အခန်း ၁၀၁၀
Vol. 68 Ch. 1010
အခန်း ၁၀၁၀ - ဒီညတော့ ဒီမှာပဲ ပွဲတော်တည်ကြမယ်
"အဲဒါကြီးက ဘာကြီးလဲ"
၉၁၂တပ်ဖွဲ့၏ ရှေ့တန်းစစ်မျက်နှာပြင်မှ စစ်သည်များမှာ ချဉ်းကပ်လာသော အပြာရောင်ဘီလူးကြီးကို ကြည့်နေကြသည်။ သူတို့၏လက်နက်များက ထိုအကောင်ကြီးကို ဘာထိခိုက်မှုမှ မပေးနိုင်ပေ။ ထိုဘီလူးကြီး၏ အကာအကွယ်အောက်တွင် စကြဝဠာအမှတ်၇မှ လူများက သူတို့၏ ခံစစ်မျဉ်းဆီသို့ ဆက်လက်ချီတက်လာကြသည်။
"ဒါက ကာကွယ်ရေးလက်နက် အမျိုးအစားသစ်များလား"
"မဟုတ်ဘူး။ အဲဒါက စွမ်းအင်တွေကို ရုပ်လုံးဖော်ထားတာ။ စကြဝဠာအမှတ်၇က လူတွေက စကြဝဠာမူလစွမ်းအင်ကို သုတေသနလုပ်တဲ့နေရာမှာ တော်တော်ကျွမ်းကျင်ကြတယ်။ ဒါက သူတို့တီထွင်ထားတဲ့ လျှို့ဝှက်သိုင်းပညာရပ်တစ်ခုပဲ ဖြစ်ရမယ်"
"အဲဒါက ငါတို့ရဲ့ အလင်းတန်းအမြောက်တွေရော အမှုန်အမြောက်တွေကိုပါ ကာကွယ်နိုင်တယ်။ ဒီလောက်ပြင်းထန်တဲ့ စွမ်းအင်မျိုးကို အနည်းဆုံး အဆင့်ခြောက်အထွတ်အထိပ်သက်ရှိတွေမှပဲ လုပ်နိုင်မှာ။ ဒါပေမဲ့ သူတို့က အဆင့်ငါးအထွတ်အထိပ်သက်ရှိတွေပဲ ရှိသေးတာလေ။ ဒါက သိပ္ပံပညာရဲ့ နိယာမတွေကို ချိုးဖောက်နေတယ်"
"နေပါဦး.. ၉၁၁တပ်ဖွဲ့ရဲ့ အခြေစိုက်စခန်းမြို့တော်က အသက်ရှင်ကျန်ရစ်တဲ့ စစ်သည်တွေပြောတာ ငါကြားဖူးတယ်။ သူတို့ကို ပြန်ဆုတ်သွားအောင် လုပ်ခဲ့တာက စကြဝဠာအမှတ်၇က အဆင့်ငါးသက်ရှိအုပ်စုတစ်စုတဲ့။ သူတို့ရဲ့အရေအတွက်က သိပ်မများဘူး။ ရာဂဏန်းလောက်ပဲရှိတာ။ ဒါပေမဲ့ လူတစ်ယောက်ချင်းစီက အယောက်ထောင်ပေါင်းများစွာကို ခုခံနိုင်စွမ်းရှိတယ်တဲ့။ အဲဒီလူတွေများ ဖြစ်နေမလား"
"မဖြစ်နိုင်ပါဘူး။ အဆင့်ငါးစစ်သည်တစ်ယောက်က အဆင့်ခြောက်စစ်သည် ထောင်ပေါင်းများစွာပါတဲ့ တပ်ကြီးကို အနိုင်ယူမယ်ဆိုတော့ မင်း ပုံပြင်လာပြောနေတာလား"
"ဒါက တကယ်ပဲ စကြဝဠာအမှတ်၇က ထူးဆန်းတဲ့ နည်းပညာတစ်ခုခုများ ဖြစ်နေမလား။ လက်နက်နဲ့ ကိရိယာတော်တော်များများက စကြဝဠာမူလစွမ်းအင်ကို အတုခိုးပြီး ဖန်တီးနိုင်တာပဲလေ။ သိပ်တော့ အံ့ဩစရာမဟုတ်ပါဘူး"
"တပ်ဖွဲ့တွေကို ဖြန့်ကြက်လိုက်။ သူတို့က ငါတို့ရဲ့ ပစ်ခတ်မှုအတားအဆီးကို ဖောက်ထွက်လာကြပြီ"
ကျန်းမုန့်လောင်နှင့် အခြားသူများမှာ အလွန်လျင်မြန်စွာ ရွေ့လျားလာပြီး ပထမခံစစ်မျဉ်းနှင့် တစ်ကီလိုမီတာပင် မဝေးတော့ပေ။ ဤအခြေအနေတွင် ခေတ်မီလက်နက်များကို ဆက်လက်အသုံးပြုမည်ဆိုပါက ပစ်ခတ်ရမည့် ရှုထောင့်များ မကောင်းနိုင်တော့ဘဲ မိမိတို့လူများကိုပင် ပြန်ထိခိုက်စေနိုင်သည်။
"ကျောင်းအုပ်ကြီး… သူတို့တပ်တွေ ထွက်လာကြပြီ"
"အင်အား ၁၂၀၀၀ ရှိပါတယ်… အများစုက အဆင့်ငါးသက်ရှိတွေပါ။ အဆင့်ခြောက်သက်ရှိက အယောက်နှစ်ရာကျော်ပါတယ်"
"တကယ်ကြီးလား။ ဒီလောက်လူလေးနဲ့များ ငါတို့ရဲ့ ချီတက်မှုကို တားဆီးနိုင်မယ်လို့ ထင်နေတာလား။ နောက်နေတာတော့ မဟုတ်ပါဘူးနော်"
"ဒီအမှိုက်တွေကို ကျွန်တော်ပဲ ရှင်းလိုက်ပါ့မယ်"
လျိုယိက တက်တက်ကြွကြွဖြင့် ရှေ့ထွက်လာခဲ့သည်။
"တပ်မှူး.. ဘီလူးကြီးရဲ့ အနောက်ကနေ သူတို့ထဲက လူတစ်ယောက် ထွက်လာတယ်"
ကြားဖြတ်တိုက်ခိုက်ရန် ရောက်လာသော စကြဝဠာအမှတ်၃၈မှ တပ်ဖွဲ့များသည် လေထဲတွင် ဝဲပျံနေသော လျိုယိကို ချက်ချင်း သတိထားမိသွားကြသည်။
"အဲဒါ သူတို့ရဲ့ အဆင့်ငါးအထွတ်အထိပ် သက်ရှိတွေထဲက တစ်ယောက်ပဲ"
"သူတစ်ယောက်တည်း ဘာလုပ်မလို့လဲ"
"ကြည့်စမ်း… သူ့လက်ထဲကနေ တုတ်တစ်ချောင်း ထုတ်လိုက်တယ်။ အဲဒါ ဘာကြီးလဲ"
"ဘာတုတ်လဲ။ ဒါ မှော်တုတ်တံကွ။ အကန်းတွေ.. တကယ်မယုံနိုင်စရာပဲ"
လျိုယိက ကျိန်ဆဲလိုက်သော်လည်း မှော်မန္တန်များကို စတင်ရွတ်ဆိုလိုက်သည်။
သူ့ခန္ဓာကိုယ်အတွင်းမှ မှော်စွမ်းအင်များ ပျံ့နှံ့ထွက်ပေါ်လာသည်နှင့်အမျှ မိုးကြိုးတိမ်တိုက်အလွှာများက ကောင်းကင်ယံကို ချက်ချင်းလွှမ်းခြုံသွားသည်။ ပြင်းထန်လှသော ကန့်အနံ့ကြီးကြောင့် စစ်သည်တိုင်းမှာ အပူရှိန်မြင့်တက်လာပြီး အသက်ရှူကျပ်လာသလို ခံစားရပြီး သူတို့၏ခေါင်းပေါ်တွင်လည်း မီးတောင်ပေါက်ကွဲတော့မည့်အလား ထင်မှတ်ရသည်။
"အဆင့်သုံးတားမြစ်ပညာရပ် ဥက္ကာပျံမိုး"
ခံစစ်နေရာများ၏ အထက်တွင် ဧရာမအနီရောင်မှော်အစီအရင်တစ်ခု ပေါ်လာပြီး မီးတောက်လောင်နေသော ဥက္ကာပျံအမြောက်အများက ချဉ်းကပ်လာသော လူအုပ်ကြားထဲသို့ ဝေါခနဲ ကျဆင်းလာသည်။ ဥက္ကာပျံတစ်ခုစီတွင် သာမန်အဆင့်ခြောက်သက်ရှိတစ်ယောက်၏ အစွမ်းကုန်တိုက်ခိုက်မှုထက် သာလွန်သော စွမ်းအားများ ပါဝင်နေချေသည်။
"အဲဒါ ဘာကြီးလဲ"
"အဲဒါ ဥက္ကာပျံလေ"
"အား"
"ဘုန်း"
စစ်မြေပြင်တစ်ခုလုံးမှာ မီးတောက်နေသော ဥက္ကာပျံပင်လယ်ကြီးထဲသို့ နစ်မြုပ်သွားခဲ့သည်။ စကြဝဠာအမှတ်၃၈၏ စစ်သည်များထဲမှ အဆင့်ခြောက်သက်ရှိ ဆယ်ဂဏန်းခန့်သာလျှင် သူတို့၏ ချပ်ဝတ်တန်ဆာများကို စွန့်ပစ်ကာ ခံစစ်မျဉ်းအနောက်သို့ အသက်လု၍ ထွက်ပြေးနိုင်ခဲ့ကြသည်။
"သူတို့က မိစ္ဆာတွေပဲ.. အကုန်လုံး မိစ္ဆာတွေ"
"အဲဒါက ဘယ်လိုလျှို့ဝှက်သိုင်းပညာရပ်မျိုးလဲ။ လူတစ်ယောက်တည်းက တပ်ဖွဲ့တစ်ခုလုံးကို ချေမှုန်းနိုင်တယ်တဲ့လား"
"၉၁၁တပ်ဖွဲ့က ယူလာခဲ့တဲ့ သတင်းအချက်အလက်တွေက တိကျပုံပဲ။ စကြဝဠာအမှတ်၇မှာ အထူးတပ်ဖွဲ့တစ်ခု တကယ်ပေါ်လာတာပဲ"
"ကင်းလှည့်အဖွဲ့ ပြောတာတော့ ပုံမှန်ဆိုရင် စကြဝဠာအမှတ်၇က တိုက်ခိုက်ရေးတပ်တွေကို နံပါတ်တွေနဲ့ပဲ နာမည်ပေးလေ့ရှိတာတဲ့။ အခုဟာက ကျား... ဘာဆိုလားပဲ"
"ကျားပျံအထူးတပ်ဖွဲ့"
"အမှန်ပဲ"
"အခု ငါတို့ ဘာဆက်လုပ်ကြမလဲ"
"ငါတို့ ခံစစ်နေရာမှာပဲ ပုန်းနေကြမယ်။ ငါတို့ရဲ့ ဒိုင်းကာက အဆင့်ခုနစ်သက်ရှိတွေရဲ့ တိုက်ခိုက်မှုတွေကိုတောင် ခံနိုင်ရည်ရှိတယ်။ သူတို့ ဖောက်ဝင်လာနိုင်မှာ မဟုတ်ဘူး။ ငါတို့ အနောက်ကိုသွားပြီး စစ်ကူတောင်းမှဖြစ်မယ်"
"ဘုန်း"
လျိုယိ၏ ဥက္ကာပျံမိုးများက သူတို့၏ ခံစစ်နေရာများကို ဆက်တိုက်ဗုံးကြဲနေသော်လည်း အပြာရောင်အလင်းလွှာတစ်ခုက ထိုဥက္ကာပျံအားလုံးကို အပြင်ဘက်က တားဆီးပေးထားသည်။
ဥက္ကာပျံများက အလင်းလွှာကို ဝင်တိုက်မိသောအခါ လှိုင်းဂယက်လေးများသာ ဖြစ်ပေါ်သွားပြီး ထိုကာကွယ်ရေးစနစ်ကို ဖျက်ဆီးနိုင်မည့်ပုံ မပေါ်ပေ။
...
"ကျောင်းအုပ်ကြီး.. သူတို့တွေ ထပ်ပုန်းသွားပြန်ပြီ"
လျိုယိက ပြောလိုက်သည်။
"ချီတက်ကြ။ အရင်ဆုံး သူတို့ရဲ့ လိပ်ခွံကြီးကို ခွာပစ်လိုက်။ ငါ့ဆီမှာ ဆေးလုံးတွေ အများကြီးရှိတယ်။ တစ်ယောက်တည်း မလုံလောက်ရင် ဆယ်ယောက်။ ဆယ်ယောက် မလုံလောက်ရင် အယောက်တစ်ရာတက်ကြ။ သူတို့ဆီမှာ အဲဒီလောက် စွမ်းအင်တွေအများကြီး ရှိမယ်လို့ ငါမယုံဘူး"
"ဟေ့ကောင်တွေ.. လုပ်ငန်းစကြစို့"
"စပြီဟေ့။ ဖြိုခွင်းရမယ့်အချိန် ရောက်ပြီ"
"ကောင်းကင်ဖြိုဥက္ကာပျံ"
"ရင်နီဂန် ပွင့်စေ။ ကောင်းကင်ဖြိုဥက္ကာပျံ"
"ဥက္ကာပျံမိုး။ ရေခဲဟိန်းဟောက်သံ"
"လိပ်ကျောင်းတော် ချီစွမ်းအင်"
...
တိုက်ခိုက်မှုတစ်ခုစီတိုင်းက အဆင့်ခုနစ်သက်ရှိတစ်ယောက်၏ တိုက်ခိုက်မှုနှင့် တူညီလုနီးပါး အင်အားများပါဝင်နေပြီး တစ်ပြိုင်နက်တည်း ပြုလုပ်သော တိုက်ခိုက်မှုရာပေါင်းများစွာ ပေါင်းစပ်သွားသည့်အခါ သာမန်အဆင့်ခုနစ်သက်ရှိတစ်ဦး၏ စွမ်းအင်ထက်ပင် ကျော်လွန်သွားတော့သည်။
"တပ်မှူး.. သူတို့ရဲ့ တိုက်ခိုက်မှုတိုင်းမှာ ဧရိယာတစ်ယူနစ်အလိုက် သက်ရောက်တဲ့ စွမ်းအင်တွေက အဆင့်ခုနစ်သက်ရှိတစ်ဦးရဲ့ တိုက်ခိုက်ရေးစွမ်းအင်ထက်တောင် ကျော်လွန်နေပါပြီ။ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစနစ် စွမ်းအင်ပံ့ပိုးမှုကလည်း အလျင်အမြန် ကုန်ခမ်းနေပါတယ်"
"ငါတို့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်ဦးမလဲ"
"ဒီလိုကုန်ခမ်းတဲ့နှုန်းနဲ့ဆိုရင် အလွန်ဆုံး မိနစ်နှစ်ဆယ်ပါပဲ"
"ဘာ"
"ပြီးတော့ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစနစ်က ဒီစွမ်းအင်လှိုင်းတွေကြောင့် ပျက်စီးသွားနိုင်ခြေ ပိုများနေပါတယ်။ ကျွန်တော်တို့ရဲ့ အမြင့်ဆုံးကာကွယ်နိုင်စွမ်း ကန့်သတ်ချက်ရဲ့ ၂၃၀ရာခိုင်နှုန်းကိုတောင် ကျော်လွန်နေပါပြီ"
"စစ်ကူတွေကရော အခြေအနေဘယ်လိုလဲ"
"စစ်ကူတွေ မကြာခင် ရောက်လာတော့မှာပါ။ ဌာနချုပ်က တပ်ဖွဲ့ပေါင်းတစ်ရာ စေလွှတ်လိုက်ပါပြီ၊ သူတို့ ခဏနေရင် ရောက်လာတော့မှာပါ"
"သူတို့ လာနေကြပြီ"
၉၁၂အခြေစိုက်စခန်းမြို့တော်၏ အနောက်ဘက်မှ တိုက်ခိုက်ရေးဝတ်စုံများ ဝတ်ဆင်ထားသော စကြဝဠာအမှတ်၃၈မှ စစ်သည်အများအပြား ထွက်ပေါ်လာကြသည်။ သူတို့၏ ရှေ့ဆုံးတွင် ဧရာမသားရဲကြီး သောင်းဂဏန်းခန့်က လမ်းရှင်းပေးလျက်ရှိရာ လွန်ခဲ့သည့် မိနစ်ပိုင်းက ကျန်းမုန့်လောင်၏ ၁၉၂တိုက်ခိုက်ရေးတပ်ရင်းကို ဝင်ရောက်စီးနင်းခဲ့သည့် အတိုင်းအတာနှင့်ပင် ဆင်တူနေသည်။
"ဒီလောက်လေးပဲလား။ ငါတို့အတွက် ဆယ်မိနစ်တောင်ကြာမှာ မဟုတ်ဘူး"
ကျန်းမုန့်လောင်က လှောင်ပြုံးပြုံးလိုက်သည်။
"သူတို့ကို ကြိုဆိုဖို့ လူ ဆယ်ယောက်လွှတ်လိုက်။ ကျန်တဲ့လူတွေက ဆက်တိုက်ကြ"
"ဟုတ်ကဲ့ပါ ကျောင်းအုပ်ကြီး"
"ဖျက်ဆီးခြင်းမီးကြာပန်း"
"သစ်သားစွမ်းအင် : ကမ္ဘာ့သစ်ပင်ကြီး မွေးဖွားခြင်း"
သန်းနှင့်ချီသော စစ်သည်များ စစ်မြေပြင်သို့ ပြေးဝင်လာသည်နှင့်တစ်ပြိုင်နက် သူတို့၏ခြေထောက်အောက်ရှိ မြေပြင်ထဲက အလွန်ခိုင်ခံ့သော နွယ်ပင်ပေါင်းများစွာ ပေါက်ထွက်လာပြီး သူတို့ကို မလှုပ်ရှားနိုင်အောင် တုပ်နှောင်ပစ်လိုက်သည်။
မလှမ်းမကမ်းတွင်မူ အရောင်သုံးမျိုးပါသော မီးကြာပန်းကြီးတစ်ခုက သူတို့၏ မြင်ကွင်းထဲ၌ ကြီးမားလာပြီး အာကာသဟင်းလင်းပြင်ကြီးကိုယ်တိုင် မီးလောင်ကျွမ်းနေသကဲ့သို့ ပူစပ်ပူလောင်ခံစားချက်မျိုး ဖြစ်ပေါ်နေသဖြင့် သူတို့အားလုံး သတိလစ်သွားကြတော့သည်။
...
"တပ်မှူး… ကျွန်တော်တို့ရဲ့ စစ်ကူတပ်ဖွဲ့တွေ... အကုန်ကျဆုံးကုန်ပါပြီ"
"အကုန်ကျဆုံးသွားပြီ ဟုတ်လား။ စစ်သည်တစ်သန်းကျော်ကို မိနစ်ပိုင်းလေးအတွင်းမှာတင်လေ"
"ဖြောင်း"
ရုတ်တရက်ဆိုသလို ပြတ်သားလှသော အက်ကွဲသံတစ်သံ ပဲ့တင်ထပ်သွားပြီး အကာအကွယ်ဒိုင်းတစ်ခုလုံး ဖန်ကွဲစများအလား အက်ကွဲသွားသည်။
မျှော်လင့်ချက်မဲ့နေသော လူတိုင်း၏ မျက်စိရှေ့တွင်ပင် ကာကွယ်ရေးစနစ်တစ်ခုလုံး ပြိုကျပျက်စီးသွားပြီး မရေမတွက်နိုင်သော ဥက္ကာပျံများက ပထမခံစစ်မျဉ်းကို လုံးဝ ဝါးမျိုသွားတော့သည်။
"တပ်မှူး.. ပထမခံစစ်မျဉ်း ကျသွားပါပြီ"
"စစ်ကူတွေ ထပ်ခေါ်။ တပ်ဖွဲ့တစ်ရာတည်းနဲ့ သူတို့ကို လုံးဝမတားနိုင်ဘူး။ အခြေစိုက်စခန်းမြို့တော်မှာ ငါတို့တပ်ဖွဲ့တွေ ဘယ်လောက်ကျန်သေးလဲ"
"စုစုပေါင်း တပ်ဖွဲ့ ကိုးထောင်ကျော်ရှိပါတယ်။ ဒါပေမဲ့ အဲဒီအထဲက တစ်ဝက်က တခြားစကြဝဠာတွေရဲ့ အခြေစိုက်စခန်းမြို့တော်တွေကို တိုက်ခိုက်ဖို့ ထွက်သွားကြပါပြီ"
"မလုံလောက်ဘူး။ သူတို့ကို ရင်ဆိုင်ဖို့ တပ်ဖွဲ့ကိုးထောင်လုံး ပေါင်းရင်တောင် ငါတို့ကို ကယ်နိုင်မှာ မဟုတ်ဘူး။ ဗိုလ်ချုပ်နဲ့ ဒုတိယအရာရှိတွေရော ဘယ်မှာလဲ။ သူတို့ကို တားဆီးဖို့ ငါတို့ အဆင့်ခုနစ်စစ်သည်တွေ လိုအပ်တယ်"
"စကြဝဠာအမှတ်၇မှာ ပေါ်လာတဲ့ ထူးဆန်းတဲ့တပ်ဖွဲ့အကြောင်း ဆွေးနွေးဖို့ဆိုပြီး ဗိုလ်ချုပ်က ဒုတိယအရာရှိတွေအကုန်လုံးကို ၉၁၁အခြေစိုက်စခန်းမြို့တော်ဆီ ခေါ်သွားပါတယ်"
"ဘာတွေဖြစ်ကုန်တာလဲ။ အဲဒီတပ်ဖွဲ့က အခု ငါတို့ရှေ့မှာ ရောက်နေတာလေ။ သူတို့ကို ချက်ချင်းပြန်ခေါ်။ ဒါမှမဟုတ် ငါတို့ ၉၁၂အခြေစိုက်စခန်းမြို့တော်ကို ထိန်းထားနိုင်မှာ မဟုတ်ဘူး"
"ဟုတ်ကဲ့"
"တပ်ဖွဲ့တွေအကုန်လုံးကို ဖြန့်ကြက်လိုက်။ အသက်တွေ ပေးဆပ်ရမယ်ဆိုရင်တောင်မှ ဗိုလ်ချုပ်နဲ့ ဒုတိယအရာရှိတွေ ပြန်မလာမချင်း ငါတို့ တောင့်ခံထားရမယ်"
"ပြီးတော့ စေလွှတ်ထားတဲ့ တပ်ဖွဲ့တွေအားလုံးကိုလည်း ပြန်ခေါ်လိုက်"
...
ကျန်းမုန့်လောင်၏ မျက်နှာပေါ်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာသည်။ ထိုရန်သူများမှာ နောက်ဆုံးတွင် အကြောက်တရားကြောင့် တုန်လှုပ်သွားကြသဖြင့် သူလည်း ခြိမ်းခြောက်မှုအမှတ်များကို ရရှိနေပြီဖြစ်၏။
"ကျောင်းအုပ်ကြီး.. နောက်ထပ်လူတွေအများကြီး ထွက်လာပြန်ပြီ။ အရင်အင်အားထက် အနည်းဆုံး ဆယ်ဆလောက်ပိုများတယ်"
"အေး... ဒီလိုမှပေါ့"
ကျန်းမုန့်လောင်က အော်ဟစ်လိုက်သည်။
"ညစာစားချိန်အမီ ဒီ၉၁၂အခြေစိုက်စခန်းမြို့တော်ကို သိမ်းပိုက်ပြီး ဒီညတော့ ဒီမှာပဲ ပွဲတော်တည်ကြစို့"
*********************