← Chapters

အခန်း ၃၄၃

Vol. 35 Ch. 343

အခန်း ၃၄၃

Vol. 35 Ch. 343

အခန်း (၃၄၃) - ယုမေ၏ တုန်လှုပ်ဖွယ် ဖွင့်ဟချက်

"လျောင်ကျားရီက ပထမနေရာရရှိပြီး အကျိုးပြုရမှတ်တစ်သောင်း ရရှိတယ်။ ဒုတိယနေရာကတော့ မုန့်ကျားဖြစ်ပြီး အကျိုးပြုရမှတ်လေးထောင် ရရှိတယ်။ တတိယနေရာကတော့ ယန်ချိုးဖြစ်ပြီး အကျိုးပြုရမှတ်တစ်ထောင် ရရှိသွားတယ်"

"စတုတ္ထ၊ ပဉ္စမနဲ့ ဆဋ္ဌမနေရာတွေကို အသီးသီးရရှိသွားကြတဲ့ ထန်စု၊ ထန်တီနဲ့ ပုဖေးတို့ကိုလည်း ဂုဏ်ပြုလိုပါတယ်"

"ကျန်ရှိနေသေးတဲ့ ပါဝင်ယှဉ်ပြိုင်သူအားလုံးလည်း ကံကောင်းကြပါစေ"

ယန်ချင်း၏ကြေညာသံ ပြီးဆုံးသွားပြီးနောက် စက္ကန့်အနည်းငယ် ကြာမြင့်သွားသည်အထိ ဟယ်ရှန်းနှင့် ကျန်လူများမှာ မျက်လုံးများပြူးကျယ်လျက် ဆွံ့အကာ မတ်တပ်ရပ်နေမိကြ၏။

အထူးသဖြင့် ထိပ်တန်းသုံးယောက်စာရင်းဝင်ရန် လောလောလတ်လတ် ရည်မှန်းချက်ထားခဲ့သည့် ကျိုးရီမှာ ပို၍ပင် ဆွံ့အသွားရသည်။

သူသည် ထိုစကားကို အလေးအနက်သိပ်မထားဘဲ ပြောခဲ့ခြင်းဖြစ်ပြီး ရနိုင်ခြေ အလွန်နည်းမည်ဟု ထင်မှတ်ထားခဲ့သော်လည်း ထိုထိပ်တန်းသုံးနေရာလုံး ယခုကဲ့သို့ လျင်မြန်စွာ ဆုံးရှုံးသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

ကျိုးရီက ရေရွတ်လိုက်၏။

"သူတို့အားလုံး တပြိုင်တည်း အောင်မြင်သွားတာလား။ ဒါမှမဟုတ် ဂိုဏ်းတူအစ်ကိုယန်ချင်းက အားလုံးကိုစုပြီး ကြေညာပေးဖို့ စောင့်နေခဲ့တာလား"

ကျိုးလီချင်းက ခါးသီးသော အပြုံးတစ်ခုနှင့် ပြန်ဖြေလိုက်၏။

"ကျွန်မထင်တာတော့ သူတို့အားလုံး အတူတူရောက်သွားတာပဲ ဖြစ်ရမယ်”

“မဟုတ်ရင် ဂိုဏ်းတူအစ်ကိုယန်ချင်းက စောင့်နေမှာမဟုတ်ဘူး။ ပထမဆုံးသုံးယောက် ရောက်ကတည်းက ကြေညာပေးမှာပဲ”

“အခုလို လူခြောက်ယောက်လုံးကို တစ်ချိန်တည်းမှာစုပြီး ကြေညာမှာ မဟုတ်ဘူး"

သူမသည် ပထမဆုံးစမ်းသပ်မှုကိုပင် မနည်းဖြတ်ကျော်ခဲ့ရခြင်း ဖြစ်ပေသည်။

သို့သော် သူတို့တောင်တက်ရန် ပြင်ဆင်နေစဉ်မှာပင် လူခြောက်ယောက်မှာ တောင်ထိပ်သို့ ရောက်ရှိသွားခဲ့ကြပြီ ဖြစ်၏။

သူတို့သည် တောင်ထိပ်နှင့် မည်မျှကွာဝေးသေးသည်ကို မသိသော်လည်း တောင်ထိပ်ထက် တောင်ခြေနှင့် ပို၍နီးကပ်နေသေးကြောင်းကိုမူ သိကြပေသည်။

ထို့အပြင် အထက်သို့ တက်လှမ်းလေလေ၊ ပို၍ခက်ခဲကြမ်းတမ်းလာလေလေ ဖြစ်ပေလိမ့်မည်။

လူခြောက်ယောက်မှာ ဤကဲ့သို့သောစမ်းသပ်မှုအား ကျော်ဖြတ်သွားနိုင်ခဲ့ပြီဟူသော အမှန်တရားက သူတို့နှင့် ထိုခြောက်ယောက်ကြားရှိ ကွာဟချက်ကို ပိုမိုထင်ရှားစေကာ သူတို့၏ မာနတရားကို ပြင်းထန်စွာ ရိုက်ခတ်သွားစေတော့၏။

ကျိုးရီက တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်၏။

"အဲဒီအဘိုးကြီးက ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ မထင်ထားမိဘူး။ သူက ဆဋ္ဌမနေရာကိုတောင် ရသွားတာပဲ"

ကြေညာချက်ထဲတွင်ပါဝင်သော အမည်များထဲမှ သူသိသည်မှာ ဆဋ္ဌမနေရာရရှိခဲ့သည့် ပုဖေးတစ်ဦးတည်းသာ ဖြစ်လေသည်။

ပုဖေးသည် အသက်အရွယ်ကြီးရင့်မှုကြောင့် ယှဉ်ပြိုင်သူများထဲတွင် အထူးခြားဆုံးလူတစ်ဦး ဖြစ်ပေသည်။

သူသည် အသက်ခုနစ်ဆယ်ကျော်ခန့်ရှိပုံရပြီး လယ်သမားတစ်ဦးကဲ့သို့ ဝတ်ဆင်ထား၏။

သူသည် မေးခွန်းမေးရန် သတ္တိမွေးခဲ့ကြသော အနည်းငယ်သောသူများထဲမှ တစ်ဦးလည်း ဖြစ်ပေသည်။

ပုဖေးသည် ချီသန့်စင်ခြင်းအလယ်အလတ်အဆင့် ကျင့်ကြံခြင်းအခြေခံရှိသော်လည်း ကျိုးရီသည် သူ့အပေါ် မျှော်လင့်ချက် သိပ်မထားခဲ့ပေ။

ဤစမ်းသပ်မှုတွင် ထိုမျှအသက်ကြီးသောသူတစ်ဦး ပါဝင်ယှဉ်ပြိုင်နေသည်ကို မြင်ရသဖြင့် သူ အံ့အားသင့်ခဲ့ရ၏။

ထိုအသက်အရွယ်နှင့် ချီသန့်စင်ခြင်းအလယ်အလတ်အဆင့်သို့သာ ရောက်ရှိနိုင်ခြင်းမှာ သူ၏ပါရမီ အလွန်နိမ့်ကျလွန်းကြောင်းကို ဖော်ပြနေပေသည်။

ပါရမီမညံ့ဖျင်းလျှင်ပင် ကျင့်ကြံခြင်းအတွက် အကောင်းဆုံးအရွယ်မှာ ကျော်လွန်သွားခဲ့ပြီဖြစ်၏။

ကျိုးရီသည် တိုက်ပွဲခန်းမတစ်ထောင်နန်းတော်က သူ့အား အဘယ်ကြောင့် ဤစမ်းသပ်မှုအား ဖြေဆိုခွင့်ပြုခဲ့သည်ကို နားမလည်နိုင်ဖြစ်နေရ၏။

နောက်ဆုံးတွင်မူ ဂိုဏ်းက နေရာလွတ်များကို သဘောထားကြီးစွာ ပေးကမ်းထားခြင်းဖြစ်လိမ့်မည်ဟုသာ သူ တွေးတောလိုက်တော့၏။

မည်သို့ပင်ဖြစ်စေ သူသည် ပုဖေးထံမှ များစွာမမျှော်လင့်ထားခဲ့သော်လည်း ဆဋ္ဌမနေရာအထိ ရရှိသွားခြင်းနှင့် ထိပ်တန်းခြောက်ဦးကြေညာချက်မှာ အချိန်နှင့်တစ်ပြေးညီဖြစ်ပါက သူသည် ပထမနေရာရရှိသူနှင့် သိပ်မကွာဝေးလှကြောင်း ပြသနေပေသည်။

ဤကြေညာချက်သည် သူ့အတွက် တုန်လှုပ်ဖွယ်ရာကောင်းပြီး အံ့အားသင့်စရာများဖြင့် ပြည့်နှက်နေ၏။

ကျိုးရီက လေးနက်သောမျက်နှာဖြင့် မေးလိုက်၏။

"မင်းတို့ထဲကရော အခုနာမည်စာရင်းထဲမှာ သိတဲ့သူရှိလား"

ဤမေးခွန်းမှာ ယုမေအား ရည်ညွှန်းမေးမြန်းခြင်းနှင့် ပိုတူလှ၏။

ဟယ်ရှန်း၏ စကားပြောဆိုဆက်ဆံမှုတွင်ရှိသော "ထူးချွန်ထက်မြက်သည့် စွမ်းရည်များ" အရ သူသည် အခြားပါဝင်ယှဉ်ပြိုင်သူများအကြောင်း တစ်စုံတစ်ရာ သိရှိလိမ့်မည်ကို ကျိုးရီက သံသယဖြစ်မိ၏။

ဟယ်ရှန်းသည် ထိုသူများ ညစာအဖြစ် မည်သည့်စိတ်ဝိညာဉ်သားရဲကို စားသုံးခဲ့ကြောင်း၊ ဤနေရာသို့ လာရာလမ်းတွင် မည်သည့်ဆေးဖက်ဝင်အပင်များနှင့် ထိတွေ့ခဲ့ကြောင်း၊ သို့မဟုတ် သူတို့၏ မည်သည့်အားနည်းချက်ကို ပစ်မှတ်ထားတိုက်ခိုက်နိုင်ကြောင်း စသည်တို့ကို သိရှိနိုင်သော်လည်း သူတို့၏ အမည်များကဲ့သို့သော သာမန်အရာများကိုမူ စိတ်ဝင်စားလိမ့်မည်မဟုတ်ဟု ကျိုးရီက အလေးအနက် သံသယဝင်မိသည်။

ယုမေက သူမ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာတစ်ခု ဖြစ်ပေါ်လာရင်း ခေတ္တရပ်တန့်လိုက်၏။

"ပုဖေးကလွဲရင် ကျန်တဲ့ငါးယောက်ထဲမှာ ကျွန်မသိတာ နာမည်တစ်ခုတည်းပဲ ရှိတယ်..."

သူမသည်လည်း ကျိုးရီတို့ကဲ့သို့ပင် တုန်လှုပ်သွားခြင်းဖြစ်သော်လည်း သူမ၏ တုန်လှုပ်မှုက ကွဲပြားခြားနားလှ၏။

၎င်းသည် မိမိသိကျွမ်းသောသူတစ်ဦးက လုံးဝမမျှော်လင့်ထားသည့် အောင်မြင်မှုများကို ရရှိသွားသည့်အခါ ဖြစ်ပေါ်လာတတ်သော အံ့အားသင့်မှုမျိုး ဖြစ်ပေသည်။

ယုမေ၏လေသံမှာ အတိတ်က မြင်ကွင်းတစ်ခုကို စိတ်ထဲ၌ ပြန်လည်ပုံဖော်ကြည့်နေသည့်နှယ် တဖြည်းဖြည်း တိုးညှင်းသွားလေ၏။

"ပထမနေရာရရှိသွားတဲ့သူက... လျောင်ကျားရီပဲ။ ကျွန်မ ဒီကိုလာတဲ့လမ်းမှာ သူတို့နဲ့ ဆုံခဲ့တာ။ သူ့ရဲ့ အဖေနဲ့အမေက သဘောကောင်းပြီး ကျွန်မကို သူတို့နဲ့အတူ ခရီးသွားဖို့ ဖိတ်ခေါ်ခဲ့ကြလို့ သူနဲ့ စကားပြောခွင့်ရခဲ့တာ”

“သူ့လိုကျင့်ကြံခြင်းအခြေခံ လုံးဝမရှိတဲ့သူက ပထမနေရာ ရသွားလိမ့်မယ်လို့ ကျွန်မ မယုံနိုင်သေးဘူး..."

'မင်း စကားကို အဆုံးထိ ပြောလို့မရဘူးလား။ မင်း အချိန်ဆွဲနေတာနဲ့ပဲ ဟယ်ရှန်း ဘယ်လောက်တောင် စိတ်မရှည်ဖြစ်နေပြီလဲဆိုတာ မမြင်ဘူးလား’

‘သူ စိတ်တိုပြီး မင်းကို မြားနဲ့ပစ်လိုက်ရင် ငါ လုံးဝ ဝင်တားမှာမဟုတ်ဘူး...'

ကျိုးရီက မျက်လုံးကစားလိုက်မိပြီး ယုမေ၏ အချိန်ဆွဲမှုများအတွက် သူမကို စိတ်ထဲ၌ အမှတ်အနည်းငယ် လျှော့ချလိုက်လေ၏။

ဟယ်ရှန်းသည် သူမ၏ အချိန်ဆွဲမှုကြောင့် အမှန်တကယ်ပင် စိတ်မရှည်ဖြစ်ကာ လှုပ်လှုပ်ရှားရှား ဖြစ်နေပုံရသည်။

ကျိုးရီကိုယ်တိုင်လည်း မိမိကိုယ်ကိုယ် သတိမထားမိဘဲ ယုမေကိုကြည့်နေစဉ် လက်ထဲရှိ ရာစုနှစ်သံသတ္တုကျောက်စိမ်းခဲလေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်၊ ပြန်ဖြည်လိုက် လုပ်နေသည်ကိုမူ လျစ်လျူရှုထားခဲ့၏။

ယုမေက သူမ၏ မယုံကြည်နိုင်သော လေသံကို ဖုံးကွယ်မရဘဲ နောက်ဆုံးတွင် ပြောလိုက်တော့၏။

"လျောင်ကျားရီက ကျွန်မတို့ထဲမှာ အသက်အငယ်ဆုံး ပါဝင်ယှဉ်ပြိုင်သူပဲ။ ရင်ဘတ်မှာ စက်ဝိုင်းပုံတံဆိပ်ပါတဲ့ အပြာရောင်ဝတ်ရုံကို ဝတ်ထားတဲ့ အသက်ခုနစ်နှစ်အရွယ် ကောင်လေးလေ..."

သူတို့အားလုံး တပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။

"သူ ဟုတ်လား..."

ထိပ်တန်းသုံးနေရာရရှိသူများမှာ အမွေဆက်ခံသူများ ဖြစ်ကြလိမ့်မည်ဟု သူတို့အားလုံး တညီတညွတ်တည်း ထင်မှတ်ထားခဲ့ကြ၏။

အသက်ခုနစ်နှစ်အရွယ် ကောင်လေးဖြစ်နေလိမ့်မည်ဟု သူတို့ မည်သို့မျှ မတွေးတောမိခဲ့ကြချေ။

ထိုကောင်လေးသည် ဂိုဏ်းသို့ဝင်ခွင့်ရရန် မျှော်လင့်ချက်မရှိဘဲ မိဘများက ကံစမ်းသည့်သဘောဖြင့်သာ ပါဝင်ခွင့်လျှောက်ထားပေးခဲ့ပြီး တစ်ချက်တည်းနှင့် ကံကောင်းကာ ဂိုဏ်းသို့ဝင်ခွင့်ရရှိသွားလိမ့်မည်ဟုသာ သူတို့အားလုံး ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်ပေသည်။

ထိုသို့သောအတွေးမျိုးမှာ ဖြစ်နိုင်ခြေမရှိသည်တော့ မဟုတ်ပေ။ နှစ်ပေါင်းများစွာအတွင်း မိဘအချို့သည် တစ်လသားအရွယ် ကလေးငယ်များကိုပင် ဂိုဏ်းသို့ဝင်ခွင့်ရရန် စေလွှတ်၍ စမ်းသပ်မှုများ ပြုလုပ်စေခဲ့ကြ၏။

ထိုကလေးငယ်များမှာ ရက်ရက်စက်စက် ပြန်လည်မောင်းထုတ်ခြင်းခံခဲ့ရပြီး ထိတ်လန့်တုန်လှုပ်သွားကြသော်လည်း ထိုကဲ့သို့သော အခြေအနေမျိုးမှာ ယနေ့ထက်တိုင် ဖြစ်ပွားနေဆဲပင်။

ကျိုးရီနှင့် ကျိုးလီချင်းတို့သည် ယန်ချင်း၏တူများထံမှ ထိုပုံပြင်များကို ကြားဖူးခဲ့ကြ၏။

လျောင်ကျားရီတွင် ကျင့်ကြံခြင်းအခြေခံမရှိသောကြောင့် သူ၏အခြေအနေမှာလည်း ထိုကဲ့သို့ပင် ဖြစ်လိမ့်မည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်ပေသည်။

သူတို့သည် ထိုရုတ်တရက်ကြေညာချက်၏ တုန်လှုပ်ဖွယ်ရာ အချက်အလက်များကို လက်ခံနိုင်ရန် အချိန်အနည်းငယ် ယူလိုက်ရ၏။

ကျိုးရီက မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ဖြတ်ပြေးသွားလျက် ခြောက်ကပ်ကပ်ရယ်မောရင်း ပြောလိုက်၏။

"တောင်ထိပ်ကိုရောက်ဖို့ပဲ အာရုံစိုက်ကြရအောင်။ လောလောဆယ်တော့ နေရာက သိပ်အရေးမကြီးပါဘူး။ ဒါပေမဲ့ ထိပ်တန်း ၁၅ ယောက်မပြည့်ခင်တော့ တောင်ပေါ်ရောက်ချင်တယ်”

“သေလောက်အောင်ခက်ခဲတဲ့ တစ်လကြာလေ့ကျင့်ရေးကိုတော့ ငါ မတွေ့ကြုံချင်ဘူး"

ခရမ်းရောင်မြို့တော်တွင် သူဖြတ်ကျော်ခဲ့ရသမျှ အရာအားလုံးမှာ ထိုကိုက်တတ်သောမိုးမခပင်၏ ဖောက်ထွင်းမှုကို ခံရလုနီးပါးဖြစ်ခဲ့သည့် စက္ကန့်အနည်းငယ်နှင့် နှိုင်းယှဉ်လျှင် ဘာမျှမဟုတ်တော့ပေ။

သူ၏ခွန်အားများ တိုးတက်လာခဲ့သော်လည်း သူသည် ထိုသစ်ပင်နှင့် သေခြင်းတရားအပေါ်တွင်မူ ကြောက်ရွံ့မှု အပြည့်ရှိနေဆဲပင်။

ကျန်လူများကလည်း ကျိုးရီ၏စကားကို သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြပြီး ချက်ချင်းပင် အရှိန်မြှင့်တင်၍ ခရီးဆက်လိုက်ကြတော့၏။

All Chapters