အခန်း ၁၆၈
Vol. 17 Ch. 168
အခန်း (၁၆၈)
နှလုံးသားကို ပုံသွင်းခြင်း၊ ထိုက်ရွမ်၏ သားတော်ဆယ့်ရှစ်ပါး
သူသည် ဂိုဏ်းချုပ်၏ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
အဆုံးမှာတော့ တောင်ပိုင်းဒေသတွင် ထျန်းလင်စီရင်စု၏ စွမ်းအားမှာ အားအနည်းဆုံးတော့ မဟုတ်သော်လည်း အားနည်းသည့်အဆင့်နှင့် တော်တော်လေး နီးစပ်လှပေသည်။
အပြင်သို့ ခရီးသွားသည့်အခါ လူတစ်ဦးသည် မသိစိတ်အရ မိမိကိုယ်ကိုယ် အားငယ်စိတ်ဝင်ကာ ပြဿနာမရှာရဲဘဲ ဖြစ်တတ်သဖြင့် ဂိုဏ်းချုပ်သည် ယခုအခါ သူ၏ နှလုံးသားကို ပုံသွင်းပေးနေခြင်း ဖြစ်သည်။
သေခြင်းရှင်ခြင်းနယ်ပယ်နှင့် ယှဥ်နိုင်သော အဆင့် ၆ နတ်ဆိုးကိုပင် လက်ဝါးတစ်ချက်တည်းဖြင့် ချေမှုန်းပစ်ခဲ့သည့် ဂိုဏ်းချုပ်၏ စွမ်းအားကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီးဖြစ်သည်။
အနည်းဆုံး မှူးမတ်နယ်ပယ် အဆင့်ရှိ၏။
ထို့အပြင် ဂိုဏ်းအတွင်းရှိ များပြားလှသော တောင်ထိပ်သခင်များအားလုံးမှာလည်း ကိုယ်စီဝှက်ဖဲများနှင့်ဖြစ်သည်။
ဤကဲ့သို့သော နောက်ခံမျိုးနှင့်ဆိုလျှင် သူရဲဘောကြောင်စွာ ပြုမူနေရန် မလိုတော့ချေ။
ရဲရဲဝံ့ဝံ့ လုပ်ဆောင်နိုင်ပေသည်။
"မင်း တံခါးပိတ်ရာကနေ ထွက်လာတဲ့အကြောင်း ငါ မဟာအကြီးအကဲကို အကြောင်းကြားပြီးပြီ... သူတို့ မကြာခင် ဒီကို ရောက်လာကြလိမ့်မယ်..."
"မဟာအကြီးအကဲလည်း ဒီခရီးစဥ်မှာ မင်းနဲ့အတူ လိုက်ပါလိမ့်မယ်..."
"ဒါ့ပြင် ဒီသိုလှောင်လက်စွပ်ထဲမှာ ရှန်ချင်းနယ်မြေကနေ စီနီယာအစ်ကိုယွင်ပုကျွယ် စုဆောင်းပေးထားတဲ့ သေခြင်းရှင်ခြင်းနယ်ပယ်အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ ပါတယ်...”
ရှီယင်ချင်း နောက်ထပ် သိုလှောင်လက်စွပ်တစ်ကွင်းကို ကမ်းပေးလိုက်သည်။
“စီနီယာအစ်ကိုယွင်...”
ဤအရာကို ကြားသည့်အခါ မုန့်ချန်ချင်းသည် ယွင်ပုကျွယ်ကို ချက်ချင်း သတိရသွားသည်။
သူတို့ နောက်ဆုံးဆုံတွေ့ခဲ့ကြသည်မှာ တကယ့်ကို အချိန်အတော်ကြာသွားခဲ့ပြီ ဖြစ်သည်။
ဂိုဏ်းသုံးဂိုဏ်းသိုင်းပညာပြိုင်ပွဲအတွင်း၌ဖြစ်စေ ထိုနောက်ပိုင်း၌ဖြစ်စေ ယွင်ပုကျွယ်ကို မည်သည့်နေရာတွင်မှ မတွေ့ရတော့ချေ။
လက်စသတ်တော့ ရှန်ချင်းနယ်မြေသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ရှန်ချင်းနယ်မြေဆိုသည်မှာ လျှို့ဝှက်နယ်မြေတစ်ခုနှင့် တူသည်။
သို့သော် ဂိုဏ်းတွင် လျှို့ဝှက်နယ်မြေ နှစ်ခုသာ ရှိရမည် မဟုတ်ပါလား။
၎င်းတို့မှာ ရွမ်ချင်းနယ်မြေတစ်ခုနှင့် ထိုက်ချင်းနယ်မြေတို့ ဖြစ်သည်။
ထိုသို့ဆိုလျှင် ဤအရာက နောက်ထပ် လျှို့ဝှက်နယ်မြေတစ်ခုလား။
“စီနီယာအစ်ကိုယွင်း အခု ဘယ်မှာလဲ...”
မုန့်ချန်ချင်း လက်စွပ်ကို ယူလိုက်သည်။
“သူ ဒဏ်ရာရသွားလို့ တံခါးပိတ်ပြီး ပြန်လည်ကုသနေတယ်...”
ရှီယင်ချင်း ပြောလိုက်သည်။
“ဒဏ်ရာက ပြင်းထန်လား...”
မုန့်ချန်ချင်း မေးလိုက်သည်။
“မပြင်းထန်ပါဘူး... လအနည်းငယ်လောက် ပြန်ကုသလိုက်ရင် အဆင်ပြေသွားမှာပါ...”
ရှီယင်ချင်း ပြုံးလိုက်သည်။
“ကောင်းပါပြီ... ဒါပေမဲ့ မကြာခင် ထွက်ခွာရတော့မှာဆိုတော့ ကျွန်တော် စီနီယာအစ်ကိုယွင်ဆီ သွားမတွေ့နိုင်တော့ဘူး... ကျွန်တော့်ကိုယ်စား သူ့ကို နှုတ်ဆက်ပေးပါဦး...”
မုန့်ချန်ချင်း လက်ချင်းယှက်ပြောလိုက်သည်။
ယွင်ပုကျွယ်ကဲ့သို့ အစွမ်းထက်သူတစ်ဦးပင် ဒဏ်ရာရသွားခဲ့သည်။
ထို့ကြောင့် ရရှိလာသော အရင်းအမြစ်များမှာ အလွန်တရာ အဖိုးတန်လှကြောင်း ထင်ရှားပေသည်။
“မစိုးရိမ်ပါနဲ့... မင်းရဲ့ နှုတ်ဆက်စကားကို ငါ ပြောလိုက်ပါ့မယ်...”
ရှီယင်ချင်း ခေါင်းညိတ်ပြီး အပြင်ဘက်သို့ ကြည့်လိုက်သည်။
“အချိန်ကိုက်ပဲ... မဟာအကြီးအကဲနဲ့ တခြားသူတွေ ရောက်လာကြပြီ... အပြင်ထွက်ကြစို့...”
“ဟုတ်ကဲ့...”
မုန့်ချန်ချင်း တစ်ဖက်လှည့်လိုက်သည်။
သူသည် ရှီယင်ချင်း၏ အသိစိတ်ကမ္ဘာထဲမှ ထွက်ခွာလာခဲ့သည်။
ကြယ်တာရာများ ရွှေ့သွားပြီး သူသည် ဂိုဏ်းချုပ်ခန်းမအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် မဟာအကြီးအကဲလည်း ဝင်ရောက်လာခဲ့သည်။
သူ့နောက်တွင် များပြားလှသော တောင်ထိပ်သခင်များနှင့်အတူ ဟန်လျိုယု၊ မိုရှောင်ယု၊ ရှီညီအစ်ကိုများနှင့် ပါရမီရှင်တိုက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ရန် အရည်အချင်းပြည့်မီသော အခြားတပည့်များ လိုက်ပါလာခဲ့ကြသည်။
ဤအချိန်အတွင်း၌ ရှီညီအစ်ကိုတို့မှာလည်း မျှော်လင့်ချက်များကို အလဟဿမဖြစ်စေဘဲ နတ်ဘုရားရရှိခြင်းနယ်ပယ်သို့ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် ချိုးဖျက်နိုင်ခဲ့ကြသည်။
“ကောင်းတယ် ကောင်းတယ်... တကယ့်ကို ကောင်းတယ်...”
မုန့်ချန်ချင်းကို မြင်သည့်အခါ မဟာအကြီးအကဲ၏ မျက်နှာထက်တွင် အလွန်အမင်း ဝမ်းသာမှုများ ထွက်ပေါ်လာခဲ့ပြီး ရှေ့သို့လျှောက်လှမ်းလာကာ မုန့်ချန်ချင်း၏ ပခုံးကို အပြင်းအထန် ပုတ်လိုက်သည်။
တကယ်ပဲ သေခြင်းရှင်ခြင်းနယ်ပယ်သို့ ချိုးဖျက်နိုင်ခဲ့ပြီဖြစ်သည်။
ဤကလေးရဲ့ ကျင့်ကြံရေး ချိုးဖျက်မှုတွေက ထမင်းစားရေသောက်သလို ရိုးရှင်းလွန်းနေခဲ့သည်။
သို့ပေမဲ့... ထိုအရာက ကောင်းတဲ့အချက်ပငဖြစ်သည်။
သူ ဤအတိုင်း ဆက်လက်ထိန်းသိမ်းထားနိုင်ပါစေဟု မျှော်လင့်ရသည်။
“သေခြင်းရှင်ခြင်းနယ်ပယ်...”
ဟန်လျိုယုနှင့် အခြားသူများက အံ့သြတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်ကြသည်။
အဆုံးမှာတော့ သူတို့၏ အထင်တွင် မုန့်ချန်ချင်းသည် နတ်ဘုရားရရှိခြင်းနယ်ပယ်သို့ ချိုးဖျက်နိုင်ခဲ့သည်မှာ မကြာသေးချေ။
ယခုမူ နှစ်လကျော်ရုံမျှ အချိန်သာရှိသေးသည်။
နှစ်လကျော်ရုံမျှသာ ရှိသေး၏...
သူက နတ်ဘုရားရရှိခြင်းနယ်ပယ် ကျင့်ကြံခြင်းကို အဆုံးသတ်ပြီး သေခြင်းရှင်ခြင်းနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီလား?
ထိုအရာက မယုံနိုင်လောက်အောင်ကို မြန်ဆန်လွန်းနေသည်။
ကျင့်ကြံရေးက ရှေ့ဆက်သွားလေလေ ပိုမိုခက်ခဲလေလေ ဖြစ်ရမည် မဟုတ်ပါလား။
ဘာကြောင့် မုန့်ချန်ချင်းကျမှ ဤအရာက အကျုံးမဝင်ရသနည်း။
ချက်ချင်းပင် လူတိုင်းမှာ စိတ်ပိုင်းဆိုင်ရာ အနည်းငယ် တုန်လှုပ်သွားခဲ့ကြပြီး အထူးသဖြင့် ဟန်လျိုယု ဖြစ်သည်။
သူ၏လောကအမြင်မှာ စိန်ခေါ်ခံလိုက်ရသကဲ့သို့ ခံစားရ၏။
ဤအချိန်အတွင်း၌ သူလည်း လုံ့လစိုက်ထုတ်၍ လေ့လာခဲ့သော်လည်း ဝိညာဥ်လမ်းစဥ်မှာ အလွန်တရာ နက်နဲလှသဖြင့် တာအိုဖန်တီးခြင်းနယ်ပယ်အတွင်းကကဲ့သို့ လျင်မြန်စွာ မတိုးတက်နိုင်ခဲ့ချေ။
ဂိုဏ်းက ပီလော်ဆေးလုံး အမြောက်အမြား ပံ့ပိုးမပေးခဲ့လျှင် သူသည် နတ်ဘုရားရရှိခြင်းနယ်ပယ် အဆင့် ၂ သို့ ရောက်ရှိရန်အတွက် ပိုမို၍ အချိန်ယူရပေလိမ့်မည်။
အမှန်တော့ အဆင့်မြင့်အဖွဲ့ဝင်များနှင့် မိုရှောင်ယုမှလွဲ၍ မုန့်ချန်ချင်း နတ်ဆိုးချီကို သန့်စင်နိုင်ကြောင်း မည်သူမျှ မသိကြချေ။
သူတို့သာ သိရှိခဲ့ကြလျှင် ဤမျှလောက် အံ့သြနေကြလိမ့်မည် မဟုတ်ချေ။
အဆုံးမှာတော့ နတ်ဆိုးချီဆိုသည်မှာ နတ်ဘုရားရရှိခြင်းနယ်ပယ်အတွက် အကောင်းဆုံးသော ကျင့်ကြံရေး အရင်းအမြစ် ဖြစ်သည်။
ထို့အပြင် မုန့်ချန်ချင်း အသုံးပြုခဲ့သည်မှာ သာမန်နတ်ဆိုးချီ မဟုတ်ချေ။
အဆင့် ၅၊ အဆင့် ၆ များပင် ဖြစ်သည်။
ထို့ကြောင့် သူ၏ ကျင့်ကြံရေးအရှိန် မြန်ဆန်နေခြင်းမှာ ပုံမှန်ပဲ ဖြစ်သည်။
“အစ်ကို... စီနီယာအစ်ကိုမုန့်ကတော့ သေချာပေါက် မကောင်းဆိုးဝါးပဲ ဖြစ်ရမယ်... ငါတို့က နတ်ဘုရားရရှိခြင်းနယ်ပယ်ကို အခုမှ ရောက်ကာစရှိသေးတာ သူက သေခြင်းရှင်ခြင်းနယ်ပယ်ကို ရောက်နေပြီ...”
ရှီယောင် သူ၏ ပြောင်လက်နေသော ကတုံးကို ပွတ်သပ်ရင်း လုံးဝ နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။
“နောင်ကျရင် ငါတို့ သူ့ကို သိုင်းပညာဦးလေးလို့ ခေါ်ရတော့မယ်... ဦးလေး..မုန့်က အခု ငါတို့ထက် အဆင့်အတန်း ပိုမြင့်သွားပြီ...”
ရှီဂွမ်း ပြင်ဆင်ပေးလိုက်သည်။
၎င်းကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်ဟု သူ ခံစားရသော်လည်း ရွေးချယ်စရာ မရှိချေ။
ထိုအရာက လက်တွေ့ပင် ဖြစ်သည်။
တပည့်များ အံ့သြနေကြစဥ် အခြားတောင်ထိပ်သခင်များလည်း တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ တက်လှမ်းလာကြပြီး မုန့်ချန်ချင်းကို အားပေးစကား ပြောကြားခဲ့ကြသည်။
သူတို့သည် မိမိတို့ ကြိုတင်ပြင်ဆင်ထားသော အရာများကိုလည်း လွှဲပြောင်းပေးအပ်ခဲ့ကြပြီး မုန့်ချန်ချင်းလက်ထဲသို့ ထိုးထည့်ပေးခဲ့ကြသည်။
ဤအရာများမှာ ခရီးဝေးသွားရန်အတွက် ပြင်ဆင်ပေးနေကြသည့်အလား တကယ်ပဲ ခံစားရစေသည်။
“ကဲ... ထွက်ခွာရမယ့် အချိန်ရောက်ပြီ... ပြန်လာမှပဲ ပိုပြီး စကားပြောကြတာပေါ့...”
မဟာအကြီးအကဲ လက်ဝှေ့ယမ်းပြီး နောက်ထပ်လုပ်ထုံးလုပ်စဥ်စကားတွေကို မကြားချင်တော့သလိုပင်။
သူက မုန့်ချန်ချင်းကိုဆွဲခေါ်ပြီး အပြင်ဘက်သို့ လျှောက်လှမ်းသွားခဲ့ရာ တောင်ထိပ်သခင်များ တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးနေခဲ့ကြတော့သည်။
အခြားတပည့်များလည်း နောက်မှ လိုက်ပါလာခဲ့ကြသည်။
ဂိုဏ်းသည် အချိန်အတော်ကြာကတည်းက ပြင်ဆင်ထားခဲ့ပြီးဖြစ်ကာ မုန့်ချန်ချင်းကိုသာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ဂိုဏ်းချုပ်ငယ်မှာ ကျင့်ကြံရေးမှ ထွက်လာခဲ့ပြီဖြစ်၍ သူတို့ ထွက်ခွာနိုင်ပြီ ဖြစ်သည်။
ဧရာမ တိမ်သင်္ဘောကြီးတစ်စင်း ပျံတက်သွားခဲ့ပြီး ဝေးကွာသော အရပ်ဆီသို့ ဦးတည်ထွက်ခွာသွားခဲ့သည်။
တောင်ထိပ်သခင် သုံးဦးမှာ ခန်းမအပြင်ဘက်ရှိ ရင်ပြင်ထက်တွင် မတ်တပ်ရပ်နေရင်း သူတို့ကို လိုက်လံပို့ဆောင်နေခဲ့ကြသည်။
ဝှစ်...
ထိုချိန် သူတို့ရှေ့မှောက်ရှိ ဟင်းလင်းပြင်မှာ တွန့်လိမ်သွားပြီး ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့ရာ ၎င်းမှာ ရှီယင်ချင်း ဖြစ်သည်။
“ဂျူနီယာညီလေး အဆုံးအထိ သွားနိုင်လိမ့်မယ်လို့ မင်း ထင်လား...”
ရှန်ကွမ်းကျိ မေးမြန်းလိုက်သည်။
“သူ မသွားနိုင်ရင်ကော ဘယ်သူ သွားနိုင်မှာလဲ...”
ရှီယင်ချင်း အနည်းငယ် ပြုံးလိုက်သည်။
“အမှန်ပဲ...”
မုန့်ချန်ချင်း၏ ကြီးထွားမှုနှုန်းကို တွေးတောမိသည့်အခါ ကြမ်းတမ်းသော လူတစ်ယောက်ဖြစ်သည့် ရှန်ကွမ်းကျိပင်လျှင် အံ့သြချီးကျူးခြင်းကို မထိန်းနိုင်တော့ချေ။
အရာအားလုံးမှာ အကြောင်းပြချက် ရှိသော်လည်း ၎င်းမှာ အလွန်တရာ အံ့သြစရာကောင်းလှပေသည်။
သူသည် ထိုစဥ်က နတ်ဘုရားရရှိခြင်းနယ်ပယ်တွင် မည်မျှလောက် ကြာအောင် နေထိုင်ခဲ့ရသည်ကို ပြန်လည်သတိရမိသွားသည်။
သုံးနှစ် သို့မဟုတ် လေးနှစ်။
သူ သေသေချာချာ မမှတ်မိတော့ချေ။
ဘာပဲပြောပြော ၎င်းမှာ တော်တော်လေးကို ကြာမြင့်သော အချိန် ဖြစ်သည်။
နှစ်လဆိုသည်မှာ ဒဏ္ဍာရီပုံပြင်တစ်ခုကဲ့သို့ပင် ထင်ရသည်။
“ဒီခရီးစဥ်က ဂျူနီယာညီလေး ကျင့်ကြံရေးလောကထဲကို စစ်မှန်စွာ ခြေလှမ်းလှမ်းလိုက်တာကို ဆိုလိုတယ်... ပြီးတော့ ငါတို့ ဟိုးအရင်တုန်းက ရန်စခဲ့တဲ့ အင်အားစုတွေ အများကြီး ရှိနေတာကို ထည့်တွက်ရင် သူ ပိုပြီးတော့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်...”
ဆေးဘုရင်တောင်ထိပ်၏ တောင်ထိပ်သခင်မက ပြောလိုက်သည်။
သူမ၏ အမည်မှာ လော့ချင်းထိုက် ဖြစ်သည်။
သူမသည် အလွန်အိုမင်းရင့်ရော်နေသော အဖွားအိုတစ်ဦးကဲ့သို့ ပုံသဏ္ဌာန် ရှိသည်။
“အတိတ်အကြောင်းကို ပြောရရင်... လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာနီးပါးတုန်းက ထိုက်ရွမ်ရဲ့ သားတော် ဆယ့်ရှစ်ပါးအကြောင်းကို သတိရနေမယ့်သူ ရှိဦးမလားလို့ ငါ တွေးမိတယ်...”
မိုဆူကွမ်း ရုတ်တရက် ပြောလိုက်သည်။
ဤအရာကို ကြားသည့်အခါ ရှီယင်ချင်းအပါအဝင် လူတိုင်း၏ မျက်နှာထက်တွင် အတိတ်ကို လွမ်းဆွတ်တမ်းတနေသည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
၎င်းမှာ တကယ့်ကို မေ့ပျောက်နိုင်စရာမရှိသော အချိန်ကာလတစ်ခု ဖြစ်ခဲ့သည်။
“ဒါတွေအားလုံးက အတိတ်က အရာတွေပါပဲ...”
ရှီယင်ချင်း သူ၏ စိတ်ကို ပြန်လည်စုစည်းလိုက်သည်။
“ငါ သူ့ကို ကာကွယ်ပေးထားတာဆိုတော့... အဲဒီဖြစ်တည်မှုမျိုး ဝင်မစွက်ဖက်သရွေ့ ဘယ်သူမျှ ဂျူနီယာညီလေးကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး...”
“မင်းသာ... အဖြတ်တောက်မခံခဲ့ရရင် အဲဒီခြေလှမ်းကို လှမ်းနိုင်ခဲ့မှာ...”
ရှန်ကွမ်းကျိ လက်များကို တင်းတင်းဆုပ်လိုက်ပြီး မျက်လုံးများမှာ ထက်ရှလာခဲ့သည်။
“အမှန်ပဲ...”
မိုဆူကွမ်းနှင့် လော့ချင်းထိုက် နှစ်ဦးစလုံးက ခေါင်းညိတ်လိုက်ကြသည်။
ထိုစဥ်က ရှီယင်ချင်းသည် ဂိုဏ်းအတွင်း၌ အမြင့်မားဆုံး အလားအလာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
သို့ပေမဲ့...
“ဒါက အခွင့်အရေးတစ်ခုပါပဲ...”
ရှီယင်ချင်း အနည်းငယ် ပြုံးလိုက်သည်။
“ဂျူနီယာညီလေးရဲ့ အလားအလာက ငါ့ထက် အများကြီး ပိုမြင့်ပါတယ်... ငါက တစ်ဆိုရင် သူက တစ်ဆယ်ပဲ...”
သုံးဦးစလုံးက ခေါင်းညိတ်လိုက်ကြသည်။
ဤအချက်မှာ တကယ့်ကို ထင်ရှားလှပေသည်။
"စောင့်ကြည့်ကြတာပေါ့... ဂျူနီယာညီလေးက အဆုံးအထိ သွားပြီး ငါတို့ရဲ့ မပြီးဆုံးသေးတဲ့ လမ်းစဥ်ကို အဆုံးသတ်ပေးလိမ့်မယ်..."
"ပြီးတော့ ငါတို့ လုပ်ရမယ့်အရာကတော့... သူရဲ့လုံခြုံရေးကို ကာကွယ်ပေးဖို့ပဲ..."
"အရာအားလုံး ပေးဆပ်ရရင်တောင်မှပေါ့..."
ရှီယင်ချင်း လက်နောက်ပစ်ကာ မတ်တပ်ရပ်နေခဲ့သည်။
လေပြင်းက ညင်သာစွာ တိုက်ခတ်နေခဲ့ရာ သူ၏ ဆံပင်ဖြူများမှာ လွင့်ပျံနေခဲ့ပြီး မျက်လုံးများမှာ ပြတ်သားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။