အခန်း ၁၀၁၃
Vol. 68 Ch. 1013
အခန်း ၁၀၁၃ - ငါတို့စကြဝဠာအမှတ်၇က သိက္ခာရှိတယ်
ဘာတွေဖြစ်နေတာလဲ…
ကျန်းမုန့်လောင်နှင့် သူ့အဖွဲ့သားများမှာ စားသောက်ရင်း ပွဲတော်တည်နေကြသဖြင့် စကြဝဠာအမှတ်၃၈မှ စစ်ကူများမှာ နားမလည်နိုင်လောက်အောင် ဖြစ်သွားကြသည်။
ဤတစ်ကြိမ်တွင် သူတို့သည် အနီးအနားရှိ အခြေစိုက်စခန်းမြို့တော်၁၄ခုရှိ တပ်ဖွဲ့များကို စုစည်းခဲ့ပြီး စစ်သည်အင်အား တစ်ဘီလီယံကျော်ကို ချထားခဲ့လေရာ အဆင့်ခုနစ်သက်ရှိများချည်းပင် အယောက်နှစ်ရာကျော်ရှိ၏။
သူတို့၏ ၉၁၂အခြေစိုက်စခန်းမြို့တော်ကို ထိုးနှက်ချက်ကြီးကြီးမားမား ပေးနိုင်ရန်မှာ ဧရာမတိုက်ပွဲကြီးတစ်ခု ဖြစ်မည်ဟု သူတို့ တွက်ဆထားသည်။ ဤမျှကြီးမားလှသော အင်အားနှင့် သတ္တိကို စုစည်းပြီး ထိုးစစ်ဆင်ရန်မှာ သန်းရာချီသော စစ်သည်များကို လိုအပ်မည်မဟုတ်ပါလော။
ထို့ပြင် သူတို့ရရှိထားသည့် တစ်ခုတည်းသော ထောက်လှမ်းရေးသတင်းအရ ရန်သူသည် သူတို့၏ ခံစစ်အားလုံးနီးပါးကို ချေမှုန်းရန်အတွက် စကြဝဠာနာရီဝက်ခန့်သာ အချိန်ယူခဲ့ရကြောင်း ဖော်ပြနေသဖြင့် ရန်သူ၏အင်အားမှာ မည်မျှပင်ကြီးမားသည်ဆိုစေဦးတော့။ သူတို့အနေနှင့် စိတ်ပိုင်းဆိုင်ရာ အသင့်ပြင်ထားပြီးဖြစ်၏။
မြို့နားသို့ ရောက်လာသည်နှင့် ပြိုကျပျက်စီးနေသော တံတိုင်းများ၊ လုံးဝပြိုကျသွားသော ခံစစ်မျဉ်းသုံးခုနှင့် မီးလောင်ကျွမ်းကာ ချိုင့်ခွက်များဖြစ်နေသော မြေပြင်တို့က သူတို့၏သံသယများကို ပို၍ပင် အတည်ပြုပေးနေပေသည်။
ဤအချက်ကို ထည့်သွင်းစဉ်းစားထားသောကြောင့် ၉၁၂မြို့တော်၏ ဗိုလ်ချုပ်မှာ စစ်ကူတပ်ဖွဲ့များကိုသာ အခြေခံပြီး အင်အားမချထားပါဘဲ ပတ်ပတ်လည်ရှိ အခြေစိုက်စခန်းမြို့တော်များထံသို့ စစ်ကူတောင်းခံ၍ ဧရာမမြို့သိမ်းတပ်ဖွဲ့ကြီးတစ်ခုကို စုစည်းခဲ့ခြင်းပင်။ ၉၁၂အခြေစိုက်စခန်းမြို့တော်၏ စစ်ရေးဗျူဟာအရေးပါမှုကိုတော့ ငြင်းမရနိုင်ပေ။
အစတုန်းက ရန်သူဘက်က ၉၁၂အခြေစိုက်စခန်းမြို့တော်ကို သိမ်းပိုက်ပြီးပါက အချိန်တိုအတွင်း ခံစစ်များကို သေချာပေါက်ချထားလိမ့်မည်ဟု သူတို့ ထင်ထားခဲ့သည်။ စစ်ကူများ ရောက်လာမည့်အချက်ကို လျစ်လျူရှု၍ မရနိုင်သောကြောင့် ခံစစ်ပြင်ဆင်မှုများကို ချက်ချင်းမလုပ်ပါက အသစ်သိမ်းပိုက်ထားသော အခြေစိုက်စခန်းမြို့တော်ကို ချက်ချင်းပြန်အပ်ရနိုင်ခြေရှိ၏။
သူတို့အနေနှင့်လည်း သွေးထွက်သံယိုတိုက်ခိုက်ရမည့် တိုက်ပွဲတစ်ခုအတွက် အသင့်ပြင်ထားသည်။
သို့သော် လမ်းတစ်လျှောက်တွင် ဘာခုခံတားဆီးမှုကိုမှ မကြုံရသလို တားဆီးမည့်ရန်သူလည်း မရှိပေ။ အလင်းတန်းအမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းလည်း မရှိပါချေ။ မြို့ပျက်ကြီးတစ်ခုအလား ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ထို့ပြင် ယခုအချိန်တွင် ဧရာမစစ်တပ်ကြီးဟု သူတို့ထင်ထားသော စစ်တပ်ကို မည်သည့်နေရာမှာမှ ရှာမတွေ့ပါဘဲ လက်တစ်ဆုပ်စာမျှရှိသော အယောက်ရာဂဏန်းကိုသာ မြင်လိုက်ရသည်။
သူတို့ဘက်က ခံစစ်များကို ပြင်ဆင်မထားရုံသာမက ထိုနေရာကို အပိုင်စားရထားသည့်အလား ပွဲတော်တည်နေကြသည်။ သူတို့၏လေသံအရဆိုလျှင် စစ်ကူများ ရောက်လာမည့်အချိန်ကို စောင့်နေကြဟန်ပင်။
ဤသည်မှာ မြို့သိမ်းတပ်ဖွဲ့တဲ့လား။ စကြဝဠာနာရီဝက်အတွင်း ခံစစ်မျဉ်းသုံးခုကို ဖောက်ထွက်ပြီး အရေးပေါ်စစ်ကူများ တောင်းခံရသည်အထိ စွမ်းဆောင်နိုင်ခဲ့သော စကြဝဠာအမှတ်၇မှ တပ်ဖွဲ့တဲ့လား။ ဤသည်မှာ သူတို့ စိတ်ကူးထားသည်နှင့် ဘာကြောင့်များ ဤမျှအထိ ကွာခြားနေရသလဲ။
"သူတို့တွေပဲ။ သူတို့ပဲ"
၉၁၂အခြေစိုက်စခန်းမြို့တော်၏ စစ်ကူများမှာ ရုတ်ခြည်း ထိတ်လန့်သွားကြသည်။ ထိုအော်သံမှာ စကြဝဠာအမှတ်၇ကို တိုက်ခိုက်ရန် စေလွှတ်ခံခဲ့ရသော ၉၁၁အခြေစိုက်စခန်းမြို့တော်မှ အသက်ရှင်ကျန်ရစ်သူများထံမှ ထွက်ပေါ်လာခြင်းပင်။
သူတို့အားလုံးခမျာ မကောင်းဆိုးဝါးကို မြင်လိုက်ရသည့်အလားပင်။ အကြောင်းမှာ ဤအဖွဲ့၏ တရစပ်တိုက်ခိုက်မှုများကြောင့် သူတို့၏ရဲဘော်ရဲဘက်များ အပိုင်းပိုင်းဆုတ်ဖြဲခံခဲ့ရသည်ကို မျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ရသည်။ အသက်ရှင်ကျန်ရစ်သူများအနေနှင့် ဤမြင်ကွင်းမှာ သူတို့၏နှလုံးသားထဲတွင် ထာဝရအမာရွတ်တစ်ခုအဖြစ် ကျန်ရစ်နေတော့မည်သာ။
"မင်းတို့ပြောတဲ့ စကြဝဠာအမှတ်၇က ရုတ်တရက်ပေါ်လာတဲ့ စူပါစစ်သည်အဖွဲ့ဆိုတာ ဒီအဖွဲ့လား"
အဆင့်ခုနစ်သက်ရှိတစ်ယောက်က မေးလိုက်လေသည်။
"သူတို့ပါပဲ"
စစ်သည်တစ်ဦးက ဆိုလေသည်။
"ကျွန်တော် မှားစရာအကြောင်းမရှိပါဘူး။ အပေါ်ယံကြည့်ရင်တော့ သူတို့က အဆင့်ငါးသက်ရှိတွေရဲ့ မျိုးရိုးဗီဇအဆင့်လောက်ပဲ ရှိပေမဲ့ သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းရည်က အဆင့်ခြောက်အထွတ်အထိပ်သက်ရှိတွေထက်တောင် ပိုကြောက်ဖို့ကောင်းတယ်"
"လူနည်းနည်းလေးနဲ့ ငါ့ရဲ့၉၁၂အခြေစိုက်စခန်းမြို့တော်ကို လာတိုက်ရဲတာ မအံ့ဩတော့ပါဘူး"
၉၁၂အခြေစိုက်စခန်းမြို့တော်၏ စစ်သေနာပတိချုပ်လီယွန်က ကျန်းမုန့်လောင်နှင့် သူ့အဖွဲ့သားများကို မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်သည်။
"ဟုတ်တယ်။ သူတို့တွေက အဆင့်ငါးအထွတ်အထိပ်သက်ရှိတွေချည်းပဲ။ ဒါပေမဲ့ စကြဝဠာနာရီတစ်နာရီအတွင်းမှာ အဆင့်ခြောက်သက်ရှိတွေပါတဲ့ လူဦးရေသန်းကိုးဆယ်ကျော်ရှိတဲ့ ၉၁၂အခြေစိုက်စခန်းရဲ့ ခံစစ်ကို ဖောက်ထွက်နိုင်ခဲ့တယ်။ တကယ်တော့ သူတို့ကို သာမန်တပ်ဖွဲ့လို့ မမြင်သင့်ဘူး"
"ဟေး.. မင်းတို့ မပင်ပန်းကြဘူးလား။ အောက်ဆင်းလာပြီး တစ်ခွက်လောက်သောက်ချင်လား"
ကျန်းမုန့်လောင်က ဖန်ခွက်ကိုမြှောက်ပြ၍ ပြောလိုက်လေသည်။
"အဝေးကြီးကလာခဲ့ရတာဆိုတော့ ပင်ပန်းနေလောက်ရောပေါ့"
"မင်းတို့က စကြဝဠာအမှတ်၇က ကျားပျံအထူးတပ်ဖွဲ့လား"
လီယွန်က ထပ်မံအတည်ပြုလိုက်လေသည်။
"ဟုတ်တယ်။ ငါတို့ပဲ.. ဘာကိစ္စရှိလို့လဲ"
ကျန်းမုန့်လောင်နှင့် သူ့အဖွဲ့သားများမှာ စကားဆက်ပြော၍ ဆက်လက်စားသောက်နေကြသည်။
"ကျောင်းအုပ်ကြီး.. ကျွန်တော်တို့က ဒီလောက်မြန်မြန်ကြီး နာမည်ကြီးသွားပြီလား။ ဝူးဟူး.."
"သူက ကျွန်တော်တို့ဆီက လက်မှတ်လိုချင်လို့များလား"
"မင်းတို့ ဘောပင်ယူခဲ့ကြလား"
ကျန်းမုန့်လောင်က လှမ်းအော်လိုက်၏။
"ဟေး.. မင်းတို့ လက်မှတ်လိုချင်တာ်ဆိုရင် ငါတို့ စားပြီးတဲ့အထိ စောင့်ပေးကြပါ"
"ဪ.. ပြီးတော့ မင်းတို့က လူတွေအများကြီးပဲဆိုတော့ ငါတို့ အယောက်တစ်ရာပဲ လက်မှတ်ထိုးပေးနိုင်မယ်နော်။ မင်းတို့ဘာသာ အရင်တိုင်ပင်ထားကြ"
"မင်းတို့ တော်တော်သတ္တိကောင်းတာပဲ"
လီယွန်က ကျန်းမုန့်လောင်က ပေါက်ကရစကားများကို လျစ်လျူရှုထားလိုက်သည်။
"မင်းတို့က အယောက်ရာဂဏန်းလေးနဲ့ ငါ့ရဲ့၉၁၂အခြေစိုက်စခန်းကို သိမ်းပိုက်နိုင်ခဲ့တာဆိုတော့ စကြဝဠာအမှတ်၇က မင်းတို့ကို ဘယ်လိုများလေ့ကျင့်ပေးထားလဲဆိုတာ ငါ တကယ်သိချင်မိတယ်"
"တကယ်တော့ သိပ်မခက်ခဲပါဘူး။ မင်းတို့ရဲ့စစ်သည်တွေက အသုံးမကျတာပါ"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"ပွင့်ပွင့်လင်းလင်းပြောရရင် ငါတို့ရဲ့မူလပစ်မှတ်က မင်းတို့ရဲ့၉၁၂အခြေစိုက်စခန်းမြို့တော် မဟုတ်ဘူး။ ၉၁၁အခြေစိုက်စခန်းမြို့တော်က တပ်ဖွဲ့တွေကို လိုက်ဖမ်းရင်း လမ်းမှားပြီး ဒီကိုရောက်လာတာ"
ကျန်းမုန့်လောင်မှာ စကားပြောရင်း ပိုစိတ်လှုပ်ရှားလာသည်။
"ငါတို့က မင်းတို့ရဲ့အခြေစိုက်စခန်းမြို့တော်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ဒါပေမဲ့ ငါ့အဖွဲ့သားတွေက အကြာကြီးလိုက်ဖမ်းရလို့ ပင်ပန်းနေကြပြီလေ။ အဲဒါနဲ့ ထမင်းစားဖို့ နေရာတစ်ခုရှာချင်နေတာ။ ဒီတစ်နေရာပဲရှိတာလေ။ ငါတို့က ထမင်းစားဖို့ နေရာလေးပဲ လိုချင်ခဲ့တာပါ။ ဒါပေမဲ့ မင်းတို့လူတွေက အရင်စတိုက်ခိုက်တယ်လေ"
ကျန်းမုန့်လောင်မှာ ကူကယ်ရာမဲ့စွာ လက်ဖြန့်ပြလိုက်သည်။
"ငါတို့က ထမင်းတစ်နပ်ပဲစားပြီး ပြန်မယ်လို့ ပြောခဲ့သားပဲ။ ဒါပေမဲ့ မင်းတို့လူတွေက ငါတို့ကို မယုံဘူးလေ။ ငါတို့လည်း မတတ်နိုင်ဘူးပေါ့။ ထမင်းစားဖို့ မင်းတို့ရဲ့အခြေစိုက်စခန်းမြို့တော်ကို သိမ်းရတော့တာပဲ"
လီယွန်ခမျာ သူ့နှုတ်ခမ်းများ တဆတ်ဆတ်တုန်ယင်လာသည်ကို သတိထားမိလိုက်သည်။
ဒါက ဘယ်လိုဆန်းသစ်တဲ့ အကြောင်းပြချက်လဲ… ထမင်းစားမယ်တဲ့လား။ မင်းတို့က အဆင့်ငါးသက်ရှိတွေလေ.. လေထဲမှာရှိတဲ့ စကြဝဠာမူလစွမ်းအင်တွေကို မှီခိုနေရုံနဲ့တင် အသက်ရှင်ဖို့ လုံလောက်နေပြီ။ စစ်ပွဲအတွင်းမှာ မင်းတို့က ထမင်းစားဖို့ အချိန်ယူရဦးမတဲ့လား။
ပြီးတော့ မင်းတို့က အဲဒီတစ်နပ်စာအတွက် အယောက်ခြောက်ရာလောက်နဲ့ အဆင့်ခြောက်သက်ရှိတွေနဲ့ လက်နက်တန်ချိန်ပေါင်းများစွာအပါအဝင် အဆင့်ငါးသက်ရှိသန်းကိုးဆယ်ကျော်ရှိတဲ့ အခြေစိုက်စခန်းမြို့တော်ကို တိုက်ခိုက်သတဲ့လား။ မင်းတို့ပဲ ရူးနေတာလား။ ငါပဲ ရူးသွားတာလား…
"အင်း.. အရသာရှိချက်။ ထမင်းစားပြီးရင် အချိုပွဲစားဖို့ အကုန်လုံးအတွက် ဒူးရင်းသီးတွေ ယူလာခဲ့တယ်"
"ဝူးဟူး.. အရသာက မိုက်ချက်။ ကျောင်းအုပ်ကြီး ကျွန်တော့်ကို တစ်စိတ်လောက် ပေးပါဦး"
"ကျွန်တော်လည်း နည်းနည်းလိုချင်လို့"
…
"သူတို့ ဘာတွေစားနေတာလဲ။ အနံ့က ဆိုးဝါးလိုက်တာ"
စကြဝဠာအမှတ်၃၇နှင့် ၃၈မှ စစ်သည်များမှာ ကျန်းမုန့်လောင်နှင့် သူ့အဖွဲ့သားများကို အထူးတဆန်း စိုက်ကြည့်နေကြသည်။
"သူတို့ အညစ်အကြေးတွေ စားနေကြပုံပဲ"
"စကြဝဠာအမှတ်၇က လူတွေအကုန်လုံး ဒီလောက်တောင်ကြမ်းကြတာလားဂ
"သူတို့ရဲ့စွမ်းအားက အဲဒီအညစ်အကြေးတွေစားတာနဲ့များ ဆက်စပ်နေမလား"
"မင်းပြောတာလည်း ဟုတ်တယ်။ တိုက်ပွဲပြီးရင် ငါတို့လည်း စမ်းကြည့်သင့်တယ်"
"ငါ သည်းမခံနိုင်တော့ဘူး။ အော့.."
"အော့.."
ကျန်းမုန့်လောင်တို့တစ်သိုက် ဒူးရင်းသီးကို အငမ်းမရစားသောက်နေသည်ကို ကြည့်ရင်း ထိုလူတစ်သိုက်ခမျာ ရုတ်တရက်အန်ချကြတော့သည်။
"မင်းတို့က ငါ့ကို လေလိုသဘောထားနေကြတာလား"
သူ့ကို လျစ်လျူရှုနေပြန်ကြောင်း သတိထားမိသဖြင့် လီယွန်မှာ အဆင့်ခုနစ်အထွတ်အထိပ်သက်ရှိတစ်ယောက်အနေနှင့် ဤအခြေအနေမျိုးကို လက်မခံနိုင်ချေ။
"ဘာတွေဆူညံနေတာလဲ။ အေးအေးဆေးဆေးစားလို့မရဘူးလား"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"မပူပါနဲ့။ ငါတို့ စားပြီးတာနဲ့ ချက်ချင်းပြန်မှာပါ။ အချိန်အကြာကြီး မယူပါဘူး လူကြီးမင်းတို့… မင်းတို့ဆီက ဆန်တစ်စေ့ ရေတစ်စက်တေင် ယူမသွားဘူးလို့ ကတိပေးတယ်"
"တပ်မှူး.. သူတို့ ကျွန်တော်တို့အခြေစိုက်စခန်းမြို့တော်က ရိက္ခာတွေအကုန်လုံးကို ယူသွားပြီ"
ချက်ချင်းဆိုသလို တပ်မှူးတစ်ယောက်က ဒေါသတကြီးဖြင့် ကန့်ကွက်ပြောဆိုလေသည်။
"ဘာလဲ။ မင်းက ငါ့ကို စွပ်စွဲနေတာလား"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"ငါ မင်းတို့ဆီက ဆန်တစ်စေ့ ရေတစ်စက်တောင် မယူဘူးဆိုတာတော့ မှန်ပေမဲ့ တခြားပစ္စည်းတွေ မယူဘူးလို့တော့ မပြောမိပါဘူး"
လီယွန်လည်း အေးစက်စက်ရယ်မောမိတော့သည်။
"ဘာ? အခြေစိုက်စခန်းမြို့တော်၉၁၂က ငါ့လူတွေကို သတ်ပြီး ငါ့ရိက္ခာတွေကို အကုန်လုယူသွားပြီး မင်းတို့သဘောနဲ့ မင်းတို့ အသာလေးပြန်ထွက်သွားလို့ရမယ်များ ထင်နေတာလား။ ငါ့ကို မရှိတဲ့လူလို သဘောထားနေတာလား"
"တပ်ဖွဲ့အားလုံး ငါ့အမိန့်ကို နာခံကြ။ ၉၁၂အခြေစိုက်စခန်းမြို့တော်တစ်ခုလုံးကို ဝိုင်းထားလိုက်။ သူတို့ထဲက တစ်ယောက်မှ မလွတ်စေနဲ့"
**************************