အခန်း (၆၅၅-၆၅၆)
Vol. 56 Ch. 655-656
အပိုင်း (၆၅၅)
တာ့ကျိုး နန်းတော်၏ အခန်းတစ်ခန်း အတွင်း၌…
ယွင်ကျုံးဟဲ့က မင်းသား ယင်ချွဲ့နှင့်အတူ အသားစားကာ အရက်သောက်နေကြ၏။ ကိုးနှစ်တိုင်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ယခင်က ဟေးပင်းထိုင်၏ မြေအောက် အကျဉ်းထောင်တွင် တစ်ကြိမ် တွေ့ခဲ့ဖူးသော်လည်း ဤတစ်ကြိမ်မှသာ အမှန်တကယ် ပြန်လည် ဆုံတွေ့ခြင်း ဖြစ်၏။
ဤလူနှစ်ဦးက တကယ့်ကို အသက်ပေး၍ ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြ၏။ သို့ပေမည့် တွေ့ဆုံပြီးနောက် စကားများများ မပြောဘဲ အဆက်မပြတ် အရက်ကိုသာ သောက်နေကြသည်။
မင်းသား ယင်ချွဲ့မှာ ဘာမှ ပြောင်းလဲသွားခြင်း မရှိဘဲ ကိုးနှစ်တိုင်တိုင် အကျဉ်းချခံထားရသော်လည်း စိတ်ဓာတ်ကျဆင်းသွားခြင်း မရှိချေ။ စကားနည်းသွားသော်လည်း မျက်လုံး အကြည့်များက ထက်မြက်ပြီး စိတ်အားထက်သန်နေဆဲ ဖြစ်၏။
“အရှင်မင်းသား… တာ့ကျိုး မြို့တော်ကို ကျုပ်တို့ သိမ်းပိုက်နိုင်ခဲ့ပြီ။ နောက်တစ်ဆင့်က တာ့ကျိုး ဧကရာဇ် ကျိုးလင်ရဲ့ နန်းစွန့်ပွဲ အခမ်းအနားပဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒီအခမ်းအနားက အရမ်း အရေးကြီးတယ်။ ဒီအခမ်းအနား ပြီးဆုံးမှသာ တာ့ကျိုး အင်ပါယာက အမှန်တကယ် ပျက်သုဉ်းသွားပြီလို့ သတ်မှတ်လို့ ရမယ်။ ဧကရာဇ်မင်းမြတ်က ဒီအခမ်းအနားကို လာပြီး ဦးဆောင်မှာ မဟုတ်ဘူး။”
တာယင် ဧကရာဇ်က သေချာပေါက် လာတက်မည် မဟုတ်ချေ။ အကြောင်းမှာ နန်းလွှဲပေးခြင်း မဟုတ်ဘဲ တာ့ကျိုး ဧကရာဇ်၏ ကိုယ်တိုင် နန်းစွန့်ခြင်း ဖြစ်သောကြောင့်ပင်။
ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “ဒါကြောင့် အခု ဒီနန်းစွန့်ပွဲ အခမ်းအနားကို ဦးဆောင်ဖို့ အသင့်တော်ဆုံး လူနှစ်ယောက် ရှိတယ်။ တစ်ယောက်က ယင်းချင်ဝမ်ဖြစ်ပြီး သူက စစ်သူကြီးချုပ် ဖြစ်သလို တော်ဝင် မျိုးနွယ်လည်း ဖြစ်တယ်။ နောက်တစ်ယောက်ကတော့ အရှင်မင်းသားပဲ။”
မင်းသား ယင်ချွဲ့က အံ့အားသင့်သွားပြီး ပြောလိုက်၏။ “ဒီလိုလုပ်ဖို့ မလိုတော့ဘူး ထင်ပါတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “လိုအပ်တယ်။ လူတွေရဲ့ စိတ်က အလွန် ကြောက်စရာကောင်းတယ်။ ဒီလို အကာအကွယ်တစ်ခု ရှိနေတာက မရှိတာထက် ပိုကောင်းတယ်။”
မင်းသား ယင်ချွဲ့က အလွန် ဖြောင့်မတ်လွန်းသူ ဖြစ်သည်။ သူ့ကို ကယ်တင်ပြီးနောက် ယွင်ကျုံးဟဲ့က ချက်ချင်း သွားတွေ့ပြီး အခြေအနေကို ဦးဆောင်ရန်၊ တာ့ကျိုး မယ်တော်ကြီးနှင့် ဧကရာဇ်ကို ဖမ်းဆီးရန်၊ ပိုင်ကျန်း၏ စစ်တပ်ကို လက်နက်ချအောင် ဖျောင်းဖျရန် တောင်းဆိုခဲ့၏။
သူက ကိုးနှစ်တိုင်တိုင် အကျဉ်းချခံထားရသောကြောင့် ဤအောင်မြင်မှု ရှိမှသာ တာယင်သို့ ပြန်ရောက်ချိန်၌ ဂုဏ်ကျက်သရေ ရှိမည်ဖြစ်ပြီး နန်းတွင်း၌လည်း ခိုင်မာစွာ ရပ်တည်နိုင်မှာ ဖြစ်သည်။
သို့ပေမည့် မင်းသား ယင်ချွဲ့က သဘောမတူဘဲ အိပ်စက်ရခြင်းကိုသာ ပို၍ သဘောကျပြီး အောင်မြင်မှုကို မလိုချင်ခဲ့ချေ။ ယွင်ကျုံးဟဲ့က သူ့ကို ကာကွယ်ရန်အတွက် အောင်မြင်မှုတစ်ခုကို အတင်း ဖန်တီးပေးရခြင်း ဖြစ်၏။
“ကျုပ် ဧကရာဇ်မင်းမြတ်ဆီကို လျှောက်တင်စာ ပို့ထားပြီးပြီ။ အရှင်မင်းသားနဲ့ ယင်းချင်ဝမ်တို့ အတူတူ တာ့ကျိုး ဧကရာဇ်ရဲ့ လက်နက်ချမှုကို လက်ခံပြီး တာ့ကျိုး ဧကရာဇ်ရဲ့ နန်းစွန့်ပွဲ အခမ်းအနားကို အတူတူ ဦးဆောင်ဖို့ပါ။ ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော် မကြာခင် ရောက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။” ယွင်ကျုံးဟဲ့က ပြောလိုက်သည်။
မင်းသား ယင်ချွဲ့က ပြောလိုက်၏။ “ခင်ဗျား ကျုပ်ကို ကာကွယ်ပေးနေတာ ကျုပ် သိပါတယ်။ အားလုံး အရက်ခွက်ထဲမှာ ပါပြီးသားပါ။”
သူက အရက်ခွက်ကို မြှောက်လိုက်၏။ ယွင်ကျုံးဟဲ့လည်း အရက်ခွက်ကို မြှောက်လိုက်သည်။
မင်းသား ယင်ချွဲ့က မေးလိုက်၏။ “ညီတော်ယွင်… ကျုပ် နောက်ထပ် ဘာဆက်လုပ်ရမယ် ထင်လဲ။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “တာ့ကျိုး မြို့တော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး တာ့ကျိုး အင်ပါယာလည်း ပျက်သုဉ်း သွားပြီလို့ ဆိုနိုင်ပေမယ့် ရည်မှန်းချက်ကြီးတဲ့ လူတချို့က အခွင့်အရေးယူပြီး ပုန်ကန်ကာ ကိုယ့်ကိုယ်ကိုယ် ဘုရင်အဖြစ် ခန့်အပ်ကြမှာ သေချာတယ်။ ဥပမာ တောင်ပိုင်းနယ်စပ်၊ အနောက်ပိုင်း နယ်စပ်တွေမှာပေါ့။
အထူးသဖြင့် အနောက်ပိုင်း နယ်စပ်က တာ့ရှီး အင်ပါယာနဲ့ ဆက်စပ်နေတော့ တာ့ရှီး အင်ပါယာက ထောင့်တစ်နေရာက တာ့ကျိုး တော်ဝင်မျိုးနွယ် တစ်ယောက်ကို ရှာပြီး အနောက်ကျိုး အင်ပါယာဆိုတာမျိုး တည်ထောင်ပေးနိုင်တယ်။
အရှင်မင်းသားအနေနဲ့ ဧကရာဇ်မင်းမြတ်ဆီ လျှောက်တင်စာပို့ပြီး စစ်တပ်တစ်တပ်ကို ဦးဆောင်ပြီး တာ့ကျိုးရဲ့ အနောက်ပိုင်း နယ်စပ်ကို အခြေအနေကို ထိန်းချုပ်ဖို့ သွားသင့်တယ်။”
မင်းသား ယင်ချွဲ့က မေး၏။ “ဒါဆို ဦးလေးတော် ယင်းချွဲ့ ဘက်ကရော။”
ယွင်ကျုံးဟဲ့က ရှင်းပြသည်။ “အခု ယင်းချင်ဝမ်က အရှင်မင်းသား ဒီတာဝန်ကို ယူပေးဖို့ မျှော်လင့်နေမှာပါ။ အရှင်မင်းသားက ကိုးနှစ်တိုင်တိုင် အကျဉ်းချခံထားရပေမယ့် တာယင်အင်ပါယာရဲ့ စစ်သူကြီးချုပ် ဖြစ်ပြီး နာမည်ဂုဏ်သတင်း ကြီးမားဆဲ ဖြစ်တယ်။
ပိုင်ရှင်မြဲ့နယ်မြေ စစ်ပွဲတုန်းက အရှင်မင်းသားက စစ်ရှုံးပြီး အဖမ်းခံရတာ မဟုတ်ဘဲ ကျုပ်အတွက် ကလဲ့စားချေပေးဖို့ တာ့ကျိုး နယ်နိမိတ်အတွင်းကို ဝင်ရောက် တိုက်ခိုက်ရင်း ရန်သူရဲ့ လုပ်ကြံမှုကြောင့် အဖမ်းခံခဲ့ရတာဖြစ်လို့ နာမည် မပျက်ခဲ့ဘူး။
ယင်းချင်ဝမ်က အခု သူ့ရဲ့အောင်မြင်မှုတွေ အရမ်း ကြီးမားနေလို့ စိတ်ပူနေတာဖြစ်ပြီး သူက အရှင်မင်းသားကို သေချာပေါက် ထောက်ခံပါလိမ့်မယ်။”
မင်းသား ယင်ချွဲ့က ပြောလိုက်၏။ “ကောင်းပြီ။ ကျုပ် ခင်ဗျားစကားကို နားထောင်မယ်။ အခု ချက်ချင်း ခမည်းတော်ဆီ လျှောက်တင်စာ ပို့လိုက်မယ်။”
ထို့နောက် သူတို့နှစ်ဦး ဆက်လက်၍ အရက်သောက်ကြပြန်သည်။
မင်းသား ယင်ချွဲ့က ရယ်မောကာ ပြောလိုက်၏။ “ညီတော်ယွင်… အခု ကျုပ်တို့ တာယင် နန်းတွင်းမှာ ခင်ဗျားအတွက် အငြင်းပွားနေကြတယ်လို့ ကြားတယ်။ နိုင်ကော်က ခင်ဗျားဟာ စာပေပညာရှင် ဖြစ်ပြီး ကျွမ့်ယွမ် အရည်အချင်းရှိလို့ တာယင်ကို ပြန်ရောက်ရင် စာပေအမတ်အဖြစ် နိုင်ကော်ထဲ ဝင်သင့်တယ်လို့ ပြောနေကြတယ်။ ရာထူးတောင် စဉ်းစားပေးထားပြီးပြီ။ ကွမ်ဟွာ နန်းဆောင် ကြီးကြပ်ရေးမှူးတဲ့။
ဟေးလုံထိုင် ဘက်ကတော့ လူတိုင်းက ခင်ဗျားကို ဒု-ခေါင်းဆောင်အဖြစ် လာလုပ်ဖို့ မျှော်လင့်နေကြတယ်။ နှစ်အနည်းငယ်ကြာရင် ကုန်းဆွန်းယန်ရဲ့ နေရာကို ဆက်ခံဖို့ပေါ့။ ဘယ်နေရာကို ရွေးချယ်သင့်သလဲ ဆိုတာကို ခင်ဗျား သေချာ စဉ်းစားထားပါ။”
ယွင်ကျုံးဟဲ့လည်း လိုက်၍ ရယ်မောကာ ပြောလိုက်သည်။ “ဒါဆိုရင် ကျုပ် သေချာ ရွေးချယ်ရတော့မှာပေါ့။”
အရက်ခွက် အနည်းငယ် ထပ်သောက်ပြီးနောက် ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အရှင်မင်းသား… ကျုပ် မိတ်ဆွေဟောင်းတစ်ယောက်ကို သွားတွေ့မလို့… အရှင်မင်းသား လိုက်ခဲ့မလား။”
ယင်ချွဲ့က မေးလိုက်သည်။ “မိတ်ဆွေဟောင်း… ဘယ်မိတ်ဆွေဟောင်းလဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ယန်ဖြန်ရှန်..”
ယင်ချွဲ့က ခဏ စဉ်းစားပြီးနောက် ခေါင်းယမ်းကာ ပြောလိုက်သည်။ “ကျုပ် မလိုက်တော့ပါဘူး။”
မြို့ပြင်ရှိ တောင်ထိပ်ပေါ်မှ မဏ္ဍပ်တစ်ခု အတွင်း၌...
ယန်ဖြန်ရှန်က တစ်ယောက်တည်း အရက်သောက်နေသည်။ သူက သူတောင်းစား ပုံစံသို့ ပြန်လည် ပြောင်းလဲသွားပြန်၏။
ယွင်ကျုံးဟဲ့က အနီးသို့ ရောက်ရှိလာသည်။
“ပေါက်စီ… စားမလား။” ယန်ဖြန်ရှန်က ကမ်းပေးလိုက်၏။
ယွင်ကျုံးဟဲ့က ယူကာ စားလိုက်သည်။
“အရက် သောက်မလား။” ယန်ဖြန်ရှန်က ထပ်မေးလိုက်၏။
ယွင်ကျုံးဟဲ့က ယူကာ တစ်ငုံ သောက်လိုက်သည်။
သူတို့နှစ်ဦး ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က ယွင်ကျုံးဟဲ့က ဗေဒင်ဟောသည့် ဆိုင်လေး ဖွင့်ထားပြီး အလွန် ဗိုက်ဆာနေချိန်တွင် သူတောင်းစား အိုကြီးတစ်ဦး ရောက်လာကာ ပေါက်စီတစ်လုံး ကမ်းပေးခဲ့ခြင်း ဖြစ်သည်။ ထိုအဖြစ်အပျက်က လွန်ခဲ့သော ဆယ့်တစ်နှစ်က ဖြစ်သော်လည်း မနေ့ကလိုပင် ထင်မှတ်ရ၏။
ယခု မျက်စိရှေ့မှ ယန်ဖြန်ရှန်နှင့် ထိုအချိန်က ယွင်ကျုံးဟဲ့ကို ပေါက်စီပေးခဲ့သော သူတောင်းစားကြီးမှာ လုံးဝ တစ်ထပ်တည်း တူညီနေသည်။
“အစ်ကိုယန်… နောက်ထပ် ဘာအစီအစဉ် ရှိလဲ။ ဆက်မနေတော့ဘူးလား။” ယွင်ကျုံးဟဲ့က မေးလိုက်၏။
ယန်ဖြန်ရှန်က ဖြေလိုက်သည်။ “ကျုပ် ပြောပြီးသားပါ။ ကျုပ် တာယင်အင်ပါယာကို လက်နက်ချဖို့ မဖြစ်နိုင်ဘူး။ အဲဒီလိုလုပ်ရင် မျက်နှာအရရော၊ စိတ်ပိုင်းဆိုင်ရာ အရရော၊ စိတ်ဝိညာဉ် အရရော အဆင်မပြေနိုင်ဘူး။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒီမှာ ဆက်နေပြီး ချမ်းသာတဲ့ သူဌေးကြီးတစ်ယောက် အဖြစ် နေလို့ ရတယ်။ တာယင်အင်ပါယာကို လက်နက်ချစရာ မလိုဘူး။”
ယန်ဖြန်ရှန်က ပြန်ပြောသည်။ “ကျုပ်က မွေးရာပါ သူဌေးကြီး လုပ်လို့မရတဲ့ သူပါ။ အရိုးထဲကကို အောက်တန်းကျနေတာ။ ကုတင်ပေါ်မှာ အိပ်မပျော်ဘူး။ ကြမ်းပြင်ပေါ်မှာ အိပ်မှ အိပ်ပျော်တာ။ ဒီအချက်ကို ခင်ဗျားလည်း သိတယ်။ နောက်ဆိုရင် ကျုပ်က အသက်မွေးဝမ်းကျောင်းဖို့ သူတောင်းစား သွားလုပ်တော့မယ်။ အလုပ်ဟောင်း ပြန်လုပ်တာပေါ့။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကျင်းကျုံးယွဲ့ကို သွားမရှာတော့ဘူးလား။”
ယန်ဖြန်ရှန်က အံ့အားသင့်သွားပြီး ခေါင်းယမ်းကာ ဖြေသည်။ “မသွားတော့ဘူး။ သွားလို့လည်း မရတော့ဘူး။”
သူနှင့် ကျင်းကျုံးယွဲ့တို့က မောင်နှမအရင်းများကဲ့သို့ ရင်းနှီးခဲ့ကြသော်လည်း ယခင် အခြေအနေသို့ ဘယ်တော့မှ ပြန်ရောက်နိုင်တော့မည် မဟုတ်ချေ။
ယန်ဖြန်ရှန်က သက်ပြင်းချကာ ပြောလိုက်၏။ “ကျုပ်က မွေးတည်းက သူတောင်းစား ဖြစ်ခဲ့တာ။ အခု အကြီးအကျယ် လှည့်လည်ပြီးနောက် သူတောင်းစား ပြန်လုပ်ရတာလည်း မဆိုးဘူး။ သိုင်းပညာလည်း နည်းနည်း ရှိတယ်။ ဦးနှောက်လည်း နည်းနည်း ရှိတယ်ဆိုတော့ သူတောင်းစား လုပ်ရင်တောင် အနိုင်ကျင့် မခံရနိုင်ဘူး။
အခု လောကကြီးက အရှုပ်အထွေး ဖြစ်နေပြီး နေရာတိုင်းမှာ အသုဘတွေ ရှိနေတယ်။ ကျုပ်က လူတွေဆီသွားပြီး အသုဘစောင့်ပေးမယ်။ ငိုပေးမယ်ဆိုရင် စားဝတ်နေရေး ပြဿနာ မရှိဘူး။ ဒီလို ဘဝက ပိုပြီး လွတ်လပ်ပေါ့ပါးတယ် မဟုတ်လား။ အကယ်၍ ကျုပ်က ပါရမီပါတယ်ဆိုရင် သူတောင်းစား ဂိုဏ်းချုပ်တောင် ဖြစ်လာနိုင်တယ်လေ။ ဟား... ဟား... ဟား...”
ယွင်ကျုံးဟဲ့မှာ ဘာပြောရမှန်း မသိတော့ဘဲ ရင်ထဲတွင် အနည်းငယ် ဝမ်းနည်းသွားမိသည်။
ကျင်းကျုံးယွဲ့က ရည်မှန်းချက် ပျောက်ဆုံးသွားပြီးနောက် မြင်းဓားပြ လုပ်ရန်သာ အာရုံစိုက်နေသည်။ ယန်ဖြန်ရှန်ကလည်း ရည်မှန်းချက် ပျောက်ဆုံးသွားပြီးနောက် သူ၏ အလုပ်ဟောင်းဖြစ်သော သူတောင်းစား ပြန်လုပ်ကာ လောကအနှံ့ လှည့်လည်ရန်သာ အာရုံစိုက်နေ၏။
ယခုတစ်ကြိမ် တာယင်အင်ပါယာက တာ့ကျိုးမြို့တော်ကို သိမ်းပိုက်နိုင်ခဲ့ခြင်းတွင် အကြီးမားဆုံး အောင်မြင်မှုမှာ ယန်ဖြန်ရှန်၏ အောင်မြင်မှု ဖြစ်သော်လည်း သူက ထိုအောင်မြင်မှုကို လက်ခံရန် လုံးဝ စိတ်မဝင်စားချေ။
သူတောင်းစား လုပ်ရမည်ကို ပိုလိုလားပြီး တာယင်အင်ပါယာ၏ ချမ်းသာကြွယ်ဝမှုများကို မခံစားလိုပေ။
ယခု ယန်ဖြန်ရှန်၏ စိတ်က သေဆုံးနေပြီဖြစ်ပြီး လောကအနှံ့ လှည့်လည် နေထိုင်ခြင်းက အနည်းငယ်မျှသော အသက်ရှင်သန်မှုလေးကို ပြန်လည် ရယူလိုခြင်းသာ ဖြစ်၏။
တစ်နေ့နေ့ တကယ် အသက်မရှင်ချင်တော့လျှင် ရေမြောင်းပုပ်ကြီးတစ်ခု ဘေးတွင် သေဆုံးသွားရုံသာ ရှိသည်။
“ခင်ဗျားရော… ယွင်ကျုံးဟဲ့။ ခင်ဗျားမှာ ဘာအစီအစဉ် ရှိသလဲ။” ယန်ဖြန်ရှန်က မေးလိုက်၏။
ယွင်ကျုံးဟဲ့က ဖြေသည်။ “ကျုပ်လား… ဒီလောကကြီးက မြူနှင်းတွေ၊ အမှောင်ထုတွေ ဖုံးလွှမ်းနေဆဲပဲ။ ကျုပ် သွားပြီး အမှန်တရားကို ရှာဖွေရလိမ့်မယ်။”
ယွင်ကျုံးဟဲ့၏ စကားကို ကြားပြီးနောက် ယန်ဖြန်ရှန်လည်း အနည်းငယ် တိတ်ဆိတ်သွား၏။
အရက်တစ်ငုံ သောက်လိုက်ပြီး သူ့ကိုယ်သူ အနည်းငယ် မူးယစ်သွားစေသည်။
ယန်ဖြန်ရှန်က ပြောလိုက်၏။ “ယွင်ကျုံးဟဲ့… ကျုပ် အစက နှုတ်မဆက်ဘဲ ထွက်သွားမလို့ စဉ်းစားထားတာ။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားနဲ့ တွေ့ရတာ အရမ်း အနေရခက်လို့လေ။ ဒါပေမဲ့ အကြိမ်ကြိမ် တွေဝေပြီးနောက် ခင်ဗျားကို တရားဝင် နှုတ်ဆက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားကို ပြောပြရမယ့် အရေးကြီးတဲ့ ကိစ္စနှစ်ခု ရှိနေလို့ပါ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အရမ်း အရေးကြီးသလား။”
ယန်ဖြန်ရှန်က ဖြေ၏။ “အရမ်း အရေးကြီးတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါဆို ပထမတစ်ခုကို ပြောပါ။”
ယန်ဖြန်ရှန်က ပြောလိုက်၏။ “ပထမတစ်ခုက မင်းသမီး ရှန်းရှန်းရဲ့ ဇာစ်မြစ်အကြောင်းပဲ။ သူကလည်း နုဧကရာဇ်ရဲ့ သွေးမျိုးဆက်အရင်းပဲ။”
ထိုစကားကြောင့် ယွင်ကျုံးဟဲ့၏ မျက်နှာက ပြင်းထန်စွာ တုန်ယင်သွား၏။ ယန်ဖြန်ရှန် ပြောပြသော ပထမဆုံး လျှို့ဝှက်ချက်ကပင် ကောင်းကင်ကို တုန်လှုပ်စေလောက်သည်။
ယန်ဖြန်ရှန်က ဆက်ပြော၏။ “သေချာတာကတော့ သူက တမင် ဖုံးကွယ်ထားတာ မဟုတ်ဘူး။ မင်းသမီး ရှန်းရှန်း ကိုယ်တိုင်တောင် ဒီလျှို့ဝှက်ချက်ကို မသိဘူး။”
ထို့နောက် ယန်ဖြန်ရှန်က ထပ်မံ ပြောဆိုလိုက်သည်။ “ဒုတိယ လျှို့ဝှက်ချက် တစ်ခု ရှိသေးတယ်။ ခင်ဗျားရဲ့ ဇာစ်မြစ်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်ပဲ။ ယွင်ကျုံးဟဲ့… ခင်ဗျားရဲ့ အမေအရင်းက ဘယ်သူလဲဆိုတာ သိသလား။ ဒါက ခင်ဗျား လုံးဝ စိတ်ကူးမယဉ်ရဲတဲ့ အမျိုးသမီး တစ်ယောက်ပဲ။”
ဒုတိယ လျှို့ဝှက်ချက်က ပိုပြီး အံ့အားသင့်စရာ ကောင်းနေသည်မှာ သေချာ၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘယ်သူလဲ။”
ယန်ဖြန်ရှန်က ဖြေလိုက်၏။ “သန့်စင်သော ကျောင်းတော်။”
.......................
အပိုင်း (၆၅၆)
ယွင်ကျုံးဟဲ့၏ မျက်လုံးများက တုန်လှုပ်သွားပြီးနောက် သက်ပြင်း ချလိုက်သည်။
ယန်ဖြန်ရှန်က ပြောလိုက်၏။ “ယွင်ကျုံးဟဲ့… ခင်ဗျားက ဒီအဖြေနဲ့ ပတ်သက်ပြီး သိပ် အံ့အားသင့်ပုံ မပေါ်ဘူးနော်။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ဒီကိစ္စကို ကျုပ် တွေးနေခဲ့တာ ကြာပြီ။ အထူးသဖြင့် ယွမ်ထျန်းရှဲ့က ကျုပ်ကို ဘာကြောင့် သစ္စာစောင့်သိရသလဲ၊ ကျုပ်အကြောင်းတွေ ဘာလို့သိနေသလဲ ဆိုတာကိုပေါ့။ ကျုပ် သူ့ကို အကြိမ်ကြိမ် မေးခဲ့ပေမယ့် သူ တစ်ခါမှ မဖြေခဲ့ဘူး။”
ယန်ဖြန်ရှန်က ရှင်းပြလိုက်၏။ “ထျန်းကျိုး နတ်ဧကရာဇ်က ကိုယ့်ကိုယ်ကိုယ် အရမ်း ဖုံးကွယ်နိုင်တဲ့ လူတစ်ယောက်ပဲ။ သူက ကျုပ်ကို ကယ်တင်ပြီးနောက် ကျုပ်က ချုံထျန်းဘုန်းကြီးအဖြစ် သူနဲ့ အတူတူ ရှိနေခဲ့တယ်။
ခင်ဗျားက ယွင်ကျုံးဟဲ့ဆိုတာကို သူ သိပေမဲ့ ဘာမှ မသိချင်ယောင် ဆောင်နေခဲ့တယ်။ ပြီးတော့ ယွမ်ထျန်းရှဲ့က ခင်ဗျားကို သစ္စာစောင့်သိတာကို သိတဲ့အခါမှာလည်း သူက ဘာမှ မသိချင်ယောင် ဆောင်နေခဲ့ပြန်တယ်။ အဲဒီနောက်ပိုင်း ခင်ဗျားရဲ့ ဇာစ်မြစ်ကို သေချာ စုံစမ်းဖို့ အချိန်အတော်ကြာ ယူခဲ့ရတာပါ။”
ဤအချက်နှင့် ပတ်သက်၍ ယွင်ကျုံးဟဲ့လည်း အလွန် အံ့ဩချီးကျူးမိ၏။ ထျန်းကျိုး နတ်ဧကရာဇ်သည် ယွင်ကျုံးဟဲ့၏ ထူးခြားသော လုပ်ရပ်များ အားလုံးကို လုံးဝ လျစ်လျူရှုထားခဲ့သည်။ ယွင်ကျုံးဟဲ့က မေးလိုက်လျှင်လည်း ကျုပ် ခင်ဗျားကို ယုံတယ်ဟုသာ ပြောပြီး ဘာမှ ထပ်မမေးတော့ချေ။
ယန်ဖြန်ရှန်က ဆက်ပြောသည်။ “ယွမ်ထျန်းရှဲ့ဟာ သူ့ဘဝ တစ်ဝက်ကျော်ကို သန့်စင်သော ကျောင်းတော် ရှိရာ နေရာကို ရှာဖွေဖို့ သုံးစွဲခဲ့တယ်။ အဲဒီနောက် ပြင်းထန်တဲ့ အပြောင်းအလဲတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ဟွမ်ထျန်းဂိုဏ်းကို တည်ထောင်ကာ တောင်ပိုင်းမှာ ပုန်ကန်ဖို့ ပြင်ဆင်ခဲ့တယ်။ ဒါပေမဲ့ ဒီလို ကြီးကျယ် ခမ်းနားတဲ့ ပုန်ကန်မှုကြီး မစတင်ခင်မှာပဲ ခင်ဗျားက နှိမ်နင်းပစ်လိုက်တယ်။
ပြီးတော့ ဒီလို ထူးခြားတဲ့လူက ခင်ဗျားကို သစ္စာစောင့်သိသွားတာက အရမ်းကို ယုတ္တိမရှိ ဖြစ်နေတယ်။ ခင်ဗျားကိုယ်တိုင်တောင် အံ့အားသင့်ခဲ့သလို ဧကရာဇ်ဟောင်းနဲ့ ကျုပ်လည်း အံ့အားသင့်ခဲ့ရတယ်။ ဒါကြောင့် ကျုပ်တို့က သန့်စင်သော ကျောင်းတော်နဲ့ ဆက်စပ် စဉ်းစားမိခဲ့တာပါ။”
ယွင်ကျုံးဟဲ့က ယန်ဖြန်ရှန်ကို အရက်တစ်ခွက် ငှဲ့ပေးလိုက်၏။
ယန်ဖြန်ရှန်က ဆက်ပြောလိုက်သည်။ “ဧကရာဇ်ဟောင်းက ဘယ်သူ့ကိုမဆို ဖုံးကွယ်ထားတတ်တဲ့ သူပဲ။ အပြင်ပန်းမှာ သူက ကျုပ်ကို အရမ်း ယုံကြည်ပေမဲ့ တကယ်တမ်း ကိစ္စအများစုကို ကျုပ်ကို ဘယ်တော့မှ မပြောပြဘူး။
အသေးစိတ် အချက်အလက် တော်တော်များများကို ကျုပ်ကိုယ်တိုင် သတိထားမိခဲ့တာပါ။ ဥပမာ ခင်ဗျားက အိမ်ရှေ့စံ ကျိုးလီကိုခေါ်ပြီး မီတျဲချိုင့်ဝှမ်းကနေ ပြန်လာတော့ ကျုပ် ခင်ဗျားကို အကျဉ်းထောင်ထဲ ဖမ်းထည့်ပြီး သတ်မယ်လို့ ပြောခဲ့တာ မှတ်မိသေးသလား။”
ယွင်ကျုံးဟဲ့ သေချာပေါက် မှတ်မိ၏။
ယန်ဖြန်ရှန်က ပြောလိုက်သည်။ “ကျုပ် ခင်ဗျားကို အဆိပ် ထိုးသွင်းလိုက်တဲ့ အချိန်မှာ ဧကရာဇ်ဟောင်းက အမှောင်ထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။ အဲဒီတုန်းက ကျုပ် လုံးဝ သတိမထားမိခဲ့လို့ အရမ်း လန့်သွားခဲ့တယ်။
ပြီးတော့ သူက ခင်ဗျားရဲ့ မျက်လုံးတွေကို အကြိမ်ကြိမ် ဖွင့်ကြည့်ပြီး အလင်းရောင် အားကောင်းတဲ့ မီးနဲ့တောင် ခင်ဗျားရဲ့ မျက်လုံးကို ထိုးကြည့်ခဲ့သေးတယ်။ ဒါပေမဲ့ သူ လိုချင်တဲ့ အရာကို မတွေ့ခဲ့လို့ အရမ်း စိတ်ပျက်ပြီး ထွက်သွားခဲ့တာပါ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါက ဘာပြဿနာ ရှိလို့လဲ။”
ယန်ဖြန်ရှန်က ပြန်မေးသည်။ “ခင်ဗျား ရွှေရောင် မျက်လုံး အကြောင်း ကြားဖူးသလား။”
ယွင်ကျုံးဟဲ့က ခေါင်းယမ်းကာ ဖြေ၏။ “တစ်ခါမှ မကြားဖူးဘူး။”
ယန်ဖြန်ရှန်က ထပ်မေးသည်။ “ဒါဆို ခင်ဗျား နတ်ဆိုး မျက်လုံး အကြောင်းကိုရော ကြားဖူးသလား။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “နတ်ဆိုး မျက်လုံး ဆိုတာ ဘာလဲ။”
ယန်ဖြန်ရှန်က ဖြေသည်။ “ကျင်းဝူရွမ်းရဲ့ မျက်လုံးတွေ၊ ကျိုးလင်ရဲ့ မျက်လုံးတွေကို ခင်ဗျား မြင်ဖူးတယ် မဟုတ်လား။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မြင်ဖူးတယ်။ ကျင်းဝူရွမ်းနဲ့ ကျိုးလင်ရဲ့ မျက်လုံးတွေက အရမ်း ထူးခြားတယ်။ အရမ်း တောက်ပပြီး ထူးခြားတဲ့ အလင်းရောင်နဲ့ မှော်စွမ်းအင်တွေ ပြည့်နှက်နေတယ်။ ကြောင်မျက်လုံးနဲ့ နည်းနည်းတူပြီး သာမန် လူတွေထက် ပိုပြီး ဆွဲဆောင်မှု ရှိတယ်။”
ယန်ဖြန်ရှန်က ပြောလိုက်သည်။ “မှန်တယ်။ သားရဲ မျက်လုံးနဲ့ တူတယ်။ နုဧကရာဇ်ရဲ့ သွေးမျိုးဆက် အရင်းတွေ အားလုံးမှာ ဒီလို နတ်ဆိုး မျက်လုံး ရှိတယ်။”
ယွင်ကျုံးဟဲ့က ဝင်ပြောလိုက်၏။ “ဘာဖြစ်လို့ သားရဲ မျက်လုံးလို့ မခေါ်ဘဲ နတ်ဆိုး မျက်လုံးလို့ ခေါ်ရတာလဲ။ အရမ်း စိတ်ကူးယဉ် ဆန်လွန်းနေတယ်။”
ယန်ဖြန်ရှန်က ရှင်းပြသည်။ “ဘာဖြစ်လို့လဲဆိုတော့ တာ့ရှန်း အင်ပါယာက အရင်တုန်းက တာ့ရှန်း နတ်ဆိုး နိုင်ငံလို့ အခေါ်ခံခဲ့ရလို့လေ။ ဒါပေမဲ့ သားရဲ မျက်လုံးလို့ ခေါ်တာ ပိုပြီး ယုတ္တိရှိပါတယ်။”
ယွင်ကျုံးဟဲ့က တောင်းဆိုလိုက်၏။ “အစ်ကိုယန်… ဆက်ပြောပါ။”
ယန်ဖြန်ရှန်က ဆက်ပြောသည်။ “ရာဇဝင်တွေ အရဆိုလျှင် သန့်စင်သော ကျောင်းတော်ရဲ့ သွေးမျိုးဆက် ရှိသူတွေ အားလုံးမှာ ရွှေရောင်မျက်လုံး ရှိကြတယ်။ သာမန် အခြေအနေမှာဆိုလျှင် မြင်ရမှာ မဟုတ်ဘဲ သေခါနီးအချိန် ရောက်မှသာ ဒီရွှေရောင် မျက်လုံးက ပေါ်လာတတ်တယ်။
ဒါကြောင့် အဲဒီတုန်းက ဧကရာဇ်ဟောင်းက ခင်ဗျားကို အဆိပ်နဲ့ သတ်သလို ဟန်ဆောင်ခဲ့တာပါ။ ဒါပေမဲ့ ခင်ဗျားရဲ့ ရွှေရောင် မျက်လုံးက ပေါ်မလာခဲ့ဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ ရွှေရောင် မျက်လုံးကို ကျုပ် မြင်ဖူးတယ်။”
‘ဩော်… ဟုတ်သားပဲ။’
ထိုအချိန်က ပိုင်ရှင်မဲ့ နယ်မြေတွင် ယန်ဖြန်ရှန်က ယွင်ကျုံးဟဲ့၏ ရင်ဘတ်ကို ဓားဖြင့် ထိုးခဲ့ဖူးသည်။ သူ၏ နှလုံးသားက ဘေးရောက်နေ၍သာ ယွင်ကျုံးဟဲ့ သေဘေးမှ လွတ်ခဲ့ခြင်း ဖြစ်၏။
ထို့အပြင် ထိုအချိန်က ယွင်ကျုံးဟဲ့သည်လည်း သူ သေရတော့မည်ဟု တကယ် ထင်မှတ်ခဲ့ပြီး သေမင်းနှင့် ရင်ဆိုင်ရသည့် အချိန်လည်း ဖြစ်သည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အဲဒီတုန်းက ကျုပ်ဆီမှာ ရွှေရောင် မျက်လုံး ပေါ်လာခဲ့သလား။”
ယန်ဖြန်ရှန်က ဖြေလိုက်သည်။ “မှန်တယ်။ ကျုပ် ဓားနဲ့ ခင်ဗျားရဲ့ ရင်ဘတ်ကို ထိုးလိုက်တဲ့ အချိန်မှာ ခင်ဗျားရဲ့ မျက်လုံး နှစ်ဖက်စလုံးကနေ ရွှေရောင် အလင်းတန်း တစ်ချက် လက်ခနဲ ထွက်ပေါ်လာခဲ့တယ်။ ခဏလေးပဲဆိုတော့ အဲဒီတုန်းက ကျုပ် မျက်စိမှားတာလားလို့တောင် ထင်ခဲ့မိသေးတယ်။ မဟုတ်ရင်လည်း သေခါနီး အချိန်မှာ ဖြစ်ပေါ်လာတဲ့ ထူးခြားတဲ့ တုံ့ပြန်မှု တစ်ခုပဲလို့ ထင်ခဲ့တာ။ မကြာသေးခင်ကမှ ဒါက သန့်စင်သော ကျောင်းတော်ရဲ့ သွေးသားကို သက်သေပြတဲ့ အမှတ်အသား ဆိုတာကို ကျုပ် သိလိုက်ရတာပါ။”
ယွင်ကျုံးဟဲ့က အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ “ကျုပ် ကိုယ်တိုင်တောင် ရွှေရောင် မျက်လုံး ဆိုတာဘာလဲ။ ဘယ်လိုပုံစံလဲ ဆိုတာ မသိဘူး။ ဒီလျှို့ဝှက်ချက်ကို ဧကရာဇ်ဟောင်းက ခင်ဗျားကို မပြောပြခဲ့ဘူးလား။”
ယန်ဖြန်ရှန်က ပြောလိုက်သည်။ “သေချာပေါက် မပြောပြခဲ့ဘူး။”
ယန်ဖြန်ရှန်က ဆက်ပြော၏။ “ဒါပေမဲ့ သူက ဒီကိစ္စနဲ့ ပတ်သက်ပြီး အမြဲတမ်း သံသယ ကြီးကြီးမားမား ရှိနေခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ဆယ့်သုံးလ တစ်ကြိမ် ခင်ဗျားရဲ့ သွေးကို သုံးပြီး ရောဂါကို ကုသနေရလို့လေ။
ဆယ့်သုံးလ တစ်ကြိမ် သူ့ခြေထောက်တွေက ထုံကျဉ်လာပြီး ဖြေဆေး မရှိရင် ပိုဆိုးလာမယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ သွေးက သူ့အတွက် ဖြေဆေး ဖြစ်နေတယ်။ ဒါဆိုရင် ယွမ်ထျန်းရှဲ့ ခင်ဗျားကို သစ္စာစောင့်သိတဲ့ ကိစ္စက ရှင်းလင်းသွားပြီပေါ့။
မီးတောင် ပေါက်ကွဲတုန်းက ခင်ဗျားက လေဟုန်စီး ဝတ်စုံ ဝတ်ပြီး ထွက်ပြေးနိုင်ခဲ့ပေမည့် အဲဒီတုန်းက ခင်ဗျား သေခါနီး တုံ့ပြန်မှု ဖြစ်ပေါ်ခဲ့လောက်တယ်။ သဘာဝရဲ့ ဘေးအန္တရာယ်ကို ရင်ဆိုင်ရတဲ့ အချိန်မှာ ခင်ဗျားရဲ့ ရွှေရောင် မျက်လုံး ပေါ်လာခဲ့ပြီး ယွမ်ထျန်းရှဲ့က တွေ့သွားတာ ဖြစ်ရမယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို မင်းသမီး ရှန်းရှန်းက နုဧကရာဇ်ရဲ့ မျိုးဆက် ဆိုတဲ့ ကိစ္စကိုရော ခင်ဗျား ဘယ်လို သိသလဲ။”
ယန်ဖြန်ရှန်က ပြန်မေး၏။ “တာ့ရှန်း နတ်ဆိုး နိုင်ငံက အရှေ့ပိုင်း လောကကို အမြဲတမ်း ထိုးဖောက် ဝင်ရောက်နေတယ်။ ပြီးတော့ သွေးသားတွေကနေ တစ်ဆင့် ထိုးဖောက် ဝင်ရောက်နေတယ် ဆိုတာ ခင်ဗျား သိသလား။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။
ယန်ဖြန်ရှန်က ရှင်းပြလိုက်၏။ “တာ့ရှန်း နတ်ဆိုးနိုင်ငံဟာ အလွန် ရက်စက်တဲ့နိုင်ငံ ဖြစ်တယ်။ မွေးလာတဲ့ အကောင်းဆုံး ကလေးတွေကို စစ်သည်အဖြစ် လေ့ကျင့်ပေးပေမည့် အားနည်းတဲ့ ကလေးတွေကိုတော့ စွန့်ပစ်ကြတယ်။
မင်းသမီး ရှန်းရှန်း မွေးလာတုန်းက သွေးမျိုးဆက် မအောင်မြင်ဘူးလို့ သတ်မှတ်ခံရပြီး စွန့်ပစ်ခံရတော့မဲ့ အချိန်မှာ ထျန်းယန် ဧကရာဇ်က သူ့အသက်ကို ကယ်တင်ခဲ့တာပါ။ သရဲတစ္ဆေ တစ်ယောက်တည်းကသာ မင်းသမီး ရှန်းရှန်းဟာ သွေးမျိုးဆက် မအောင်မြင်တာ မဟုတ်ဘဲ မျိုးဗီဇ ပြောင်းလဲသွားတဲ့ သူ တစ်ယောက် ဆိုတာကို သိခဲ့တယ်။”
“သရဲတစ္ဆေ ဟုတ်လား။” ယွင်ကျုံးဟဲ့က အံ့အားသင့်သွား၏။
ယန်ဖြန်ရှန်က ပြောလိုက်သည်။ “သူက မီတျဲ ချိုင့်ဝှမ်းရဲ့ သစ္စာဖောက်… အရင်က ပါရမီရှင် တစ်ယောက် ဖြစ်ခဲ့ပြီး ထျန်းကျိုး နတ်ဧကရာဇ်ရဲ့ ဘေးမှာ အမြဲတမ်း ရှိနေခဲ့သူပါ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒီကိစ္စတွေ အားလုံးက အစ်ကိုယန်ရဲ့ ခန့်မှန်းချက်တွေလား။”
ယန်ဖြန်ရှန်က ဖြေသည်။ “မှန်တယ်။ ခန့်မှန်းချက်တွေ… ဘာဖြစ်လို့လဲဆိုတော့ ဒီလို လျှို့ဝှက်ချက်မျိုးကို ဘယ်သူကမှ ကျုပ်ကို ပြောပြမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ် ပြောရဲတယ်ဆိုမှတော့ ရာခိုင်နှုန်း ရှစ်ဆယ်၊ ကိုးဆယ်လောက် သေချာနေလို့ပါ။”
ယွင်ကျုံးဟဲ့ကလည်း ဤအချက်ကို ဝန်ခံလိုက်၏။
ယန်ဖြန်ရှန်က ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့… ဒီအရာတွေ အားလုံးက ကျုပ်ရဲ့ ခန့်မှန်းချက်တွေ အပေါ် အခြေခံထားတာပါ။ ဒါပေမဲ့ ကျုပ်ရဲ့ ခန့်မှန်းချက်တွေသာ တကယ် ဖြစ်လာခဲ့ရင် ကံကောင်းတာလား၊ ကံဆိုးတာလား ဆိုတာ ပြောရခက်သွားလိမ့်မယ်။”
“ကောင်းပြီ။ ပြောသင့်တာရော၊ မပြောသင့်တာရော ကျုပ် ပြောပြီးပြီ ဆိုတော့ သွားတော့မယ်။” ယန်ဖြန်ရှန်က မတ်တတ်ရပ်ကာ အပြင်သို့ ထွက်သွား၏။
ဆယ်လှမ်းကျော် အရောက်တွင် ယန်ဖြန်ရှန်က ရပ်လိုက်ပြီး သတိပေးလိုက်သည်။ “ယွင်ကျုံးဟဲ့… ထျန်းကျိုး နတ်ဧကရာဇ်က သာမန် လူမဟုတ်ဘူး။ သူသေသွားရင်တောင် တစ်ခုခု ချန်ထားခဲ့နိုင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခင်ဗျားရဲ့ ဇာစ်မြစ်နဲ့ ပတ်သက်ပြီး သူက လျှို့ဝှက်ချက်တွေ အများကြီး သိထားနိုင်လို့ပါပဲ။ အရေးကြီးတဲ့ အချိန်ကျရင် တစ်ယောက်ယောက်က ဒီလျှို့ဝှက်ချက်တွေကို ဖောက်ခွဲပြီး ခင်ဗျားကို သေတွင်းထဲ ပို့လိုက်မှာကို ကျုပ် စိုးရိမ်မိတယ်။”
ယန်ဖြန်ရှန်က ထိုစကားကို ပြောချိန်တွင် အလွန် လေးနက်နေသောကြောင့် ကိစ္စ၏ အရေးကြီးပုံကို သိသာစေ၏။
သူ၏ ခန့်မှန်းချက်များသာ ဖြစ်သော်လည်း သူက အလွန် ဉာဏ်ကောင်းသူ ဖြစ်သောကြောင့် သူ၏ ခန့်မှန်းချက်များက တစ်ခါမှ မမှားယွင်းခဲ့ဖူးချေ။ ထို့နောက် ယန်ဖြန်ရှန် ထွက်ခွာသွားတော့သည်။
မကြာခင် တာယင် ဧကရာဇ်၏ အမိန့်တော် ရောက်ရှိလာ၏။ မင်းသား ယင်ချွဲ့နှင့် ယင်းချင်ဝမ်တို့ အတူတူ တာ့ကျိုး ဧကရာဇ် ကျိုးလင်၏ နန်းစွန့်ပွဲ အခမ်းအနားကို ဦးဆောင်ရန် အမိန့်တော် ဖြစ်၏။
ထို့အပြင် ယင်းချင်ဝမ်၊ မင်းသား ယင်ချွဲ့နှင့် ယွင်ကျုံးဟဲ့တို့ သုံးဦး အတူတူ တာ့ကျိုး ဧကရာဇ်၏ လက်နက်ချမှုကို လက်ခံရန်လည်း အမိန့်တော်တွင် ပါဝင်သည်။
ပထမ အမိန့်တော်က သိပ်မထူးခြားသော်လည်း ဒုတိယ အမိန့်တော် ထွက်ပေါ်လာချိန်မှာတော့ လူများစွာက မနာလို ဖြစ်သွားကြပြီး အလွန် အံ့အားသင့်သွားကြသည်။ ယွင်ကျုံးဟဲ့က လက်နက်ချမှုကို လက်ခံမည့် ကိုယ်စားလှယ် အဖြစ် ပါဝင်ခြင်းမှာ စစ်သူကြီးချုပ် ဟူယန်ကျောက် တောင် မရရှိခဲ့သော အခွင့်အရေး ဖြစ်၏။
ကိုးလပိုင်း သုံးရက်နေ့...
တာ့ကျိုး မိဖုရားကြီး ပိုင်ရွှယ်နှင့် ဧကရာဇ် ကျိုးလင်တို့၏ နောက်ဆုံး နန်းရင်ပြင် ညီလာခံကို ကျင်းပခဲ့ကြသည်။
နောက်ဆုံး ညီလာခံမှာလည်း တကယ့်ကို ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။ အပြင်ဘက်တွင် တာယင်အင်ပါယာ၏ စစ်တပ်များက ပြည့်နှက်နေသော်လည်း ဧကရာဇ်က တာ့ကျိုး အင်ပါယာ၏ နဂါးဝတ်ရုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး အမတ်များကလည်း တာ့ကျိုး၏ အမတ်ဝတ်စုံများကို ဝတ်ဆင်ထားကြဆဲ ဖြစ်၏။
“အရှင်မင်းကြီး ကြွလာပြီ။ အမတ်မင်းတို့ ဒူးထောက် ကြိုဆိုကြ။”
“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ… သက်တော်ရာကျော် ရှည်ပါစေ… သက်တော်တစ်သောင်းတိုင်တိုင် ရှည်ပါစေ။”
နိုင်ကော် ဝန်ကြီးချုပ်နှင့် ဆူမီယွမ် အကြီးအကဲများက အမတ်အားလုံးကို ဦးဆောင်ကာ ညီညာစွာ ဒူးထောက်လိုက်ကြသည်။
အရိုအသေပေးပြီးနောက် မိန်းမစိုးက ထပ်မံ ကျယ်လောင်စွာ ကြေညာလိုက်၏။ “လျှောက်တင်စရာ ရှိရင် လျှောက်တင်ကြ။”