အခန်း ၁၀၀၆
Vol. 68 Ch. 1006
အခန်း ၁၀၀၆ - သူတို့က လူသစ်တွေတဲ့လား
"ရှီနိုခယ်... ဒါက မင်းခေါ်လာတဲ့ လူသစ်တွေလား"
ကာဒရီရယ်၏ နှုတ်ခမ်းများမှာ တွန့်ကွေးသွားသည်။ ဤလူငယ်များအားလုံးက ဤမျှအထိ စိတ်လိုက်မာန်ပါ လုပ်တတ်ကြသလော။ အဘယ်ကြောင့်များ သူ့စကားကို နောက်ထပ်တစ်ခွန်းမျှ ဆက်နားမထောင်နိုင်ရသလဲ။
ဤနေရာကား စစ်မြေပြင်ဖြစ်၏။ သိုင်းပညာဖလှယ်သည့် နေရာမဟုတ်ချေ။ ထိုနှစ်ခုမှာ အခြေခံအားဖြင့် ကွာခြားလှပေသည်။
စကြဝဠာ အမှတ်၃၇ နှင့် စကြဝဠာ အမှတ် ၃၈တို့သည် တစ်ဦးချင်း တိုက်ခိုက်မှုသက်သက်သာဆိုပါက သူတို့၏ စကြဝဠာအမှတ်၇နှင့် အင်အားချင်း ညီမျှလုနီးပါး ရှိနေပေ၏။ နှစ်ဖက်စလုံးရှိ စစ်သည်တော်များ၏ တိုက်ခိုက်ရေးစွမ်းအားကလည်း အလွန်တူညီကြပြီး လက်နက်များမှာလည်း အလွန်ဆင်တူကြလေသည်။
သို့သော် သူတို့၏ တစ်ခုတည်းသော အားသာချက်မှာ လူဦးရေ များပြားလွန်းခြင်းပင်။
လက်ရှိရရှိထားသော အချက်အလက်များအရ ထိုစကြဝဠာနှစ်ခုတွင် သူတို့၏ အမှတ်၇စကြဝဠာထက် ဆယ်ဆမက များပြားလှသော ဉာဏ်ရည်မြင့်သက်ရှိများ ရှိနေကြသည်။ ထိုအချက်ကပင် အဆင့်မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်နေသော မျိုးနွယ်စုတစ်ခုကို ဖန်တီးနိုင်ခဲ့သော်လည်း အရင်းအမြစ်ရှားပါးမှု ပြဿနာတစ်ခုကိုလည်း ဖြစ်ပေါ်စေခဲ့သည်။
ထို့ကြောင့် ဤစကြဝဠာများ ထပ်တူကျသွားသောအခါ စကြဝဠာ အမှတ်၇၏ ပထမဆုံးတုံ့ပြန်မှုမှာ အပြန်အလှန်အကျိုးရှိစေရန် ပိုမိုနက်ရှိုင်းသော ဆက်သွယ်မှုနှင့် နားလည်မှုရရှိရေးအတွက် အခြားစကြဝဠာများကို ရှာဖွေရန်ပင်။
သို့သော် ထိုစကြဝဠာများ၏ ပထမဆုံးတုံ့ပြန်မှုမှာမူ အခြားစကြဝဠာများကို ကျူးကျော်ပြီး အရင်းအမြစ်များကို လုယက်ရန်ပင် ဖြစ်နေပြန်သည်။
အလွန်များပြားလှသော သက်ရှိများရှိခြင်းမှာ ထိုလူများ၏ ဆင့်ကဲပြောင်းလဲမှုသည် စကြဝဠာအမှတ်၇ထက် သာလွန်နေသည်ဟုလည်း ဆိုလိုပေ၏။ သူတို့၏ အဆင့်မြင့် သက်ရှိများသည်လည်း စကြဝဠာအမှတ်၇ထက် ဆယ်ဆမက ပိုမိုများပြားနေသဖြင့် သူတို့၏ စစ်အင်အားမှာ အံ့မခန်းပေါများနေပြီး စစ်မြေပြင်တွင် လူလှိုင်းစစ်ဆင်ရေးနည်းဗျူဟာကို လုံးလုံးလျားလျား အားထားအသုံးပြုကြလေသည်။
ဤကဲ့သို့ ကြီးမားလှသော အင်အားကွာဟချက်ကြောင့် စကြဝဠာအမှတ်၇သည် ခံစစ်ဘက်က နေရပေလိမ့်မည်။
ခံစစ်တိုက်ပွဲများတွင် အဆင့်နိမ့်မျိုးနွယ်စုဖြစ်စေ အဆင့်မြင့်မျိုးနွယ်စုဖြစ်စေ မည်သည့်မျိုးနွယ်စုပင်ဖြစ်စေကာမူ သူတို့အနေနှင့် အားသာချက်ရှိသော နေရာများကို သိမ်းပိုက်ကာ အဆင့်မြင့်နည်းပညာသုံးလက်နက်များဖြင့် ခုခံရန်လွယ်ကူပြီး တိုက်ခိုက်ရန်ခက်ခဲသော ခံစစ်ကြောင်းတစ်ခု ဖွဲ့စည်းခြင်းကို ကောင်းစွာကျွမ်းကျင်ကြလေ၏။
နည်းဗျူဟာစီစဉ်မှုများအရ ရန်သူများ ဝင်ရောက်တိုက်ခိုက်လာသောအခါ သူတို့အနေနှင့် အဓိကအားဖြင့် အပူစွမ်းအင်သုံးလက်နက်များကို အသုံးပြု၍ ရန်သူအင်အားကို အင်အားချည့်နဲ့စေပြီး ဤလက်နက်များဖြင့် ရန်သူ၏ ပင်မအသက်စွမ်းအားများကို တတ်နိုင်သမျှ အများဆုံး ဆုံးရှုံးစေရန် ကြိုးပမ်းကြရသည်။
ဤအဆင့်မြင့်အလင်းတန်းအမြောက်များနှင့် အမှုန်အမြောက်များသည် အဆင့် ခြောက်သက်ရှိများကို ထိရောက်စွာ အန္တရာယ်မပေးနိုင်သော်လည်း အဆင့်ငါးသက်ရှိများအတွက်မူ သတ်မှတ်ထားသော သတ်ဖြတ်နိုင်စွမ်းတစ်ခု ရှိနေပြီး သူတို့၏ လုံခြုံရေးစည်းကို မဖောက်ထွင်းနိုင်ခင်မှာပင် အကြီးအကျယ်ဆုံးရှုံးမှုများကို ခံစားရလေ့ရှိသည်။
အပူစွမ်းအင်သုံးလက်နက်များသည် တိုက်ခိုက်မှုများကို အပြည့်အဝ တားဆီးနိုင်စွမ်းမရှိပါချေ။ ထို့ပြင် ထိုလက်နက်များသည် စဉ်ဆက်မပြတ် တိုက်ခိုက်နိုင်စွမ်း မရှိသလို စွမ်းအင်အရင်းအမြစ် ရှားပါးမှုကြောင့် အကြိမ်အနည်းငယ် ပစ်ခတ်ပြီးနောက် ရပ်နားရလေ့ရှိသည်။
စွမ်းအင် အလုံအလောက်ရှိနေလျှင်ပင် ဆက်တိုက်ပစ်ခတ်မှုများက လက်နက်များကို အလွန်အကျွံ ဝန်ပိစေလိမ့်မည်သာ။
ထိုကြောင့်ပင် သူတို့သည် ဧရာမစကြဝဠာသားရဲကြီးများကို အားကိုးပြီး သူတို့၏ တန်ဖိုးတစ်ခုကို ပေးဆပ်ပြီးနောက် ပစ်ခတ်မှုပိတ်ဆို့ထားခြင်းကို ဖောက်ထွက်လေ့ရှိကြ၏။ ထိုအချိန်မှာပင် အနီးကပ်တိုက်ပွဲများ စတင်လေ့ရှိပြီး စကြဝဠာ၏ အသေအပျောက်များကလည်း ထိုအချိန်တွင် ဖြစ်ပေါ်လေ့ရှိသည်။
ပြီးခဲ့သည့်တစ်ခေါက်က ရန်သူ့ဘက်က ၁၀၀၄တပ်ရင်း၏ ခံစစ်ကြောင်းကို သူတို့ထက် ဆယ်ဆများပြားသော အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့လေရာ ၁၀၀၄တပ်ရင်းဘက်က အာကာသယာဉ်များကို အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း သူတို့ထက် နှစ်ဆကျော်များပြားသော ရန်သူများမှာ လုံခြုံရေးစည်းကို ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့သဖြင့် ၁၀၀၄တပ်ရင်းမှာ အကြီးအကျယ် အသေအပျောက်များခဲ့သည်။
ယခုအခါ ကျူးကျော်သူအရေအတွက်မှာ အနည်းငယ် နည်းပါးနေသော်လည်း သူတို့သည် မိုင်ထောင်ချီ၍ ဝေးကွာနေဆဲဖြစ်သဖြင့် ဤလူငယ်များ ရှေ့သို့ ပြေးထွက်သွားခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးနေခြင်း မဟုတ်ပါလော။
မဟာမိတ်တပ်ဖွဲ့များ၏ လက်နက်များဖြင့် တိုက်ခိုက်ခံရမည်၊မခံရမည်ကို မဆိုထားနှင့်။ ရန်သူအုပ်စုထဲသို့ ပြေးဝင်သွားပြီး သူတို့ထက် အဆပေါင်းများစွာ များပြားသော ရန်သူများကို ရင်ဆိုင်ရပါက မည်သို့တောင့်ခံနိုင်မည်နည်း။
ဤလူသစ်များမှာ အလွန်ပါရမီပါကောင်းပါနိုင်သလို တိုက်ခိုက်ရေးစွမ်းအားကလည်း အလွန်ထိတ်လန့်ဖွယ် ကောင်းချင်ကောင်းပေလိမ့်မည်။ သို့သော် ဤသည်မှာ ကမ္ဘာခြားစစ်မြေပြင်သို့ သူတို့ ပထမဆုံးအကြိမ် ဝင်ရောက်လာခြင်းဖြစ်၏။ စစ်မြေပြင်၏ ဖိအားတစ်ခုတည်းကပင် လူအများအပြားကို ပြိုလဲသွားစေရန် လုံလောက်သည်ဖြစ်ရာ သူတို့၏ စွမ်းရည်အစစ်အမှန်ကို မပြသနိုင်အောင် တားဆီးထားနိုင်ပေသည်။ ဤသည်မှာ အသေအပျောက်အများဆုံး ဖြစ်စေသည့် အကြောင်းအရင်းပင်။
"အကုန်သေကုန်တော့မှာပဲ"
ကျန်းမုန့်လောင်တို့တစ်သိုက်ကို ကြည့်ရင်း ကာဒရီရယ်မှာ နောင်တတကြီး ခေါင်းယမ်းလိုက်လေသည်။
"ရှီနိုခယ်... မင်း သူတို့ကို စစ်မြေပြင်အခြေခံတွေအကြောင်း မသင်ပေးလိုက်ဘူးလား.. သူတို့က အထူးလူသစ်တွေ ဖြစ်နေရင်တောင်မှ မင်း ဒီလိုလုပ်လို့ မရဘူးလေ.. ငါတို့စကြဝဠာက ဒီလို အချည်းနှီးဆုံးရှုံးမှုတွေကို ထပ်ပြီးမခံနိုင်တော့ဘူး"
"စိတ်မပူပါနဲ့"
ရှီနိုခယ်က ပြုံးလိုက်၏။
"သူတို့က လူသစ်တွေဆိုပေမဲ့ သာမန်လူတွေ မဟုတ်ဘူး.. သူတို့တစ်ယောက်ချင်းစီရဲ့ တိုက်ခိုက်ရေးစွမ်းအားက အနည်းဆုံး အဖွဲ့ငယ်တစ်ဖွဲ့စာနဲ့ အတူတူပါပဲ"
"မင်း ဘာပြောလိုက်တယ်"
ကာဒရီရယ်မှာ မှင်တက်သွားသည်။
အဖွဲ့ငယ်တစ်ဖွဲ့နှင့် ညီမျှသည်ဆိုသည်မှာ အနည်းဆုံးအဆင့်ခြောက်သက်ရှိ ဒါဇင်ပေါင်းများစွာ၏ တိုက်ခိုက်ရေးစွမ်းအားနှင့် တူညီပေလိမ့်မည်။ သို့သော် ဤလူများတွင် အဆင့်ငါးအထွတ်အထိပ် သက်စောင့်စွမ်းအားအဆင့်သာ ရှိပြီး တစ်ဦးချင်းစီအနေနှင့် စကြဝဠာအမှတ်၃၇နှင့် စကြဝဠာအမှတ်၃၈မှ စစ်သည်တော်များကို အနိုင်ယူနိုင်ခဲ့လျှင်ပင် ထိုလူများကို အလွန်ထူးချွန်သော လူသစ်များအဖြစ် သတ်မှတ်နိုင်ပြီဖြစ်၏။
အဖွဲ့ငယ်တစ်ဖွဲ့နဲ့ ညီမျှတယ် ဟုတ်လား။ အဲ့ဒါက ဖြစ်နိုင်ပါ့မလား။
သို့သော် နောက်တစ်စက္ကန့်တွင်မူ ကာဒရီရယ်မှာ အံ့သြဆွံ့အသွားချေသည်။
အသက်တစ်ရှူတစ်ရှိုက်စာအတွင်းမှာပင် ကျန်းမုန့်လောင်နှင့် သူ့အဖွဲ့သည် ကျူးကျော်သူများထံသို့ ပြေးဝင်သွားကြသည်။ စစ်မြေပြင်တစ်ခုလုံးတွင် သူတို့ ၆၆၇ယောက်မှာ အလွန်တရာ ထင်ရှားပေါ်လွင်နေပြီး အခြားအဖွဲ့ငယ်များစွာ၏ အကြည့်များကိုပင် ဆွဲဆောင်လိုက်နိုင်သည်။
"ကြည့်စမ်း.. အဲ့ဒါ ရှီနိုခယ်တို့အဖွဲ့ရဲ့ ခံစစ်စစ်ကြောင်း မဟုတ်ဘူးလား.. သူတို့ ဘာတွေ လုပ်နေကြတာလဲ"
"သူတို့ ဘယ်တုန်းက ဒီလောက်တောင် အင်အားတောင့်သွားတာလဲ"
"ရှီနိုခယ်တစ်ယောက် ရူးများ ရူးသွားတာလား.. သူတို့ ခံစစ်ကြောင်းကို မထိန်းနိုင်ရင်တောင်မှ လူတွေကို သေတွင်းထဲ အလကားသွားပို့လို့ မရဘူးလေ.. ဟုတ်တယ်မလား"
ဤလူများ ဘာရည်ရွယ်ချက်ဖြင့် လုပ်နေသလဲဆိုသည်ကို ကြည့်ရန် ပြင်လိုက်ချိန်မှာပင် ခေါင်းဆောင်ဖြစ်သူက တစ်ဖက်မြင်ကင်မရာနှင့်တူသော အရာတစ်ခုကို ရုတ်တရက် ထုတ်ယူလိုက်၏။
'ကလစ်... ကလစ်'
ကျန်းမုန့်လောင်က ထိုကျူးကျော်သူများကို ဓာတ်ပုံရိုက်လိုက်ပြီးနောက် ကင်မရာကို သူ့ဘက်သို့လှည့်ကာ ဗီဒီယိုစတင်ရိုက်ကူးလိုက်လေသည်။
"အားလုံးပဲ မင်္ဂလာပါ... ကျွန်တော်ကတော့ စစ်သတင်းထောက် ကျန်းမုန့်လောင်ပါ.. အခု ကျွန်တော် ကမ္ဘာခြားစစ်မြေပြင်မှာ ရောက်နေပါတယ်.. ဟုတ်ပါတယ်... ခင်ဗျားတို့ ဒီနေရာအကြောင်း တစ်ခါမှ ကြားဖူးမှာ မဟုတ်ပါဘူး.. အခု ကျွန်တော် အားလုံးအတွက် မိတ်ဆက်ပေးပါရစေ..."
"လာပါ စီနီယာတို့... အမှတ်တရအနေနဲ့ အုပ်စုလိုက်ဓာတ်ပုံရိုက်ရအောင်..အားလုံးပဲ ပြုံးထားကြနော်.. တစ်... နှစ်... သုံး... ချိစ်!"
"သောက်ကျိုးနည်း... ဘာကြီးကိုရိုက်လိုက်တာလဲဟ.. ဘာလို့ ငါ့မျက်လုံးတွေက မှိတ်နေရတာလဲ.. ပြန်ရိုက်စမ်း"
"ကျက်သရေတုံးလိုက်တာ... ဘာလို့ မင်းတစ်ယောက်တည်းပဲ ကွက်ပြီး အလှအထူးပြုလုပ်ချက်တွေ ထည့်ထားတာလဲ.. သေချင်နေတာလား"
...
"နေပါဦး... သူတို့ ဘာတွေလုပ်နေကြတာလဲ"
"ဒါက... သူတို့တွေ အမှတ်တရ ဓာတ်ပုံရိုက်နေကြတာနဲ့ တူတယ်"
"ဒီလူတွေက ဒီနေရာကို ကစားကွင်းများ မှတ်နေကြတာလား"
"ငတုံးအုပ်စုပဲ.. ဒီတစ်ခေါက် လူသစ်စုဆောင်းမှုက ဒီလိုငတုံးအုပ်စုကို ဘယ်လိုများ ခေါ်လာခဲ့တာလဲ"
...
စကြဝဠာအမှတ်၇မှ လူများသာမက စကြဝဠာအမှတ်၃၇နှင့် စကြဝဠာအမှတ်၃၈မှ လူများပင် ဇဝေဇဝါဖြစ်သွားကြသည်။ စကြဝဠာအမှတ်၇မှ ပုံမှန်လူများအားလုံး တိုက်ပွဲတွင် ကျဆုံးသွားကြပြီး စိတ်မမှန်သော ဤလူများသာ ကျန်ခဲ့လေသလား။
ထိုသို့တွေးမိလိုက်သဖြင့် သူတို့၏ စိတ်အားထက်သန်မှုမှာ ပိုမိုပြင်းထန်လာသည်။ ကြည့်ရသည်မှာ စကြဝဠာအမှတ်၇သည် ကြာကြာတောင့်ခံနိုင်တော့မည် မဟုတ်ပါဘဲ နှစ်သန်းပေါင်းများစွာ ကြာမြင့်သော ဤပဋိပက္ခလည်း မကြာခင်အဆုံးသတ်သွားတော့မည့်ပုံပင်။
"ကဲပါ... တော်လောက်ပြီ.. သူတို့တွေ ဝင်လာနေပြီ"
ကျန်းမုန့်လောင်က ကင်မရာကို သိမ်းလိုက်၏။
"အမြန်ဖြေရှင်းလိုက်ကြ.. ငါ အခုလေးတင် ခေါက်ဆွဲပြုတ်ထားတာ..ခဏနေရင် ကျက်တော့မှာ"
"ကျောင်းအုပ်ကြီး... လူထောင်ဂဏန်းလောက်ပဲ ရှိတာကို.. ကျွန်တော်တို့ တိုက်ဖို့တောင် မလောက်ပါဘူး"
"ပြဿနာမရှိပါဘူး.. ဘေးနားက ခံစစ်ကြောင်းကလည်း ငါတို့လူတွေချည်းပဲဆိုတော့ တစ်ခါတည်း အပြတ်ရှင်းလိုက်ကြတာပေါ့!"
"ကောင်းပြီ"
စစ်မြေပြင်ပေါ်တွင် ပြင်းထန်သော စွမ်းအားလှိုင်းများ ဂယက်ရိုက်လာပြီး ကောင်းကင်ယံပင် ချက်ချင်း အမှောင်ဖုံးလွှမ်းသွားသည်။ သို့သော် ဤသည်မှာ တိမ်တိုက်များမဟုတ်ဘဲ အစိုင်အခဲဖြစ်လုနီးပါး သိပ်သည်းလွန်းလှသော စကြဝဠာမူလစွမ်းအင်များသာ ဖြစ်ပေသည်။
"ဆူဆာနို"
"မဟာကပ်ဘေးကောင်းကင်ချုပ်လက်ညှိုး...စကြဝဠာကို ထိန်းချုပ်ရေး လက်ချောင်းငါးချောင်း"
"နဂါးကိုးကောင်မိုးကြိုးမီးတောက်..ကြွေနှလုံးသားမီးတောက်..ရွှေရောင်အင်ပါယာ ကောင်းကင်လောင်ကျွမ်းမီးတောက်..ငါ့အတွက် ပေါင်းစည်းစမ်း။ ပျက်စီးခြင်း မီးကြာပန်း"
"မီးတောင်ချော်ရည်စီးကြောင်း"
"ရှင်းယာထန်ဆေး.. ချီဘာကု ထန်ဆေး"
"မင်းသားရဲ့စစ်မြေပြင်သိုင်းကွက်"
"လျှပ်စီးလက်သီးသိုင်းကွက်"
...
ဝုန်း
ပြင်းထန်သော စွမ်းအင်များမှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်စီးကြောင်းများကို ဖြစ်ပေါ်စေခဲ့ပြီး ဖြတ်သန်းသွားရာ နေရာတိုင်းရှိ အဆင့်ငါးနှင့် အဆင့်ခြောက်သက်ရှိပုံစံများသည် စွမ်းအင်များကြောင့် ချက်ချင်း ပျော်ဝင်ပျောက်ကွယ်သွားခဲ့ရသည်။
မြို့ရိုးပေါ်တွင် စောင့်ကြည့်နေကြသော စကြဝဠာအမှတ်၇မှ လူများကလည်း လေပြင်းတိုက်ခတ်မှုကြောင့် မျက်လုံးပင် မဖွင့်နိုင်ကြချေ။
"သတင်းပို့ပါတယ် တပ်မှူး... ကျွန်တော်တို့ခံစစ်ကြောင်းက ရန်သူအရေအတွက်က အလျင်အမြန် ကျဆင်းနေပါတယ်"
"ခြောက်ထောင် လေးထောင် နှစ်ထောင်… အကုန် ရှင်းလင်းသွားပါပြီ"
"တပ်မှူး... ကျွန်တော်တို့ဘက်က ရန်သူရဲ့ အသက်စွမ်းအင်တုံ့ပြန်မှုတွေ လုံးဝ ပျောက်ကွယ်သွားပါပြီ"
ရာနှင့်ချီသော အဖွဲ့ငယ်များမှာ တစ်ပုံစံတည်း အစီရင်ခံတင်ပြလာသည်။ သူတို့ခမျာ စစ်မြေပြင်ပေါ်တွင် ဘာဖြစ်သွားသလဲဆိုသည်ကိုပင် မသိလိုက်ရပေ။ သူတို့ကိုယ်တိုင် တိုက်ပွဲမဝင်ရသေးခင်မှာပင် တိုက်ပွဲ ပြီးဆုံးသွားပြီလော။
"ရှီနိုခယ်.."
တပ်မှူးကာဒရီရယ်လည်း မည်းနက်ကျွမ်းလောင်နေပြီဖြစ်သော စစ်မြေပြင်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
"မင်း... ဒီလူတွေက... လူသစ်တွေတဲ့လား"
******************