← Chapters

အခန်း ၁၀၁၈

Vol. 68 Ch. 1018

အခန်း ၁၀၁၈

Vol. 68 Ch. 1018

အခန်း ၁၀၁၈ - ဘယ်သူမှ ငါ့ကို လာတားလို့မရဘူး

တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေချေသည်။ ကျန်းမုန့်လောင်၏လူများမှာ အဆင့်ခုနစ်သက်ရှိများကို တစ္ဆေများအလား သတ်ဖြတ်နေကြသည်။ အာကာသယာဉ်ထဲတွင် ပုန်းအောင်းနေသည်ဖြစ်စေ၊ အဆင့်ခြောက်သက်ရှိများ၏ အကာအကွယ်အောက်တွင် ရှိနေသည်ဖြစ်စေ ကျားပျံအထူးတပ်ဖွဲ့ကတော့ သူတို့၏အသက်များကို အသာလေးနှုတ်ယူသွားဆဲသာ။

"မဖြစ်ဘူး။ ငါတို့ ဒီလိုမျိုး လူစုခွဲထားလို့မဖြစ်ဘူး။ အဲဒီလိုဆိုရင် တစ်ယောက်ချင်းစီ အနှိမ်နင်းခံရလိမ့်မယ်"

ကျန်အဆင့်ခုနစ်သက်ရှိအယောက်သုံးဆယ်ကျော်က ဤအချက်ကို ချက်ချင်း သဘောပေါက်သွားကြသည်။

သူတို့အနေနှင့် ထွက်ပြေးရန် ကြိုးစားခဲ့ပြီးဖြစ်သော်လည်း ထိုအနီရောင်တံတိုင်းကို မဖောက်ထွက်နိုင်ခဲ့ပေ။ အဆင့်ခုနစ်သက်ရှိများ ဝင်တိုက်မိလျှင်ပင် အပြင်းအထန် မီးလောင်ဒဏ်ရာများ ရသွားကြမည်ဖြစ်၏။

ယခုမူ အတူတကွ ပူးပေါင်းဆောင်ရွက်မှသာ အသက်ရှင်နိုင်ရန် အခွင့်အရေးအနည်းငယ် ရရှိပေလိမ့်မည်။

သူတို့ အလျင်အမြန် လူစုလိုက်ကြသည်။ အောက်ခြေစစ်သားများ၏ အသည်းအသန် တန်ပြန်တိုက်ခိုက်မှုများကို ဟန့်တားနေသည့် အယောက်ရာဂဏန်းကလွဲ၍ ကျားပျံအဖွဲ့ထဲရှိ ကျန်လူများမှာ သူတို့ကို ဝိုင်းထားလိုက်ကြသည်။

"ကျောင်းအုပ်ကြီး.. သူတို့က ပူးပေါင်းလိုက်တာနဲ့ ကျွန်တော်တို့ ဝိုင်းထားတဲ့ကြားက ဖောက်ထွက်နိုင်လိမ့်မယ်လို့ တကယ်ကြီးထင်နေကြတာတော့ မဟုတ်ပါဘူးနော်"

"ဟားဟားဟား.. အယောက်သုံးဆယ်ကွက်တိပဲ။ ငါတို့ လိုက်ရှာနေစရာတောင် မလိုတော့ဘူး"

"သူတို့ကိုချကြ"

ထိုအဆင့်ခုနစ်သက်ရှိများမှာ ကျားပျံအထူးတပ်ဖွဲ့ရှိ လူတစ်ယောက်က အမိန့်များ ဆက်တိုက်ပေးနေသည်ကို သတိပြုမိသွားသည်။ ထိုလူမှာ ခေါင်းဆောင်ပင် ဖြစ်ရမည်။

ကျားပျံအထူးတပ်ဖွဲ့သည် ဤခေါင်းဆောင်ကို အလွန်ရိုသေလေးစားကြောင်း သိသာလှသည်။ ပြန်ပြောခြင်း သို့မဟုတ် ငြင်းဆန်ခြင်း လုံးဝမရှိသည့် အနေအထားမျိုးဖြစ်လေရာ ထိုလူက သူတို့အဖွဲ့၏ အသက်ဝိညာဉ်ဖြစ်ကြောင်း ညွှန်ပြနေပေသည်။

ဆိုရိုးစကားတစ်ခုရှိ၏။ သူခိုးကိုဖမ်းချင်လျှင် ခေါင်းဆောင်ကို အရင်ဖမ်းရပေမည်။ သူတို့သာ ခေါင်းဆောင်ဖြစ်သူကို ဖမ်းမိပါက သူတို့ဘက်က အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်မည့် အခွင့်အရေးမျိုး ရလာနိုင်ပေသည်။

ထိုလူများ၏ အင်အားကို သူတို့ အကြမ်းဖျင်း နားလည်ထားပြီးဖြစ်၏။ သူတို့၏ သက်ရှိအဆင့်များမှာ အဆင့်ခြောက်အခြေခံမျှသာ ဖြစ်သော်လည်း တစ်ယောက်ချင်းစီတိုင်းတွင် သူတို့၏ အင်အားနှင့် အမြန်နှုန်းကို ဆယ်ဆမက မြှင့်တင်ပေးနိုင်သည့် ထူးခြားစွမ်းရည်များ ရှိကြပြီး အဆင့်ခုနစ်သို့ ရောက်လုနီးပါးပင်။

အလွန်အစွမ်းထက်သော သိုင်းပညာရပ်များနှင့် နိယာမများကို နားလည်သဘောပေါက်ထားသဖြင့် အကုန်ပေါင်းစပ်လိုက်သောအခါ အဆင့်ခုနစ်အခြေခံသက်ရှိများနှင့် အဆင့်ခုနစ်အလယ်အလတ်သက်ရှိများကို သတ်ဖြတ်ခြင်းကား အသီးအရွက်လှီးရသလောက်သာ။

သို့သော် အဆင့်ခုနစ်အဆင့်မြင့်သက်ရှိများနှင့် အဆင့်ခုနစ်အထွတ်အထိပ်သက်ရှိများကို ရင်ဆိုင်ရာတွင်မူ သူတို့အနေနှင့် ပိုမိုအားထုတ်ရန် လိုအပ်ပေမည်။ ယခုလေးတင် သူတို့ထဲက လူနှစ်ယောက်ပေါင်း၍ အဆင့်ခုနစ်အဆင့်မြင့်သက်ရှိတစ်ယောက်ကို သတ်ဖြတ်ခဲ့ရသည်။

ဤသည်မှာ သူတို့၏တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့်ခုနစ်အထွတ်အထိပ်သက်ရှိအဆင့်တွင် အဆုံးသတ်သွားကြောင်း ပြသနေပေသည်။

ယခု သူတို့တွင် အဆင့်ခုနစ်အထွတ်အထိပ်သက်ရှိများနှင့် အဆင့်ခုနစ်အဆင့်မြင့်သက်ရှိများ ၁၂ယောက်ရှိနေသဖြင့် အခွင့်အရေးရှိနိုင်သေးသည်။

"မင်းတို့ဘာသာ ကြိုးတုပ်ခံမလား။ ဒါမှမဟုတ် ငါတို့ လုပ်ပေးရမလား"

ကျန်းမုန့်လောင်က သူတို့ကိုကြည့်၍ ပြောလိုက်၏။

တကယ်တမ်းတွင်မူ သူ့အနေနှင့် သူတို့ကို သိပ်မသတ်ချင်ပေ။ မည်သည့်စကြဝဠာတွင်မဆို အဆင့်ခုနစ်သက်ရှိတစ်ယောက် ပေါ်ထွက်လာရန် ခက်ခဲလှပေသည်။ အကယ်၍ သူတို့ကို ထိန်းချုပ်ပြီး ကျေးကျွန် သို့မဟုတ် သက်တော်စောင့်များအဖြစ် ခိုင်းစေရန် ကမ္ဘာမြေသို့ ပြန်ပို့နိုင်ပါက အလွန်တန်ပေလိမ့်မည်။

"မင်းတို့ခေါင်းဆောင်နဲ့ တရားမျှတတဲ့ အဆုံးအဖြတ်တိုက်ပွဲဆင်နွှဲဖို့ ငါတို့ တောင်းဆိုတယ်"

သူတို့ထဲတွင် ဩဇာအာဏာအရှိဆုံးနှင့် အစွမ်းအထက်ဆုံးဖြစ်သော လီယွန်က ရှေ့ထွက်လာသည်။

"ကျောင်းအုပ်ကြီး သူတို့နဲ့ အချိန်ဖြုန်းမနေပါနဲ့"

"ဟုတ်တယ်။ သူတို့ကို လက်စတုံးပစ်လိုက်။ ကျွန်တော် အခုလေးတင် စားသောက်ပြီး လေ့ကျင့်ခန်းနည်းနည်းလုပ်လိုက်ရတော့ အိမ်သာပြေးချင်နေပြီ"

"စားလိုက် ပါလိုက်နဲ့.. မင်းက ဝက်လား"

ကျန်းမုန့်လောင် ဆွံ့အသွားလေသည်။

"ကဲ… သူတို့က တရားမျှတတဲ့ အဆုံးအဖြတ်တိုက်ပွဲကို လိုချင်နေမှတော့ အခွင့်အရေးပေးရတာပေါ့"

ကျန်းမုန့်လောင်လည်း လူအုပ်ထဲမှ ထွက်လာပြီး လီယွန်ကို လက်ယပ်ခေါ်လိုက်သည်။

"ဒီကိုလာခဲ့"

"အခွင့်အရေးရပြီ။ သူ့ကိုဖမ်းကြ"

အဆင့်ခုနစ်သက်ရှိအယောက်သုံးဆယ်မှာ ကျန်းမုန့်လောင် သတိလက်လွတ်ဖြစ်နေချိန်ကို အခွင့်ကောင်းယူ၍ ဖမ်းဆီးရန်အတွက် အစောကတည်းက ပြင်ဆင်ထားပြီးဖြစ်၏။ ဓားစာခံတစ်ယောက် ရထားသရွေ့ သူတို့ခေါင်းဆောင် အသက်ရှင်မရှင် ဂရုမစိုက်သည့်လအခြေအနေကလွဲလျှင် ကျားပျံအထူးတပ်ဖွဲ့၏ ပိတ်ဆို့မှုက မဖောက်ထွက်နိုင်မည်ကို စိုးရိမ်စရာလိုမည်မဟုတ်ပေ။

"အာ… ကျောင်းအုပ်ကြီးကို လုပ်ကြံဖို့ကြိုးစားတတ်တဲ့ ငတုံးတွေက နေရာတိုင်းမှာ ရှိကြတာပါပဲ"

"အားလုံးပဲ.. မျက်လုံးမှိတ်ထားကြ။ နောက်ဆက်တွဲမြင်ကွင်းက တော်တော်ပြင်းထန်မှာမို့ ကြည့်ဖို့သင့်တော်မှာမဟုတ်ဘူး"

"အသက်မပြည့်သေးတဲ့လူတွေ မိဘအုပ်ထိန်းမှုအောက်မှာ ကြည့်ပေးကြပါ"

….

"ဘာတွေဖြစ်နေတာလဲ။ သူတို့က ဘာလို့ နည်းနည်းလေးတောင် မစိုးရိမ်ကြတာလဲ"

ဤလူငယ်များက ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာနေသည့် အမူအရာများပင် ရှိနေကြောင်း လီယွန်တစ်ယောက် မျက်လုံးထောင့်ကတစ်ဆင့် သတိထားမိလိုက်သည်။

"အန္တိမငြိမ်းချမ်းရေးသိုင်း"

"အား…"

"တောင်ပေါ်ဆီးသီးသိုင်းကွက်"

"အား.."

"နဂါးဆင်စွမ်းအားသိုင်း"

"အား.."

"ဒီမာစီယာတရားမျှတမှု"

"အား.."

…

"စကြဝဠာအမှတ်၃၇နဲ့ ၃၈က လူတွေ သတိထားကြ။ မင်းတို့ခေါင်းဆောင်တွေကို ငါတို့ အနိုင်ပိုင်းပစ်လိုက်ပြီ။ မင်းတို့က အဓိပ္ပာယ်မဲ့ခုခံချင်သေးတာလား"

တိုက်ပွဲက ပြင်းထန်ဆဲအဆင့်တွင် ရှိနေသော်လည်း ဘီလီယံနှင့်ချီသော စစ်သည်များကို မြန်မြန်ဆန်ဆန်သုတ်သင်ပစ်ရန်မှာ စင်စစ်မဖြစ်နိုင်ချေ။

ကြေညာသံနှင့်အတူ လူတိုင်း၏အာရုံစိုက်မှုကို ဖမ်းစားလိုက်လေသည်။ တစ်ချိန်က ကြီးကျယ်မြင့်မြတ်ပြီး တန်ခိုးကြီးမားခဲ့သော သူတို့၏တပ်မှူးများ မြေပြင်ထက်တွင် ခွေးသေများအလား လဲကျနေသည်ကို သူတို့ တွေ့လိုက်ရသည်။

အချို့မှာ မျက်နှာထက်တွင် ပွန်းပဲ့ဒဏ်ရာများ ရထားပြီး အချို့မှာမူ ခြေလက်များ ကျိုးပဲ့နေလေသည်။ မည်သူတစ်ဦးတစ်ယောက်မှ ပြန်မထနိုင်တော့ချေ။

ဆန့်ကျင်ဘက်အနေနှင့် ကျားပျံအထူးတပ်ဖွဲ့မှ လူအယောက်၆၆၇ယောက်ကတော့ အစမှ အဆုံးထိတိုင် ထိခိုက်သေဆုံးသူတစ်ယောက်မှ မရှိဘဲ ထိုတိုက်ပွဲတွင် ရန်သူများဘက်က အပြတ်အသတ်ရှုံးခဲ့ရသည်။

"မတိုက်ကြနဲ့တော့။ ငါတို့ လက်နက်ချတယ်"

သူတို့၏တပ်မှူးများ ဖမ်းဆီးခံရပြီးနောက် သူတို့လည်း နောက်ဆုံးလက်ကျန် တိုက်ခိုက်လိုစိတ်များပါ ပျောက်ဆုံးသွားသည်။

"အာကာသယာဉ်တွေကို ဘေးမှာရပ်ထား။ လက်နက်တွေချပြီး အားလုံး ဒီမှာလာစုကြ"

[တင်! ခြိမ်းခြောက်မှုရမှတ်၂၀ ရရှိတဲ့အတွက် ကျောင်းအုပ်ကြီးကို ဂုဏ်ပြုပါတယ်]

…

"မြန်မြန်ကြည့်လိုက်စမ်း။ ဟိုစွမ်းအင်တံတိုင်းကြီး ပျောက်သွားပြီ"

"တိုက်ပွဲပြီးသွားပြီလား"

စကြဝဠာအသီးသီးမှ စစ်ကူတပ်ဖွဲ့များ အပြေးအလွှားဝင်ရောက်လာသည်။

သောင်းနှင့်ချီသော ရန်သူ့အာကာသယာဉ်များနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များကို တစ်ဖက်တွင် သပ်ရပ်စွာနေရာချထားပြီး အခြားတစ်ဖက်တွင်မူ စကြဝဠာအမှတ်၃၇နှင့် ၃၈မှ စစ်သည်များ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

"ပြီးသွားပြီလား။ ငါတို့က စစ်ကူပေးဖို့ မိုင်ပေါင်းများစွာ ခရီးနှင်လာတာ နောက်ဆုံးတော့ ဒီမြင်ကွင်းကို ကြည့်ဖို့သက်သက်ပဲလား"

"ကြည့်စမ်း။ အဲဒါ ၉၁၂အခြေစိုက်စခန်းမြို့တော်ရဲ့ စစ်ဦးစီးချုပ်မဟုတ်ဘူးလား"

"၁၂၈အခြေစိုက်စခန်းမြို့တော်ရဲ့ စစ်ဦးစီးချုပ်လည်း ဒီမှာရှိနေတာပဲ"

"ဘာလို့ သူတို့တွေအကုန်လုံး မြေပြင်ပေါ်မှာ လဲနေကြတာလဲ။ သေကုန်ကြပြီလား"

"မယုံနိုင်စရာပဲ။ သူတို့က အယောက်ခြောက်ရာကျော်လေးနဲ့ ၉၁၂အခြေစိုက်စခန်းမြို့တော်ကို သိမ်းပိုက်ရုံတင်မကဘူး။ စစ်ကူတပ်ဖွဲ့ကိုပါ နှိမ်နင်းနိုင်ခဲ့တာလား"

"တစ်ဆယ်ဘီလီယံနော်။ အင်အားတစ်ဆယ်ဘီလီယံရှိတဲ့ တပ်မကြီးကိုလေ။ သူတို့က တကယ်ပဲ အံ့ဖွယ်ဖြစ်ရပ်တစ်ခုကို ဖန်တီးလိုက်တာပဲ"

"ဒီနေ့မှ ကမ္ဘာခြားစစ်မြေပြင်ကို ရောက်လာတာလို့ ကြားထားတယ်။ ပြီးတော့ ဒါက သူတို့ရဲ့ပထမဆုံးတိုက်ပွဲတဲ့လေ။ သူတို့က လူသစ်လေးတွေ။ လူသစ်လေးတွေကွ"

"ကျားပျံအထူးတပ်ဖွဲ့။ သူတို့ရဲ့နာမည်ကို ငါ မှတ်ထားလိုက်မယ်။ ဒါနဲ့ စကားမစပ် သူတို့က ဘယ်စကြဝဠာကလဲ"

ထိုအချိန်တွင် သူတို့အနေနှင့် စကြဝဠာအမှတ်၇၏ ဘယ်တပ်မ သို့မဟုတ် ဘယ်တပ်ဖွဲ့မှလာကြောင်း ဘယ်သူမှသိနိုင်မည်မဟုတ်သော်လည်း လူတိုင်းက ကျားပျံအထူးတပ်ဖွဲ့ဟူသော စကားလုံးများကိုမူ မှတ်မိသွားကြသည်။

[တင်! ဂုဏ်သတင်းရမှတ်ဆယ်မှတ်ရရှိတဲ့အတွက် ကျောင်းအုပ်ကြီးကို ဂုဏ်ပြုပါတယ်]

"မင်းက ကျန်းမုန့်လောင်လား"

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ကျန်းမုန့်လောင်အနားသို့ ချဉ်းကပ်လာသည်။

"မုန့်လောင်.. ဒါက ၁၉၂တိုက်ခိုက်ရေးတပ်ရင်းက တာဝန်ခံအရာရှိအရှင်မီလုပဲ"

ရှီနိုခယ်က အမြန်မိတ်ဆက်ပေးလိုက်သည်။

"မင်းက ဒီကျားပျံအထူးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်လား"

မီလုက ကျန်းမုန့်လောင်ကို စိုက်ကြည့်၍ ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်လေသည်။

"စစ်မြေပြင်မှာ ကိုယ့်သဘောနဲ့ကိုယ် လုပ်ချင်ရာလုပ်တာက ဘယ်လိုအပြုအမူမျိုးလဲဆိုတာ မင်းသိရဲ့လား"

"ဒီလိုပါ ခေါင်းဆောင်ရယ်.. ကျွန်တော် ရှင်းပြတာလည်း နားထောင်ပါဦး။ ကျွန်တော်တို့က တမင်တကာလုပ်ခဲ့တာ မဟုတ်ပါဘူး။ လမ်းပျောက်ပြီး ဒီကိုရောက်လာတာုပါ။ နောက်တော့ သူတို့က ကျွန်တော်တို့ကို သတ်ချင်သတဲ့။ အဲဒါနဲ့ ကျွန်တော်တို့လည်း သူတို့တွေအကုန်လုံးကို ပြန်သတ်ပစ်ရုံပဲ တတ်နိုင်တော့တယ်လေ။ သူတို့က အရင်စချတာ။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရုံသက်သက်ပါ"

"ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရုံသက်သက် ဟုတ်လား"

လက်နက်ချအညံ့ခံထားသည့် ဘီလီယံနှင့်ချီသော တပ်ကြီးကို လက်ညှိုးထိုးပြရင်း မီလုက ပြောလိုက်လေသည်။

"မင်းတို့က သူတို့ကို ဒီလိုအခြေအနေအထိရောက်အောင် ရိုက်နှက်ထားပြီးတော့ ဒါကို ကိုယ့်ကိုယ်ကိုယ်ကာကွယ်တယ်လို့ ခေါ်နေတာပေါ့။ မင်းက တော်တော်အရည်အချင်းရှိတာပဲ"

စကြဝဠာအမှတ်၇မှ အဆင့်မြင့်သက်ရှိအချို့လည်း တိုင်ပင်ဆွေးနွေးလိုက်ကြသည်။ ဤ၉၁၂အခြေစိုက်စခန်းမြို့တော်သည် အလွန်အရေးကြီးသော နေရာတစ်ခုဖြစ်သည်။ ယခုအချိန်တွင် ထိုနေရာကို သူတို့ သိမ်းပိုက်နိုင်ပြီဖြစ်ရာ ပြင်ပကျူးကျော်မှုများကို ထိထိရောက်ရောက်ခုခံနိုင်ရန် ကောင်းစွာ စောင့်ကြပ်သင့်သည်ဟု ဆုံးဖြတ်လိုက်ကြသည်။

စကြဝဠာတစ်ခုစီက တပ်ဖွဲ့အချို့ကို စေလွှတ်ရန် ပြင်ဆင်ကြပြီး လူတိုင်းက ဤနေရာကို စောင့်ကြပ်ပေးရန် ပူးပေါင်းပါဝင်ကြလေသည်။

"အားလုံး ဗိုက်ပြည့်ပြီလား"

"ပြည့်ပါပြီ"

"အားလုံး အိမ်သာသွားလို့ပြီးပြီလား"

"ပြီးပါပြီ"

"အားလုံး အာရုံစိုက်ကြ။ နောက်တစ်ကြိမ်ထွက်ခွာဖို့ပြင်ကြ"

ထိုသို့ပြောပြီးနောက် ကျန်းမုန့်လောင်က သူ့စတားဂေဇာယာဉ်ကို ထုတ်လိုက်ပြန်သည်။

"အခုရော မင်း ဘာလုပ်ဦးမလို့လဲ"

မီလုက ကျန်းမုန့်လောင်ကို ဘေးသို့ ဆွဲခေါ်လိုက်သည်။

"၉၁၁တပ်ဖွဲ့ရဲ့ ၉၁၁အခြေစိုက်စခန်းမြို့တော်ကို သွားမလို့လေ"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ကျွန်တော်တို့က လမ်းပျောက်သွားလို့ ဒီမှာ ခဏဝင်ပြီး ထမင်းစားနားလိုက်တာပါ။ အကြွေးရှိရင် ပြန်ဆပ်ရမှာပဲလေ။ ဘယ်သူက ကျွန်တော်တို့ကို တိုက်ခိုက်သွားတာလဲ။ အဲဒီလူကို ကျွန်တော်တို့ ပြန်တိုက်ရမှာပဲ။ ကျွန်တော့်ကို လာတားဖို့ မကြိုးစားနဲ့။ ဘယ်သူတားတား အလကားပဲ"

***********************

All Chapters