အခန်း ၁၀၂၀
Vol. 68 Ch. 1020
အခန်း ၁၀၂၀ - မတိုက်နဲ့တော့ ကိုယ့်လူတို့
"ဒီလောက်တောင်မြန်တာလား"
၉၁၁မြို့တော်ကို တိုက်ခိုက်ရာတွင် ကျန်းမုန့်လောင် အခက်အခဲအချို့နှင့် ရင်ဆိုင်ရနိုင်သည်ဟု မီလု ထင်ထားခဲ့သော်ငြား တိုက်ပွဲက ပြီးဆုံးသွားပြီဟု မမျှော်လင့်ထားပေ။
သူ့အထင် မမှားဘူးဆိုလျှင် ကျန်းမုန့်လောင်တို့တစ်သိုက် ထွက်သွားသည်မှာ စကြဝဠာအချိန်နှစ်နာရီခန့်သာ ရှိသေးသည်မဟုတ်လော။ ၉၁၂မြို့တော်မှ ၉၁၁မြို့တော်သို့ စတားဂေဇာယာဉ်၏ အမြန်နှုန်းဖြင့် သွားမည်ဆိုပါက စကြဝဠာအချိန်တစ်နာရီခွဲခန့် ကြာမြင့်ပေသည်။
သူတို့က စကြဝဠာအချိန်နာရီဝက်အတွင်း နောက်ထပ်အခြေစိုက်စခန်းမြို့တော်တစ်ခုကို သိမ်းလိုက်လေသလား။
"ဒါများ ဘာခက်လို့လဲ။ အဲဒီမြို့ပျက်ကြီးမှာ အဆင့်ခုနစ်သက်ရှိနည်းနည်းပဲ ရှိတာလေ။ ကျန်တဲ့လူတွေက ပါ့မွှားလေးတွေပါ။ ဘာသုံးစားလို့ရမှာမို့လို့လဲ"
"ကောင်းပြီလေ။ အစီအစဉ်ချဖို့အတွက် ငါ သူတို့ကို ချက်ချင်းဆက်သွယ်လိုက်မယ်။ လုံခြုံရေးယူပေးဖို့ အဲဒီမှာ လူနည်းနည်း ချန်ထားခဲ့လိုက်"
"နားလည်ပါပြီ။ ကိုယ့်လူတို့.. နောက်တစ်မြို့ကို သွားမယ်"
"မင်းတို့က ဆက်သွားဦးမလို့လား"
မီလု၏မျက်ဝန်းအစုံကား ပြူးကျယ်သွားလေသည်။
"ဒါပေါ့"
ကျန်းမုန့်လောင်ကလည်း ပြန်ဖြေလေသည်။
"ဒီတစ်ခေါက် ၉၁၂အခြေစိုက်စခန်းမြို့တော်ဆယ်ခုလောက်ရဲ့ တပ်ဖွဲ့အင်အားတစ်ဝက်လောက် လျော့သွားပြီလေ။ သူတို့ရဲ့ အဆင့်ခုနစ်သက်ရှိတွေကလည်း ကျွန်တော်တို့သတ်တာ ခံရရင်ခံရ၊ မဟုတ်ရင်လည်း အဖမ်းခံထားရပြီ။ အခုမှ မလုပ်ရင် ဘယ်တော့လုပ်ရမှာလဲ"
"ဒါပေမဲ့…"
"ကဲပါ.. ကျွန်တော်တို့ အချိန်ပိုဆင်းရဦးမယ်။ ထမင်းစားဖို့ ကျွန်တော်တို့ကို မစောင့်နဲ့တော့နော်"
"ဒီကလေးကတော့လေ"
မီလုခမျာ ကူကယ်ရာမဲ့လေဟန်ဖြင့် ပြောလိုက်မိသည်။
တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုလုံး၏ အကြီးအကဲတစ်ယောက်အနေနှင့် သူ့အမိန့်ကို ဘယ်တပ်ဖွဲ့ကမှ အာမခံရဲပေ။
သို့သော် ဤကျားပျံအထူးတပ်ဖွဲ့ကို သူ ဝင်ထိန်းရဲမည်လော။ မီလုသည် အဆင့်ခုနစ်အဆင့်မြင့်သက်ရှိတစ်ယောက်မျှသာ။ ဤတပ်ဖွဲ့ဝင်များက အဆင့်ခုနစ်သက်ရှိများကို ခွေးများအလား သဘောထားကြောင်း သူ အတပ်သိထားပြီးဖြစ်၏။
စစ်ကူသွားရာလမ်းတွင် သူသည် ကျန်းမုန့်လောင်နှင့် ပတ်သက်သည့် အချက်အလက်များကိုပင် စုံစမ်းခဲ့သေးသော်လည်း သူ တွေ့ရှိခဲ့ရသည့် သတင်းအချက်အလက်များက သူ့ကို အလွန်တုန်လှုပ်သွားစေသည်။
ကျန်းမုန့်လောင်နှင့် သူ့အဖွဲ့သည် ရီထျန်းဂိုဏ်းဟုခေါ်သော စကြဝဠာမျိုးနွယ်စုအဖွဲ့အစည်းတစ်ခုမှ လာခြင်းဖြစ်ပြီး ကျွမ်းကျင်သူများနှင့် ပါရမီရှင်များ ပြည့်နှက်နေသော ထိုစကြဝဠာအဖွဲ့အစည်း၏ခေါင်းဆောင်မှာ ကျန်းမုန့်လောင်ပင်။
မကြာသေးခင်က ကျန်းမုန့်လောင်သည် ဇူဒါမျိုးနွယ်စု၏ စည်းစိမ်ဥစ္စာအားလုံးကို အမွေဆက်ခံခဲ့ပြီး ထိုအမွေများကြောင့် မူလစကြဝဠာရှိ အဆင့်ကိုးသက်ရှိတစ်စုနှင့်ပင် ပဋိပက္ခဖြစ်ခဲ့သေးသည်ဟု ဆိုကြ၏။
နောက်ဆုံးရလဒ်က သူ့ကို ပို၍ပင် အံ့အားသင့်စေခဲ့သည်။ အကြောင်းမှာ အဆင့်ကိုးသက်ရှိများအားလုံးက နောက်ဆုံးတွင် သူ့ထံ ဒူးထောက်အညံ့ခံခဲ့ကြပြီး စကြဝဠာတွင် ပျံ့နှံ့နေသော ဒဏ္ဍာရီတစ်ပါးဖြစ်သည့် ကျန်းခိုင်ဟူသော အမျိုးသားမှာ ကျန်းမုန့်လောင်၏ ဘိုးဘေးဖြစ်နေချေသည်။
အဆင့်ကိုးသက်ရှိများပင် သူ့ကို ရန်မစရဲပါက သူက ရန်စရဲမည်လော။ သူ့ကို မဆိုထားနှင့်။ တပ်မမှူး သို့မဟုတ် ကမ္ဘာခြားစစ်မြေပြင်တစ်ခုလုံး၏ ဗိုလ်ချုပ်ကြီးပင် သူ့ကို ရန်စရဲမည်မဟုတ်ချေ။
တစ်ချိန်က ထိုလူသည် ကမ္ဘာခြားစစ်မြေပြင်သို့ ဝင်ရောက်ပြီး ဤနေရာတွင် ကမောက်ကမဖြစ်အောင်ပင် လုပ်ခဲ့ဖူးသည်ဟု ဆိုကြသည်။ သူတို့၏ ဗိုလ်ချုပ်ခမျာ သူ့ကို မတားဆီးနိုင်ခဲ့ပေ။ သူ ပျော်ပါးရသည်ကို ငြီးငွေ့သွားချိန်မှသာ ထွက်ခွာသွားခဲ့သည်။ သူ စစ်မြေပြင်တွင် ရှိနေစဉ်အတွင်း အခြားစကြဝဠာရှိ ရန်သူများမှာ စကြဝဠာအမှတ်၇၏ ပိုင်နက်အနီးတွင် လုံးဝပေါ်မလာရဲကြချေ။
ထိုလူသည် အချိန်အတော်ကြာသည်အထိ ပေါ်မလာခဲ့သောကြောင့် သူတို့ကလည်း စကြဝဠာအမှတ်၇ကို စတင်စမ်းသပ်ကြလေတော့သည်။ ထို့ကြောင့်ပင် မကြာသေးခင်က လက်စားချေတိုက်ပွဲကြီး စတင်ခဲ့ရသည်။
ဘိုးဘေးတစ်ယောက် ထွက်သွားခါစမှာပင် နောက်ထပ်ဘိုးဘေးပေါက်စလေးတစ်ယောက် ထပ်ရောက်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
"ကျွန်တော်တို့ ဘာလုပ်ကြမလဲ တပ်မှူး"
တပ်ခွဲမှူးတစ်ယောက်က မေးလိုက်လေသည်။
"ငါတို့က ဘာတတ်နိုင်မှာလဲ"
မီလုခမျာ ခါးသက်သက်ပြုံးလိုက်မိသည်။
"အနည်းဆုံးတော့ သူက အခုလောလောဆယ် ငါတို့အတွက် အင်အားတောင့်တင်းတဲ့ မဟာမိတ်ပဲ။ ၉၁၁မြို့တော်ကို လူတချို့လွှတ်လိုက်"
….
"တပ်မှူး.. ကျွန်တော်တို့ ၉၀၈မြို့တော်ကိုသိမ်းလိုက်ပြီ။ နေရာယူဖို့ လူနည်းနည်းလောက် စီစဉ်ပေးပါဦး"
"တပ်မှူး… ၈၈၈အခြေစိုက်စခန်းမြို့တော်လည်း လက်နက်ချသွားပါပြီ။ မြန်မြန်လာခဲ့ပါ"
"၁၀၀၂အခြေစိုက်စခန်းမြို့တော်"
"၁၀၂၅"
…
နောက်ရက်များတွင် ကျန်းမုန့လောင်သည် စကြဝဠာအမှတ်၃၇နှင့် စကြဝဠာအမှတ်၃၈ပူးပေါင်းတပ်တော်၏ တပ်မ၇၃၁မှ မြို့တော်များကို တစ်ရက်လျှင် အခြေစိုက်စခန်းမြို့တော်သုံးခုနှုန်းဖြင့် အရူးအမူးသိမ်းပိုက်ခဲ့သည်။
ငါးရက်မြောက်နေ့တွင် တစ်ချိန်က စစ်ကူစေလွှတ်ခဲ့သော အခြေစိုက်စခန်းမြို့တော်အားလုံး သိမ်းပိုက်ခံလိုက်ရလေပြီ။ ၆၆၇ယောက်တည်းဖြင့် သူတို့သည် စုစုပေါင်း အခြေစိုက်စခန်းမြို့တော်၁၇ခုကို သိမ်းပိုက်နိုင်ခဲ့သည်။
ပထမရက်အနည်းငယ်တွင် ပြိုင်ဘက်များက ပြင်းပြင်းထန်ထန် ပြန်ခုခံခဲ့သော်လည်း နောက်ဆုံးနေ့တွင်မူ စကြဝဠာအမှတ်၇၏ ကျားပျံအထူးတပ်ဖွဲ့ ရောက်လာပြီဟု ကြားသည်နှင့် လက်နက်ချရန်အတွက် တံခါးများကို ဖွင့်ပေးခဲ့ကြသည်။
သူတို့တွင် အဆင့်ခုနစ်သက်ရှိများ သိပ်မကျန်တော့ပေ။ ထွက်လည်းမပြေးနိုင်သလို တိုက်ခိုက်လျှင်လည်း အနိုင်ရမည်မဟုတ်ချေ။ လက်နက်ချရုံကလွဲ၍ အခြားဘာများတတ်နိုင်မည်နည်း။
သို့တိုင် ကျန်းမုန့်လောင်နှင့် အခြားလူများကမူ တိုက်ပွဲကို အရသာတွေ့နေသည့်အလား စိတ်အားထက်သန်နေဆဲပင်။
ထို့ကြောင့် သူတို့သည် အခြားအခြေစိုက်စခန်းမြို့တော်များကိုပါ တိုက်ခိုက်ခဲ့ကြသည်။ တပ်မ၇၃၁တစ်ခုလုံးတွင် အခြေစိုက်စခန်းမြို့တော်ပေါင်း နှစ်ရာကျော်ရှိပြီး သူတို့က ထိုအထဲမှ ဆယ်ပုံတစ်ပုံခန့်ကို သိမ်းပိုက်လိုက်ပြီဖြစ်၏။
"ကိုယ့်လူတို့.. တောင်းပန်ပါတယ်။ မတိုက်ကြပါနဲ့တော့။ ငါတို့ဆီမှာ လွှတ်စရာ လူအင်အား မရှိတော့ဘူး"
မီလုခမျာ ငိုချတော့မတတ်ပင်။ ဤရက်ပိုင်းအတွင်း ၁၉၂တိုက်ခိုက်ရေးတပ်ရင်းအတွင်းရှိ လူများမှာ စစ်မြေပြင်ကို ရှင်းလင်းသူက ရှင်းလင်းပြီး ရှင်းလင်းရန်အတွက် သွားသူက သွားနေရသည်။
အခြေစိုက်စခန်းမြို့တော်တစ်ခုစီတွင် စက်ပစ္စည်းများနှင့် အကျဉ်းသားများ အမြောက်အများရှိ၏။ သူသည် တိုက်ခိုက်ရေးတပ်ရင်းတစ်ခု၏ အကြီးအကဲမျှသာ။ သူ့လက်အောက်တွင်လည်း လူအင်အားအကန့်အသတ်ရှိသည်။ ဤမျှများပြားလှသော လုပ်ငန်းပမာဏကို သူ မဖြေရှင်းနိုင်တော့ပေ။
ထို့ပြင် မြို့တစ်မြို့တွင် သူတို့၏အင်အားထက် ဆယ်ဆနီးပါး ရှိနေလေသည်။ တိုက်ခိုက်ရေးတပ်ရင်းတစ်ခုက ဤမျှများပြားလှသော မြို့များကို မည်သို့စောင့်ကြပ်နိုင်မည်နည်း။
ယခုအချိန်တွင် တပ်မ၇၃၁က အငိုက်မိသွားသောကြောင့် ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိခြင်းပင်။ သူတို့သာ အင်အားပြန်စုစည်းပြီး နာလန်ထူလာပါက သူတို့၏တပ်မမှူပင် အခြေစိုက်စခန်းမြို့တော်များကို ပြန်လည်သိမ်းပိုက်ရန် ထွက်လာနိုင်သည်။ ထိုအခါ သူတို့အနေနှင့် မည်သို့ ခုခံကြမည်နည်း။
"အာ.. မရှိတော့ဘူးလား"
ကျန်းမုန့်လောင်လည်း စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။
"ကျောင်းအုပ်ကြီး.. ၇၇၁အခြေစိုက်စခန်းမြို့တော်ကို ရောက်ပါပြီ။ ကျွန်တော်တို့ ဆက်တိုက်ကြမလား"
"မလုပ်နဲ့"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ငါတို့ မြို့သိမ်းတဲ့နှုန်းက အရမ်းမြန်လွန်းနေတော့ အခု ဒီမြို့တွေကို တာဝန်ယူပေးမယ့်လူ တစ်ယောက်မှမရှိတော့ဘူးလို့ တပ်မှူးက ပြောနေတယ်"
"ငါတို့ အရမ်းအစွမ်းထက်နေတာ ငါတို့အပြစ်မှမဟုတ်တာ။ ဟုတ်တယ်မလား"
"ဒါပေမဲ့ ဒီကိုရောက်လက်စနဲ့တော့ လက်ဗလာနဲ့ ပြန်သွားလို့မဖြစ်ဘူးလေ။ ဟုတ်တယ်မလား"
"မှန်တယ်။ တစ်ခုခုတော့ ယူသွားမှဖြစ်မယ်"
အိပ်မက်ဆိုးတစ်ခုနှင့် တူလှသော စတားဂေဇာယာဉ်ကြီးက ၇၇၁အခြေစိုက်စခန်းမြို့တော်၏ အထက်တွင် ရပ်တန့်သွားသည်။
"အဲဒါ ကျားပျံအထူးတပ်ဖွဲ့ရဲ့ အာကာသယာဉ်ပဲ"
၇၇၁အခြေစိုက်စခန်းမြို့တော်ထဲရှိ လူများမှာ သူတို့ ရောက်လာသည်ကို ချက်ချင်းသတိထားမိလိုက်သည်။ ယာဉ်၏ ပုံပန်းသဏ္ဍာန်နှင့် ကျန်းမုန့်လောင်တို့၏ ပုံများမှာ သူတို့၏တပ်မတစ်ခုလုံးတွင် ပျံ့နှံ့နေပြီဖြစ်၏။
"အားလုံး အာရုံစိုက်ကြ။ အမြင့်ဆုံးအရေးပေါ်သတိပေးချက်။ ကျားပျံအထူးတပ်ဖွဲ့ ရောက်နေပြီ။ သတိထားကြ။ ဒါက လေ့ကျင့်ရေးဆင်းနေတာမဟုတ်ဘူး။ ဒါ လေ့ကျင့်ရေးဆင်းနေတာမဟုတ်ဘူး"
"နောက်ကျသွားပြီ။ သူတို့ စတိုက်နေကြပြီ"
….
စကြဝဠာအချိန် နာရီဝက်ကြာပြီးနောက် ကျန်းမုန့်လောင်တို့တစ်သိုက်မျာ စတားဂေဇာယာဉ်ပေါ်သို့တက်ကာ ၇၇၁အခြေစိုက်စခန်းမြို့တော်က ပြန်ထွက်သွားကြသည်။
သူတို့၏ တပ်မှူးခမျာ မြို့တစ်မြို့လုံးရှိ အပျက်အစီးများနှင့် ဗလာကျင်းသွားသော ဂိုဒေါင်များကိုကြည့်၍ ငိုချင်နေသော်လည်း မျက်ရည်မထွက်ပေ။
ကျန်းမုန့်လောင်နှင့် အခြားသူများမှာ သူတို့၏ခံစစ်စနစ်များကို ကြမ်းကြမ်းတမ်းတမ်း ဖောက်ထွင်းဝင်ရောက်ပြီး မြို့တစ်မြို့လုံးကို ဖြိုချကာ ရွှေ့ပြောင်းနိုင်သမျှ အရာအားလုံးကို ယူဆောင်ပြီး မရွှေ့နိုင်သည့် အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့ကြသည်။ သူတို့ဝတ်ဆင်ထားသည့် သံချပ်ကာများကို ချွတ်ယူသွားကြ၏။
ယခုဆိုလျှင် ၇၇၁မြို့တော်ထဲတွင် လူများမှလွဲ၍ အခြားဘာမှမကျန်တော့ချေ။
"မဆိုးဘူး။ မဆိုးဘူး။ ဒီတစ်ခေါက်ရလိုက်တာ တော်တော်ကောင်းတယ်။ နောက်တစ်မြို့သွားကြမယ်"
"ဟားဟားဟား.. မြို့တွေကိုသိမ်းပိုက်ဖို့ လူအင်အားမရှိတော့လည်း ပစ္စည်းတွေလုယက်ရတာ သိပ်မလွန်ပါဘူး။ ဟုတ်တယ်မလား"
"သူတို့ရဲ့ မဟာဗျူဟာမြောက်စက်ပစ္စည်းတွေကို ဖျက်ဆီးပစ်လိုက်ပြီဆိုတော့ ငါတို့စကြဝဠာကို ကျူးကျော်ဖို့အတွက် သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းအားက အချိန်အတိုင်းအတာတစ်ခုအထိ ပြန်ကောင်းလာနိုင်မှာမဟုတ်ဘူး"
…
"တပ်မှူး… ကျွန်တော်တို့ ပြန်လာပြီ"
တစ်ပတ်အကြာတွင် ကျန်းမုန့်လောင်တို့တစ်သိုက် သူတို့၏ ၁၉၂တပ်ရင်းသို့ ပြန်ရောက်လာကြသည်။
"နောက်ဆုံးတော့ မင်းတို့ ပြန်ရောက်လာပြီပေါ့"
ရှီနိုခယ်ခမျာ ဤတပ်ဖွဲ့ဝင်များကြောင့် လုံးဝစိတ်ညစ်နေရသည်။
"ဒီအတောအတွင်း မင်းတို့ အခြေစိုက်စခန်းမြို့တော်၂၃ခုကို သိမ်းပိုက်ခဲ့တယ်လို့ ကြားထားတယ်"
"အဲဒါတွေက သိမ်းနိုင်ခဲ့တာတွေသက်သက်ပဲ"
ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။
"နောက်တော့ သူတို့ရဲ့၇၃၃တပ်မထဲက နောက်ထပ်အခြေစိုက်စခန်းမြို့တော်၃၃ခုကို သွားခဲ့သေးတယ်။ ဒါပေမဲ့ တပ်မှူးက အဲဒီမြို့တွေကို စောင့်ကြပ်ဖို့ လူအင်အားမလောက်ဘူးလို့ ပြောတာနဲ့ ကျွန်တော်လည်း သူတို့ရဲ့ပစ္စည်းတွေနဲ့ စက်ကိရိယာတွေကို လုယက်ပြီး ပြန်လာခဲ့တာ"
"မင်းက သူတို့ရဲ့ပစ္စည်းတွေနဲ့ စက်ကိရိယာတွေကိုပါ လုယက်ခဲ့တယ်ပေါ့။ အခြေစိုက်စခန်းမြို့တော်၃၃ခုကနေပေါ့"
"ဟုတ်တယ်လေ။ ဘာဖြစ်လို့လဲ"
ရှီနိုခယ်ခမျာ အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။
အခြေစိုက်စခန်းမြို့တော်၃၃ခုဆိုသည်မှာ ဘာကိုဆိုလိုသလဲ။ အခြေစိုက်စခန်းမြို့တော်တစ်ခုတည်းကပင် သူတို့၏တိုက်ခိုက်ရေးတပ်ရင်းဆယ်ခု၏ တိုက်ခိုက်ရေးအင်အားနှင့် ညီမျှပေသည်။ အခြေစိုက်စခန်းမြို့တော်တစ်ခု၏ ရိက္ခာပစ္စည်းများမှာ တိုက်ခိုက်ရေးတပ်ရင်းဆယ်ခုကို ထောက်ပံ့ပေးရန် လုံလောက်လေသည်။
သူတို့၏ တပ်မတစ်ခုလုံးတွင် စုစုပေါင်း တိုက်ခိုက်ရေးတပ်ရင်း၂၇၃ခုသာ ရှိသည်။
ကျန်းမုန့်လောင်က တိုက်ခိုက်ရေးတပ်ရင်း၃၃၀ခန့်ကို ထောက်ပံ့ပေးရန်လုံလောက်သည့် အခြေစိုက်စခန်းမြို့တော်၃၃ခုကို လုယက်ခဲ့သည်။ သူ့အနေနှင့် လူသူအင်အားစုဆောင်း၍ ကိုယ်ပိုင်တပ်မကြီးတစ်ခုပင် ဖွဲ့စည်းနိုင်ပြီဖြစ်၏။
"ဒုက္ခပါပဲကွာ"
***********************