ဟွန့်... သိပါတယ်
Vol. 17 Ch. 178
လီဇီတုန်း၏ လက်ရွေးစင် စစ်သည် သုံးထောင်နှင့် ထောက်ပံ့ရေးအတွက် သူ ခေါ်ဆောင်လာသော အလုပ်သမား နှစ်ထောင်ခန့်မှာ လုံးဝနီးပါး ချေမှုန်းခံလိုက်ရလေပြီ။
တိုက်ပွဲအတွင်း လူသုံးရာကျော် သေဆုံးပြီး နှစ်ရာကျော်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားခြင်း သို့မဟုတ် နားကန်းသွားခြင်းတို့ ဖြစ်သွားခဲ့သော်ငြား ကျန်ရှိနေသူများမှာမူ ခေါင်းမူးပြီး မတ်တပ်မရပ်နိုင်ရုံသာ ဖြစ်၏။ တစ်ရက် သို့မဟုတ် နှစ်ရက်ခန့် အနားယူလိုက်ပါက သူတို့ ပြန်လည် ကောင်းမွန်လာကြပေလိမ့်မည်။ ဤသုံ့ပန်းများကို လျန်တူမြို့ သို့ ခေါ်ဆောင်သွားပြီးနောက် အနည်းငယ် လေ့ကျင့်ပေးရုံဖြင့် စစ်တပ်ထဲတွင် ပြန်လည် အသုံးပြုနိုင်၏။
ချူကျန့်၏ တစ်ကိုယ်တော် ကြိုးစားအားထုတ်မှုများကြောင့် လျန်တူမြို့၏ အင်အားမှာ သေချာပေါက် တိုးတက်လာခဲ့ပြီပင်။
ထို့အပြင် လီဇီတုန်း၏ စစ်တပ်ထဲသို့ မကြောက်မရွံ့ ထိုးဖောက်ဝင်ရောက်ကာ နည်းဗျူဟာကို အသုံးပြု၍ သတ်ဖြတ်ခဲ့ပြီး ကျူးချွမ်နှင့် အခြားနှစ်ယောက်ကို ကယ်တင်ခဲ့သော ချူကျန့်၏ ဇာတ်လမ်းမှာ ကိုယ်ရံတော်များကြားတွင် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် တပ်စခန်းတစ်ခုလုံးသို့ လေအလျင် တိုက်ခတ်သွား၏။
ဤနက်ရှိုင်းလှသော သစ္စာစောင့်သိမှုနှင့် ထင်ရှားလှသော အောင်မြင်မှုများက ချန်ကျားဖုန်း နှင့် အခြား စစ်သည် တစ်ထောင်ကို ချူကျန့်အပေါ် လေးစား ကြည်ညိုသွားစေရန်နှင့် သူ့ကို နတ်ဘုရားတစ်ပါးအလား သတ်မှတ်လာစေရန် လုံလောက်လှသည်။
ထို့ကြောင့် သူနှင့် ရွှီဇီလင်းတို့ အတူတကွ ထိုင်ကာ တီးတိုး စကားပြောနေကြသည်ကို မြင်သောအခါ မည်သူကမျှ မနှောင့်ယှက်ရဲကြချေ။ သို့သော် ညစာစားချိန်မှာ များစွာ လွန်ကဲနေပြီဖြစ်ပြီး သူတို့နှစ်ဦးမှာ သတိမထားမိကြသည်ကို မြင်သောအခါ ချန်ကျားဖုန်း နှင့် အခြား ဗိုလ်ချုပ်များက လီဝမ်ရှို့ကို အစားအစာ သွားပို့ပေးရန် တောင်းဆိုကြ၏။
ဤလှပသော မိန်းမပျိုလေးမှာ ချူကျန့်၏ အနားတွင် အမြဲရှိနေခဲ့ပြီး နေ့ခင်းဘက်က ရန်သူကို ရင်ဆိုင်ရာတွင်ပင် သူတို့နှစ်ဦး အတူတကွ မြင်းစီးခဲ့ကြကြောင်း စစ်သည်များ အားလုံး သိထားကြရာ သူတို့အတွက် မျိုးစုံသော စိတ်ကူးယဉ်မှုများ မဖြစ်ပေါ်လာစေရန် ခက်ခဲလှသည်။
လင်းလက်နေသော လရောင်နှင့် တဖျတ်ဖျတ် လင်းလက်နေသော မီးတုတ်များအောက်တွင် လီဝမ်ရှို့သည် "ပန်းရူးသွပ်သူ" ရှီချင်းလု ပေးထားသော ဝတ်စုံကို ပြောင်းလဲ ဝတ်ဆင်ထားသည်။ လိပ်ပြာများနှင့် ပန်းများ ပန်းထိုးထားသော ဂါဝန်က ကျန်းနန် မှ ဤမိန်းမပျိုလေးကို အထူးတလည် ကျက်သရေရှိပြီး သိမ်မွေ့လှပနေစေ၏။
ရွှီဇီလင်း သည် အစားအစာများ အပြည့်ပါသော ပန်းကန်လုံးကြီးကို ယူလိုက်သည်။
လီဝမ်ရှို့က ချူကျန့်ကို နူးညံ့သော မျက်လုံးများနှင့် အပြုံးယောင်ယောင်ဖြင့် ခိုးကြည့်နေသည်ကို မြင်ရသောအခါ သူက နောက်ပြောင်လိုက်၏။
"မိန်းကလေးလီ... မင်းက အစ်ကိုချူ ကိုတော့ 'အစ်ကိုကြီးချူ' လို့ ခေါ်ပြီး... ငါ့ကိုကျတော့ 'သခင်လေးရွှီ' တဲ့... မင်းတို့နှစ်ယောက်ကြားမှာ ငါ မသိတဲ့ ဇာတ်လမ်းတွေများ ရှိနေလား..."
ရွှီဇီလင်း နှင့် ခုံးကျုံး တို့သည် ယခင်က ယန်ကျိုး တွင် လူမိုက်လေးများ ဖြစ်ခဲ့ကြပြီး နှစ်ဦးစလုံးမှာ အနည်းငယ် စိတ်လိုက်မာန်ပါ လုပ်တတ်ကြ၏။
နောက်ပိုင်းတွင် သိုင်းလောက အတွေ့အကြုံများနှင့် သိုင်းပညာများ တိုးတက်လာသည်နှင့်အမျှ သူတို့သည် ပိုမို တည်ငြိမ်လာခဲ့ကြသည်။ သို့သော် သူတို့၏ အရင်းနှီးဆုံး မိတ်ဆွေများနှင့်မူ နောက်ပြောင်နေတတ်ဆဲပင်။
သူသည် ချူကျန့်ကို ခုံးကျုံး ကဲ့သို့ ညီအစ်ကို တစ်ယောက်အဖြစ် သတ်မှတ်ထားသဖြင့် လီဝမ်ရှို့နှင့် နောက်ပြောင်ရန် လုံးဝ ဝန်လေးနေမည် မဟုတ်ချေ။
သူ၏ နောက်ပြောင်နေသော အပြုံးကို မြင်သောအခါ လီဝမ်ရှို့မှာ မျက်နှာများ နီရဲသွားတော့၏။ သူမ၏ တည်ငြိမ်သော အမူအရာဖြင့်ပင် ဘယ်လို ပြန်ပြောရမည်ကို မသိတော့ချေ။ ချူကျန့်ကလည်း သူမကို မော့ကြည့်နေသည်ကို မြင်လိုက်ရသောအခါ သူမ၏ ရင်ခုန်သံများ ပို၍ပင် မြန်ဆန်လာတော့သည်။
ဤခံစားချက်က ထူးဆန်းလှ၏။ ဆူပုကို "သဘောကျ" သည်ဟု ထင်ခဲ့စဉ်က ခံစားခဲ့ရသော နာကျင် ခါးသီးသည့် ခံစားချက်နှင့် မတူပေ။ ၎င်းမှာ ပို၍ စိတ်လှုပ်ရှားဖွယ် ကောင်းပြီး ပျော်ရွှင်စရာ ကောင်းကာ နွေးထွေးပြီး ယစ်မူးဖွယ် ကောင်းသော ခံစားချက် တစ်ခု ဖြစ်သည်။
လီဝမ်ရှို့ မျက်နှာ နီရဲသွားသည်ကို မြင်သောအခါ ချူကျန့်က ရွှီဇီလင်းကို မျက်စောင်းထိုးလိုက်၏။
"သွားစမ်းပါကွာ ဇီလင်း... မင်း မိန်းကလေးလီ ကို ပရောပရည် လုပ်ချင်ရင်လည်း ပွင့်ပွင့်လင်းလင်းသာ ပြော... ငါ့ကို ဆွဲမသွင်းနဲ့..."
"ခင်ဗျား တကယ် ဂရုမစိုက်ဘူးလား... မိန်းကလေးလီ လို အလှလေးဆိုတာ ရှားတယ်နော်... အို... ငါ့ကို မျက်စောင်း လာမထိုးနဲ့... ငါက နောက်နေတာပါကွာ..."
လီဝမ်ရှို့မှာ သူတို့၏ စကားများကြောင့် မျက်နှာ ပို၍ပင် နီရဲသွားပြီး ပန်းကန်နှင့် တူများကို ချူကျန့်ထံ အတင်း ထိုးပေးကာ လှည့်ပြေးတော့၏။
သူမ ခြေလှမ်းများ အနည်းငယ် ယိုင်နေသေးသည်ကို မြင်သောအခါ ချူကျန့်က သတိပေးလိုက်၏။
"ကောင်မလေး... မင်း ဒဏ်ရာရထားတာနော်... အဲဒီလောက် မြန်မြန် မပြေးနဲ့လေ..."
"ဟွန့်... သိပါတယ်..."
လီဝမ်ရှို့သည် အစပိုင်းတွင် သူက "မိန်းကလေးလီ" ဟု ခေါ်လိုက်သဖြင့် အနည်းငယ် နေရခက်သွားသော်ငြား ရင်းနှီးသော လေသံ ပါဝင်သည့် "ကောင်မလေး" ဆိုသော စကားလုံးကို ကြားလိုက်ရချိန်တွင် အကြောင်းပြချက် မရှိဘဲ ပျော်ရွှင်သွားတော့၏။
သို့သော် သူမသည် နောက်သို့ လှည့်ကာ ချူကျန့်ကို နှာမှုတ်ပြလိုက်ပြီး ပျော်ရွှင်သော ခြေလှမ်းများဖြင့် ထွက်ပြေးသွားတော့သည်။
ချူကျန့် ခေါင်းခါလိုက်ပြီး အပြုံးယောင်ယောင် မျက်နှာဖြင့် သူ့ကို ကြည့်နေသော ရွှီဇီလင်းကို မြင်လိုက်ရသော်လည်း ပခုံးတွန့်ပြကာ ဘာမှ မရှင်းပြတော့ချေ။
လှပသော မိန်းကလေးလီ အပေါ် အမှန်တကယ်ပင် အထူးတလည် စိတ်ဝင်စားမှု ရှိပုံ မပေါ်သည့် ချူကျန့်၏ တည်ငြိမ်သော အမူအရာကို မြင်ရပြီး ကောရှန် အပေါ် သူ၏ စိုးရိမ်ပူပန်မှုများကို ပြန်လည် သတိရသွားသောအခါ ရွှီဇီလင်းသည် လီဝမ်ရှို့ အကြောင်း နောက်ပြောင်ခြင်းကို ရပ်တန့်လိုက်ပြီး သိုင်းပညာ အကြောင်းသို့ စကားလမ်းကြောင်း ပြန်လည် ပြောင်းလဲလိုက်၏။
ရွှီဇီလင်း အကြံပြုထားသော နည်းလမ်းကို ပေါင်းစပ်ကာ ချူကျန့်သည် မြောက်ပိုင်း အမှောင် အတွင်းအား နှင့် နတ်ဘုရား အလင်းဖြာ အတွင်းအား တို့ကို သီးခြား အစုအဝေးများအဖြစ် စုစည်းရန် ကြိုးစားလိုက်ပြီးနောက် ၎င်းတို့ကို အချင်းချင်း မထိတွေ့စေရန် ကွာဟချက် အနည်းငယ် ချန်ထားကာ ဝက်အူရစ်ပုံစံ ရစ်ပတ်လိုက်သည်။
ဤသည်မှာ လူတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် သတိထားနိုင်စွမ်းအပြင် အတွင်းအား အသုံးပြုမှု အတွေ့အကြုံနှင့် ကျွမ်းကျင်မှုတို့ကို အမှန်တကယ် စမ်းသပ်သည့် နည်းစနစ်တစ်ခု ဖြစ်၏။
ချူကျန့်ကဲ့သို့သော သိုင်းပညာရှင် တစ်ဦးသာလျှင် ဤမျှ တိကျသော ထိန်းချုပ်မှုကို ရရှိနိုင်ပေမည်။ သာမန် ကစားသမား တစ်ဦးဆိုလျှင် ဂိမ်း၏ ညွှန်ကြားချက်များအတိုင်း အတွင်းအားများကို လှည့်ပတ်ရုံမျှသာ တတ်နိုင်မည်ဖြစ်ပြီး ဤကဲ့သို့သော အဆင့်သို့ ရောက်ရှိရန်မှာ အလှမ်းဝေးလွန်းလှ၏။
ချူကျန့်သည် နာရီဝက်ခန့် ကြိုးစားပြီးနောက်တွင် မြောက်ပိုင်း အမှောင် အတွင်းအား နှင့် နတ်ဘုရား အလင်းဖြာ အတွင်းအား တို့ကို အချင်းချင်း မနှောင့်ယှက်ဘဲ ဝက်အူရစ်ပုံစံ ရစ်ပတ်နိုင်ရန် အောင်မြင်သွားသည်။ သို့သော် အတွင်းအား နှစ်ခုကြားရှိ ကွာဟချက်မှာ ကြီးမားလွန်းနေဆဲဖြစ်ရာ ၎င်းက သူတို့၏ ပေါက်ကွဲနိုင်စွမ်းကို တိုက်ရိုက် လျော့ကျသွားစေမည်သာ။
တင်းကြပ်စွာ လိမ်ကျစ်ထားသော ကြိုးနှစ်ချောင်းနှင့် လျော့ရဲရဲ လိမ်ကျစ်ထားသော ကြိုးနှစ်ချောင်း တို့၏ ပေါင်းစပ်အား ကွာခြားချက်ကို စိတ်ကူးကြည့်နိုင်၏။ သို့သော်လည်း ချူကျန့်မှာ အလွန် စိတ်လှုပ်ရှားနေဆဲပင်။ ဤသည်မှာ ရွှီဇီလင်း အကြံပြုထားသော နည်းလမ်းမှာ လက်တွေ့ အကောင်အထည် ဖော်နိုင်ကြောင်း သက်သေပြနေပြီး ယခု သူ လိုအပ်နေသည်မှာ ကျွမ်းကျင်မှုသာ ဖြစ်သည်။
သူသည် အတွင်းအား နှစ်ခုကို ကျွမ်းကျင်စွာ လိမ်ကျစ်နိုင်သရွေ့ တိုက်ပွဲတွင် လွယ်ကူစွာ အသုံးပြုနိုင်မည်ဖြစ်ပြီး ၎င်းတို့၏ စွမ်းအားကိုပင် အဆပေါင်းများစွာ တိုးမြင့်လာစေနိုင်၏။ အကယ်၍ သူ ကုသရန် လိုအပ်ပါက ရစ်ပတ်ထားသော အတွင်းအားများကို ပြန်လည် ခွဲထုတ်လိုက်ရုံဖြင့် မြောက်ပိုင်း အမှောင် အတွင်းအား သို့မဟုတ် နတ်ဘုရား အလင်းဖြာ အတွင်းအား တို့၏ အကျိုးသက်ရောက်မှုများကို သီးခြားစီ အသုံးချနိုင်မည်ပင်။
ချူကျန့်သည် အနာဂတ်တွင် နှလုံးသားဖြတ် အတွင်းအား ကို ပြန်လည် ကျင့်ကြံရန်ပင် စဉ်းစားလိုက်သေး၏။ ထိုအခါ သူသည် နှလုံးသားဖြတ် အတွင်းအား ကို နတ်ဘုရား အလင်းဖြာ အတွင်းအား နှင့် အရင် ပေါင်းစပ်လိုက်ပြီးနောက် မြောက်ပိုင်း အမှောင် အတွင်းအား နှင့်အတူ လိမ်ကျစ်လိုက်နိုင်၏။ သေချာသည်မှာ အကြိုလိုအပ်ချက်အနေဖြင့် သူသည် နတ်ဘုရား အလင်းဖြာ ကျင့်စဉ် ကို အမြင့်ဆုံး ပြီးပြည့်စုံခြင်း အဆင့်သို့ အရင် ကျင့်ကြံရမည် ဖြစ်ပြီး ထိုအခါမှသာ နတ်ဘုရား အလင်းဖြာ အတွင်းအား များကို သူ၏ ဆန္ဒအလျောက် အပ်ချည်မျှင်များအဖြစ် စုစည်းနိုင်မည်ပင်။
နောက်တစ်နေ့ နံနက် အရုဏ်တက်ချိန်တွင် ချူကျန့်သည် စုရှင်းဟယ် နှင့် ရွှီဇီလင်းတို့၏ မြင်းတပ်သား ရှစ်ရာနှင့်အတူ ပထမဆုံး ထွက်ခွာခဲ့ပြီး သုံ့ပန်းများနှင့် အလုပ်သမားများကို စောင့်ကြပ်ရန်နှင့် ပြန်လည် ဖွဲ့စည်းရန် မြင်းတပ်သား နှစ်ရာကို ချန်ရစ်ခဲ့သည်။ တိုက်ခိုက်နိုင်စွမ်း လုံးဝ ဆုံးရှုံးနေသော သုံ့ပန်းများမှာ ခွန်အားများ ပြန်လည် ပြည့်ဖြိုးလာပါက လျန်တူမြို့ သို့ ပို့ဆောင်ခံရမည်ပင်။
ရွှယ်မုဟွာ နှင့် ကျန် ဟန်ကူတံခါးစောင့် ရှစ်ယောက်မှာမူ ကျူးချွမ် အပါအဝင် ပြင်းထန်စွာ ဒဏ်ရာရနေသော ကိုယ်ရံတော် လေးဦးနှင့် ဒဏ်ရာရ ရှောင်လင်ဂိုဏ်း သားများကို ပြုစုစောင့်ရှောက်ရန် ဆွံ့အနားမကြား တောင်ကြား တွင် နေရစ်ခဲ့ရန် အမိန့်ပေးခံခဲ့ရသည်။
သွမ့်ယွီ ၊ မုရုံဖူ ၊ ကုမာရဂျီဝ နှင့် အခြား အဖွဲ့အချို့မှာလည်း ယမန်နေ့ညကတည်းက ထွက်ခွာသွားခဲ့ကြပြီ ဖြစ်၏။
မထွက်ခွာမီ သွမ့်ယွီ သည် သူ၏ ကိုယ်ရံတော်များနှင့်အတူ မထွက်ခွာမီ ချူကျန့်နှင့် ရွှီဇီလင်းတို့အား သူ၏ စေတနာနှင့် လေးစားမှုကို ပြသကာ မိတ်ဆွေဖွဲ့သွားခဲ့၏။ ကုမာရဂျီဝ ကလည်း နှုတ်ဆက် စကားများ ဆိုသွားခဲ့၏။ မုရုံဖူ ကမူ ဝမ်ယွိယန်း ၊ တိန့်ပိုင်ချွမ် ၊ ဖုန်းပေါအော် ၊ ပေါင်ပုထုံး ၊ ကုန်းယဲ့ချန်း နှင့် အခြားသူများနှင့်အတူ အလျင်စလို မထွက်ခွာမီ အေးစက်စက် ခေါင်းတစ်ချက်သာ ညိတ်ပြသွားခဲ့၏။
အားပိ သည် ကလေးငယ်ကို လီဝမ်ရှို့ထံ ပြန်ပေးခဲ့ပြီး သူမနှင့် ချူကျန့်ကို အကြိမ်ကြိမ် တောင်းပန်ပြီးနောက်မှသာ မှုန်ကုပ်နေသော မျက်နှာဖြင့် မုရုံဖူ၏ နောက်သို့ လိုက်သွားတော့၏။
လီဝမ်ရှို့နှင့် ကိုယ်ရံတော်များမှာ မုရုံဖူ၏ အေးစက်မှုအပေါ် အတော်လေး ဒေါသထွက်ခဲ့ကြသော်ငြား ချူကျန့်ကမူ ဂရုစိုက်ပုံ မပေါ်ချေ။
လောကကြီးထဲတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ဖူးသူပီပီ ကျေးဇူးကန်းသော လူများကို မရေမတွက်နိုင်အောင် သူ တွေ့မြင်ခဲ့ဖူးပေပြီ။ လမ်းကြောင်းမတူသူတွေဆိုတာ ပေါင်းသင်း၍ မရပါ။ ယခုမှစ၍ သူသည် ထိုသူများကို သူစိမ်းများအဖြစ်သာ ဆက်ဆံမည်ဖြစ်ပြီး လိုအပ်ပါက သတိထားကာ သင့်တော်ပါက အကွက်ဆင်မည်ပင်။ ဤကိစ္စအတွက် ဒေါသထွက်နေရန် မလိုအပ်ချေ။
သေချာသည်မှာ သတင်းဆိုးတစ်ခုလည်း ရှိနေ၏။ ကလေးငယ်ကို မွေးစားရန် မိသားစု ရှာဖွေဖို့ စေလွှတ်လိုက်သော ကိုယ်ရံတော်ကို ပြန်လည် တွေ့ရှိခဲ့သော်လည်း သူမှာ လီဇီတုန်း၏ လူများ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ချူကျန့်က သူ့ကို ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးရန် အမိန့်ပေးခဲ့သော်လည်း ဤကိစ္စများကို ဤနေရာတွင် အသေးစိတ် ဖော်ပြနေတော့မည် မဟုတ်ချေ။
သင့်တော်သော မွေးစားမည့် မိသားစုကို မရှာတွေ့နိုင်တော့သဖြင့် လီဝမ်ရှို့မှာ ယာယီအားဖြင့် "ရှောင်လျန်" ဟု အမည်ပေးထားသော မိန်းကလေးငယ်ကို ယာဂုကျဲကျဲ တိုက်ကျွေးကာ "မိခင်" နေရာတွင် ယာယီ တာဝန်ယူရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။
အမှန်တကယ်တော့ ချူကျန့်သည် သူမက ဆွေမျိုးများ သို့မဟုတ် သူမ၏ ဇာတိရွာကို ရှာဖွေရန် ကျန်းနန် သို့ သွားရောက်ဖို့ နှုတ်ဆက်ထွက်ခွာသွားမည်ဟု မူလက ထင်မှတ်ထားခဲ့သော်ငြား သူမက ထိုကိစ္စကို ဘယ်သောအခါမှ မဟဘဲ သူ့နောက်သို့ လိုက်ကာ လျန်တူမြို့ သို့ သာမန်ကိစ္စတစ်ခုအလား လိုက်ပါလာသည်ကို မြင်ရသောအခါ ချူကျန့်သည် အကြိမ်ကြိမ် မေးမြန်းလိုခဲ့သော်လည်း သူ၏ စကားများကို ပြန်လည် မြိုချလိုက်ရသည်။
'ထားလိုက်ပါတော့... သူ သွားချင်တဲ့နေရာ သွားဖို့ဆိုတာ ကောင်မလေးရဲ့ လွတ်လပ်ခွင့်ပဲလေ... ငါမှ မတားနိုင်တာ...'
သူတို့အဖွဲ့သည် နေ့ရောညပါ ခရီးနှင်ခဲ့ကြပြီး စတုတ္ထမြောက်နေ့တွင် လျန်တူမြို့ ဆင်ခြေဖုံးသို့ ပြန်လည် ရောက်ရှိလာကြလေပြီ။
ထင်သည့်အတိုင်းပင် ရွှီယွမ်လန်၏ တပ်များမှာ စိတ်ဓာတ်ကျဆင်းနေပြီး တစ်ယောက်ပြီး တစ်ယောက် ဆုတ်ခွာနေကြသည်ကို မြင်တွေ့လိုက်ရ၏။
ချူကျန့်နှင့် ရွှီဇီလင်းတို့သည် ဤကဲ့သို့သော အခွင့်အရေးကောင်းကို လုံးဝ လက်လွတ်မခံခဲ့ချေ။ သူတို့သည် မြင်းတပ်သား ရှစ်ရာကို ဦးဆောင်ကာ ဝင်ရောက် တိုက်ခိုက်လိုက်ရာ တစ်ဟုန်ထိုး တိုက်ခိုက်မှု တစ်ခုတည်းဖြင့် ရွှီယွမ်လန်၏ ဆုတ်ခွာနေသော တပ်များကို ဖရိုဖရဲ ဖြစ်သွားစေခဲ့သည်။
မြို့ရိုးပေါ်မှ ခံစစ်ကို ကွပ်ကဲနေသော ခုံးကျုံးသည် အခွင့်ကောင်းကို ဆုပ်ကိုင်ကာ ခြေလျင်တပ်သား နှစ်ထောင်ကို ကိုယ်တိုင် ဦးဆောင်၍ မြို့ပြင်သို့ ထွက်ကာ အကူအညီ ပေးသည်။ အထဲရော အပြင်ပါ ပူးပေါင်း တိုက်ခိုက်မှုအောက်တွင် ရွှီယွမ်လန်မှာ ကြီးမားသော အရှုံးနှင့် ရင်ဆိုင်လိုက်ရပြီး သူ၏ စစ်တပ်မှာ ပြိုကွဲသွားကာ သူ၏ လူ ရှစ်ထောင်ထဲမှ တစ်ဝက်ပင် မပြည့်သောသူများသာ လွတ်မြောက်သွားနိုင်ခဲ့ပြီး ကျန်သူများမှာ အများအားဖြင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခံလိုက်ရသည်။
လျန်တူမြို့၏ အကြပ်အတည်းကို ဖြေရှင်းပြီးနောက် ချူကျန့်သည် ခုံးကျုံးနှင့်ပင် မတွေ့ဆုံတော့ဘဲ စုရှင်းဟယ်ကို ခေါ်ကာ ကောရှန်၏ နေအိမ်သို့ တိုက်ရိုက် ထွက်ခွာသွားတော့၏။
ယခုအခါ သူ၏ တစ်ခုတည်းသော ဆန္ဒမှာ အိပ်မောကျနေသော သူ၏ စီနီယာအစ်မ ဘေးကင်းစွာ နိုးထလာရန်သာ ဖြစ်တော့သည်။