← Chapters

အခန်း ၁၀၁၂

Vol. 68 Ch. 1012

အခန်း ၁၀၁၂

Vol. 68 Ch. 1012

အခန်း ၁၀၁၂ - ရောက်လာပြီလား ကိုယ့်လူ

"တပ်မမှူး.. ဖြစ်ပုံက ဒီလိုပါ။ သိပ်မကြာသေးခင်က ကျွန်တော် တပ်သားသစ်စုဆောင်းရေးအတွက် သွားခဲ့တုန်းက အရမ်းထူးခြားတဲ့ လူတစ်စုနဲ့ ဆုံခဲ့ပါတယ်"

ရှီနိုခယ်ကလည်း ဖြစ်စဉ်အစအဆုံးကို တပ်မမှူးအား ပြောပြလိုက်သည်။

"မုန့်လောင်တို့တွေက သူတို့တွေ အားမရသေးလို့ ထွက်ပြေးသွားတဲ့လူတွေကို လိုက်ရှာချင်တယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ စစ်သည်တွေက ရှုံးပွဲတွေ အရမ်းများလို့ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် သတင်းတွေ လိုအပ်နေတယ်လို့ တွေးမိတာနဲ့ ကျွန်တော်လည်း သူတို့ကို သွားခွင့်ပြုလိုက်ပါတယ်"

ရှီနိုခယ်၏ နှုတ်ခမ်းအစုံကား တဆတ်ဆတ်တုန်ယင်နေဆဲပင်။

"သူတို့တွေ သူများရဲ့အခြေစိုက်စခန်းမြို့တော်ကို သွားတိုက်ခိုက်လိမ့်မယ်လို့တော့ ကျွန်တော် ထင်မထားပါဘူး"

ရှီနိုခယ်ခမျာ ဇဝေဇဝါဖြစ်နေဆဲပင်။ တိုက်ခိုက်မည့်အဖွဲ့က ၉၁၁တပ်ဖွဲ့ ဖြစ်ရမည်မဟုတ်လော။ အကယ်၍ သူတို့အနေနှင့် တိုက်ခိုက်မည်ဆိုလျှင်ပင် ၉၁၁အခြေစိုက်စခန်းမြို့တော်ကိုသာ ဦးတည်သင့်သည်။ သို့သော် အဘယ်ကြောင့်များ ၉၁၂အခြေစိုက်စခန်းမြို့တော်က ဗြောင်းဆန်သွားရသလဲ။

သူ လုံးဝစဉ်းစားမရချေ။ ကျန်းမုန့်လောင်တို့တစ်သိုက် လမ်းမှားသွားရုံသာ။ တကယ်တော့ ဤသည်မှာ ရိုးရှင်းလှသော အကြောင်းပြချက်လေးတစ်ခုသာ ဖြစ်၏။

"ဒါဆို ကျွန်တော်တို့ ဘာလုပ်ရမလဲ။ သူ့ကို ပြန်လာဖို့ သတင်းပို့လိုက်ရမလား"

ဤကိစ္စမှာ သူထင်ထားသည်ထက် ပိုလွန်ကဲသွားပြီဟု ရှီနိုခယ် ခံစားရသည်။

စကြဝဠာ၃၇နှင့် ၃၈ရှိ အခြေစိုက်စခန်းမြို့တော်များကို ထိုသို့တိုက်ခိုက်ရန် သူတို့ လုံးဝမတွေးမိပေ။

အကြောင်းအရင်းကား ရိုးရှင်းလှသည်။ အခြေစိုက်စခန်းမြို့တော်တစ်ခုတည်းမှာပင် စစ်သည်အရေအတွက်မှာ သူတို့၏ ၁၉၂တိုက်ခိုက်ရေးတပ်ရင်းတစ်ခုလုံး၏ အရွယ်အစားထက် အဆပေါင်းများစွာ သာလွန်နေပေသူည်။ အကယ်၍ ထိုသို့သော မြို့သိမ်းတိုက်ပွဲမျိုးကို ဆင်နွှဲမည်ဆိုပါက အလားတူအရွယ်အစားရှိသော တိုက်ခိုက်ရေးတပ်ရင်း ဒါဇင်ပေါင်းများစွာ ပူးပေါင်းရန် လိုပေလိမ့်မည်။

ဤသည်မှာ တစ်ဖက်ရန်သူများထံမှ စစ်ကူများကိုပင် ထည့်မတွက်ရသေးပေ။ အနီးအနားရှိ အခြေစိုက်စခန်းမြို့တော်များမှ စစ်ကူတပ်ဖွဲ့များ ရောက်လာသည်နှင့် သူတို့၏အင်အားမှာ အဆပေါင်းများစွာတိုးလာလျှင်ပင် ဘာမှအရာမထင်ဘဲ အဆုံးသတ်သွားနိုင်သည်။

တပ်သားသစ်များသာ ပါဝင်သော အယောက်ခြောက်ရာကျော်ရှိသည့် သူ့အဖွဲ့သည် တိုက်ခိုက်ရေးတပ်ရင်း ဒါဇင်ပေါင်းများစွာ ပူးပေါင်းလျှင်ပင် မလုပ်ရဲသည့်ကိစ္စတစ်ခုကို လက်တွေ့အကောင်အထည်ဖော်လိုက်သဖြင့် မယုံနိုင်အောင်ဖြစ်ရသည်။

"ဘာကိုပြန်လာရမှာလဲ"

တပ်မမှူးက ဆဲဆိုလိုက်လေသည်။

"တိုက်ပွဲကဖြင့် စနေပြီ။ ငါကြားသလောက်ဆိုရင် သူတို့ရဲ့ကျားပျံအထူးတပ်ဖွဲ့က ၉၁၂အခြေစိုက်စခန်းမြို့တော်က ခံစစ်မျဉ်းနှစ်ခုကိုတောင် ဖောက်ထွက်လိုက်ပြီတဲ့။ တတိယခံစစ်မျဉ်းကိုတောင် ဖောက်ဖို့ တစ်ဝက်ကျိုးနေပြီ။ ပြီးတော့ ပတ်ပတ်လည်က မျိုးနွယ်စုတော်တော်များများကလည်း ဒီသတင်းကိုကြားပြီး ကူညီဖို့အတွက် သူတို့သဘောဆန္ဒအလျောက် ပါဝင်နေကြတယ်"

"တကယ်ကြီး အဲဒီလိုဖြစ်နေတာလား"

ရှီနိုခယ်ခမျာ ရယ်ရအခက် ငိုရအခက်ပင်။ ကျန်းမုန့်လောင်က စင်စစ် မယုံနိုင်ဖွယ်ကောင်းအောင် အရည်အချင်းရှိလှပေသည်။

၉၁၂အခြေစိုက်စခန်းမြို့တော်တစ်ခုလုံးတွင် လူအင်အား ဘယ်လောက်ရှိသလဲ။ အဆင့်ငါးသက်ရှိက သန်းတစ်ရာကျော်၊ အဆင့်ခြောက်သက်ရှိက သောင်းဂဏန်းနှင့် အဆင့်ခုနစ်သက်ရှိက ဆယ်ဂဏန်းရှိ၏။ သို့သော် သူတို့၏လူ၆၆၇ယောက်က ခံစစ်မျဉ်းနှစ်ခုကို တကယ်ဖောက်ထွက်နိုင်ခဲ့သည်။ ဤသို့သော အောင်မြင်မှုမျိုးကို ဤလူထူးဆန်းတစ်စုကသာ စွမ်းဆောင်နိုင်ပေလိမ့်မည်။

"ဒါဆို ကျွန်တော်တို့ ဘာလုပ်ရမလဲ"

"ဘာလုပ်ရဦးမှာလဲ။ သူတို့က အဲဒီမှာ ပြဿနာသွားရှာနေတာလေ။ မဟာမိတ်တပ်တွေကလည်း လှုပ်ရှားနေပြီဆိုတော့ ငါတို့က လက်ပိုက်ကြည့်နေလို့ ဘယ်ဖြစ်မလဲ။ အရမ်းရယ်စရာကောင်းမနေဘူးလား"

"ဒါဆို ဘာများအကြံပေးချင်လဲဗျ"

"သတင်းဖြန့်လိုက်.. ၁၉၂တိုက်ခိုက်ရေးတပ်ရင်းမှာရှိတဲ့ စစ်သည်တွေနဲ့ အရင်းအမြစ်တွေအားလုံးကို စုစည်းပြီး ၉၁၂အခြေစိုက်စခန်းမြို့တော်ကို ချီတက်ကြ"

တပ်မမှူးက ပြောလိုက်၏။

"တကယ်လို့ ၉၁၂အခြေစိုက်စခန်းမြို့တော်ကိုသာ ငါတို့ တကယ်သိမ်းနိုင်ခဲ့ရင် နှစ်ပေါင်းသောင်းနဲ့ချီပြီး အေးအေးဆေးဆေးနေလို့ရပြီ"

"ဟုတ်ကဲ့"

နှစ်ဖက်စလုံးရှိ စစ်ကူများမှာ ရူးသွပ်နေသည့်အလား အပြေးအလွှားရောက်လာလေသည်။ ယခုအချိန်တွင် စစ်မြေပြင်၏ အလယ်ဗဟို၌ တိုက်ပွဲပြင်းထန်နေပေသည်။

"အထူးအလင်းတန်းအမြောက်"

"ဒီမာစီယာတရားမျှတမှု"

"ဖုန်းယွင်ပေါင်းစည်းခြင်း၊ အဆုံးမဲ့မဟာ"

"မီးလေပွေအက"

"အုန်း"

မီးတောက်ပင်လယ်ကြီး ပေါက်ကွဲချိန်ဝယ် ၉၁၂အခြေစိုက်စခန်းမြို့တော်ရှိ နောက်ဆုံးခံစစ်မျဉ်းလည်း လုံးဝပြိုကျသွားသည်။ မြို့တော်ကား ယခုအချိန်တွင် ကျန်းမုန့်လောင်တို့အဖွဲ့အတွက် လုံးဝပွင့်သွားလေပြီ။

"တိုက်ပွဲရဲ့ပျက်စီးဆုံးရှုံးမှုကို ရေတွက်စမ်း"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ခေါင်းဆောင်.. တိုက်ပွဲအပျက်အစီးဆိုတာ ဘာလဲ။ ကျွန်တော်တို့ဆီမှာတော့ မရှိဘူး"

"အင်း.. ဒါဆိုရင်လည်း သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကိုသာ ရေကြပါတော့"

"သောက်ကျိုးနည်း.. အဲဒါကို ဘယ်လိုရေတွက်ကြမလဲ။ သိုင်းကွက်တစ်ကွက်တည်းနဲ့တင် လူရာထောင်ချီပြီး သေကုန်တာလေ။ ဘယ်သူက ဘယ်သူ့ကို သတ်လိုက်တာလဲဆိုတာ ဘယ်သူကသိမှာတဲ့လဲ"

"သန်းသုံးလေးရာလောက်တော့ ပြုတ်သွားလောက်တယ်"

"မင်းတို့တွေကို ကြည့်စမ်းပါဦး။ ကိုယ့်ကိုယ်ကိုယ် စစ်သည်တွေလို့ခေါ်ပြီး စည်းကမ်းလည်းမရှိဘူး။ အဖွဲ့အစည်းစိတ်ဓာတ်လည်း မရှိဘူး"

ကျန်းမုန့်လောင်က ဆုံးမလိုက်လေသည်။

"မင်းတို့ နည်းနည်းလောက်ပရော်ဖက်ရှင်နယ်ဆန်လို့မရဘူးလား။ မင်းတို့ကြောင့် ငါတို့စကြဝဠာအမှတ်၇က အပျော်တမ်းသမားတွေလို့ ထင်ချင်စရာဖြစ်နေပြီ။ လူတွေဘယ်လောက်များများ စောင့်ကြည့်နေတယ်ထင်လဲ။ ရှက်စရာမကောင်းဘူးလား"

အခြေစိုက်စခန်းမြို့တော်ထဲတွင် ပုန်းအောင်းနေသော အစောင့်များမှာ အပြင်သို့ ခေါင်းပြူမထွက်ရဲကြပေ။

သူတို့ဘဝတွင် ဤမျှကြမ်းတမ်းသော အဖွဲ့မျိုးကို မမြင်ဖူးခဲ့ပေ။ အယောက်ခြောက်ရာခုနစ်ရာခန့်က သူတို့ကို ဝိုင်းရံတိုက်ခိုက်ပြီး စကြဝဠာနာရီတစ်နာရီ မပြည့်သေးခင်မှာပင် ခံစစ်မျဉ်းသုံးခုကို ဖြိုချကာ မြို့ထဲသို့ ဝင်လာကြသည်။

ထို့ပြင် သူတို့ဘက်က တပ်ဖွဲ့ဝင်သန်းလေးဆယ်ကျော်ကို ဆုံးရှုံးခဲ့ရသည်။

အယောက်ခြောက်ရာခုနစ်ရာလောက်က သူတို့၏လူ အယောက်သန်းလေးဆယ်ကျော်ကို ရှင်းပစ်လိုက်သည်တဲ့လား။ ဤသည်မှာ လူတစ်ယောက်တည်းက လူထောင်ပေါင်းများစွာကို ခုခံရုံမျှ မဟုတ်ချေ။ သူတို့တစ်ယောက်ချင်းစီတိုင်းက လူထောင်ပေါင်းများစွာကို သတ်ဖြတ်နိုင်သည့် တစ်ကိုယ်တော်စစ်တပ်များသာ။

အဓိပ္ပာယ်မရှိဆုံးအပိုင်းမှာ ကျားပျံအထူးတပ်ဖွဲ့၏ ခေါင်းဆောင်ဟု ထင်ရသူတစ်ယောက်က ယခု ဤနေရာတွင် ဆုံးမစကားဆိုနေခြင်းပင်။ ဤမျှအင်အားကြီးမား‌သော တပ်ဖွဲ့ကိုပင် သူက ပရော်ဖက်ရှင်နယ်မဆန်ဘူးဟုဆိုကာ အားမလိုအားမရဖြစ်နေသတဲ့လား။

တပ်ဖွဲ့ဆိုသည်မှာ တိုက်ခိုက်ရန်အတွက်ပင်။ ပရော်ဖက်ရှင်နယ်ဆန်မဆန်ဆိုသည်ကို မည်သူက ဂရုစိုက်မည်နည်း။ ရှက်စရာတဲ့လား။ အရှက်ရသင့်သူက သူတို့သာ ဖြစ်ချေသည်။

ကျန်းမုန့်လောင်က အသံချဲ့စက်တစ်ခုကို ထုတ်ယူ၍ မြို့တံခါးဆီသို့ လျှောက်သွားလိုက်သည်။

"အထဲကလူတွေ နားထောင်ကြ။ မင်းတို့ကို ငါတို့၆၆၇ယောက်က ဝိုင်းထားပြီးပြီ။ မင်းတို့ဘက်က ခေါင်းမာပြီး ဆက်ခုခံဖို့လည်း ရွေးချယ်နိုင်တယ်။ ငါတို့က မင်းတို့ရဲ့အခြေစိုက်စခန်းမြို့တော်ကို ဖျက်ဆီးပြီး ဝင်လာမှာပဲ။ အဲဒီလိုဆိုရင်တော့ မင်းတို့ အဆုံးသတ်လှမှာမဟုတ်ဘူးနော်"

"ဒါမှမဟုတ် မင်းတို့ တံခါးဖွင့်ပြီး ငါတို့ကို အေးအေးဆေးဆေး‌ပေးဝင်လို့ရတယ်။ သုံ့ပန်းတွေကို ကောင်းကောင်းဆက်ဆံမယ်လို့ ငါ အာမခံတယ်။ မင်းတို့ထဲက တစ်ယောက်ကိုမှမသတ်ဘူး။ ထမင်းတစ်နပ်စား မင်းတို့ရဲ့ပိုင်ဆိုင်မှုတွေကို လုယူပြီးရင် ငါတို့ပြန်မယ်"

အခြေစိုက်စခန်းမြို့တော်ထဲရှိ တပ်မှူးတချို့၏ ခေါင်းဆောင်းအောက်ရှိ မျက်နှာများမှာ စိမ်းဖန့်သွားသည်။

ငါတို့ပစ္စည်းတွေကိုလုယူပြီး ပြန်မယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ။ ဒီလိုအရှက်မရှိတဲ့စကားမျိုးကို သူ ဘယ်လိုလုပ်ပြီး ပေါ့ပေါ့ပါးပါးပြောထွက်ရတာလဲ…

"ငါတို့ရဲ့စစ်ကူတပ်ဖွဲ့တွေရောက်လာဖို့ ဘယ်လောက်လိုသေးလဲ"

တပ်မှူးအချို့က မေးလိုက်လေသည်။

"နောက်ထပ်စကြဝဠာတစ်နာရီလောက် ကြာဦးမှာပါ"

"အခြေစိုက်စခန်းရဲ့ ကာကွယ်ရေးစနစ်က ဘယ်လောက်ကြာကြာတောင့်ခံနိုင်သေးလဲ"

"ခုနတုန်းက သူတို့ရဲ့တိုက်ခိုက်မှုအရှိန်ကို ကြည့်ရတာတော့ စကြဝဠာနာရီဝက်လောက်ပဲ ခံနိုင်ပါတော့မယ်"

"တောင့်ခံထား။ ဘာပဲဖြစ်ဖြစ် စကြဝဠာနာရီတစ်နာရီလောက်တော့ ငါတို့ တောင့်ခံထားမှဖြစ်မယ်"

….

"ကျောင်းအုပ်ကြီး.. ကျွန်တော် ဗိုက်နည်းနည်းဆာနေပြီ"

"ကျောင်းအုပ်ကြီး.. ကျွန်တော်လည်း ဗိုက်ဆာတယ်။ တစ်နေကုန် ဘာမှမစားရသေးဘူး။ ကျွန်တော့်ခေါက်ဆွဲပြုတ်…"

"ချီးကို ခေါက်ဆွဲပြုတ်… အခုထိ ခေါက်ဆွဲပြုတ်အကြောင်း တွေးနေတုန်းလား"

"ကိစ္စမရှိပါဘူး။ အချိန်ထပ်မဖြုန်းကြနဲ့တော့။ သူတို့ကို မြန်မြန်လက်စတုံးလိုက်။ ငါတို့တွေ ၉၁၁အခြေစိုက်စခန်းမြို့တော်ကို သွားရဦးမယ်"

ဤတိုက်ပွဲအပြီးတွင် ကျန်းမုန့်လောင်အနေနှင့် ခြိမ်းခြောက်မှုအမှတ်ငါးမှတ် ရထားပြီးလေပြီ။ ဤသည်မှာ ခွန်အားအမှတ်ငါးသိန်းနှင့် ညီမျှသည်။ ထို့ကြောင့် အမှတ်နည်းနည်းလောက်သုံးလိုက်ရသည်ကို ဝမ်းနည်းနေမည်မဟုတ်ချေ။

"ကောထန်.. ရှောင်ယန်ရဲ့ကျင့်စဉ်ကိုပေးစမ်း"

ကျန်းမုန့်လောင် ရှေ့သို့လျှောက်သွားချိန်တွင် ထူးဆန်းသောမီးတောက်နှစ်ဆယ်ကျော်မှာ စတင်တောက်လောင်လာတော့သည်။

သူ့လက်ထဲတွင် အနက်ရောင်ပေတံအကြီးစားတစ်ခု ပေါ်လာပြီး ထူးဆန်းသောမီးတောက်များအားလုံးကလည်း ထိုပေတံတွင် ကပ်နေတော့သည်။ ထိုအရာ၏ အဖျက်ဓာတ်စွမ်းအားမှာ ကမ္ဘာခြားစစ်မြေပြင်တစ်ခုလုံးကို တုန်ခါသွားစေရန် လုံလောက်ပေသည်။

"သူ မြို့ကိုသိမ်းတော့မယ်ဟေ့။ နောက်ဆုတ်ကြ။ နောက်ဆုတ်ကြ"

"ကာကွယ်ရေးစနစ်ကို အစွမ်းကုန်ဖွင့်ထား"

"တံခါးဖွင့်ပေး"

ကျန်းမုန့်လောင်က ပေတံအကြီးစားကြီးကို ဝှေ့ယမ်း၍ အပြင်းအထန်ရိုက်ချလိုက်သည်။

"ထူးဆန်းမီးတောက် ထာဝရရှေးဟောင်းပေတံ"

"ဘုန်း"

မီးတောက်များက မြို့တစ်မြို့လုံးကို ဝါးမျိုသွားပြီး အဆင့်ရှစ်သက်ရှိများ၏ တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိသော အကာအကွယ်ဒိုင်းမှာ ချက်ချင်းဆိုသလို အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားလေတော့သည်။ ၉၁၂အခြေစိုက်စခန်းမြို့တော်၏ တံခါးဝတွင် မီတာရာချီရှည်လျားသော ကွက်လပ်ကြီးတစ်ခု ပေါ်လာချေသည်။

မြို့တော်ကား ကျိုးပေါက်သွားလေပြီ။

"ကျားပျံအထူးတပ်ဖွဲ့.. ဝင်တိုက်ကြဟေ့။ စားရမယ့်အချိန်ရောက်ပြီ"

…

"အင်း.. အရသာရှိသားပဲ။ စကြဝဠာအမှတ်၃၈ရဲ့ ဒေသထွက်အစားအစာတွေက အရမ်းစားကောင်းတာပဲ"

"ငါတို့စကြဝဠာမှာ ဘာလို့ ဒီလိုအရသာရှိတဲ့ အစားအသောက်မျိုး မရှိရတာလဲ။ အိမ်ကို ပါဆယ်နည်းနည်းလောက်ထုပ်သွားလို့ရမလား"

"အကုန်လုံး ငြိမ်ငြိမ်နေကြ။ မနာခံတဲ့လူကို ကွပ်မျက်မယ်"

ကျန်းမုန့်လောင်တို့တစ်သိုက်မှာ ၉၁၂အခြေစိုက်စခန်းမြို့တော်၏ ပင်မကွပ်ကဲရေးစင်တာတွင် ပွဲတော်တည်နေကြပြီး အခြေစိုက်စခန်းမြို့တော်အတွင်းရှိ သန်းဆယ်ဂဏန်းရှိသော စစ်သည်များမှာမူ ပင်အပ်ပေါ် ထိုင်နေရသည့်အလား ထိုမြင်ကွင်းကို ကြည့်နေကြရှာသည်။

"ဘာလို့အေးစက်နေတာလဲ။ သောက်စရာထည့်ပေးစမ်း"

"ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါ"

စကြဝဠာအမှတ်၃၈မှ တပ်မှူးအချို့လည်း အစေခံများအလား အပြေးအလွှားလုပ်ကိုင်ပေးနေရသည်။

သူတို့ရှေ့တွင် အယောက်ခြောက်ရာကျော်သာ ရှိသော်ငြား ထိုလူများ၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြင်တွေ့ပြီးနောက် ထိုလူများမှာ သူတို့၏ဗိုလ်ချုပ်များနှင့် ဒုတိယအရာရှိများထက် ပိုကြောက်စရာကောင်းကြောင်း ကောင်းကောင်းသိသွားကြသည်။

ခုခံခြင်းမျာ မလိုအပ်သော သေကြေပျက်စီးမှုများကိုသာ တိုးပွားစေနိုင်သည်။

"မင်းတို့ရဲ့အခြေစိုက်စခန်းမြို့တော်က ဘာလို့ ဒီလောက်အားနည်းရတာလဲ။ အဆင့်ငါးနဲ့ အဆင့်ခြောက်သက်ရှိတွေချည်းပဲ။ မင်းတို့ရဲ့အဆင့်ခုနစ်သက်ရှိဘော့စ်တွေက ဘယ်မလဲ။ အယောက်နှစ်ဆယ်သုံးဆယ်ကျော်တော့ ရှိသင့်တယ်မဟုတ်ဘူးလား"

"လူကြီးမင်း.. ကျွန်တော်တို့ရဲ့ဗိုလ်ချုပ်တွေနဲ့ ဒုတိယအရာရှိတွေက ၉၁၁အခြေစိုက်စခန်းမြို့တော်ကို သွားပါတယ်။ သူတို့…"

"မင်းတို့တွေက ဘယ်သူတွေလဲ။ ငါ့ရဲ့ ၉၁၂အခြေစိုက်စခန်းမြို့တော်မှာ လာသောင်းကျန်းရဲတယ်ပေါ့လေ"

ရုတ်ခြည်းပင် ကောင်းကင်ယံထက်မှ ဩရှရှအသံတစ်သံ ပဲ့တင်ထပ်လာလေသည်။ အဆင့်ခုနစ်သက်ရှိများသာ ပိုင်ဆိုင်သော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်ရင်း လေထဲတွင် လူရိပ်တချို့ ဝဲပျံနေပေသည်။

သူတို့၏ အနောက်ဘက်ကောင်းကင်တွင် စစ်သင်္ဘောများနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များလည်း အပြည့်ပါလာသည်။ ၉၁၂အခြေစိုက်စခန်းမြို့တော်၏ အဆင့်ခုနစ်သက်ရှိများနှင့် သူတို့၏စစ်ကူများ ရောက်လာလေပြီ။

"၉၁၂စစ်သည်အားလုံး တိုက်ခိုက်ဖို့ အသင့်ပြင်ကြ"

တပ်မှူးများကလည်း အခွင့်အရေးကို အမိအရဆုပ်ကိုင်၍ ချက်ချင်းပင် သစ္စာဖောက်လိုက်ကြပြီး သူတို့၏ သန်းဆယ်ဂဏန်းရှိသော တပ်ဖွဲ့များက သူတို့တစ်သိုက်ကို ဝိုင်းထားလိုက်ကြသည်။

"ဟေး.. ကိုယ့်လူ ရောက်လာပြီလား"

***************************

All Chapters