← Chapters

အခန်း ၁၀၁၄

Vol. 68 Ch. 1014

အခန်း ၁၀၁၄

Vol. 68 Ch. 1014

အခန်း ၁၀၁၄ - သူတို့ အလင်းတန်းအဖြစ် ပြောင်းသွားပြီ

"မင်းတို့ ဘာလုပ်နေကြတာလဲ။ ငါတို့ကို ပြန်လွှတ်ပေးဖို့ အစီအစဉ်မရှိဘူးဆိုတာ ဘာသဘောလဲ"

"ဟားဟား… မင်းတို့က တကယ်ကြီး ပြန်ထွက်သွားလို့ရမယ်များ ထင်နေတာလား။ မင်းတို့ကို လွှတ်ပေးလိုက်တာက ကျားကို တောထဲ ပြန်လွှတ်ပေးလိုက်သလို ဖြစ်သွားမှာပေါ့"

လီယွန်က လှောင်ရယ်လိုက်၏။

"မင်းတို့လို အထက်တန်းအဆင့် တပ်ဖွဲ့တွေကို စကြဝဠာအမှတ်၇က အများကြီးအားစိုက်ထုတ်ပြီး ပြုစုပျိုးထောင်ထားတာပဲဖြစ်ရမယ်။ ဟုတ်တယ်မလား။ မင်းတို့ကိုသာ ဖျက်ဆီးပစ်လိုက်ရင် သူတို့တွေ အချိန်အကြာကြီးထိခိုက်နစ်နာသွားမှာ သေချာတယ်"

"အမလေး သေပါပြီ။ ငါတော့ အရမ်းကြောက်တာပဲ"

"ဒီမှာလည်း လန့်နေပါပြီနော်"

"အမလေး သူက အရမ်းကြမ်းတာပဲ။ ငါတော့ သဘောကျသွားပြီ"

"ငါတို့က ထမင်းတစ်နပ်စားရုံလေးနဲ့ မင်းတို့က သတ်ပစ်တော့မလို့လား။ ဘာရန်ငြိုးများ ရှိနေလို့လဲ"

လီယွန်၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရချိန်တွင် ထူးရှယ်နတ်ဘုရားကျောင်းတော်မှ လူများမှာ သူတို့အကြိုက်ဆုံးဖြစ်သော သရော်လှောင်ပြောင်သည့် စကားများကို စလိုက်ကြသည်။

သူတို့အားလုံးက ကြောက်ချင်ယောင်ဆောင်၍ မျက်နှာအမူအရာများကိုပါ ပြီးပြည့်စုံစွာ တုပနေကြသော်ငြား ဤလူများမှာ လုံးဝကြောက်လန့်ခြင်းမရှိပါဘဲ သူတို့ကို လှောင်ပြောင်နေခြင်းဖြစ်ကြောင်း လီယွန် အတပ်သိသည်။

ထူးဆန်းလှသော ဤမြင်ကွင်းကြောင့် သူ့ကိုယ်သူပင် သံသယဝင်လာသည်။

ဤအဖွဲ့က ကြမ်းတမ်းလှသော်ငြား သူတို့ဆီတွင်ရှိသော ရာနှင့်ချီသည့် အဆင့်ခုနစ်သက်ရှိများထက် ပိုစွမ်းနိုင်မည်လော။ အစောပိုင်းက သူတို့ရထားသည့် သတင်းများအရ ကျားပျံအထူးတပ်ဖွဲ့၏ ခေါင်းဆောင်ကလွဲလျှင် ကျန်လူများ၏ တိုက်ခိုက်ရေးစွမ်းအားက အဆင့်ခုနစ်အခြေခံအဆင့်လောက်သာ ရှိသည်။

ထို့ပြင် သူတို့တွင် ဒါဇင်နှင့်ချီသော အဆင့်ခုနစ်အထွတ်အထိပ်သက်ရှိများ ပါဝင်ပြီး ကျန်လူများကလည်း အနည်းဆုံးအဆင့်ခုနစ် အလယ်အလတ်သက်ရှိများ ဖြစ်သည့်အပြင် အဆင့်ခြောက်သက်ရှိများလည်း သိန်းဂဏန်းခန့်ရှိ၏။ သို့ဖြစ်လေရာ ထိုလူတစ်သိုက်က သူတို့ကို ဘာကြောင့်များ လှောင်ပြောင်ရဲရသလဲ။ ဤသည်မှာ သိပ္ပံနည်းမကျပေ။

"ငါ မင်းတို့ကို သတိပေးလိုက်မယ်။ စကြဝဠာအမှတ်၇ဆိုတာ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ စကြဝဠာတစ်ခုပဲ။ ငါတို့ အခုလေးတင် ကောင်းကောင်းမွန်မွန်စားသောက်ပြီးပြီမို့ ဘာတိုက်ပွဲမှ မတိုက်ချင်ဘူး။ အသက်ရှင်ချင်သေးရင်တော့ ဘေးဖယ်နေတာ ပိုကောင်းမယ်။ ငါတို့ကို သွေးထွက်သံယိုဖြစ်အောင်လုပ်ဖို့ ဖိအားမပေးနဲ့"

"ငြိမ်းချမ်းရေးတဲ့လား။ နျူကလီးယားငြိမ်းချမ်းရေးဆိုရင် ပိုမှန်လိမ့်မယ်"

၉၁၂အခြေစိုက်စခန်းမြို့တော်မှ အသက်ရှင်ကျန်ရစ်သူများက တီးတိုးရေရွတ်လိုက်ကြသည်။ အခြေစိုက်စခန်းမြို့တော်တစ်ဝက်ခန့်ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပစ်ခဲ့သူများကို ငြိမ်းချမ်းရေးမြတ်နိုးသူများအဖြစ် သူတို့ မမြင်ပေ။

"သွေးထွက်သံယိုဖြစ်အောင်လုပ်မယ် ဟုတ်လား။ မင်းတို့တွေကလား"

လီယွန်က ထိုသို့လှောင်ပြောလိုက်ချိန်ဝယ် သူ့အနောက်တွင် ရာနှင့်ချီသော အဆင့်ခုနစ်သက်ရှိများက စနစ်တကျ နေရာယူလိုက်ကြသည်။ သူတို့၏ ထူးခြားလှသော စွမ်းအားက ၉၁၂အခြေစိုက်စခန်းမြို့တော်တစ်ခုလုံးပေါ်သို့ ကြီးမားလှသော ဖိအားကြီးတစ်ခုအဖြစ် ကျရောက်လာသည်။

ကောင်းကင်ယံရှိ မရေမတွက်နိုင်သော အမြောက်ပြောင်းများကလည်း သူတို့ကို ချိန်ရွယ်ထားကြသည်။ လီယွန်၏ အမိန့်တစ်ခုတည်းဖြင့် ၉၁၂အခြေစိုက်စခန်းမြို့တော်တစ်ခုလုံး မီးတောက်အတွင်း ဝါးမျိုခံရတော့မည်ဖြစ်၏။

"ဟေး"

"အသိဉာဏ်ကင်းမဲ့ခြင်းက အသက်ရှင်သန်ဖို့အတွက် အတားအဆီးတစ်ခု မဟုတ်ဘူး။ မောက်မာခြင်းကမှ အတားအဆီးဖြစ်တာ"

"ငါတို့ ပွဲထွက်လာကတည်းက လူတော်တော်များများက ငါတို့ကို အလွယ်တကူသတ်နိုင်မယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ငါတို့ကတော့ အခုထိ အသက်ရှင်တုန်းပဲ။ သူတို့ကရော။ သူတို့ရဲ့သင်္ချိုင်းက မြက်ပင်တွေတောင် တော်တော်ရှည်နေလောက်ပြီ"

"မင်းတို့ သိထားသင့်တယ်။ ငါ အမုန်းဆုံးအရာက ဘာလဲဆိုရင် လူတစ်ယောက်က ငါ့ခေါင်းကို သေနတ်.. အာ မဟုတ်ဘူး။ အမြောက်နဲ့ ချိန်ထားတာပဲ"

"လျန်ချနျ်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေတဲ့လူတွေကို ရှင်းပစ်ရတာ အကြိုက်ဆုံးပဲ"

….

"ဟူး… ငါက သိုသိုသိပ်သိပ်လေး နေချင်တာ။ ဒါပေမဲ့ ညီအစ်ကိုတို့ရေ.. ငါတို့တွေ ဆက်ပုန်းကွယ်နေလို့ မရတော့တဲ့ပုံပဲ"

ကျန်းမုန့်လောင်က စွမ်းအင်ဆေးလုံးများ အပြည့်ပါသော ပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။

"တစ်ယောက်တစ်လုံးစီ"

ကျန်းမုန့်လောင်က တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးများကို ဝေပေးလိုက်၏။

သူတို့က အချိန်အတိုင်းအတာတစ်ခုအထိ အဆင့်ငါးအထွတ်အထိပ်သက်ရှိများ ဖြစ်ခဲ့ကြ၏။ တည်ငြိမ်သော သက်ရှိအဆင့်များ ရှိထားသည်ဖြစ်ရာ ထိုဆေးကို သောက်သုံးခြင်းအားဖြင့် သူတို့၏ခန္ဓာကိုယ်ကို ထိခိုက်စေမည်မဟုတ်ပေ။

"သူတို့ ဘာလုပ်နေကြတာလဲ။ ဟိုကျားပျံအထူးတပ်ဖွဲ့ခေါင်းဆောင်က တစ်ခုခုထုတ်လိုက်သလိုပဲ"

"သေချာတော့မသိဘူး။ ယုံကြည်မှုဓလေ့တစ်ခုခုများလား။ အစောတုန်း စကြဝဠာအမှတ်၄၂က အဖွဲ့တစ်ဖွဲ့ ငါတို့ကို ဝိုင်းထားတုန်းကလည်း မသေခင် သူတို့ ဒီလိုမျိုးလုပ်သွားကြတယ်"

"သူတို့က နာနာကျင်ကျင်မသေချင်လို့ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ လုပ်နေတာလည်း ဖြစ်နိုင်တယ်"

…

"ဟမ့်.. ကိုယ့်ကိုယ်ကိုယ် သတ်သေမယ် ဟုတ်လား"

လီယွန်၏နှုတ်ခမ်းထက်တွင် အပြုံးခပ်သဲ့သဲ့တစ်ခု ပေါ်လာလေသည်။

"ငါတို့စကြဝဠာအမှတ်၃၈က လူတွေက သနားတတ်ပါတယ်။ တကယ်လို့ အဲဒီလိုသာဆိုရင် ငါတို့ ဝင်ပါရမယ့်အချိန်နဲ့ အင်အားတွေကို သက်သာစေတာပေါ့"

"နားထောင်ကြ။ သူတို့သေသွားရင် ကောင်းကောင်းမွန်မွန် မြှုပ်နှံပေးလိုက်ပါ။ ဘာပဲဖြစ်ဖြစ် သူတို့က သူရဲကောင်းတွေပဲလေ"

ကျားပျံအထူးတပ်ဖွဲ့ဟုခေါ်သော ဤအထူးစစ်ဆင်ရေးအဖွဲ့က သူတို့ကို အထိနာစေခဲ့သော်လည်း စစ်မြေပြင်တွင် သူရဲကောင်းအချင်းချင်း လေးစားကြသည်။ အယောက်ရာဂဏန်းသာရှိသော တပ်ဖွဲ့ငယ်လေးတစ်ခုက သူတို့၏ အခြေစိုက်စခန်းမြို့တော်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟူသော ဇာတ်လမ်းက ကမ္ဘာခြားစစ်မြေပြင်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားပေလိမ့်မည်။

"ကိုယ့်ကိုယ်ကိုယ် သတ်သေတယ် ဟုတ်လား။ ဟားဟားဟား. မင်းရဲ့ စွမ်းအင်တိုင်းတာရေးကိရိယာကို သေချာကြည့်လိုက်စမ်းပါဦး"

လီယွန်က အခြေစိုက်စခန်းမြို့တော်ကို ဘယ်လိုပြန်လည်တည်ဆောက်ရမလဲဆိုသည်ကို တွေးတောနေစဉ် ကျန်းမုန့်လောင်တို့တစ်သိုက်က ထပ်မံလှောင်ပြောင်ကြပြန်သည်။

"ဘာအဓိပ္ပာယ်လဲ"

"တပ်မှူး.. သူတို့ရဲ့ သက်ရှိအဆင့် စွမ်းအင်ပမာဏက ဆက်တိုက်မြင့်တက်နေပါတယ်။ ပြီးတော့ ဒီလက္ခဏာတွေက.. သူတို့ အဆင့်တက်ဖို့ ပြင်နေသလိုပဲ"

စစ်သည်တစ်ယောက်က သတင်းပို့လာလေသည်။

"မင်း ဘာပြောလိုက်တယ်။ အဆင့်တက်မယ် ဟုတ်လား"

လီယွန်၏ရင်ထဲ ထိတ်ခနဲဖြစ်သွားချေသည်။

"ဘယ်သူကလဲ"

"သူတို့တွေ အကုန်လုံးပါ။ သူတို့တွေရဲ့သက်ရှိအဆင့်က မြင့်တက်လာပါတယ်"

"မဖြစ်နိုင်တာ"

ဤကမ္ဘာခြားစစ်မြေပြင်တွင် စကြဝဠာအမြောက်အများ ထပ်နေသဖြင့် ပုံမှန်စကြဝဠာနယ်မြေများထက် များစွာပိုကြွယ်ဝသော စွမ်းအင်များကို ရရှိစေသည်။ ထို့ပြင် မကြာခဏဖြစ်ပွားလေ့ရှိသော တိုက်ပွဲများကြောင့် ဤနေရာတွင် စစ်သည်များမှာ သိသိသာသာ လျင်မြန်စွာ ကြီးထွားလာကြသည်။

ပုံမှန်အားဖြင့်ဆိုလျှင် သက်ရှိတစ်ယောက်အနေနှင့် အဆင့်ငါးအထွတ်အထိပ်သက်ရှိအဆင့်မှ အဆင့်ခြောက်သို့ တက်လှမ်းရာတွင် ကြီးမားလှသော ကွာဟချက်ကို ချုံ့နိုင်ရန်အတွက် နှစ်သန်းပေါင်းများစွာ သို့မဟုတ် သန်းဆယ်ဂဏန်းအထိ စုဆောင်းရမည်ဖြစ်၏။ သက်ရှိတော်တော်များများကမူ သူတို့တစ်သက်တွင် ဤအတားအဆီးကို လုံးဝဖြတ်ကျော်နိုင်မည်မဟုတ်ပေ။

သို့သော် ဤကမ္ဘာခြားစစ်မြေပြင်တွင် တစ်ခါတစ်ရံ၌ နှစ်သိန်းဂဏန်း သို့မဟုတ် သိန်းဆယ်ဂဏန်းအထိကြာအောင် အသက်ရှင်သန်နိုင်ပါက အချိန်တိုအတွင်းမှာပင် အဆင့်ခြောက်သက်ရှိဖြစ်လာနိုင်ခြေရှိ၏။

သို့သော် ထိုသို့သောဖြစ်ရပ်မျိုးမှာ ရှားပါးလှသည်။ အဆင့်ငါးသက်ရှိများ၏ ၉၉ရာခိုင်နှုန်းမှာ တိုက်ပွဲအနည်းငယ်အပြီးတွင် သေဆုံးသွားနိုင်သည်။ သို့မဟုတ် တာဝန်ထမ်းဆောင်ချိန် ကုန်ဆုံးသွားသည့်အခါ ထွက်ပြေးသွားတတ်ကြသဖြင့် ထိုသို့သော လူအနည်းငယ်နှင့် တွေ့ဆုံရန်အတွက် နှစ်ပေါင်းထောင်ချီ သို့မဟုတ် သောင်းချီ၍ ကြာကောင်းကြာနိုင်ပေသည်။

တစ်ချိန်တည်းမှာပင် လူအယောက်ရာဂဏန်းခန့်က အဆင့်ငါးမှ အဆင့်ခြောက်သို့ ပြိုင်တူတက်လှမ်းနိုင်ခြင်းမှာ လုံးဝမဖြစ်နိုင်သည့် ကိစ္စတစ်ရပ်ပင်။

"တပ်မှူး.. သူတို့ရဲ့ မျိုးရိုးဗီဇလှုပ်ရှားမှုက အရမ်းမြန်ဆန်နေပါတယ်။ ပုံမှန်လူတစ်ယောက်ထက် အဆပေါင်းထောင်ချီပြီး မြန်နေတာပါ။ သူတို့ရဲ့စွမ်းအင်တိုးချဲ့မှုနှုန်းကလည်း သာမန်အဆင့်တက်တဲ့လူတစ်ယောက်ထက် အဆပေါင်းသောင်းဂဏန်းလောက် ပိုများနေပါတယ်။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

လီယွန်ခမျာ မှင်တက်သွားလေသည်။ သက်ရှိအဆင့်တိုးတက်မှုမှာ ယေဘုယျအားဖြင့် အလွန်နှေးကွေးသော ဖြစ်စဉ်တစ်ခုပင်။ လုံလောက်သော စွမ်းအင်နှင့် မျိုးရိုးဗီဇစုဆောင်းမှုရှိထားလျှင်ပင် ထိုကဲ့သို့သော အသွင်းပြောင်းမှုမျိုးကို ပြီးမြောက်ရန်အတွက် ပုံမှန်အားဖြင့် ဆယ်စုနှစ်များ သို့မဟုတ် စကြဝဠာနှစ်ရာဂဏန်းခန့် အချိန်ယူရတတ်သည်။ ပုံမှန်ထက် အဆပေါင်းထောင်ဂဏန်းခန့် ပိုမြန်ဆန်နေခြင်းမှာ သူတို့အနေနှင့် မိနစ်အနည်းငယ်အတွင်းမှာပင် အဆင့်တက်နိုင်တော့မည်ဟူသော သဘောပင်။

"ခုနက သူတို့သောက်လိုက်တဲ့ဟာကြောင့်များလား"

လီယွန်လည်း အစောပိုင်းက သူတို့သောက်လိုက်သော ဆေးလုံးများကို ချက်ချင်းသတိရလိုက်သည်။

စကြဝဠာအသီးသီးရှိ သိပ္ပံပညာရှင်များနှင့် အဂ္ဂိရတ်ပညာရှင်များက ထိုကဲ့သို့သော ဆေးလုံးမျိုးကို သုတေသနပြုလုပ်ခဲ့ကြသော်လည်း ယခုအချိန်အထိ အဆင့်အမြင့်ဆုံးဆေးဝါးများပင်လျှင် အာနိသင်အနည်းငယ်သာ ပြသည်။ ဤကမ္ဘာပေါ်တွင် အဆင့်ငါးသက်ရှိတစ်ယောက်ကို အဆင့်ခြောက်သို့ တက်လှမ်းသွားစေနိုင်သည့် အရာမျိုး ရှိကြောင်း သူ လုံးဝမကြားဖူးပေ။

အကယ်၍ ထိုအရာသာ ရှိခဲ့မည်ဆိုလျှင် သူတို့အနေနှင့် အဆင့်ခြောက်သက်ရှိများကို အမြောက်အများထုတ်လုပ်နိုင်ပြီဟူသော အဓိပ္ပာယ်မဟုတ်လော။ ထိုသို့ဆိုပါက စကြဝဠာအမှတ်၇၏ တိုက်ခိုက်ရေးစွမ်းအားကို အဆတစ်ရာခန့် ပိုကောင်းသွားစေမည်ဖြစ်ရာ ဘာကြောင့်များ တိုက်ခိုက်နေဦးမည်နည်း။ ကမ္ဘာခြားစစ်မြေပြင်တစ်ခုလုံးကို စကြဝဠာအမှတ်၇ဆီ လွှဲပေးလိုက်ရုံပင်။

ကြောက်စရာအကောင်းဆုံးအချက်မှာ သူတို့က အဆင့်ငါးအထွတ်အထိပ်တွင် ရှိနေစဉ်ကပင် အဆင့်ခြောက်သက်ရှိတစ်သိုက်ကို အနိုင်ယူနိုင်ခဲ့သည်။ သူတို့သာ အဆင့်ခြောက်သက်ရှိများ ဖြစ်လာခဲ့မည်ဆိုပါက သူတို့၏ တိုက်ခိုက်ရေးစွမ်းအားက ဆယ်ဆ သို့မဟုတ် အဆတစ်ရာအထိ မြင့်တက်လာပေလိမ့်မည်။ ထိုအခါ အဆင့်ခုနစ်သက်ရှိများကိုပင် သူတို့က ဂရုစိုက်တော့မည်မဟုတ်။

"မဖြစ်ဘူး။ ငါတို့ ဒါကို ချက်ချင်းတားရမယ်"

ထိုအခိုက်အတန့်တွင် လီယွန် တကယ်ထိတ်လန့်သွားသည်။

သို့သော် အချိန်နှောင်းသွားခဲ့လေပြီ။

ကောင်းကင်ထက်မှ ရွှေရောင်အလင်းတန်းများ သူတို့အပေါ် ဖြာကျလာပြီး ဤစကြဝဠာ၏ စွမ်းအားများက သူတို့ကို လက်ခံလိုက်ပြီဖြစ်ကြောင်း အချက်ပြနေပေသည်။ သူတို့လည်း သေမျိုးများ၏ အချုပ်အနှောင်မှ လွတ်မြောက်သွားမည်ဖြစ်ပြီး သူတို့၏အသက်များမှာ စကြဝဠာကဲ့သို့ ကြီးများကျယ်ပြန့်ကာ တည်တံ့ခိုင်မြဲလာပေတော့မည်။

ရွှေရောင်အလင်းတန်း ရာပေါင်းများစွာက အချင်းမီတာရာဂဏန်းခန့်ရှိသော တိုင်လုံးကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားပြီး သူတို့ကို ဝိုင်းရံထားသော သဘာဝအကာအကွယ်တစ်ခုအလားပင်။ ထိုတိုင်လုံးကြီးဆီသို့ ပစ်ခတ်လိုက်သော လက်နက်များမှာ ချက်ချင်းစုပ်ယူခံလိုက်ရပြီး သူတို့၏အဆင့်တက်လှမ်းမှုကို အရှိန်မြှင့်ပေးနေပေသည်။

"ဒီအလင်းတိုင်ကြီးက ဘာကြီးလဲ။ တခြားလူတွေ အဆင့်တက်တုန်းက ဘာလို့ ဒီလိုမျိုးတွေ ပေါ်မလာတာလဲ"

"ဘုရားရေ… သူတို့တွေ အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီကွ"

****************************

All Chapters