← Chapters

အခန်း (၆၆၅-၆၆၆)

Vol. 56 Ch. 665-666

အခန်း (၆၆၅-၆၆၆)

Vol. 56 Ch. 665-666

အပိုင်း (၆၆၅)

ရုတ်တရက် တစ်နေ့တွင် ဧကရာဇ်က ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... ကျုပ်တို့ ဧည့်သည်တော် တစ်ယောက်ကို သွားတွေ့ရအောင်။”

ယွင်ကျုံးဟဲ့လည်း အမြန် အဝတ်အစား လဲလှယ်ပြီး ဧကရာဇ်နောက်မှ လိုက်ပါသွားကာ ထိုဧည့်သည်တော်ကို သွားရောက် ကြိုဆိုလိုက်၏။

ထိုသူသည် ဆံပင်နှင့် မုတ်ဆိတ်များ ဖြူဖွေးနေပြီး နတ်မင်း တစ်ပါးကဲ့သို့ ခန့်ညားလှကာ အနည်းငယ် ဝဖြိုးသော သက်ကြီးရွယ်အို တစ်ဦး ဖြစ်၏။ ထို့အပြင် လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်ပုံ ရကာ ဝတ်ရုံရှည်ကလည်း အနည်းငယ် ဖရိုဖရဲ ဖြစ်နေသည်။

“ဆရာကြီး” တာယင် ဧကရာဇ်ကိုယ်တိုင် လှေကားပေါ်မှ ဆင်းကာ ကြိုဆိုလိုက်၏။

ထိုသူ မည်သူဖြစ်ကြောင်း ယွင်ကျုံးဟဲ့ သိလိုက်၏။ ဤလောကတွင် စာပေပညာရပ်၏ အမြင့်ဆုံးသို့ ရောက်ရှိ နေသော လီထိုက်အာ၊ အရှေ့တိုင်း စာပေလောက၏ အထွတ်အထိပ် ပညာရှင်ကြီး ဖြစ်သည်။

သူ့တွင် အခြား ရာထူးတစ်ခုလည်း ရှိသေး၏။ ယခင် တာရှအင်ပါယာ အိမ်ရှေ့စံ၏ ဆရာ ဖြစ်ခဲ့ဖူးသည်။

တာရှ အိမ်ရှေ့စံ၏ ပုန်ကန်မှု ရှုံးနိမ့်သွားပြီးနောက် အခြားသော နောက်လိုက်များအားလုံး သတ်ဖြတ် ခံခဲ့ရသော်လည်း လီထိုက်အာ တစ်ဦးတည်းသာ နာမည်ကျော်ကြားလွန်းသောကြောင့် တာရှ ဧကရာဇ်က မသတ်ရဲဘဲ အနောက်ဘက် အစွန်အဖျား ဒေသသို့ နယ်နှင်ဒဏ် ပေးခဲ့ရ၏။

အလွန် အေးခဲသော အနောက်ဘက် အစွန်အဖျား ဒေသတွင် ဆယ်နှစ်တိတိ နေထိုင်ခဲ့ရပြီးနောက် တာရှ ဧကရာဇ်က လီထိုက်အာကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး ထိုအချိန်မှစ၍ သူသည် လောကအနှံ့ လှည့်လည် သွားလာကာ ထင်ရှားလှသော စာပေလက်ရာပေါင်းများစွာကို ရေးသားခဲ့သည်။

သူ၏ နာမည်ကျော်ကြားမှုမှာ ပိုမို ကြီးမားလာပြီး မည်သူမှ ယှဉ်နိုင်စွမ်း မရှိတော့ပေ။

ထို့ကြောင့် သူ မည်သည့်နေရာသို့ သွားသွား ဂုဏ်ထူးဆောင် ဧည့်သည်တော် အဖြစ် သတ်မှတ်ခံရပြီး တာ့ကျိုး ဧကရာဇ်ဖြစ်စေ၊ တာယင် ဧကရာဇ်ဖြစ်စေ သူ့ကို အလွန် ရိုသေလေးစားကြ၏။ တာရှီ ဧကရာဇ် ဆိုလျှင် လီထိုက်အာ ရှေ့တွင် မိမိကိုယ်ကိုယ် တပည့် တစ်ဦးအဖြစ်ပင် ခေါ်ဝေါ်လေ့ရှိသည်။

လီထိုက်အာက တာယင် ဧကရာဇ်ကို လက်သီးဆုပ် အရိုအသေပေးရုံသာ ပြုပြီးနောက် သူ၏ အကြည့်များက ယွင်ကျုံးဟဲ့ထံသို့ ရောက်ရှိသွား၏။ “ဒီလူက ကဗျာဉာဏ်ရည်မှာ ပြိုင်ဘက်ကင်းတဲ့ ယွင်ကျုံးဟဲ့ လား။ ဒါဆို ကျုပ်က ခင်ဗျားကို အောက်ယွီလို့ ခေါ်ရမလား။ ယွင်ကျုံးဟဲ့လို့ ခေါ်ရမလား။”

“ဆရာကြီး သဘောပါပဲ။ အဆင်ပြေသလို ခေါ်နိုင်ပါတယ်။” ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။

ဧကရာဇ်က ရယ်မောလိုက်၏။ “ကျုပ် ဆရာကြီး လီထိုက်အာကို တာယင်အင်ပါယာမှာ စာပေ ဟောပြော ပို့ချဖို့ အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့ဖူးတယ်။ ဆရာကြီးရဲ့ ဆုံးမစကားတွေကို နားထောင်ချင်လို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် အမြဲ ငြင်းဆန်ခံခဲ့ရတယ်။ ဒီတစ်ခါတော့ ယွင်ကျုံးဟဲ့ရဲ့ ကျေးဇူးကြောင့် ဆရာကြီးရဲ့ မျက်နှာကို ဖူးတွေ့ခွင့် ရတာပါ။ မဟုတ်ရင် ဆရာကြီးကို တွေ့ရမှာ မဟုတ်ဘူး။”

ထို့နောက် ဧကရာဇ်က ဆရာကြီး လီထိုက်အာကို ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

“ကျောက်တုံးမှတ်တမ်းရဲ့ အဆုံးသတ်ကရော...” ထိုင်ခုံတွင် ထိုင်လိုက်သည်နှင့် လီထိုက်အာက ချက်ချင်း မေးလိုက်၏။

“မရေးရသေးဘူး။” ယွင်ကျုံးဟဲ့က ဖြေသည်။

“ဘာလို့ မရေးသေးတာလဲ။”

“ရည်ရွယ်ချက် အထမြောက်သွားပြီဆိုတော့ ဆက်ရေးဖို့ ပျင်းသွားလို့ပါ။”

ထိုစကားကြောင့် လီထိုက်အာ ဒေါသထွက်သွားပြီး ချက်ချင်း အပြစ်တင်လိုက်၏။ “ခင်ဗျားလို စာပေပါရမီရှင် တစ်ယောက်က စာကောင်းကောင်း မရေးဘဲ နိုင်ငံရေး ကိစ္စတွေမှာ ဘာလို့ ဝင်ပါနေရတာလဲ။ သူလျှိုတောင် လုပ်သေးတယ်။ ဒါက ရတနာကို အလဟဿ ဖြုန်းတီးပစ်တာ မဟုတ်ဘူးလား။ တာယင် ဧကရာဇ်... ခင်ဗျားကလည်း လူငယ်တစ်ယောက်ရဲ့ အနာဂတ်ကို ဖျက်ဆီးနေတာပဲ။”

တာယင်ဧကရာဇ်က ဘေးမှနေ၍ ပြုံးကာ နားထောင်နေရသည်။

ဆရာကြီးသည် ယခုနှစ်တွင် အသက်ရှစ်ဆယ်ရှိပြီဖြစ်ကာ ဒေါသထွက်လွယ်သလို အမြန်လည်း ပြေလွယ် တတ်သည်။ ထို့နောက် ယွင်ကျုံးဟဲ့နှင့်အတူ ကဗျာလင်္ကာများအကြောင်း တက်ကြွစွာ ဆွေးနွေး ကြတော့သည်။

ကျောက်တုံးမှတ်တမ်း နှင့် အရှေ့ဆောင်မှတ်တမ်း တို့အကြောင်း ဆွေးနွေးကြရာ တာယင်ဧကရာဇ်မှာ ဝင်ပြောစရာစကားပင် မရှိတော့ပေ။ သို့ပေမည့် သူက ဂရုမစိုက်ဘဲ အရက်ငဲ့ပေးရုံသာ ပြုလုပ်နေခဲ့၏။

“အခု လောကရဲ့ အကြီးကျယ်ဆုံးစာအုပ်နှစ်အုပ်ဖြစ်တဲ့ ကျောက်တုံးမှတ်တမ်း နဲ့ အရှေ့ဆောင်မှတ်တမ်း က ခင်ဗျားရေးခဲ့တာပဲ။ နာမည်ကျော်ကြားမှုအရဆိုရင် အရှေ့ဆောင်မှတ်တမ်းက ပိုကျော်ကြားတယ်။ လူတိုင်းက အဲဒီစာအုပ်ကို လောကရဲ့ အကောင်းဆုံးစာအုပ်လို့ သတ်မှတ်ထားကြတယ်။” လီထိုက်အာက ပြောလိုက်သည်။

အရှေ့ဆောင်မှတ်တမ်းကို ယွင်ကျုံးဟဲ့သည် အောက်မင်နှင့် တွမ်ယင်းယင်းတို့ကို သိက္ခာချရန် ရေးသားခဲ့ခြင်းဖြစ်ပြီး၊ ၎င်းသည် အနောက်ဆောင်မှတ်တမ်း၏ အမှောင်ပုံစံဖြစ်၏။

ထိုစာအုပ်သည် လောက၏ ပထမဆုံးသော ထိတ်လန့်တုန်လှုပ်ဖွယ်ရာ လျှို့ဝှက်ဆန်းကြယ်ဝတ္ထုဖြစ်ပြီး ဇာတ်လမ်းအလှည့်အပြောင်း များစွာ ပါဝင်၏။ လူများစွာသည် သူ့ပရိသတ်များဖြစ်ကြပြီး ဧကရာဇ် ဝမ်ယွင်ပင်လျှင် အလွန်ချီးကျူးခဲ့ဖူးသည်။

လီထိုက်အာက ဆက်ပြော၏။ “ဒါပေမဲ့ အဲဒီလိုမှတ်ချက်ပေးတဲ့သူတွေက ပညာမတတ်တဲ့သူတွေချည်းပဲ။ အရှေ့ဆောင်မှတ်တမ်းက ကောင်းတယ်ဆိုပေမဲ့ လူတွေရဲ့ စိတ်ခံစားမှုကို လှုံ့ဆော်ပေးရုံသက်သက်ပဲ။ အနုပညာ အဆင့်အတန်းအရဆိုရင် ကျောက်တုံးမှတ်တမ်းကို အများကြီး အမီလိုက်နိုင်မှာ မဟုတ်ဘူး။”

နောက်ရက်အနည်းငယ်အတွင်းတွင် ဆရာကြီးလီထိုက်အာသည် လေခွင်းမြို့တွင်နေထိုင်ကာ အချိန်တိုင်း ယွင်ကျုံးဟဲ့၊ ဧကရာဇ်တို့နှင့်အတူ ရှေးဟောင်းနှင့် ခေတ်သစ်အကြောင်းအရာများကို ရေပက်မဝင်အောင် ဆွေးနွေးခဲ့ကြသည်။

ဧကရာဇ်သည် အချိန်အများစုတွင် ဘေးမှနားထောင်ရုံသာဖြစ်ပြီး ဝင်ပြောခွင့်ပင် မရခဲ့ချေ။

လီထိုက်အာ၏ စာပေစွမ်းရည်မှာ အမှန်တကယ်အံ့မခန်းဖြစ်ပြီး ထိပ်တန်းပါရမီရှင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ ဂန္ထဝင်ကဗျာစာသားများကို နှုတ်မှ အလွယ်တကူရွတ်ဆိုပြနိုင်ပြီး မည်သူ့ကိုမှ ရေးမှတ်ခွင့် မပြုခဲ့ပေ။

ယွင်ကျုံးဟဲ့၏ ဦးနှောက်ထဲတွင်လည်း ကဗျာလင်္ကာမြောက်မြားစွာကို မှတ်သားထားပြီး နှောင်းခေတ် အသိပညာများကြောင့် နက္ခတ္တဗေဒနှင့် ပထဝီဝင်အကြောင်းများကိုလည်း ကောင်းစွာသိရှိထားသောကြောင့် လီထိုက်အာနှင့် အဆင်ပြေပြေ ဆွေးနွေးနိုင်ခဲ့သည်။

သူတို့နှစ်ယောက်သည် စကားစပ်မိသည်နှင့် ကဗျာများ စပ်ဆိုပြိုင်ဆိုင်ကြ၏။ တစ်ခါတရံ လီထိုက်အာက ခေါင်းစဉ်တစ်ခုပေးကာ ကဗျာစပ်ခိုင်းတတ်သည်။ ယွင်ကျုံးဟဲ့လည်း ကဗျာများစွာရှိနေသောကြောင့် အလွယ်တကူပင် ကဗျာကောင်းများ စပ်ဆိုနိုင်ခဲ့၏။

သို့ပေမည့် သူ တရုတ်ရှေးဟောင်းပညာရှင်များထံမှ ကူးယူလာသော ကဗျာများမှာ တစ်ခါတရံ လီထိုက်အာ၏ ကိုယ်ပိုင်ဖန်တီးမှုများကို မယှဉ်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ အမှန်တကယ်ပင် အလွန်ထူးချွန်လွန်း လှသည်။

ဧကရာဇ်ကမူ အချိန်အများစုတွင် လက်ယမ်းကာ ပြောတတ်၏။ “တော်ပြီ၊ တော်ပြီ။ အရည်အချင်း မရှိတာကို ထုတ်ကြွားမယ့်အစား ဖုံးကွယ်ထားတာက ပိုကောင်းတယ်။ ကျုပ်က ခင်ဗျားတို့အတွက် ရေးမှတ်ပေးပါ့မယ်။ ဒါမှ ခင်ဗျားတို့ရဲ့ကဗျာတွေ နောင်လာနောက်သားတွေဆီ ရောက်သွားတဲ့အခါ ကျုပ်နာမည်လေးလည်း ပါသွားမှာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီကဗျာတွေကို ဧကရာဇ်ကိုယ်တိုင် ရေးမှတ်ထားတာလေ။”

ဆရာကြီးလီထိုက်အာနှင့် ယွင်ကျုံးဟဲ့တို့မှာ အမှန်တကယ်ပင် အချစ်ဆုံး သူငယ်ချင်းများကဲ့သို့ နေ့စဉ် စကားတွေဖောင်ဖွဲ့နေကြ၏။ တစ်ရက်လျှင် နှစ်ဆယ့်လေးနာရီပတ်လုံး လောကအကြောင်း ဆွေးနွေး နေကြခြင်းဖြစ်သည်။

ထို့အပြင် ယွင်ကျုံးဟဲ့က စာပေပိုင်းတွင် ပို၍ထူးချွန်လာလေ လီထိုက်အာက သူ့ကို ပို၍ဆူပူလေဖြစ်ကာ စာပေပါရမီရှင်ဖြစ်လျက်နှင့် နိုင်ငံရေးလောကထဲတွင် ဘာလုပ်နေသနည်းဟု အပြစ်တင်တတ်သည်။ သူက ယွင်ကျုံးဟဲ့ကို အရာရှိဆက်မလုပ်ရန်နှင့် သူနှင့်အတူ လောကအနှံ့လှည့်လည်သွားလာရန် တိုက်တွန်းနေ၏။

“ခင်ဗျား ပျင်းနေတယ်ဆိုရင် မိန်းမတစ်ယောက်၊ နှစ်ယောက်လောက် ခေါ်လာခဲ့ပေါ့။ ဟို နင်ချင်း ဆိုတာ ခင်ဗျားရဲ့ တရားမဝင်မိန်းမ မဟုတ်ဘူးလား။ သူ့ကို အနားမှာခေါ်ထားပြီး ခုတင်နွေးပေးခိုင်းသလို ခင်ဗျားကိုလည်း ပြုစုခိုင်းပေါ့။ ပြီးတော့ ခင်ဗျားအတွက် စာတွေလည်း ကူရေးပေးနိုင်တယ်။ နတ်ပြည်ရောက်နေသလို သက်တောင့်သက်သာ မရှိဘူးလား။” လီထိုက်အာက တတွတ်တွတ် ပြောနေတော့သည်။

တစ်နေ့တွင် ဧကရာဇ်၊ လီထိုက်အာနှင့် ယွင်ကျုံးဟဲ့တို့ သုံးယောက် အမဲလိုက်ထွက်ရင်း ပျော်ပွဲစား ထွက်ခဲ့ကြ၏။

ဆရာကြီးလီထိုက်အာက မြေအောင်းကြက်ကင်တစ်ကောင် လုပ်ရန်အတွက် တောကြက်တစ်ကောင်ကို ရွှံ့များဖြင့် ပတ်ကာ မီးပုံအောက်တွင် မြှုပ်ပြီးနောက် ရေကန်တစ်ခုသို့သွား၍ လက်ဆေးခဲ့သည်။

ရေပြင်ထက်ရှိ အရိပ်ကိုကြည့်ရင်း ဆီးနှင်းကဲ့သို့ဖြူဖွေးနေသော ဆံပင်များကို မြင်ချိန်မှာတော့ သူက လေးနက်စွာဖြင့် ကဗျာရွတ်ဆိုလိုက်၏။

“ရာသီသုံးဆယ်၊ အိုမင်းပိုင်လျက်

ဆံနွယ်ဖြူဖွေး၊ နှင်းပွင့်သွေးသို့

မုတ်ဆိတ်နှုတ်ခမ်း၊ ဆွတ်ဆွတ်လွှမ်းပြီ။

ရောဂါဖိစီး၊ ပိန်ချုံးမွဲ၍

နတ်ဆရာအို၊ ပုံပမာသို့

ယိုင်တိယိုင်တိုင်၊ ဤခန္ဓာ။

အရူးအိုကြီး၊ အသွင်ယူကာ

သီချင်းတွေဆို၊ ကဗျာတွေရွတ်

လွတ်လပ်ပျော်ရွှင်၊ နေ့တာကုန်၏။

ညဉ့်ယံရောက်သော်၊ နံ့သာတိုင်ထွန်း

မိုးသောက်ယံဝယ်၊ ကောင်းကင်စာဖတ်

နတ်ဘုံနတ်နန်း၊ ရည်မှန်းရွတ်ဆို။

ကျန်သောအချိန်၊ နွေဦးငွေ့ရည်

ဖမ်းစားသိမ်းပိုက်၊ ရစ်မူးမိုက်လျက်

ခြေဦးတည့်ရာ၊ လှည့်လည်မသွား

မူးယစ်ဝေဝါး၊ အိပ်မက်ကမ္ဘာ

အိပ်စက်ခြင်းနှင့်၊ မျောလွင့်လေတကား။”

“ကောင်းလိုက်တဲ့ ကဗျာပါလား။” ယွင်ကျုံးဟဲ့က ချီးကျူးလိုက်သည်။

“ကဗျာကောင်းပဲ။” တာယင်ဧကရာဇ်က လက်ခုပ်တီး၍ အားပေးလိုက်၏။

လီထိုက်အာက ဝိုင်းဖွဲ့နေသူတို့ကို ကြည့်ကာ ပြောလိုက်သည်။ “လာကြ၊ လာကြ။ ဒီနေ့တော့ ဆံပင်ဖြူတာကို အကြောင်းပြုပြီး ကဗျာတစ်ပုဒ်စီ စပ်ကြတာပေါ့။ တစ်ယောက်မှ မကျန်စေရဘူးနော်၊ အကုန်လုံး ပါရမယ်။ ယွင်ကျုံးဟဲ့... ခင်ဗျားပဲ အရင်စစပ်လိုက်တော့။”

ယွင်ကျုံးဟဲ့က ခဏမျှ စဉ်းစားဟန်ပြုပြီးနောက် ကြီးကျယ်ခမ်းနားသော လေသံဖြင့် စတင်ရွတ်ဆိုလိုက်၏။

“ပေသုံးထောင်မျှ၊ ရှည်လျားလှသည့်

ဖြူဆွတ်ဆံကေ၊ ဆံနွယ်ခွေသည်

ရင်တွင်းသောက၊ ပူဆွေးရသည့်

အတိုင်းအရှည်၊ ထိုမျှရှည်၏။

ရွှန်းလဲ့တောက်ပ၊ ကြေးမုံဝယ်လျှင်

ထင်ဟပ်ပေါ်လွင်၊ မြင်ရစဉ်ဝယ်

ဆောင်းဦးကာလ၊ ဆီးနှင်းစတို

ဘယ်အရပ်က၊ ရောက်လာသနည်း

မသိနိုင်အောင်၊ တွေဝေငေးမော နေမိလေ၏။”

လီပိုင်၏ ကဗျာများကို ကူးချခွင့် ရမှတော့ မကူးဘဲ နေစရာ အကြောင်း မရှိပေ။ သူ၏ ကဗျာများက ကောင်းကင်နှင့် မြေကြီးကိုပင် လွှမ်းမိုးနိုင်စွမ်း ရှိသည်။

ထိုကဗျာကို ကြားလိုက်ရချိန်မှာတော့ လီထိုက်အာနှင့် ဧကရာဇ်တို့ အံ့ဩမှင်တက်သွားကြသည်။ ထိုကဗျာက အလွန် ကောင်းမွန်လွန်းလှပြီး တကယ့် ပါရမီရှင် တစ်ဦး၏ လက်ရာ ဖြစ်၏။

“ကောင်းကင်ဘုံ...”

ဆရာကြီး လီထိုက်အာက ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... ခင်ဗျားလိုလူက နိုင်ငံရေး လောကထဲ ဝင်နေတာ တကယ့်ကို နှမြောစရာပဲ။ ဒီနေ့ကစပြီး သေသေချာချာ ကဗျာတွေ စာတွေပဲ ရေးပါတော့။ ဘာလို့ အရာရှိ သွားလုပ်နေရတာလဲ။”

ထို့နောက် လီထိုက်အာက တာယင် ဧကရာဇ်ဘက်သို့ လှည့်ကာ ပြောလိုက်၏။ “အရှင်မင်းမြတ်... အရှင့် အလှည့် ရောက်ပြီ။”

တာယင် ဧကရာဇ်က သက်ပြင်းချကာ ပြောလိုက်သည်။ “ကျုပ် တကယ်ပဲ ကဗျာ တစ်ပုဒ် ကြိုစဉ်းစား ထားတာပါ။ အဲဒါကလည်း အဆင့်အတန်း တစ်ခုတော့ ရှိတယ်။ ဒါပေမဲ့ အခု ယွင်ကျုံးဟဲ့ရဲ့ ကဗျာ ထွက်လာတော့ ကျုပ် မရွတ်တော့ဘူး။ ရွတ်လိုက်ရင် အရမ်း ရှက်စရာ ကောင်းနေလိမ့်မယ်။”

“နားလည်တယ် နားလည်တယ်။ သူ့ ကဗျာ ထွက်လာတော့ ဒီအဘိုးကြီးတောင် အနည်းဆုံး တစ်ဝက်လောက် ကဗျာ ဆက်မစပ်နိုင်တော့ဘူး။” လီထိုက်အာက ပြောလိုက်၏။

ထိုအချိန်တွင် မိန်းမစိုး တစ်ဦး အပြေးအလွှား ရောက်လာပြီး လျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ်... လျှို့ဝှက်သဝဏ်လွှာ ရောက်လာတယ်။ လီရှစ်ရာ အမြန်ပို့ဆောင်ရေးနဲ့ပါ။”

“ဆရာကြီး... ကျုပ် အရင် ပြန်နှင့်မယ်။” ဧကရာဇ်က ဘာမှ ထပ်မပြောဘဲ ချက်ချင်း မြင်းပေါ်တက်ကာ လေခွင်းမြို့သို့ ပြန်ရန် ပြင်လိုက်သည်။ ယွင်ကျုံးဟဲ့လည်း မြင်းပေါ်တက်ကာ ဧကရာဇ်နှင့်အတူ လိုက်ပြန်ရန် ပြင်လိုက်၏။

လီထိုက်အာက ပြောလိုက်သည်။ “ဒီမြေအောင်းကြက်ကင်က မကျက်သေးဘူး။ ကျုပ် အပင်ပန်းခံ လုပ်ထားတာ။ မစားရဘဲ မသွားရဘူး။”

ဧကရာဇ်က ပြောလိုက်၏။ “ကျုပ်က သာမန်လူ တစ်ယောက်ပါ။ ဖြေရှင်းလို့ မကုန်နိုင်တဲ့ နိုင်ငံရေး ကိစ္စတွေ ရှိနေတော့ စားရမယ့်ကံ မပါဘူးပေါ့။ ယွင်ကျုံးဟဲ့... ခင်ဗျားက ဆရာကြီးနဲ့ အတူ နေပြီး ဒီမြေအောင်းကြက်ကင်ကို ကုန်အောင် စားလိုက်ပါ။”

“အမိန့်တော်အတိုင်းပါ။” ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။

ဧကရာဇ်က မြင်းစီးကာ ထွက်ခွာသွား၏။

“ဆရာကြီးနဲ့ အမတ်ကြီး ယွင်ကျုံးဟဲ့ကို သေချာ ကာကွယ်ထားကြ။ ဒါပေမယ့် အရမ်း အနီးကပ် မနေကြနဲ့။ သူတို့ နှစ်ယောက်ရဲ့ ပျော်ရွှင်မှုကို မနှောင့်ယှက်နဲ့” ဧကရာဇ်က အမိန့်ပေးလိုက်သည်။

“အမိန့်တော်အတိုင်းပါ။”

ထို့နောက် ဧကရာဇ်သည် မြင်းကို အမြန် ဒုန်းစိုင်းစီးကာ လေခွင်းမြို့သို့ ပြန်သွားခဲ့၏။

ယွင်ကျုံးဟဲ့နှင့် ဆရာကြီး လီထိုက်အာတို့သည် ရေကန်ဘေးတွင် ဆက်လက် ထိုင်နေကြ၏။ ပတ်ဝန်းကျင် မီတာအနည်းငယ် အကွာတွင် သိုင်းပညာရှင် ရာပေါင်းများစွာက သူတို့ နှစ်ဦးကို လုံခြုံရေး ယူပေးထားကြသည်။

ထိုအချိန်တွင် ကောင်းကင်၌ မိုးကြိုးများ ထစ်ချုန်းလာပြီး မိုးပေါက်များ ကျဆင်းလာခဲ့၏။

ဆရာကြီး လီထိုက်အာက မီးပုံအောက်တွင် မြှုပ်ထားသော မြေအောင်းကြက်ကင်ကို အမြန် တူးဖော်လိုက်ပြီး ပြောလိုက်သည်။ “မြန်မြန်... ဂူထဲ သွားပြီး မိုးခိုရအောင်”

ထို့နောက် သူတို့ နှစ်ယောက်သည် ကျဉ်းမြောင်းသော ကျောက်ဂူငယ် တစ်ခုထဲသို့ ဝင်ရောက်ကာ အတွင်း၌ မီးပုံဖိုပြီး မြေအောင်းကြက်ကို ဆက်ကင်နေကြ၏။

ရုတ်တရက် ယွင်ကျုံးဟဲ့၏ နောက်ကျောမှ ကြက်သီးမွှေးညင်းများ ထသွား၏။ အကြောင်းမှာ ထိုကျောက်ဂူထဲတွင် လူရှိနေပြီး တစ်ယောက်တည်း မဟုတ်သောကြောင့်ပင်။

အပိုင်း (၆၆၆)

ယွင်ကျုံးဟဲ့၏ အကြည့်များက လျှပ်စီး လက်သကဲ့သို့ ဆရာကြီး လီထိုက်အာထံသို့ ရောက်ရှိသွားသည်။

ထိုအချိန်တွင် ဆရာကြီး လီထိုက်အာသည် ရယ်မော နောက်ပြောင်မှုများအားလုံးကို ရုပ်သိမ်းလိုက်ပြီး ဖရိုဖရဲ ဖြစ်နေမှုများကိုလည်း ပြင်ဆင်လိုက်ကာ ဆံပင်များကို သပ်ရပ်စွာ ဖြီးသင်လိုက်ပြီးနောက် ယွင်ကျုံးဟဲ့ ရှေ့၌ ဒူးထောက်ကာ အရိုအသေ ပေးလိုက်၏။

ရိုးရှင်းသော ဒူးထောက်ခြင်း မဟုတ်ဘဲ သုံးကြိမ် ဦးချပြီး ကိုးကြိမ် အရိုအသေပေးသော ယခင်က မရှိခဲ့ဖူးသည့် ကြီးမားသော အရိုအသေပေးမှု ဖြစ်သည်။

“ကျုပ် လီထိုက်အာ.... အိမ်ရှေ့စံ မင်းသားကို ဂါရဝပြုပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ”

ထိုအချိန်မှာပင် အမည်းရောင်ဝတ်စုံ ဝတ်ဆင်ထားသူ ဆယ်ဦးကျော် ထွက်ပေါ်လာပြီး ယွင်ကျုံးဟဲ့ကို ဝိုင်းရံကာ ဒူးထောက်လျက် ငိုကြွေးနေကြ၏။ “ကျုပ်တို့ အိမ်ရှေ့စံ မင်းသားကို ဂါရဝပြုပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ။”

ထို့နောက် လီထိုက်အာက သူ၏ နဖူးကို ယွင်ကျုံးဟဲ့၏ ဖိနပ်ပေါ်သို့ တင်ကာ ဖိနှိပ်ထားသော အသံဖြင့် အော်ဟစ် ငိုကြွေးလိုက်သည်။ “အိမ်ရှေ့စံ သခင်လေး.... ကျုပ် အရှင့်ကို လိုက်ရှာနေခဲ့တာ အနှစ် နှစ်ဆယ် တိတိ ရှိပါပြီ။ လောကအနှံ့ လှည့်လည်ခဲ့ပြီး ပင်လယ်ရပ်ခြား၊ ထျန်းရှန်းတောင်၊ မြောက်ဘက် အစွန်အဖျား၊ အနောက်ဘက် အစွန်အဖျား ဒေသတွေကို သွားခဲ့ပြီး ခရီးမိုင်ပေါင်း သိန်းချီ သွားခဲ့ရတာ အရှင့်ကို တွေ့ဖို့ပါပဲ။ အခု အိမ်ရှေ့စံကို တွေ့ရပြီဆိုတော့ ကျုပ် လူအိုကြီး သေရရင်တောင် မျက်စိ မှိတ်နိုင်ပါပြီ။”

ထို့နောက် လီထိုက်အာသည် မြေပြင်ပေါ်တွင် မှောက်လျက် ပြင်းထန်စွာ တုန်ယင် ငိုကြွေးနေပြီး မထနိုင်တော့ပေ။

သူ၏ ဘေးရှိ အမည်းရောင်ဝတ် လူဝတ်ဆင်ထားသူ ဆယ်ဦးကျော်ကလည်း ဖိနှိပ်ထားသော အသံများဖြင့် ငိုကြွေးနေကြ၏။

အတန်ကြာမှ လီထိုက်အာက ပြောလိုက်သည်။ “အိမ်ရှေ့စံ... ကျုပ် ခေါ်လာတဲ့ ဒီလူ ဆယ်ယောက်ကျော်က အရှင့် ခမည်းတော်ရဲ့ သစ္စာအရှိဆုံး သံမဏိ သက်တော်စောင့်တွေပါ။ သိုင်းပညာ အရမ်း ထူးချွန်ကြတယ်။ ကျုပ်တို့ အရှင့်ကို ဒီကနေ ခေါ်ထုတ်သွားပါ့မယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ထွက်ပြေးမယ် ဟုတ်လား။ ဘယ်ကို ထွက်ပြေးမှာလဲ။”

လီထိုက်အာက ဖြေလိုက်သည်။ “အရှင်က တာရှအင်ပါယာကို ပြန်ပြီး ဧကရာဇ် အရိုက်အရာကို ဆက်ခံရမှာပေါ့။ အရှင်က တာရှအင်ပါယာရဲ့ အစစ်မှန်ဆုံး အမွေဆက်ခံသူလေ။ အခု တာရှ ဧကရာဇ်က အပြင်းအထန် ဖျားနာနေပြီး အချိန်မရွေး ကံတော်ကုန်သွားနိုင်တယ်။ အိမ်ရှေ့စံ အနေနဲ့ တာရှကို အမြန်ဆုံး ပြန်ပြီး နန်းတက်ရမယ်။ နောက်ကျသွားရင် အချိန်မီမှာ မဟုတ်ဘူး။”

ယွင်ကျုံးဟဲ့က တုန်ယင်စွာဖြင့် မေးလိုက်၏။ “တာရှ ဧကရာဇ်က အပြင်းအထန် ဖျားနာနေတယ် ဟုတ်လား။”

လီထိုက်အာက ရှင်းပြလိုက်သည်။ “ရောဂါက ကျွမ်းနေပြီ။ အသက်ရှင်ဖို့ အချိန် သိပ်မကျန်တော့ဘူး။ သူ သတိမလည်ခင် အချိန်လေးမှာတောင် အရှင့် ခမည်းတော်ရဲ့ နာမည်ကို အဆက်မပြတ် ရေရွတ်နေခဲ့တယ်။ သူ နှုတ်က ထုတ်မပြောပေမယ့် စိတ်ထဲမှာတော့ အရမ်း နောင်တရနေတာ။ သူ မှားသွားမှန်း သူ သိတယ်။

အဲဒီတုန်းက အိမ်ရှေ့စံ မင်းသားက လုံးဝ ပုန်ကန်မှာ မဟုတ်ဘူး။ သူက တာယင်အင်ပါယာရဲ့ အကောက်ကြံမှုကို ခံလိုက်ရတာ။ ဧကရာဇ်အိုကြီးက အိမ်ရှေ့စံမှာ သားနှစ်ယောက် ရှိမှန်း သိတယ်။ သူ မင်းသား နှစ်ပါးကို အိပ်မက်ထဲမှာ ဘယ်နှစ်ခါလောက်တောင် မြင်မက်ခဲ့လဲ မသိဘူး။ နိုးလာရင်လည်း မျက်ရည်တွေ စီးကျနေတတ်တယ်။”

လီထိုက်အာက ငိုယိုရင်း ဆက်ပြောလိုက်၏။ “ဧကရာဇ်အိုကြီးက ကျုပ်ဆီ စာတွေ အကြိမ်ကြိမ် ပို့ပြီး အမှား ဝန်ခံနေတာပါ။ ကလေးနှစ်ယောက်ရဲ့ သတင်းအစအန ရပြီလားလို့လည်း ခဏခဏ မေးပါတယ်။ သူက အရှင့်ရဲ့ အဘိုးအရင်းလေ။ အခု သူက အရှင့်ကို အရမ်းလွမ်းဆွတ်နေပြီး အရှင့်ကို အရမ်းလိုအပ်နေပါပြီ။

အိမ်ရှေ့စံ... ကျုပ်တို့ ချက်ချင်း တာရှကို ပြန်ကြစို့။ ဧကရာဇ်အိုကြီး သတိရှိနေတုန်း ထီးနန်းကို အရှင့်ဆီ လွှဲပြောင်းပေးပါစေ။ အပြင်မှာ တာယင်ဧကရာဇ်ရဲ့ သိုင်းပညာရှင် ရာပေါင်းများစွာ ရှိနေပေမဲ့ ဒီသံမဏိ သက်တော်စောင့်တွေက တစ်ယောက်ကို ဆယ်ယောက်နှုန်းနဲ့ ရင်ဆိုင်နိုင်ပြီး အရှင့်ကို အသက်စွန့် ကာကွယ်ကာ ဖောက်ထွက်သွားပါလိမ့်မယ်။”

ထို့နောက် လီထိုက်အာက အမိန့်ပေးလိုက်သည်။ “သံမဏိသက်တော်စောင့်တို့... အိမ်ရှေ့စံကို ကာကွယ်ပြီး ဝိုင်းရံထားတာကို ဖောက်ထွက်ကာ တာရှကို ပြန်ကြစို့။”

“အမိန့်တော်အတိုင်းပါ။” သံမဏိသက်တော်စောင့် ဆယ်ဦးကျော်က တပြိုင်နက်တည်း အရိုအသေ ပေးလိုက်ကြ၏။

ထိုအချိန်တွင် မီတာထောင်ပေါင်းများစွာ ကွာဝေးသော တောင်ထိပ်တစ်ခုပေါ်၌…

တာယင်ဧကရာဇ်သည် သစ်တောအုပ်ထဲတွင် ရပ်လျက် အဝေးကြည့်မှန်ပြောင်းတစ်ခုဖြင့် ယွင်ကျုံးဟဲ့နှင့် လီထိုက်အာတို့ ရှိနေသော ကျောက်ဂူဆီသို့ အကဲခတ်နေသည်။

ဘေးရှိ ကုန်းဆွန်းယန်က ပြောလိုက်၏။ “အရှင်မင်းမြတ်.... လီထိုက်အာနဲ့ တာရှသံမဏိသက်တော်စောင့်တွေ ဒီကျောက်ဂူထဲမှာ ရှိနေပါတယ်။ သူတို့အားလုံးကို အချိန်မရွေး သုတ်သင်ရှင်းလင်းပစ်လို့ ရပါတယ်။”

တာယင်ဧကရာဇ်က တည်ငြိမ်စွာပင် ပြောလိုက်သည်။ “မလောပါနဲ့အုံး။ အခုက လီထိုက်အာနဲ့ ယွင်ကျုံးဟဲ့တို့ သခင်နဲ့ကျွန် တွေ့ဆုံနေတဲ့ အချိန်ပဲ။ သူတို့ကို သွားမနှောင့်ယှက်ပါနဲ့။ ဒီမြင်ကွင်းက အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းနေမှာ သေချာတယ်။ လီထိုက်အာက သူ့သခင်ကို ရှာတွေ့ဖို့ ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတာလေ။”

ကုန်းဆွန်းယန်က ဆက်၍ တိုက်တွန်းလိုက်၏။ “အရှင်မင်းမြတ်... ဒီကျောက်ဂူထဲမှာ ယမ်းတွေ အမြောက်အမြား မြှုပ်ထားသလို အဆိပ်ပြင်းတွေလည်း ရှိပါတယ်။ ကျုပ်တို့ရဲ့ ဟေးလုံထိုင် သိုင်းပညာရှင် ထောင်ပေါင်း များစွာကလည်း ဝိုင်းရံထားပြီးပါပြီ။ အမိန့်တစ်ခွန်းပေးလိုက်တာနဲ့ အမြစ်ပြတ်ရှင်းလင်းပစ်လို့ ရပါပြီ။”

ကောင်းကင်မှ ငုံ့ကြည့်လိုက်ပါက အမည်းရောင်ဝတ် လူများစွာသည် ထိုကျောက်ဂူကို ရေပက်မဝင်အောင် ဝိုင်းရံထားသည်မှာ ထင်ရှားသည်။

သို့သော်ငြား တာယင်ဧကရာဇ်က ပြောလိုက်၏။ “မလောပါနဲ့၊ ယွင်ကျုံးဟဲ့ ဘာဆက်လုပ်မလဲဆိုတာကို စောင့်ကြည့်ရအောင်။”

ထိုသို့ပြောပြီး အသာ လက်ယမ်းပြလိုက်ရာ ကုန်းဆွန်းယန်တို့ အသံတိတ် ထွက်ခွာသွားကြသည်။

တာယင်ဧကရာဇ်သည် အဝေးကြည့်မှန်ပြောင်းဖြင့် ဆက်လက်ကြည့်ရှုရင်း နှုတ်မှ ရေရွတ်လိုက်၏။ “ဆရာကြီးလီထိုက်အာ၊ ယွင်ကျုံးဟဲ့... ဆံပင်ဖြူတာကို အကြောင်းပြုပြီး ကဗျာစပ်ကြမလို့လား။ ကျုပ်ဆီမှာလည်း ကဗျာတစ်ပုဒ် ရှိသေးတယ်။”

ထို့နောက် တာယင်ဧကရာဇ်က ထိုကဗျာကို ဖြည်းညင်းစွာ ရွတ်ဆိုလိုက်သည်။

“မှိန်ပြပြ ဆီမီးရောင်၊ အေးစက်လှ ညဉ့်ယံဝယ်

အိပ်မက်နယ် လွင့်မျောစဉ်၊ တိတ်ဆိတ်ခြင်း ကြီးစိုး၏။

ရေစက်သံ ကင်းစင်လွင့်၊ ပြတင်းစက္ကူ ထက်ဆီဝယ်

ငွေလမင်း ရောင်ခြည်ဖြာ၊ လင်းလက်ကာ ကျရောက်၏။

မိုင်သောင်းချီ ကျယ်ပြောလှ၊ အင်ပါယာ နိုင်ငံတော်ကြီး

ကြီးမြတ်ရန် ရည်ရွယ်ကာ၊ ကိုယ်တိုင်ပင် ဆန္ဒပြုခဲ့၏။

ဆံကေသာ ဖြူလွင့်လွင့်၊ အရွယ်ပင် အိုမင်းသော်ငြား

ရင်တွင်းမှ စိတ်ဝိညာဉ်၊ မသေသေးကြောင်းကို

မည်သူများ သိနိုင်ပါမည်နည်း။”

ထိုအချိန်မှာပဲ အပြင်ဘက်၌ ကောင်းကင်ကို တုန်လှုပ်စေသော မိုးကြိုးသံများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် လျှပ်စီးများက နဂါးတစ်ကောင်ပမာ မိုင်ရာပေါင်းများစွာ ရှည်လျားစွာဖြင့် ပြင်းထန်စွာ ပစ်ချလိုက်၏။

“ဘုန်း... ဘုန်း... ဘုန်း...”

တစ်ခဏချင်းမှာပဲ ကောင်းကင်နှင့်မြေကြီး ပြိုကွဲသွားသကဲ့သို့ တုန်ခါသွားသည်။ ဆံကေသာ ဖြူလွင့်လွင့်၊ အရွယ်ပင် အိုမင်းသော်ငြား၊ ရင်တွင်းမှ စိတ်ဝိညာဉ်၊ မသေသေးကြောင်းကို မည်သူများ သိနိုင်ပါမည်နည်း။ ဆိုသည့် စာသားမှာ တာယင်ဧကရာဇ် ယခုရေးစပ်လိုက်သော ကဗျာဖြစ်သည်။

နုဧကရာဇ်၏ ရေနစ်မြုပ်နေသော သင်္ဘောပေါ်ရှိ ခြစ်ထုတ်ခံထားရသည့် နေရာတွင် ရေးသားထားသော စာသားများမှာ ဆံပင်များမဖြူသေးသော်လည်း စိတ်ကသေဆုံးသွားပြီ ဟူ၍ပင်။

သူသည် ထိုလျှို့ဝှက်ဆန်းကြယ်သူပင် ဖြစ်သည်။ နုဧကရာဇ်၏ ရတနာတစ်ဝက်ကို ရရှိခဲ့သော သူ၊ ပိုင်ယင်မြို့စားမှလွဲ၍ တာရှန်းမိစ္ဆာနိုင်ငံတော်၏ အစစ်အမှန် အမှောင်သခင်ကြီးပင် ဖြစ်၏။ သူသည်သာ ဤကမ္ဘာပေါ်ရှိ ကြောက်မက်ဖွယ် အကောင်းဆုံး ခွန်အားကြီးမားသော ဧကရာဇ်ကြီး ဖြစ်တော့သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းလာပြီး လျှပ်စီးများလက်ကာ မိုးကြိုးများ ပစ်ချလိုက်သည်မှာ ကမ္ဘာကြီး ပြိုကွဲတော့မည့်အလား ဖြစ်လို့နေ၏။

ထျန်းကျိုးဧကရာဇ် မသေဆုံးမီ ယွင်ကျုံးဟဲ့အား ပြောကြားခဲ့သည့် နောက်ဆုံးစကားမှာ အံ့ဩစရာ မဟုတ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် လောက၏ ကပ်ဘေးကြီး ဆိုက်ရောက်လာပြီ ဖြစ်သောကြောင့်ပင်။

“ဘုန်း... ဘုန်း... ဘုန်း...…”

ကောင်းကင်ထက်တွင် လျှပ်စီးများ လက်ကာ မိုးကြိုးများ ထစ်ချုန်းနေဆဲ ဖြစ်ပြီး မိုးများလည်း သဲသဲမဲမဲ ရွာသွန်းနေဆဲ ဖြစ်သည်။

ထိုကျောက်ဂူပတ်လည်ရှိ သစ်တောအုပ်ထဲတွင် တာယင် သိုင်းပညာရှင် ထောင်ပေါင်းများစွာက မလှုပ်မယှက် ချုံခိုစောင့်ဆိုင်းနေကြ၏။

မြားပစ်စက် ရာပေါင်းများစွာကိုလည်း သစ်တောအုပ်ထဲတွင် ဖုံးကွယ်ထားသည်။

ထိုအချိန်တွင် သံမဏိ သက်တော်စောင့် ဆယ်ဦးကျော်သာမက။ လူဘယ်လောက်များများ ရှိနေပါစေ လွတ်မြောက်နိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။ ငှက်တစ်ကောင်ပင်လျှင် ပျံသန်း ထွက်ပြေးနိုင်မည် မဟုတ်ဘဲ ချက်ချင်း ပစ်ချခံရမှာဖြစ်၏။

သို့ပေမည့် ၁၅ မိနစ် ကုန်ဆုံးသွား၏။ နာရီဝက် ကုန်ဆုံးသွား၏။ မိုးကြီး ရပ်တန့်သွားပြီး မိုးကြိုးသံများလည်း တိတ်ဆိတ်သွားသည်။

အတန်ကြာချိန်မှာတော့ ကောင်းကင်ကြီး ပြန်လည် ရှင်းလင်းသွားပြီး မည်းမှောင်သော တိမ်တိုက်များ ကွဲကွာသွားကာ နေမင်းကြီး ထွက်ပေါ်လာ၏။

ယွင်ကျုံးဟဲ့နှင့် လီထိုက်အာတို့ နှစ်ဦး ထိုကျောက်ဂူထဲမှ ထွက်လာကြချိန်မှာတော့ ပတ်ဝန်းကျင် သစ်တောအုပ်ထဲရှိ တာယင်အင်ပါယာ သိုင်းပညာရှင် ထောင်ပေါင်းများစွာသည် ချက်ချင်း သတိဝီရိယ ရှိသွားကြပြီး လက်ထဲရှိ စစ်ဓားများကို တင်းကြပ်စွာ ဆုပ်ကိုင်ကာ လက်ချောင်းများကို မြားပစ်စက်၏ ခလုတ်ပေါ်တွင် တင်ထားလိုက်ကြသည်။

အမိန့်တစ်ခွန်း ကျလာသည်နှင့် ချက်ချင်း အမြစ်ပြတ် သုတ်သင် ရှင်းလင်းပစ်ရန် စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။

အဝေးမှ ဧကရာဇ်က ချက်ချင်း အဝေးကြည့်မှန်ပြောင်းကို ကောက်ကိုင်ကာ ကျောက်ဂူထဲမှ ထွက်လာသော ယွင်ကျုံးဟဲ့နှင့် လီထိုက်အာတို့ နှစ်ဦးကို ကြည့်လိုက်သည်။

ယွင်ကျုံးဟဲ့၏ မျက်နှာပေါ်တွင် နာကျင်မှုနှင့် ဗျာများမှုများ ပြည့်နှက်နေပြီး။ လီထိုက်အာ၏ မျက်နှာ ပေါ်တွင်မူ ဒေါသများ ပြည့်နှက်နေကာ ဘာစကားမှ မပြောဘဲ အင်္ကျီလက်ကို ခါယမ်းကာ အခြားတစ်ဖက်သို့ ထွက်ခွာသွား၏။

ယွင်ကျုံးဟဲ့က ခြေလှမ်းအနည်းငယ် လိုက်သွားသော်လည်း လီထိုက်အာ၏ ဆူပူကြိမ်းမောင်းမှုကို ချက်ချင်း ခံလိုက်ရသည်။

ထို့နောက် သူသည် နေရာမှာပင် ရပ်လျက် လီထိုက်အာ ထွက်ခွာသွားသည်ကို အရိုအသေ ပေးကာ နှုတ်ဆက်နေ၏။

မည်သည့် အမိန့်မှ မကျလာသောကြောင့် ပတ်ဝန်းကျင်ရှိ တာယင်အင်ပါယာ သိုင်းပညာရှင်များလည်း မည်သို့မှ မလှုပ်ရှားကြဘဲ လီထိုက်အာကို လွတ်လပ်စွာ ထွက်ခွာခွင့် ပေးလိုက်ကြသည်။

လီထိုက်အာ၏ ကျောပြင် ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်ပြီးနောက် ယွင်ကျုံးဟဲ့သည် မြင်းပေါ်တက်ကာ လေခွင်းမြို့သို့ ပြန်လာခဲ့၏။

“အရှင်မင်းမြတ်... ကျုပ်ရဲ့မျိုးရိုးနောက်ခံ လျှို့ဝှက်ချက် ပေါက်ကြားသွားပါပြီ။”

ယွင်ကျုံးဟဲ့က သက်ပြင်းချကာ ပြောလိုက်သည်။ “ဆရာကြီး လီထိုက်အာက သံမဏိ သက်တော်စောင့် ဆယ်ယောက်ကျော်နဲ့ ကျုပ်ကို ခေါ်ထုတ်သွားပြီး တာရှအင်ပါယာရဲ့ ထီးနန်းကို ဆက်ခံစေချင်နေတယ်။”

ဧကရာဇ်က ပြောလိုက်၏။ “ဒါကလည်း ယုတ္တိရှိတဲ့ ကိစ္စပဲ မဟုတ်လား။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ဟုတ်ပါတယ်။ ဒါက ထျန်းကျိုး ဧကရာဇ် မသေခင်တည်းက စီစဉ် ထားခဲ့တာပါ။ ဒီလျှို့ဝှက်ချက်ကို သူက အောက်မင်ဆီ ပေးနိုင်ခဲ့ရင် တခြားလူတွေဆီလည်း ပေးနိုင်မှာပါပဲ။ ကျုပ်တို့က အောက်မင်ဘက်ကို ပိတ်နိုင်ခဲ့ပေမယ့် တခြားပေါက်ကြားနိုင်တဲ့ နေရာတွေကို မပိတ်နိုင်ခဲ့ဘူး။ ဒါကြောင့် ဒီသတင်းက ပေါက်ကြားသွားတာပါ။

ဆရာကြီး လီထိုက်အာက ကျုပ်တို့နဲ့အတူ လဝက်ကျော်လောက် နေ့စဉ် အတူရှိနေခဲ့တာက ကျုပ်ရဲ့ ကိုယ်ပိုင်အမှတ်အသားကို အတည်ပြုဖို့ပါပဲ။ ရိုးရိုးသားသား ပြောရရင် ကျုပ်က တာရှအင်ပါယာရဲ့ မင်းသား ဖြစ်တယ် ဆိုတာကို သူ ဘာအခြေခံပြီး ဆုံးဖြတ်သွားလဲ ဆိုတာ တကယ် မသိဘူး။”

တာယင် ဧကရာဇ်က ဆက်ပြောလိုက်၏။ “တကယ်တော့ ခင်ဗျား သူနဲ့အတူ တာရှအင်ပါယာကို ပြန်သွားတာက ကျုပ်တို့ရဲ့ တာရှအင်ပါယာမှာ သူလျှိုလုပ်မယ့် အစီအစဉ်နဲ့ ပိုပြီး ကိုက်ညီတယ်။”

ယွင်ကျုံးဟဲ့က သက်ပြင်းချကာ ပြောလိုက်သည်။ “အရှင်မင်းမြတ်... ကျုပ် တကယ် သူလျှို ဆက်မလုပ်ချင်တော့ဘူး။”

တာယင် ဧကရာဇ်က ဆက်လက် မဖျောင်းဖျတော့ဘဲ ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်၏။ “ယွင်ကျုံးဟဲ့... ဒီကောင်းကင်က ကြယ်တွေကို ကြည့်စမ်း။ ဇီဝေကြယ်က ပိုပိုပြီး မှေးမှိန်လာပြီး ထျန်းလန်ကြယ်ကတော့ ပိုပိုပြီး တောက်ပလာတယ်။ ဒါက ဘာအတိတ်နိမိတ်လို့ ခင်ဗျား ထင်လဲ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အရှင်မင်းမြတ်... ဒီလောကကြီး တစ်ခုလုံး မြူခိုးတွေကြားမှာ ရောက်နေတယ်။ ဒါကြောင့် သေချာ မမြင်နိုင်ဘူး။ ဒါပေမယ့် ကျုပ် ထင်တာက အရမ်း ထူးဆန်းတဲ့ ကိစ္စ တစ်ခု ရှိနေတယ်။”

ဧကရာဇ်က ခေါင်းညိတ်လိုက်၏။ “ပြောပါအုံး။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ပိုင်ယင်မြို့က အရမ်း အင်အားကြီးတယ်။ နုဧကရာဇ်ရဲ့ ဧရာမ သင်္ဘောကြီးကို ပြန်လည် တည်ဆောက်ထားတာကို ကျုပ် ကိုယ်တိုင် မြင်ခဲ့ရတယ်။ ဒါပေမယ့် တာ့ကျိုး စစ်ပွဲမှာ သူတို့က ရေခဲတောင်ရဲ့ ထိပ်စွန်းလောက်ကိုပဲ ပြသခဲ့တယ်။ အစကတော့ အားကောင်းသလိုနဲ့ နောက်ပိုင်းကျတော့ ဘာမှ မဟုတ်တော့သလိုပဲ။”

“ဆက်ပြောပါအုံး။” တာယင် ဧကရာဇ်က ပြောလိုက်၏။

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “ပြီးတော့ ထျန်းကျိုး ဧကရာဇ်နဲ့ လက်ထပ်ခဲ့တဲ့ ပိုင်ရွှယ် ကလည်း ပိုင်ယင်မြို့မှာ အဆင့်အတန်း သိပ်မမြင့်ဘူး။ ပိုင်ဖေးဖေးကို လုံးဝ မယှဉ်နိုင်ဘူး။ ပြီးတော့ အရေးကြီးတဲ့ အချိန်မှာ ပိုင်ယင်မြို့က ပိုင်ရွှယ်ကို လာကူညီမယ့် အရိပ်အယောင်တောင် မပြဘဲ တာ့ကျိုးအင်ပါယာ ပြိုကျပျက်စီးသွားတာကို လက်ပိုက်ကြည့်နေခဲ့တယ်။ ဒါကြောင့် ကျုပ် ထင်တာက ပိုင်ယင်မြို့၊ တိတိကျကျ ပြောရရင် တာရှန်း မိစ္ဆာနိုင်ငံတော်မှာ ပိုကြီးမားတဲ့ လျှို့ဝှက်ကြံစည်မှု ရှိနေတယ်။”

................

All Chapters