အခန်း ၁၀၁၉
Vol. 68 Ch. 1019
အခန်း ၁၀၁၉ - တပ်စွဲဖို့ စစ်သည်တွေ ချက်ချင်းစေလွှတ်လိုက်
စကြဝဠာအမှတ်၃၇နှင့် ၃၈ ပူးပေါင်းတပ်မ၊ တပ်မ၇၃၁၊ ၉၁၁အခြေစိုက်စခန်းမြို့တော်
စကြဝဠာအမှတ်၇ထံတွင် ရှုံးနိမ့်ပြီးနောက် ဝိုင်းဝန်းတိုက်ခိုက်ရန် စေလွှတ်ခဲ့သော တပ်များမှာ အခြေစိုက်စခန်းမြို့တော်သို့ ဖရိုဖရဲပြန်ရောက်လာသည်။ အချို့ကို ၉၁၂မြို့တော်သို့ စစ်ကူအဖြစ် စေလွှတ်ခဲ့ပြီး ဒဏ်ရာရသူအများစုမှာမူ အခြေစိုက်စခန်းမြို့တော်တွင် အနားယူ၍ ကုသနေကြသည်။
"မင်းတို့တွေ တော်တော်အသုံးမကျတာပဲ။ စကြဝဠာအမှတ်၇ဆီမှာ ခံလာရတယ်လို့"
"ဟုတ်ပါရဲ့။ သူတို့က ငါတို့ရဲ့အကြီးစားစစ်ဆင်ရေးကို ခုနကမှ ရင်ဆိုင်ထားရတာ။ ပြီးတော့ ၁၉၂တိုက်ခိုက်ရေးအစီအစဉ်က သူတို့ရဲ့တပ်တွေ သုံးပုံနှစ်ပုံလောက် ဆုံးရှုံးသွားတာတောင် ဘယ်လိုလုပ်ပြီး သူတို့ကို ပြန်ဆုတ်သွားအောင် လုပ်နိုင်ရတာလဲ"
"အာ.. မင်းတို့ယူနစ်ကိုးရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အားနည်းတယ်ဆိုတာတော့ လူတိုင်းသိပေမဲ့ ဒီလောက်အထိ အားနည်းလိမ့်မယ်လို့တော့ မထင်ထားဘူး"
အခြေစိုက်စခန်းမြို့တော်သို့ ပြန်ရောက်သောအခါ ရှုံးနိမ့်လာသော ယူနစ်ကိုးအဖွဲ့မှာ အခြားတပ်ဖွဲ့များထံတွင် အဆက်မပြတ် လှောင်ပြောင်ခံခဲ့ရသည်။
သူတို့၏အမြင်တွင် လက်ရှိ စကြဝဠာအမှတ်၉၏ ၁၉၂တိုက်ခိုက်ရေးတပ်ဖွဲ့မှာ အသတ်ခံရရန် စောင့်ဆိုင်းနေသော သိုးငယ်တစ်ကောင်မျှသာ။ မည်သည့်တပ်ဖွဲ့မဆို သူတို့ကို အလွယ်တကူချေမှုန်းနိုင်သဖြင့် ဤရှုံးနိမ့်မှုကား အလွန်ရှက်စရာကောင်းလှသည်။
"မင်းတို့ ဘာမှမသိဘဲနဲ့"
ယူနစ်ကိုးအဖွဲ့ဝင်များလည်း ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။
"ငါတို့ တိုက်ခိုက်ခဲ့ရတဲ့လူတွေက သာမန်စစ်သည်တွေ မဟုတ်ဘူး။ သူတို့က မကောင်းဆိုးဝါးတွေ"
"မင်းတို့က စစ်မြေပြင်မှာမရှိတော့ သူတို့တွေ ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ မသိလို့"
ဒဏ်ရာရစစ်သည်တစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောပြလိုက်သည်။
"သူတို့တွေရဲ့ တိုက်ခိုက်ရေးစွမ်းအားက စကြဝဠာအမှတ်၇က ဘယ်တပ်ဖွဲ့ထက်မဆို အများကြီးသာတယ်။ လူတစ်ယောက်တည်းက ငါတို့ တစ်ခါမှမမြင်ဖူးတဲ့ တိုက်ခိုက်ရေးနည်းလမ်းတွေကိုသုံးပြီး ကီလိုမီတာပေါင်းများစွာ ရှည်လျားတဲ့ ခံစစ်မျဉ်းကို ထိန်းထားနိုင်တယ်။
"ငါတို့ရဲ့လက်ထောက်ခေါင်းဆောင်ဆိုရင် အဆင့်ခြောက်သက်ရှိဖြစ်တာတောင် သူတို့ရဲ့တိုက်ခိုက်မှုဂယက်ကြောင့်နဲ့တင် သေသွားတာ။ သူတို့ဆီမှာ ငါတို့ယူနစ်ကိုးတပ်ဖွဲ့တစ်ခုလုံးကို ရှင်းပစ်နိုင်တဲ့ လူတွေတောင် ရှိသေးတယ်"
"တကယ်လား"
"ရှုံးလာလို့ ဆင်ခြေပေးနေတာလား။ သူတို့ရဲ့၁၉၂တိုက်ခိုက်ရေးတပ်ရင်းက အဲဒီလောက်တောင်အစွမ်းထက်နေလို့လား"
"ဟွန့်"
ဒဏ်ရာရစစ်သည်တစ်ယောက်က အေးစက်စက်နှာမှုတ်လိုက်သည်။
"မင်းတို့မယုံရင် နောက်တစ်ခါကျ မင်းတို့ဘာသာ သွားကြည့်လိုက်ကြ"
…
"ပြဿနာတက်ပြီ။ အရေးပေါ်စစ်သတင်း။ ငါတို့ရဲ့၁၉၂အခြေစိုက်စခန်းမြို့တော် ကျသွားပြီ"
ရုတ်ခြည်းပင် အဖျက်ဓာတ်ကြီးမားသော သတင်းဆိုးတစ်ခုက ၉၁၁အခြေစိုက်စခန်းမြို့တော်တစ်ခွင် ပျံ့နှံ့သွားလေသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါတို့ရဲ့ ၉၁၂အခြေစိုက်စခန်းမြို့တော်က နှစ်သန်းပေါင်းများစွာ အခိုင်အမာရပ်တည်လာတာလေ။ ဘယ်လိုလုပ်ပြီး အသိမ်းခံလိုက်ရတာလဲ"
"၉၁၂အခြေစိုက်စခန်းမြို့တော်ကို ကျားပျံအထူးတပ်ဖွဲ့လို့ခေါ်တဲ့ လျှို့ဝှက်တပ်ဖွဲ့တစ်ခုက တိုက်ခိုက်ခဲ့တာတဲ့။ သူတို့က စကြဝဠာအချိန်နာရီဝက်အတွင်းမှာတင် ခံစစ်မျဉ်းသုံးခုကို ဖောက်ထွက်ခဲ့တယ်ဆိုပဲ"
"အဲဒီလောက်တောင်စွမ်းတာလား။ ၉၁၂အခြေစိုက်စခန်းမြို့တော်ရဲ့ခံစစ်စွမ်းရည်အရဆိုရင် သူတို့ လူအင်အားဘယ်လောက်လိုမှာလဲ။ အနည်းဆုံးတော့ ဘီလီယံနဲ့ချီပြီး လိုမှာပေါ့။ ဒီမျိးနွယ်စုတွေက ဘယ်အချိန်ကစပြီး ဒီလောက်ကြီးမားတဲ့ စစ်အင်အားကို စုဆောင်းနိုင်သွားတာလဲ"
"ပိုတိကျတဲ့ သတင်းအချက်အလက်ရော ရှိသေးလား"
"နောက်ဆုံးရထားတဲ့ သတင်းတွေအရ ၉၁၂အခြေစိုက်စခန်းမြို့တော် အသိမ်းခံလိုက်ရပြီတဲ့။ ပြိုင်ဘက်တွေဘက်မှာ လူအင်အား ဘီလီယံနဲ့ချီပြီး မရှိဘူး။ ရာဂဏန်းလောက်ပဲ ရှိတာ။ စကြဝဠာအမှတ်၇ကထင်တယ်"
"ဘာ.. စကြဝဠာအမှတ်၇ ဟုတ်လား။ ရာဂဏန်းလောက်လေးနဲ့လေ"
ထွက်ပြေးလွတ်မြောက်လာသည့် ဒဏ်ရာရစစ်သည်များမှာ ထိုအချိန်က နတ်ဘုရားများနှင့် အလားသဏ္ဍာန်တူသော စစ်သည်ရာဂဏန်းကို ပြန်အမှတ်ရသွားကြသည်။
တပ်ဖွဲ့ပေါင်းထောင်ဂဏန်းကို တစ်ကိုယ်တည်းရင်ဆိုင်ရာတွင် အချို့က မီတာရာချီကျယ်ဝန်းသော ဧရာမရွှေရောင်လက်ဝါးကြီးကို ထုတ်ဖော်ကြပြီး အဆင့်ငါး သို့မဟုတ် အဆင့်ခြောက်သက်ရှိများကို ချက်ချင်းပင် သွေးသံတရဲရဲဖြစ်အောင် ရိုက်နှက်နိုင်ကြသည်။
အချို့ကမူ သူတို့အတွက် တိုက်ခိုက်ပေးရန် ထူးဆန်းသော သတ္တဝါများကို ဆင့်ခေါ်နိုင်ကြပြီး ထိုသတ္တဝါတစ်ကောင်ချင်းစီ၏ တိုက်ခိုက်ရေးစွမ်းအားက အဆင့်ခြောက်အဆင့်မြင့်သက်ရှိတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သည်။
အခြားလူများကမူ မီးကြာပန်းအစုအဝေးများကို ဆက်တိုက်ပစ်ပေါက်နေကြလေရာ သူတို့၏ အစွမ်းအထက်ဆုံး အလင်းတန်းအမြောက်များထက်ပင် ပိုအစွမ်းထက်ပုံရသည်။ အဆင့်ခြောက်သက်ရှိများမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပြာကျသွားလေသည်။
စကြဝဠာအမှတ်၇သည် အင်အားဘီလီယံနှင့်ချီ၍ ကာကွယ်ထားသော အခြေစိုက်စခန်းမြို့တော်ကို ထိုးဖောက်ရန် လူအနည်းငယ်မျှသာ အားကိုးခဲ့သည်ဖြစ်ရာ ထိုအဖွဲ့ကလွဲ၍ အခြားမည်သူကများ ထိုသို့စွမ်းဆောင်နိုင်မည်နည်း။
"ဟားဟား.. မင်းတို့ ဘယ်လောက်တောင်ကြောက်နေလဲဆိုတာ ကြည့်စမ်းပါဦး။ သူတို့ကို လုံးဝကြောက်နေတာမလား"
ယူနစ်ကိုးကို အခြားတပ်ဖွဲ့များက ပို၍ လှောင်ပြောင်ကြလေတော့သည်။
"သူတို့ အစွမ်းထက်တယ်ဆိုရင်တောင် အဆင့်ငါးသက်ရှိလေးတွေပါ။ ၉၁၂မြို့တော်က အဆင့်ခုနစ်သက်ရှိတွေက ငါတို့နဲ့ အစည်းအဝေးလုပ်နေကြတာဆိုတော့ အခြေစိုက်စခန်းမြို့တော်ထဲမှာ အဆင့်ငါးနဲ့ အဆင့်ခြောက်သက်ရှိတွေပဲ ကျန်ခဲ့တာလေ။ မင်းတို့ပြောသလို သူတို့ တကယ်အစွမ်းထက်တယ်ဆိုရင် ၉၁၂မြို့တော်ကိုဝင်စီးနိုင်ခဲ့တာလည်း သိပ်တော့ အံ့ဩစရာမရှိပါဘူး"
"ဟုတ်တယ်။ စစ်သူကြီးတွေနဲ့ လက်ထောက်တွေ မရှိတဲ့အချိန်ကို အခွင့်ကောင်းယူပြီး တိုက်ခိုက်လိုက်တာကြောင့်ပါ။ သတင်းတွေအရဆိုရင် အနီးအနားက အခြေစိုက်စခန်းမြို့တော်ဆယ်ဂဏန်းလောက်က စစ်ကူတွေလွှတ်ထားတယ်တဲ့။ လူအင်အားတစ်ဆယ်ဘီလီယံကျော်၊ အဆင့်ခြောက်သက်ရှိသောင်းဂဏန်းနဲ့ အဆင့်ခုနစ်သက်ရှိရာဂဏန်းတောင် ပါတယ်တဲ့။ အခြေစိုက်စခန်းမြို့တော်ကို ပြန်သိမ်းနိုင်ခဲ့ပြီဆိုတဲ့သတင်းက မကြာခင် ရောက်လာတော့မှာ"
"သဘောတူတယ်"
ဤသတင်းကို ကြားသောအခါ ဒဏ်ရာရစစ်သည်များလည်း အဆုံးတွင် စိတ်သက်သာရာရသွားလေသည်။ အဆင့်ရှစ်သက်ရှိတစ်ယောက် ထွက်ပေါ်လာခြင်းမရှိပါက ဤမျှများပြားလှသော စစ်ကူအင်အားကို တားဆီးနိုင်မည်မဟုတ်ပေ။ အဆင့်ရှစ်သက်ရှိများက တပ်မမှူးအဆင့်များဖြစ်သဖြင့် အလွယ်တကူထွက်လာလေ့မရှိချေ။
သို့သော် အကြောင်းပြချက်မရှိပါဘဲ သူတို့ စိုးရိမ်ပူပန်နေဆဲသာ။ ဤသည်မှာ အသက်ရှင်ကျန်ရစ်သူများ၏ စိတ်ဒဏ်ရာဖြစ်နိုင်သည်ဟုတွေးကာ သူတို့ သိပ်ဂရုမစိုက်ခဲ့ကြပေ။
"ကျားပျံအထူးတပ်ဖွဲ့.."
သူတို့ ထိုနာမည်ကို တိတ်တိတ်လေး ရေရွတ်မိကြသည်။ ဤသည်မှာ နောင်တွင် သူတို့၏ အိပ်မက်ဆိုးတစ်ခု ဖြစ်လာနိုင်သည်။
….
"သတိကြီးကြီးထားကြ။ အခုဆိုရင် ၉၁၁အခြေစိုက်စခန်းမြို့တော်က ငါတို့ရဲ့တပ်ဖွဲ့တစ်ဝက်လောက်ကို လွှတ်လိုက်ရပြီ။ ဗိုလ်ချုပ်တွေနဲ့ ဒုဗိုလ်ချုပ်အများစုလည်း စစ်ကူသွားနေကြပြီဆိုတော့ အခုအချိန် ငါတို့ရဲ့ခံတပ်ကို လုံခြုံအောင်စောင့်ကြပ်ရမယ်"
၉၁၁တပ်ဖွဲ့၏ အရှေ့ဆုံးကင်းစခန်းတွင် ခေါင်းဆောင်တစ်ယောက်က လှည့်ကင်းလှည့်၍ အရေးပေါ်အခြေအနေကို စစ်ဆေးနေလေသည်။
"စိတ်ချပါ ခေါင်းဆောင်.. ၉၁၁အခြေစိုက်စခန်းမြို့တော်က အရမ်းခိုင်မာပါတယ်။ ဘယ်သူမှ လာကျူးကျော်ရဲမှာမဟုတ်ပါဘူး"
"အမှန်ပဲ။ ၉၁၂မြို့တော်ဘက်က အခြေအနေလည်း မကြာခင်ပြီးဆုံးသွားမယ်လို့ ကျွန်တော်ထင်ပါတယ်။ စကြဝဠာအချိန်တစ်နာရီနှစ်နာရီအတွင်းမှာ ကျွန်တော်တို့တပ်တွေ ပြန်ရောက်လာမှာပါ။ ဘာလို့ ဒီလောက်တောင် စိုးရိမ်နေရတာလဲ"
"မဟုတ်ဘူး။ တစ်ခုခုတော့လွဲနေပြီ"
စစ်သည်တစ်ယောက်က စွမ်းအင်တုံ့ပြန်မှုအချို့ကို ရုတ်တရက် ထောက်လှမ်းမိလိုက်သည်။
"ဘာဖြစ်တာလဲ။ သူတို့ ပြန်လာနေတာလား"
ခေါင်းဆောင်ဖြစ်သူက မေးလိုက်၏။
"အချိန်ကိုတွက်ကြည့်မယ်ဆိုရင် တိုက်ပွဲသာ အဆင်ချောရင် သူတို့ ပြန်ရောက်လာရမယ့်အချိန်ပဲ"
"မဟုတ်ဘူး။ အာကာသယာဉ်တစ်စင်းတည်းပါ။ အဆင့်ခြောက်သက်ရှိရာဂဏန်းရဲ့ အသက်ဓာတ်အချက်ပြတွေပါ။ ကျွန်တော်တို့တပ်တွေ မဟုတ်ပါဘူး"
"အခြေအနေကို အရင်စုံစမ်းကြည့်မလား"
"မဖြစ်နိုင်ဘူး။ ဆက်သွယ်ရေးတောင်းဆိုချက်ကို ပို့လို့မရဘူး"
"ငါတို့ရဲ့စနစ် တိုက်ခိုက်ခံလိုက်ရလို့ ကျိုးပေါက်သွားပြီ"
သို့သော် သတင်းစကားမပို့နိုင်ခင်မှာပင် သူတို့၏ကင်းစခန်းသည် ပြင်းထန်လှသော သတင်းအချက်အလက်ကျူးကျော်မှုကို ခံလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကင်းစခန်း၏ အီလက်ထရောနစ်စက်ပစ္စည်းအားလုံး အလုပ်မလုပ်တော့ချေ။
"ဒါက စကြဝဠာအမှတ်၇ရဲ့ ကျားပျံအထူးတပ်ဖွဲ့ပဲ။ ထပ်ပြောမယ်။ ဒါက ကျားပျံအထူးတပ်ဖွဲ့ပဲ။ မင်းတို့ရဲ့ ၉၁၂အခြေစိုက်စခန်းမြို့တော်ကို သိမ်းပိုက်လိုက်ပြီ။ စစ်ကူတွေအားလုံးကိုလည်း ဖမ်းဆီးထားတယ်။ အခု ၉၁၁အခြေစိုက်စခန်းမြို့တော်ကို လက်နက်ချဖို့ တောင်းဆိုတယ်"
"ဘာ.. ၉၁၂အခြေစိုက်စခန်းမြို့တော် အသိမ်းခံလိုက်ရပြီလား"
"ငါတို့ရဲ့စစ်ကူတွေလည်း တိုက်ပွဲကျသွားပြီလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"သတင်းဆိုးပဲ။ ငါတို့ရဲ့ဗိုလ်ချုပ်ကို ဆက်သွယ်လို့မရတော့ဘူး။ ဒုဗိုလ်ချုပ်တွေကိုလည်း ဆက်သွယ်လို့မရဘူး"
"ခေါင်းဆောင်.. ၁၀၂၄အခြေစိုက်စခန်းမြို့တော်ကနေ အခုပဲ သတင်းရပါတယ်။ ၉၁၂အခြေစိုက်စခန်းမြို့တော်ကို စေလွှတ်လိုက်တဲ့ သူတို့ရဲ့တပ်တွေကို ဆက်သွယ်လို့မရဘူးတဲ့"
….
"တပ်မှူး.. သူတို့ လက်နက်မချရင် ဘယ်လိုလုပ်မလဲ"
"အဲဒီတော့လည်း အတင်းဖောက်ဝင်ကြတာပေါ့"
"တိုက်ခိုက်ကြ"
.....
၉၁၂အခြေစိုက်စခန်းမြို့တော်တွင် စကြဝဠာအချိန်နာရီအနည်းငယ်ကြာအောင် စီမံခန့်ခွဲပြီးနောက် သက်ဆိုင်ရာစကြဝဠာများမှာ သူတို့၏တပ်ဖွဲ့များကို အပြည့်အဝဖြန့်ကျက်ထားပြီးဖြစ်၏။ တပ်စွဲရန် ရောက်လာသော စစ်သည်များလည်း မကြာခင် ရောက်လာပေတော့မည်။
၉၁၂အခြေစိုက်စခန်းမြို့တော်ကို အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည့် သူရဲကောင်းများဖြစ်သည့်အတွက် စကြဝဠာအမှတ်၇၏ ၁၉၂ တိုက်ခိုက်ရေးတပ်ရင်းမှာ ဤအခြေစိုက်စခန်းမြို့တော်၏ အမာခံခေါင်းဆောင်အဖွဲ့ ဖြစ်လာလေသည်။
"အားလုံး ပင်ပန်းသွားကြပြီ"
မီလုက ဘက်ပေါင်းစုံရှိ စစ်ကူများကို ကျေးဇူးတင်စကားပြောလိုက်လေသည်။
"ဒါက ငါတို့ရဲ့တာဝန်ပါပဲ။ နောင်ဆိုရင် ဒီဒေသမှာရှိတဲ့ ငါတို့စကြဝဠာရဲ့တပ်ဖွဲ့တွေအတွက် ပိုအဆင်ပြေတဲ့အချိန်ကို ရောက်လာတော့မှာပါ"
"ဒါတွေအားလုံးက စကြဝဠာအမှတ်၇ရဲ့ ကျေးဇူးကြောင့်ပါ"
"ပူးပေါင်းဆောင်ရွက်ခွင့်ရလို့ ဝမ်းသာပါတယ်"
"ဗိုလ်ချုပ်… မယ်လ်တုန်းက ဗိုလ်ချုပ်ကို အရေးပေါ်ကိစ္စတစ်ခု ပြောစရာရှိလို့ပါတဲ့"
ရှီနိုခယ်က မီလု၏နားနားတွင် တီးတိုးကပ်ပြောလိုက်၏။
"မယ်လ်တုန်း.. ဘာကိစ္စရှိလို့လဲ။ အခက်အခဲတစ်ခုခုရှိလို့လား။ တကယ်လို့ အဆင်မပြေရင်လည်း ပြန်လာခဲ့လိုက်ပါ။ ငါတို့ ဒီတစ်ခေါက် တော်တော်အမြတ်ထွက်ထားတာပဲ"
"ဗိုလ်ချုပ်.. မြန်မြန်လေး.. ၉၁၁အခြေစိုက်စခန်းမြို့တော် အသိမ်းခံလိုက်ရပြီ။ တပ်စွဲဖို့အတွက် လူတွေ ချက်ချင်းစေလွှတ်လိုက်ပါ"
*************************