အခန်း (၆၆၁-၆၆၂)
Vol. 56 Ch. 661-662
အပိုင်း (၆၆၁)
ကုန်းဆွန်းယန်သည် တာယင်အင်ပါယာ ဧကရာဇ်ရှေ့သို့ ရောက်ရှိလာပြီး ဒူးထောက်ကာ လျှောက်တင်လိုက်၏။ “အရှင်မင်းကြီး… သေချာသွားပါပြီ။ ကုန်းဆွန်းမာရဲ့ တုံ့ပြန်မှုအရ ကျုပ်တို့ရဲ့ ခန့်မှန်းချက်တွေ သေချာသွားပါပြီ။ ယွင်ကျုံးဟဲ့ဟာ တာရှအင်ပါယာရဲ့ မင်းသားဖြစ်ပြီး သူ့ဆီမှာ တကယ်ပဲ ရွှေရောင်သွေးသား ရှိနေနိုင်ပါတယ်။
သူက ကောလာဟလထဲက အရှေ့ပိုင်းလောကရဲ့ ကောင်းကင်ဘုံ၏ သားတော်၊ နှစ်ထောင်ချီ သက်တမ်းရှိတဲ့ တာ့ယန်မင်းဆက်ရဲ့ ဆက်ခံသူအစစ်ပါ။ တာရှအင်ပါယာက နှစ်ရာပေါင်းများစွာ အိပ်မက်မက်နေခဲ့တဲ့ ရွှေရောင်သွေးသားဟာ ယွင်ကျုံးဟဲ့ဆီမှာ တကယ်ပဲ ပေါ်လာတာ ဖြစ်နိုင်ပါတယ်။”
တာယင်ဧကရာဇ်က မလှုပ်မယှက် ရှိနေပြီး ထျန်းကျိုးနတ်ဧကရာဇ် ချန်ထားခဲ့သော သိုးရေစာရွက်ကို ကြည့်နေသည်။
ကုန်းဆွန်းယန်က ဆက်ပြောလိုက်၏။ “အရှင်မင်းကြီး… ရွှေရောင်သွေးသားဆိုတာ အရမ်း စိတ်ကူးယဉ်ဆန်ပြီး လက်တွေ့ကျတဲ့ အကျိုးသက်ရောက်မှု မရှိဘူးဆိုပေမယ့် လောကပြည်သူတွေက တချို့အချိန်တွေမှာ ဒီအရာကို အသိအမှတ်ပြုတတ်ကြပါတယ်။
ကျုပ်တို့ အရှေ့ပိုင်းလောက တစ်ခုလုံးရဲ့ ယဉ်ကျေးမှုကို တာ့ယန်မင်းဆက်ကပဲ ဖန်တီးခဲ့တာပါ။ ယခု အင်ပါယာကြီး လေးခုကတောင် တာ့ယန်မင်းဆက်ရဲ့ အမွေအနှစ်တွေပဲလေ။ ဒီလို တရားမျှတမှုမျိုး ရှိနေတာက အရေးကြီးတဲ့ အချိန်ကျရင် တကယ်ပဲ ငါးကြင်းကနေ နဂါး ဖြစ်သွားနိုင်တယ်။
တာရှဧကရာဇ်က အသက်ကြီးနေပြီ ဖြစ်ပြီး ယွင်ကျုံးဟဲ့ကလည်း ပါရမီ ပြိုင်ဘက်ကင်းတဲ့သူပါ။ သူ့ကိုသာ တာရှအင်ပါယာကို ပြန်ခွင့်ပေးလိုက်ရင် တကယ်ပဲ ပင်လယ်ထဲ ပြန်ရောက်သွားတဲ့ နဂါးတစ်ကောင်လို ဖြစ်သွားပါလိမ့်မယ်။”
ဧကရာဇ်က ဆက်လက် တိတ်ဆိတ်နေဆဲပင်။
ကုန်းဆွန်းယန်က ဆက်ပြောသည်။ “အရှင်မင်းကြီး… ယခု ဒီယွင်ကျုံးဟဲ့ဟာ တာယင်အင်ပါယာက လောကကို စည်းလုံးမယ့် လမ်းမှာ အကြီးမားဆုံး အဟန့်အတား ဖြစ်လာနေပြီဆိုတာ သေချာပါတယ်။ သူ့ရဲ့ တည်ရှိမှုက နောင်တစ်ချိန်မှာ တာယင်အင်ပါယာရဲ့ အာဏာကို တကယ်ပဲ ပြောင်းပြန်လှန်ပစ်နိုင်တယ်။ ယခု သူ့ရဲ့ အသုံးဝင်မှုက ကုန်ဆုံးသွားပြီဖြစ်လို့ သူ့ကို ရှင်းလင်းပစ်ပြီး အပြီးတိုင် အေးချမ်းအောင် လုပ်လိုက်တာ ပိုကောင်းပါလိမ့်မယ်။”
ဧကရာဇ်က တိတ်ဆိတ်နေဆဲ ဖြစ်၏။
ဟေးလုံထိုင်ခေါင်းဆောင် ကုန်းဆွန်းယန်က လျှောက်တင်လိုက်သည်။ “အရှင်မင်းကြီး… တာယင် အင်ပါယာရဲ့ အကျိုးစီးပွားအတွက်၊ လောကကို စည်းလုံးနိုင်ဖို့အတွက် ဒီယွင်ကျုံးဟဲ့ကို မဖြစ်မနေ သတ်ရပါမယ်။ အရှင်မင်းကြီး… ဒီယွင်ကျုံးဟဲ့ကို သတ်မလား၊ မသတ်ဘူးလား။ အကယ်၍ သတ်မယ်ဆိုရင် ကျုပ် ချက်ချင်း သွားလုပ်ပါ့မယ်။”
တာယင်အင်ပါယာဧကရာဇ်က အတော်ကြာ စဉ်းစားပြီးနောက် စုတ်တံကို ကိုင်လိုက်၏။
ကုန်းဆွန်းယန်က အမြန်ရှေ့တိုးကာ မှင်သွေးပေးလိုက်ပြီး ဧကရာဇ်က စုတ်တံကို မှင်ရည်အပြည့်စိမ်ကာ ရွှေရောင်စက္ကူပေါ်တွင် စာကြောင်းတစ်ကြောင်း ရေးချလိုက်သည်။ “ဒါက အမိန့်တော်ပဲ။ ယူသွားပြီး ကိစ္စတွေကို လုပ်ဆောင်လိုက်တော့”
ကုန်းဆွန်းယန်က ယူကြည့်လိုက်ရာ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်သွားပြီး မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။ “အရှင်မင်းကြီး… ဒါက…”
တာယင်ဧကရာဇ်က ဤသို့သော အမိန့်တော်မျိုး ထုတ်ပြန်လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။ အလွန် အံ့အားသင့်စရာ ကောင်းလှသည်။
တာယင်ဧကရာဇ်က အမိန့်ပေးလိုက်၏။ “သွားပြီး ကိစ္စတွေကို လုပ်ဆောင်လိုက်တော့။ ပြီးရင် ယွင်ကျုံးဟဲ့ကို ကျုပ်ဆီ ခေါ်လာခဲ့”
ကုန်းဆွန်းယန်၏ မျက်နှာက အနည်းငယ် တုန်ယင်သွားပြီး အက်ကွဲသော အသံဖြင့် ဖြေလိုက်သည်။ “ကျုပ်… အမိန့်တော်ကို လိုက်နာပါ့မယ်။”
..............
တာယင်ဧကရာဇ်၏ အမိန့်တော်တွင် အလွန်ရှင်းလင်းပြတ်သားစွာ ရေးသားထား၏။ ယွင်ကျုံးဟဲ့ကို တာယင်အင်ပါယာ၏ မျိုးရိုးအမည် ယင်း ဟု ပေးသနားကာ ယွင်ကော်ကွန်းအဖြစ် ခန့်အပ်လိုက်သည်။ ဤအချက်က ဘာကိုဆိုလိုသနည်း။
ယနေ့မှစ၍ ယွင်ကျုံးဟဲ့သည် ယင်းကျုံးဟဲ့ ဖြစ်သွားပြီလား။ ဤသည်မှာ တော်ဝင်မျိုးနွယ်တို့ ခံစားရသည့် အခွင့်အရေးကို ရရှိလိုက်ခြင်းလား သို့မဟုတ် မင်မင်းဆက်ဧကရာဇ်က ကျန့်ချန်ကုန်းကို ကျူး ဟုသည့် မျိုးရိုးအမည် ပေးသနားခဲ့သည့် သဘောမျိုးလား။
သို့သော် ဤမျှနှင့် မပြီးသေးချေ။ အမိန့်တော်တွင် ယနေ့မှစ၍ ယွင်ကျုံးဟဲ့က တာယင်အင်ပါယာ၏ ဟေးလုံထိုင် အုပ်ချုပ်မှုအားလုံးကို စတင်လွှဲပြောင်းရယူရမည်ဟု ဆက်လက်ဖော်ပြထား၏။
‘ဘယ်လိုဖြစ်တာလဲ။ အရှင်မင်းကြီးက သူ့ကို မသတ်တဲ့အပြင် ဒီလောက် ကြီးမားတဲ့ အာဏာကိုပါ ပေးအပ်လိုက်တာလား။ အရှင်မင်းကြီး ဘာတွေ တွေးနေတာလဲ။’
မည်သို့ပင်ဖြစ်စေ တာယင်ဧကရာဇ်၏ အမိန့်တော်ကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ အတိအကျ လိုက်နာရမည်သာ ဖြစ်သည်။
ထိုသို့ဖြင့် ကုန်းဆွန်းယန်က ဧကရာဇ်၏ လျှို့ဝှက်အမိန့်တော်ကို ယူဆောင်ကာ တာ့ကျိုးမြို့တော်သို့ အလျင်အမြန် ပြန်သွားတော့၏။
ကုန်းဆွန်းယန် ထွက်ခွာသွားသော်လည်း ဧကရာဇ်မှာ ထွက်မသွားသေးဘဲ မြေအောက်နန်းတော်အတွင်း ဆက်လက်လမ်းလျှောက်ရင်း ဤနေရာ၏ သမိုင်းဝင်လေထုကို ခံစားနေသည်။
ထိုအချိန်အတွင်း တာ့ကျိုးအင်ပါယာ၌ အလံလဲလှယ်ခြင်း လုပ်ငန်းစဉ်များက ကြီးကျယ်ခမ်းနားစွာ ဖြစ်ပေါ်နေ၏။
ထင်မှတ်ထားသည့်အတိုင်းပင် တာ့ကျိုးအင်ပါယာ၏ ပြည်နယ်အသီးသီးက အလွန်တက်ကြွစွာဖြင့် အလံ လဲလှယ်ကြပြီး ပြည်နယ်ဝန်ကြီးများ၊ စစ်သေနာပတိများ၊ မြို့စားများအားလုံးက တာယင်အင်ပါယာ ဧကရာဇ်ကို သစ္စာခံကြောင်း လျှောက်တင်စာများ အဆက်မပြတ် တင်သွင်းကြသည်။
တာ့ကျိုးမြို့တော်နှင့် နီးကပ်သည့် အမတ်များမှာ ပို၍ပင် တက်ကြွကြ၏။ အချို့သော ပြည်နယ်ဝန်ကြီးများ ဆိုလျှင် မိမိတို့၏ သစ္စာရှိမှုကို ပြသရန်အတွက် မြို့တော်သို့ တိုက်ရိုက်လာရောက်ကာ ချင်ဝမ် ယင်းချွဲ့ကို တွေ့ဆုံပြီး သစ္စာခံကြောင်း ကိုယ်တိုင် လျှောက်တင်ကြ၏။
ပို၍လွန်ကဲသူများက ပြည်သူသောင်းချီ၏ လက်ဗွေရာများ၊ လက်မှတ်များပါသော လျှောက်တင်စာကြီးကို တင်သွင်းကာ တာယင်ဧကရာဇ်၏ အုပ်ချုပ်မှုကို ထောက်ခံကြောင်း ပြသကြ၏။ အချုပ်အားဖြင့်ဆိုရသော် နည်းလမ်းပေါင်းစုံဖြင့် သစ္စာခံမှုကို ပြသနေကြခြင်း ဖြစ်သည်။
တာ့ကျိုးနယ်မြေတစ်ခုလုံးကို ပြန်လည်သိမ်းပိုက်ရေး လုပ်ငန်းစဉ်မှာ ထင်ထားသည်ထက် များစွာ ချောမွေ့နေသော်လည်း နေရာနှစ်ခုကမူ ခြွင်းချက်ဖြစ်နေသည်။ တစ်ခုမှာ တောင်ပိုင်းနယ်စပ်ဖြစ်ပြီး နောက်တစ်ခုမှာ အနောက်ပိုင်းနယ်စပ် ဖြစ်၏။
တောင်ပိုင်း စစ်သေနာပတိချုပ်မှာ ကျိုးလုံကွန်း ဖြစ်ပြီး သူက တာ့ကျိုးအင်ပါယာ တော်ဝင်မျိုးနွယ်ဝင် တစ်ဦးအဖြစ် တောင်ပိုင်းနယ်စပ်ကို ဆယ်နှစ်ကျော်တိုင် အုပ်ချုပ်ခဲ့သူ ဖြစ်၏။ နယ်ခံဧကရာဇ်တစ်ပါးလို နေလာခဲ့သူဖြစ်ရာ တောင်ပိုင်းနယ်စပ်ကို ဤအတိုင်း အလွယ်တကူ လက်လွှတ်ပေးရန် ဆန္ဒ မရှိသည်မှာ သေချာလှသည်။
ထို့အပြင် ကျိုးလုံက ကျိန့်ဟိုင်ကွန်း စီးမိသားစုနှင့် ထပ်မံပူးပေါင်းလိုက်ပြန်၏။ သူတို့တွင် ရေတပ် ရှိနေသောကြောင့် ရှေ့တိုးနောက်ဆုတ် ပြုလုပ်ရန် လွယ်ကူသည်ဟု ထင်မှတ်နေကြသည်။ ထို့ကြောင့် တောင်ပိုင်းနယ်စပ်ရှိ ပြည်နယ်ခြောက်ခုစလုံးက တာယင်အင်ပါယာကို သစ္စာခံကြောင်း လျှောက်တင်စာ မတင်သွင်းခဲ့ကြချေ။
သို့သော် ကျိုးလုံကွန်း၏ အရည်အချင်းမှာ သာမန်မျှသာ ဖြစ်၏။ ထိုသို့မဟုတ်လျှင် ထိုအချိန်က လီဝမ်ဖာကို မထိန်းချုပ်နိုင်ဘဲ တိုင်းရင်းသားများနှင့် ပူးပေါင်းကာ ပုန်ကန်သည်အထိ ဖြစ်စေခဲ့မည် မဟုတ်ပေ။
ထို့အပြင် စီးမိသားစုနှင့် ပူးပေါင်းခြင်းကလည်း ကျားနှင့်အတူ အလုပ် လုပ်သကဲ့သို့ ဖြစ်နေပေမည်။ ကျိုးလုံကွန်းမှာ စိတ်ဓာတ်ပျော့ညံ့သူဖြစ်ရာ သစ္စာခံကြောင်းလည်း မတင်သွင်းသလို ပုန်ကန်ကြောင်းလည်း မကြေညာဘဲ အချိန်ဆွဲနေခဲ့၏။
တောင်ပိုင်းနယ်စပ်နှင့် နှိုင်းယှဉ်လျှင် အနောက်ပိုင်းနယ်စပ်မှာ ပို၍ပြင်းထန်၏။ အနောက်ပိုင်းနယ်စပ်ရှိ ပြည်နယ်နှစ်ခုက တာ့ရှီးအင်ပါယာ၏ ထောက်ခံမှုဖြင့် တရားဝင် ပုန်ကန်လိုက်ကြသည်။
ကျိန့်ရှီစစ်သေနာပတိက ကျိုးလင်ကွန်းကို ဧကရာဇ်သစ်အဖြစ် တင်မြှောက်ကာ တာ့ကျိုးအင်ပါယာသစ်ကို တည်ထောင်လိုက်ပြီး တာ့ကျိုးဧကရာဇ် ကျိုးလင်၏ လက်နက်ချသဘောတူညီချက်ကို လုံးဝ အသိအမှတ် မပြုကြောင်း ကြေညာလိုက်၏။
တိုက်ဆိုင်စွာပင် ကျိုးလင်ကွန်း၏ နာမည်မှာ ကျိုးလင်နှင့် အသံထွက်တူညီနေ၏။ ယခု တာ့ကျိုးနယ်မြေ တစ်ခုလုံး တာယင်အင်ပါယာလက်အောက် ရောက်ရှိသွားပြီဖြစ်ရာ ကျိုးလင်က အနောက်ပိုင်းတာ့ကျိုးကို တည်ထောင်ခြင်းမှာ သေချာပေါက် ပုန်ကန်မှုတစ်ခု ဖြစ်သည်။
တာယင်ဧကရာဇ်၏ အမိန့်ကိုပင် စောင့်ဆိုင်းနေစရာမလိုဘဲ နန်ယွမ်အကြီးအကဲက ပုန်ကန်မှုကို နှိမ်နင်းရန် ချက်ချင်းအမိန့်ပေးလိုက်၏။
မင်းသားယင်ချွီနှင့် စစ်သူကြီး ဖုန်းရှောက်ထျန်းတို့က စစ်သည်နှစ်သိန်းခွဲကို ဦးဆောင်ကာ အနောက်ပိုင်းနယ်စပ်သို့ ထွက်ခွာသွားကြသည်။
ဤစစ်တပ်တွင် တာယင်အင်ပါယာစစ်သည် တစ်သိန်းခွဲနှင့် တာယင်ကို လက်နက်ချထားသော စစ်သည်များထဲမှ တစ်သိန်း ပါဝင်ကြ၏။
စစ်တိုက်ရာတွင် အရှိန်အဟုန်က အရေးအကြီးဆုံးဖြစ်၏။ အနောက်ပိုင်းနယ်စပ်ရှိ အကောင်းဆုံး စစ်တပ်များမှာ တာယင်အင်ပါယာနှင့် စစ်ပွဲတွင် အားလုံးကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။ ယခု တာ့ကျိုး အနောက်ပိုင်းနယ်စပ်က ကြေညာထားသော စစ်သည်တစ်သိန်းဆိုသည်မှာ အများစုမှာ တပ်သားသစ်များသာ ဖြစ်သည်။
ထို့အပြင် ဧကရာဇ်သစ်အဖြစ် တင်မြှောက်ခံရသော ကျိုးလင်ဆိုသည်မှာလည်း မည်သူမှန်း မသိချေ။ သူသည် ဧကရာဇ်ဝမ်ယွင်၏ ညီဝမ်းကွဲဖြစ်ပြီး တာ့ကျိုးအင်ပါယာတစ်ခုလုံးတွင် နာမည်အကြီးဆုံး အသုံးမကျသူတစ်ဦး ဖြစ်၏။
ဤလူကို အစပိုင်းတည်းက ထျန်းယန်ဧကရာဇ်က မနှစ်မြို့သောကြောင့် အနောက်ပိုင်းနယ်စပ်သို့ နှင်ထုတ်ခဲ့ခြင်းဖြစ်ပြီး ကွန်ဘွဲ့ ရရှိထားသော်လည်း ပိုင်ဆိုင်သည့်နယ်မြေ မရှိသလို မည်သည့်အာဏာမှလည်း မရှိဘဲ အရုပ်တစ်ရုပ်လိုသာ တည်ရှိနေခဲ့ခြင်း ဖြစ်သည်။
တာ့ရှီးအင်ပါယာနှင့် ကျိန့်ရှီစစ်သေနာပတိတို့အနေဖြင့် အခြားရွေးချယ်စရာ မရှိတော့သောကြောင့် ကျိုးလင်ကွန်း၏ သွေးသားက အစစ်မှန်ဆုံးဖြစ်နေ၍ ရွေးချယ်ခဲ့ရခြင်း ဖြစ်၏။
ထိုသို့ဆိုလျှင် အနောက်ပိုင်းတာ့ကျိုးစစ်တပ်၏ စိတ်ဓာတ်မှာ မည်သို့ရှိမည်ဆိုတာ စိတ်ကူးကြည့်၍ ရနိုင်သည်။
အကယ်၍ တာ့ရှီးအင်ပါယာက နောက်ကွယ်မှ ဖိအားပေးမနေပါက သူတို့တွင် တာယင်ကို ဆန့်ကျင် ပုန်ကန်ရဲသည့်သတ္တိ လုံးဝရှိမည်မဟုတ်ဘဲ ဧကရာဇ်သစ် တင်မြှောက်ရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ချေ။
မင်းသားယင်ချွီ၏ စစ်သည်နှစ်သိန်းခွဲ မရောက်ရှိမီ မြင်းစစ်သည်ငါးသောင်းက အနောက်ပိုင်းနယ်စပ် အတွင်းသို့ ဝင်ရောက်သွားသည်နှင့် အနောက်ပိုင်းတာ့ကျိုးစစ်တပ်မှာ ချက်ချင်းပြိုကွဲသွားပြီး မည်သည့် ခုခံမှုမှ မလုပ်နိုင်ခဲ့ပေ။
ထိုအနောက်ပိုင်း တာ့ကျိုးဧကရာဇ် ကျိုးလင်လည်း လမ်းတစ်လျှောက်လုံး ထွက်ပြေးရင်း လိုက်လံ သတ်ဖြတ်ခံရတော့၏။
ဤသို့ ထွက်ပြေးခြင်းမှာ ပြဿနာမဟုတ်သော်လည်း အရေးကြီးသော စာရွက်စာတမ်း အများအပြား ကျန်ရစ်ခဲ့ခြင်းမှာ ပြဿနာဖြစ်သွားသည်။
ထိုစာရွက်စာတမ်းများထဲတွင် အောက်တုန်းနှင့် အောက်မင်တို့၏ စာများကို တွေ့ရှိသွားခဲ့ခြင်းဖြစ်သည်။ အောက်မင်၊ အောက်တုန်းတို့ သားအဖနှင့် အနောက်ပိုင်း တာ့ကျိုးဧကရာဇ် တုကျိုးလင်တို့ လျှို့ဝှက်ပူးပေါင်း ကြံစည်ထားသော စာရှစ်စောင်ကို တွေ့ရှိခဲ့ပြီး သက်သေအထောက်အထားများ အပြည့်အစုံ ရှိနေ၏။
လျှို့ဝှက်စာများကို အမြန်ဆုံးနှုန်းဖြင့် တာ့ကျိုးမြို့တော်သို့ ပို့ဆောင်လိုက်ရာ ကြီးမားသော ဂယက်ရိုက်ခတ်မှုကို ဖြစ်ပေါ်စေခဲ့သည်။
ယခင် တာ့ကျိုးနန်းတော်အတွင်းရှိ နန်ယွမ်အစည်းအဝေးတွင်...
နန်ယွမ် အကြံပေးအမတ်ကြီး လင်ကုန်း၊ ချန်ကော်ကွန်း ကျိုးကျီတို့က လူရာပေါင်းများစွာကို ဦးဆောင်ကာ အောက်တုန်းတို့ သားအဖကို ရူးသွပ်စွာ စွပ်စွဲပြစ်တင်ကြတော့၏။
“အမတ်မင်း အောက်တုန်း၊ အမတ်မင်း အောက်မင်… တာယင်အင်ပါယာက ခင်ဗျားတို့ကို ဆိုးဆိုးဝါးဝါး မဆက်ဆံခဲ့ပါဘူး။”
လင်ကုန်းက တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ “ခင်ဗျားတို့သားအဖက လက်နက်ချအမတ်တွေ ဖြစ်ပေမယ့် ဧကရာဇ်မင်းမြတ်က ဘာအပြစ်မှ မပေးတဲ့အပြင် မျိုးရိုးမြင့် အခွင့်အရေးတွေကို ဆက်လက် ခံစားခွင့်ပေးခဲ့တယ်။ ဒါတင်မကသေးဘူး၊ ကျုပ်တို့ တာယင်နိုင်ကော်က ခင်ဗျားတို့သားအဖအတွက် ရာထူးတွေတောင် စီစဉ် ပေးနေတာ။
တစ်ယောက်က ရှီးကျင်း စစ်ရေးဝန်ကြီး၊ နောက်တစ်ယောက်က ရှီးကျင်း စုံစမ်းစစ်ဆေးရေးရုံး ဒု-အကြီးအကဲလေ။ ဒီလောက် မြင့်မားတဲ့ ရာထူးတွေ ပေးထားတာတောင် ခင်ဗျားတို့က ပုန်ကန်သူတွေနဲ့ ပူးပေါင်းပြီး ပုန်ကန်ဖို့ ကြိုးစားရဲသေးတယ်လား။ ခင်ဗျားတို့ရဲ့ ယုံကြည်မှုက ဘယ်ရောက်သွားတာလဲ။”
ချန်ကော်ကွန်း ကျိုးကျီက ရှေ့ထွက်လာပြီး ပြောလိုက်၏။ “အောက်တုန်း၊ အောက်မင်… ခင်ဗျားတို့က ဧကရာဇ်မင်းမြတ်ရဲ့ ကရုဏာနဲ့ ကျေးဇူးတော်ကို စော်ကားခဲ့တယ်။ ဒါက ကောင်းကင်ကို တုန်လှုပ်စေလောက်တဲ့ အပြစ်ကြီးပဲ။ ဒါတွေကို အမတ်မင်းလင်ကုန်းက ပြောပြီးသွားပြီ။
အခု ကျုပ်က နောက်ထပ် ကိစ္စတစ်ခုကို ပြောပြမယ်။ စစ်ပွဲပြီးသွားတာ ဘယ်လောက်ကြာပြီလဲ။ ကျုပ်တို့ တာ့ကျိုးက ဒီတရားမျှတမှု မရှိတဲ့ စစ်ပွဲအတွက် လူဘယ်လောက်တောင် သေခဲ့ရသလဲ။ အပြစ်ကင်းတဲ့ပြည်သူ ဘယ်လောက်တောင် ငတ်မွတ်ခေါင်းပါးပြီး အေးခဲ သေဆုံးခဲ့ရသလဲ။
ကျုပ်တို့ တာယင်ဧကရာဇ်ရဲ့ ကရုဏာကြောင့်သာ ပြည်သူတွေ အသက်ရှူချောင်သွားပြီး ရိက္ခာတွေ အဆက်မပြတ် ရောက်လာလို့ ပြည်သူတွေ ထမင်းစားရတာပါ။ ဒီလို အေးချမ်းတဲ့အချိန်လေးက ရဖို့ မလွယ်ကူဘူးလေ။ ခင်ဗျားတို့သားအဖက ကိုယ်ကျိုးစီးပွားအတွက်နဲ့ နောက်ထပ် ပုန်ကန်မှုကြီးကို ဖန်တီးချင်သေးတယ်လား။ အပြစ်ကင်းတဲ့ ပြည်သူ ဘယ်လောက်ကို ထပ်ပြီး သတ်ချင်နေသေးတာလဲ။
အောက်တုန်း၊ အောက်မင်… ခင်ဗျားတို့သားအဖက တကယ့်ကို ခွေးစိတ်ပေါက်နေတာပဲ။ ကျုပ်တို့ တာယင်ဧကရာဇ်က ကရုဏာမထားလို့လား။ ဒါမှမဟုတ် ကျုပ်တို့ တာယင်ဧကရာဇ် ပေးတဲ့ ရာထူးက နိမ့်လွန်းလို့လား။ခင်ဗျားတို့က ဒီလောကမှာ ဘယ်လိုမျက်နှာနဲ့ နေရဲသေးတာလဲ။”
တာ့ကျိုး၏ လက်နက်ချအမတ် ရာပေါင်းများစွာက အောက်တုန်းနှင့် အောက်မင် သားအဖကို ရူးသွပ်စွာ ပြစ်တင်ရှုတ်ချကြပြီး နံနက်ခင်း တစ်ခုလုံး ဤကိစ္စ တစ်ခုတည်းကိုသာ လုပ်ဆောင်နေကြသည်။
အောက်တုန်းနှင့် အောက်မင် သားအဖကို အပြစ်ကြီး ဆယ်ခုကျော် တင်လိုက်ပြီး အပြစ်တစ်ခုချင်းစီက မျိုးနွယ်တစ်ခုလုံးကို သတ်ဖြတ်ရန် လုံလောက်၏။
ယွင်ကျုံးဟဲ့လည်း နောက်ဆုံးတော့ ဤသို့သော သာယာလှပသည့် အခြေအနေကို ခံစားခွင့် ရရှိသွားပြီ ဖြစ်၏။ မည်သူ့ကို သတ်ချင်သည်ဖြစ်စေ ကိုယ်တိုင်လုပ်စရာ မလိုသလို ပါးစပ်က ပြောစရာတောင် မလိုချေ။
မျက်စတစ်ချက် ပစ်ပြလိုက်ရုံဖြင့် အလိုအလျောက် သစ္စာရှိသော ခွေးများစွာက ပြေးထွက်လာပြီး အစားထိုး ကိုက်ပေးကြမှာ ဖြစ်သည်။
လင်ကုန်းနှင့် ကျိုးကျီတို့က အရေအတွက်ကို ထိန်းချုပ်ထား၍သာဖြစ်ပြီး မဟုတ်လျှင် အမတ် တစ်ထောင်ခန့်က အောက်တုန်း သားအဖကို ပြစ်တင်ရှုတ်ချကြမည်မှာ သေချာ၏။
အမတ်မင်း ယွင်ကျုံးဟဲ့နှင့် အောက်မင်တို့က သေခြင်းရှင်ခြင်း ရန်သူများဖြစ်ကြောင်း မည်သူက မသိဘဲ နေမည်နည်း။ ယခု အမတ်မင်း ယွင်ကျုံးဟဲ့က အောက်မင်ကို သတ်ချင်နေပြီဆိုမှတော့ လူတိုင်းက နှစ်ထောင်ချီအတွင်း တစ်ခါမှ မကြုံဖူးသည့် အခွင့်အရေးကို လက်လွှတ်ခံမည်လား။
သို့ပေမည့် အဆင့်လေးအောက် အမတ်များကတော့ ဝင်မရှုပ်ရဲကြချေ။ သူတို့အနေဖြင့် အမတ်မင်း ယွင်ကျုံးဟဲ့ကို မျက်နှာချိုသွေးဖို့ အရည်အချင်း မပြည့်မီသေးချေ။
အပိုင်း (၆၆၂)
နန်ယွမ်အကြီးအကဲ ယင်းချွဲ့က မျက်စိရှေ့ရှိ လျှို့ဝှက်စာ ဆယ်စောင်ကျော်ကို ကြည့်ရင်း နှုတ်ခမ်း တွန့်သွားမိ၏။
‘အမတ်မင်း ယွင်ကျုံးဟဲ့... ခင်ဗျားကိုယ်တိုင်က စာအတုလုပ်တဲ့နေရာမှာ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်လေ။ ခင်ဗျားလုပ်တဲ့ စာအတုတွေက လုံးဝ အပြစ်ရှာမရဘူး မဟုတ်လား။ ဘာဖြစ်လို့ ဒီလို အပြစ်ရှာရ လွယ်ကူတဲ့ စာအတုမျိုးကို သုံးရတာလဲ။’
ဤလျှို့ဝှက်စာများက အောက်မင်၊ အောက်တုန်းတို့၏ စာများ၊ စာအုပ်များထဲမှ စာလုံး တစ်လုံးချင်းစီကို ဖြတ်ယူပြီး ပြန်လည်ဆက်စပ်ကာ ပုံသွင်း၊ မီးကင်ပြီး အဟောင်းပုံစံ ဖန်တီးထားသော စာအတုများ ဖြစ်သည်။
မှန်ပေသည်။ ယခင်က အောက်မင်သည် ဤနည်းလမ်းကို အသုံးပြု၍ အခြားသူများကို အများဆုံး လုပ်ကြံခဲ့သူ ဖြစ်၏။
ယခု ယွင်ကျုံးဟဲ့က လင်ကုန်းနှင့် ကျိုးကျီတို့ကို ထိုနည်းလမ်းအတိုင်း ပြန်လည်အသုံးပြုကာ အောက်တုန်းနှင့် အောက်မင်ကို လုပ်ကြံစေခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ပို၍ ရွံစရာကောင်းသည်မှာ အောက်မင် လုပ်ကြံခဲ့သော လျှို့ဝှက်စာများက အပြစ်ရှာ မရလောက်အောင် တူညီသော်လည်း ယွင်ကျုံးဟဲ့က လင်ကုန်းနှင့် ကျိုးကျီတို့ကို အလွန်တူအောင် မလုပ်ရန်၊ အပြစ်ရှာရ လွယ်ကူအောင် တမင် လုပ်ခိုင်းခဲ့ခြင်း ဖြစ်၏။
‘ကျုပ်က ခင်ဗျားကို ထောင်ချောက်ဆင်ပြီး လုပ်ကြံမှာပဲ... ခင်ဗျား ဘာလုပ်နိုင်မှာလဲ။’
“အရှင်မင်းသား… အောက်တုန်း၊ အောက်မင် သားအဖက ပုန်ကန်မှု ကျူးလွန်လို့ မျိုးနွယ်တစ်ခုလုံးကို သတ်ဖြတ်ဖို့ တောင်းဆိုပါတယ်။”
“အရှင်မင်းသား… အောက်တုန်း၊ အောက်မင် မျိုးနွယ်တစ်ခုလုံးကို သတ်ဖြတ်ဖို့ တောင်းဆိုပါတယ်။”
ထိုနေရာတွင် ရှိနေသော လူရာပေါင်းများစွာက ရှေ့ထွက်လာပြီး အောက်တုန်းနှင့် အောက်မင်တို့၏ မျိုးနွယ်တစ်ခုလုံးကို သတ်ဖြတ်ရန် တောင်းဆိုကြတော့သည်။
အောက်တုန်း၊ အောက်မင် သားအဖနှစ်ဦးက နန်းရင်ပြင်တွင် ရပ်နေရင်း မျက်နှာများ ဖြူရော်နေကာ တစ်ကိုယ်လုံး တုန်ယင်နေသော်လည်း တစ်ခွန်းမှ ဝင်ရောက် ဖြေရှင်းခွင့် မရကြချေ။
တံတိုင်းပြိုကျလျှင် လူတိုင်းက တွန်းကြမည်ဆိုသည်ကို သိသော်လည်း ဤမျှလောက်အထိ ရိုင်းစိုင်း ရက်စက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။
ကျိုးကျီက အောက်မင်ကို ဤသို့ ဆက်ဆံခြင်းမှာ နားလည်နိုင်သည်။ အကြောင်းမှာ အောက်မင်က ကျိုးကျီကို ထောင်ချောက်ဆင်ခဲ့ဖူးသောကြောင့် ဖြစ်၏။ သို့ပေမည့် လင်ကုန်း ကကော။
‘ခင်ဗျားက အောက်မင်ရဲ့ ဆရာလေ။ အမြဲတမ်း အောက်တုန်း၊ အောက်မင် သားအဖနဲ့ မဟာမိတ်တွေ ဖြစ်ခဲ့တာ မဟုတ်လား။’
ထို့အပြင် နန်းရင်ပြင် တစ်ခုလုံးတွင် အောက်မင်ဘက်မှ ဝင်ရောက် ပြောဆိုပေးသူ တစ်ဦးတစ်ယောက်မှ မရှိချေ။ အောက်မင်က ဉာဏ်ကောင်းလွန်းသော်လည်း သူက အရမ်း ဉာဏ်ကောင်းလွန်းပြီး အမြဲတမ်း အရာရာကို အစွန်းရောက်အောင် လုပ်ဆောင်လေ့ ရှိသောကြောင့် လင်ကုန်းပင်လျှင် သူ့ကို ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်၏။
မျက်စိရှေ့မှ အခြေအနေကိုကြည့်ပြီး နန်ယွမ်အကြီးအကဲ ယင်းချွဲ့က ဘာလုပ်နိုင်မည်နည်း။ အောက်တုန်းတို့ သားအဖအတွက် ယွင်ကျုံးဟဲ့ကို ဆန့်ကျင်မည်လား။ သူက အလုပ်အားနေသူ မဟုတ်သလို အောက်တုန်း သားအဖနဲ့လည်း ဘာပတ်သက်မှုမှ မရှိချေ။
ချက်ချင်းပဲ ယင်းချင်ဝမ်က အမိန့်ပေးလိုက်၏။ “လူလာကြ… အောက်တုန်း၊ အောက်မင် သားအဖကို ဖမ်း။ အိမ်ကိုသိမ်းပြီး မျိုးနွယ်တစ်ခုလုံးကို ဖမ်းလိုက်စမ်း။”
ယင်းချင်ဝမ်၏ အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့် အောက်တုန်းနှင့် အောက်မင် သားအဖနှစ်ဦး ချက်ချင်း ဖမ်းဆီးခံလိုက်ရပြီး သံကြိုးများဖြင့် ချည်နှောင်ခံလိုက်ရသည်။
ထို့နောက် စစ်သည် ထောင်ပေါင်းများစွာက တောခွေးများကဲ့သို့ အောက်တုန်းနှင့် အောက်မင်၏ ဖျင်ရှီးဟောက် အိမ်တော်အတွင်းသို့ ဝင်ရောက်ကာ အိမ်ကို သိမ်းဆည်းပြီး လူများကို ဖမ်းဆီးကြတော့၏။
တစ်ခဏချင်းအတွင်းမှာပဲ အောက်မင်၏ အိမ်တော်တွင် ငိုယိုသံများ ဆူညံသွားပြီး အလွန်တရာ သနားစရာ ကောင်းလို့နေတော့၏။ ကံကြမ္မာဆိုသည်မှာ အလှည့်ကျ ဖြစ်သည်။
ယခင်က ယွင်ကျုံးဟဲ့၏ အိမ်တော်က အကြိမ်ကြိမ် အသိမ်းခံရပြီး လူများ ဖမ်းဆီးခံရသော်လည်း ယခုအခါ အောက်မင်နှင့် အောက်တုန်းတို့ အလှည့် ရောက်လာပြီ ဖြစ်၏။
.......
ယွင်ကျုံးဟဲ့၏ အိမ်တော်အတွင်း၌...
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “မွေးစားအဖေ… ကျုပ်ရဲ့ မွေးစားအဖေကို သိတယ်လို့ အရင်က ပြောခဲ့ဖူးတယ်နော်။”
ဖုန်းရှင်းမြဲ့က ဖြေ၏။ “မှန်တယ်၊ သူက ကျုပ်ရဲ့ အစ်ကိုဖြစ်ပြီး နာမည်က ဖုန်းပုထုံလို့ ခေါ်တယ်။ ကျုပ်တို့က အကောင်းဆုံး ညီအစ်ကိုတွေပါ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို သူ ဘာကြောင့် သေရတာလဲ။”
ဖုန်းရှင်းမြဲ့က ရှင်းပြ၏။ “တိကျတဲ့ အပြစ်တော့ မရှိဘူး။ ဟေးလုံထိုင် အထက်ပိုင်းက သူ ပုန်ကန်တယ်လို့ သံသယရှိပြီး တာ့ကျိုးဟေးပင်းထိုင်က စည်းရုံးလိုက်တယ်လို့ ထင်ခဲ့တယ်။ သူ့ကို ဖမ်းဆီးပြီး စစ်ကြော မေးမြန်းဖို့ လုပ်နေတုန်းမှာပဲ သူက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာ။
ဒါပေမဲ့ သူ့ရဲ့ ကိုယ်ကျင့်တရားကို ငါ ယုံကြည်တယ်။ သူက တာယင်အင်ပါယာကို သစ္စာဖောက်မယ်ဆိုတာကို ငါ လုံးဝ မယုံကြည်ဘူး။ မှန်ပါတယ်။ သူက အခြား ဟေးလုံထိုင်က လူတွေနဲ့ သိပ်မတူဘူး။ အမြဲတမ်း ပျင်းရိပျင်းတွဲ နေတတ်ပြီး ချမ်းသာကြွယ်ဝမှုကို နှစ်သက်ကာ မိန်းမတွေ မွေးထားရတာကို သဘောကျတယ်။ ဒါပေမဲ့ သူက တာယင်အင်ပါယာကို အပြည့်အဝ သစ္စာစောင့်သိသူပါ။”
ထိုအကြောင်းကို ပြောရင်း ဖုန်းရှင်းမြဲ့၏ မျက်လုံးများ နီရဲလာသည်။ “အစ်ကို ဖုန်းပုထုံရဲ့ ဒီလို ပျင်းရိပျင်းတွဲ နေတတ်တာ၊ ချမ်းသာကြွယ်ဝမှုကို နှစ်သက်တာ၊ မိန်းမတွေကို သဘောကျတာတွေ အားလုံးက သူ့ရဲ့ အလုပ် လုပ်တဲ့ ပုံစံဖြစ်ပြီး သူ့ရဲ့ ဖုံးကွယ်မှုတစ်ခုပါ။ သူက ဟေးလုံထိုင်ကို သစ္စာဖောက်မယ်ဆိုတာကို ငါ သေရင်တောင် မယုံကြည်ဘူး။ ရှောင်ဟဲ့… မင်း ဟေးလုံထိုင်ခေါင်းဆောင် ဖြစ်လာရင် သူ့အတွက် နာမည်ပြန်ရှင်းပေးပြီး ဂုဏ်သိက္ခာကို ပြန်လည် ဖော်ဆောင်ပေးပါ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ကောင်းပါပြီ မွေးစားအဖေ”
ယွင်ကျုံးဟဲ့က ကောင်းကင်ကို ဆက်လက် မော့ကြည့်နေဆဲ ဖြစ်သည်။
ကြယ်တာရာများ၏ အနေအထားက တကယ်ပဲ စိတ်ဝင်စားစရာ ကောင်းလှသည်။ လွန်ခဲ့သော နှစ်အနည်းငယ်ကစ၍ ဇီဝေကြယ်က တဖြည်းဖြည်း မှေးမှိန်လာပြီး ထျန်းလန်ကြယ်ကတော့ ပိုပိုပြီး တောက်ပလာခဲ့၏။
လွန်ခဲ့သော ငါးနှစ်၊ ခြောက်နှစ်တည်းက ဤသို့ ဖြစ်နေခဲ့ခြင်းလား… သို့မဟုတ် ထို့ထက်ပိုစောမည်လား။ ဤကဲ့သို့ အခြေအနေမျိုး၌ တစ်နေ့နေ့တွင် ဇီဝေကြယ် လုံးဝ ငြိမ်းသွားမလားဆိုတာကို သံသယ ဖြစ်စေသည်။
‘ဒီဇီဝေကြယ်က ဘာကို ကိုယ်စားပြုတာလဲ။ ပြီးတော့ ဒီထျန်းလန်ကြယ်ကရော ဘာကို ကိုယ်စားပြုသလဲ။’
ကောင်းကင်ပေါ်မှ ကြယ်များကို ဆက်မကြည့်တော့ဘဲ ယွင်ကျုံးဟဲ့က သူ၏ ဦးနှောက်ထဲတွင် လက်ရေးများကို ဆက်လက် ရှာဖွေစစ်ဆေးနေသည်။ ထိုအရာမှာ နုဧကရာဇ်၏ နစ်မြုပ်နေသော သင်္ဘောအနီးရှိ ရေအောက်လိုဏ်ဂူအတွင်းမှ ဖျက်ဆီးခံထားရသော လက်ရေးများ ဖြစ်၏။
‘ဘယ်သူရေးခဲ့တာလဲ။ ဆံပင်မဖြူသေးသော်လည်း… နှလုံးသားက သေဆုံးနေပြီ ဆိုတဲ့စာသားကို ဘာလို့ ရေးခဲ့တာလဲ။ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူက နုဧကရာဇ်ရဲ့ နစ်မြုပ်နေသော သင်္ဘောမှ ရတနာတစ်ဝက်ကို ရရှိသွားခဲ့ယူသွားခဲ့တာဆိုတော့ ဘယ်သူ ဖြစ်နိုင်မလဲ။’
ယွင်ကျုံးဟဲ့က ခြောက်နှစ်တိုင်တိုင် ရှာဖွေနေခဲ့ပြီး တူညီသော လက်ရေးကို ရှာဖွေရန် ကြိုးစားနေခဲ့ သော်လည်း လုံးဝ ရှာမတွေ့ခဲ့ချေ။ လူသောင်းချီ၏ လက်ရေးများနှင့် နှိုင်းယှဉ်ကြည့်ခဲ့ပြီးသော်လည်း ရှာမတွေ့သေးချေ။
ထိုအချိန်က နုဧကရာဇ် ရုတ်တရက် သေဆုံးသွားပြီးနောက် တာ့ရှန်းအင်ပါယာ၏ အကြွင်းအကျန်များက သင်္ဘောများဖြင့် ပင်လယ်ရပ်ခြားသို့ ထွက်ပြေးခဲ့ကြရာ သင်္ဘောတစ်ဝက်က မုန်တိုင်းမိပြီး နစ်မြုပ်သွားခဲ့ပြီး ကျန်တစ်ဝက်က ကျွန်းပေါ်တွင် သောင်တင်သွားခဲ့၏။
သောင်တင်သွားသော သူများက ပိုင်ယင်မြို့ ဖြစ်လာပြီး လောကတွင် အစွမ်းအထက်ဆုံးနှင့် အလျှို့ဝှက်ဆုံး စွမ်းအားကို ပိုင်ဆိုင်လာကြသည်။
ဤသည်မှာ ယွင်ကျုံးဟဲ့ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရခြင်းဖြစ်ပြီး နုဧကရာဇ်၏ ဧရာမ စစ်သင်္ဘောကြီးများက တကယ့်ကို ငရဲပြည်မှ စစ်သင်္ဘောများ ကဲ့သို့ပင်။
ထို့အပြင် အမှောင်လောက၏ ဘုရင်တစ်ပါးကဲ့သို့သော ပိုင်ကု လည်း ရှိသေး၏။ မည်မျှ အားကောင်းလိုက် သနည်း။ အသက်ရှူပင် မှားလောက်သည်။
ထို့အပြင် နုဧကရာဇ်၏ မြေအောက်ဂူသင်္ချိုင်းအတွင်းရှိ စစ်သည်ရွှံ့ရုပ်များလည်း ရှိသေးပြီး ထိုသူတိုင်းက အရပ် နှစ်မီတာနီးပါးမြင့်ကာ အလွန် ထွားကျိုင်းသန်မာကြ၏။
ဤသည်မှာ မည်မျှအထိ အံ့မခန်း အားကောင်းသော စစ်ရေးအင်အား ဖြစ်သနည်း။ သို့ပေမည့် ယခုတစ်ကြိမ် တာယင်နှင့် တာ့ကျိုးတို့၏ နိုင်ငံပျက်သုဉ်းမည့် စစ်ပွဲကြီးတွင် ပိုင်ယင်မြို့က အစွမ်းကုန် မထုတ်ခဲ့သည့်အပြင် အံ့မခန်း ဖုံးကွယ်ထားမှုများ ရှိနေသေးသည်။
ထို့အပြင် မင်းသမီးပိုင်ရွှယ်က ပိုင်ယင်မြို့တွင် ပိုင်ဖေးဖေးလောက် အဆင့်အတန်း မမြင့်သော်လည်း အဘယ်ကြောင့် ထျန်းကျိုးနတ်ဧကရာဇ်နှင့် လက်ထပ်ခဲ့ရသနည်း။ ဤအရာများ အားလုံးက ကြီးမားသော ပဟေဠိများ ဖြစ်ကြ၏။
ထို့အပြင် နုဧကရာဇ်၏ သွေးသားဆိုသည်မှာ အဘယ်နည်း။ နတ်ဆိုးမျက်လုံးဆိုသည်မှာ အဘယ်နည်း။
ယွင်ကျုံးဟဲ့၏ အမြင်တွင် ဤသည်မှာ မျိုးဗီဇပြောင်းလဲသွားသော လူသားများနှင့် ပို၍ တူနေပြီး သာမန်လူသားများထက် များစွာ သာလွန်သော သားရဲစွမ်းအားများ ပြည့်နှက်နေပုံရ၏။ သို့ပေမည့် အလွန် ထူးဆန်းသော အချက်တစ်ချက် ရှိနေသေးသည်။
မင်းသမီးပိုင်ဖေးဖေး၏ နုဧကရာဇ်သွေးသားက ကျင်းဝူရွမ်းထက် များစွာ ပို၍ စင်ကြယ်မည်ဖြစ်သော်လည်း သူမ၏ အရပ်အမောင်းရော၊ မျက်လုံးများပါ ကျင်းဝူရွမ်းထက် သာမန်လူသားတစ်ဦးနှင့် ပို၍ တူနေ၏။ သွေးသား ပိုစင်ကြယ်လေ၊ ပိုပြီး ဖုံးကွယ်ထားနိုင်လေ ဆိုသည့် သဘောများ ဖြစ်နေသည်လား။
ပိုင်ယင်မြို့က တာ့ရှန်းအင်ပါယာ၏ အမွေအနှစ် တစ်ဝက်ကို ရရှိပြီး ဤမျှ အားကောင်းလာခဲ့ခြင်း ဖြစ်သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော လူက တာ့ရှန်းနတ်ဆိုးနိုင်ငံ၏ နောက်ထပ် အမွေအနှစ် တစ်ဝက်ကို ရရှိထားသည်ဆိုလျှင် ထိုလူက မည်မျှတောင် အားကောင်းနေမည်နည်း။ ထိုလူနှင့် ပိုင်ကုတို့ နှစ်ဦးတွင် မည်သူက တာ့ရှန်းနတ်ဆိုးနိုင်ငံ၏ အမှောင်လောကဘုရင်အစစ် ဖြစ်မည်နည်း။
ထိုအချိန်မှာပဲ ရုတ်တရက် ဖုန်းရှင်းမြဲ့က အပြင်ဘက်မှ ပြောလိုက်၏။ “ရှောင်ဟဲ့… ပြင်ဆင်ထားလိုက်။ ခေါင်းဆောင်ကြီး ရောက်လာပြီ။”
‘ကုန်းဆွန်းယန် ရောက်လာပြီလား။’
တာ့ကျိုးမြို့တော် စစ်ပွဲစတင်ချိန်တည်းက ကုန်းဆွန်းယန် ရှိနေမှန်း ယွင်ကျုံးဟဲ့ သိသော်လည်း သူက တစ်ခါမှ လူလုံးထွက်မပြခဲ့သလို ယွင်ကျုံးဟဲ့ကိုလည်း လာမတွေ့ခဲ့ချေ။ ယခု ဘာကြောင့် ရောက်လာရသနည်း။
“ကျုပ် အကြီးအကဲကို ဂါရဝပြုပါတယ်။” ဖုန်းရှင်းမြဲ့က မြေပြင်ပေါ်တွင် ဝပ်တွားကာ အရိုအသေပေးလိုက်၏။
ယွင်ကျုံးဟဲ့လည်း နောက်ဆုံးတွင် ဟေးလုံထိုင်ခေါင်းဆောင် ကုန်းဆွန်းယန်ကို ပြန်လည် တွေ့ဆုံခွင့် ရသွားပြီ ဖြစ်သည်။
“ဧကရာဇ်မင်းမြတ်ရဲ့ လျှို့ဝှက်အမိန့်တော်… ယွင်ကျုံးဟဲ့ အမိန့်တော်ကို ခံယူပါ။” ကုန်းဆွန်းယန်က ရင်ခွင်ထဲမှ အဝါရောင်စက္ကူ တစ်ရွက်ကို ထုတ်ယူလိုက်၏။
အမိန့်တော်ဆိုသည်မှာ အမြဲတမ်း ရွှေရောင်နဂါးပုံ ထွင်းထုထားသော ပိုးသားလိပ်ကြီးများ မဟုတ်ချေ။ အမိန့်တော် အများအပြားက စက္ကူတစ်ရွက်သာ ဖြစ်သည်။
“ယွင်ကျုံးဟဲ့ကို ယင်း မျိုးရိုးအမည် ပေးသနားပြီး ယွင်ကော်ကွန်းအဖြစ် ခန့်အပ်တယ်။ ယနေ့မှစ၍ ဟေးလုံထိုင်၏ ကိစ္စရပ်အားလုံးကို လွှဲပြောင်းရယူစေ… အမိန့်တော်...”
အမိန့်တော်ကို ကြားလိုက်ရချိန်မှာတော့ ယွင်ကျုံးဟဲ့နှင့် ဖုန်းရှင်းမြဲ့တို့ မှင်သက်သွားကြ၏။ ‘ဒါ… ဒါက ဘာအဓိပ္ပာယ်လဲ။’
ယွင်ကော်ကွန်းအဖြစ် ခန့်အပ်တာက ဘာမှ မထူးဆန်းချေ။ တာယင်ဧကရာဇ်က အရင်တည်းက ကတိပေးထားခဲ့ဖူးသည်။ တာ့ကျိုးမှာ မည်သည့် အဆင့်အတန်းမျိုး ရခဲ့ပါစေ၊ တူညီသော အဆင့်အတန်းမျိုး ပြန်ပေးမယ်လို့ ပြောထားပြီးသား ဖြစ်သည်။
ယွင်ကျုံးဟဲ့က တာ့ကျိုးအင်ပါယာမှာ အမြင့်ဆုံးရရှိခဲ့သော ရာထူးက ကွန်း (မြို့စား) ဖြစ်သောကြောင့် တာယင်အင်ပါယာသို့ ပြန်ရောက်ချိန်တွင် ကွန်းအဖြစ် ဆက်လက် တည်ရှိနေခြင်း ဖြစ်၏။
သူက ကွန်းဘွဲ့ ရရုံသာမက အောက်ရှင်းလည်း ကွန်းဘွဲ့ရပြီး ယွင်ကျုံးဟဲ့၏ ကလေးများပင် ဟောက် (နယ်စား) နှင့် ကျွင့်ကျူ (မင်းသမီး) အဖြစ် ခန့်အပ်ခံရပြီး ဖြစ်သည်။
သို့ပေမည့် တာယင်တော်ဝင်မျိုးနွယ်၏ နာမည်ကို ပေးသနားခြင်းက မည်ကဲ့သို့ ဖြစ်ရသနည်း။ ထို့အပြင် ယခုတည်းက ဟေးလုံထိုင်၏ ကိစ္စရပ်များကို လွှဲပြောင်းရယူရမည် ဆိုခြင်းမှာ အလျင်စလို ဖြစ်လွန်းနေသည် မဟုတ်ပါလား။
လျှို့ဝှက်အမိန့်တော်ကို ဖတ်ကြားပြီးနောက် ကုန်းဆွန်းယန်က ပြောလိုက်၏။ “ယွင်ကျုံးဟဲ့… ဧကရာဇ်မင်းမြတ်က ခင်ဗျားကို တွေ့ချင်တယ်။ ခင်ဗျား ချက်ချင်း ကျုပ်နဲ့အတူ လေခွင်းမြို့ကို လိုက်ခဲ့။”
ထိုစကားကြောင့် အမတ်မင်း ဖုန်းရှင်းမြဲ့က မတတ်နိုင်ဘဲ ခေါင်းမော့ကြည့်လိုက်၏။ ယွင်ကျုံးဟဲ့လည်း အနည်းငယ် အံ့အားသင့်သွားသည်။
‘ဘာကြောင့် လေခွင်းမြို့လဲ… အနီးဆုံးမှာ ထန်ထိုင်မြို့ရှိပြီး အဲ့မြို့က နေရတာ ပိုကောင်းတယ်လေ။ အဝေးဆုံးဆိုရင် တာယင်အင်ပါယာ နယ်နိမိတ်အတွင်းက မြို့တွေလည်း ရှိတာပဲ။ လေခွင်းမြို့က အကြီးအကျယ် ဖျက်ဆီးခံထားရပြီး နေထိုင်ဖို့ မသင့်တော်တော့သလို ယာယီ နန်းတော်အဖြစ် သုံးဖို့လည်း မသင့်တော်တော့ဘူး မဟုတ်လား။’
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “အမိန့်တော်အတိုင်းပါ။”
တစ်နာရီခန့်အကြာတွင် ယွင်ကျုံးဟဲ့က ကုန်းဆွန်းယန်နှင့်အတူ ဟေးလုံထိုင် စစ်သည်ရာပေါင်းများစွာ၏ အစောင့်အရှောက်ဖြင့် တာ့ကျိုးမြို့တော်မှ ထွက်ခွာကာ လေခွင်းမြို့သို့ ဦးတည်သွားကြတော့၏။ မြို့တံခါးမှ မိုင်အနည်းငယ်အကွာသို့ ရောက်ချိန်မှာတော့ ယွင်ကျုံးဟဲ့က မနေနိုင်ဘဲ နောက်သို့ လှည့်ကြည့်လိုက်မိသည်။
“ဘာလဲ… ဒီနေရာကို နှမြောနေတာလား။” ကုန်းဆွန်းယန်က မေးလိုက်၏။
ယွင်ကျုံးဟဲ့က သက်ပြင်းချကာ ဖြေလိုက်သည်။ “ကျုပ် ထင်တာတော့… ကျုပ် နောက်ထပ် ဘယ်တော့မှ ဒီနေရာကို ပြန်လာရတော့မှာ မဟုတ်ဘူး ထင်တယ်။”
အနည်းဆုံးတော့ တာ့ကျိုးမြို့တော်က သူနှင့် ဘာမှ မသက်ဆိုင်တော့ချေ။ တာ့ကျိုးတွင် ကိုးနှစ်တိုင်တိုင် နေထိုင်ခဲ့ရပြီး ယခု လုံးဝ နှုတ်ဆက်ရတော့မည်ဖြစ်ရာ မနှမြောဘူးလို့ မဆိုနိုင်သော်လည်း ရင်ထဲတွင်တော့ အလွန် ရှုပ်ထွေးနေ၏။
ရက်အနည်းငယ်အကြာတွင် ယွင်ကျုံးဟဲ့က ကုန်းဆွန်းယန်နှင့်အတူ လေခွင်းမြို့သို့ ရောက်ရှိလာခဲ့သည်။ ဤနေရာက ယခင်က ကျင်းကျုံးယွဲ့၏ အိမ်ဖြစ်ခဲ့ပြီး ယွင်ကျုံးဟဲ့ ပထမဆုံး အခြေချကာ သူလျှိုလုပ်ခဲ့သော နေရာလည်း ဖြစ်သည်။
ထို့နောက် ကျင်းကျုံးယွဲ့၏ ယခင် မြို့စားအိမ်တော်ကို ပြန်လည် တည်ဆောက်ထားပြီး တောင်ကုန်းပေါ်တွင် မားမားမတ်မတ် တည်ရှိနေသည်ကို ယွင်ကျုံးဟဲ့ တွေ့လိုက်ရ၏။