အခန်း ၁၀၁၅
Vol. 68 Ch. 1015
အခန်း ၁၀၁၅ - ဆယ်ယောက်တစ်ယောက်ချမယ်
အဝေးတစ်နေရာတွင် စကြဝဠာအသီးသီးမှ စစ်ကူအဖြစ် စေလွှတ်လိုက်သော တပ်ဖွဲ့များသည် ၉၁၂အခြေစိုက်စခန်းမြို့တော်နားသို့ ရောက်ရှိနေလေပြီ။
လွန်ခဲ့သည့် မိနစ်ပိုင်းခန့်ကတည်းက ၉၁၂အခြေစိုက်စခန်းမြို့တော်ထံမှ အရေးပေါ်အချက်ပြများကို သူတို့ မရတော့ပေ။ ဤသည်မှာ ယခုလက်ရှိတွင် ဖြစ်နိုင်ခြေနှစ်ခုသာရှိတော့ကြောင်း ပြသနေပေသည်။
ပထမတစ်ချက်မှာ စကြဝဠာအမှတ်၇မှ တပ်ဖွဲ့များသည် ၉၁၂အခြေစိုက်စခန်းမြို့တော်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့လေပြီ။
ဒုတိယအချက်မှာမူ ၉၁၂အခြေစိုက်စခန်းမြို့တော်သို့ စစ်ကူများ ရောက်ရှိသွားခြင်းပင်။
သို့သော် မည်သို့သော အခြေအနေမျိုးတွင်ဖြစ်စေ သူတို့အနေနှင့် ဤနေရာသို့ ရောက်ပြီးနေပြီဖြစ်ရာ သွားရောက်စစ်ဆေးရပေမည်။
"ခေါင်းဆောင်.. ကျွန်တော်တို့ ရောက်ခါနီးပါပြီ"
ရှီနိုခယ်၏တပ်ဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်က သတင်းပို့လာလေသည်။
"မုန့်လောင်တို့အဖွဲ့ ဘာတွေဖြစ်နေပြီလဲမသိဘူး"
ရှီနိုခယ်၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေပေသည်။
ကျန်းမုန့်လောင်တို့အဖွဲ့မှာ စင်စစ် အရည်အချင်းရှိကြသည်ဖြစ်ရာ လက်နက်ချ၍ ပြေးသွားသော စစ်သည်များကိုသာ လိုက်လံနှိမ်နင်းရုံသက်သက်ဆိုပါက ထိုအဖွဲ့ထဲတွင် အများဆုံးရှိလှ အဆင့်ခြောက်သက်ရှိအနည်းငယ်သာ ရှိသဖြင့် သူ လုံးဝစိတ်အေးမိမည်ဖြစ်၏။
သို့သော် အခြေစိုက်စခန်းမြို့တော်တစ်ခုကို တိုက်ခိုက်ခြင်းမှာ ပေါ့သေးသေးကိစ္စတစ်ခု မဟုတ်ချေ။ အခြေစိုက်စခန်းမြို့တော်တိုင်းတွင် ခံစစ်အင်အား အပြည့်ချထားပြီး အနည်းဆုံးတော့ အဆင့်ခုနစ်သက်ရှိဆယ်ယောက်ကျော် ရှိတတ်သည်။ ဤသည်မှာ အလွန်အန္တရာယ်များလှသည်။ မဆင်မခြင်လုပ်ပါက ထိုနေရာမှာပင် အသက်ပျောက်သွားနိုင်သည်။
ကျန်းမုန့်လောင်နှင့် သူ့အဖွဲ့သည် ထူးခြားထက်မြက်လွန်းလှသဖြင့် သူတို့သာ တိုက်ပွဲတွင် ကျဆုံးသွားပါက စကြဝဠာအမှတ်၇တစ်ခုလုံးအတွက် ကြီးမားလှသော ဆုံးရှုံးနစ်နာမှုတစ်ခု ဖြစ်ပေလိမ့်မည်။
"ခေါင်းဆောင်… ၉၁၂အခြေစိုက်စခန်းမြို့တော်ဆီက ဧရာမသက်ရှိအချက်ပြနဲ့ စွမ်းအင်လှုပ်ရှားမှုတွေ ခြေရာခံမိထားပါတယ်။ သက်ရှိအင်အား တစ်ဘီလီယံကျော်က ၉၁၂အခြေစိုက်စခန်းမြို့တော်ဆီကို အစုလိုက်အပြုံလိုက် တိုးဝင်နေပါတယ်"
အဖွဲ့ဝင်တစ်ယောက်က ပြောလိုက်၏။
"တစ်ဘီလီယံ ဟုတ်လား"
ရှီနိုခယ်ခမျာ ကြက်သီးတဖြန်းဖြန်း ထသွားလေသည်။ ထိုပမာဏမှာ အခြေစိုက်စခန်းမြို့တော် ဆယ်စုစာ၏ အင်အားနှင့် ညီမျှနေလေပြီ။ စကြဝဠာအမှတ်၃၇နှင့် ၃၈က လူများ ရူးသွားကြလေပြီလား။
"သူတို့ ဘာမှမဖြစ်ပါစေနဲ့လို့ မျှော်လင့်ရတာပေါ့"
ရှီနိုခယ်သည် ကျန်းမုန့်လောင်တို့အဖွဲ့အတွက် စိတ်ထဲမှ တိတ်တိတ်လေး ဆုတောင်းပေးနေမိသည်။
"ခေါင်းဆောင်… ရှေ့ကိုကြည့်လိုက်ပါဦး"
စစ်သည်တစ်ယောက်က အရှေ့ရှိ ဖန်သားပြင်ကြီးကို ရုတ်တရက် လက်ညှိုးထိုးပြလိုက်သည်။
"အဲဒါက ဘာကြီးလဲ"
ကမ္ဘာခြားစစ်မြေပြင်တစ်ခုလုံးကို ထိုးဖောက်တော့မည့်အလား အံ့ဖွယ်ကောင်းလောက်အောင် မြင့်တက်လာသည့် ဧရာမအလင်းတန်းကြီးကို ရှီနိုခယ် ကြည့်နေမိသည်။
"ဒါက ၉၁၂အခြေစိုက်စခန်းမြို့တော် ရှိတဲ့ဘက်ပဲ။ အဲဒီမှာ ဘာတွေများဖြစ်နေတာပါလိမ့်"
"ခေါင်းဆောင်.. အဲဒီရွှေရောင်အလင်းတန်းထဲကနေ မုန့်လောင်ရဲ့ စွမ်းအင်လှိုင်းအပြင် လျိုယိနဲ့ တခြားလူတွေရဲ့စွမ်းအင်တွေကိုပါ အာရုံခံမိပါတယ်"
ထိုသတင်းကို ကြားလိုက်ရသဖြင့် ရှီနိုခယ်၏ မျက်နှာထက်တွင် ဝမ်းသာသွားသည့် အရိပ်အယောင်များ ပေါ်လာလေသည်။ လက်ရှိတိုက်ပွဲအခြေအနေက မည်သို့ပင်ဖြစ်စေ လောလောဆယ်တွင် သူတို့ ဘေးကင်းနေသေးဟန်ပင်။
"ဒီ… ဒီလိုစွမ်းအင်အတက်အကျမျိုးက.."
အဖွဲ့ဝင်တစ်ဘောက်က အာကာသယာဉ်၏ ကိရိယာများကို အမြန်ရိုက်နှိပ်၍ စစ်ဆေးလိုက်သည်။
"ခေါင်းဆောင်… သူတို့ရဲ့သက်ရှိအဆင့်တွေက ခုန်ပျံကျော်လွှားနေတာပါ။ အဆင့်ငါးအထွတ်အထိပ်သက်ရှိကနေ အဆင့်ခြောက်သက်ရှိကို ကူးပြောင်းနေတာ ကိုးဆယ်ရာခိုင်နှုန်းအထိ ပြီးမြောက်နေပါပြီ"
"မင်းပြောချင်တဲ့သဘောက သူတို့တွေ အဆင့်ခြောက်သက်ရှိအဆင့်ကို တက်လှမ်းနေတာပေါ့။ ဟုတ်လား"
"ဟုတ်မယ့်ပုံပါပဲ။ ဒါပေမဲ့ သူတို့ရဲ့စွမ်းအင်အခြေခံပမာဏက.. မဖြစ်နိုင်တာ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ဘာဖြစ်တာလဲ"
"ခေါင်းဆောင်… ပုံမှန်အဆင့်ငါးအထွတ်အထိပ် သက်ရှိတစ်ယောက်ရဲ့ စွမ်းအင်အခြေခံက တစ်ရာဝန်းကျင်ပဲ ရှိပါတယ်။ သာမန်အဆင့်ခြောက်သက်ရှိတစ်ယောက်ရဲ့ စွမ်းအင်အခြေခံကလည်း သုံးထောင်ဝန်းကျင်ပဲ ရှိတာပါ။ ဒါပေမဲ့ အဲဒီရွှေရောင်အလင်းတန်းထဲက ထွက်လာတဲ့ စွမ်းအင်လှိုင်းတွေရဲ့ တန်ဖိုးကတော့ အနည်းဆုံး တစ်သိန်းအထက်မှာ ရှိနေပါတယ်"
"တစ်သိန်း ဟုတ်လား။ ဒါက ပျှမ်းမျှ အဆင့်ခုနစ်သက်ရှိတစ်ယောက်ထက်တောင် ကျော်လွန်နေပြီမဟုတ်လား"
"သူတို့တွေက ဘယ်လိုမကောင်းဆိုးဝါးတွေလဲကွာ"
စွမ်းအင်အခြေခံဟူသည်မှာ သိုင်းပညာရှင်တစ်ယောက်အနေနှင့် ဘာတားမြစ်လျှို့ဝှက်သိုင်းကွက်ကိုမှ မသုံးပါဘဲ သူတို့၏အင်အားနှင့် စွမ်းအားသက်သက်ကိုသာ မှီခိုပြီး ထွက်ပေါ်လာသော စွမ်းအင်လှိုင်းပင်။
သူတို့အနေနှင့် သိုင်းကျင့်စဉ်များ သို့မဟုတ် စကြဝဠာမူလစွမ်းအင်တိုက်ကွက်များကို အသုံးပြီးသွားလျှင် သူတို့၏စွမ်းအင်မှာ အဆမတန်တိုးတက်သွားမည်သာ။
အမှားအယွင်းတစ်စုံတစ်ရာ မရှိခဲ့ပါက စစ်မှုထမ်းစစ်ဆေးပွဲတုန်းက ကျန်းမုန့်လောင်၏အဖွဲ့ထဲရှိ မည်သူမဆို အခြေခံတန်ဖိုး ငါးရာမှ ခြောက်ရာဝန်းကျင် ရှိခဲ့ကြသည်။ အစွမ်းကုန်တိုက်ခိုက်ချိန်တွင် အချို့ဆိုလျှင် ဤအာနိသင်ကို ဆယ်ဆအထိပင် မြှင့်တင်နိုင်ခဲ့ကြသည်။
တစ်နည်းဆိုရလျှင် သူတို့သာ အခြေခံစွမ်းအင် တစ်သိန်းခန့် ပိုင်ဆိုင်ထားပါက သူတို့၏ စွမ်းအားအလုံးစုံကို ထုတ်သုံးသည့်အခါ ဤပမာဏမှာ ဆယ်ဆ သို့မဟုတ် ထိုထက်မက မြင့်တက်သွားနိုင်သည်။
ထိုအချိန် အဆင့်ခုနစ်အလယ်အလတ်အဆင့် သို့မဟုတ် အဆင့်မြင့်သက်ရှိများပင် တောင့်ခံနိုင်မည်မဟုတ်ချေ။
"ရှီနိုခယ်.. စကြဝဠာအမှတ်၇မှာ ပြောလေ့ရှိတဲ့ ဒဏ္ဍာရီကို မင်းမှတ်မိသေးလား"
ရွှေရောင်အလင်းတန်းကြီးကို ကြည့်ရင်း ရှီနိုခယ်၏ ဘေးနားရှိ ကာဒရီရယ်က ရုတ်တရက်ပြောလိုက်လေသည်။
"လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်ကျော်က ဒဏ္ဍာရီကို ပြောတာလား"
ရှီနိုခယ်ကလည်း ပြန်မေးလိုက်၏။
"ဟုတ်တယ်။ အဲဒီတုန်းက အခြေအနေနဲ့ ဒီအလင်းတန်းကြီးက အရမ်းဆင်တူနေတယ်လို့ မင်း မထင်ဘူးလား"
"မင်းပြောမှပဲ တကယ်တူသလိုလိုပဲ"
လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်ကျော်က ရှီနိုခယ်သည် မူလစကြဝဠာထဲတွင် အနားယူနေခိုက် စကြဝဠာ၏ အချို့ထောင့်စွန်းများတွင် အလင်းတန်းကြီးတစ်ခု ရုတ်တရက်ပေါ်ပေါက်လာသည်။ ထိုအလင်းတန်းမှာ မျိုးနွယ်စုအမြောက်အများအထိ ရောက်ရှိသွားလေရာ လူအများအပြား၏ အာရုံစိုက်မှုကို ချက်ချင်းရရှိခဲ့သည်ဟု အဆိုရှိ၏။
စူးစမ်းလိုစိတ်ရှိကြသော စကြဝဠာအင်ပါယာမှ အစွမ်းထက်ပညာရှင်တစ်စု ရောက်လာသောအခါ ဤသည်မှာ အဆင့်ခြောက်သက်ရှိအဆင့်သို့ တက်လှမ်းချိန်မျိုးတွင် ဖြစ်ပေါ်လာသော ထူးခြားဆန်းပြားသည့် ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
ထိုစဉ်က အဆင့်ခြောက်သက်ရှိများထံမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများမှာ အဆင့်မြင့်အဆင့်ငါးမျိုးနွယ်စုများ၏ ခေါင်းဆောင်များကိုပင် ထိတ်လန့်တုန်လှုပ်သွားစေသည်။
မြောက်များလှစွာသော စကြဝဠာအင်ပါယာများ၏ ဖိတ်ခေါ်မှုများကို ထိုလူက တည်တည်ငြိမ်ငြိမ် ငြင်းပယ်ခဲ့ပြီး အစွမ်းထက်အဆင့်ခုနစ်သက်ရှိအနည်းငယ်နှင့် ရင်ဆိုင်ရချိန်တွင်ပင် လက်သီးတစ်ချက်တည်းဖြင့် လူအမြောက်အများကို သတ်ပစ်ခဲ့သည်။
ဆယ်စုနှစ်အနည်းငယ်အကြာတွင် သူ ပြန်ပေါ်လာခဲ့သည်။ ထိုအချိန်တွင် သူသည် အဆင့်ကိုးသက်ရှိတစ်ယောက် ဖြစ်လာပြီး စကြဝဠာမျိုးနွယ်စုတစ်ခုလုံးကိုပင် ဇော်ထိုးမိုးမျှော်ဖြစ်သွားအောင် လုပ်ခဲ့လေသည်။
ထိုအဆင့်ခြောက်နှင့် အထက်ရှိသော သက်ရှိအားလုံးနီးပါး ထိုတားမြစ်နာမည်ကို မှတ်မိကြသည်။
ကျန်းခိုင်ပင်တည်း။
"ရှီနိုခယ်.. သူတို့တွေက အဲဒီကျန်းခိုင်နဲ့ ဘယ်လိုပတ်သက်နေမယ်ထင်လဲ"
"သူတို့ ပတ်သက်မှုရှိမရှိတော့ ငါမသိဘူး"
ရှီနိုခယ်က ရယ်မောလိုက်လေသည်။
"ဒါပေမဲ့ သူတို့ဆီမှာ ကျန်းခိုင်လို အရည်အချင်းမျိုးသာ ရှိနေရင်တော့ ဒီတစ်ခေါက် ငါတို့လာကူတာက အလကားပဲ"
ရွှေရောင်အလင်းတန်းက မိနစ်အနည်းငယ်မျှ ကြာမြင့်ပြီးနောက် လုံးဝပျောက်ကွယ်သွားသည်။ ထိုအခိုက်အတန့်တွင် ကျန်းမုန့်လောင်နှင့် သူ့အဖွဲ့သားများမှာ အသစ်ပြန်လည်ဖြစ်တည်လာသည့်အလားပင်။ အဆင့်ငါးသက်ရှိအဖြစ်မှ အဆင့်ခြောက်သက်ရှိအဖြစ်သို့ ကူးပြောင်းခြင်းမှာ ခန္ဓာကိုယ်မှ ဝိညာဉ်အထိတိုင် ဘက်စုံအရည်အသွေး ပြောင်းလဲသွားခြင်းပင်။
ကျန်းမုန့်လောင်သည် စိတ်ပိုင်းဆိုင်ရာကျင့်စဉ်များ၊ တိုက်ခိုက်ရေးစွမ်းရည်များနှင့် သိုင်းပညာများကို သင်ယူထားသော်လည်း ယခင်က သူ့သက်ရှိအဆင့်ကြောင့် ထိုအရာများ၏အစွမ်းကို ရာနှုန်းပြည့်မထုတ်ဖော်နိုင်ခဲ့ပေ။ သို့သော် ယခုမူ သိုင်းပညာများစွာ၏ အစွမ်းတစ်စိတ်တစ်ပိုင်းကို ကောင်းကောင်းထုတ်ဖော်နိုင်ပြီဟု ခံစားရသည်။
"သောက်ကျိုးနည်း.. ငါ့ကောင်ကင်ဘုံအဆင့်ကျင့်စဉ်က စတုတ္ထအလွှာကို ဖောက်ထွက်သွားပြီဟ"
"ဒီလောက်ကြွယ်ဝတဲ့ စွမ်းအင်မျိုးနဲ့ဆိုရင်တော့ကွာ။ ငါ့ရဲ့မူလဆူဆာနိုက အမြင့်မီတာနည်းနည်းပဲ ခေါ်နိုင်တာ။ အခု မီတာငါးဆယ်ကနေ ခြောက်ဆယ်အထိ အရွယ်အစားကို ထိန်းထားနိုင်ပြီ"
"ငါ့ခန္ဓာကျင့်စဉ်ကလည်း တစ်ခါတည်း အဆင့်တက်သွားတယ်။ ငါ့ခန္ဓာကိုယ်အင်အားက အနည်းဆုံး ဆယ်ဆလောက်တိုးလာတာ သေချာတယ်"
"ဝုန်း ဝုန်း ဝုန်း"
ကောင်းကင်ယံတွင် နီရဲသော ဧရာမလက်ဝါးကြီးတစ်ဖက် ရုတ်တရက်ပေါ်လာပြီး အာကာသယာဉ်များကို ချက်ချင်းချေမှုန်းပစ်လိုက်လေရာ မရေမတွက်နိုင်သော သာမန်စစ်သည်များနှင့် ကံမကောင်းရှာသော အဆင့်ခြောက်သက်ရှိအချို့မှာ တောက်လောင်နေသော မီးတောက်များအတွင်း ချက်ချင်းပျောက်ကွယ်သွားလေသည်။
"ငါ့ရဲ့ဖီးနစ်စွမ်းအားက နောက်ဆုံးတော့ ပုံဖော်လို့ရသွားပြီ"
ချန်ပင်းယွီ၏ ဝမ်းကွဲညီမ ချန်ယွီနင်က ဖီးနစ်စွမ်းအားကို လဲလှယ်ရန်အတွက် အမှတ်များစွာ ဆုံးရှုံးခဲ့ရသည်ဟု အမြဲတွေးထင်နေခဲ့သော်လည်း ယခု အဆင့်ခြောက်သက်ရှိတစ်ယောက် ဖြစ်လာချိန်တွင်မူ နောက်ဆုံးတွင် ဤစွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းသော သဘာဝကို ထုတ်ပြလာလေပြီ။
"ဂျွတ် ဂျွတ်"
လူတိုင်းက သူတို့၏ကြွက်သားများကို လှုပ်ရှား၍ သန်မာလာသော အသစ်စက်စက်ခန္ဓာကိုယ်များနှင့် အသားကျအောင် လုပ်နေကြသည်။ အဆင့်မတက်ခင် အခြေအနေနှင့် နှိုင်းယှဉ်ပါက သူတို့ ဘယ်လောက်အထိ ပိုသန်မာလာလေသလဲ။ အနည်းဆုံးတော့ ဆယ်ဆပင်။
သူတို့အနေနှင့် အဆင့်မြင့်အဆင့်ခုနစ်သက်ရှိများ သို့မဟုတ် အထွတ်အထိပ်သက်ရှိများကိုပင် စိန်ခေါ်ရဲနေကြပြီဖြစ်၏။
"မင်းတို့က ငါတို့ကို ဒီမှာဖမ်းထားချင်တယ်လို့ ကြားမိတယ်နော်"
"ဪ… ထမင်းတစ်နပ်စားရတာကို ဒိလောက်အထိ အုန်းအုန်းကျက်ကျက်လုပ်နေတာလား။ ထမင်းစားပြီးရင် အပြင်းအထန်လှုပ်ရှားတာက ခန္ဓာကိုယ်အတွက် မကောင်းဘူးလို့ ပြောထားရဲ့သားနဲ့ မင်းတို့က ငါ့ကို အတင်းဖိအားပေးခဲ့တာနော်"
"ခုနတုန်းက မင်းတို့ တအားမောက်မာနေတာ မဟုတ်ဘူးလား။ ငါတို့ထဲက တစ်ယောက်မှ အသက်ရှင်ရက် မပြန်ရဘူးဆိုပြီးတော့လေ။ အခုကျတော့ ဘာလို့ စကားမပြောတော့တာလဲ"
"ကိုယ့်လူ.. မင်း သေးထွက်ကျကုန်ပြီလား။ အတွင်းခံအရင်သွားလဲဦးမလား"
"ဟေး.. စကားမစပ် ငါတို့က အဆင့်ခြောက်သက်ရှိအဆင့်ကို ရောက်သွားပြီဆိုတော့ အဆင့်မြင့်ပစ္စည်းအသစ်တွေကို သုံးလို့ရပြီမဟုတ်လား"
လွှတ်ခနဲပြောလိုက်သော ထိုစကားကြောင့် ထူးရှယ်နတ်ဘုရားကျောင်တော်မှ လူတိုင်း ချက်ချင်းဆိုသလို နိုးကြားသွားကြသည်။
"အဆင့်ခုနစ်သိုင်းလက်နက်တွေလား။ ဒါတွေက စကြဝဠာအမှတ်၇ရဲ့ အဆင့်ခုနစ်လက်နက်တွေပဲ။ သူတို့တွေအကုန်လုံးမှာ တစ်ယောက်တစ်လက်စီ ရှိနေတာလား"
"လက်နက်တင်မကဘူး။ ချပ်ဝတ်တန်ဆာတွေပါ ရှိတာ။ သူတို့တွေက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ချမ်းသာနေတာလဲ။ ငါတို့ရဲ့တပ်မမှူးကတောင် လူတိုင်းအတွက် တစ်စုံစီပေးနိုင်တာ မဟုတ်ဘူး"
လက်နက်အပြည့်အစုံတပ်ဆင်ထားသော ကျားပျံအထူးတပ်ဖွဲ့သည် စကြဝဠာအမှတ်၃၇နှင့် ၃၈ရှိ အဆင့်ခုနစ်သက်ရှိများကို ကျောချမ်းသွားစေသည်။
"ငါ့လမ်းကိုပိတ်တဲ့လူ အသေပဲ"
"ဘယ်သူအရင်လာမလဲ။ ငါ ဆယ်ယောက်တစ်ယောက်ချမယ်"
*************************