသေ ပြန်လည်ဖြေကြားလိုက်သည်။

“ထျန်းလင်စီရင်စု?... စိတ်ဝင်စားစရာပဲ... ငါသိသလောက်တော့ အဲ့ဒီစီရင်စုက အတော်လေးအားနည်းပြီး သေခြင်းရှင်ခြင်းနယ်ပယ် ပညာရှင်တောင် မရှိသလောက်ဆို... ဘာလို့ မှူးမတ်အဆင့် စစ်သည်တစ်ယောက် ရှိနေရတာလဲ...”

အသံ တွေးတောရင်း ပြောလိုက်သည်။

“သွားပြီး အခြေအနေကို စုံစမ်းလိုက်...”

“ဟုတ်ကဲ့...”

အစောင့်တစ်ယောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ရာနေရာသို့ ဝှစ်ခနဲသွားရောက်လိုက်ပြီး အသက်ရှူအကြိမ် အနည်းငယ်အကြာတွင် ပြန်လည်ရောက်ရှိလာခဲ့သည်။

“မြို့သခင်ငယ်ကို သတင်းပို့ပါတယ်... အသတ်ခံလိုက်ရတာက လှည့်စားခြင်းအသံ ကောင်းကင်နတ်ဆိုးကလန်ရဲ့ ဘိုးဘေးပါ...”

ထို့နောက် အစောင့် တွန့်ဆုတ်စွာဖြင့် ဆက်ပြောသည်။

“ဒါ့ပြင် ဘိုးဘေးရဲ့ဝိညာဥ်အသိအမြင်တွေအားလုံး လုံးဝပျောက်ကွယ်သွားပါပြီ... စစ်မှန်နတ်ဆိုးနည်းစနစ်ရဲ့ လက်ကျန်အငွေ့အသက်တွေလည်း တွေ့ရပါတယ်...”

“မဖြစ်နိုင်တာ...”

အသံမှာ ချက်ချင်းပင် အေးစက်သွားခဲ့ရသည်။

“စစ်မှန်နတ်ဆိုးနည်းစနစ်ကို သုံးတဲ့သူက ဒီနေရာမှာ ဘယ်လိုလုပ် ပေါ်လာနိုင်ရတာလဲ... ပြီးခဲ့တဲ့အကြိမ်က သွေးနတ်ဆိုးကလန်ရဲ့ နယ်မြေမှာ ပေါ်ခဲ့တာလေ...”

“ဒီနေရာကို ရုတ်တရက် ရောက်လာစရာ အကြောင်းမရှိဘူး...”

အစောင့်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

မကြာသေးမီက ဒဏ္ဍာရီလာ စစ်မှန်သော နတ်ဆိုးနည်းစနစ် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။

၎င်း၏ပိုင်ရှင်သည် မြေကမ္ဘာနတ်ဆိုးကလန်သေးအချို့ကို မျိုးတုံးအောင် သတ်ဖြတ်ကာ နတ်ဆိုးသွေးပုံဆောင်ခဲများအဖြစ်သန့်စင်ပြီး ဘေးကင်းစွာထွက်ခွာသွားခဲ့သဖြင့် နတ်ဆိုးနယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

“ဒါက စစ်မှန်နတ်ဆိုးနည်းစနစ်ကို ကျင့်ကြံနေတဲ့ အခြားလူသားစစ်သည်တစ်ယောက် ဖြစ်နေမလား...”

အစောင့်တစ်ယောက် အစမ်းသဘော မေးမြန်းလိုက်သည်။

“မဖြစ်နိုင်ဘူး...”

အသံ ပြတ်ပြတ်သားသားနှင့် ခိုင်မာစွာ ငြင်းဆိုလိုက်သည်။

“စစ်မှန်နတ်ဆိုးရတနာတွေက အလွန် ရှားပါးပြီး ခေတ်တစ်ခေတ်မှာ တစ်ခုပဲ ပေါ်လာတာ... မဟုတ်ရင် ငါတို့ နတ်ဆိုးမျိုးနွယ်တွေ ရှေးဟောင်းခေတ်ကတည်းက မျိုးတုံးပျောက်ကွယ်သွားလောက်ပြီ...”

အစောင့်များမှာ ထိုအမှန်တရားကို လက်ခံသည့်အနေဖြင့် တိတ်ဆိတ်သွားခဲ့ကြသည်။

သမိုင်းတစ်လျှောက်တွင် ခေတ်တစ်ခေတ်၌ တစ်ဦးတည်းသာလျှင် အမြင့်မြတ်ဆုံး စစ်မှန်နတ်ဆိုးနည်းစနစ်ကို ကျွမ်းကျင်ပိုင်နိုင်နိုင်၏။

“သွားပြီး စုံစမ်းလိုက်...”

ထိုအသံ အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့...”

အစောင့်များ၏ဝိညာဥ်များ တုန်လှုပ်သွားပြီး လှည့်စားခြင်းအသံ ကောင်းကင်နတ်ဆိုးကလန်၏ နယ်မြေဆီသို့ ပျံသန်းသွားခဲ့ကြတော့သည်။

နန်းတော်အတွင်း၌မူ အရာအားလုံးမှာ သွေးကဲ့သို့ နီရဲနေပြီး အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာတွင် သွေးကန်တစ်ခု ရှိနေခဲ့သည်။

ရုတ်တရက်ဆိုသလို ထိုသွေးကန်အတွင်းရှိ ပုံရိပ်တစ်ခုမှာ မျက်လုံးဖွင့်လလာပြီး ၎င်း၏မျက်လုံးများထဲတွင် အဆုံးမရှိသော အေးစက်မှုတွေဖြင့် ပြည့်နှက်နေခဲ့သည်။

“စစ်မှန်နတ်ဆိုးနည်းစနစ်...”

....

ကောင်းကင်နတ်ဆိုးချောက်နက်၏ အပြင်ဘက် အက်ကွဲကြောင်းနေရာတွင် အလင်းတန်းများ ဖျတ်ခနဲ လက်သွားပြီးနောက် မုန့်ချန်ချင်းပုံရိပ် ထွက်ပေါ်လာခဲ့သည်။

“သခင်လေး...”

စိတ်လှုပ်ရှားနေသော အသံများ ထွက်ပေါ်လာခဲ့သည်။

မဟာအကြီးအကဲ ချက်ချင်း မျက်လုံးဖွင့်လာပြီး ပြုံးပြလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် ဂိုဏ်း၏ မျှော်လင့်ချက်ဖြစ်သော သခင်လေးမှာ အထဲတွင် ပျက်စီးသွားလိမ့်မည် မဟုတ်ချေ။

“ဦးလေး ဆရာ...”

မိုရှောင်ယုလည်း အလွန်အမင်း ဝမ်းသာသွားခဲ့သည်။

ကောင်းကင်နတ်ဆိုးချောက်နက် ခရီးစဥ်ပြီးကတည်းက သူမသည် ဤစာလုံးနှစ်လုံးအပေါ် မည်သည့်ငြင်းဆန်မှုမျှ မရှိတော့ဘဲ သဘာဝကျကျပင် ခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။

“အင်း...”

မုန့်ချန်ချင်းက ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး အန္တရာယ်ရှိသော နေရာမှ ထွက်လာခဲ့ရသဖြင့် စိတ်သက်သာရာ ရသွားခဲ့သည်။

“နတ်ဘုရားရရှိခြင်းနယ်ပယ် အဆင့် ၆?...”

အစီရင်အတားအဆီးကို ထိန်းချုပ်နေခဲ့သော ရှုလင်းယွဲ့ အံ့ဩတကြီး ပြောလိုက်သည်။

ထိုအခါမှ လူတိုင်း မုန့်ချန်ချင်း၏ ကျင့်ကြံရေးအဆင့်ကို သတိပြုမိသွားကြပြီး တုန်လှုပ်စွာဖြင့် ပင့်သက်ရှိုက်လိုက်ကြသည်။

လွန်ခဲ့သည့်တစ်လကျော်လကမှ သူသည် နတ်ဘုရားရရှိခြင်းနယ်ပယ်သို့ ချိုးဖျက်နိုင်ခဲ့ရုံသာ ရှိသေးပြီး ယခုမူ အဆင့် ၆ သို့ ရောက်ရှိနေပြီ ဖြစ်သည်။

နတ်ဘုရားရရှိခြင်းနယ်ပယ်တွင် တိုးတက်ရန် မည်မျှအထိ ခက်ခဲကြောင်းကို ထည့်တွေးကြည့်ပါက ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံရေးအရှိန်အဟုန်က လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။

မဟာအကြီးအကဲမှာ ချက်ချင်း ထရပ်လိုက်ပြီး မုန့်ချန်ချင်း၏ အနားသို့ ချဥ်းကပ်လာကာ “ကောင်းတယ်” ဟူ၍ သုံးကြိမ်ဆက်တိုက်ပြောပြီး သူ၏ စိတ်ကျေနပ်မှုကို ဖော်ပြလိုက်သည်။

“ဂိုဏ်းကို ပြန်ကြစို့...”

မဟာအကြီးအကဲ တစ်ဖက်လှည့်လိုက်သည်။

လေ့ကျင့်မှုကာလ ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ ပြန်ရမည့်အချိန်သို့ ရောက်ရှိပြီ ဖြစ်သည်။

....

မရေတွက်နိုင်သော တိမ်လှေအမြောက်အမြားမှာ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ကြပြီး ဂိုဏ်းဆီသို့ ဦးတည်မောင်းနှင်လာခဲ့ကြသည်။

မုန့်ချန်ချင်းနှင့် မဟာအကြီးအကဲမှာ တိမ်လှေ၏ ရှေ့ဆုံးတွင် ရပ်နေခဲ့ကြသည်။

“မင်း ကောင်းကင်နတ်ဆိုးချောက်နက်ထဲမှာ ကြီးမားတဲ့ ကံကောင်းမှုတွေ ကြုံခဲ့ရပုံပဲ...”

မဟာအကြီးအကဲ မုန့်ချန်ချင်းအပေါ် ပိုမို၍ စိတ်ကျေနပ်လာခဲ့သည်။

ထူးကဲလှသော ရုပ်ရည်၊ သန်မာသော စွမ်းအားနှင့် လုံလောက်သော တည်ငြိမ်မှု — သူသည် ရှီယင်ချင်းထက် ဂိုဏ်းချုပ်ဖြစ်ရန် များစွာ ပိုမိုသင့်တော်လှပေသည်။

မုန့်ချန်ချင်းသည် သေခြင်းရှင်ခြင်းနယ်ပယ် သို့မဟုတ် ထိုထက်မြင့်မားသော အဆင့်သို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ရှီယင်ချင်းမှာ ရာထူးမှ ဆင်းပေးရမည် ဖြစ်သည်။

ထိုကောင်ကတော့ ဂိုဏ်းကို အမှောင်ထုထဲသို့သာ ဦးဆောင်ခေါ်သွားမည့်သူ ဖြစ်သည်။

“ဟုတ်ကဲ့...”

မုန့်ချန်ချင်း ရှင်းပြရန် ပြင်လိုက်သော်လည်း မဟာအကြီးအကဲ ကြားဖြတ်တားဆီးလိုက်သည်။

“ထပ်ပြောနေဖို့ မလိုဘူး... ဒါက မင်းရဲ့ ကံကြမ္မာပဲ... ဘယ်သူ့ကိုမှ ပြောပြနေစရာ မလိုဘူး...”

မဟာအကြီးအကဲက ခေါင်းခါရင်း ပြောလိုက်သည်။

“မင်း လျင်လျင်မြန်မြန် ကြီးထွားလာလေလေ ငါတို့ ပိုပြီး ပျော်ရွှင်ရလေလေပဲ...”

“ကောင်းပါပြီ...”

မုန့်ချန်ချင်း ခေါင်းညိတ်လိုက်ပြီး မိမိ အလွန်အကျွံ တွေးတောမိသွားကြောင်း နားလည်လိုက်သည်။

"ဂိုဏ်းကို ပြန်ရောက်ရင် ဂိုဏ်းသိုလှောင်ရုံထဲက နတ်ဘုရားရရှိခြင်းနယ်ပယ်ကျင့်ကြံရေးဆေးလုံးတွေရှာပေးယ်... အဲ့တာတွေနဲ့ဆိုရင် တောင်ပိုင်းပါရမီရှင်များတိုက်ပွဲမတိုင်ခင် မင်း နတ်ဘုရားရရှိခြင်းနယ်ပယ်အထွတ်အထိပ်ကို ရောက်နိုင်လိမ့်မယ်..."

မဟာအကြီးအကဲ ပြောလိုက်သည်။

“စီနီယာအစ်ကို... အစ်ကို အရင်က ပြောခဲ့ဖူးတာ တောင်ပိုင်းဒေသရဲ့ ထိပ်သီးစီရင်စုတွေက ထျန်းရွမ်စီရင်စု၊ ပြီးတော့ ထျန်းရှူစီရင်စုနဲ့ ထျန်းကျီစီရင်စုလို့ ပြောခဲ့တယ်နော်... အဲ့စီရင်စု သုံးခုက အရမ်းသန်မာပြီး တခြားစီရင်စုတွေထက် အပြတ်အသတ်သာတယ်ဆို... သူတို့မျိုးဆက်သစ်တွေကရော အခြေအနေ ဘယ်လိုရှိလဲ...”

မုန့်ချန်ချင်း မေးမြန်းလိုက်သည်။

“အရမ်း သန်မာတယ်...”

မဟာအကြီးအကဲ မုန့်ချန်ချင်းကို လေးနက်စွာ ကြည့်လိုက်သည်။

“ပုန်းကွယ်နဂါးစာရင်းလိုပဲ ပါရမီရှင်တိုက်ပွဲရဲ့ အသက်ကန့်သတ်ချက်က အသက် ၃၅ နှစ်အောက်ပဲ... အဲဒီက လူငယ်ပညာရှင် အများအပြားက သေခြင်းရှင်ခြင်းနယ်ပယ်ကို တောင် ရောက်ရှိနေကြပြီ...”

“သေခြင်းရှင်ခြင်းနယ်ပယ်?...”

မုန့်ချန်ချင်း မျက်လုံးများ အနည်းငယ် ကျဥ်းမြောင်းသွားသည်။

ဤအရာမှာ အံ့သြစရာ မရှိချေ။

အသက်ကန့်သတ်ချက်ကို ထည့်တွက်ကြည့်ပါက ကောင်းကင်ဆန့်ကျင်သည့် ပါရမီရှင်များအတွက် သေခြင်းရှင်ခြင်းနယ်ပယ်သို့ ရောက်ရှိရန်မှာ မခက်ခဲလှချေ။

All Chapters