← Chapters

အခန်း ၁၀၀၈

Vol. 68 Ch. 1008

အခန်း ၁၀၀၈

Vol. 68 Ch. 1008

အခန်း ၁၀၀၈ - ကျစ်... လမ်းမှားသွားပြီ

"ရှေ့ကိုချီတက်မလို့လား"

ကျန်းမုန့်လောင်၏ အဆိုပြုချက်က ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများကို ချက်ချင်းပင် တက်ကြွသွားစေသည်။

ဟုတ်ပေသည်။ ဤကမ္ဘာခြားစစ်မြေပြင် ပွင့်လာကတည်းက စကြဝဠာအမှတ်၇သည် ခံစစ်အနေအထားတွင်သာ ပိတ်မိနေခဲ့ပြီး ရန်သူများထံမှ သလင်းကျောက်ဖြင့် အကြိမ်ကြိမ်တိုက်ခိုက်ခံနေခဲ့ရသည်။ ယခုလည်း သူတို့သည် ရန်သူ့နယ်မြေဘက်က ကာကွယ်ရေးခံတပ်စင်မြင့်ကိုပင် အရိပ်အယောင်မမြင်ဖူးသေးပေ။

ဤအခြေအနေက ဘယ်လောက်တောင် မွန်းကျပ်ဖို့ကောင်းလိုက်သလဲ။

သစ်သားရုပ်တောင် ဒေါသထွက်တတ်သေးသည်။ တစ်ချိန်လုံး ခံစစ်ချည်းပဲလုပ်နေရသည်ကို ဘယ်ယောကျ်ားကများ သည်းခံနိုင်မည်နည်း။

မင်းက ငါ့ကို တစ်ချက်ထိုးရင် ငါက မင်းကို နှစ်ချက်ပြန်ထိုးရမှာ မဟုတ်ဘူးလား။

"အကြံကောင်းပဲ။ ငါလည်းပါမယ်ကွာ"

"သေချာတာပေါ့။ ရှေ့ကို ချီတက်ကြမယ်။ ငါက စကြဝဠာအမှတ်၃၇နဲ့ ၃၈ကို တော်တော်လေး စိတ်ဝင်စားနေတာ။ ငါ့ကိုပါ ထည့်တွက်လိုက်"

"ဘယ်လောက်ဝေးလဲ။ ငါ့ခေါက်ဆွဲပြုတ်က ကျက်တော့မှာ။ အရမ်းဝေးရင် ငါပြန်ရောက်တဲ့အချိန်ကျ ခေါက်ဆွဲတွေ ပွကုန်လိမ့်မယ်"

"ခေါက်ဆွဲစားဖို့.. ခေါက်ဆွဲစားဖို့… မင်းခေါင်းထဲမှာ ဒါပဲရှိတာလား။ တခြားစကြဝဠာက အစားအစာတွေကို မြည်းစမ်းကြည့်ကြတာပေါ့။ မက်မောစရာ မကောင်းဘူးလား"

"တခြားစကြဝဠာက မိန်းကလေးတွေရောပဲ"

"ဟီးဟီးဟီး... သွားကြမယ်ဟေ့"

ကျန်းမုန့်လောင်က သူ့ဆက်သွယ်ရေးစက်ကို ဖွင့်လိုက်သည်။

"တပ်မှူး ကျွန်တော်ပါ"

"မုန့်လောင်.. အခြေအနေဘယ်လိုရှိလဲ။ မင်းတို့ထဲက ဘယ်သူမှ ဒဏ်ရာမရဘူးမလား"

"ကျွန်တော်တို့ အကုန်အဆင်ပြေပါတယ်။ ဒီအသုံးမကျတဲ့ကောင်တွေက ကျွန်တော်တို့ကို ဒဏ်ရာရအောင် မလုပ်နိုင်ပါဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒါဆိုလည်း တော်သေးတာပေါ့။ မြန်မြန်ပြန်လာခဲ့ကြ။ ဒါက ငါတို့အတွက် ရှားရှားပါးပါး အောင်ပွဲပဲ။ မင်းတို့တွေ သူတို့ကို လုံးဝမှင်တက်သွားအောင် လုပ်လိုက်နိုင်တယ်။ ငါတို့ရဲ့ ၁၉၂တိုက်ခိုက်ရေးတပ်ရင်းတင်မကဘူး။ အနီးအနားက တပ်ရင်းတော်တော်များများလည်း တိုက်ခိုက်မှုတွေကို ရပ်လိုက်ကြပြီ"

"တကယ်ပြောနေတာလား"

ကျန်းမုန့်လောင်က သူတို့အနေနှင့် စစ်မြေပြင်ကို ဤမျှအထိ သက်ရောက်မှုရှိသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

"ဟားဟားဟား... သူတို့တွေ မင်းရဲ့တိုက်စစ်စွမ်းရည်ကို ကြောက်လန့်သွားတာလည်း ဖြစ်နိုင်တယ်။ စကြဝဠာအမှတ်၇က ရှေ့တန်းစစ်မျက်နှာပြင်မှာ တိုက်ခိုက်ရေးအင်အား တိုးမြှင့်လိုက်တာမို့ အခြေအနေကို သေချာမသိဘဲနဲ့ သူတို့တွေ နောက်တစ်ခါရမ်းသမ်းတိုက်ခိုက်ဖို့ တွန့်ဆုတ်နေလောက်တယ်။ စစ်ကူတွေကို စောင့်ရင်း အင်အားပြန်ဖြည့်ဖို့ ငါတို့အနေနဲ့ ဆယ်ရက်ကနေ ရက်နှစ်ဆယ်လောက်အထိ အနားယူလို့ရလောက်တယ်"

"မဆိုးဘူးပဲ"

"မြန်မြန်ပြန်လာခဲ့.. ငါတို့ အောင်ပွဲခံဖို့ ပွဲကျင်းပပေးထားတယ်။ အနီးအနားက တပ်ဖွဲ့တွေလည်း မင်းတို့အကြောင်း လာမေးကြတယ်။ ဒီအောင်ပွဲကို ငါတို့ သေချာပေါက်ကျင်းပဖို့လိုတယ်"

"ကျွန်တော်တို့ကို မစောင့်နဲ့တော့။ လောလောဆယ် ကျွန်တော်တို့ ပြန်မလာသေးဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ပြန်မလာဘူးလား။ မင်းတို့ ဘာလုပ်ကြမလို့လဲ"

"တပ်မှူး ကျွန်တော် တစ်ခုလောက်မေးချင်လို့။ စကြဝဠာအမှတ်၃၇နဲ့ ၃၈ရဲ့ အရန်အခြေစိုက်စခန်းမြို့တော်တွေက ဘယ်မှာလဲ။ အဲဒီကိုရောက်ဖို့ အချိန်ဘယ်လောက်ကြာမလဲ"

"အဲဒါက ဘာအဓိပ္ပာယ်လဲ"

ရှီနိုခယ်တစ်ယောက် ရုတ်တရက် လန့်ဖျပ်သွားသည်။

ဒီလူတွေ ရူးသွားလို့များ ရန်သူ့အခြေစိုက်စခန်းကို ဝင်စီးဖို့ ကြံစည်နေကြတာလား။

"ဒီနေ့ ကျွန်တော်တို့ လေ့ကျင့်ခန်းနည်းနည်းလုပ်ဖို့ ရည်ရွယ်ထားတာ"

ကျန်းမုန့်လောင်က ရှင်းပြလိုက်သည်။

"ဒါပေမဲ့ ဒီကောင်တွေက သွေးပူလေ့ကျင့်ခန်းတောင် မပြီးသေးခင် လက်မြှောက်အရှုံးပေးသွားကြတယ်။ အဲဒီတော့ သူတို့ဆီကို အလည်သွားမလို့။ စစ်ပွဲဆိုတာကလည်း အောင်ပွဲရအောင် ဆက်ကြိုးစားရမှာပေါ့။ သူတို့ရဲ့ အခြေစိုက်စခန်းမှာ ကျွန်တော်တို့ရဲ့ အင်အားကို ကြွားလုံးသွားထုတ်ဖို့ စီစဉ်နေတာလေ"

"မင်း ရူးနေလား"

ရှီနိုခယ်ခမျာ စိုးရိမ်တကြီး တုန်လှုပ်သွားသည်။

"ဒါက နောက်ရမယ့်ကိစ္စ မဟုတ်ဘူး။ စစ်ပွဲစကတည်းက ငါတို့ဘက်က တန်ပြန်တိုက်ခိုက်တာမျိုး တစ်ခါမှ မလုပ်ဖူးဘူး။ သူတို့ရဲ့ အခြေစိုက်စခန်းမြို့တော် တည်နေရာကိုပဲ ငါတို့သိတာ။ သူတို့ရဲ့ ကာကွယ်ရေးတည်ဆောက်ပုံတွေ၊ လက်နက်အင်အား ဒါမှမဟုတ် တိုက်ခိုက်ရေးနေရာချထားပုံတွေနဲ့ ပတ်သက်ပြီး ဘာသဲလွန်စမှ မရှိဘူး။ မင်းတို့က သူတို့ရဲ့ ထောင်ချောက်ထဲကို တည့်တည့်ကြီးဝင်သွားသလို ဖြစ်နေလိမ့်မယ်"

"တည်နေရာကိုသိရရင် လုံလောက်ပါပြီ"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။

"ကျွန်တော်တို့က သူတို့ရဲ့ အရန်အခြေစိုက်စခန်းမြို့တော်ကို သွားလည်ရုံသက်သက်ပါ။ သူတို့ရဲ့ အ​ခြေစိုက်စခန်းမြို့တော်တွေဆီ သွားမှာမဟုတ်ပါဘူး။ အများဆုံးရှိလှ အဆင့်ခုနစ်သက်ရှိ နည်းနည်းပါးပါးလောက်ပဲ ရှိမှာပါ။ သူတို့ကို မနိုင်ဘူးဆိုရင် ချက်ချင်းပြန်လှည့်လာခဲ့ပါ့မယ်"

"အဲဒါတော့ လက်ခံနိုင်စရာမရှိဘူး။ မင်းတို့ကို တပ်ရင်းမှူးက တွေ့ဖို့ အထူးတောင်းဆိုထားတာ။ မင်းတို့တစ်ခုခုဖြစ်သွားရင် ငါ တပ်ရင်းမှူးကို ဘယ်လိုရှင်းပြရမလဲ"

"စိတ်အေးအေးထားပါ။ ကျွန်တော်တို့ ပြဿနာမတက်စေရပါဘူး"

ကျန်းမုန့်လောင်က ရယ်မောလိုက်ပြန်သည်။

"တပ်မှူး ဟင်းချက်ထားလိုက်ပါ။ ကျွန်တော်တို့ ဟင်းတွေပူတုန်း အချိန်မီပြန်ရောက်ချင်ရောက်လာမှာပါ။ တကယ်လို့ သူတို့ရဲ့ အခြေစိုက်စခန်းကို ရှင်းလင်းနိုင်ခဲ့ရင် ဘယ်သိမလဲ... သူတို့ရဲ့ ဒေသထွက်အစားအစာတွေတောင် ယူလာနိုင်လောက်တယ်"

"သူတို့ရဲ့ ဒေသထွက်အစားအစာတွေကို ယူလာမယ် ဟုတ်လား..."

ရှီနိုခယ်ခမျာ ရယ်ရအခက် ငိုရအခက် ဖြစ်သွားလေသည်။ သူတို့၏စွမ်းဆောင်ရည်အပေါ် သူတို့က ဘယ်လောက်တောင် ယုံကြည်မှုလွန်ကဲနေကြလေသလဲ။

သို့သော်လည်း သေချာစဉ်းစားကြည့်မည်ဆိုလျှင် အမှတ်၁၉၂တိုက်ခိုက်ရေးတပ်ရင်း၏ ခံစစ်မျဉ်းတွင် အသန်မာဆုံးလူမှာ အဆင့်ခုနစ်သက်ရှိဖြစ်၏။ ရန်သူက ပိုသန်မာနေလျှင်ပင် အများကြီးပိုသန်မာနေမည် မဟုတ်ပေ။

ကျန်းမုန့်လောင်၏အဖွဲ့က အဆင့်ရှစ်သက်ရှိများနှင့် ယှဉ်တိုက်ရန် ရုန်းကန်ရနိုင်သော်လည်း အဆင့်ခုနစ်သက်ရှိများနှင့် ရင်ဆိုင်ရမည်ဆိုပါက အနည်းဆုံးတော့ ထွက်ပြေးနိုင်စွမ်း ရှိပေလိမ့်မည်။

ထို့ပြင် ခေါင်းမာလှသော ဤကောင်များကို သူ ဖျောင်းဖျ၍ မရနိုင်ကြောင်းကိုလည်း သူ ကောင်းကောင်းသိသည်။

"သတိထားကြ။ အရမ်းခက်ခဲလာပြီဆိုရင် ပြန်ဆုတ်ခဲ့။ မင်းတို့ ဒီကိုရောက်လာပြီဆိုတာနဲ့ သူတို့တွေ ဆက်လိုက်ရဲမှာမဟုတ်ဘူး"

"ဟုတ်ကဲ့ တပ်မှူး.. မြေပုံအချက်အလက်ကို ပို့ပေးပါဦး"

ခဏအကြာတွင် ကျန်းမုန့်လောင်တို့ထံသို့ အချက်အလက်များ ရောက်ရှိလာသည်။ ဤအရပ်မျက်နှာကသွားလျှင် အာကာသယာဉ်ဖြင့် တစ်နာရီကျော်ခန့် သွားရမည်ဖြစ်၏။

ကျန်းမုန့်လောင်က ထူးရှယ်နတ်ဘုရားကျောင်းတော်၏ သိုလှောင်ရေးနယ်မြေထဲမှ သူ၏ စတားဂေဇာယာဉ်ကို ထုတ်ယူလိုက်သည်။

"ကဲ ညီအစ်ကိုတို့… ပစ္စည်းတွေယူပြီး သွားကြစို့"

...

နက္ခတ္တယူနစ်ငါးသောင်းခန့်အကွာတွင် စစ်အခြေစိုက်စခန်းများ အစီအရီ တည်ရှိနေပေသည်။

ထိုစခန်းများ၏အနောက်ဘက်တွင်မူ စကြဝဠာအမှတ်၃၇နှင့် စကြဝဠာအမှတ်၃၈တို့၏ ကမ္ဘာများ ရှိနေသည်။

သူတို့၏ ပြင်ဆင်ဖွဲ့စည်းပုံမှာ စကြဝဠာအမှတ်၇နှင့် ဆင်တူပေသည်။ အခြေစိုက်စခန်းမြို့တော်ကြီးတစ်ခုကို အခြေစိုက်စခန်းမြို့တော်ငယ် ထောင်ပေါင်းများစွာက ဝန်းရံထားပြီး အခြေစိုက်စခန်းမြို့တော်ကြီးတစ်ခုစီတိုင်းတွင် သူတို့၏ တပ်ရင်းတစ်ခုစီ တပ်စွဲထားသည်။

၇၃၁တပ်ရင်း၏ ၉၁၁အခြေစိုက်စခန်းမြို့တော်ငယ်တွင် စကြဝဠာအမှတ်၃၇၏ တပ်ဖွဲ့တစ်ခု ရှိနေလေသည်။ သူတို့တွင် စကြဝဠာအမှတ်၇ကဲ့သို့ တိုက်ခိုက်ရေးအဖွဲ့ငယ်လေးများ မရှိပေ။ တပ်ဖွဲ့တစ်ခုလုံးကို အဆင့်ခုနစ်အထွတ်အထိပ်သက်ရှိတစ်ယောက်က ကွပ်ကဲအုပ်ချုပ်သည်။

ဤအခြေစိုက်စခန်းမြို့တော်တွင် အဆင့်ငါးသက်ရှိတစ်ဘီလီယံ၊ အဆင့်ခြောက်သက်ရှိ နှစ်သောင်းနှင့်တကွ အမြင့်ဆုံးကွပ်ကဲရေးမှူးအပြင် ဒုတိယကွပ်ကဲရေးမှူး ဆယ့်ခုနစ်ဦးတို့မှာ အဆင့်ခုနစ်သက်ရှိများ ဖြစ်ကြသည်။ ၁၉၂တိုက်ခိုက်ရေးတပ်ရင်းကို တိုက်ခိုက်မှုမှာ ဤတပ်ဖွဲ့ထံမှ လာခြင်းပင်။

ကွပ်ကဲရေးအခန်းထဲတွင် သတ္တုချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး မျက်လုံးများကိုသာ ဖော်ပြထားသော လူတစ်ယောက်သည် သူ့လက်အောက်ငယ်သားများကို စိုက်ကြည့်နေပေသည်။ သူသည် အခြေစိုက်စခန်းမြို့တော်၏ ဒုတိယကွပ်ကဲရေးမှူး၁၇ယောက်ထဲမှ တစ်ဦးဖြစ်သူ ပီတာရွှန်းဖြစ်ပြီး ဤစစ်ဆင်ရေး၏ နောက်ကွယ်မှ ကြိုးကိုင်သူလည်း ဖြစ်သည်။

"ငါးမိနစ်တောင် မပြည့်တဲ့အချိန်အတွင်းမှာ ငါတို့ရဲ့ အဆင့်ငါးစစ်သည် ၁.၇၁သန်း၊ အဆင့်ခြောက်စစ်သည် ၂၇၂၁ယောက်နဲ့ အော်လီနော့ခ်သားရဲ ၄၉၂၈၂ကောင် ဆုံးရှုံးခဲ့ရတယ်။ ဘာတွေဖြစ်သွားတာလဲ"

ယုတ္တိကျကျပြောရမည်ဆိုလျှင် စကြဝဠာအမှတ်၇သည် ယခုအချိန်အထိ ပြန်လည်နာလန်ထူနိုင်စွမ်း မရှိသင့်သလို သူတို့၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းမရှိသော ဖရိုဖရဲတပ်ဖွဲ့များသာ ကျန်ရှိနေရမည်ဖြစ်၏။

"သခင်ပီတာရွှန်း… ကျွန်တော်တို့လည်း သေချာမသိပါဘူး။ ဒါပေမဲ့ အသက်ရှင်ကျန်ရစ်တဲ့ စစ်သည်တွေရဲ့ အစီရင်ခံစာအရ စကြဝဠာအမှတ်၇မှာ အရမ်းကြောက်ဖို့ကောင်းတဲ့ စစ်သည်တွေ ရုတ်တရက်ပေါ်လာတယ်လို့ ဆိုပါတယ်။ တစ်ယောက်ချင်းစီက တပ်ဖွဲ့တစ်ခုလုံးရဲ့ တိုက်ခိုက်မှုတွေကိုတောင် ပြန်လည်ခုခံနိုင်စွမ်း ရှိကြတယ်တဲ့"

"သူတို့ရဲ့ အဆင့်ခုနစ်စစ်သည်တွေ စစ်မြေပြင်ကို ထွက်လာတာလား"

ပီတာရွှန်းက မေးမြန်းလိုက်သည်။ ယေဘုယျအားဖြင့် အဆင့်ခုနစ်နှင့်အထက် သက်ရှိများသည် စစ်ပွဲအကြီးစားများတွင်သာ ပါဝင်လေ့ရှိပြီး ပုံမှန်အားဖြင့် မိမိတို့နှင့်အဆင့်တူသော အဆင့်ခုနစ်စစ်သည်အချင်းချင်းသာ တိုက်ခိုက်လေ့ရှိကာ သာမန်မြို့သိမ်းတိုက်ပွဲများတွင် ပါဝင်လေ့မရှိပေ။

"မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ စကန်ဖတ်စက်တွေအရ အဲဒီစစ်သည်တွေက စကြဝဠာအမှတ်၇က အဆင့်ငါးစစ်သည်တွေပါ။ သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းတွေက ဘာလို့ ဒီလောက်တောင် လွှမ်းမိုးနိုင်စွမ်းရှိနေရသလဲဆိုတာကိုတော့ ကျွန်တော်တို့လည်း မရှင်းပြတတ်ပါဘူး"

"ဒီကိစ္စကို ချက်ချင်းစုံစမ်းစစ်ဆေးစမ်း"

ပီတာရွှန်းက အမိန့်ပေးလိုက်သည်။

"တကယ်လို့ သူတို့အားလုံးက အဲဒီလိုစစ်သည်တွေချည်းပဲဆိုရင် ဆက်တိုက်နေလည်း အဓိပ္ပာယ်မရှိတော့ဘူး"

...

၉၁၂အခြေစိုက်စခန်းမြို့တော်ငယ်၏ အပြင်ဘက်တွင် ကင်းထောက်အဖွဲ့သည် ပုံမှန်အတိုင်း ကင်းလှည့်နေသည်။ သူတို့၏ တာဝန်မှာ အခြားစကြဝဠာများမှ ရန်သူများ၏ တိုက်ခိုက်မှုကို စောင့်ကြည့်ပြီး ချက်ချင်းသတင်းပို့ရန်ပင်။

စကြဝဠာအမှတ်၃၇နှင့် စကြဝဠာအမှတ်၃၈တို့သည် အခြားစကြဝဠာများထံမှ ကြိုတင်တိုက်ခိုက်ခံရခြင်းမျိုး အလွန်ရှားပါးသောကြောင့် အချိန်အများစုတွင် ဤကင်းလှည့်အဖွဲ့များမှာ အလွန်အားလပ်နေကြပြီး စကားစမြည်ပြောကာ အချိန်ဖြုန်းနေတတ်ကြသည်။

"အရမ်းထူးဆန်းတာပဲ။ ဒီနေ့ ၉၁၁တပ်ဖွဲ့က တော်တော်မြန်မြန် ဆုတ်ခွာလာကြပါလား"

"ဒီနေ့ သူတို့တွေ စကြဝဠာအမှတ်၇ကို သွားကြတယ်လို့ ကြားတယ်"

"စကြဝဠာအမှတ်၇ ဟုတ်လား။ လွန်ခဲ့တဲ့ စကြဝဠာရက်နှစ်ဆယ်လောက်က အကြီးစားတိုက်ခိုက်မှုကြီးတစ်ခု လုပ်ခဲ့တာ မဟုတ်ဘူးလား။ တပ်ရင်းတော်တော်များများလည်း ချေမှုန်းခံခဲ့ရတယ်။ သူတို့မှာ ဘာခံစစ်မှ ကျန်တော့ပုံမရပါဘူး"

"ဒီတစ်ခေါက်တော့ ငါတို့ဘက်က အလဲထိုးခံခဲ့ရတယ်လို့ ကြားတာပဲ"

"အလဲထိုးခံရတယ် ဟုတ်လို့လား။ သူတို့မှာ ကျန်နေတဲ့အင်အားနဲ့ ဘယ်လိုလုပ်ပြီး..."

"တီ တီ တီ... ပြင်းထန်တဲ့ စွမ်းအင်အရင်းအမြစ်ကို ရှာဖွေတွေ့ရှိပါသည်"

ရုတ်တရက်ဆိုသလို စက်ကိရိယာမှ အချက်ပေးသံ ထွက်ပေါ်လာသည်။

"ဘာတွေဖြစ်နေတာလဲ"

"ရန်သူတွေ လာနေပြီ"

"ဘယ်သူတွေလဲ။ စကြဝဠာအမှတ်၄လား။ စကြဝဠာအမှတ်၁၂လား"

"အာကာသယာဉ်ဒီဇိုင်းက မရင်းနှီးဘူး။ ယာဉ်တစ်စင်းတည်းပဲ။ မဟာမိတ်များ ဖြစ်နေမလား"

"အချက်ပေးတာကို ခဏရပ်ထားဦး။ သူတို့ဘယ်သူလဲဆိုတာ အရင်ခွဲခြားကြည့်ရအောင်"

"ဒါက စကြဝဠာအမှတ်၃၇ရဲ့ ၉၁၂အခြေစိုက်စခန်းမြို့တော်ငယ် ဖြစ်ပါတယ်။ မင်းတို့ကိုယ်မင်းတို့ မိတ်ဆက်ပြီး လာရတဲ့ရည်ရွယ်ချက်ကို ပြောပါ"

သူတို့က အာကာသယာဉ်ဆီသို့ ချက်ချင်း အသံလွှင့်လိုက်သည်။

ဆက်သွယ်ရေးစက်မှ မသဲကွဲသော အသံများ ထွက်ပေါ်လာသည်။

"ဟင်... ၉၁၂အခြေစိုက်စခန်းမြို့တော်လား။ ဒါက ၉၁၁အခြေစိုက်စခန်းမြို့တော် မဟုတ်ဘူးလား"

"ကျစ်... ငါတို့ လမ်းမှားသွားတာလား"

******************

All Chapters