အခန်း ၁၀၀၉
Vol. 68 Ch. 1009
အခန်း ၁၀၀၉ - လမ်းပျောက်ပြီး ထမင်းတောင်းစားခြင်း
"ဘာတွေဖြစ်နေတာလဲ"
ကင်းလှည့်တပ်ဖွဲ့မှ စစ်သည်များမှာ တစ်ဖက်က ထွက်ပေါ်လာသော အသံများကို နားထောင်ကြည့်လိုက်ချိန်ဝယ် အချင်းများနေသည့် အသံများနှင့် တူနေပေသည်။ ထို့ပြင် အာကာသယာဉ်ပေါ်တွင် လူအမြောက်အများ ရှိနေဟန်ပင်။
"သေစမ်း.. သေချာမောင်းပါလို့ ပြောထားရက်နဲ့ မင်းတို့ကောင်တွေ ဂိမ်းခိုးကစားနေကြတာ။ အခုတော့ ၉၁၂တပ်ဖွဲ့ရဲ့ နယ်မြေထဲကို ရောက်လာပြီမလား"
"အော်တိုမောင်းတဲ့စနစ် ဖွင့်ထားတာလေ။ တခြားတပ်ဖွဲ့ဆီကို ရောက်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"
"အဓိပ္ပာယ်မရှိတာ။ မင်းတို့ကိုယ်တိုင် သွားရမယ့်နေရာကို မှားထည့်လိုက်တာလေ။ ကံကောင်းလို့ ဂဏန်းတစ်လုံးပဲ လွဲသွားတာ။ မဟုတ်ရင် ဘယ်တွေရောက်သွားမလဲမသိဘူး"
"၉၁၂အခြေစိုက်စခန်းမြို့တော်လား။ ၉၁၁နဲ့ နီးတယ်မလား"
"ထားလိုက်တော့။ ဘာပဲဖြစ်ဖြစ် ရောက်လာမှတော့ သူတို့ကို အရင်ချလိုက်ကြတာပေါ့"
"တစ်ခုခုအရင်သွားစားကြမလား။ ငါတော့ ဗိုက်အရမ်းဆာနေပြီ။ ၉၁၁ဆီကို မသွားခင် အရင်ဗိုက်ဖြည့်ရအောင်"
"ကောင်းပြီလေ။ အဲဒီအကြံ မဆိုးဘူး"
...
ခဏကြာအောင် ဆူညံသွားပြီးနောက် တစ်ဖက်မှ အသံများ ပြန်တိတ်ဆိတ်သွားသည်။
"ဒါက ၉၁၂အခြေစိုက်စခန်းမြို့တော်ပါ။ ထပ်ပြောမယ်။ မင်းတို့ ဘယ်သူတွေလဲဆိုတာနဲ့ လာရတဲ့ ရည်ရွယ်ချက်ကို ပြောပါ။ မဟုတ်ရင် ရန်သူတွေလို့ သတ်မှတ်ပြီး ပစ်မှတ်အတိအကျမရှိတဲ့ ခုခံကာကွယ်မှုတိုက်ခိုက်ရေးကို စရလိမ့်မယ်"
"ဝိုး.. သူတို့ဘက်က စိတ်ကျေနပ်အောင် ဖြေလျှော့မယ်လို့ ပြောလိုက်တာလား။ တော်တော်ပွင့်လင်းတာပဲ။ ငါ နည်းနည်းတောင်သဘောကျသွားပြီ"
"ပေါက်ကရတွေလာပြောနေတယ်။ မင်း သေချာရော နားထောင်ရဲ့လား။ သူတို့က ခုခံကာကွယ်ရေးတိုက်ခိုက်မှုလို့ပြောတာကွ"
"ပါးစပ်ပိတ်ထား။ တခြားစကြဝဠာမှာ ငါတို့ မျက်နှာပျက်ရတယ်။ ငါပဲ ပြောလိုက်မယ်"
ကျန်းမုန့်လောင်က ထိုလူတစ်သိုက်ကို ကန်ထုတ်လိုက်သည်။
"ဒါက စကြဝဠာအမှတ်၇ကပဲ။ တပ်မဟာ၁၀၀၄၊ တိုက်ပွဲအမိန့်.. အာ.. ကျားပျံအထူးစစ်ဆင်ရေးတပ်ဖွဲ့ပဲ"
"စကြဝဠာအမှတ်၇ ဟုတ်လား။ သူတို့ စကြဝဠာအမှတ်၇လို့ ပြောလိုက်တာလား"
ထိုစကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရချိန်ဝယ် ကင်းလှည့်တပ်ဖွဲ့ဝင်များ ကြက်သီးမွေးညင်းထသွားလေသည်။
"သူတို့က ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ"
စကြဝဠာအမှတ်၇သည် သူရဲဘောကြောင်လွန်းသည်ဟု နာမည်ကြီးသည်။ သူတို့၏ကမ္ဘာမှာ ဤကမ္ဘာခြားစစ်မြေပြင်သို့ ဝင်ရောက်လာကတည်းက တိုက်ခိုက်ခြင်းမျိုး တစ်ခါမှမလုပ်ဆောင်ဘဲ ခုခံကာကွယ်မှုကိုသာ ပြုလုပ်ခဲ့သည်။
တကယ်တမ်းတွင် သူတို့အနေနှင့်တန်ပြန်တိုက်ခိုက်မှုမပြုချင်သောကြောင့် မဟုတ်ပါချေ။ သူတို့၏ စစ်ရေးအင်အားက ခံစစ်အတွက်သာ အသုံးပြုနေရသဖြင့် တန်ပြန်တိုက်ခိုက်ရန် အပိုအင်အားမရှိသောကြောင့်ပင်။
ယနေ့အချိန်အထိ သူတို့၏ အခြေစိုက်စခန်းမြို့တော်များထဲမှ ဘယ်မြို့ကမှ စကြဝဠာအမှတ်၇၏ အာကာသယာဉ်များ သို့မဟုတ် စစ်သည်များကို မတွေ့ဖူးချေ။ ဤသည်မှာ နှစ်သန်းပေါင်းများစွာအတွက် ပထမဆုံးအကြိမ်အဖြစ် သူတို့၏အာကာသယာဉ်ကို ဤနေရာ၌ တွေ့ရခြင်းပင်။
သူတို့၏ မဟာမိတ်များဖြစ်သော ၉၁၁တပ်ဖွဲ့သည် မကြာသေးခင်က စကြဝဠာအမှတ်၇၏ တွန်းလှန်ခြင်းကို ခံခဲ့ရသည်။ ယခုမူ စကြဝဠာအမှတ်၇၏ အာကာသယာဉ်က ဤနေရာသို့ ရောက်လာချေသည်။ သူတို့ လမ်းမှားလာသည်ဟု ကြားမိသော်ငြား ဘာလုပ်ချင်နေကြသလဲ။ အောင်ပွဲကို ဆက်လက်ဆင်နွှဲချင်သလား။ သို့သော် ထိုသို့ဟုတ်ပုံမရပေ။
အကယ်၍ သူတို့အနေနှင့် အောင်ပွဲကို ဆက်လက်ဆင်နွှဲမည်ဆိုပါက အနည်းဆုံးတော့ အင်အားအများအပြားကို စေလွှတ်လိမ့်မည်။ လူအင်အားဘီလီယံချီ၍ မဟုတ်လျှင်ပင် သန်းဂဏန်းလောက်မပါဘဲ တန်ပြန်တိုက်ခိုက်မှု ခေါ်နိုင်မည်လော။
သို့သော် ယခုမူ အာကာသယာဉ်တစ်စင်းတည်းသာ ရှိ၏။ စစ်သုံးယာဉ်နှင့်လည်း မတူပါဘဲ သယ်ယူပို့ဆောင်ရေးယာဉ် သို့မဟုတ် ဗိုလ်ချုပ်အဆင့်ရှိသူတစ်ဦး၏ ကိုယ်ပိုင်စီးတော်ယာဉ်နှင့် ပိုတူနေပေသည်။
"မင်းတို့ရဲ့ ရည်ရွယ်ချက်ကို ပြောပါ"
တစ်ဖက်လူက တိုက်ခိုက်မည့်ပုံမပေါ်သဖြင့် သူတို့တွင် အခြားရည်ရွယ်ချက်များ ရှိနိုင်ပေသည်။ ကင်းလှည့်တပ်ဖွဲ့ဝင်များအနေနှင့် မှန်ကန်စိတ်ချစွာ အစီရင်ခံတင်ပြနိုင်ရန်အတွက် သူတို့၏ရည်ရွယ်ချက်ကို သိရှိရန် လိုအပ်ပေသည်။
"အာ.. ငါတို့က မင်းတို့ရဲ့၉၁၁တပ်ဖွဲ့တွေကို လိုက်ချေမှုန်းပြီး ၉၁၁မြို့တော်ကို ကောင်းကောင်းပညာပေးဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ နေရာမှားပြီး ရောက်လာတဲ့ပုံပဲ"
…
ကင်းလှည့်အာကာသယာဉ်ကြီးလည်း ငြိမ်သက်သွားပြီး သံချပ်ကာအင်္ကျီအောက်ရှိ စစ်သည်များ၏ မျက်လုံးထဲတွင် အနည်းငယ်ကြောင်အသွားသည့် အရိပ်အယောင်များကို မြင်နေရသည်။
ဒီစကြဝဠာအမှတ်၇က လူတွေ ရူးများရူးနေကြတာလား။
၉၁၂တပ်ဖွဲ့နှင့် ၉၁၁တပ်ဖွဲ့မှာ တိုက်ပွဲအစဉ်တစ်ခုတည်းတွင် မပါဝင်သည့်အပြင် မတူညီသော စကြဝဠာများမှ လာကြသော်လည်း ၉၁၂က စကြဝဠာအမှတ်၃၈မှ ဖြစ်ပြီး ၉၁၁ကမူ စကြဝဠာအမှတ်၃၇ဖြစ်၏။
ထိုတပ်ဖွဲ့နှစ်ခုသည် မဟာမိတ်တပ်ဖွဲ့များ ဖြစ်၏။ တိတိကျကျပြောရလျှင် သူတို့သည် တပ်မဟာကွပ်ကဲရေးတစ်ခုတည်းအောက်တွင် ရှိကြသည်။ ၉၁၁နှင့် ၉၁၂တပ်ဖွဲ့များကို တပ်ဖွဲ့တစ်ခုတည်းဟုပင် ဆိုနိုင်သည်။
မင်းတို့က ငါတို့ရဲ့မဟာမိတ်တပ်ဖွဲ့ကို လိုက်လံချေမှုန်းနေတဲ့အကြောင်း ငါတို့ရှေ့မှာတင် ပေါ်တင်ပြောရုံတင်မကဘူး။ သူတို့ရဲ့အခြေစိုက်စခန်းမြို့တော်ကိုပါ တိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုတော့ ငါတို့ကို မရှိတဲ့လူတွေလို သဘောထားနေတာလား။ ငါတို့ ၉၁၂တပ်ဖွဲ့ကို မျက်နှာထောက်စရာမလိုဘူးလို့ ထင်နေတာလား။
၉၁၂ကင်းလှည့်တပ်ဖွဲ့ဘက်က ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ကျန်းမုန့်လောင်၏အသံက ထွက်ပေါ်လာပြန်သည်။
"ကိုယ့်လူတို့… ငါတို့က နာရီပေါင်းများစွာ လာခဲ့ရတာဆိုတော့ ထမင်းစားချိန်တောင် ရောက်နေပြီ။ စကားပုံရှိတယ်လေ.. အိမ်ကိုလာလည်တဲ့လူတိုင်းက ဧည့်သည်ပဲတဲ့။ ဒီလိုကျယ်ပြောလှတဲ့ စစ်မြေပြင်မှာ အမှတ်မထင်ဆုံရတာလည်း ရေစက်ပါပဲ။ လမ်းပျောက်နေတဲ့ ငါတို့တွေ မင်းတို့ဆီက ထမင်းတောင်းစားလို့ရမလား"
"မင်းမေဖင်ကို သွားစား"
အကယ်၍ ထိုလူများကသာ ကမ္ဘာမြေသားများ ဖြစ်ပါက စိတ်ထဲက ကျိန်ဆဲနေကြလိမ့်မည်။
သောက်ကျိုးနည်း.. စစ်တိုက်နေတဲ့အချိန်ကြီးမှာ မင်းတို့က ငါတို့အခြေစိုက်စခန်းမှာ ထမင်းလာစားမယ်ဆိုတော့ ဒါက ဘာသဘောလဲ။ ငါတို့ကို အထင်သေးနေတာလား။
ခဏတာမျှ ဆွံ့အသွားပြီးနောက် သူတို့အနေနှင့် မှန်ကန်သော လုပ်ဆောင်မှုကို အမြန်ပြုလုပ်ခဲ့ကြသည်။ ထိုအရာကား တိုက်ခိုက်ခြင်းပင်။
"စကြဝဠာအမှတ်၇ရဲ့ အာကာသယာဉ်တစ်စင်းကို အခြေစိုက်စခန်းအနီးမှာ တွေ့ရှိထားပါတယ်။ လာရတဲ့ရည်ရွယ်ချက်ကို မသိရသေးပါဘူး။ ချက်ချင်း တိုက်ခိုက်မှုစတင်ပါ"
သူတို့ဘက်က တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုသတင်းကို သူတို့၏ အခြေစိုက်စခန်းမြို့တော်ကို အမြန်ပေးပို့လိုက်သည်။
"သောက်ကျိုးနည်း.. တိုက်ပွဲစကြတော့မှာလား"
ကျန်းမုန့်လောင်လည်း စတားဂေဇာယာဉ်၏ ကာကွယ်ရေးစနစ်များကို ချက်ချင်းဖွင့်လိုက်သည်။
"ဝုန်း"
စတားဂေဇာအာကာသယာဉ်သည် လက်ရှိတွင် စကြဝဠာအတွင်း၌ အဆင့်အမြင့်ဆုံး ကိုယ်ပိုင်အာကာသယာဉ်ဖြစ်ပြီး လုံခြုံရေးအပိုင်းတွင် အဆင့်ငါးအထွတ်အထိပ်မျိုးနွယ်စုများ၏ အာကာသယာဉ်များထက် သာလွန်ပေသည်။ ဤတိုက်ခိုက်မှုမှာ ယာဉ်၏ အမှုန်ဒိုင်းကာကို ထိမှန်သွားစေခဲ့ပြီး အနည်းငယ်မျှသာ တုန်ခါသွားသည်။
"တိုက်ခိုက်မှုက အရာမထင်ဘူး။ တိုက်ပွဲအတွက် ပြင်ဆင်ဖို့ အခြေစိုက်စခန်းကို ချက်ချင်းပြန်ဆုတ်ကြ"
သူတို့က သာမန်တိုက်ခိုက်ရေးစွမ်းအားသာရှိသည့် ကင်းလှည့်တိုက်ခိုက်ရေးယာဉ်ငယ်ကို မောင်းနှင်နေခြင်းပင်။ တိုက်ခိုက်မှုက အရာမထင်ကြောင်း မြင်လိုက်ရသောအခါ အခြေစိုက်စခန်းသို့ ချက်ချင်းလှည့်ပြန်ရန် ဆုံးဖြတ်လိုက်သည်။
"လိုက်ကြ"
ကျန်းမုန့်လောင်က အမိန့်ပေးလိုက်ချိန်တွင် စတားဂေဇာအာကာသယာဉ်ကလည်း သူတို့နောက်သို့ လိုက်လေတော့သည်။
"ကျောင်းအုပ်ကြီး.. သူတို့ရဲ့အခြေစိုက်စခန်းမြို့တော်ကို မြင်နေရပါပြီ"
"သောက်ကျိုးနည်း.. လက်နက်တွေအများကြီးပဲလား"
"အာကာသယာဉ်တစ်စင်းတည်းကို ဒီလောက်လုပ်ဖို့လိုလို့လား"
၉၁၂တပ်ဖွဲ့၏ အခြေစိုက်စခန်းမြို့တော်မှာ သူတို့၏မြင်ကွင်းထဲသို့ ရောက်လာသည့်အခါ စခန်း၏ ကာကွယ်ရေးစနစ်များက သူတို့ကို ချက်ချင်းတိုက်ခိုက်လေတော့သည်။
ရောင်ခြည်တန်းများက အမှုန်ဒိုင်းကာကို ထိမှန်သွားသည်။ စတားဂေဇာယာဉ်၏ ကာကွယ်ရေးစနစ်က တိုက်ခိုက်မှုများကို တွန်းလှန်ပေးထားချိန်တွင် ယာဉ်ကြီးမှာ အပြင်းအထန်တုန်ခါနေသည်။
"ကျောင်းအုပ်ကြီး ရပ်ပါတော့။ ကျွန်တော် ကားမူးလာပြီ"
"ကျွန်တော့်ကို ဆင်းခွင့်ပေးပါ။ ဒါက မူကြိုကျောင်းကားမဟုတ်ဘူးနော်"
"အော့"
"အမှိုက်လိုပဲ"
ကျန်းမုန့်လောင်လည်း စတားဂေဇာယာဉ်ကို အမြန်သိမ်းဆည်းလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ကိုယ်ပိုင်အာကာသယာဉ်တစ်စင်းဖြစ်လေရာ ရှေ့ဆက်တိုးပါက ထိုယာဉ်၏ အပျက်အစီးခံနိုင်ရည်ပမာဏထက် ကျော်လွန်သွားနိုင်သဖြင့် စောစောမပျက်စီးစေချင်ပေ။
…
၉၁၂အခြေစိုက်စခန်းမြို့တော်၏ ပထမခံစစ်မျဉ်းမှာ သတင်းရသည်နှင့်တစ်ပြိုင်နက် တိုက်ပွဲအတွက် အသင့်ပြင်နေပြီး စစ်သည်သောင်းဂဏန်းကလည်း အမြင့်ဆုံးအသင့်အနေအထားဖြင့် ရှိနေသည့်အပြင် သူတို့၏ အပူစွမ်းအင်သုံးလက်နက်များအားလုံးကိုလည်း အားအပြည့်သွင်းထားပြီးဖြစ်၏။
"သူတို့ရဲ့အာကာသယာဉ် ပျောက်သွားပြီလား။ နေရာလွတ်သိုလှောင်ရေးပစ္စည်းထဲများ သိမ်းလိုက်တာလား"
"မဖြစ်နိုင်ဘူး။ အလင်းယိုင်ရုပ်ဖျက်စနစ် ဒါမှမဟုတ် ကမ္ဘာလွှဲရုပ်ဖျက်မှုတစ်ခုခုပဲ ဖြစ်ရမယ်"
"မဟုတ်ဘူး။ စွမ်းအင်တုံ့ပြန်မှုလည်း မရှိတော့ဘူး"
"သက်ရှိတုံ့ပြန်မှုအသေးစားလေးတွေကို ထောက်လှမ်းမိပါပြီ။ စုစုပေါင်း ၆၆၇ယောက်ပါ။ သက်ရှိအဆင့်က စကြဝဠာအမှတ်၇က အဆင့်ငါးအထွတ်အထိပ်တွေဖြစ်ပြီး တစ်ဖက်လူတွေက အဆင့်ငါးစစ်သည်တွေပါ"
"အဆင့်ငါးစစ်သည်တွေ ဟုတ်လား။ အဆင့်ငါးစစ်သည်ရာဂဏန်းလောက်က ၉၁၁တပ်ဖွဲ့ကို လိုက်ဖမ်းရဲတဲ့အပြင် ငါတို့ရဲ့ ၉၁၂အခြေစိုက်စခန်းမြို့တော်ကိုပါ ဝင်တိုက်ရဲတာလား။ စကြဝဠာအမှတ်၇ကကောင်တွေ ဒီလောက်တောင်တုံးသလား"
"ဟားဟားဟား… ဒီလိုအဆင့်ငါးစစ်သည်မျိုးကို ရောင်ခြည်တန်းအမြောက်တွေနဲ့ အပြတ်ရှင်းလို့ရတယ်"
"အဲဒီဧရိယာကို ပစ်မှတ်ထားပြီး သူတို့ကို တစ်စစီဖြစ်အောင် သွားပစ်စမ်း"
ရောင်ခြည်တန်းအမြောက်ရာပေါင်းများစွာက ကျန်းမုန့်လောင်နှင့် သူ့အဖွဲ့သားများ ဆင်းသက်လာသည့်နေရာကို ပစ်မှတ်ထား၍ အပြင်းအထန်ဗုံးကြဲလိုက်လေရာ ဖုန်မှုန့်များနှင့် မီးတောက်များက မီတာထောင်ပေါင်းများစွာအထိ ဖုံးလွှမ်းသွားလေတော့သည်။
"ကဲ တော်လောက်ပြီ။ စွမ်းအင်တွေကို အလဟဿမဖြုန်းတီးကြနဲ့။ ဒီစွမ်းအင်သလင်းကျောက်တွေကို တူးဖော်ရတာ မလွယ်ဘူးကွ"
"အမှန်ပဲ။ ဒီလိုပြင်းထန်တဲ့ တိုက်ခိုက်မှုမျိုးဆိုရင် အဆင့်ခြောက်သက်ရှိတွေတောင် အပိုင်းအစလေးပဲ ကျန်ခဲ့မှာ"
"မဟုတ်ဘူး။ သက်ရှိတုံ့ပြန်မှုက ပျောက်မသွားသေးဘူး။ သူတို့ အသက်ရှင်နေတုန်းပဲ"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
မီးခိုးငွေ့များအကြားမှ ကျယ်လောင်လှသော ခြေသံများ ထွက်ပေါ်လာပြီးနောက် အပြာရောင်စွမ်းအင်ဘီလူးကြီးတစ်ကောင်က မြူခိုးများထဲက ထွက်လာလေသည်။ ထိုအကောင်ကြီးမှာ ဘယ်လက်တွင် ဓားကို ကိုင်ဆောင်ထားပြီး ညာလက်တွင် ဒိုင်းကိုကိုင်ဆောင်ကာ ရောင်ခြည်တန်းအမြောက်များ၏ ပစ်ခတ်မှုကိုလည်း လုံးဝဂရုမစိုက်ချေ။
"ဝိုး ဝမ်ခိုင်… မိုက်တယ်ကွာ။ မင်းက ပြီးပြည့်စုံတဲ့ ဆူဆာနိုကို ဆင့်ခေါ်နိုင်နေပြီလား"
"မင်းတို့မြင်တဲ့အတိုင်း အထာကျကျပဲပေါ့ဂ
ဝမ်ခိုင်က ဒိုင်းကိုင်ထားသော ဘီလူးကြီးကို ထိန်းချုပ်၍ ရှေ့ဆက်သွားရင်း အော်လိုက်၏။
"သောက်ကျိုးနည်း.. ငါတို့က လမ်းပျောက်လာလို့ ထမင်းတောင်းစားမိတာကို ဒီလောက်အထိ လုပ်ဖို့လိုလို့လား"
************************