← Chapters

အခန်း (၆၆၃-၆၆၄)

Vol. 56 Ch. 663-664

အခန်း (၆၆၃-၆၆၄)

Vol. 56 Ch. 663-664

အပိုင်း (၆၆၃)

ရဲတိုက်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် ယွင်ကျုံးဟဲ့က ဒူးထောက်ကာ ပြောလိုက်သည်။ “ကျုပ် ယွင်ကျုံးဟဲ့… ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ… သက်တော်ရာကျော် ရှည်ပါစေ… သက်တော် သောင်းကျော် ရှည်ပါစေ။”

သူက တာယင်ဧကရာဇ်ကို ထပ်မံ တွေ့ဆုံခွင့် ရသွားပြန်၏။ နောက်ဆုံးအကြိမ် တွေ့ခဲ့ရသည်မှာ လွန်ခဲ့သော ကိုးနှစ်က ဖြစ်သည်။ သေချာသည်မှာ ရှုံးကျိုးမြို့တွင် ရှိစဉ်ကလည်း တွေ့ခဲ့ရသည်ဟု ဆိုနိုင်သော်လည်း မီတာ ထောင်ချီ ကွာဝေးနေသောကြောင့် မြို့ရိုးပေါ်ရှိ ဧကရာဇ်ကို ယွင်ကျုံးဟဲ့ သေချာ မမြင်ခဲ့ရချေ။

ကိုးနှစ် အချိန်ကုန်လွန်သွားခဲ့ပြီး တာယင်ဧကရာဇ်၏ ဆံပင်များလည်း တစ်ဝက်ကျော် ဖြူသွားခဲ့ကာ လူကလည်း အနည်းငယ် ပိန်သွားပုံရ၏။

“အရှင်မင်းကြီး ပိန်သွားပါပြီ” ယွင်ကျုံးဟဲ့က အနည်းငယ် တုန်ယင်စွာ ပြောလိုက်သည်။

တာယင်ဧကရာဇ်က ဖြေ၏။ “ကိစ္စတွေက အရမ်း များလွန်းတယ်။ ရေခဲပြင်ပေါ် လမ်းလျှောက်နေရသလို နေ့ရောညပါ သတိထားနေရတယ်။ ဒီတစ်နှစ်အတွင်းမှာပဲ ဆံပင်တွေ အများကြီး ဖြူသွားခဲ့တယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ယခု ကျုပ်တို့ တာယင်အင်ပါယာက အကြီးအကျယ် အောင်ပွဲခံနိုင်ခဲ့ပြီ ဖြစ်ပြီး အရှင်မင်းကြီး လောကကို စည်းလုံးဖို့ကလည်း မကြာတော့ပါဘူး။”

တာယင်ဧကရာဇ်က ဒီအရာတွေ အားလုံးက ခင်ဗျားရဲ့ အောင်မြင်မှုတွေပါ၊ ခင်ဗျားရဲ့ ကျေးဇူးတွေ အရမ်း များပါတယ် အစရှိသော စကားများကို ပြောသင့်သော်လည်း သူ မပြောခဲ့ဘဲ အဝေးမှ ရှုခင်းများကိုသာ ငေးကြည့်နေ၏။

“ယွင်ကျုံးဟဲ့… ဒီလေခွင်းမြို့က ခင်ဗျား ပထမဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ နေရာဖြစ်ပြီး ဒီရဲတိုက်ကလည်း ခင်ဗျားရဲ့ ပထမဆုံး အိမ်လို့ ဆိုနိုင်တယ်။”

တာယင်ဧကရာဇ်က ပြောလိုက်သည်။ “ဒါကြောင့် ဒီနေရာမှာ ခင်ဗျားကိုတွေ့တာ ခင်ဗျား ပိုပြီး ခံစားရလိမ့်မယ်လို့ ထင်တယ်။”

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ခံစားချက်တွေက ရှုပ်ထွေးနေပြီး အရာရာ ပြောင်းလဲသွားပြီလို့ ခံစားရပါတယ်။”

တာယင်အင်ပါယာဧကရာဇ်က ခေါင်းညိတ်လိုက်သည်။ “မှန်တယ်။ လူတွေ အကြောက်ဆုံးက မှီခိုရာ မရှိတာပဲ။ ဒါပေမဲ့ လူတွေ ပိုကြောက်တာက မှီခိုရာတစ်ခု ရလာပြီးမှ အဲဒါကို ပြန်ဆုံးရှုံးသွားရတာကိုပဲ။”

ဤစကားနှင့်ပတ်သက်၍ ယွင်ကျုံးဟဲ့က အလွန် ခံစားမိ၏။ သို့မဟုတ် ကမ္ဘာမြေပေါ်ရှိ ခေတ်သစ် ပြည်သူတိုင်းက ဤအချက်ကို နက်ရှိုင်းစွာ ခံစားမိကြပေလိမ့်မည်။

ဤလောက မဖွံ့ဖြိုးသေးချိန်တွင် လူအများစုက တစ်သက်လုံး နေရာ တစ်နေရာတည်းတွင်သာ နေထိုင်ကြပြီး အဝေးသို့ မသွားတတ်ကြချေ။

လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူများက မိမိတို့၏ ဇာတိမြေမှ တဖြည်းဖြည်း ထွက်ခွာလာကြသည်။

ဇာတိမြေတွင် ဆယ်ကျော်သက်အရွယ်အထိ ကြီးပြင်းလာပြီး တက္ကသိုလ်တက်ချိန်တွင် ဇာတိမြေမှ ထွက်ခွာ သွားကြ၏။ ကျောင်းတွင် နှစ်အနည်းငယ် နေထိုင်ပြီးနောက် ကျောင်းကို သံယောဇဉ် တွယ်လာသော်လည်း ဘွဲ့ရပြီးနောက် ထွက်ခွာရပြန်၏။

ဘွဲ့ရပြီးနောက် အလုပ်ရှာကာ နေရာတစ်နေရာတွင် အိမ်ငှားနေထိုင်ပြီး ထိုအိမ်ငှားလေးကို သံယောဇဉ် တွယ်လာပြန်သော်လည်း နှစ်အနည်းငယ်အကြာတွင် ပြောင်းရွှေ့ရပြန်၏။ အိမ်ဝယ်ပြီးနောက် နောက်ဆုံးတွင် အတည်တကျ နေထိုင်နိုင်ပြီဟု ထင်ရသော်လည်း ကလေးများအတွက် သို့မဟုတ် အခြား အကြောင်းပြချက် များကြောင့် အခြားမြို့တစ်မြို့သို့၊ အခြား အိမ်တစ်အိမ်သို့ ထပ်မံ ပြောင်းရွှေ့ရပြန်သည်။

မြန်ဆန်သော ဘဝနေထိုင်မှုပုံစံက လူများကို ရင်းနှီးကျွမ်းဝင်သော ပတ်ဝန်းကျင်နှင့် အဆက်မပြတ် ခွဲခွာရစေပြီး ယခုလေးတင် ရရှိလာသော သံယောဇဉ်များကလည်း မကြာမီ ပြန်လည် ဆုံးရှုံးသွားရပြန်၏။

တာယင်ဧကရာဇ်က ပြောလိုက်သည်။ “ခင်ဗျားက လေခွင်းမြို့မှာ နှစ်အနည်းငယ်နေပြီး ထွက်သွားခဲ့တယ်။ တာ့ကျိုးမှာ ကိုးနှစ်နေပြီး ထွက်သွားခဲ့တယ်။ ဒီလိုပဲ ဟိုလွင့်ဒီလွင့်နဲ့ အမြစ်တွယ်စရာ မရှိ ဖြစ်နေခဲ့တယ်။ ခင်ဗျား ထျန်းကျိုးနတ်ဧကရာဇ်ကို ရေးပေးခဲ့တဲ့ ကဗျာက အရမ်း ကောင်းတယ်။ ယွင်ကျုံးဟဲ့… ခင်ဗျားရဲ့ ဇာတိမြေကို မှတ်မိသေးလား။”

ယွင်ကျုံးဟဲ့က ခေတ္တ စဉ်းစားပြီးနောက် ခေါင်းယမ်းကာ ဖြေလိုက်၏။ “မမှတ်မိတော့ဘူး။ မှတ်ဉာဏ် စရှိတည်းက လှည့်လည် နေထိုင်ခဲ့ရတာဆိုတော့ ဇာတိမြေဆိုတာ မရှိပါဘူး။”

တာယင်ဧကရာဇ်က မေးလိုက်သည်။ “ခင်ဗျား ကျင်းကျုံးယွဲ့ကို ချစ်သလား။”

ယွင်ကျုံးဟဲ့က ခဏ စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ဖြေလိုက်၏။ “ချစ်ပါတယ်။”

တာယင်ဧကရာဇ်က ပြောလိုက်သည်။ “ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့နှစ်ယောက်လုံးက မိဘမဲ့တွေ ဖြစ်ပြီး မှီခိုရာ မရှိကြလို့လေ။ နားခိုစရာ မရှိကြလို့လေ။ လေခွင်းမြို့ စစ်ပွဲပြီးနောက် ကျင်းကျုံးယွဲ့က မြင်းဓားပြလုပ်ဖို့ ရွေးချယ်ခဲ့တာက သူမရဲ့ ရည်မှန်းချက်က မြင်းဓားပြလုပ်ဖို့ဆိုတာထက် သူမက မှီခိုရာ ဆုံးရှုံးသွားလို့ အမြဲတမ်း လှည့်လည် နေထိုင်ချင်နေတာပါ။ ခင်ဗျားတို့ရဲ့ အထီးကျန်နေတဲ့ စိတ်ဝိညာဉ်နှစ်ခုက ပွတ်တိုက်မိပြီး အချင်းချင်း ဆွဲဆောင်ကာ အတူတူ နွေးထွေးမှု ရှာဖွေခဲ့ကြပေမယ့် အတင်းအဓမ္မ ခွဲခွာခံလိုက်ရတယ်။”

ဧကရာဇ်မင်းမြတ်က လသာဆောင်၏ ကျောက်နံရံကို ညင်သာစွာပုတ်ရင်း မေးလိုက်၏။ “ခင်ဗျားရဲ့ မိဘအရင်းတွေက ဘယ်သူတွေလဲဆိုတာ သေချာပေါက် သိချင်နေမှာပဲ။ ဟုတ်ရဲ့လား။”

ယွင်ကျုံးဟဲ့က ဖြေသည်။ “မှန်ပါတယ် အရှင်မင်းကြီး”

တာယင်ဧကရာဇ်က အမိန့်ပေးလိုက်၏။ “ခေါ်လာခဲ့...”

ခဏအကြာတွင် လူတစ်ယောက်ကို ခေါ်ဆောင်လာခဲ့ပြီး ထိုသူမှာ အောက်မင် ဖြစ်နေသည်။

တာယင်အင်ပါယာဧကရာဇ်က ပြောလိုက်၏။ “အောက်မင်… ယွင်ကျုံးဟဲ့ရဲ့ မိဘတွေက ဘယ်သူတွေလဲ ဆိုတာ ခင်ဗျား သူ့ကို ပြောပြလိုက်စမ်း။”

အောက်မင်က ဒူးထောက်ကာ ပြောလိုက်သည်။ “အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ယွင်ကျုံးဟဲ့ရဲ့ အဖေဟာ တာရှအင်ပါယာ အိမ်ရှေ့စံ ဖြစ်ပါတယ်။”

တာယင်အင်ပါယာဧကရာဇ်က မေးလိုက်၏။ “နောက်ထပ် ဘာရှိသေးလဲ။”

အောက်မင်က ဆက်ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့ဟာ တာရှအင်ပါယာရဲ့ မင်းသားသာမက တာ့ယန် တော်ဝင်မျိုးနွယ်ရဲ့ အစစ်မှန်ဆုံး ဆက်ခံသူ၊ ရွှေရောင်သွေးသား ပိုင်ရှင်နဲ့ အရှေ့ပိုင်းလောကရဲ့ ကောင်းကင်ဘုံရဲ့ သားတော် ဖြစ်ပါတယ်။”

တာယင်ဧကရာဇ်၏ အကြည့်များက ယွင်ကျုံးဟဲ့ထံသို့ ရောက်ရှိသွားပြီး မေးလိုက်၏။ “ခင်ဗျား ကြားလိုက်လား။”

ယွင်ကျုံးဟဲ့၏ အသက်ရှူသံ ရပ်တန့်သွားပြီး တစ်ကိုယ်လုံးရှိ ချွေးပေါက်များပင် ပိတ်သွားသကဲ့သို့ ခံစားလိုက်ရကာ အတော်ကြာပြီးနောက်မှ အက်ကွဲသော အသံဖြင့် ဖြေလိုက်သည်။ “ကျုပ် ကြားလိုက်ပါတယ်။”

အောက်မင်က ဦးညွှတ်ကာ လျှောက်တင်လိုက်၏။ “အရှင်မင်းကြီး… ဒီယွင်ကျုံးဟဲ့က နောင်တစ်ချိန်မှာ တာယင်အင်ပါယာရဲ့ ဘေးအန္တရာယ် ဖြစ်လာမှာ သေချာပြီး အရှင်မင်းကြီး လောကကို စည်းလုံးမယ့် လမ်းမှာ အကြီးမားဆုံး အဟန့်အတား ဖြစ်လာပါလိမ့်မယ်။ သူ့ကို သတ်ပစ်ဖို့ တောင်းဆိုပါတယ်။”

တာယင်ဧကရာဇ်၏ အကြည့်များက ယွင်ကျုံးဟဲ့ထံသို့ ရောက်ရှိသွားပြီး မေးလိုက်သည်။ “ဒါဆို… ကျုပ် ခင်ဗျားကို သတ်သင့်သလား ယွင်ကျုံးဟဲ့...”

ယွင်ကျုံးဟဲ့က အက်ကွဲသော အသံဖြင့် ဖြေလိုက်၏။ “အရှင်မင်းကြီး ကိုယ်တိုင်သာ အဆုံးအဖြတ် ပေးတော်မူပါ။”

အောက်မင်က အစွမ်းကုန် ဦးညွှတ်ကာ လျှောက်တင်လိုက်သည်။ “အရှင်မင်းကြီး… ယွင်ကျုံးဟဲ့ဟာ နိမိတ်မကောင်းတဲ့သူ ဖြစ်ပြီး ကောင်းကင်က ကျလာတဲ့ ကပ်ဘေးကြယ် တစ်ပွင့်ပါ။ သူက တာဝန် ထမ်းဆောင်ဖို့ ဆိုပေမဲ့ လေခွင်းမြို့မှာ ရှိတုန်းက ကျင်းမိသားစု ပျက်သုဉ်းသွားခဲ့တယ်။

တာ့ကျိုးအင်ပါယာမှာ ရှိတုန်းက တာ့ကျိုးအင်ပါယာ ပျက်သုဉ်းသွားခဲ့တယ်။ သူ့ရဲ့ ပါရမီကို နှမြောမနေပါနဲ့။ ယခု အရှင်မင်းကြီးက တာ့ကျိုးနယ်မြေ တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်လို့ လောကမှာ ဘယ်သူကမှ အရှင်မင်းကြီးရဲ့ ပြိုင်ဘက် မဟုတ်တော့ပါဘူး။

ယွင်ကျုံးဟဲ့ကို ချန်ထားခဲ့ရင် တာယင်အင်ပါယာနဲ့ တာယင်တော်ဝင်မျိုးနွယ်ကို ပျက်သုဉ်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရစေပါလိမ့်မယ်။”

တာယင်ဧကရာဇ်က ပြောလိုက်၏။ “ယွင်ကျုံးဟဲ့… ကျုပ် ခင်ဗျားကို အမိန့်တော် ပေးခဲ့တယ်။ ယင်းနာမည်ပေးပြီး ယွင်ကော်ကွန်းအဖြစ် ခန့်အပ်ကာ ဟေးလုံထိုင်ကို ချက်ချင်း လွှဲပြောင်းရယူဖို့ ခိုင်းခဲ့တယ်။ အဲဒါ ဘာအဓိပ္ပာယ်လဲဆိုတာ ခင်ဗျား သိလား။”

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ကျုပ် မသိပါဘူး။”

တာယင်ဧကရာဇ်က ရှင်းပြ၏။ “ဒီအရာတွေက ခင်ဗျားကို မှီခိုရာလေး တစ်ခုများ ပေးနိုင်မလားလို့ ကျုပ် ကြည့်ချင်လို့ပါ။ မှီခိုရာဆိုတာ အရမ်း ဆန်းကြယ်တဲ့ ခံစားချက်တစ်ခုပဲ။ မှီခိုရာ ရသွားရင် အိမ်ကိုတွေ့ရတဲ့ ခံစားချက်မျိုး၊ နွေးထွေးတဲ့ ခံစားချက်မျိုး ရလာတတ်တယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ မျက်လုံးထဲမှာ မှီခိုရာဆိုတာကို ကျုပ် မတွေ့ရဘူး။”

အောက်မင်က ဒူးထောက်ကာ လျှောက်တင်လိုက်ပြန်သည်။ “အရှင်မင်းကြီး… ယွင်ကျုံးဟဲ့ဟာ တကယ့်ကို ကပ်ဘေးကြယ် တစ်ပွင့်ပါ။ သူ့ကို သတ်ပစ်ပါ။ သတ်ပစ်ပါ။”

တာယင်ဧကရာဇ်က ခါးပတ်မှ ဓားတစ်လက်ကို ဖြုတ်ယူလိုက်၏။ ရွှေရောင် တောက်ပနေသော ဧကရာဇ်၏ ဓားပင်။

ထို့နောက် သူက ဖြည်းညင်းစွာ ဆွဲထုတ်လိုက်ရာ ဓားက ဆောင်းဦးရေပြင်ကဲ့သို့ အေးစက်ပါးလွှာကာ အလွန် ထက်မြက်လှသည်။ ထို့နောက် သူက ထက်မြက်သော ဓားကို မှန်တစ်ချပ်အဖြစ် အသုံးပြုကာ သူ၏ မျက်နှာကို ကြည့်လိုက်ပြီး ယွင်ကျုံးဟဲ့၏ မျက်နှာကိုလည်း ကြည့်လိုက်၏။

အောက်မင်က စူးရှသော အသံဖြင့် အော်ဟစ်လိုက်သည်။ “အရှင်မင်းကြီး… ယွင်ကျုံးဟဲ့က ကပ်ဘေးကြယ် တစ်ပွင့်ပါ။ သူက ကျုပ်တို့ တာယင်အင်ပါယာရဲ့ ဘေးအန္တရာယ် ဖြစ်လာပါလိမ့်မယ်။ သူ့ကို သတ်ပစ်ပါ။”

ဧကရာဇ်က စကားမပြောဘဲ ယွင်ကျုံးဟဲ့၏ လက်ကို ဖမ်းဆုပ်လိုက်ပြီး သူတို့နှစ်ဦး အတူတူ ဓားကို ကိုင်ကာ အောက်မင်၏ ရင်ဘတ်ဆီသို့ ဖြည်းညင်းစွာ ထိုးသွင်းလိုက်၏။

သူ ထိုးသွင်းသည်မှာ အရမ်း နှေးကွေးပြီး လုံးဝ ရက်စက်ကြမ်းကြုတ်မှု မရှိဘဲ အလွန် သိမ်မွေ့ညင်သာနေပုံ ရ၏။ သို့ပေမည့် အလွန် သိမ်မွေ့ညင်သာနေလျှင်တောင် အောက်မင်၏ ခန္ဓာကိုယ်ကို အလွယ်တကူ ထိုးဖောက်သွားခဲ့သည်။

အောက်မင်က မယုံကြည်နိုင်စွာဖြင့် ဧကရာဇ်ကို ကြည့်လိုက်ပြီး ယွင်ကျုံးဟဲ့ကို ကြည့်လိုက်ရာ သူ၏ ပါးစပ်မှ သွေးများ အဆက်မပြတ် အန်ထွက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ယင်နေတော့သည်။

အချိန်အတော်ကြာပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး အရုပ်ကြိုးပြတ် လဲကျသွားပြီး မျက်စိမှိတ် မသေနိုင် ဖြစ်သွားတော့၏။

ထို့နောက် တာယင်ဧကရာဇ်က ထပ်မံ အမိန့်ပေးလိုက်သည်။ “ခေါ်လာခဲ့”

စစ်သည်အချို့က အောက်တုန်းကို ဖမ်းဆီး ခေါ်ဆောင်လာကြ၏။

“လာ… ကျုပ်တို့ အတူတူ လုပ်ကြမယ်။”

တာယင်ဧကရာဇ်က ပြောလိုက်သည်။ “ကလဲ့စားချေတာက ခင်ဗျားကို ပျော်ရွှင်မှု ပေးနိုင်တယ်ဆိုရင် လုပ်လိုက်ပါ။”

အောက်တုန်းက မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး ဖမ်းဆီးခံထားရသောကြောင့် မလှုပ်ရှားနိုင်ချေ။ တာယင် ဧကရာဇ်နှင့် ယွင်ကျုံးဟဲ့တို့ နှစ်ဦးက ထက်မြက်သော ဓားကိုကိုင်ကာ အောက်တုန်း၏ ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ ထိုးဖောက်လိုက်ပြန်၏။

ထိုဓားချက်ကြောင့် အောက်တုန်း သွေးအန်ကာ ခန္ဓာကိုယ် အဆက်မပြတ် တုန်ယင်ပြီးနောက် ဖြည်းညင်းစွာ လဲကျသွားသည်။

“အပြင်ကို ကြည့်လိုက်စမ်း။” တာယင်ဧကရာဇ်က အပြင်ဘက်ကို လက်ညှိုးထိုး ပြလိုက်၏။

ရဲတိုက်အပြင်ဘက် မြေပြင်ပေါ်တွင် လူရာပေါင်းများစွာ ညီညာစွာ ဒူးထောက်နေကြပြီး အားလုံးက အောက်တုန်းနှင့် အောက်မင်၏ မိသားစုဝင်များ ဖြစ်ကြသည်။

“သတ်မလား။” တာယင်ဧကရာဇ်က မေးလိုက်၏။

ယွင်ကျုံးဟဲ့ ခဏ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ရွှပ်”

ဓားသမားများက ပြင်းထန်စွာ ခုတ်ချလိုက်ကြသည်။ ချက်ချင်းဆိုသလိုပဲ အောက်တုန်းနှင့် အောက်မင်တို့၏ မိသားစုဝင် ရာနှင့်ချီ ခေါင်းဖြတ်ခံလိုက်ရပြီး သွေးများ ပန်းထွက်ကာ မြေပြင်ပေါ်သို့ လိမ့်ကျသွားကြ၏။

ထိုသို့ဖြင့် အောက်တုန်းနှင့် အောက်မင်တို့၏ မျိုးနွယ်တစ်ခုလုံး ပျက်သုဉ်းသွားတော့သည်။

ထိုလူများကို သတ်ဖြတ်ပြီးနောက် တာယင်အင်ပါယာဧကရာဇ်က ယွင်ကျုံးဟဲ့ကို ကြည့်ကာ စကားလုံး တစ်လုံးချင်း မေးလိုက်၏။ “ယွင်ကျုံးဟဲ့… ခင်ဗျား ဧကရာဇ် လုပ်ချင်လား။ ဘာမှ စိတ်ဖိစီးနေစရာ မလိုဘူး။ ပွင့်ပွင့်လင်းလင်းသာ ပြောပါ။”

ယွင်ကျုံးဟဲ့ အတန်ကြာ စဉ်းစားပြီးနောက် ခေါင်းခါယမ်းလိုက်သည်။ “ကျုပ် မဖြစ်ချင်ပါဘူး။”

တာယင်ဧကရာဇ်က မေးလိုက်၏။ “ဒီလောကကြီးမှာ ခင်ဗျားအတွက် အရေးအကြီးဆုံးလူတွေက ဘယ်သူတွေလဲ။”

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ကျုပ်ရဲ့ဇနီး၊ ကျုပ်ရဲ့ သားသမီးတွေနဲ့ မိဘတွေပါ။”

တာယင်ဧကရာဇ်က ခေါင်းညိတ်ပြ၏။ “ခင်ဗျားရဲ့စကားတွေက ရိုးသားတယ်။ ဒါပေမဲ့ ဒီလောကကြီးက အလွန်ကို အဓိပ္ပာယ်မဲ့တယ်။ ဧကရာဇ်ဖြစ်ချင်သူတွေက ဖြစ်ခွင့်မရဘဲ မဖြစ်ချင်တဲ့သူတွေက ဖြစ်လာတတ်ကြတယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒီလိုမျိုး မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။”

တာယင်ဧကရာဇ်က မေးလိုက်၏။ “ယွင်ကျုံးဟဲ့... ခင်ဗျား လေခွင်းမြို့မှာ သူလျှိုလုပ်ခဲ့လို့ တာယင်က ပိုင်ရှင်မဲ့နယ်မြေတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်။ တာ့ကျိုးအင်ပါယာမှာ သူလျှိုလုပ်ခဲ့လို့ တာ့ကျိုး တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်။ ဒါဆိုရင် ခင်ဗျား ဆက်ပြီး သူလျှိုလုပ်ချင်သေးလား။ သူလျှိုဘဝရဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အင်ပါယာတစ်ခုမှာ သူလျှိုလုပ်ပြီး ဧကရာဇ်ဖြစ်လာဖို့အထိပေါ့။”

ထိုစကားကြောင့် ယွင်ကျုံးဟဲ့၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။

တာယင်ဧကရာဇ်က ဆက်မေးလိုက်၏။ “ခင်ဗျားက တာရှအင်ပါယာ ဧကရာဇ်ရဲ့ မြေးအရင်းဖြစ်ပြီး တာ့ယန်မင်းဆက်ရဲ့ အသန့်စင်ဆုံး သွေးကြော ပါဝင်နေတယ်။ အကယ်၍ ခင်ဗျားကို တာရှအင်ပါယာမှာ သူလျှိုလုပ်ဖို့ စေလွှတ်လိုက်ရင် အိမ်ရှေ့စံနေရာနဲ့ ဧကရာဇ်နေရာကို ယှဉ်ပြိုင်နိုင်မယ်လို့ ထင်သလား။”

ယွင်ကျုံးဟဲ့၏ ဦးရေပြားများ ထုံကျင်သွားသည်။ ထိုအရာက လောကတွင် အဓိပ္ပာယ်အမဲ့ဆုံး အစီအစဉ်ပင် ဖြစ်ပေလိမ့်မည်။

လောကမြေတွင် အတော်ဆုံးသူလျှိုဆိုသူများပင် ရန်သူ့နိုင်ငံ၏ ကာကွယ်ရေး ဒုဝန်ကြီးအဆင့်လောက်သာ လုပ်နိုင်ခဲ့ကြသည်။ ယခုသူသည် တာ့ကျိုးအင်ပါယာ၏ အောက်နိုင်ငံတော်မြို့စားအဖြစ် အမြင့်ဆုံး ရောက်ရှိနေပြီ ဖြစ်၏။

ယခုတွင်မူ ထိုသူက သူ့ကို သူလျှိုထပ်လုပ်ကာ ရန်သူ့နိုင်ငံ၏ ဧကရာဇ်အဖြစ် နေခိုင်းနေသည်။ ဤအရာက ရယ်စရာကောင်းလွန်းလှသည် မဟုတ်ပါလား။

အပိုင်း (၆၆၄)

ယွင်ကျုံးဟဲ့က မယုံကြည်နိုင်ဖြစ်နေသည့် အသံဖြင့် မေးလိုက်၏။ “ဘာဖြစ်လို့လဲ။”

တာယင်ဧကရာဇ်က ရှင်းပြလိုက်သည်။ “ပထမအကြောင်းရင်းက ကျုပ်တို့ တာယင်အင်ပါယာအနေနဲ့ အချိန် လိုအပ်တယ်။ တာ့ကျိုးကို အခုလေးတင် သိမ်းပိုက်ထားတာမို့ အချိတ်အဆက်မိဖို့ နှစ်အနည်းငယ် အချိန်ယူရမယ်။

ဒုတိယအကြောင်းရင်းက တာရှအင်ပါယာဟာ အင်အားဆုတ်ယုတ်နေတယ်ဆိုပေမဲ့ အင်အားအကြီးဆုံး နိုင်ငံအဖြစ် ရှိနေဆဲပဲ။ တာယင်က တာ့ကျိုးကိုသိမ်းလိုက်တာက တာရှနဲ့ တာရှီအင်ပါယာတို့ရဲ့ မနာလိုမှုကို ဖြစ်စေလိမ့်မယ်။ ထို့ကြောင့် အဲဒီအင်ပါယာနှစ်ခုက တာယင်ကို ပူးပေါင်းတိုက်ခိုက်ကြလိမ့်မယ်။ စပါးကြီးမြွေက ဆိတ်ကို မျိုချတာ ခင်ဗျား မြင်ဖူးသလား။”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။

တာယင်ဧကရာဇ်က ဆက်ပြောလိုက်သည်။ “ကျုပ်တို့ တာယင်အင်ပါယာက နိုင်ငံအကျယ်အဝန်း၊ လူဦးရေနဲ့ စစ်အင်အားမှာ တာ့ကျိုးနဲ့ သွားတူနေတယ်။ အခု တာ့ကျိုးကို သိမ်းလိုက်တာက စပါးကြီးမြွေတစ်ကောင်က ဆိတ်တစ်ကောင်ကို မျိုချလိုက်သလိုပဲ။ ဗိုက်က ပေါက်ကွဲထွက်မတတ် ကြီးမားနေတယ်။ ဒီလိုအချိန်မျိုးမှာ မြွေကြီးက မလှုပ်မယှက် ငြိမ်နေရုံကလွဲပြီး ဘာမှမလုပ်နိုင်ဘူး။ ဒီအချိန်က ကျုပ်တို့ တာယင်အင်ပါယာ အတွက် အန္တရာယ်အများဆုံး အချိန်ပဲ။”

ဧကရာဇ်၏ စကားများမှာ လွန်စွာယုတ္တိရှိလှ၏။

တာယင်ဧကရာဇ်က ပြောလိုက်သည်။ “တာရှီအင်ပါယာရဲ့ အာရုံက အနောက်ဘက်မှာပဲ ရှိတယ်။ အရှေ့ဘက်မှာ မဟုတ်ဘူး။ ဒါကြောင့် တာယင်ကို စစ်ပွဲဆင်နွှဲမယ်ဆိုရင် တာရှအင်ပါယာကပဲ အဓိက ဖြစ်လိမ့်မယ်။ အကယ်၍ ခင်ဗျားသာ တာရှအင်ပါယာမှာ သူလျှိုလုပ်ပြီး အိမ်ရှေ့စံဖြစ်လာမယ်ဆိုရင် နိုင်ငံတော်မူဝါဒတွေကို လွှမ်းမိုးနိုင်ပြီး ဒီစစ်ပွဲကို တားဆီးနိုင်လိမ့်မယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ပြီးရင်ရော ဘာဆက်ဖြစ်မလဲ။”

တာယင်ဧကရာဇ်က ဖြေလိုက်သည်။ “နောက်ပိုင်းကိစ္စတွေကို နောက်မှပြောကြတာပေါ့။ ကျုပ်တို့ တာယင်အင်ပါယာက ခင်ဗျား တာရှအင်ပါယာအိမ်ရှေ့စံ ဖြစ်လာဖို့အတွက် အစွမ်းကုန်ကူညီပေးမယ်။”

လွန်ခဲ့သော နှစ်သုံးဆယ်က တာရှအင်ပါယာအိမ်ရှေ့စံ၏ ပုန်ကန်မှုဖြစ်စဉ်ကို ယွင်ကျုံးဟဲ့ အလိုအလျောက် သတိရသွားသည်။ ထိုပုန်ကန်မှုကြောင့် တာရှအင်ပါယာ အင်အားချည့်နဲ့သွားပြီး တာ့ကျိုးနှင့် တာယင် အင်ပါယာအပေါ် လွှမ်းမိုးနိုင်စွမ်း ဆုံးရှုံးသွားခဲ့ရ၏။

ထိုသို့ဆိုလျှင် ထိုအိမ်ရှေ့စံပုန်ကန်မှု၏ နောက်ကွယ်တွင် တာယင်အင်ပါယာ၏ လက်မည်းကြီး ရှိနေခဲ့သည်လား။ တာယင်အင်ပါယာသည် တာရှ၏ ထိုထူးချွန်သော အိမ်ရှေ့စံကို နောက်ကွယ်မှ ထောက်ပံ့ပေးခဲ့ခြင်းမျိုး ဖြစ်နေမည်လား။

တာယင်ဧကရာဇ်က ဆက်ပြောလိုက်သည်။ “တာရှအင်ပါယာအိမ်ရှေ့စံ ဖြစ်လာပြီးနောက်၊ အထူးသဖြင့် ဧကရာဇ်အဖြစ် နန်းတက်ပြီးနောက် ခင်ဗျား ဘယ်လိုရပ်တည်ချက်မျိုး ထားရှိမလဲဆိုတာ ပြောရခက်တယ်။ အနာဂတ်မှာ စစ်ဖြစ်မလား၊ ငြိမ်းချမ်းရေးယူမလားဆိုတာက နောက်မှပဲ ကြည့်ကြတာပေါ့။”

ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် အဓိပ္ပာယ်မဲ့မှုများသာ ပြည့်နှက်နေဆဲဖြစ်၏။

“ခင်ဗျားက တာ့ယန်မင်းဆက်ရဲ့ သွေးကြောပါဝင်နေမှန်း ကျုပ် သိရက်နဲ့ ကျားကို တောင်ပေါ် ပြန်လွှတ်ပေးပြီး နဂါးကို ပင်လယ်ထဲ ပြန်လွှတ်ပေးသလို ဖြစ်နေတယ်လို့ တွေးနေတာ မဟုတ်လား။ အနာဂတ်မှာ ခင်ဗျား တာရှဧကရာဇ်ဖြစ်လာရင် ကျုပ်တို့တာယင်ကို ဖျက်ဆီးပြီး တစ်လောကလုံးကို တကယ် စည်းလုံးသွားနိုင်တယ်။”

ဧကရာဇ်က ကျောက်နံရံကို ညင်သာစွာပုတ်ကာ ပြောလိုက်သည်။ “ကျုပ် ပြောပြီးသားပါ။ အနာဂတ်ကိစ္စကို နောက်မှပဲ ကြည့်ကြတာပေါ့။ ပြီးတော့ ဒီလောကကြီး စည်းလုံးသွားမယ်ဆိုရင်တောင် အဲဒါက ကောင်းတဲ့ ကိစ္စကြီးတစ်ခုလို့ ကျုပ်ထင်တယ်။ အဆိုးရွားဆုံး စည်းလုံးမှုက အကောင်းဆုံး ဖြိုခွဲမှုထက်တော့ ပိုကောင်းမှာပဲ။”

ထိုစကားသည် အမှန်တရား ဖြစ်သည်။ ချင်းမင်းဆက် အားအနည်းဆုံး အချိန်တွင်ပင် နိုင်ငံတော် အင်အားသည် နှစ်ဆယ်ရာစု နှစ်ဆယ်ပြည့်လွန်နှစ်များက စစ်ဘုရင်များ စစ်ပွဲဆင်နွှဲနေချိန်ထက် အများကြီး ပိုအားကောင်းခဲ့သေး၏။

ချင်းမင်းဆက် အားအနည်းဆုံး အချိန်တွင်တောင် ငွေကြေး သန်းပေါင်းများစွာ အကုန်အကျခံ၍ အင်အားကြီး ရေတပ်ကို တည်ဆောက်နိုင်ခဲ့သေး၏။ သို့ပေမည့် နှစ်ဆယ်ပြည့်လွန်နှစ်များက စစ်ဘုရင်များသည် ငွေကြေးအနည်းငယ်နှင့်ပင် နိုင်ငံတော်ကို အရှက်ရစေသော စာချုပ်များတွင် လက်မှတ်ရေးထိုးရန် လာဘ်စား ခဲ့ကြသည်။

တာယင် ဧကရာဇ်က ဆက်ပြော၏။ “ကျုပ် ခင်ဗျားကို ယင်းမျိုးရိုးနာမည် ပေးခဲ့တာက ခင်ဗျားကို ကျုပ်တို့အပေါ် သံယောဇဉ် နည်းနည်းလေးဖြစ်ဖြစ် ရှိနေစေချင်လို့ပဲ။ တာယင်အင်ပါယာကို ခင်ဗျားရဲ့ အခြား အိမ်တစ်လုံးအဖြစ် မှတ်ယူစေချင်တယ်။ ဒါမှ အနာဂတ်မှာ ခင်ဗျား တာရှ ဧကရာဇ် ဖြစ်လာရင်တောင် သံယောဇဉ် နည်းနည်း ရှိနေမှာပေါ့။”

“အရှင်မင်းမြတ်... ကျုပ်က တာ့ယန် မင်းဆက်ရဲ့ အမွေဆက်ခံသူ။ တာရှ ဧကရာဇ်ရဲ့မြေး ဆိုတာ အရှင်မင်းမြတ် ပြောနေလို့သာပါ။ တာရှအင်ပါယာက အသိအမှတ်ပြုချင်မှ ပြုမှာပါ။ သူတို့က ဘာကို အခြေခံပြီး ကျုပ်ကို အိမ်ရှေ့စံ အဖြစ် လက်ခံမှာလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။

တာယင်ဧကရာဇ်က ပြောလိုက်၏။ “အဲဒီအတွက် ကျုပ်တို့ ပူးပေါင်းကြိုးစားဖို့ လိုအပ်တယ်။ အမှန်တရားက အချိန်တော်တော်များများမှာ အသုံးမဝင်ပေမဲ့ အမှန်တရားဟာ အစွမ်းအထက်ဆုံး လက်နက်တစ်ခုလည်း ဖြစ်တယ်။ ဘာလို့လဲဆိုတော့ အမှန်တရားကို လိမ်ညာလို့ မရလို့ပဲ။”

ယွင်ကျုံးဟဲ့ တိတ်ဆိတ်သွားသည်။

တာယင် ဧကရာဇ်က ဆက်ပြောလိုက်၏။ “ဒီသူလျှို တာဝန်က တစ်ခုတည်းပါ။ တာရှအင်ပါယာက ကျုပ်တို့ကို စစ်မတိုက်လာအောင် တားဆီးဖို့နဲ့ ကျုပ်တို့ တာ့ကျိုးကို အပြည့်အဝ သိမ်းပိုက်နိုင်ဖို့ အချိန်အလုံအလောက် ရအောင် လုပ်ပေးဖို့ပဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အရှင်မင်းမြတ်... ဒါက အမိန့်လား။”

တာယင်ဧကရာဇ်က ပြန်မေးလိုက်၏။ “ခင်ဗျား သဘောတူလား။”

ယွင်ကျုံးဟဲ့က ခေါင်းခါယမ်းလိုက်သည်။ “ကျုပ် သဘောမတူဘူး။”

“ဘာဖြစ်လို့လဲ။”

“စိတ်ပင်ပန်းလို့ပါ။ ကျုပ် သူလျှို ဆက်မလုပ်ချင်တော့ဘူး။”

“ဒါဆို မင်း ဘာလုပ်ချင်လဲ။”

“ခြေဦးတည့်ရာ သွားချင်တယ်။”

တာယင် ဧကရာဇ်က ဖြည်းညင်းစွာ ပြောလိုက်၏။ “ယွင်ကျုံးဟဲ့... အောက်မင်က ခင်ဗျားကို အမြစ်ပြတ် သုတ်သင်ဖို့ ပြောတယ်။ ခင်ဗျားကို သတ်လိုက်မှ နောက်ကြောင်းအေးမယ်တဲ့။ ဒါပေမဲ့ ကျုပ်က အဲဒီလောက် ဉာဏ်တိမ်ပြီး အသုံးမကျတဲ့သူလို့ ခင်ဗျား ထင်နေလား။ ဒဏ္ဍာရီတစ်ခုကြောင့်နဲ့ ကျုပ် ကြောက်လန့်သွားမယ် ထင်နေလား။ ကျုပ် ပုံပြင်လေး တစ်ပုဒ်ကို သတိရသွားတယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ် နားထောင်နေပါတယ်။”

တာယင်ဧကရာဇ်က ဆက်ပြောလိုက်၏။ “သူဌေးကြီး တစ်ယောက်မှာ ချစ်စရာကောင်းတဲ့ သားလေး တစ်ယောက် ရှိတယ်။ တစ်နေ့တော့ ဗေဒင်ဆရာ တစ်ယောက် ရောက်လာပြီး။ နောက်အနှစ် နှစ်ဆယ်ကျရင် အဲဒီကလေးက ခင်ဗျားကို ပြန်သတ်လိမ့်မယ်လို့ ဟောသွားတယ်။

ဒါနဲ့ သူဌေးကြီးလည်း ရင်နာနာနဲ့ မွေးကင်းစ ကလေးကို စွန့်ပစ်လိုက်တယ်။ အဲဒီကလေးကို ဓားပြ တစ်ယောက်က ကောက်ယူ မွေးစားခဲ့ပြီး အရွယ်ရောက်လာတော့ ဓားပြ ဖြစ်လာတယ်။ အနှစ် နှစ်ဆယ် ကြာတော့ အဲဒီကလေးက ဓားပြခေါင်းဆောင် ဖြစ်လာပြီး ဓားပြတွေကို ဦးဆောင်ကာ သူဌေးကြီးရဲ့ အိမ်ကို ဝင်လုယက်ရင်း သူဌေးကြီးကိုပါ သတ်ပစ်လိုက်တယ်။”

ဤပုံပြင်သည် အမှန်တကယ်ပင် အလွန် ဝမ်းနည်းဖွယ် ကောင်းလှသည်။

တာယင် ဧကရာဇ်က မေးလိုက်၏။ “အဲဒီ ဗေဒင်ဆရာ ဟောတာမှန်တယ်လို့ ခင်ဗျား ထင်လား။ ဒါမှမဟုတ် မှားတယ်လို့ ထင်လား။”

မှန်ပေသည်။ ဗေဒင်ဆရာ ဟောသည်က မှန်သည်လား။ အကယ်၍ သူသာ ဟောကိန်း မထုတ်ခဲ့လျှင် သူဌေးကြီးလည်း သားကို စွန့်ပစ်မည် မဟုတ်ဘဲ အနှစ် နှစ်ဆယ်အကြာတွင် အဖြစ်ဆိုးကြီးလည်း ပေါ်ပေါက်လာမည် မဟုတ်ချေ။

တာယင် ဧကရာဇ်က ဆက်ပြောသည်။ “အခု အောက်မင် ဒါမှမဟုတ် ထျန်းကျိုး ဧကရာဇ်က အဲဒီ ဗေဒင်ဆရာပဲ။ ခင်ဗျားက တာ့ယန် မင်းဆက်ရဲ့ ရွှေရောင် သွေးကြော ပါဝင်နေလို့ အနာဂတ်မှာ ကျုပ်တို့ တာယင်အင်ပါယာကို ဖျက်ဆီးမယ့် အန္တရာယ်ကောင် ဖြစ်လာမယ်လို့ သူတို့က ပြောကြတယ်။ ဒါကြောင့် ကျုပ်က နောက်ကြောင်းအေးအောင် ခင်ဗျားကို သတ်လိုက်မယ် ဆိုရင် ကျုပ်နဲ့ အဲဒီ သူဌေးကြီးနဲ့ ဘာကွာတော့မလဲ။”

ဧကရာဇ်က ညင်သာစွာ သက်ပြင်းချလိုက်၏။ “ရှောင်ဟဲ့... ဒီလောကကြီးမှာ အကြောင်းအကျိုး ဆက်စပ်မှုဆိုတာ အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲတဲ့ အရာတစ်ခုပဲ။ အကြောင်းတရားက အကျိုးတရားကို သတ်မှတ်ပေမဲ့ တစ်ခါတရံမှာ အကြောင်းနဲ့ အကျိုးက အပြန်အလှန် ပြောင်းလဲ သွားတတ်တယ်။

ခင်ဗျားက ဧကရာဇ် မဖြစ်ချင်ဘူး။ ခင်ဗျားမှာ ရည်မှန်းချက် ကြီးကြီးမားမား မရှိဘူး။ ပြီးတော့ ခင်ဗျားက မိသားစုကို ချစ်မြတ်နိုးပြီး သံယောဇဉ် ကြီးတယ်။ အကယ်၍ ကျုပ်က ခင်ဗျားရဲ့ သံယောဇဉ်ကို မထိခိုက်စေဘူး ဆိုရင် တစ်နေ့နေ့မှာ ခင်ဗျား ကျုပ်ကို ဒုက္ခပေးမယ် ဆိုတာကို သေတောင် ကျုပ် မယုံဘူး။

ဒါပေမဲ့ အကယ်၍ ဒီနေ့ ကျုပ် ခင်ဗျားကို တကယ် ဒုက္ခပေးမယ်၊ တကယ် သတ်မယ် ဆိုရင်၊ ဒါပေမဲ့ မသတ်ဖြစ်ခဲ့ဘူး ဆိုရင်တော့ အနာဂတ်မှာ တကယ့် အဖြစ်ဆိုးကြီးပေါ်ပေါက်လာနိုင်တယ်။ ခင်ဗျားက ကျုပ်တို့ တာယင်အင်ပါယာကို ဖျက်ဆီးမယ့်သူ တကယ် ဖြစ်လာလိမ့်မယ်။”

တာယင် ဧကရာဇ်က ပြောလိုက်၏။ “ကံကြမ္မာ ဆိုတာ မရေမတွက်နိုင်တဲ့ အကြောင်းအကျိုးတွေနဲ့ ဖွဲ့စည်းထားတာပဲ။ ဒီနေ့ ကျုပ် အဆိုးမျိုးစေ့ မချခဲ့ရင် အနာဂတ်မှာ အဆိုးသီး သီးလာမယ်လို့ ကျုပ် မယုံဘူး။

ယွင်ကျုံးဟဲ့... ကျုပ် ခင်ဗျားကို မသတ်ဘူး။ ခင်ဗျားက တာ့ယန် မင်းဆက်ရဲ့ အမွေခံ ဖြစ်နေလို့၊ ဒါမှမဟုတ် ခင်ဗျားက တာယင်အင်ပါယာကို ဖျက်ဆီးမယ် ဆိုတဲ့ ဒဏ္ဍာရီ ရှိနေလို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ခင်ဗျားကို ဘယ်တော့မှ မသတ်ဘူး။ အကယ်၍ အဲဒီလို လုပ်ခဲ့ရင် ကျုပ်က ခေတ်တစ်ခေတ်ရဲ့ မဟာခေါင်းဆောင် ဖြစ်ဖို့ မထိုက်တန်တော့ဘူး။”

ထို့နောက် တာယင် ဧကရာဇ်က ယွင်ကျုံးဟဲ့ထံသို့ လက်ကမ်းပေးလိုက်သည်။

ယွင်ကျုံးဟဲ့လည်း လက်ကမ်းကာ တာယင် ဧကရာဇ်နှင့် လက်ဆွဲနှုတ်ဆက်လိုက်၏။

တာယင် ဧကရာဇ်က ပြောလိုက်သည်။ “ကုန်းဆွန်းယန်က ခင်ဗျားကို သတ်ဖို့ အမြဲ ပြောနေတယ်။ ဒါကို ခင်ဗျား ခွင့်လွှတ်ပေးရမယ်။ ဘာလို့လဲဆိုတော့ သူက ကျုပ်နဲ့ တာယင်အင်ပါယာ အပေါ် အပြည့်အဝ သစ္စာရှိလို့ပဲ။ သူ့ရဲ့ တွေးခေါ်ပုံက အန္တရာယ်ရှိလာနိုင်တဲ့ မည်သည့်အရာကိုမဆို အမြစ်ပြတ် ရှင်းလင်းပစ်ဖို့ပဲ။ သူ့ရဲ့ အတွေးအခေါ်က မှားတယ်၊ မှန်တယ်လို့ ကျုပ် မပြောနိုင်ပေမယ့် လူတိုင်းသာ အဲဒီလို တွေးနေမယ် ဆိုရင် ဒီလောကကြီးဟာ မြက်တစ်ပင်မှ မပေါက်တဲ့ သဲကန္တာရီကြီး ဖြစ်သွားလိမ့်မယ်။”

ယွင်ကျုံးဟဲ့က အက်ကွဲသောအသံဖြင့် ပြောလိုက်၏။ “ကျုပ် အဲဒီလို မတွေးရဲပါဘူး။”

တာယင် ဧကရာဇ်က ဆက်ပြောသည်။ “တာရှအင်ပါယာမှာ သူလျှိုလုပ်ပြီး ဧကရာဇ် နေရာ လုဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ကျုပ် ခင်ဗျားကို ဖိအားမပေးဘူး။ ခင်ဗျားရဲ့ ဆန္ဒအတိုင်းပါပဲ။ ခင်ဗျား စဉ်းစားဖို့ အချိန် အများကြီး ရှိတယ်။”

ယွင်ကျုံးဟဲ့က ဦးညွှတ်လိုက်၏။ “အရှင်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်။”

ထို့နောက် ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အရှင်မင်းမြတ်... ကျုပ်ရဲ့ မိသားစုရော”

“အောက်ရှင်းတို့ မိသားစုကို ခေါ်လာခဲ့ပါပြီ။ တာယင် မြို့တော် အပြင်ဘက်မှာ ခင်ဗျားအတွက် ခြံဝင်းအကြီးကြီး တစ်ခု ဆောက်ပေးထားတယ်။ မြို့ထဲမှာလည်း စံအိမ်ကြီး တစ်ခု ရှိတယ်။ ရွှီအန်းထင်နဲ့ ကလေးတွေ အဲဒီမှာ နေနေကြပြီ။

ခင်ဗျားအဖေ အောက်ရှင်းတို့ မိသားစုက ခင်ဗျားထက်တောင် အိမ်ကို စောစော ရောက်သွားလောက်တယ်။ ဒါပေမဲ့ မင်းသမီး ရှန်းရှန်းကတော့ ခင်ဗျားသိတဲ့အတိုင်းပဲ။ သူက ကိုယ့်ကိုယ်ကိုယ် အခန်းအောင်းနေပြီး ဘယ်သူ့ကိုမှ အတွေ့မခံဘူး။ ပြီးတော့ ကျင်းကျုံးယွဲ့နဲ့ သူ့ကလေး နှစ်ယောက်။ အဲဒီမိန်းမကို ကျုပ်တို့ ထိန်းလို့ မရဘူး။ ခေါ်လို့လည်း မရဘူး။”

တာယင် ဧကရာဇ်က ပြောလိုက်၏။ “တာယင် မြို့တော်ကို ခေါ်လာဖို့ လူအများကြီး လွှတ်ခဲ့ပေမယ့် သူက ငြင်းဆန်ခဲ့တယ်။ သူက ခြေဦးတည့်ရာ ဆက်သွားမယ်တဲ့။”

တာယင်ဧကရာဇ်က သက်ပြင်းချကာ ပြောလိုက်သည်။ “ကဲ... ဒီနေ့ ကျုပ်တို့ ပြောစရာရှိတာတွေ အကုန် ပြောပြီးသွားပြီ။ ပြောသင့်တာရော မပြောသင့်တာပါ အကုန် ပြောပြီးပြီ။ နောက်ကိစ္စတွေကို အိမ်ပြန်ရောက်မှပဲ ဆက်ပြောကြတာပေါ့။ ကျုပ် ထပ်ပြောချင်တာက တာယင် မြို့တော်က ခင်ဗျားကို နွေးထွေးတဲ့ အိမ်တစ်လုံးလို ခံစားရစေဖို့ မျှော်လင့်တယ်။”

ထိုညတွင် ယွင်ကျုံးဟဲ့သည် တာယင် ဧကရာဇ်နှင့်အတူ လေခွင်းမြို့တွင် တည်းခိုခဲ့သည်။ နေ့စဉ် ဧကရာဇ်နှင့်အတူ စစ်တုရင် ကစားရင်း စကားပြောကြကာ တစ်ခါတရံ ဧကရာဇ်နှင့်အတူ အမဲလိုက် ထွက်ကြ၏။

တာ့ကျိုးဘက်မှ သတင်းကောင်းများ ဆက်တိုက် ရောက်ရှိလာ၏။ အနောက်ကျိုး ဧကရာဇ်ဟု ဆိုသော ကျိုးလင်သည် အပြတ်အသတ် ရှုံးနိမ့်သွားပြီး တာရှီအင်ပါယာသို့ ထွက်ပြေးသွား၏။ ယင်ချွဲ့၏ တပ်ဖွဲ့များက အနောက်ဘက် နယ်စပ်တစ်ခုလုံးကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် တောင်ပိုင်း ဌာနချုပ်က စစ်သည် လေးသိန်း စုရုံးကာ တောင်ပိုင်း နယ်စပ်ကို တိုက်ခိုက်တော့မှာ ဖြစ်သည်။ တောင်ပိုင်း နယ်စပ်ကို သိမ်းပိုက်နိုင်ပါက တာ့ကျိုး တစ်ခုလုံးကို အပြည့်အဝ သိမ်းပိုက်နိုင်ပြီ ဖြစ်သည်။ သိမ်းပိုက်ရုံဖြင့် မပြီးသေးဘဲ အရေးအကြီးဆုံးမှာ အချိတ်အဆက် မိစေရန် ဖြစ်၏။

ထိုကာလအတွင်း ယွင်ကျုံးဟဲ့သည် လေခွင်းမြို့ရှိ တာယင် ဧကရာဇ်နှင့်အတူ နေထိုင်ရင်း တောင်ဘက်သို့ ဆင်းသွားသော တပ်ဖွဲ့ အမြောက်အများကို တွေ့မြင်ခဲ့ရသည်။

အရာရှိ အများအပြားလည်း တောင်ဘက်သို့ ဆင်းသွားကြ၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အရှင်မင်းမြတ်... ဒီလောက်များတဲ့ စစ်တပ်တွေကို တာ့ကျိုးဆီ လွှတ်နေတာလား။”

တာယင်ဧကရာဇ်က ပြောလိုက်၏။ “ဟုတ်တယ်။ မူလက လေးသိန်းပဲ။ အခု နောက်ထပ် သုံးသိန်း ထပ်တိုးရမယ်။ တာ့ကျိုး နယ်မြေထဲမှာ အနည်းဆုံး စစ်တပ် ခုနစ်သိန်းလောက် ရှိရမယ်။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ဒါပေမဲ့ အခု ကြည့်ရသလောက် တာ့ကျိုးအင်ပါယာရဲ့ ခုခံလိုစိတ်က သိပ်မပြင်းထန်ဘူး။ ခုခံမယ့်ပုံတောင် မပေါ်ဘူး။”

တာယင်ဧကရာဇ်က ရှင်းပြလိုက်၏။ “အဲဒါက အခုလောလောဆယ်ပါ။ တကယ်လို့ တာရှအင်ပါယာနဲ့ တာရှီအင်ပါယာတို့က တာယင်ကို စစ်လာတိုက်ရင် တာ့ကျိုးအင်ပါယာက လက်နက်ချထားတဲ့ တပ်တွေနဲ့ အရာရှိတွေ အချိန်မရွေး ပြန်ပုန်ကန်နိုင်တယ်။

အဲဒီအချိန်ကျရင် တာ့ကျိုး တစ်ခုလုံးမှာ စစ်မီးတွေ တောက်လောင်ပြီး လူတိုင်းက ဘုရင် လုပ်ချင်ကြ လိမ့်မယ်။ ကျုပ်တို့ တာယင်မှာ လက်ခြောက်ဖက် ခေါင်းသုံးလုံး ရှိနေရင်တောင် ခံနိုင်မှာ မဟုတ်ဘူး။”

......................

All Chapters