← Chapters

အခန်း (၆၅၇-၆၅၈)

Vol. 56 Ch. 657-658

အခန်း (၆၅၇-၆၅၈)

Vol. 56 Ch. 657-658

အပိုင်း (၆၅၇)

ဝန်ကြီးချုပ် လင်ကုန်းက ပထမဆုံး လျှောက်တင်စာ တင်သွင်းလိုက်၏။ ဤသည်မှာ အပြစ်ဝန်ခံစာ ဖြစ်ပြီး သူ၏ အပြစ်ကြီး ဆယ်ခုကျော်ကို စာရင်းပြုစုထားကာ တာ့ကျိုး နိုင်ကော် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ခွင့် တောင်းဆိုထားခြင်း ဖြစ်သည်။

ထို့နောက် ဆူမီယွမ်က အပြစ်ဝန်ခံစာ တင်သွင်းပြီး သူ၏ အပြစ်ကြီး ဆယ်ခုကျော်ကို စာရင်းပြုစုကာ ရာထူးအားလုံးမှ နုတ်ထွက်ခွင့် တောင်းဆိုလိုက်ပြန်၏။

တစ်ယောက်ပြီး တစ်ယောက်၊ အထူးအကြံပေး အမတ်ကြီး လေးပါးလုံး ရာထူးမှ နုတ်ထွက်ခွင့် တောင်းဆို လိုက်ကြသည်။

နိုင်ကော်နှင့် ဆူမီယွမ်ရှိ ခေါင်းဆောင်ကြီးများ အားလုံး ရာထူးမှ နုတ်ထွက်ခွင့် တောင်းဆိုကြပြီးနောက် ဝန်ကြီး ခြောက်ပါး အားလုံး ရာထူးမှ နုတ်ထွက်ခွင့် တောင်းဆိုကြ၏။

ထို့နောက် စုံစမ်းစစ်ဆေးရေးရုံး၊ တရားလွှတ်တော်ချုပ် အစရှိသော အရေးကြီး အစိုးရ အဖွဲ့အစည်းများ၏ အကြီးအကဲများ ရာထူးမှ နုတ်ထွက်ခွင့် တောင်းဆိုကြသည်။

အဆင့်သုံး အထက် အမတ်များသာ သီးသန့် လျှောက်တင်စာ တင်သွင်း၍ ရာထူးမှ နုတ်ထွက်ခွင့် ရှိ၏။

နောက်ဆုံးတွင် အမတ်အားလုံး ရှေ့ထွက်လာကာ တပြိုင်နက်တည်း ရာထူးမှ နုတ်ထွက်ခွင့် တောင်းဆိုကြ တော့သည်။

အစီအစဉ်က တကယ့်ကို ပြည့်စုံလွန်းလှပြီး ရှေးခေတ်ကတောင် ဤသို့သော ညီလာခံမျိုး မရှိခဲ့ဖူးချေ။

အမတ်အားလုံး ရာထူးမှ နုတ်ထွက်ခွင့် တောင်းဆိုပြီးနောက် မယ်တော်ကြီးနှင့် ဧကရာဇ်တို့က အမတ် အားလုံး၏ နုတ်ထွက်စာများကို လက်ခံလိုက်သောကြောင့် တာ့ကျိုး နန်းတွင်း၌ မြို့တော် အမတ် တစ်ယောက်မှ မကျန်တော့ပေ။

ထို့နောက် ဧကရာဇ်က အပြစ်ဝန်ခံစာ ထုတ်ပြန်လိုက်ပြီး စာလုံးရေ ထောင်ချီ ပါဝင်ကာ အပြစ် အားလုံးကို မိမိအပေါ်သို့ ပုံချထားလိုက်၏။

အပြစ်ဝန်ခံစာကို ဖတ်ကြားပြီးနောက် ခမ်းနား ကြီးကျယ်သော တေးဂီတသံများ ထွက်ပေါ်လာသည်။ တာယင်အင်ပါယာ၏ တေးဂီတများဖြစ်ပြီး လေထု တစ်ခုလုံးက ချက်ချင်းပဲ ခမ်းနားပြီး စိတ်အားထက်သန်စရာ ဖြစ်သွားသည်။

တာယင်အင်ပါယာကို ကိုယ်စားပြုသော လူသုံးဦးက တာ့ကျိုး၏ နန်းရင်ပြင် အတွင်းသို့ ဝင်ရောက်လာကြသည်။ယင်းချင်ဝမ်၊ မင်းသား ယင်ချွဲ့၊ ယွင်ကျုံးဟဲ့ တို့ သုံးဦးပင်။

သူတို့သုံးဦးက ဖြည်းညင်းသော်လည်း ခိုင်မာသော ခြေလှမ်းများဖြင့် ကွမ်မင် နန်းဆောင်ရှိ နန်းပလ္လင်ဆီသို့ တက်လှမ်းသွားကြ၏။

အသက်လေးနှစ်အရွယ် တာ့ကျိုး ဧကရာဇ် ကျိုးလင်က နန်းပလ္လင်ပေါ်မှ ဆင်းလာပြီး တာယင်အင်ပါယာ ထံသို့ တရားဝင် လက်နက်ချတော့သည်။

သူက သူ၏ ဓားကို အရင် ပေးအပ်လိုက်၏။ ထိုအရာမှာ ဧကရာဇ် ဓားဖြစ်ပြီး ဧကရာဇ် အဆက်ဆက် အသုံးပြုခဲ့သော ဓားဖြစ်သည်။ ထို့နောက် တာ့ကျိုး အင်ပါယာ၏ ဧကရာဇ် အလံကို ပေးအပ်လိုက်သည်။ နောက်ဆုံးတွင် တာ့ကျိုး အင်ပါယာ၏ မြေပုံကို ပေးအပ်လိုက်၏။

အခမ်းအနား တစ်ခုလုံးက အလွန် တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သူကမှ အသံတစ်ချက် မထွက်ကြချေ။

ယခင်က ကျိုးလင်ကို တရားဝင် ဧကရာဇ်အဖြစ် အသိအမှတ်ပြုခဲ့ရခြင်းမှာ ထိုအကြောင်းကြောင့် ဖြစ်၏။ တရားဝင် တာ့ကျိုး ဧကရာဇ် တစ်ပါးသာလျှင် လက်နက်ချခွင့်ရှိပြီး တာ့ကျိုး၏ နယ်မြေများကို တာယင်အင်ပါယာထံသို့ လွှဲပြောင်းပေးခွင့် ရှိသောကြောင့် ဖြစ်သည်။

လက်နက်ချ အခမ်းအနား ပြီးဆုံးသွားပြီဖြစ်သည်။ ထို့နောက် တာ့ကျိုး ဧကရာဇ်က ပိုမို ရှည်လျားသော အပြစ်ဝန်ခံစာ တစ်စောင် ထပ်မံ ထုတ်ပြန်လိုက်၏။

အပြစ်ဝန်ခံစာက စာလုံးရေ ငါးထောင်တိုင်တိုင်ရှိပြီး တာ့ကျိုး မင်းဆက်၏ ဂုဏ်ကျက်သရေ ရှိသော သမိုင်းကြောင်းကို ဧကရာဇ် ကျိုးရှန်မှသည် ထျန်းကျိုး နတ်ဧကရာဇ်အထိ ဖတ်ကြားလိုက်သည်။

အပြစ်ဝန်ခံစာ၏ နောက်ဆုံး သုံးပုံတစ်ပုံကတော့ တာ့ကျိုးကို စတင် ငြင်းပယ်ခြင်း ဖြစ်၏။ တာ့ကျိုး အင်ပါယာသည် ပြည်သူ သန်းပေါင်းများစွာ၏ အကျိုးစီးပွားကို ကိုယ်စားမပြုနိုင်တော့ကြောင်း၊ ကောင်းကင်ဘုံက အကြိမ်ကြိမ် သတိပေးပြီး ပြစ်ဒဏ်များ ပေးခဲ့သောကြောင့် တာ့ကျိုး တော်ဝင်မျိုးနွယ်များသည် တရားမျှတမှု မရှိတော့ကြောင်း ပြောထား၏။

ဧကရာဇ်၏ အာဏာကို ကောင်းကင်ဘုံက ပေးအပ်ထားခြင်း ဖြစ်သော်လည်း လွန်ခဲ့သော ဆယ်နှစ်ကျော် အတွင်း တာ့ကျိုး တော်ဝင်မျိုးနွယ်များက ဆိုးရွားစွာ အုပ်ချုပ်ခဲ့သောကြောင့် ကောင်းကင်ဘုံက အမျက်ထွက်ပြီး ပြည်သူများက မကျေမနပ် ဖြစ်နေကြပြီ ဖြစ်၏။ ထို့ကြောင့် ကောင်းကင်ဘုံက ဧကရာဇ်၏ အာဏာကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။

ဤသည်မှာ တာယင် ဧကရာဇ်က တာကျိုးဧကရာဇ်နေရာကို ဖြုတ်ချတာ မဟုတ်ဘဲ ကောင်းကင်ဘုံ၏ အလိုတော် အရ ဖြစ်သည်ဟု ဆိုလိုခြင်းပင်။

နောက်ဆုံး အပြစ်ဝန်ခံစာကို ဖတ်ကြားပြီးနောက် တာ့ကျိုး ဧကရာဇ် ကျိုးလင်က နန်းစွန့်ကြောင်း တရားဝင် ကြေညာလိုက်တော့သည်။ သူ ဧကရာဇ်အဖြစ်မှ နန်းစွန့်ခြင်းသာမက တာ့ကျိုး မင်းဆက် တစ်ခုလုံး ပျက်သုဉ်းသွားခြင်းလည်း ဖြစ်၏။

အပြစ်ဝန်ခံစာတွင် ရှင်းလင်းစွာ ရေးသားထားသည်မှာ ယနေ့မှစ၍ လောကတွင် တာ့ကျိုး အင်ပါယာ မရှိတော့ဘဲ မည်သူမဆို မိမိကိုယ်ကိုယ် တာ့ကျိုး ဧကရာဇ်ဟု ကြေညာပါက သစ္စာဖောက်မှုအဖြစ် သတ်မှတ်မည် ဖြစ်ကြောင်းပင်။

နန်းစွန့် အမိန့်တော် ဖတ်ကြားပြီးနောက်...

နန်းရင်ပြင် အတွင်းရှိ အမတ်အားလုံးက မျက်ရည်များ ကျဆင်းလာကြပြီး အထူးသဖြင့် ဝန်ကြီးချုပ် လင်ကုန်းမှာ အသက်ရှူမဝအောင် ငိုကြွေးနေတော့၏။

ဤသည်မှာ တာ့ကျိုးမင်းဆက် ပျက်သုဉ်းသွားခြင်းအတွက် ဝမ်းနည်းပူဆွေးခြင်းဖြစ်ပြီး သူတို့က သစ္စာရှိသော အမတ်များ ဖြစ်ကြောင်း ပြသခြင်း ဖြစ်သည်။

‘ချီးတဲ့မှ... ဒီအစီအစဉ်က နည်းနည်း လွန်သွားပြီ မဟုတ်လား။ တာ့ကျိုးကို အရင်ဆုံး သစ္စာဖောက်ခဲ့တာ လင်ကုန်း ခင်ဗျားပါ။ အခု အရင်ဆုံး ထွက်ငိုတာလည်း ခင်ဗျားပဲ။’

ထို့နောက် ယင်းချင်ဝမ်၊ မင်းသား ယင်ချွဲ့နှင့် ယွင်ကျုံးဟဲ့တို့ သုံးဦးက လှေကားထစ်ပေါ်တွင် ရပ်ကာ တာ့ကျိုး အမတ်များ ငိုကြွေးနေသည်ကို နားထောင်နေကြ၏။

ယွင်ကျုံးဟဲ့၏ ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်နေသည်။ သူ တာ့ကျိုး အင်ပါယာသို့ သူလျှို အဖြစ် လာရောက်ခဲ့သည်မှာ ရှစ်နှစ်ကျော်၊ ကိုးနှစ် နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ယခု အရာအားလုံး အဆုံးသတ်သွားခဲ့ပြီ ဖြစ်၏။ ယခုအချိန်မှစ၍ တာ့ကျိုး အင်ပါယာသည် အမှန်တကယ် ပျက်သုဉ်းသွားခဲ့ပြီ ဖြစ်သည်။

ဤအရာကို မြန်သည်ဟု ဆိုရမည်လား၊ နှေးသည်ဟု ဆိုရမည်လား။ ယွင်ကျုံးဟဲ့ အတွက်မူ ဤသည်မှာ ရှည်လျားသော အချိန်ကာလ တစ်ခုဖြစ်သည်။ သို့ပေမည့် အင်ပါယာ တစ်ခုအတွက်မူ အလွန် မြန်ဆန်လွန်းလှ၏။

လွန်ခဲ့သော ကိုးနှစ်က ပိုင်ရှင်မဲ့ နယ်မြေ စစ်ပွဲ ပြီးဆုံးချိန်တွင် တာ့ကျိုး အင်ပါယာက ကိုးနှစ် အကြာတွင် ပျက်သုဉ်းသွားမည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။

ယွင်ကျုံးဟဲ့က တာ့ကျိုးနန်းရင်ပြင်ပေါ်တွင် အကြိမ်ပေါင်းများစွာ ရပ်ခဲ့ဖူးသော်လည်း ယခုမှ ပထမဆုံးအကြိမ် အဖြစ် ယွင်ကျုံးဟဲ့ ဟူသော နာမည်ဖြင့် ရပ်ခွင့်ရခြင်း ဖြစ်၏။ ခံစားချက်က အလွန် ထူးဆန်းနေသည်။

ဆယ့်ငါးမိနစ်ခန့် ငိုကြွေးပြီးနောက် အမတ် အားလုံးက စိတ်ထဲတွင် နောက်ပြန် ရေတွက်နေသကဲ့သို့ ချက်ချင်း ရပ်တန့်သွားကြ၏။

‘တော်လောက်ပြီ။ ဒီလောက် ကြာကြာ ငိုပြီးပြီဆိုတော့ တာ့ကျိုး အမတ်ဟောင်း တစ်ယောက်အနေနဲ့ နောက်ဆုံး တာဝန် ကျေပွန်သွားပြီပေါ့။’

မိန်းမစိုးအချို့ ရှေ့ထွက်လာကာ ဧကရာဇ်၏ သရဖူကို ချွတ်ယူပြီး နဂါးဝတ်ရုံကို ချွတ်ပေးလိုက်ကြသည်။

တစ်ချိန်တည်းမှာပဲ တာ့ကျိုး မြို့တော် တစ်ခုလုံးရှိ အလံများ အားလုံးကို လဲလှယ်လိုက်ကြ၏။

နန်းတော်မှသည် မြို့ရိုးများ၊ အစိုးရရုံးဌာနများအထိ တာ့ကျိုး အင်ပါယာ၏ အလံများ အားလုံးကို ဖြုတ်ချကာ တာယင်အင်ပါယာ၏ နဂါးအလံများကို လွှင့်ထူလိုက်ကြသည်။

ဖြစ်စဉ် တစ်ခုလုံးက အလွန် တိတ်ဆိတ်ငြိမ်သက်နေပြီး တာ့ကျိုး၏ မရေမတွက်နိုင်သော ပြည်သူများက ဝမ်းနည်းမှုကိုသာ ခံစားနေရသော်လည်း ဒေါသထွက်ခြင်း မရှိဘဲ တိတ်ဆိတ်စွာပင် လက်ခံလိုက်ကြ၏။

ယခင်က ထျန်းကျိုး နတ်ဧကရာဇ်က သူတို့၏ ခံစားချက်များ အားလုံးကို အသုံးချခဲ့ပြီး လွန်ခဲ့သော ရက်အနည်းငယ်က မြို့တော် စစ်ပွဲကလည်း မြို့တော်ရှိ ပြည်သူများ၏ တာ့ကျိုးအပေါ် ထားရှိသော နောက်ဆုံး ခံစားချက်ကို လုံးဝ ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။

အမတ်အားလုံး အလုအယက် လက်နက်ချကြသည့် မြင်ကွင်းက ပြည်သူများအတွက် အလွန် အရုပ်ဆိုး အကျည်းတန်လွန်းလှပေ၏။

အလံလဲလှယ်ခြင်း ပြီးဆုံးသွားပြီ ဖြစ်၏။ ထို့နောက် နောက်ဆုံး အစီအစဉ် အနေဖြင့် ကျိုးမျိုးနွယ်က ယင်းမျိုးနွယ်ကို သစ္စာခံခြင်း ဖြစ်သည်။

အကြောင်းမှာ တာ့ယန်မင်းဆက် အချိန်က ကျိုးမျိုးနွယ်နှင့် ယင်းမျိုးနွယ်တို့က နယ်စားမင်းသားများ ဖြစ်ကြပြီး ညီအစ်ကိုများ ဖြစ်ခဲ့ကြသောကြောင့် ဖြစ်၏။ နိုင်ငံ ပြောင်းလဲသွားလျှင်တောင် ညီအစ်ကို သံယောဇဉ်ကို ငဲ့ညာကာ အမြစ်ပြတ် မသတ်ဖြတ်သင့်ချေ။

တာ့ကျိုး ဧကရာဇ်ဟောင်း ကျိုးလင်က လှေကားထစ်ပေါ်မှ ဆင်းလာပြီး အမတ်များနှင့် အတူတူ ရပ်လိုက်သည်။

ယင်းချင်ဝမ်က တာယင်အင်ပါယာကို ကိုယ်စားပြုကာ လှေကားထစ်ပေါ်သို့ တက်သွား၏။

တာ့ကျိုး ဧကရာဇ်ဟောင်း ကျိုးလင်က တာယင်အင်ပါယာ မြို့တော်ရှိရာသို့ မျက်နှာမူကာ သုံးကြိမ် ဒူးထောက်၊ ကိုးကြိမ် ဦးညွှတ်လိုက်သည်။

“ကျုပ်က ကျိုးမျိုးနွယ်ကို ကိုယ်စားပြုပြီး တာယင် ဧကရာဇ်မင်းမြတ်ကို သစ္စာခံပါတယ်။ အရှင်မင်းကြီး သနားကရုဏာ ထားတော်မူပါ။” ကျိုးလင်က အသက်ငါးနှစ်ပင် မပြည့်သေးသော်လည်း စကားကို ရှင်းလင်းစွာ ပြောဆိုနိုင်ခဲ့၏။

ယင်းချင်ဝမ်က အမိန့်တော်ကို ဖွင့်ကာ ကျယ်လောင်စွာ ဖတ်ကြားလိုက်သည်။ “ကောင်းကင်ဘုံ၏ အလိုတော် အရ ဧကရာဇ်မင်းမြတ်၏ အမိန့်တော်… ကျိုးလင်ကို ကျိုးဝမ် အဖြစ် ခန့်အပ်သည်။ ကျိုးလီကို ယင်းကော်ကွန်း အဖြစ် ခန့်အပ်သည်။ ကျိုးကျီကို ချန်ကော်ကွန်း အဖြစ် ခန့်အပ်သည်။ အမိန့်တော်ပြီးပြီ။”

ကျိုးလီ မရှိသောကြောင့် ကျိုးလင်နှင့် ကျိုးကျီတို့ နှစ်ဦး ညီညာစွာ ဒူးထောက်ကာ ပြောလိုက်ကြ၏။ “ကျုပ်တို့ ဧကရာဇ်မင်းမြတ်ရဲ့ ကျေးဇူးတော်ကို ကျေးဇူးအထူး တင်ရှိပါတယ်။”

ယနေ့မှစ၍ ကျိုးမျိုးနွယ်က ယင်းမျိုးနွယ်၏ အမတ်များ ဖြစ်သွားကြပြီ ဖြစ်သည်။

ထို့နောက် ယင်းချင်ဝမ်က အမိန့်တော် အသစ် တစ်စောင်ကို ထုတ်ယူကာ ဖတ်ကြားလိုက်၏။ “ကောင်းကင်ဘုံ၏ အလိုတော်အရ ဧကရာဇ်မင်းမြတ်၏ အမိန့်တော်… ယနေ့မှစ၍ နန်ယွမ် အဖွဲ့ကို ဖွဲ့စည်းလိုက်သည်။ ယင်းချွဲ့ကို နန်ယွမ်၏ အကြီးအကဲအဖြစ် ခန့်အပ်သည်။ ယင်ချွဲ့ကို နန်ယွမ်ထိုက်ပေါင် အဖြစ် ခန့်အပ်သည်။ ဟူယန်ကျောက်ကို နန်ယွမ်ထိုက်ရှီး အဖြစ် ခန့်အပ်သည်။

ယွင်ကျုံးဟဲ့ကို နန်ယွမ်စီးခုံး အဖြစ် ခန့်အပ်သည်။ ဖုန်းရှောက်ထျန်းကို နန်ယွမ်စီးထူ အဖြစ် ခန့်အပ်သည်။ ယခင် တာ့ကျိုး နယ်မြေ အားလုံးကို ပြန်လည် သိမ်းပိုက်ရန် အာဏာ အပြည့်အဝ ပေးအပ်သည်။ အမိန့်တော်ပြီးပြီ။”

ယွင်ကျုံးဟဲ့နှင့် အခြားသူများ အားလုံး ဒူးထောက်ကာ အမိန့်တော်ကို လက်ခံလိုက်ကြသည်။

အမိန့်တော်က ပို၍ အရေးကြီးသည်။ နန်ယွမ် ဆိုသည်မှာ ယာယီ အစိုးရ အဖွဲ့အစည်း ဖြစ်သော်လည်း အာဏာက အလွန် ကြီးမားပြီး ယခင် တာ့ကျိုး နိုင်ငံတော်၏ အာဏာ အားလုံးကို ချုပ်ကိုင်ထားခြင်း ဖြစ်၏။

ယခု တာ့ကျိုး အင်ပါယာ ပျက်သုဉ်းသွားပြီး ဧကရာဇ်လည်း နန်းစွန့်ကာ လက်နက်ချလိုက်ပြီ ဖြစ်သော်လည်း တာ့ကျိုး အင်ပါယာတွင် ပြည်နယ်များစွာ ရှိနေသေးပြီး ကျင်းကျိုးနှင့် မြို့တော်ကိုသာ တာယင်အင်ပါယာက သိမ်းပိုက်ထားနိုင်သေးသည်။

နောက်တစ်ဆင့် အနေဖြင့် တာ့ကျိုးနယ်မြေ တစ်ခုလုံးကို ပြန်လည် သိမ်းပိုက်ရန် နည်းလမ်း ရှာရပေမည်။ ပြည်နယ်ဝန်ကြီးများ၊ မြို့စားများ အားလုံးက လက်နက်ချပြီး အလံလဲကာ တာယင် အင်ပါယာကို သစ္စာခံကြောင်း ကြေညာရမှာဖြစ်၏။

တာ့ကျိုး အင်ပါယာက စတုရန်းမိုင် သန်းချီ ကျယ်ဝန်းပြီး ပြည်နယ် နှစ်ဆယ်ကျော်ရှိရာ ဤသည်မှာ ကြီးမားသော လုပ်ငန်းစဉ်ကြီး ဖြစ်သလို ကြီးမားသော အာဏာလည်း ဖြစ်သည်။

နန်ယွမ် တစ်ခုလုံးတွင် အမတ်ကြီး ငါးပါးသာရှိပြီး စတုရန်းမိုင် သန်းချီ ကျယ်ဝန်းသော နယ်မြေနှင့် ပြည်သူ သန်းပေါင်းများစွာ၏ အာဏာ အားလုံးက ဤလူငါးဦး လက်ထဲတွင် ရှိနေ၏။

ပြည်နယ်ဝန်ကြီးများ၊ မြို့စားများကို ထားလိုက်ပါဦး။ ယခင် တာ့ကျိုး၏ ဆူမီယွမ် ခေါင်းဆောင်ကြီးများ၊ နိုင်ကော် ခေါင်းဆောင်ကြီးများ၏ အနာဂတ်နှင့် အသက်အန္တရာယ် ကလည်း ယွင်ကျုံးဟဲ့နှင့် အခြားသူများ၏ လက်ထဲတွင် ရှိနေပြီ ဖြစ်သည်။

တကယ့်ကို အာဏာ အားလုံးကို ချုပ်ကိုင်ထားနိုင်ခြင်း ဖြစ်ပြီး အာဏာ ကြီးမားလွန်းသည်။ နန်ယွမ်က တာ့ကျိုး နိုင်ငံ၏ ယာယီ အစိုးရအဖြစ် တာဝန်ယူမည်ဖြစ်ပြီး နောက်ပိုင်းတွင် နေ့စဉ် တာ့ကျိုး နန်းတော် အတွင်း၌ ရုံးထိုင်ရမှာဖြစ်၏။

ညီလာခံများကလည်း နန်းရင်ပြင် ညီလာခံကဲ့သို့ ကျင်းပမည်ဖြစ်ပြီး နန်ယွမ် တစ်ခုလုံးတွင် လူငါးဦးတည်း ရှိမည် မဟုတ်ချေ။ အနည်းဆုံး ရာထူး တစ်ရာကျော် ခန့်အပ်နိုင်မှာဖြစ်ပြီး တာ့ကျိုး၏ လက်နက်ချ အမတ်များ၏ အနာဂတ် ရာထူး အခြေအနေက နန်ယွမ်တွင် နေရာတစ်နေရာ ရနိုင်၊ မရနိုင် အပေါ်တွင် လုံးဝ မူတည်နေသည်။

နောက်တစ်ဆင့် အရေးကြီးဆုံး လုပ်ငန်းမှာ တာ့ကျိုး နယ်မြေ တစ်ခုလုံးကို ပြန်လည် သိမ်းပိုက်ရန် ဖြစ်သည်။

‘ခင်ဗျားတို့ တာ့ကျိုးက လက်နက်ချအမတ်တွေ၊ ကိုယ့်အစွမ်းအစကိုယ် ပြကြတော့လေ။ ဘယ်သူက ပြည်နယ်တွေကို ပိုပြီး သိမ်းပိုက်နိုင်မလဲဆိုတာ ကျုပ်တို့ ကြည့်ပါရစေအုံး။’

ထိုသို့ လုပ်နိုင်ပါက နောင်တစ်ချိန် တာယင်အင်ပါယာ၏ နန်းတွင်းနှင့် အစိုးရအဖွဲ့တွင် နေရာတစ်နေရာ ရရှိမည်ဖြစ်ပြီး မိမိနှင့် မိသားစုက ဆက်လက်၍ ချမ်းသာကြွယ်ဝမှုများကို ခံစားနိုင်ပေလိမ့်မည်။

အကယ်၍ ဤအခွင့်အရေးကို လက်လွှတ်လိုက်ရပါက မိသားစု တစ်ခုလုံး ကျဆင်းသွားပြီဟု အဓိပ္ပာယ် သက်ရောက်ပေမည်။

တာယင်အင်ပါယာက တာ့ကျိုးကို သိမ်းပိုက်လိုက်ပြီးနောက် လောကတွင် နံပါတ်တစ် အင်အားအကြီးဆုံး နိုင်ငံ ဖြစ်လာပြီ ဖြစ်ပြီး နောင်တစ်ချိန်တွင် လောက တစ်ခုလုံးကို စည်းလုံးနိုင်ခြေ အလွန်များနေပြီ ဖြစ်၏။

အကယ်၍ အခွင့်အရေးကို ဆုပ်ကိုင်နိုင်ပါက နောင်တစ်ချိန်တွင် နှစ်ထောင်ချီ သက်တမ်းရှိမည့် မျိုးရိုးမြင့် မိသားစုကြီးတစ်ခု ဖြစ်လာနိုင်သည်။

..............................

အပိုင်း (၆၅၈)

ယွင်ကျုံးဟဲ့က ယခင် အောက်ကော်ကွန်းအိမ်တော်တွင်ပင် ဆက်လက်နေထိုင်၏။

ထန်ထိုင်ကျင့်၏ မိသားစုစစ်သည်များ၊ ရှုဝမ်လျန်နှင့် အခြားသူများ၊ အမတ်မင်း ဖုန်းရှင်းမြဲ့တို့အားလုံး ထိုအိမ်တော်သို့ ပြောင်းရွှေ့လာကြပြီး သူ၏လက်ထောက်များနှင့် အကြံပေးများ ဖြစ်လာကြသည်။

မွေးစားအဖေ ဖုန်းရှင်းမြဲ့ကို မိမိ၏လက်အောက်ငယ်သားအဖြစ် ထားရသည်မှာ အနည်းငယ် အားနာစရာ ကောင်းသော်လည်း ဤသည်မှာ ကြိုတင်သတ်မှတ်ထားပြီးသား ကိစ္စရပ်ပင်။ တာယင်အင်ပါယာသို့ ပြန်ရောက်သည်နှင့် ယွင်ကျုံးဟဲ့က ဟေးလုံထိုင်၏ ဒုတိယခေါင်းဆောင် ဖြစ်လာတော့မည် မဟုတ်ပါလား။

“အပြစ်ရှိသူ လင်ကုန်း… အမတ်မင်း စီးခုံးကို ဂါရဝပြုပါတယ်။”

ယခင် တာ့ကျိုးဝန်ကြီးချုပ် လင်ကုန်းက ယွင်ကျုံးဟဲ့ရှေ့သို့ ရောက်လာပြီး ဒူးထောက်လိုက်သည်။

‘ချီးတဲ့မှ… ခင်ဗျားက တကယ်ကြီး ဒူးထောက်ရဲတာပဲ။ ခင်ဗျားက အရင်က တာ့ကျိုးနိုင်ကော်ရဲ့ ဝန်ကြီးချုပ်လေဗျာ။ ဧကရာဇ်ကလွဲရင် လူတိုင်းထက် မြင့်မြတ်တဲ့သူ မဟုတ်ဘူးလား။’

အရင်က လင်ကုန်း၏မျက်လုံးထဲတွင် အောက်ယွီဆိုသည်မှာ ပုရွက်ဆိတ်တစ်ကောင်သာသာ ရှိခဲ့သည်။ ယခုမူ သူက ယွင်ကျုံးဟဲ့ရှေ့တွင် အနည်းငယ်မှ တွန့်ဆုတ်ခြင်း မရှိဘဲ ဒူးထောက်နေခြင်းမှာ တကယ့်ကို ကံကြမ္မာ အလှည့်အပြောင်းပင်။

ယွင်ကျုံးဟဲ့က လင်ကုန်းကို တွဲထူပေးလိုက်ရင်း ပြောလိုက်၏။ “အမတ်မင်းလင်… ထပါ။ အမတ်မင်းက တာယင်ရဲ့ ကျေးဇူးရှင်ပါ။ ဒီလောက်အထိ ရိုသေနေစရာ မလိုပါဘူး။”

ဝန်ကြီးချုပ် လင်ကုန်းက ပြောလိုက်သည်။ “အမတ်မင်း စီးခုံး… ပြောရရင် ကျုပ်တို့က ရေစက်ရှိတယ်လို့ ဆိုရမယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်... ဧကရာဇ် ဝမ်ယွင် လက်ထက်တည်းက ကျုပ်က တာယင် ဟေးလုံထိုင်ကို အလုပ်အကျွေး ပြုနေခဲ့တာ။

အမတ်မင်းက မကြာခင် ဟေးလုံထိုင်ကို အုပ်ချုပ်တော့မှာဆိုတော့ ကျုပ်က အမတ်မင်းရဲ့ လက်အောက်ငယ်သားဟောင်းပေါ့။ နှမြောဖို့ကောင်းတာက အဲဒီတုန်းက အမတ်မင်းရဲ့ ဇာစ်မြစ်အမှန်ကို မသိခဲ့လို့ပါ။ ကြိုသိခဲ့ရင် အစောကြီးတည်းက သစ္စာစောင့်သိခဲ့မှာပါ။”

ယွင်ကျုံးဟဲ့ လုံးဝ ဆွံ့အသွားရ၏။ ‘အမတ်မင်း လင်ကုန်း… ခင်ဗျားရဲ့ မျက်နှာပြောင်တိုက်နိုင်စွမ်းကတော့ ပြိုင်ဘက်ကင်းပဲ။ အသက် ခြောက်ဆယ်ကျော်ပြီး ဝန်ကြီးချုပ်အထိ လုပ်ခဲ့တဲ့သူက အခုကျမှ ကျုပ်ရဲ့ လက်အောက်ငယ်သားဟောင်းပါလို့ တွင်တွင်ပြောနေတယ်ပေါ့။’

လွန်ခဲ့သော ခြောက်နှစ်ကျော်က လင်ကုန်းက တာယင် ဟေးလုံထိုင်အပေါ် သစ္စာစောင့်သိခဲ့သလား ပြောရမည်ဆိုလျှင် သေချာပေါက် မဟုတ်ချေ။

ဟေးလုံထိုင်က လင်ကုန်းကို လာရောက်စည်းရုံးခဲ့ပြီး အဆင့်မြင့်မြင့် ကမ်းလှမ်းချက်များ ပေးခဲ့မည်ကမူ မြေကြီးလက်ခတ် မလွဲပင်။

ထိုအချိန်က လင်ကုန်းက နှစ်ဖက်ခွ ကစားနေခြင်းဖြစ်ပြီး တစ်ဖက်တွင် တာ့ကျိုး၏ဝန်ကြီးချုပ် လုပ်နေကာ အခြားတစ်ဖက်တွင် တာယင်ဟေးလုံထိုင်နှင့် လျှို့ဝှက်အဆက်အသွယ် ပြုလုပ်နေခဲ့ခြင်း ဖြစ်၏။

အကြောင်းမှာ ထိုစဉ်က တာ့ကျိုးအင်ပါယာ၏ အခြေအနေက အလွန်ဆိုးရွားနေပြီး နိုင်ငံတော်ဘဏ္ဍာတိုက် ကလည်း ဟောင်းလောင်းဖြစ်နေသည်။

လန်ကျိုးတွင် ကပ်ဘေးကျရောက်နေပြီး တောင်ပိုင်းကလည်း မငြိမ်မသက် ဖြစ်နေသောကြောင့် အထက်တန်းအမတ် အများအပြားက တာယင်နှင့် လျှို့ဝှက်အဆက်အသွယ် ပြုလုပ်ထားခဲ့ကြ၏။

တာ့ကျိုးနှင့် တာယင်တို့ နိုင်ငံပျက်သုဉ်းမည့် စစ်ပွဲကြီး ဆင်နွှဲရမည်ကို လူတိုင်း သိကြပြီး လွန်ခဲ့သော ခြောက်နှစ် ဧကရာဇ်ဝမ်ယွင် လက်ထက်က အခြေအနေမှာ အလွန်ဆိုးဝါးကာ ရှုံးနိမ့်တော့မည့် လက္ခဏာများ ပြသနေခဲ့သည်။

ထို့ကြောင့် ဤအမတ်များက ကြိုတင်ပြင်ဆင်ထားကြခြင်းမှာ သဘာဝကျသော်လည်း ဟေးလုံထိုင်ကို ကြိုတင်သစ္စာစောင့်သိခဲ့သည် ဆိုသည်မှာမူ လုံးဝ အပိုစကားသာ ဖြစ်၏။

သို့သော်ငြား ဤအချက်များက လင်ကုန်းကို မျက်နှာချိုသွေးရန် အဟန့်အတား မဖြစ်စေခဲ့ချေ။ ထိုသို့ဆိုလျှင် ဝန်ကြီးချုပ်လင်ကုန်းက ယွင်ကျုံးဟဲ့အပေါ် သစ္စာစောင့်သိမည်လား။ မဟုတ်ပေ။

သူက တာယင်ဧကရာဇ်ကိုသာ သစ္စာစောင့်သိမှာဖြစ်ပြီး နန်ယွမ်တွင်လည်း နန်ယွမ်အကြီးအကဲ ယင်းချင်ဝမ်ကိုသာ သစ္စာစောင့်သိမှာ ဖြစ်သည်။

သူက နန်ယွမ်၏ ဆဋ္ဌမမြောက် ခေါင်းဆောင်ကြီး ဖြစ်လာချင်ပြီး တာ့ကျိုးလက်နက်ချအမတ်များ၏ ခေါင်းဆောင် ဖြစ်လာချင်သည်။ ထိုကိစ္စကို ယင်းချင်ဝမ်ဘက်ကလည်း သဘောတူထားပြီး ဖြစ်၏။

သို့ပေမည့် ဤကိစ္စကို ယွင်ကျုံးဟဲ့ သဘောမတူပါက မင်းသား ယင်ချွဲ့လည်း သဘောတူမည် မဟုတ်ချေ။ ထို့ကြောင့် လင်ကုန်း ရာထူးတက်နိုင်၊ မတက်နိုင်က ယွင်ကျုံးဟဲ့၏ သဘောထားအပေါ် လုံးဝ မူတည်နေပြီး ယွင်ကျုံးဟဲ့ သဘောမတူပါက သူ ရာထူးတက်နိုင်မည် မဟုတ်ပေ။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အမတ်မင်း လင်ကုန်း… ပွင့်ပွင့်လင်းလင်း ပြောလို့ ရမလား။”

လင်ကုန်း ချက်ချင်း ဒူးပြန်ထောက်ကာ ပြောလိုက်သည်။ “အမတ်မင်း အမိန့်ပေးတော်မူပါ။”

ယွင်ကျုံးဟဲ့က အေးစက်စွာ ပြောလိုက်၏။ “ကျုပ်က အောက်မင်နဲ့ အောက်တုန်းတို့ကို သတ်ချင်တယ်။”

လင်ကုန်းက အနည်းငယ်မှ တွေဝေခြင်း မရှိဘဲ ဦးညွှတ်ကာ ဖြေလိုက်သည်။ “ကောင်းပါပြီ။ ကျုပ် တာဝန်ယူပါတယ်။ ရက်အနည်းငယ်အတွင်း ဒီကိစ္စကို အပြီးသတ်ပေးပါ့မယ်။”

ယွင်ကျုံးဟဲ့ စိတ်ထဲမှ အလွန်အံ့ဩ ချီးကျူးသွားမိ၏။ ဧကရာဇ် ဝမ်ယွင်က လင်ကုန်းတွင် ကိုယ်ကျိုးရှာစိတ် ရှိမှန်းသိသော်လည်း အဘယ်ကြောင့် နေရာပေးခဲ့သနည်း၊ ထျန်းကျိုး နတ်ဧကရာဇ်ကရော အဘယ်ကြောင့် သူ့ကို မြောက်စားခဲ့သနည်း ဆိုသည်ကို ယခုမှ သဘောပေါက်သွားတော့၏။

ဤလူက အထက်လူကြီးများ၏ သဘောထားကို ကောင်းကောင်း နားလည်ပြီး အလုပ် လုပ်ရာတွင် အလွန် ပါးနပ်လွန်း၏။ အောက်မင်က သူ၏တပည့်ရင်း ဖြစ်သော်လည်း သူက အနည်းငယ်မျှ ဟန်ဆောင်ခြင်း မရှိသလို ဈေးဆစ်ခြင်းလည်း မရှိဘဲ ချက်ချင်း လက်ခံလိုက်လေသည်။

“အမတ်မင်း စီးခုံးရဲ့ ရန်သူက ကျုပ်ရဲ့ ရန်သူပါပဲ။ ကျုပ်က အမတ်မင်းနဲ့ တစ်သားတည်း ရှိပါတယ်။”

လင်ကုန်းက အရိုအသေပေးကာ ဆက်ပြောလိုက်၏။ “ဒီကိစ္စကို ကျုပ် သေချာပေါက် ပြီးပြတ်အောင် လုပ်ဆောင်ပေးပါ့မယ်။”

ယွင်ကျုံးဟဲ့က အသာအယာ ခေါင်းညိတ်ရင်း လက်ဖက်ရည်ခွက်ကို မလိုက်သည်။

လင်ကုန်းက ထပ်မံ အရိုအသေပေးကာ ပြောလိုက်၏။ “ကျုပ်ကို ခွင့်ပြုပါအုံး။”

ထို့နောက် သူက နောက်စေ့တွင် မျက်လုံးပါသကဲ့သို့ နောက်ပြန်ဆုတ်ကာ စာကြည့်ခန်းထဲမှ ထွက်ခွာသွားတော့သည်။

ယွင်ကျုံးဟဲ့မှာ အံ့ဩချီးကျူး၍ မဆုံးနိုင်ခင်မှာပဲ သူ့ကို ထပ်မံ မှင်သက်သွားစေမည့် လူတစ်ယောက် ရောက်လာပြန်သည်။

“ကျုပ် အမတ်မင်း စီးခုံးကို ဂါရဝပြုပါတယ်။” တာယင်အင်ပါယာ၏ ချန်ကော်ကွန်းအသစ် ဖြစ်လာသော ကျိုးကျီက ယွင်ကျုံးဟဲ့ရှေ့တွင် ဒူးထောက်လိုက်၏။

ယွင်ကျုံးဟဲ့ အံ့အားသင့်သွားရသည်။ ‘ခင်ဗျားက တာ့ကျိုးတော်ဝင်မျိုးနွယ်တွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ ဒုတိယမင်းသားဟောင်းလေ။ ခင်ဗျားလည်း ဒီလောက်တောင် အထီးကျန်မခံနိုင်ဘူးလား။ ပြီးတော့ ခင်ဗျားက အရင်က ချင်ဝမ်လေ၊ အိမ်ရှေ့စံ ဖြစ်လုနီးပါး ဖြစ်ခဲ့တဲ့သူက ဒူးထောက်ရဲသေးတယ်ပေါ့။’

“အမတ်မင်း စီးခုံး… ကျုပ်က အခု တာယင်ရဲ့ အမတ်ဖြစ်ပါတယ်။ အရင်ကတည်းက အမတ်မင်းရဲ့ ပါရမီနဲ့ ကိုယ်ကျင့်တရားကို အရမ်းလေးစားခဲ့တာပါ။ အခု အရာအားလုံး အဆုံးသတ်သွားပြီဆိုတော့ အမတ်မင်းကို လာတွေ့ဖို့ မစောင့်နိုင်တော့တာနဲ့ ရောက်လာခဲ့တာပါ။” ကျိုးကျီက စိတ်အားထက်သန်သော မျက်လုံးများဖြင့် ယွင်ကျုံးဟဲ့ကို ကြည့်ကာ ပြောလိုက်၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ချန်ကော်ကွန်း… ကျုပ်တို့က ရင်းနှီးပြီးသားသူတွေပဲ။ စိတ်ထဲရှိတာ ပွင့်ပွင့်လင်းလင်း ပြောပါ။”

ကျိုးကျီက ဆက်ပြောလိုက်၏။ “ကျုပ် ကျိုးကျီက အပြစ်ကြီးမားလှပေမယ့် ဧကရာဇ်မင်းမြတ်က အပြစ် မပေးတဲ့အပြင် ချန်ကော်ကွန်းအဖြစ် ခန့်အပ်ခဲ့လို့ အရမ်းထိတ်လန့်မိပါတယ်။ ဧကရာဇ်မင်းမြတ်ရဲ့ ကျေးဇူးတော်ကို ပြန်ဆပ်ဖို့ တစ်ခုခု လုပ်ရမယ်လို့ စိတ်ထဲမှာ အမြဲတွေးနေခဲ့တာပါ။”

ယွင်ကျုံးဟဲ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ကျိုးကျီက ဒူးထောက်လျက်ပင် ရှေ့သို့ နှစ်လှမ်းမျှ တိုးလာကာ ပြောလိုက်၏။ “အမတ်မင်း ယွင်ကျုံးဟဲ့… ဒီနေ့ကစပြီး ကျုပ်က အမတ်မင်း ခိုင်းသမျှကို လုပ်ပြီး အမတ်မင်းရဲ့ လက်အောက်မှာ သစ္စာစောင့်သိ ချင်ပါတယ်။”

ယွင်ကျုံးဟဲ့ အံ့အားသင့်သွားရပြန်သည်။ ‘ဒါ… ဒါက နည်းနည်း လွန်သွားပြီ မဟုတ်လား။ ကျိုးကျီ… ခင်ဗျားက မင်းသားတစ်ပါးလေ။ ဒါတောင်မှ ကျုပ်ဆီကို လာပြီး ခိုလှုံတယ်ပေါ့။’

ကျိုးကျီက မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်၏။ “အမတ်မင်း စီးခုံး… ကျုပ် ကျိုးကျီရဲ့အသက်က အချိန်မရွေး အန္တရာယ် ရှိနေပါတယ်။ အမတ်မင်း ကာကွယ်ပေးပါ။ အရင်က ရေစက်တွေကို ထောက်ထားပြီး ကျုပ်ကို ကယ်တင်ပေးပါအုံး။”

ထို့နောက် ကျိုးကျီက တရစပ် ဦးချ အရိုအသေပေးလိုက်တော့သည်။

ကျိုးကျီနှင့် ယွင်ကျုံးဟဲ့တို့ကြားတွင် ရေစက် ရှိသလားဆိုလျှင် ရှိသည်ဟု ဆိုနိုင်သည်။ အကြောင်းမှာ ကျိုးကျီက ကျိုးလင်နှင့် နန်းလုပွဲဖြစ်နေစဉ် ယွင်ကျုံးဟဲ့ကို သတ်ပြီး နတ်ဧကရာဇ်အတွက် ကလဲ့စား ချေမည်ဟု ပါးစပ်က အော်ဟစ်နေသော်လည်း၊ လျှို့ဝှက်စွာဖြင့် ယွင်ကျုံးဟဲ့ကို မည်သူမှ မသတ်နိုင်အောင် တားဆီးထားခဲ့သောကြောင့် ဖြစ်၏။

သေချာသည်မှာ သူ ထိုသို့လုပ်ဆောင်ခြင်းက ယွင်ကျုံးဟဲ့ကို ကာကွယ်ရန် မဟုတ်ဘဲ အချိန်ဆွဲပြီး ကျိုးလင် နန်းတက်မည်ကို တားဆီးရန်သာ ဖြစ်သည်။

ယွင်ကျုံးဟဲ့က ‌ခေတ္တ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်၏။ “ချန်ကော်ကွန်း… ခင်ဗျားက တကယ် ပြောနေတာလား။”

ကျိုးကျီက ဦးညွှတ်ကာ ပြောလိုက်သည်။ “ကျေးဇူးရှင်... ကရုဏာထားပြီး ကျုပ်မိသားစုကို ကယ်တင်ပေးပါ။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါဆို ကျုပ် ခင်ဗျားကို လုပ်ခိုင်းစရာ တစ်ခုရှိတယ်။”

ကျိုးကျီက ခေါင်းမော့ကာ ပြောလိုက်သည်။ “ကျေးဇူးရှင်... အမိန့်ပေးတော်မူပါ။ ကျုပ် မီးပင်လယ်ထဲ ဆင်းရဆင်းရ၊ အစွမ်းကုန် လုပ်ဆောင်ပေးပါ့မယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ်က အောက်တုန်းတို့ သားအဖကို သတ်ချင်တယ်။”

ကျိုးကျီက ခေတ္တ စဉ်းစားပြီးနောက် ချက်ချင်း ဖြေလိုက်သည်။ “ကောင်းပါပြီ… ကျေးဇူးရှင် စိတ်ချပါ။ ဒီကိစ္စကို ကျုပ် တာဝန်ယူပါတယ်။”

ထို့နောက် ကျိုးကျီက အရိုအသေပေးကာ နောက်ဆုတ် ထွက်ခွာသွားသည်။ တံခါးဝသို့ ရောက်ခါနီး အချိန်တွင် ကျိုးကျီက ရုတ်တရက် ရပ်တန့်ကာ ပြောလိုက်၏။ “ကျေးဇူးရှင်… ကျုပ်မှာ လက်ဆောင်တစ်ခု ရှိပါတယ်။ လက်ခံပေးပါ။”

ထို့နောက် အလွန်လှပချောမောသော အမျိုးသမီးတစ်ဦး ယွင်ကျုံးဟဲ့၏ရှေ့သို့ ဝင်ရောက်လာသည်။

ယွင်ကျုံးဟဲ့ လုံးဝ မှင်သက်သွားရ၏။ ထိုအမျိုးသမီးမှာ ဖူဟုန်ရှောင် ဖြစ်ပြီး ဖူယန်ထူ၏ သမီးဖြစ်ကာ ကျိုးကျီ၏ဇနီး၊ တစ်နည်းအားဖြင့် သူ၏ဝမ်းကွဲညီမလည်း ဖြစ်၏။

‘ချီးတဲ့မှ... ခင်ဗျားတို့… ဒီလောက်တောင် လွန်လွန်းတာလား။ ခင်ဗျားတို့ အသိုင်းအဝိုင်းက ဒီလောက်တောင် ရှုပ်ထွေးပွေလီရလား။ အသက်ရှင်ဖို့နဲ့ အာဏာအတွက် ကိုယ့်ဇနီးကိုတောင် စွန့်လွှတ်ရဲတယ်ပေါ့။ ဒါပေမဲ့ ကျိုးကျီ... ခင်ဗျားသာ နန်းတက်ခဲ့ရင် မျက်စိရှေ့က ဖူဟုန်ရှောင်က မိဖုရားခေါင်ကြီး ဖြစ်လာမှာလေ။’

ယွင်ကျုံးဟဲ့က လေသံကို ပြတ်သားစွာဖြင့် ပြောလိုက်သည်။ “ဒါက နည်းနည်း လွန်သွားပြီ။ ခင်ဗျားရဲ့ လက်ဆောင်ကို ပြန်ယူသွားလိုက်ပါ။”

..........................

လျှို့ဝှက်ခန်း တစ်ခု အတွင်း၌...

တာယင်အင်ပါယာ ဟေးလုံထိုင် ခေါင်းဆောင် ကုန်းဆွန်းယန်က တိတ်ဆိတ်စွာ ထိုင်နေပြီး အောက်မင်က သူ၏ ရှေ့တွင် ဒူးထောက်နေ၏။

“အမတ်မင်း အောက်မင်… ကျုပ်ရှေ့မှာ ဒူးထောက်နေလို့ အသုံးမဝင်ဘူး။”

ကုန်းဆွန်းယန်က ပြောလိုက်သည်။ “ကျုပ်တို့က ခင်ဗျားကို ဟေးလုံထိုင် အတွက် အလုပ် လုပ်ဖို့ စည်းရုံးခဲ့ဖူးပေမဲ့ ယွင်ကျုံးဟဲ့က ကျုပ် သတ်မှတ်ထားတဲ့ ဆက်ခံသူ ဖြစ်တယ်။ သူက ခင်ဗျားတို့ မိသားစု တစ်ခုလုံးကို သတ်ချင်နေတာ ဆိုတော့ ဘယ်သူမှ ခင်ဗျားကို ကယ်နိုင်မှာ မဟုတ်ဘူး။”

အောက်မင်က ပြောလိုက်၏။ “အမတ်မင်း ကုန်းဆွန်းယန်… ကျုပ်က အမတ်မင်းဆီ လာပြီး ကယ်တင်ဖို့ တောင်းဆိုနေတာ မဟုတ်ဘူး။ ကျုပ်က ကောင်းကင်ကို တုန်လှုပ်စေမယ့် လျှို့ဝှက်ချက် တစ်ခုကို ဖော်ထုတ်ဖို့ လာတာပါ။ ဒီလျှို့ဝှက်ချက်က တာယင်အင်ပါယာရဲ့ အသက်ရှင်ခြင်း၊ သေဆုံးခြင်းနဲ့ သက်ဆိုင်နေတယ်။”

ကုန်းဆွန်းယန်က မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းကာ မေးလိုက်သည်။ “ဩော်… ပြောစမ်းပါအုံး။”

အောက်မင်က ဖြေလိုက်၏။ “ယွင်ကျုံးဟဲ့ဟာ တာယင်အင်ပါယာရဲ့ အကြီးမားဆုံး ရန်သူ ဖြစ်ပြီး တာယင် ဧကရာဇ် လောကကို စည်းလုံးမယ့် လမ်းမှာ အကြီးမားဆုံး အဟန့်အတားလည်း ဖြစ်ပါတယ်။ အမတ်မင်း ကုန်းဆွန်းယန် အနေနဲ့ သူ့ကို လျှို့ဝှက်စွာ သတ်ပစ်ပါ။”

ကုန်းဆွန်းယန်က အသက်ရှူအောင့်ကာ မေးလိုက်သည်။ “ဘာကြောင့်လဲ။”

အောက်မင်က စကားလုံး တစ်လုံးချင်း ပြောလိုက်၏။ “ဘာဖြစ်လို့လဲဆိုတော့ ယွင်ကျုံးဟဲ့ဟာ မိဘမဲ့ တစ်ယောက် လုံးဝ မဟုတ်ဘူး။ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ တာ့ယန် မင်းဆက်ရဲ့ အစစ်မှန်ဆုံး သွေးသားတွေ ရှိနေတယ်။ သူက အရှေ့ပိုင်း အင်ပါယာတွေ အားလုံးထဲမှာ တစ်ဦးတည်းသော ကောင်းကင်ဘုံရဲ့ သားတော် ဆက်ခံသူ ဖြစ်ပြီး အရှေ့ပိုင်း လောကရဲ့ အစစ်မှန်ဆုံး ဘုရင်တကာတို့ရဲ့ ဘုရင် ဖြစ်လို့ပါပဲ။”

“ခွမ်း”

ကုန်းဆွန်းယန်၏ လက်ထဲမှ ဖန်ခွက်က ချက်ချင်း ကွဲကြေသွားသည်။

တစ်ခဏချင်းအတွင်းမှာပဲ လျှို့ဝှက်ခန်းအတွင်းရှိ လေထုက အေးစက်သွားသည်။ အတော်ကြာပြီးနောက် ကုန်းဆွန်းယန်က အေးစက်စွာ ပြုံးလိုက်ပြီး မေးလိုက်၏။ “ခင်ဗျား ဘယ်လိုလုပ် သိတာလဲ။”

မှန်ပေသည်။ ဤမျှအရေးကြီးသော ထိပ်တန်းလျှို့ဝှက်ချက်ကို အောက်မင် သိခွင့် မရှိသေးချေ။

အောက်မင်က ပြန်ဖြေလိုက်သည်။ “ကျုပ် သိခွင့်မရှိတာ သေချာပါတယ်။ ဒါက ထျန်းကျိုးနတ်ဧကရာဇ် ချန်ထားခဲ့တဲ့ လျှို့ဝှက်ချက်လေ။”

ကုန်းဆွန်းယန်က အံ့အားသင့်စွာဖြင့် မေးလိုက်၏။ “ထျန်းကျိုးဧကရာဇ် ဟုတ်လား။”

အောက်မင်သည် သေတ္တာတစ်လုံးကို ထုတ်ယူကာ ကုန်းဆွန်းယန်ထံသို့ ကမ်းပေးလိုက်သည်။

သေတ္တာကို ဖွင့်လိုက်ချိန်၌ အတွင်းတွင် သိုးရေစာရွက်တစ်ရွက် ရှိနေသည်။ အပေါ်ရှိ စာလုံးများမှာ ထျန်းကျိုးနတ်ဧကရာဇ်၏ လက်ရေးဖြစ်ကြောင်း သေချာ၏။

အကြောင်းမူ စာလုံးတစ်လုံးချင်းစီတိုင်းကို ဖိရေးထားသကဲ့သို့ ဖြစ်နေသောကြောင့် အတုအပ ပြုလုပ်ရန် လုံးဝ မဖြစ်နိုင်၍ ဖြစ်သည်။

စာရွက်ပေါ်တွင် ရှင်းလင်းစွာ ရေးသားထားသည်။ ယွင်ကျုံးဟဲ့သည် တာ့ယန်မင်းဆက်၏ အစစ်မှန်ဆုံး ဆက်ခံသူဖြစ်ပြီး သန့်စင်သောကျောင်းတော်နှင့် တာ့ယန်မင်းဆက်၏ အစစ်မှန်ဆုံး သွေးသား ပိုင်ဆိုင်သူ ဖြစ်၏။

အဆုံးတွင် ထျန်းကျိုးနတ်ဧကရာဇ်၏ လက်မှတ်၊ တော်ဝင်တံဆိပ်တုံးနှင့် ကိုယ်ပိုင်တံဆိပ်တုံးတို့ ပါရှိသည်။

ကုန်းဆွန်းယန်က မေးလိုက်၏။ “ထျန်းကျိုးနတ်ဧကရာဇ်က ဒီထိပ်တန်းလျှို့ဝှက်ချက်ကို ခင်ဗျားဆီမှာ ချန်ထားခဲ့တာလား။”

အောက်မင်က ဖြေလိုက်သည်။ “ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်က ယွင်ကျုံးဟဲ့ရဲ့ သေခြင်းရှင်ခြင်း ရန်သူ ဖြစ်နေလို့ပဲ။ တခြား ဘယ်သူမဆို ယွင်ကျုံးဟဲ့ဆီ လက်နက်ချသွားနိုင်တယ်။ လင်ကုန်းပဲဖြစ်ဖြစ်၊ ကျိုးကျီပဲဖြစ်ဖြစ်ပေါ့။ ကျုပ် တစ်ယောက်တည်းကသာ သူ့ဆီ လက်နက် မချနိုင်တဲ့လူပဲ။”

ဤသည်မှာ အမှန်ဖြစ်၏။ အခြားသူများ ယွင်ကျုံးဟဲ့ထံ လက်နက်ချပါက အသက်ရှင်နိုင်သေးသော်လည်း အောက်မင် လက်နက်ချလျှင် အသုံးမဝင်ချေ။ ယွင်ကျုံးဟဲ့က သူတို့မိသားစု တစ်ခုလုံးကို သတ်ပစ်ရန် နည်းလမ်းရှာမည်မှာ သေချာ၏။

All Chapters