← Chapters

အခန်း ၁၀၁၁

Vol. 68 Ch. 1011

အခန်း ၁၀၁၁

Vol. 68 Ch. 1011

အခန်း ၁၀၁၁ - အနောက်မြောက်ကျင်းတစ်ခွင်လုံး ကမောက်ကမဖြစ်နေပြီ

အနောက်ဘက်အဝေးတစ်နေရာတွင် အခြားစကြဝဠာတစ်ခုမှာ စကြဝဠာအမှတ်၃၈၏ ၇၃၁တပ်ရင်းမှ ၉၁၂တပ်ဖွဲ့၏ တိုက်ခိုက်မှုကို ခုခံကာကွယ်နေရသည်။ သူတို့လည်း အကြီးစားတိုက်ပွဲတစ်ခုကို ဆင်နွှဲထားရသဖြင့် အလွန်ပင်ပန်းနွမ်းနယ်နေလေပြီ။

ဤသည်မှာ စကြဝဠာအမှတ်၁၈ဖြစ်ပြီး သူတို့၏ စကြဝဠာအမှတ်၇ကဲ့သို့ မိမိကိုယ်ကိုယ် ကာကွယ်ရေးကိုသာ အဓိကထားသော စကြဝဠာတစ်ခုဖြစ်၏။ နှစ်ဖက်စလုံးမှာ ဆန့်ကျင်ဘက်အနေအထားတွင် ရှိနေကြသော်ငြား ငြိမ်းချမ်းရေးကို မြတ်နိုးသည့် မျိုးနွယ်စုများမှာ တူညီသောအချက်များ ရှိတတ်ကြသည်။ ထို့ကြောင့် စကြဝဠာအမှတ်၁၈နှင့် စကြဝဠာအမှတ်၇တို့အကြားတွင် မဟာမိတ်သဘောတူညီချက်တစ်ခု ရှိသည်။

နှစ်ဖက်စလုံးသည် နှစ်သန်းပေါင်းများစွာကြာအောင် အပြန်အလှန်ဖေးမကူညီပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်လာခဲ့ကြသည်။

"သောက်ကျိုးနည်း.. ငါတို့ နားတောင်မနားရသေးဘူးလေ။ တပ်သားသစ်တွေလည်း ပြန်မဖြည့်ရသေးဘူး။ သူတို့က ဘယ်လိုဖြစ်ပြီး ခွေးရူးတွေလိုမျိုး ထပ်ရောက်လာရပြန်တာလဲ"

"သူတို့တွေက သားဆက်ခြားစီမံကိန်းတွေဘာတွေ မလုပ်ကြဘူးလား။ သူတို့ရဲ့သေဆုံးမှုနှုန်းက ငါတို့ထက် နှစ်ဆကျော်ပိုများတာတောင် ဘာလို့ ဒီလောက်အများကြီး ကျန်နေသေးတာလဲ"

စကြာဝဠာအမှတ်၁၈မှ စစ်သည်များမှာ ယခင်တိုက်ပွဲက အထိနာခဲ့သည့်အဖြစ်မှ ပြန်သက်သာခြင်းမရှိသေးသလို သူတို့၏ စွမ်းအင်ရိက္ခာများလည်း လုံလောက်မှုမရှိတော့ပေ။ အကြိမ်အနည်းငယ် ပစ်ခတ်ပြီးသည်နှင့် သူတို့၏ စွမ်းအင်သိုလှောင်မှုများ ကုန်ခမ်းသွားပြီဖြစ်ကြောင်း ချက်ချင်း ကြေညာလာတော့သည်။

"ပင်မအမြောက်အမှတ်သုံး စွမ်းအင်ကုန်သွားပါပြီ"

"ပင်မအမြောက်အမှတ်၂၁ စွမ်းအင်ကုန်သွားပါပြီ"

"ပင်မအမြောက်အမှတ်၇ သုံးချက်စာပဲ ကျန်ပါတော့တယ်"

…

ရှေ့တန်းစစ်မြေပြင်မှ သတင်းဆိုးများ ထွက်ပေါ်လာသည်။ အမြောက်တပ်များ၏ ပစ်ခတ်နိုင်စွမ်းနှင့် ပမာဏ ကျဆင်းလာသည်နှင့်အမျှ စစ်သည်များနှင့် သားရဲအမြောက်အများကလည်း ပစ်ခတ်မှုအတားအဆီးကို ဖောက်ထွက်လာပြီး သူတို့၏ ခံစစ်မျဉ်းဆီသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာကြသည်။

"စစ်ကူတွေရောက်ဖို့ ဘယ်လောက်လိုသေးလဲ"

တပ်မှူးတစ်ယောက်က အံတင်းတင်းကြိတ်၍ ပြောလိုက်လေသည်။

"အနီးအနားက တခြားတိုက်ခိုက်ရေးတပ်ရင်းကလည်း တိုက်ခိုက်ခံနေရပါတယ်။ ကျွန်တော်တို့ကို ကူညီဖို့ ဘယ်တပ်ဖွဲ့မှ မအားပါဘူး။ တခြားတပ်ရင်းတွေဆီက လူအင်အားခေါ်ယူဖို့ဆိုရင် အနည်းဆုံးတော့ စကြဝဠာနာရီနှစ်နာရီလောက်တော့ ကြာလိမ့်မယ်"

"အဲဒီလောက်အထိ အချိန်မရဘူး။ စွမ်းအင်ကရော ဘယ်လိုအခြေအနေရှိလဲ"

"အတူတူပါပဲ။ အနီးဆုံးတပ်ရင်းကနေ သွားယူမှဖြစ်ပါလိမ့်မယ်။ အနီးအနားမှာရှိတဲ့ အကြီးဆုံးစွမ်းအင်မိုင်းတွင်းကို တခြားစကြဝဠာတွေက သိမ်းပိုက်ထားပါတယ်။ ကျွန်တော်တို့ဆီမှာ ကျန်နေတဲ့ လက်ကျန်စွမ်းအင်တွေအားလုံးကလည်း ပြီးခဲ့တဲ့တိုက်ပွဲမှာ ကုန်သွားပါပြီ"

"သေစမ်းကွာ"

တပ်မှူးက စွမ်းအင်ကုန်သွားသော အလင်းတန်းအမြောက်ကို ဘေးသို့ လွှင့်ပစ်လိုက်သည်။

"အားလုံးပဲ.. ငါ့နောက်ကလိုက်ခဲ့။ စစ်မြေပြင်မှာ သေတဲ့အထိ တိုက်ကြမယ်။ ငါတို့ရဲ့ခံစစ်နေရာတွေကို သူတို့တွေ ဖောက်ထွက်လို့မဖြစ်ဘူး"

"သေစမ်း.. ချကြတာပေါ့"

စကြဝဠာအမှတ်၁၈မှ စစ်သည်အားလုံး၏ မျက်လုံးထဲတွင် ခိုင်မာပြတ်သားသော မီးတောက်များ တောက်လောင်လာသည်။ ထိုအခိုက်အတန့်တွင် သူတို့အားလုံး ဒေါသမီးတောက်နေကြလေပြီ။

သို့သော် ထိုအချိန်တွင် ရှေ့တန်း၌ အပြင်းအထန်တိုက်ခိုက်နေသော ၉၁၂တပ်ဖွဲ့သည် ရုတ်တရက်ပြန်လှည့်ပြီး သူတို့၏ ခံစစ်မျဉ်းအ‌နောက်သို့ ပြန်လည်ဆုတ်ခွာသွားကြလေသည်။

"သူတို့ ဘာလို့ဆုတ်သွားတာလဲ"

ပြင်းပြင်းထန်ထန်တိုက်ခိုက်ရန်အတွက် လက်နက်များကို အသင့်ပြင်ထားကြသော စကြဝဠာအမှတ်၁၈မှ စစ်သည်များမှာ ကြောင်အသွားကြသည်။

"သူတို့ ပြန်ဆုတ်သွားပြီ။ ငါတို့နိုင်ပြီဟေ့"

အကြောင်းအရင်းကို မသိရသောလည်း ဤသည်မှာ သူတို့အတွက် သတင်းကောင်းတစ်ခုပင်တည်း။ တပ်ဖွဲ့များနှင့် အရင်းအမြစ်များကို ပြန်လည်စုဆောင်းရန် သူတို့အတွက် အချိန်အလုံအလောက်ရလိုက်ပြီဖြစ်ရာ နောက်တိုက်ပွဲအတွက် အလွန်သက်သာသွားပေလိမ့်မည်။

"ချီးကိုနိုင်ရမှာလား။ ငါတို့ခံစစ်မျဉ်းတွေတောင် ပြိုတော့မလို့လေ။ သူတို့ ရုတ်တရက်ကြီးဆုတ်ခွာသွားတာက အကြောင်းအရင်းတစ်ခုခုတော့ ရှိရမယ်"

"ဘာတွေဖြစ်နေတာလဲ။ အကြောင်းအရင်းကို သိရပြီလား"

ဤတိုက်ခိုက်ရေးတပ်ဖွဲ့၏ ကွပ်ကဲရေးစင်တာတွင် အဆင့်ခုနစ်သက်ရှိတစ်ယောက်က ဒီရေကျသွားသလို ပြန်ဆုတ်ခွာသွားသော ရန်သူများကိုကြည့်ရင်း ဇဝေဇဝါဖြစ်နေချေသည်။

"ခေါင်းဆောင်.. သူတို့ရဲ့ဆက်သွယ်ရေးသတင်းတွေကို ကျွန်တော်တို့ ကြားဖြတ်ဖမ်းယူနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ၉၁၂အခြေစိုက်စခန်းမြို့တော်က အပြင်းအထန်တိုက်ခိုက်ခံနေရပြီး ဒုတိယခံစစ်မျဉ်းလည်း ကျသွားပြီတဲ့။ အဲဒါကြောင့် ကာကွယ်ဖို့အတွံက် တပ်ဖွဲ့တွေအားလုံးကို ပြန်ခေါ်နေတာပါ"

"တကယ်ကြီးလား"

ခေါင်းဆောင်ဖြစ်သူမှာ အံ့ဩမှင်တက်သွားသည်။ စကြဝဠာအမှတ်၃၇နှင့် ၃၈တို့သည် အနီးအနားတွင် အင်အားကြီးမားသော မဟာမိတ်အဖွဲ့တစ်ခုကို ဖွဲ့စည်းထားပြီး သူတို့၏ စစ်ရေးအင်အားမှာ ပတ်ပတ်လည်ရှိ စကြဝဠာဆယ်ခုကျော်၏ စုစုပေါင်းအင်အားထက်ပင် သာလွန်နေသေးသည်။ သူတို့ကသာ အခြားသူများကို ဝင်ရောက်ကျူးကျော်လေ့ရှိပြီး သူတို့ကို စိန်ခေါ်ရဲသည့် စကြဝဠာဆိုသည်မှာ အလွန်ရှားပါးလှသည်။

သူတို့အနေနှင့် ဤနေရာတွင်တွင် ခြေကုပ် ခိုင်ခိုင်မာမာမယူနိုင်သေးသဖြင့် ထိုးစစ်ဆင်ရန် အပိုအင်အားကို ဘယ်ကများ ရနိုင်မည်နည်း။

"ဘယ်မျိုးနွယ်စုက တိုက်ခိုက်နေတာလဲဆိုတာ သိရပြီလား"

"ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးကွန်ရက်က အဲဒီအတိုင်းအတာအထိ မရောက်သေးတော့ မသိရသေးပါဘူး"

ဆက်သွယ်ရေးအရာရှိက ပြောလေသည်။

"ဒါပေမဲ့ အနီးအနားက စကြဝဠာတွေဆီကတစ်ဆင့် သူတို့လည်း အလားတူအခြေအနေမျိုး ကြုံနေရတယ်လို့ သတင်းစကားတွေရထားပါတယ်။ ရန်သူတွေက တစ်မိနစ်လောက် ခွေးရူးတွေလို ဒေါသတကြီးတိုက်ခိုက်နေရင်းနဲ့ နောက်တစ်မိနစ်မှာပဲ ပြန်ဆုတ်သွားကြတယ်တဲ့"

"တခြားသတင်းတွေရော"

"ရပါတယ်"

ဆက်သွယ်ရေးအရာရှိက ပြောလိုက်လေသည်။

"ကျွန်တော်တို့နဲ့ အရင်းနှီးဆုံးမဟာမိတ်တွေက ကြားဖြတ်ဖမ်းယူရရှိတဲ့ အချက်အလက်တွေအရ ၉၁၂အခြေစိုက်စခန်းမြို့တော်က အနီးအနားက တပ်ရင်းတွေနဲ့ အခြေစိုက်စခန်းမြို့တော်တွေဆီကို စစ်ကူတောင်းခံလွှာတွေ အသည်းအသန်ပေးပို့နေတယ်တဲ့။ ပြီးတော့ အာကာသယာဉ်အုပ်ကြီးတွေလည်း ၉၁၂အခြေစိုက်စခန်းမြို့တော်ဘက်ကို အပြုံလိုက်ထွက်သွားတာကို တွေ့ရတယ်လို့ ဆိုပါတယ်"

"ဪ"

ခေါင်းဆောင်ဖြစ်သူကား အတွေးများသွားလေသည်။

"သူတို့ခံရတဲ့ ထိုးနှက်ချက်က တော်တော်ပြင်းထန်ပုံရတယ်။ ငါမှတ်မိသလောက်ဆိုရင် ၉၁၂အခြေစိုက်စခန်းမြို့တော်မှာ ပုံမှန်တပ်ဖွဲ့ကိုးထောင်ကျော်ရှိပြီး စုစုပေါင်းအင်အားတစ်ဘီလီယံကျော် ရှိတယ်မလား"

"ဟုတ်ပါတယ် ခေါင်းဆောင်… သူတို့တွေက အင်အားတွေကို ပြန်လည်စုစည်းနေပြီး အပြင်ဘက်ကို စေလွှတ်ထားတဲ့ တပ်ဖွဲ့တွေအားလုံးကို အခြေစိုက်စခန်းမြို့တော်ဆီကို ပြန်ခေါ်နေတာပါ"

ရုတ်ခြည်းပင် ဆက်သွယ်ရေးအရာရှိထံသို့ နောက်ထပ်သတင်းစကားတစ်ခု ဝင်လာခဲ့သည်။

"တကယ်လား။ ကောင်းပြီ။ သိပြီ။ အကြီးအကဲကို ချက်ချင်းသတင်းပို့လိုက်မယ်"

"သတင်းအသစ်ရပြီလား"

ခေါင်းဆောင်ကလည်း‌ မေးလေသည်။

"ဟုတ်ကဲ့"

ဆက်သွယ်ရေးအရာရှိက ပြောလိုက်သည်။

"ကျွန်တော်တို့ရဲ့မြေပုံအရ သူတို့ရဲ့၉၁၂အခြေစိုက်စခန်းမြို့တော်တည်နေရာက အချက်အချာကျတဲ့ နေရာတစ်ခုပါ။ အနီးအနားက အခြေစိုက်စခန်းမြို့တော်တွေကို ထိုးစစ်ကောင်းကောင်းဆင်နိုင်ဖို့အတွက် တည်ဆောက်ထားတာမို့ သူတို့က သူတို့ရဲ့နောက်တန်းတပ်ရင်းတွေထက် ကျွန်တော်တို့ရဲ့ မဟာမိတ်စကြဝဠာတွေနဲ့ ပိုနီးပါတယ်"

"အင်း.. အခြေအနေကတော့ တကယ် အဲဒီလိုပဲ"

ဤသို့သော ဖွဲ့စည်းတည်ဆောက်ပုံမျိုးမှာ အလွန်တိုက်စစ်ဆန်လှသည်။ အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် ရန်သူ့စစ်ကူများက သူတို့၏စစ်ကူများထက် ပိုမိုမြန်ဆန်စွာ ရောက်ရှိလာနိုင်သည်။

အကြောင်းမှာ စစ်ပွဲစတင်ချိန်တွင် သူတို့သည် ကာကွယ်ရေးကို ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိဘဲ တိုက်စစ်စွမ်းရည်မြှင့်တင်ရန်သာ အဓိကထားခဲ့သောကြောင့်ပင်။

"အခု အနီးအနားက မျိုးနွယ်စုခုနစ်ခုနဲ့ အကြီးအကဲ၁၂ယောက်က လျှို့ဝှက်ဆက်သွယ်ရေးလိုင်းတစ်ခုကို တည်ဆောက်ပြီး အရမ်းအရေးကြီးတဲ့ကိစ္စတစ်ခုကို ဆွေးနွေးနေကြပါတယ်"

"၉၁၂အခြေစိုက်စခန်းမြို့တော်ကို သိမ်းပိုက်ဖို့လား"

ခေါင်းဆောင်ဖြစ်သူလည်း ချက်ချင်း သဘောပေါက်သွားသည်။

ပြိုင်ဘက်က အလွန်အစွမ်းထက်သော ရန်သူတစ်ယောက်ထံမှ အပြင်းအထန် ခြိမ်းခြောက်ခံနေရပြီး ပြင်ပက အကူအညီတောင်းခံနေရသည့် အခြေအနေကိုပင် ရောက်နေလေသည်။ အကယ်၍ ထိုတိုက်ခိုက်ရေးတပ်ရင်းအနည်းငယ်သာ ပူးပေါင်းလိုက်မည်ဆိုလျှင် သူတို့အနေနှင့် ၉၁၂အခြေစိုက်စခန်းမြို့တော်ကို သိမ်းပိုက်နိုင်ပေလိမ့်မည်။

သူတို့၏ခံစစ်မျဉ်းကို ဤသို့ရှေ့တိုးနိုင်ခြင်းမှာ စကြဝဠာအမှတ်၃၇နှင့် ၃၈မဟာမိတ်တပ်များအပေါ် ခုခံနိုင်စွမ်း သိသိသာသာတိုးတက်လာနိုင်ပြီး တန်ပြန်တိုက်ခိုက်ရေးအတွက် ခိုင်မာသော ခြေကုပ်စခန်းတစ်ခုကိုပင် တည်ထောင်နိုင်မည်ဖြစ်ရာ စစ်ပွဲတစ်ခုလုံးအတွက် အလွန်ကြီးမားသော အဓိပ္ပာယ်တစ်ခုပင်တည်း။

"သေချင်သေပါစေ.. ဘယ်စကြဝဠာပဲဖြစ်ဖြစ် ဒီနေ့တော့ ငါတို့ရဲ့အကြီးအကဲအဖွဲ့အနေနဲ့ ကူညီတဲ့လက်ကို ကမ်းမှဖြစ်မယ်။ တပ်ဖွဲ့တွေကို စုစည်းလိုက်။ ဒဏ်ရာရထားတဲ့လူတွေကို ချန်ထားခဲ့ပြီး တိုက်ခိုက်နိုင်စွမ်းရှိတဲ့ အဆင့်ငါးသက်ရှိတွေနဲ့ အဆင့်ခြောက်သက်ရှိတွေအားလုံးကို ငါတို့လက်ရှိပိုင်ဆိုင်ထားတဲ့ အရင်းအမြစ်တွေအားလုံးနဲ့အတူ ခေါ်လာခဲ့။ အတူတူချီတက်ကြမယ်"

….

"စကြဝဠာအမှတ်၂၁၊ ၂၈၃တပ်ရင်းမှ တိုက်ခိုက်ရေးတပ်ဖွဲ့၈၂ လူစုပြီးပါပြီ"

"စကြဝဠာအမှတ်၂၁၊ ၂၈၃တပ်ရင်းမှ တိုက်ခိုက်ရေးတပ်ဖွဲ့ ၃၃၈ လူစုပြီးပါပြီ"

"စကြဝဠာအမှတ်၄၄၊ ၁၂၃၂တပ်ရင်းမှ တိုက်ခိုက်ရေးတပ်ဖွဲ့၃၀ လူစုပြီးပါပြီ"

……

စကြဝဠာအမှတ်၇ရှိ ၁၉၂တိုက်ခိုက်ရေးတပ်ဖွဲ့၏ စစ်မြေပြင်တွင် စစ်သည်များမှာ ရန်သူ့ထံမှ ရရှိထားသော လက်နက်ကိရိယာများအပါအဝင် စစ်ပွဲအတွင်း သိမ်းဆည်းရမိသည့် ပစ္စည်းများကို ရေတွက်နေကြသည်။ အပျက်အစီးများကိုပင် အရည်ကျိုကာ သူတို့၏ ကိုယ်ပိုင်အရင်းအမြစ်များအဖြစ် ပြောင်းလဲနိုင်သောကြောင့် ပစ္စည်းများ စုဆောင်းနိုင်မည့် မည်သည့်အခွင့်အရေးကိုမှ လက်လွှတ်မခံကြပေ။

"ဟားဟားဟား… ဒီတစ်ခေါက်တော့ ငါတို့ တော်တော်အမြတ်ထွက်လိုက်တာပဲ"

စစ်သည်များ၏ အစီရင်ခံတင်ပြချက်များကို နားထောင်ရင်း ရှီနိုခယ်နှင့် ကာဒရီရယ်တို့၏ မျက်နှာထက်တွင် အပြုံးပန်းများ ဝေဆာနေတော့သည်။

"ဪ.. အကြီးအကဲဆီက သတင်းစကားရောက်လာပါလား"

ရှီနိုခယ်က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

"အကြီးအကဲ.. ကျွန်တော် ရှီနိုခယ်ပါ"

"ရှီနိုခယ်.. မင်းတို့ ဘာတွေလုပ်နေကြတာလဲ"

အကြီးအကဲ၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာလေသည်။

"မင်းရဲ့လူတွေ ဘာတွေလုပ်လိုက်တာလဲ"

"ဗျာ.. ဘာဖြစ်လို့လဲ"

ရှီနိုခယ်ခမျာ နားမလည်နိုင်လောက်အောင်ပင်။

"အနောက်မြောက်ကျင်းတစ်ခုလုံး ကမောက်ကမဖြစ်ကုန်ပြီ။ မင်းက ဘာတွေဖြစ်နေမှန်း မသိသေးဘူးလား"

အကြီးအကဲက ဆူပူမာန်မဲလေတော့သည်။

"စကြဝဠာအမှတ်၃၈၊ ၇၃၁တပ်ရင်းရဲ့ ၉၁၂အခြေစိုက်စခန်းမြို့တော်က အပြင်းအထန်တိုက်ခိုက်ခံနေရတယ်။ အနီးအနားက စကြဝဠာတော်တော်များများက တပ်ဖွဲ့တွေလည်း အဲဒီတိုက်ခိုက်မှုမှာ သူတို့သဘောဆန္ဒအလျောက် ပါဝင်နေကြပြီ"

"ဒါက.. ကျွန်တော်တို့နဲ့ ဘာဆိုင်လို့လဲ"

"ဒီစစ်ပွဲက မင်းရဲ့၁၉၂တိုက်ခိုက်ရေးတပ်ရင်းက တပ်ဖွဲ့၄၉၇၇ ကျားပျံအထူးတပ်ဖွဲ့ဆိုတဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ကနေ အစပြုခဲ့တာလို့ သူတို့ ပြောနေကြတယ်။ မင်းက ငါ့ကို အသိမပေးဘဲ ဘယ်အချိန်ကများ အထူးတပ်ဖွဲ့တစ်ခုကို တိတ်တိတ်လေးဖွဲ့စည်းလိုက်တာလဲ"

"ဗျာ"

ရှီနိုခယ်၏လက်များ တုန်ယင်သွားလေသည်။

တပ်ဖွဲ့၄၉၇၇ဆိုသည်မှာ အမှန်ပင် သူ့အဖွဲ့ဖြစ်၏။ ကျန်းမုန့်လောင်က အောင်ပွဲကို ဆက်ရှာဖွေမည်ဟု ပြောခြင်းမှာ ရန်သူ့အခြေစိုက်စခန်းအထိ သွားခြင်းကို ဆိုလိုလေသလား။

**************************

All Chapters