← Chapters

အခန်း (၆၅၉-၆၆၀)

Vol. 56 Ch. 659-660

အခန်း (၆၅၉-၆၆၀)

Vol. 56 Ch. 659-660

အပိုင်း (၆၅၉)

ကုန်းဆွန်းယန်က ဆက်မေးသည်။ “ဒီလျှို့ဝှက်ချက်ကို ခင်ဗျား ဘယ်အချိန်တည်းက သိခဲ့တာလဲ။”

အောက်မင်က ဖြေလိုက်၏။ “ထျန်းကျိုးနတ်ဧကရာဇ် သေဆုံးသွားတာ သေချာပြီဆိုတဲ့ နောက်မှပါ။”

ကုန်းဆွန်းယန်က မေးလိုက်သည်။ “ဘာကြောင့်လဲ။”

အောက်မင်က ရှင်းပြ၏။ “ထျန်းကျိုးနတ်ဧကရာဇ်က ဒီသေတ္တာကို ကျုပ်ဆီပေးတုန်းက ဖယောင်းတံဆိပ်နဲ့ ချိတ်ပိတ်ထားပြီး ခိုးဖွင့်လို့ မရအောင် လုပ်ထားတာ။ ပြီးတော့ သုံးလတစ်ကြိမ် ဒီသေတ္တာကို သူ့ဆီ သွားပြရတယ်။ သူ သေဆုံးသွားမှသာ ဒီသေတ္တာကို ဖွင့်ခွင့်ရှိတာပါ။”

ကုန်းဆွန်းယန်က မေးလိုက်သည်။ “သူ သေရမယ်ဆိုတာကို ကြိုသိနေလို့လား။”

အောက်မင်က ဖြေလိုက်၏။ “ကြိုသိနေတာတော့ မဟုတ်ဘူး။ အရေးပေါ် အခြေအနေအတွက် ကြိုတင် ပြင်ဆင်ထားတာပါ။”

ကုန်းဆွန်းယန်သည် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး မေးလိုက်သည်။ “ထျန်းကျိုးနတ်ဧကရာဇ်က ဘာကိုအခြေခံပြီး ဒီလို ကောက်ချက်ချခဲ့တာလဲ။”

အောက်မင်က ဖြေလိုက်၏။ “ဒီအချက်ကိုတော့ ကျုပ်လည်း မသိဘူး။”

ကုန်းဆွန်းယန်က မေးလိုက်သည်။ “ဒီလျှို့ဝှက်ချက်ကို သုံးပြီး ခင်ဗျား ဘာနဲ့ လဲလှယ်ချင်တာလဲ။”

အောက်မင်က ပြောလိုက်၏။ “ကျုပ်တို့ မိသားစု တစ်ခုလုံးရဲ့ အသက်ကို ကယ်တင်ပေးဖို့ပါ။ ယွင်ကျုံးဟဲ့က ကျုပ်တို့မိသားစု တစ်ခုလုံးကို သတ်ဖို့ သေချာပေါက် ကြိုးစားမှာမို့လို့ ကျုပ် ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရတာပါ။”

ကုန်းဆွန်းယန်က ပြန်ပြောလိုက်သည်။ “စိတ်ချပါ၊ ခင်ဗျားက တာ့ကျိုးရဲ့ ဘဏ္ဍာရေး ဒု-ဝန်ကြီးဟောင်း ဖြစ်သလို ခင်ဗျားအဖေကလည်း စစ်သူကြီးဟောင်းပဲ။ ယွင်ကျုံးဟဲ့က ခင်ဗျားတို့ကို သတ်ပိုင်ခွင့် မရှိပါဘူး။ သတ်ချင်ရင်တောင် နန်ယွမ်ကနေတစ်ဆင့် တရားဝင် အပြစ်ပေးရအုံးမယ်။ နန်ယွမ်အကြီးအကဲကလည်း ဧကရာဇ်မင်းမြတ်ဆီ လျှောက်တင်ပြီးမှသာ ခင်ဗျားတို့ကို သတ်၊ မသတ် ဆုံးဖြတ်ရမှာပါ။”

အောက်မင်က ဒူးထောက်ကာ ပြောလိုက်၏။ “ဧကရာဇ်မင်းမြတ်ဆီ မဖြစ်မနေ လျှောက်တင်ပေးပါ။ ယွင်ကျုံးဟဲ့က အရမ်းကို အစွမ်းထက်လွန်းတယ်။ သူ့ရဲ့ပါရမီကို နှမြောမနေပါနဲ့၊ ချက်ချင်း သတ်ပစ်သင့်တယ်။

မဟုတ်ရင် နောင်တစ်ချိန်မှာ တာယင်က လောကကို စည်းလုံးမယ့် လမ်းမှာ အကြီးမားဆုံး အဟန့်အတား ဖြစ်လာလိမ့်မယ်။ တာယင်အင်ပါယာရဲ့ အကြီးမားဆုံး ဘေးအန္တရာယ် ဖြစ်လာနိုင်တယ်။ ယွင်ကျုံးဟဲ့ကို မဖြစ်မနေ သတ်ရမယ်။ မဖြစ်မနေ သတ်ကိုသတ်ရပါမယ်။”

ကုန်းဆွန်းယန်က ပြောလိုက်သည်။ “ခင်ဗျားရဲ့ စကားတွေကို ဧကရာဇ်မင်းမြတ်ဆီ အတိအကျ လျှောက်တင်ပေးပါ့မယ်။ အသေးစိတ် ဆုံးဖြတ်ချက်ကတော့ ဧကရာဇ်မင်းမြတ် ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါလိမ့်မယ်။”

အောက်မင်က ဒူးထောက်လိုက်ပြီး ပြောလိုက်၏။ “ဒါဆို ကျုပ်တို့ မိသားစုဝင် ရာချီရဲ့ အသက်ကို အမတ်မင်း ကုန်းဆွန်းဆီ အပ်နှင်းလိုက်ပါတယ်။”

ကုန်းဆွန်းယန်က ပြောလိုက်သည်။ “ပြန်တော့...”

............

အောက်မိသားစုအိမ်တော်အတွင်း၌...

“ဘယ်လိုနေလဲ။” ဟု အောက်တုန်းက မေးလိုက်၏။

အောက်မင်က ဖြေသည်။ “ကုန်းဆွန်းယန်ဆီ ပေးလိုက်ပြီ။ ကျုပ် ခန့်မှန်းရသလောက်တော့ ယွင်ကျုံးဟဲ့ သေချာပေါက် သေရလိမ့်မယ်။ သူ့မှာ ဘယ်လောက်ပဲ ကြီးမားတဲ့ အောင်မြင်မှုတွေ၊ ပါရမီတွေ ရှိနေပါစေ သေချာပေါက်ကို သေရမယ်။

တာယင်ဧကရာဇ်က အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ အခု အရှေ့ပိုင်းတော်ဝင်မျိုးနွယ်တွေ အားနည်းနေတဲ့အချိန်ဟာ တာယင်အင်ပါယာအတွက် လောကကို စည်းလုံးဖို့ အကောင်းဆုံး အခွင့်အရေးပဲ။

တာရှအင်ပါယာဧကရာဇ်က အသက်ကြီးနေပြီ။ သူက တာ့ယန်တော်ဝင်သွေးသား ဖြစ်ပေမယ့် ညံ့ဖျင်းတယ် ဆိုတဲ့ နာမည်ဆိုး ရှိနေပြီး လောကကို စည်းလုံးချင်တဲ့ စိတ်ဓာတ်လည်း မရှိတော့ဘူး။ ယွင်ကျုံးဟဲ့ရဲ့ နာမည်ဂုဏ်သတင်းက အရမ်းကို ကြီးမားလွန်းပြီး ဂန္ထဝင်ဆန်လွန်းတယ်။ ဇာစ်မြစ်ကို လူသိရှင်ကြား ဖြစ်သွားတာနဲ့ မုန်တိုင်းနဲ့တွေ့တဲ့ နဂါးတစ်ကောင်လို ချက်ချင်း အားကောင်းလာလိမ့်မယ်။”

အောက်တုန်းက မေးလိုက်၏။ “ဒါပေမဲ့ ဒီလို ထိပ်တန်းလျှို့ဝှက်ချက်ကို မင်းလည်း သိထားတာပဲလေ။ တာယင်ဧကရာဇ်က ငါတို့ မိသားစုကို နှုတ်ပိတ်ဖို့ သတ်ပစ်မှာ မကြောက်ဘူးလား။”

“ကြောက်တာပေါ့... သေချာပေါက် ကြောက်တယ်။”

အောက်မင်က ဖြေလိုက်သည်။ “ဒါပေမဲ့…”

အောက်မင်က ထို ဒါပေမဲ့ နောက်က စကားကို ဆက်မပြောတော့ချေ။ အကြောင်းမှာ ထိုလျှို့ဝှက်ချက် နောက်ကွယ်တွင် အခြားလျှို့ဝှက်ချက် ရှိနေသေးပြီး သူက မည်သူ့ကိုမှ ပြောပြ၍ မရသောကြောင့် ဖြစ်သည်။ အဖေအရင်းကိုပင် ခြွင်းချက် မရှိချေ။

ထိုအချိန်တွင် အပြင်ဘက်မှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာ၏။ “ယောက်ျား”

ထိုသူမှာ သူ၏ဇနီး၊ တာ့ကျိုးအင်ပါယာ၏ မင်းသမီး ကျင်းချန် ဖြစ်သည်။

“ယောကျာ်း… ကျွန်မ တာယင်မြို့တော်ကိုသွားပြီး တာယင်အိမ်ရှေ့စံကို သွားတွေ့ရမလား။”

မင်းသမီး ကျင်းချန်က ပြောလိုက်၏။ “ယွင်ကျုံးဟဲ့က ယင်ချွီနဲ့ ရင်းနှီးပေမယ့် တာယင်အိမ်ရှေ့စံနဲ့ ဘာပတ်သက်မှုမှ မရှိဘူးလေ။ တာယင်အိမ်ရှေ့စံကသာ ရှင့်ကို ကာကွယ်ပေးမယ်ဆိုရင် ကျွန်မတို့ မိသားစု ဘာမှ မဖြစ်နိုင်ပါဘူး။”

အောက်မင်က ညင်သာစွာ ပြောလိုက်သည်။ “မလိုပါဘူး ကျင်းချန်ရယ်။ မင်း အေးအေးဆေးဆေးသာ အိပ်လိုက်ပါ။”

ထို့နောက် အောက်မင်သည် အပြင်ဘက်မှ ကောင်းကင်ကို ငေးကြည့်နေမိ၏။ ‘ဒီနောက်ဆုံးလက်နက်ကို သုံးလိုက်တာနဲ့ ယွင်ကျုံးဟဲ့ကို ရှင်းလင်းပစ်နိုင်ပါ့မလား။ ထျန်းကျိုးနတ်ဧကရာဇ်... ခင်ဗျားရဲ့ အကြံအစည်တွေက တကယ့်ကို နက်ရှိုင်းလွန်းတယ်။’

..................

ရက်အနည်းငယ်အကြာ...

လေခွင်းမြို့ရှိ နုဧကရာဇ်၏ မြေအောက်ဂူသင်္ချိုင်းအတွင်း၌...

မြေအောက်နန်းတော်ကြီးကို သန့်ရှင်းရေးလုပ်ထားပြီး ဖယောင်းတိုင်များလည်း ထွန်းညှိထား၏။ အလွန် ခမ်းနားကြီးကျယ်လှပြီး စစ်သည်ရွှံ့ရုပ်များအားလုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။

သို့ပေမည့် မြေအောက်ဂူသင်္ချိုင်း ဖြစ်သောကြောင့် အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းနေဆဲ ဖြစ်ကာ လေဝင်လေထွက်ပေါက်များ အားလုံးဖွင့်ထားသောကြောင့် အေးစက်သောလေများ တိုက်ခတ်နေ၏။

တာယင်ဟေးလုံထိုင် ခေါင်းဆောင် ကုန်းဆွန်းယန်က ဘီးတပ်ကုလားထိုင်တစ်ခုကို တွန်းလာသည်။

ကုလားထိုင်ပေါ်တွင် လူတစ်ယောက် ထိုင်နေပြီး လက်နှစ်ဖက်၊ ခြေနှစ်ဖက်လုံး ပြတ်တောက်နေကာ လူသားတုံး (ပဒုမပေါင်တို)ကဲ့သို့ ဖြစ်နေပြီး အလွန် သနားစရာကောင်းလို့နေ၏။

“အစ်ကို… ဒါက နုဧကရာဇ်ရဲ့ ဂူသင်္ချိုင်းပဲ။ အံ့အားသင့်စရာ မကောင်းဘူးလား။”

ကုန်းဆွန်းယန်က သက်ပြင်းချကာ ပြောလိုက်သည်။ “ဒါပေမဲ့ ဒီဂူသင်္ချိုင်းက အတုတစ်ခုပဲ ဖြစ်နိုင်တယ်။ အစစ်အမှန် မြေအောက်ဂူသင်္ချိုင်း တစ်ခု ရှိသေးတယ်၊ စိတ်ကူးကြည့်လို့တောင် မရနိုင်ဘူး။ အတုတောင် ဒီလောက် အံ့မခန်းဖြစ်နေရင် အစစ်က ဘယ်လောက်တောင် ခမ်းနားလိုက်မလဲ။”

ဘီးတပ်ကုလားထိုင်ပေါ်မှ လက်ပြတ်ခြေပြတ်လူမှာ ကုန်းဆွန်းယန်၏ အစ်ကို ဖြစ်နေ၏။

“အဲဒီတုန်းက ဆရာက ကျုပ်တို့နှစ်ယောက်ကို ကုန်းဆွန်းမာ၊ ကုန်းဆွန်းယန်လို့ နာမည်ပေးခဲ့ပြီး အစ်မကို ကုန်းဆွန်းလုံလို့ နာမည်ပေးခဲ့တယ်လေ။”

ကုန်းဆွန်းယန်က တည်ငြိမ်စွာ ပြောလိုက်သည်။ “ကျုပ် အဲဒီတုန်းက အရမ်း မကျေနပ်ခဲ့ဘူး။ ဘာဖြစ်လို့ ခင်ဗျားတို့ကျတော့ နဂါးတွေ၊ မြင်းတွေဖြစ်ပြီး ကျုပ်က သိုးဖြစ်ရတာလဲလို့ပေါ့။”

ဘီးတပ်ကုလားထိုင်ပေါ်ရှိ ကုန်းဆွန်းမာ၏ မျက်နှာက အနည်းငယ် တုန်ယင်သွားပြီး မျက်ရည်များ ဝဲလာ၏။

ကုန်းဆွန်းယန်က ပြောလိုက်သည်။ “အစ်ကို… အစ်ကိုက အစ်မကို လွမ်းနေတာလား။ ကျုပ်လည်း သူ့ကို လွမ်းပါတယ်။ အဲဒီတုန်းက ကျုပ်တို့နှစ်ယောက်လုံး အစ်မကို ချစ်ခဲ့ကြပေမယ့် အစ်မက နောက်ဆုံးမှာ အစ်ကို့ကိုပဲ ရွေးချယ်ခဲ့တယ်လေ။ ကျုပ်လို သိုးက အရမ်းကို နှိမ့်ကျလွန်းလို့ သူ့လို နဂါးပျံလေးနဲ့ မတန်လို့ ဖြစ်မှာပေါ့။”

ကုန်းဆွန်းမာလည်း ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ မျက်ရည်များ စီးကျလာတော့သည်။ အစ်မနှင့် ချစ်ခင်ခဲ့ရသော နေ့ရက်များကို ပြန်လည်သတိရမိပြီး ထိုအချိန်က သူ၏ဘဝတွင် အလှပဆုံး အချိန်များ ဖြစ်ခဲ့၏။

ကုန်းဆွန်းယန်က ဆက်ပြောလိုက်သည်။ “အဲဒီတုန်းက အစ်ကိုက ဟေးလုံထိုင် ခေါင်းဆောင်နေရာကို ဆက်ခံရမှာပါ။ ဆရာက အစ်ကို့ကို ပိုပြီး အလေးထားခဲ့သလို အစ်ကိုကလည်း အသက်ကို ပဓာနမထားဘဲ ပိုပြီး ကြိုးစားချင်ခဲ့တယ်။ အစ်ကိုက ဂန္ထဝင်ဆန်တဲ့ တာဝန်တွေကို အရမ်း သဘောကျခဲ့တယ်လေ။

တာရှအင်ပါယာက ကျုပ်တို့ တာယင်အင်ပါယာကို အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်စေခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူက အင်အားအကြီးဆုံးနိုင်ငံ ဖြစ်နေလို့ပဲ။ အဲဒီတုန်းက ကျုပ်တို့အားလုံး အရွယ်ကောင်းပဲ ရှိသေးတယ်။ ဆရာက ကျုပ်တို့သုံးယောက်ကိုခေါ်ပြီး တာရှအင်ပါယာဆီ သွားရောက် ပုန်းအောင်းဖို့ တာဝန်ပေးခဲ့တယ်။”

ကုန်းဆွန်းယန်က ခေါင်းမော့ကာ သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။ “အဲဒီအချိန်က တကယ့်ကို စိတ်အားထက်သန်စရာ ကောင်းတဲ့ အချိန်တွေပဲ။ ယွင်ကျုံးဟဲ့ရဲ့ ဆယ်နှစ်ကျော် သူလျှိုဘဝက ဂန္ထဝင်ဆန်တယ်လို့ ဆိုရပေမယ့် ကျုပ်တို့လည်း ထိုနည်းလည်းကောင်းပဲ မဟုတ်လား။

ယွင်ကျုံးဟဲ့က တာယင်အင်ပါယာကို ပိုင်ရှင်မဲ့နယ်မြေ ရအောင် ကူညီပေးခဲ့ပြီး တစ်ကိုယ်တော်စွမ်းအားနဲ့ တာ့ကျိုးကို ဖျက်ဆီးပစ်နိုင်ခဲ့လို့ ပြိုင်ဘက်ကင်း အောင်မြင်မှုကြီးကို ရယူပေးနိုင်ခဲ့တယ်။ တကယ့်ကို အံ့မခန်းပဲ။ ကျုပ်တို့ကျတော့ရော”

ကုန်းဆွန်းယန်က မေးလိုက်သည်။ “ကျုပ်တို့သုံးယောက် ပူးပေါင်းပြီး တာရှအင်ပါယာ တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့တယ်။ ကျုပ်တို့ရဲ့ ခြယ်လှယ်မှုအောက်မှာ တာရှဧကရာဇ်နဲ့ အိမ်ရှေ့စံတို့ သားအဖ နှစ်ယောက် ရန်သူဖြစ်သွားပြီး သားက အဖေကိုသတ်တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ နန်းတွင်း အရေးအခင်းကို ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမဲ့ တာရှအိမ်ရှေ့စံက ဘယ်လိုလုပ် အဖေကို သတ်ပါ့မလဲ။ ဒါက ကျုပ်တို့ရဲ့ လက်ရာတွေပဲလေ။

အဲဒီ တာရှအိမ်ရှေ့စံက အရမ်းတော်လွန်းတယ်။ နာမည်ဂုဏ်သတင်းကလည်း အရမ်းကြီးမားလွန်းတော့ တာရှဧကရာဇ်တောင် သူ့သားကို မနာလို ဖြစ်လာခဲ့တယ်။ မူလတည်းက သံသယဝင်နေတဲ့အချိန်မှာ ကျုပ်တို့ ဖန်တီးလိုက်တဲ့ အဖေကိုသတ်တဲ့ နန်းတွင်းအရေးအခင်းကိစ္စ ပေါ်လာတော့ ဧကရာဇ်က အိမ်ရှေ့စံကို ချက်ချင်း သတ်ဖို့ ကြိုးစားခဲ့တယ်။

တာရှအိမ်ရှေ့စံလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပြန်လည် ခုခံခဲ့ရတယ်။ ဒီလိုနဲ့ တစ်နှစ်ကျော်တိုင်တိုင် ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး ဒီစစ်ပွဲကြောင့် တာရှအင်ပါယာဟာ စစ်တပ် တစ်သန်းကျော် ဆုံးရှုံးခဲ့ရသလို ပြည်သူ သန်းဆယ်ချီ သေဆုံး ဒဏ်ရာရခဲ့တယ်။

ဒီလိုနဲ့ တာရှလို အင်အားအကြီးဆုံးနိုင်ငံကြီးက အားနည်းသွားပြီး အကြီးအကျယ် ထိခိုက်နစ်နာသွားကာ ကျုပ်တို့ တာယင်အင်ပါယာကို ဘယ်တော့မှ ပြန်မတိုက်နိုင်တော့ဘူး။ ပိုပြီး အရေးကြီးတာက တာရှ တော်ဝင်မျိုးနွယ်ရဲ့ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးပစ်နိုင်ခဲ့တာပဲ။

သားအဖအချင်းချင်း သတ်ဖြတ်နေကြတာကို လောကပြည်သူ သန်းပေါင်းများစွာက ဘယ်လိုလုပ် ယုံကြည်နိုင်တော့မလဲ။ တာရှက လောကကို စည်းလုံးနိုင်ပြီး တာ့ယန်မင်းဆက်ကို ဆက်ခံနိုင်မယ်ဆိုတာကို ဘယ်သူက ယုံကြည်တော့မလဲ။ သူတို့ကိုယ်တိုင်တောင် တာ့ယန်တော်ဝင်သွေးသားလို့ မကြေညာ ရဲတော့ဘူး။

အစ်ကို… အဲဒီတုန်းက အစ်ကိုနဲ့ အစ်မက တာရှအိမ်ရှေ့စံဘေးမှာ ပုန်းအောင်းနေခဲ့ပြီး ကျုပ်က တာရှ ဟေးကျိုးထိုင်မှာ ပုန်းအောင်းကာ တာရှဧကရာဇ်ရဲ့ လူယုံ ဖြစ်လာခဲ့တာကို ကျုပ် မှတ်မိသေးတယ်။”

ကုန်းဆွန်းယန်က ပြောလိုက်၏။ “ကျုပ်တို့သုံးယောက် ပူးပေါင်းပြီးတော့ တာရှအင်ပါယာကို အကြီးအကျယ် ပြောင်းပြန်လှန်ပစ်ပြီး ပျက်သုဉ်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရစေခဲ့တာ ဘယ်လောက်တောင် ကျေနပ်စရာ ကောင်းလိုက်သလဲ။ ဒီလောကမှာ ကျုပ်တို့လောက် အောင်မြင်တဲ့ သူလျှိုမျိုး ရှိတော့မှာ မဟုတ်ဘူး။”

ကုန်းဆွန်းယန်က သက်ပြင်းချကာ ဆက်ပြောသည်။ “အစ်ကို… ကျုပ်တို့အားလုံး ကြီးမားတဲ့ အောင်မြင်မှုတွေ ရခဲ့ပြီးပြီလေ။ အစ်ကိုက ဘာလို့ ထွက်ပြေးခဲ့ရတာလဲ။ ဘာကြောင့် ထွက်ပြေးခဲ့ရတာလဲ။”

ထိုစကားကြောင့် ကုန်းဆွန်းမာလည်း ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ မျက်ရည်များ အဆက်မပြတ် စီးကျလာတော့၏။

ကုန်းဆွန်းယန်က ဆက်ပြောလိုက်သည်။ “မိသားစု စည်းမျဉ်းကို အစ်ကို သိပါတယ်။ ခွင့်ပြုချက် မရှိဘဲ ထွက်ပြေး ပျောက်ဆုံးသွားရင် အစိတ်စိတ် အပိုင်းပိုင်း ခုတ်ထစ်ခံရမယ်ဆိုတာကိုလေ။ အစ်ကိုတို့ ဘာကြောင့် ထွက်ပြေးခဲ့ရတာလဲ။ ကျုပ်တို့အားလုံး အောင်မြင်နေပြီလေ၊ တာရှအင်ပါယာကိုတောင် ပြောင်းပြန်လှန်ပစ် နိုင်ခဲ့ပြီလေ။”

ကုန်းဆွန်းမာ၏ မျက်နှာက ပြင်းထန်စွာ တုန်ယင်နေ၏။

ကုန်းဆွန်းယန်က ဆက်ပြောသည်။ “ကျုပ်တို့ သုံးယောက်စလုံး တာယင်အင်ပါယာကို သစ္စာစောင့်သိဖို့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြတယ်။ အစ်ကိုရဲ့ ဒီလို ခွင့်ပြုချက်မရှိဘဲ ထွက်ပြေးမှုက ဟေးလုံထိုင်ကို သစ္စာဖောက်တာ၊ တာယင်အင်ပါယာကို သစ္စာဖောက်တာပဲ။ ဘာကြောင့်လဲ... ဘာကြောင့်လဲ။ တာရှအိမ်ရှေ့စံ ချန်ထားခဲ့တဲ့ အဲဒီ အမြွှာကလေးနှစ်ယောက်ကြောင့်လား။”

ကုန်းဆွန်းမာ၏ မျက်နှာက အဆက်မပြတ် တွန့်လိမ်နေ၏။

ကုန်းဆွန်းယန်က ဆက်ပြောလိုက်သည်။ “အစ်ကိုနဲ့ အစ်မက ဒီကလေးနှစ်ယောက်ကို ခေါ်ပြီး ပင်လယ်ရပ်ခြားကို ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်။ လူသူကင်းမဲ့တဲ့ နေရာကိုသွားပြီး အဲဒီကလေးနှစ်ယောက်ကို ပြုစုပျိုးထောင်ဖို့လေ။

ကျုပ်တို့က အကောင်းဆုံး သိုင်းပညာရှင်တွေ အများကြီး စေလွှတ်ခဲ့သလို တာရှအင်ပါယာကလည်း သိုင်းပညာရှင်တွေ အများကြီး စေလွှတ်ခဲ့ပေမယ့် အစ်ကိုတို့ ဇနီးမောင်နှံရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတယ်။ မိုင်သောင်းချီ ထွက်ပြေးရင်း လူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်။”

ကုန်းဆွန်းယန်က ဆက်ပြော၏။ “အစ်ကို… အစ်ကို့ရဲ့ သိုင်းပညာက အရမ်းမြင့်မားလွန်းတယ်။ ဟေးလုံထိုင်ရဲ့ နံပါတ်တစ် သိုင်းပညာရှင်လို့တောင် ဆိုနိုင်တယ်။ ဒါပေမဲ့ ဘာကြောင့်လဲ။ ဒီကလေးနှစ်ယောက်အတွက်နဲ့ အစ်ကိုက တာယင်အင်ပါယာကို သစ္စာဖောက်ခဲ့တာလား။

တာရှအိမ်ရှေ့စံက အစ်ကို့ရဲ့ ကျေးဇူးရှင် ဖြစ်ပြီး အစ်ကို့အပေါ် အရမ်း ယုံကြည်အားထားခဲ့သလို ညီအစ်ကိုလိုတောင် သဘောထားခဲ့တယ်။ ဒါပေမဲ့ အစ်ကိုက သူ့ကို သစ္စာဖောက်ခဲ့တာပဲလေ။ ဒီတာရှ အိမ်ရှေ့စံကို ကျုပ်တို့ ပူးပေါင်းပြီး လုပ်ကြံခဲ့တာပဲလေ။ သူ့ရဲ့ ကလေးနှစ်ယောက်အတွက်နဲ့ အစ်ကိုနဲ့ အစ်မက တာယင်အင်ပါယာကို သစ္စာဖောက်ခဲ့တာလား။ ဒါက လုံးဝ ယုတ္တိမရှိဘူး။ လုံးဝ အဓိပ္ပာယ်မရှိဘူး။ ဘာအကြောင်းပြချက်တွေ ရှိနေလို့ ဒီလောက် ယုတ္တိမရှိတဲ့ ရွေးချယ်မှုကို လုပ်ခဲ့ရတာလဲ။”

ကုန်းဆွန်းမာက မျက်လုံးများကို မှိတ်လိုက်၏။ အကြောင်းမှာ နာကျင်မှုကြောင့် မဟုတ်ဘဲ မည်သည့် ခံစားချက်ကိုမှ ထုတ်ဖော် မပြချင်သောကြောင့်ပင်။

ကုန်းဆွန်းယန်က ပြောလိုက်သည်။ “အစ်ကို… အစ်ကိုတို့က အရမ်းတော်လွန်းတယ်။ ကလေးနှစ်ယောက် အတွက်နဲ့ ကိုယ့်ရဲ့အရာအားလုံးကို စွန့်လွှတ်ခဲ့ကြတယ်။ မိုင်သောင်းချီ ထွက်ပြေးရင်း အစ်မ သေသွားတော့ အစ်ကိုက ကလေးနှစ်ယောက်ကိုခေါ်ပြီး ဆက်ပြေးခဲ့တယ်။ ဘယ်သူမှ ရှာမတွေ့နိုင်တဲ့နေရာကို တကယ် ရောက်သွားပြီး တစ်ယောက်တည်း ကလေးနှစ်ယောက်ကို ပြုစုပျိုးထောင်ခဲ့တယ်။”

ကုန်းဆွန်းမာ၏ ခန္ဓာကိုယ်က စတင် တုန်ယင်လာ၏။

ကုန်းဆွန်းယန်က ဆက်ပြောသည်။ “ဒါပေမဲ့ အစ်ကို့ကို ကျုပ်တို့ ခြေရာခံ မိသွားခဲ့တယ်။ ကျုပ်တို့က ချက်ချင်း ပင်လယ်ထဲထွက်ပြီး အစ်ကို့ကို လိုက်ဖမ်းခဲ့တယ်။ ဒါပေမဲ့ အစ်ကိုက အရင်လက်ဦးသွားပြီး ကလေးတွေကို တခြား ပို့လိုက်ပြန်တယ်။

ကျုပ်တို့ ဖျောင်းလင်ကျွန်းမှာ အစ်ကို့ကို တွေ့တဲ့အချိန်မှာ အစ်ကို တစ်ယောက်တည်းပဲ ရှိတော့တယ်။ ပြီးတော့ အစ်ကိုက ကလေးတွေ ကျွန်းပေါ်မှာ နေထိုင်ခဲ့တဲ့ သဲလွန်စအားလုံးကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်။

ကျုပ်တို့ အစ်ကို့ကို ဖမ်းမိပြီးနောက် ယခင်က တစ်ခါမှ မရှိဖူးတဲ့ နှိပ်စက်မှုတွေနဲ့ အဲဒီကလေးနှစ်ယောက်ရဲ့ နေရာကို မေးမြန်းခဲ့တယ်။ တာယင်ကို သစ္စာဖောက်ခဲ့တဲ့ အကြောင်းရင်းကို မေးမြန်းခဲ့ပေမယ့် အစ်ကိုက တစ်ခွန်းမှ မပြောခဲ့ဘူး။ တကယ်ကို နှိပ်စက်နည်းမျိုးစုံ သုံးခဲ့တာတောင် အစ်ကိုက တစ်ခွန်းမှ မပြောခဲ့ဘူး။”

ကုန်းဆွန်းယန်က သက်ပြင်းချကာ ပြောလိုက်၏။ “ဘာဖြစ်လို့လဲဆိုတော့ ဒီလောကမှာ လျှို့ဝှက်ချက်တွေကို အကုန် ဖွင့်ဟစေနိုင်တဲ့ ထူးခြားတဲ့ ဆေးတစ်မျိုး ရှိနေလို့လေ။ ရလဒ်အနေနဲ့ အစ်ကိုက ကိုယ့်လျှာကို ကိုယ်ကိုက်ဖြတ်ပြီး အ,အ ဖြစ်ခံလိုက်တယ်။

ပြီးတော့ ကိုယ့်လက်နှစ်ဖက်စလုံးကို ဖျက်ဆီးပစ်လိုက်လို့ စာရေးလို့လည်း မရတော့ဘူး။ နောက်ဆုံး မေးခွန်းတွေ မကြားချင်လို့ ကိုယ့်နားစည်ကိုပါ ကိုယ်တိုင်ဖောက်ခွဲပြီး နားပင်းအဖြစ် ခံလိုက်တယ်။ အရမ်းကို ရက်စက်လွန်းတယ်။ အစ်ကိုက ကိုယ့်ကိုယ်ကိုယ် အရမ်း ရက်စက်လွန်းတယ်။ ဒီကလေးနှစ်ယောက်ကို ကာကွယ်ဖို့အတွက် တန်ရဲ့လား။”

အပိုင်း (၆၆၀)

မှန်ပေသည်။ ယခု ကုန်းဆွန်းမာသည် လက်ခြေလေးဖက်စလုံး ပြတ်တောက်နေရုံသာမက လျှာလည်း ပြတ်နေပြီး နားလည်း ပင်းနေပြီ ဖြစ်သည်။

သို့ပေမည့် ကုန်းဆွန်းယန် ဘာပြောနေသည်ကို သူ သိရှိနိုင်သေးသည်။ သူက နှုတ်ခမ်းလှုပ်ရှားမှုကို သေချာကြည့်ရှုနိုင်သောကြောင့် ဖြစ်၏။

ကုန်းဆွန်းယန်က ဆက်ပြောလိုက်သည်။

“အစ်ကို့ရဲ့ သိုင်းပညာက အရမ်းမြင့်မားလွန်းလို့ အစ်ကို ထွက်ပြေးမှာကို တားဆီးဖို့ ကျုပ်တို့က အစ်ကို့ရဲ့ လက်နှစ်ဖက်၊ ခြေနှစ်ဖက်စလုံးကို အရင်းကနေ ဖြတ်တောက်ပြီး ထာဝရ လျှို့ဝှက် အကျဉ်းချထားခဲ့ရတယ်။ ယခု နှစ်ဆယ့်ငါးနှစ်တောင် ကြာခဲ့ပြီ မဟုတ်လား။

မူလက အစ်ကိုက ဒီအတိုင်းပဲ တစ်သက်လုံး နေရောင်မမြင်ရတော့ဘဲ အကျဉ်းကျနေရမှာ ဖြစ်ပေမယ့် ယခု ကျုပ်က အစ်ကို့ကို ထုတ်လာပြီး ဒီလိုပတ်ဝန်းကျင်မျိုးမှာ တွေ့ဆုံရတာပေါ့။”

ကုန်းဆွန်းယန်က ကုန်းဆွန်းမာရှေ့သို့ လျှောက်သွားပြီး သူ၏မျက်လုံးများကို စိုက်ကြည့်ကာ စကားလုံး တစ်လုံးချင်း ပြောလိုက်၏။ “အစ်ကို… အစ်ကိုက ဟေးလုံထိုင် ခေါင်းဆောင် ဖြစ်လာရမယ့်သူပါ။ ဒါပေမဲ့ ဒီကလေးနှစ်ယောက်အတွက်နဲ့ ဇနီးသည်လည်း သေဆုံးခဲ့ရသလို အစ်ကိုကိုယ်တိုင်လည်း လူမမာ တစ်ယောက် ဖြစ်သွားခဲ့တယ်။

အစ်ကိုတို့က ဒီလောက်ကြီးမားတဲ့ တန်ဖိုးတွေ ပေးဆပ်ပြီး အဲဒီကလေးနှစ်ယောက်ကို ကာကွယ်ခဲ့တယ်။ သူတို့ရဲ့ နေရာကို ကျုပ်တို့ကို အသိမခံခဲ့ဘူး။ ဒါပေမဲ့ အစ်ကို သိလား။ အဲဒီကလေးနှစ်ယောက်က သူတို့ဘာသာသူတို့ ရောက်လာခဲ့ကြပြီ။”

ထိုစကားကြောင့် ကုန်းဆွန်းမာ၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ယင်သွားပြီး မျက်လုံးအကြည့်များက ချက်ချင်း ထက်မြက်လာသည်။

ကုန်းဆွန်းယန်က ဆက်ပြော၏။ “အစ်ကို… မိုင်သောင်းချီ ထွက်ပြေးရင်း အစ်ကိုနဲ့ အစ်မက လူထောင်ပေါင်း များစွာကို သတ်ဖြတ်ခဲ့တယ်။ ကျုပ်တို့အားလုံး မှတ်ထားတဲ့ အချက်က အစ်ကို့လက်ထဲက ကလေးတွေဟာ အမြွှာတွေဆိုတာပဲ။

ဒါပေမဲ့ မထင်မှတ်ဘဲ အစ်ကိုက ပင်လယ်ပြင်ပေါ်မှာ ကလေးတစ်ယောက်ကို တခြားလူတစ်ယောက်ဆီ ပေးလိုက်တယ်။ အဲဒီလူကတော့ အောက်ရှင်းပဲ။ ဒါကြောင့် အဲဒီတုန်းက အစ်ကို ပြုစုပျိုးထောင်ခဲ့တာ ကလေးတစ်ယောက်တည်းပါ။

ပြီးတော့ အစ်ကို့ကို ကျုပ်တို့ ခြေရာခံမိသွားပြီဆိုတာ သိလိုက်တဲ့ အချိန်မှာ အစ်ကိုက ကလေးကို ပို့လိုက်ပြန်တယ်။ မီးအိမ်အောက်ခြေက အမှောင်ကျတယ် (အဝေးကြီးက အရာတွေကို ကြည့်နေရင်း အနီးဆုံးမှာ ရှိတဲ့ အရာများကို မေ့လျော့နေခြင်း) ဆိုတဲ့ နည်းလမ်းကို သုံးပြီး ကလေးကို ဖုန်းပုထုံဆီ ပေးလိုက်တယ်။

သူလည်း ဟေးလုံထိုင် အဖွဲ့ဝင်ပဲ။ ပြီးတော့ အစ်ကို့ရဲ့ အယုံကြည်ရဆုံး လူလည်း ဖြစ်တယ်။ အရေးအကြီးဆုံးက သူ အပြင်မှာ တကယ်ပဲ တရားမဝင် ကလေးတစ်ယောက် ရထားလို့ အလွယ်တကူ အစားထိုးလို့ ရသွားတာပဲ။

ဖုန်းပုထုံဟာ ဟေးလုံထိုင်မှာ ရာထူးမမြင့်သလို အစ်ကိုနဲ့လည်း ဘာပတ်သက်မှုမှ မရှိတော့ ကျုပ်တို့ တကယ်ပဲ သူ့ကို သံသယ မဝင်ခဲ့ဘူး။ ဒါကြောင့် ဖုန်းပုထုံက ဒီကလေးကို နှစ်နှစ်တိုင်တိုင် မွေးစားထား ခဲ့တယ်။

ဒါပေမဲ့ လောကမှာ လေမတိုက်တဲ့ နံရံဆိုတာ မရှိပါဘူး။ ကျုပ်တို့က သူ့ရဲ့ ထူးဆန်းတဲ့ အပြုအမူတွေကို သတိထားမိလာခဲ့တယ်။ သို့ပေမယ့် အဲဒီတုန်းက သူ့ကို ဒီကလေးနဲ့ ပတ်သက်နေမယ်လို့ သံသယ မဝင်ခဲ့ဘဲ သူ သစ္စာဖောက်သွားပြီလား၊ ဒါမှမဟုတ် ရန်သူနိုင်ငံက ဝယ်ယူသွားပြီလားလို့ပဲ သံသယ ဝင်ခဲ့တာပါ။

ဒါကြောင့် ကျုပ်တို့ သွားပြီး သူ့ကို လျှို့ဝှက် ဖမ်းဆီးတော့မယ့် အချိန်မှာ သူ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်။ ဒီအမှုကလည်း အဲဒီမှာတင် ရပ်သွားခဲ့ပြီး ကျုပ်တို့က သူ တာ့ကျိုးက ဝယ်ယူတာ ခံလိုက်ရပြီး တာယင်ကို သစ္စာဖောက်သွားတယ်လို့ပဲ အမြဲ ထင်မှတ်ခဲ့လို့ သူက နာမည်ဆိုးနဲ့ သေဆုံး သွားခဲ့တာပါ။”

ကုန်းဆွန်းယန်က ဖုန်းပုထုံ၏ နာမည်ကို ပြောလိုက်သည်နှင့် ကုန်းဆွန်းမာ တစ်ကိုယ်လုံး တုန်ယင်နေပြီ ဖြစ်သည်။

ကုန်းဆွန်းယန်က ဆက်ပြော၏။ “ဖုန်းပုထုံ သေဆုံးသွားပြီးနောက် အဲဒီကလေးက ကျွေးမွေးမယ့်သူ မရှိတော့ဘဲ ဟန်ရွှေမြို့မှာ သူတောင်းစားတစ်ယောက်အဖြစ် လှည့်လည် နေထိုင်ခဲ့ရတယ်။ ဒုက္ခမျိုးစုံ ခံစားရပြီး အစွမ်းအစမျိုးစုံလည်း တတ်မြောက်သွားခဲ့တယ်။ ရုပ်ရည် အရမ်းခန့်ညားရုံသာမက လိမ်လည်လှည့်ဖြားတာ၊ ခိုးဝှက်တာ အကုန်လုပ်ခဲ့တယ်။

ပြီးတော့ ရုပ်ရည် အရမ်းချောမောလွန်းတော့ ကြီးလာတဲ့အခါ ချမ်းသာတဲ့ အမျိုးသမီးတွေကို လိမ်လည်ပြီး ငွေရော၊ ခန္ဓာကိုယ်ကိုပါ လိမ်လည်ခဲ့တယ်။ အဲဒီလို လိမ်လည်ရင်းနဲ့ နောက်ဆုံးတော့ ပြဿနာ တက်သွားခဲ့တယ်။ သူက တာယင်အင်ပါယာ ကျိန့်ရှီဟောက်ရဲ့ ကတော်ကို လိမ်လည်မိသွားလို့ အကျဉ်းထောင်ထဲရောက်သွားပြီး ခေါင်းဖြတ်ခံရတော့မယ့် အခြေအနေ ရောက်သွားခဲ့တယ်။”

ကုန်းဆွန်းမာ၏ မျက်လုံးများက ကုန်းဆွန်းယန်၏ နှုတ်ခမ်းကို အစွမ်းကုန် စိုက်ကြည့်နေပြီး မျက်တောင် တစ်ချက်မှ မခတ်ဘဲ စကားလုံးတစ်လုံးမှ မလွတ်သွားစေရန် ကြိုးစားနေသည်။

ကုန်းဆွန်းယန်က ရှင်းပြလိုက်၏။ “ဖုန်းရှင်းမြဲ့ဟာ ဖုန်းပုထုံရဲ့ ညီဖြစ်ပြီး သူ့ကို အသိဆုံးလူလည်း ဖြစ်တယ်။ ဖုန်းပုထုံဟာ တာယင်အင်ပါယာကို လုံးဝ သစ္စာမဖောက်ဘူးဆိုတာကို သူ အခိုင်အမာ ယုံကြည်ထားတယ်။ ဖုန်းပုထုံမှာ ကလေးတစ်ယောက် ရှိတယ်ဆိုတာကို အခြားသူတွေ မသိပေမယ့် ဖုန်းရှင်းမြဲ့ကတော့ သိတယ်။ ဖုန်းပုထုံ သေဆုံးသွားပြီးနောက် ဖုန်းရှင်းမြဲ့ဟာ သူ့အတွက် နာမည်ပြန်ရှင်းပေးဖို့ ကြိုးစားခဲ့ရုံသာမက ဒီကလေးရဲ့ နေရာကိုလည်း အမြဲတမ်း ရှာဖွေနေခဲ့တယ်။

အဲဒီကလေး လုပ်ခဲ့တဲ့ ပြဿနာတွေက အရမ်း ကြီးမားပြီး နာမည်ကြီးနေလို့ ဖုန်းရှင်းမြဲ့က ဒီကလေးကို ရှာတွေ့သွားပြီး သူ့ရဲ့ မွေးရာပါအမှတ်ကို မှတ်မိသွားခဲ့တယ်။ ဒါကြောင့် သူ့ကို ဓားအောက်ကနေ ကယ်တင်လိုက်ပြီး ဆက်ခံသူအဖြစ် ပြုစုပျိုးထောင်ဖို့ လုပ်ခဲ့တယ်။ အဲဒီကလေးကတော့ ယွင်ကျုံးဟဲ့ပဲ။”

ကုန်းဆွန်းမာက ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ အသံတိတ် ငိုကြွေးတော့သည်။

ကုန်းဆွန်းယန်က ပြောလိုက်၏။ “ကျုပ်တို့ အစပိုင်းက ဒီယွင်ကျုံးဟဲ့ဟာ အစ်ကို ကယ်တင်ခဲ့တဲ့ အဲဒီ ကလေးဆိုတာကို လုံးဝ မသိခဲ့ဘူး။ ဖုန်းပုထုံရဲ့ တရားမဝင်ကလေးလို့ပဲ ထင်ခဲ့ပြီး ဖုန်းရှင်းမြဲ့က ပြုစုပျိုးထောင်ချင်ရင် လုပ်ပါစေလို့ ခွင့်ပြုထားခဲ့တယ်။

ဒါပေမဲ့ ယွင်ကျုံးဟဲ့ဟာ ပိုင်ရှင်မဲ့နယ်မြေမှာ ကြီးမားတဲ့ အောင်မြင်မှုတွေရခဲ့ပြီး ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ဘူး။ အဲဒီတုန်းကမှ ကျုပ်တို့ စတင် သံသယ ဝင်လာခဲ့တာပဲ။ ဖုန်းပုထုံဟာ ဒီလိုကလေးမျိုး မမွေးနိုင်ဘူး မဟုတ်လား။

ဒါကြောင့် ကျုပ်တို့ စတင် စုံစမ်းစစ်ဆေးခဲ့ပြီး အဲဒီအချိန်မှာ သက်သေအထောက်အထားတွေ အားလုံးက ပေါ်ထွက်လာခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ယွင်ကျုံးဟဲ့ ကိုယ်တိုင်က သူ့ရဲ့ အရိုးတည်ဆောက်ပုံနဲ့ တစ်ထပ်တည်းတူညီတဲ့ လူတစ်ယောက်ကို တွေ့ခဲ့တယ်လို့ ဝန်ခံခဲ့လို့ပါ။

အဲဒီလူကတော့ တာ့ကျိုးအင်ပါယာ နုလန်ဟောက်ရဲ့သား အောက်ယွီပဲ။ အပြင်ပန်းအနေအထားကတော့ လုံးဝ မတူညီဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအောက်ယွီက အရမ်း ဝလွန်းလို့ပါ။ ဒါကြောင့် ကျုပ်ကိုယ်တိုင် သွားရောက် စုံစမ်းစစ်ဆေးခဲ့ပြီး ရလဒ်အနေနဲ့ အဲဒီအောက်ယွီဟာ ယွင်ကျုံးဟဲ့နဲ့ တစ်ထပ်တည်း တူညီနေတာကို တွေ့ရှိခဲ့ရတယ်။”

ကုန်းဆွန်းယန်က ဆက်ပြောလိုက်၏။ “ဒါကြောင့် ကျုပ်က ရဲရဲဝံ့ဝံ့ ခန့်မှန်းချက်တစ်ခု လုပ်ခဲ့တယ်။ ဒီအမြွှာနှစ်ယောက်ဟာ အဲဒီတုန်းက အစ်ကို ကယ်တင်ခဲ့တဲ့ အမြွှာတွေ ဖြစ်နိုင်မလား။ တစ်နည်းအားဖြင့် တာရှအင်ပါယာအိမ်ရှေ့စံရဲ့ အမြွှာသားနှစ်ယောက်ပေါ့။”

“အောင်း… အောင်း…” ကုန်းဆွန်းမာက ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ လည်ချောင်းထဲမှ အက်ကွဲသော အော်သံများ ထွက်ပေါ်လာသည်။

ကုန်းဆွန်းယန်က ပြောလိုက်၏။ “အဲဒီအချိန်တုန်းက ကျုပ်တို့ တာယင်အင်ပါယာနဲ့ တာ့ကျိုးအင်ပါယာဟာ အရေးကြီးတဲ့ အဆုံးအဖြတ် စစ်ပွဲတစ်ခုဖြစ်တဲ့ ပိုင်ရှင်မဲ့နယ်မြေ စစ်ပွဲကို ဆင်နွှဲနေချိန် ဖြစ်တယ်။ ဒီစစ်ပွဲက အင်ပါယာနှစ်ခုရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးမှာပါ။

ယွင်ကျုံးဟဲ့ဟာ ဒီစစ်ပွဲမှာ ယခင်က တစ်ခါမှ မရှိဖူးတဲ့ ပါရမီတွေကို ထုတ်ဖော်ပြသခဲ့တယ်။ သူသာ မရှိခဲ့ရင် ကျုပ်တို့ တာယင်အင်ပါယာရဲ့ စစ်တပ် သိန်းချီဟာ အားလုံး သေဆုံးသွားမှာ ဖြစ်ပြီး ပိုင်ရှင်မဲ့နယ်မြေလည်း ဆုံးရှုံးသွားမှာပါ။ သူ တစ်ယောက်တည်းကပဲ စစ်ပွဲတစ်ခုလုံးကို ကယ်တင်ခဲ့တာပါ။

သေချာတာကတော့ သူလည်း တာ့ကျိုးအင်ပါယာရဲ့ ပါရမီရှင် ယန်ဖြန်ရှန်ရဲ့ ဓားနဲ့ ရင်ဘတ်ကို အထိုးခံရပြီး အသက်ရှူ ရပ်သွားခဲ့တယ်။ ကျုပ်တို့ သူ့ကို ဆေးဘုရင်ချိုင့်ဝှမ်းကို ပို့ပြီး ကုသပေးခဲ့ရာကနေ ယွင်ကျုံးဟဲ့ မသေသေးဘူးဆိုတာကို သိလိုက်ရတယ်။

ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ နှလုံးသားက ဘေးရောက်နေပြီး အလွန်ရှားပါးတဲ့ အခြေအနေ ဖြစ်နေလို့ပါ။ သူ့ရဲ့ အစ်ကို အောက်ယွီက မွေးတည်းက နှလုံးဖွံ့ဖြိုးမှု မပြည့်ဝလို့ သေခါနီးအခြေအနေ ရောက်နေချိန်မှာ သူက သူ့ရဲ့သွေးကိုပေးပြီး ယွင်ကျုံးဟဲ့ကို ကယ်တင်ခဲ့တယ်။”

ကုန်းဆွန်းယန်က ခဏရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။ “အဲဒီနောက် ကျုပ်တို့က ယွင်ကျုံးဟဲ့ကို ဝအောင်ကျွေးပြီး အောက်ယွီရဲ့ ပုံစံအတိုင်း ဖြစ်အောင်လုပ်ကာ တာ့ကျိုးအင်ပါယာကို သူလျှိုအဖြစ် စေလွှတ်ခဲ့တယ်။ ကိုးနှစ်တိုင်တိုင် သူလျှို လုပ်ခဲ့ရတာပါ။ သူက တစ်ကိုယ်တော်စွမ်းအားနဲ့ တာ့ကျိုးရဲ့ ဝမ်ယွင်ဧကရာဇ်ကို ဖြုတ်ချခဲ့သလို တာ့ကျိုးရဲ့ ထျန်းကျိုးနတ်ဧကရာဇ်ကိုလည်း လုပ်ကြံခဲ့တယ်။

အစ်ကို… ကျုပ်တို့ အဲဒီတုန်းက သုံးယောက်ပူးပေါင်းမှ တာရှအင်ပါယာကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့ပေမယ့် တာရှအင်ပါယာကို အကြီးအကျယ် ထိခိုက်ရုံသာ ရှိခဲ့တယ်။ ဒါပေမဲ့ ဒီကလေးက တစ်ကိုယ်တော်စွမ်းအားနဲ့ ဧကရာဇ်နှစ်ပါးကို လုပ်ကြံပြီး တာ့ကျိုးအင်ပါယာ တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်။ သူကမှ တကယ့် သူလျှိုဘုရင်အစစ်ပါ။ ယခု ဒီယွင်ကျုံးဟဲ့က တာ့ကျိုးမြို့တော်ထဲမှာ ရှိနေပြီ။ အစ်ကို သူ့ကို တွေ့ချင်သလား။”

ထိုအချိန်တွင် ကုန်းဆွန်းမာလည်း ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ မျက်လုံးများတွင် အလွန်တရာ တောင်းပန်သော အကြည့်များ ပေါ်လာကာ အစွမ်းကုန် အားယူပြီး ဘီးတပ်ကုလားထိုင်ပေါ်မှ မြေပြင်သို့ ခုန်ချကာ အဆက်မပြတ် ခေါင်းငြိမ့် အရိုအသေပေးနေတော့၏။

သူ့တွင် လက်နှစ်ဖက်လည်းမရှိ၊ ခြေနှစ်ဖက်လည်းမရှိဘဲ ကိုယ်လုံးနှင့် ခေါင်းသာရှိသောကြောင့် ဤသို့ ခေါင်းငြိမ့် အရိုအသေပေးနေသည့် မြင်ကွင်းမှာ အလွန်တရာ တုန်လှုပ်ဖွယ်ကောင်းပြီး ဖော်ပြ၍ပင် မရနိုင်ချေ။

ကုန်းဆွန်းမာက ခေါင်းငြိမ့် အရိုအသေပေးရင်း အော်ကာ အစွမ်းကုန် တောင်းပန်နေ၏။ သူ၏လျှာ ပြတ်နေသောကြောင့် စကားပြော၍ မရတော့သော်လည်း ကုန်းဆွန်းယန်က နားလည်နိုင်၏။ အစ်ကို ကုန်းဆွန်းမာက ထိုကလေးကို မသတ်ဖို့၊ သူ့ကို မသတ်ဖို့၊ သူ့ကို ခွင့်လွှတ်ပေးဖို့ ပြောနေခြင်း ဖြစ်သည်။

ကုန်းဆွန်းယန်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး အက်ကွဲသော အသံဖြင့် ပြောလိုက်၏။ “အစ်ကို… တကယ်တော့ ကျုပ် အရမ်းနားမလည်နိုင်တဲ့ ကိစ္စတစ်ခု ရှိတယ်။ ဘာကြောင့်လဲ။ ကျုပ်တို့အားလုံး ပူးပေါင်းပြီး တာရှအင်ပါယာကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့ပြီလေ။ ကလေးနှစ်ယောက်အတွက်နဲ့ အစ်ကိုနဲ့ အစ်မက တာယင်အင်ပါယာကို သစ္စာဖောက်ခဲ့တယ်ပေါ့။ ဒါက ယုတ္တိမရှိဘူး။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထျန်းကျိုးနတ်ဧကရာဇ်… တစ်နည်းအားဖြင့် တာ့ကျိုးအင်ပါယာရဲ့ ထျန်းယန် ဧကရာဇ်လေ။ သူ သေသွားပြီ။ ဒါပေမဲ့ သူသေသွားပြီးနောက်ပိုင်းမှာတောင် ကောင်းကင်ကို တုန်လှုပ်စေမယ့် လျှို့ဝှက်ချက်တစ်ခုကို လူတစ်ယောက်ကနေတစ်ဆင့် ကျုပ်ကို ပြောခိုင်းခဲ့တယ်။

ယွင်ကျုံးဟဲ့ဟာ တာ့ယန်တော်ဝင်မျိုးနွယ်ရဲ့ အစစ်မှန်ဆုံး ဆက်ခံသူဖြစ်ပြီး အရှေ့ပိုင်းအင်ပါယာရဲ့ ဘုရင်တကာတို့ရဲ့ ဘုရင် ဖြစ်တယ်တဲ့။ ဆိုလိုတာက သူ့ဆီမှာ ရွှေရောင်သွေးသား ရှိနေတယ်ပေါ့။”

ကုန်းဆွန်းယန်က ဆက်ပြောသည်။ “တာရှအင်ပါယာရဲ့ ဧကရာဇ်တွေက သူတို့ကိုယ်သူတို့ တာ့ယန် တော်ဝင်မျိုးနွယ်ရဲ့ မျိုးဆက်တွေလို့ အမြဲ ပြောခဲ့ကြပြီး အားလုံးကလည်း ဒီအချက်ကို လက်ခံထားကြတယ်။ တာ့ယန်တော်ဝင်မျိုးနွယ်တွေမှာ ရွှေရောင်သွေးသား ရှိပြီး အရှေ့ပိုင်းလောကရဲ့ ရွှေရောင်မိသားစု ဖြစ်တယ်။

ဒါပေမဲ့ တာရှဧကရာဇ် အဆက်ဆက်မှာ ဒီရွှေရောင်သွေးသား မရှိခဲ့ကြပုံရတယ်။ ဒီတာရှအိမ်ရှေ့စံက သန့်စင်သောကျောင်းတော်ကို သွားခဲ့ဖူးတယ်လို့ ကောလာဟလ ထွက်ခဲ့ပြီး ကလေးနှစ်ယောက်ကိုပါ ခေါ်လာ ခဲ့တယ်။ အဲဒီကလေးနှစ်ယောက်က ယွင်ကျုံးဟဲ့နဲ့ အောက်ယွီပဲ။ ဒါပေမဲ့ ဒီကလေးနှစ်ယောက်ကို ကျုပ်တို့ စစ်ဆေးကြည့်ခဲ့ပေမယ့် ရွှေရောင်သွေးသားဆိုတာကို မတွေ့ခဲ့ရဘူး။

သေချာတာကတော့ ရွှေရောင်သွေးသားဆိုတာက အရမ်း စိတ်ကူးယဉ်ဆန်လွန်းပြီး လက်တွေ့ကျတဲ့ အကျိုးသက်ရောက်မှု မရှိဘူး။ ဒီအရာက သိုင်းပညာ လေ့ကျင့်ဖို့လည်း မရသလို ထာဝရ အသက်ရှင်ဖို့လည်း မရဘူး။ ဒါပေမဲ့ ဒါက တာ့ယန်တော်ဝင်မျိုးနွယ်ရဲ့ ကိုယ်စားပြုဖြစ်ပြီး လောကမှာ အမြင့်မြတ်ဆုံး သွေးသားဖြစ်ကာ မွေးရာပါ ဧကရာဇ်ဖြစ်ဖို့ ကိုယ်စားပြုနေတယ်။”

ကုန်းဆွန်းယန်က ပြောလိုက်၏။ “ကျုပ်တို့က ယွင်ကျုံးဟဲ့ရဲ့ သွေးကို အကြိမ်ကြိမ် စစ်ဆေးခဲ့ပေမယ့် ဘာမှ တိုးတက်မှု မရှိခဲ့ဘူး။ ဒါပေမဲ့ တစ်နေ့မှာ မီတျဲချိုင့်ဝှမ်းက ယွင်ကျုံးဟဲ့ရဲ့ သွေးဟာ သန်းပေါင်းများစွာမှာ တစ်ယောက်မှ မရှိတဲ့ ထူးခြားတဲ့သွေး ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိသွားခဲ့တယ်။

အဲဒီနောက်ပိုင်းမှာ ထျန်းကျိုးနတ်ဧကရာဇ်က ဒီယွင်ကျုံးဟဲ့ဟာ ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့သူဖြစ်ပြီး အရှေ့ပိုင်း လောကရဲ့ ကောင်းကင်ဘုံ၏ သားတော် ဖြစ်ကြောင်း သတင်းအချက်အလက် ချန်ထားခဲ့တယ်။

ဒါကြောင့် ကျုပ်တို့ မစစ်ဆေးနိုင်ခဲ့ပေမယ့် ဒီယွင်ကျုံးဟဲ့ဟာ တာရှအင်ပါယာ အိမ်ရှေ့စံရဲ့သား ဖြစ်ရုံသာမက ယခု တာရှဧကရာဇ်ရဲ့ မြေးလည်းဖြစ်တယ်။ ပြီးတော့ သူက သန့်စင်သောကျောင်းတော်ရဲ့ သားတော်လည်း ဖြစ်ပြီး တာရှတော်ဝင်မျိုးနွယ်တွေမှာ မရှိတဲ့ ရွှေရောင်သွေးသားကိုလည်း ပိုင်ဆိုင်ထားကာ အရှေ့ပိုင်း လောကရဲ့ ကောင်းကင်ဘုံ၏ သားတော်လည်း ဖြစ်နေတာလား။”

ကုန်းဆွန်းယန်က မေးလိုက်သည်။ “အစ်ကို… အဲဒီတုန်းက အစ်ကို တာယင်အင်ပါယာကို သစ္စာဖောက်ခဲ့တာ ဒီအကြောင်းပြချက်ကြောင့်လား။ ဒါပေမဲ့ ဒီအကြောင်းပြချက်ကလည်း လုံလောက်ပုံ မပေါ်ဘူး။ တာ့ယန်မင်းဆက်ဟာ အရှေ့ပိုင်းလောကရဲ့ အစစ်မှန်ဆုံး မင်းဆက်ဖြစ်ပြီး ကျုပ်တို့ရဲ့ ယဉ်ကျေးမှု၊ ကြီးကျယ်ခမ်းနားမှု၊ စည်းကမ်းတွေ အားလုံးက တာ့ယန်မင်းဆက်ကနေ ဆင်းသက်လာတာပါ။ ကျုပ်တို့ရဲ့ သမိုင်းတွေအားလုံးကလည်း တာ့ယန်မင်းဆက် ဖြစ်ပြီး ကျုပ်တို့ လောကတစ်ခုလုံးကို တာ့ယန်မင်းဆက်ကပဲ ဖန်တီးခဲ့တာလို့တောင် ထင်ရတယ်။”

ကုန်းဆွန်းယန်က ဆက်ပြောလိုက်၏။ “ဒါပေမဲ့ သူက ပျက်သုဉ်းသွားတာ နှစ်ပေါင်း တစ်ထောင် ကျော်နေပြီလေ။ ကောလာဟလထဲက ကောင်းကင်ဘုံရဲ့ သားတော်တစ်ယောက်အတွက်နဲ့ အစ်ကိုက တာယင်အင်ပါယာကို သစ္စာဖောက်ခဲ့တာလား။ ဒါက လုံးဝ ယုတ္တိမရှိသလို အစ်ကို့ရဲ့ စရိုက်နဲ့လည်း မတူဘူး။

အစ်ကို ကုန်းဆွန်းမာ… အစ်ကို တာယင်ကို သစ္စာဖောက်ခဲ့တာ အခြားအကြောင်းပြချက် ရှိသေးတယ် မဟုတ်လား။ ပိုပြီး နက်ရှိုင်းတဲ့ အကြောင်းပြချက်၊ ပိုပြီး ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေ ရှိသေးတယ် မဟုတ်လား။”

ကုန်းဆွန်းယန်က မေးလိုက်သည်။ “အစ်ကို ကျုပ်ကို ပြောပြဖို့ ပြင်ဆင်ထားပြီလား။”

ကုန်းဆွန်းမာက အဆက်မပြတ် ခေါင်းငြိမ့် အရိုအသေပေးလျက် တောင်းပန်နေပြီး လည်ချောင်းထဲမှ အော်သံများ ထွက်ပေါ်နေ၏။ “သူ့ကို မသတ်ပါနဲ့… သူ့ကို မသတ်ပါနဲ့… သူ့ကို မသတ်ပါနဲ့…”

ကုန်းဆွန်းယန်က သက်ပြင်းချကာ ပြောလိုက်သည်။ “အစ်ကို… ယွင်ကျုံးဟဲ့ကို သတ်၊ မသတ်က ကျုပ် ဆုံးဖြတ်လို့ရတာ မဟုတ်ဘူး။ ဧကရာဇ်မင်းမြတ်ကပဲ ဆုံးဖြတ်လို့ရမှာပါ။”

ကုန်းဆွန်းမာက ဆက်လက်၍ ခေါင်းငြိမ့် အရိုအသေပေးလျက် အစွမ်းကုန် တောင်းပန်နေသည်။ ခြေလက်မရှိသော သူ၏ပုံစံမှာ အလွန်တရာ သနားစရာကောင်းလှ၏။

ခြေလက်မရှိသော ကုန်းဆွန်းမာကို ပြန်လည်ခေါ်ဆောင်သွားပြီး မည်သူမှမသိသော နေရာတစ်ခုတွင် ထပ်မံ အကျဉ်းချထားလိုက်သည်။

All Chapters