အခန်း ၁၆၆
Vol. 17 Ch. 166
အခန်း (၁၆၆)
သေခြင်းရှင်ခြင်းထဲသို့ ခြေလှမ်းလှမ်းခြင်း၊ ကောင်းကင်နှင့်မြေကြီး၏ သက်တမ်း ခုနှစ်ရာ
တောင်ပိုင်းပါရမီရှင်တိုက်ပွဲ...
၎င်းသည် စီရင်စုများအကြား ယှဥ်ပြိုင်မှုကို ကိုယ်စားပြုသည်။
ထို့ကြောင့် ထျန်းလင်စီရင်စုအနေဖြင့် ထိုက်ရွမ်ဂိုဏ်းမှ တပည့်များကိုသာ စေလွှတ်ရန်မှာ မဖြစ်နိုင်ချေ။
နေမီးတောက်တောင်ကြား၊ ဘီးလူးဝိညာဥ်ဂိုဏ်း နှင့် လေတိမ်မြို့ တို့သည်လည်း ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရှိသည်။
သို့သော်လည်း သူတို့၏စွမ်းဆောင်ရည်များမှာ တစ်ခါမျှ ထူးထူးခြားခြား ဖြစ်မလာခဲ့ဖူးချေ။
များသောအားဖြင့် အောက်ဆုံးအဆင့်များတွင်သာ ရှိနေခဲ့ကြသည်။
နိုင်ရန်ထက် ပါဝင်ဆင်နွှဲရန်သာ ပို၍ အဓိကကျခဲ့သည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် သူတို့သည် ဤအခြေအနေကို ကျင့်သားရနေခဲ့ကြပြီ ဖြစ်သည်။
သို့သော်လည်း သွားသည့် အကြိမ်တိုင်းတွင် လှောင်ပြောင် သရော်ခြင်းကို ခံရသဖြင့် တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်ရပေသည်။
ပါရမီရှင်တိုက်ပွဲ ကျင်းပမည့်နေရာမှာ တောင်ပိုင်းဒေသ၏ အသန်မာဆုံးစီရင်စုဖြစ်သော ထျန်းရွမ်စီရင်စုတွင် ဖြစ်သည်။
ထိုဒေသ၏ ဧရိယာမှာ အလွန်ကျယ်ပြောလှပြီး ထျန်းလင်စီရင်စုထက် သုံးဆနီးပါး ပိုမိုကြီးမားသည်။
အရင်းအမြစ်များ ကြွယ်ဝပြီး ပါရမီရှင်များ ပေါများလှသည်မှာ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။
ထိုကဲ့သို့ ကျယ်ပြောလှသော ဧရိယာကြောင့် ထျန်းရွမ်စီရင်စုသည် အစကတည်းက အခြားစီရင်စုများ လိုက်တုရန် ခက်ခဲလှသည့် အားသာချက်များစွာကို ပိုင်ဆိုင်ထားခဲ့သည်။
၎င်းသည် ကံကြမ္မာ၏ ကောင်းချီးပေးခြင်းကို ခံထားရသည့်အလားဖြစ်သည်။
နှစ်အနည်းငယ်ကြာတိုင်း အလွန်အမင်း ထူးချွန်သည့်ပါရမီရှင်များ ထွက်ပေါ်လာတတ်ပြီး ပြိုင်ဘက်ကင်းခွန်အားကို ပြသလေ့ရှိသည်။
အခြားစီရင်စုများထဲတွင်မူ ထျန်းရှူစီရင်စုနှင့် ထျန်းကျီစီရင်စု တို့သာလျှင် လိုက်မှီတယ်ဆိုရုံလေး လိုက်မှီကြ၏။
ထျန်းလင်စီရင်စုသည် ထျန်းရွမ်စီရင်စုနှင့် အလွန်ဝေးကွာလှသည်။
တိမ်လှေများ၏ အကူအညီဖြင့်ပင် တစ်လကျော်ခန့် အချိန်ယူရသဖြင့် သူတို့သည် ကြိုတင်၍ ထွက်ခွာရမည် ဖြစ်သည်။
ဂိုဏ်း၏ အစီအစဥ်အရဆိုလျှင် ဟိုးအရင်ကတည်းက ထွက်ခွာခဲ့ပြီ ဖြစ်သည်။
သို့သော် မုန့်ချန်ချင်းမှာ တံခါးပိတ်ကျင့်ကြံနေဆဲဖြစ်ရာ စောင့်ဆိုင်းနေရုံသာ ရှိတော့သည်။
ကျင့်ကြံရေးခန်းမအတွင်း၌ မုန့်ချန်ချင်းသည် ခြေချိတ်ထိုင်နေဆဲပင်။
ပျံ့နှံ့နေသော ဝိညာဥ်ဖိအားမှာ ကျယ်ပြောခမ်းနားပြီး နတ်ဘုရားရရှိခြင်းနယ်ပယ် အထွတ်အထိပ် ရောက်နေကြောင်း သိသာလှသည်။
ဤသည်မှာ ထိုအဆင့် ၆ နတ်ဆိုးချီ အမျှင်ကြောင့် ဖြစ်သည်။
၎င်းတွင် ပါဝင်သော ဝိညာဥ်အသိအမြင်များမှာ အလွန်များပြားလှပေသည်။
နတ်ဘုရားရရှိခြင်းနယ်ပယ်တွင် အဆင့် ကိုးဆင့်ထက်မက ရှိခဲ့လျှင် သူသည် ပိုမို၍ပင် ရှေ့ဆက်သွားနိုင်လောက်သည်။
အမှန်စင်စစ် ဝိညာဥ်ကျင့်ကြံရေးတွင် အထွတ်အထိပ်ဟူ၍ မရှိချေ။
၎င်းသည် အမြဲတမ်း အဆက်မပြတ် မြင့်တက်နေနိုင်သည်။
လက်ရှိ ကျင့်ကြံရေးစနစ်တွင်မူ ရှေးလူကြီးများက ၎င်းကို အဆင့် ကိုးဆင့်အဖြစ် သတ်မှတ်ထားခဲ့ကြခြင်းသာ ဖြစ်သည်။
ထို့ကြောင့် မုန့်ချန်ချင်း၏ ဝိညာဥ်ပိုင်းဆိုင်ရာ ရရှိမှုမှာ အလားတူနယ်ပယ်ရှိ အခြားသိုင်းပညာရှင်များကို ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
မုန့်ချန်ချင်းသည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။
အမှန်တကယ်တွင် သူသည် လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက အဆင့် ၉ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သော်လည်း ဤရက်ပိုင်းအတွင်း အခြေအနေကို ချိန်ညှိနေခဲ့ပြီး အဓိကချိုးဖျက်မှုအတွက် ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။
ယခုမူ အားလုံး အဆင်သင့် ဖြစ်နေခဲ့ပြီပင်။
“သေခြင်းရှင်ခြင်း တာအို...”
မုန့်ချန်ချင်းမျက်လုံးများထဲတွင် တောက်ပသော အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားခဲ့သည်။
အတိအကျပြောရလျှင် သူသည် သေခြင်းရှင်ခြင်း တာအိုနှင့် ပတ်သက်မှု ရှိခဲ့သည်မှာ ဟိုးအရင်ကတည်းက ဖြစ်သည်။
၎င်းမှာ သန့်စင်သောဝိညာဥ်သတ်ဖြတ်ခြင်းဓားသိုင်းပင်။
အသက်စွမ်းအားကို စုပ်ယူကာ သန့်စင်သောဝိညာဥ်တံဆိပ်အမှတ်အသားများအဖြစ် ပြောင်းလဲခြင်း၊ သေခြင်းချီကို စုပ်ယူကာ သတ်ဖြတ်ခြင်းဓားချီအဖြစ် ပြောင်းလဲခြင်း ဖြစ်သည်။
သေခြင်းနှင့် ရှင်ခြင်းသည် အဆက်မပြတ် လည်ပတ်နေသော သံသရာစက်ဝန်း ဖြစ်သည်။
သို့သော်လည်း ဓားသိုင်းပညာတစ်ခုတည်း၏ သေခြင်းရှင်ခြင်း အသိအမြင်များအပေါ်သာ မှီခိုနေရန်မှာ မလုံလောက်ချေ။
ထိုအဆင့်မှာ ပိုမိုနက်နဲသော နားလည်မှုတစ်ခု လိုအပ်သည်။
သေခြင်းရှင်ခြင်းနယ်ပယ်သို့ ခြေလှမ်းလှမ်းရန်အတွက် နှလုံးသားပတ်လည်ရှိ ရှင်ခြင်းအပ်စိုက်မှတ်နှင့် သေခြင်းအပ်စိုက်မှတ်တို့ကို ဖွင့်လှစ်ရန် လိုအပ်သည်။
ထိုနှစ်ခုစလုံးမှာ သိစိတ်ပင်လယ်ကဲ့သို့ပင် အလွန်တရာ နက်ရှိုင်းသောနေရာတွင် ဝှက်ထားခြင်း ဖြစ်သည်။
တစ်ဦးတစ်ယောက်၏ သေခြင်းရှင်ခြင်း တာအိုအပေါ် နားလည်မှုသည် အဆင့်တစ်ခုသို့ ရောက်ရှိလာမှသာလျှင် ၎င်းတို့မှာ ထွက်ပေါ်လာကြသည်။
“စမယ်...”
မုန့်ချန်ချင်း အသိစိတ်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။
မသေမျိုးအမှန်တရားကောင်းကင်ဘုရင်အတတ်ကို တိုက်ရိုက်လည်ပတ်လိုက်ပြီး ကောင်းကင်နှင့် လူသား တစ်သားတည်းဖြစ်ခြင်း အခြေအနေသို့ ဝင်ရောက်လိုက်သည်။
သူ၏ ထူးခြားထက်မြက်ခြင်းအဆင့် နားလည်နိုင်စွမ်းမှာ ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
သေခြင်းနှင့် ရှင်ခြင်းဆိုင်ရာ မရေတွက်နိုင်သော အသိအမြင်များမှာ သူ၏ စိတ်ထဲသို့ လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။
ထူထပ်သိပ်သည်းပြီး အဆုံးမရှိပေ။
“သစ်ပင်မြက်ပင်တွေရဲ့ သေဆုံးခြင်းက တိတ်ဆိတ်ပြီး သတိမထားမိဘူး...
“ပုရွက်ဆိတ်တွေရဲ့ သေဆုံးခြင်းကတော့ အရေးမပါလှဘူး...
“သက်ရှိသတ္တဝါတွေရဲ့ သေဆုံးခြင်းကတော့ သက်တမ်းရဲ့ ကန့်သတ်ချက်ပဲ...
“ဝင်လုဆဲဆဲ နေမင်းက ကောင်းကင်နဲ့ မြေကြီးရဲ့ သေဆုံးခြင်းပဲ...
“သေခြင်းနဲ့ ရှင်ခြင်းဆိုတာ ဆန့်ကျင်ဘက်တွေ မဟုတ်ဘူး... အရာခပ်သိမ်းရဲ့ သံသရာစက်ဝန်းဖြစ်ပြီး တစ်ခုနဲ့တစ်ခု ဆက်စပ်နေကြတာ...
“ခြောက်သွေ့နေတဲ့ သစ်ပင်တွေ နွေဦးနဲ့ ပြန်ဆုံတွေ့သလို...
“ပထမဆုံး နေခြည်က အာရုဏ်ဦးကို ဖြိုခွဲလိုက်သလို...
“အရာခပ်သိမ်း မွေးဖွားလာကြတယ်...
“...
“သေခြင်းနဲ့ ရှင်ခြင်းဆိုတာ ပုံသဏ္ဌာန်တွေသာ ဖြစ်ပြီး ထာဝရတည်တံ့ခြင်းကသာ စစ်မှန်တဲ့ အနှစ်သာရပဲ...
“...”
မုန့်ချန်ချင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။
ထိုအခါ သူ့ခန္ဓာကိုယ်မှ သေခြင်းရှင်ခြင်း ရည်ရွယ်ချက်များ တဖြည်းည်းချင်း စတင်ထွက်ပေါ်လာခဲ့ပြီး ပိုမို ပြင်းထန်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် နှလုံးသားပတ်လည်၌ လူးလွန့်လှုပ်ရှားနေသည့် ခံစားချက်တစ်ခု ဖြစ်လာပြီး ဆန်းကြယ်သော အလင်းတန်းများ စီးဆင်းလာခဲ့သည်။
အဖြူအနက် အပ်စိုက်မှတ်နှစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။
မုန့်ချန်ချင်း၏ သေခြင်းရှင်ခြင်းအပေါ် နားလည်မှု နက်နဲလာသည်နှင့်အမျှ ထိုအပ်စိုက်မှတ်များသည် စတင်တောက်ပလာခဲ့သည်။
၎င်းမှာ ကာလရှည်ကြာ ခြောက်သွေ့နေသောမြေပြင်က မိုးရေနှင့် ဆုံတွေ့ရသည့်အခါ ပြန်လည်အသက်ဝင်လာတော့မည့်အလား ခံစားရသည်။
မုန့်ချန်ချင်း၌ ထိုအရာတွေကို အာရုံစိုက်ရန်အချိန်မရှိပေ။
ဤအခိုက်အတန့်တွင် သူက အသိအမြင်များထဲ၌ လုံးဝနစ်မြုပ်နေခဲ့သည်။
အချိန်များက တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက် ထိုအပ်စိုက်မှတ်နှစ်ခုသည် ညကောင်းကင်ယံရှိ ကြယ်ပွင့်များကဲ့သို့ တောက်ပလင်းလက်လာခဲ့သည်။
မုန့်ချန်ချင်း၏ ခန္ဓာကိုယ်၌လည်း ကိုင်တွယ်ရလုနီး ပြင်းထန်သောသေခြင်းရှင်ခြင်းရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
ခရက်!
ချက်ချင်းဆိုသလိုပဲ, အတွင်းပိုင်းမှ အက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး မုန့်ချန်ချင်းအော်ရာမှာ တစ်ဟုန်ထိုးမြင့်တက်လာခဲ့သည်။
သူက ပိုမိုမြင့်မားသောအဆင့်တစ်ခုသို့ ခြေလှမ်းနိုင်ခဲ့တာ သိသာလှသည်။
သေခြင်းရှင်ခြင်းနယ်ပယ်...
ဟူး...
ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် တုန်ခါသွားပြီး အံ့ဖွယ်မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
အဖြူရောင်မြူခိုးမျှင်များ ထွက်ပေါ်လာပြီး ၎င်းတို့မှာ အသက်ဓာတ်များအပြည့်ပင်။
တစ်မျှင်၊ နှစ်မျှင်... အမျှင်ပေါင်း ခုနစ်ရာအထိ ရှိလာခဲ့သည်...
ဤသည်မှာ ကောင်းကင်နှင့်မြေကြီး သက်တမ်းပင် ဖြစ်သည်။
ရှင်ခြင်းအပ်စိုက်မှတ်ကို ဖွင့်လှစ်ပြီးနောက်တွင် လူတစ်ဦးသည် ကောင်းကင်နှင့် မြေကြီးထံမှ သက်တမ်းကို လုယူနိုင်သည်။
ထိုအရာမှာ ကောင်းကင်နှင့် မြေကြီး၏ အသက်ဓာတ်အစိတ်အပိုင်းအချို့ကို မိမိကိုယ်ကိုယ်အတွင်းသို့ ပေါင်းစပ်ထည့်သွင်းလိုက်ခြင်းနှင့် ညီမျှသည်။
လူတစ်ယောက်၏ အသိအမြင် နက်နဲမှုအပေါ်မူတည်၍ ရရှိသောသက်တမ်းမှာ ကွဲပြားခြားနားသည်။
နားလည်မှု ပိုမိုနက်နဲလေလေ သက်တမ်း ပိုမိုရရှိလေလေပင် ဖြစ်သည်။
အမျှင်ပေါင်း ခုနစ်ရာဆိုသည်မှာ သက်တမ်း နှစ်ပေါင်းခုနစ်ရာပင် ဖြစ်သည်။
ရှီယင်ချင်းပင်လျှင် ဤအရာကို မြင်ပါက ထိတ်လန့်သွားပေလိမ့်မည်ဖြစ်သည်။
အကြောင်းမှာ ထိုအရာမှာ တကယ့်ကို များပြားလွန်းလှသောကြောင့် ဖြစ်သည်။
ယေဘုယျအားဖြင့် နှစ်ပေါင်း နှစ်ရာခန့် ရရှိခြင်းမှာ ပုံမှန်အဆင့် ဖြစ်သည်။
ပိုမိုများပြားပါက သုံးရာ သို့မဟုတ် လေးရာ ဖြစ်သည်။
သို့သော် နှစ်ပေါင်း ခုနစ်ရာဆိုသည်မှာ တကယ့်ကို ရှားပါးလှပေသည်။
သို့သော် မုန့်ချန်ချင်း၏ အခြေခံအုတ်မြစ်မှာ အလွန်တရာ နက်ရှိုင်းလှသည်။
သူ့တွင် သန့်စင်သောဝိညာဥ်သတ်ဖြတ်ခြင်းဓားသိုင်း အခြေခံ ရှိပြီး ထူးခြားထက်မြက်ခြင်းအဆင့်နားလည်နိုင်စွမ်းနှင့် ကောင်းကင်နှင့် လူသား တစ်သားတည်းဖြစ်ခြင်း အခြေအနေတို့ ရှိနေခဲ့သည် မဟုတ်ပါလား။
ဤကဲ့သို့ရလဒ်ထွက်ပေါ်လာခြင်းမှာ အကျိုးအကြောင်းဆီလျော်သည်။
ရှီယင်ချင်း၌ပင် ထိုစဥ်က ဤမျှလောက် နက်ရှိုင်းသော အခြေခံအုတ်မြစ် မရှိခဲ့ချေ။
မသေမျိုးအမှန်တရားကောင်းကင်ဘုရင်အတတ်၏ ပထမတွဲအတွက်မူ သူသည် သေခြင်းရှင်ခြင်းနယ်ပယ်သို့ ရောက်ရှိမှသာလျှင် ကျွမ်းကျင်ပိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် သိပ်သည်းလှသောအဖြူရောင်မြူခိုးများမှာ မုန့်ချန်ချင်း၏ ခန္ဓာကိုယ်အတွင်းသို့ အရူးအမူး တိုးဝင်လာကြရာ သူ၏ရုပ်ပိုင်းဆိုင်ရာကို ပိုမိုတက်ကြွလန်းဆန်းစေပြီး အသက်ဓာတ်များဖြင့် ပြည့်နှက်သွားစေခဲ့သည်။
“သေခြင်းရှင်ခြင်းနယ်ပယ် အဆင့် ၁...”
မုန့်ချန်ချင်း မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။
သူ၏ မျက်လုံးများထဲတွင် သေခြင်းရှင်ခြင်းရည်ရွယ်ချက်များမှာ အဆက်မပြတ် အလှည့်ကျ ပြောင်းလဲနေခဲ့သည်။
စိတ်ဆန္ဒအားနည်းသူများဆို အဆုံးမရှိသော ပုံရိပ်ယောင်များအတွင်း ပိတ်မိသွားစေရန် လုံလောက်သည်။
မရေတွက်နိုင်သော သေခြင်းရှင်ခြင်းများကို ချက်ချင်းခံစားရပြီး အဆုံးရှိမည်မဟုတ်ပေ။
သေခြင်းရှင်ခြင်းနယ်ပယ်သည် သက်တမ်းကို တိုးမြင့်ပေးပြီး ပြန်လည်သက်သာလာနိုင်စွမ်းကို မြှင့်တင်ပေးသည်။
ထို့ပြင် တိုက်ခိုက်မှုတစ်ခုချင်း၌ သေခြင်းရှင်ခြင်းအပ်စိုက်မှတ်၏ အကျိုးသက်ရောက်မှုများကို သယ်ဆောင်ထားသည်။
ထိုအရာမှာ အသက်ဓာတ်ကိုလုယူခြင်းနှင့် သေခြင်းချီကို ထိုးသွင်းခြင်းပင်ဖြစ်သည်။
ထို့ကြောင့် တိုက်ပွဲများတွင် သေခြင်းရှင်ခြင်းနယ်ပယ်သည် နတ်ဘုရားရရှိခြင်းနယ်ပယ်ကို အပြတ်အသတ် ချေမှုန်းနိုင်စွမ်း ရှိသည်။
သူတို့တိုက်ခိုက်သည်နှင့် ပြိုင်ဘက်၏ အသက်ဓာတ်မှာ ထိခိုက်ခံရမည် ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ သေခြင်းရှင်ခြင်းနယ်ပယ်၏ စွမ်းအားအပြည့်ကို အသုံးမပြုလျှင်ပင် နတ်ဘုရားရရှိခြင်းနယ်ပယ်မှာ အသက်ဝိညာဥ် ကင်းမဲ့သွားပြီး အလောင်းကောင်တစ်ခုအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
နယ်ပယ်တူအတွင်း တိုက်ပွဲများအတွက်မူ အဆင့်ငယ်များအကြား ကွာဟချက်မှာ အလွန်အမင်း မကြီးမားသရွေ့ တစ်ဦးနှင့်တစ်ဦး၏ သိုင်းပညာအခြေခံအုတ်မြစ်အပေါ်တွင်သာ မူတည်၏။