← Chapters

အခန်း ၃၄၇

Vol. 35 Ch. 347

အခန်း ၃၄၇

Vol. 35 Ch. 347

အခန်း (၃၄၇) - ခက်ခဲသော ရွေးချယ်မှု

ပါဝင်ယှဉ်ပြိုင်သူခြောက်ဦးအနက် ငါးဦးမှာ သတိပြန်ဝင်လာရန် အချိန်မကြာလိုက်ချေ။

သူတို့သည် ယန်ချင်းအား အလျင်အမြန် လက်သီးစုကာ ဂါရဝပြုလိုက်ကြ၏။

"စာမေးပွဲစစ်ဆေးရေးမှူးကို ဂါရဝပြုပါတယ်ခင်ဗျာ..."

"ကျွန်တော့်ကို ကုသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

ရုတ်တရက်ဖြစ်သွားသောကြောင့် ငါးဦးလုံးထံမှ ထွက်ပေါ်လာသော အသံများမှာ ရောထွေးနေပြီး မညီညာချေ။

ထို့ကြောင့် သူတို့အားလုံး မျက်နှာပျက်သွားကြပြီး မညီညာသော နှုတ်ဆက်စကားများကြောင့် ဂိုဏ်းဝင်ခွင့် ဆုံးရှုံးသွားမည်စိုးသဖြင့် မလုံမလဲဖြစ်နေသော မျက်နှာပေးများဖြင့် ထိုစကားနှစ်ခွန်းကိုသာ တညီတညွတ်တည်း ပြန်လည်ပြောဆိုလိုက်ကြတော့၏။

"ပထမဆုံးအနေနဲ့ မင်းတို့အားလုံးရဲ့ စွမ်းဆောင်ရည်နဲ့ ပန်းတိုင်ကိုရောက်အောင် လှမ်းတက်နိုင်ခဲ့တဲ့အတွက် စိတ်ရင်းမှန်နဲ့ ဂုဏ်ပြုချင်ပါတယ်”

“မင်းတို့အားလုံး တိုက်ပွဲခန်းမတစ်ထောင်နန်းတော်နဲ့ ထိုက်တန်တဲ့ အရည်အသွေးတွေကို ပြသနိုင်ခဲ့ကြတယ်..."

ယန်ချင်းက တာအိုဂါရဝပြုရင်း ပြောလိုက်လေသည်။

ခန်းဟွေ့လန်၊ ရှားပေါ်ချင်းနှင့် တိုင်ချန်တို့ကလည်း ထို့အတူပင် ဂုဏ်ပြုစကားဆိုလိုက်ကြသဖြင့် ပါဝင်ယှဉ်ပြိုင်သူငါးဦး၏ မျက်လုံးများ တောက်ပသွားကြ၏။

အထူးသဖြင့် သူတို့နှင့် သူတို့၏ အရည်အချင်းများကို အနည်းငယ် သိရှိထားသော ယန်ချိုး၏ မျက်လုံးများမှာ ပို၍ပင် တောက်ပနေလေသည်။

ယန်ချင်းက အပြာရောင် ကျောက်စိမ်းအဆောင်ပြားနှစ်ခုကို ထုတ်ယူလိုက်ပြီး ပြောလိုက်၏။

"မုန့်ကျား၊ ယန်ချိုး... ဒါတွေကို ယူထားလိုက်ပါ။ ဒါတွေက မင်းတို့ရဲ့ ဆုလာဘ်တွေပဲ”

“မင်းတို့အနေနဲ့ အခုပဲ ပြင်ပထောက်ပံ့ရေးဌာနခွဲမှာ သွားလဲလှယ်နိုင်သလို လမ်းညွှန်မှုသင်တန်းပြီးဆုံးတဲ့အထိ စောင့်ပြီးမှ အကယ်ဒမီမှာ လဲလို့လည်း ရတယ်”

“တကယ်လို့ ပထမနည်းလမ်းကို ရွေးချယ်မယ်ဆိုရင် ယန်ချိုး... မင်းကပဲ သူမကို လမ်းပြပေးလိုက်ပါဦး..."

"ကျွန်တော် လမ်းပြပေးလိုက်ပါ့မယ်"

ယန်ချိုးက ကြီးကျယ်သော တာဝန်တစ်ခုကို ထမ်းဆောင်ရတော့မည့်အလား လက်သီးတစ်ဖက်ဖြင့် ရင်ဘတ်ကိုပုတ်ကာ အလေးအနက် ပြန်ဖြေလိုက်၏။

"အခု နောက်ထပ်ကိစ္စတစ်ခုကို ဆက်သွားရအောင်။ ယန်ချိုးနဲ့ လျောင်ကျားရီတို့ကလွဲရင် ကျန်တဲ့သူတွေအားလုံးကို စဉ်းစားစေချင်တဲ့ အရာတစ်ခုရှိတယ်”

“အထူးသဖြင့် အသက်ကြီးပိုင်းဖြစ်တဲ့ ပုဖေး... မင်းကိုပေါ့..."

ယန်ချင်း၏ လေးနက်သော စကားများကြောင့် လေထုမှာ ချက်ချင်းပင် လေးလံထိုင်းမှိုင်းသွားလေသည်။

"ငါ ရှင်းရှင်းလင်းလင်း ပြောထားချင်တာ တစ်ခုရှိတယ်။ မင်းတို့ မလိုချင်ရင် ငြင်းပယ်ခွင့်ရှိတယ်”

“ဘယ်လိုဆုံးဖြတ်ချက်ပဲချချ မင်းတို့ရဲ့ ဂိုဏ်းဝင်ခွင့်အပေါ် သက်ရောက်မှုရှိမှာ မဟုတ်သလို ငါတို့အနေနဲ့ မင်းတို့အားလုံးကို ပျိုးထောင်ပေးဖို့ အကောင်းဆုံးကြိုးစားသွားမှာပဲ”

“ငါ ဘာကိုရည်ညွှန်းနေလဲဆိုတာ မင်းတို့အားလုံး ရိပ်မိလိမ့်မယ်ထင်တယ်..."

ယန်ချင်းက သူတို့ငါးဦးကို ကြည့်လိုက်ပြီးနောက် ဖူဖေး၊ ထန်စု၊ ထန်တိနှင့် မုန်ကျားတို့အပေါ် အကြည့်များကိုစုစည်းရင်း ပြောလိုက်လေသည်။

"ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်နဲ့ ချီသန့်စင်ခြင်းနယ်ပယ်တွေမှာ မင်းတို့ရဲ့ အခြေခံအုတ်မြစ်အားနည်းခဲ့မှုက နောင်အနာဂတ်တက်လှမ်းတွေကို ကန့်သတ်သွားလိမ့်မယ်”

“ငါတို့ဂိုဏ်းမှာ ကျင့်ကြံခြင်းအထောက်အပံ့တွေ အများကြီးရှိပေမဲ့လည်း အတိုင်းအတာတစ်ခုအထိပဲ ကူညီပေးနိုင်လိမ့်မယ်”

“မင်းတို့ထဲကတချို့က အရင်က အခြေခံအုတ်မြစ် မခိုင်မာခဲ့တဲ့အတွက် ကိုယ့်ရဲ့ အလားအလာနဲ့ ထိုက်တန်တဲ့အဆင့်ကို မရောက်နိုင်ဘဲ လမ်းခုလတ်မှာ တန့်သွားလိမ့်မယ်”

“ငါ့ရဲ့ တည့်တိုးစကားတွေအတွက် စိတ်မရှိပါနဲ့။ ဒါပေမဲ့ မင်းတို့ရဲ့ အခြေခံတွေက ဂိုဏ်းကသတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ မင်းတို့လုပ်ဆောင်ရမယ့် တာဝန်တွေအတွက်ဆိုရင် သိပ်ကိုပျက်စီးလွယ်လွန်းနေတယ်”

“ဒါက မင်းတို့ ဘယ်အဆင့်ထိ ရောက်နိုင်မလဲဆိုတာအပေါ် သက်ရောက်လိမ့်မယ်။ အနိမ့်ဆုံးစံနှုန်းက ရွှေရောင်ခန္ဓာကိုယ်ဖြစ်ပေမဲ့ မင်းတို့ထဲကတစ်ယောက်မှ အဲဒီအဆင့်ကို မရောက်ခဲ့ကြဘူး”

“ချီသန့်စင်ခြင်းနယ်ပယ်ကိုလည်း ခိုင်မာတဲ့ ခန္ဓာကိုယ်အခြေခံရှိမှ ကောင်းကောင်းလေ့ကျင့်နိုင်မှာ”

“မင်းတို့ထဲကတချို့မှာ ကျင့်စဉ်ကောင်းကောင်း ရှိကောင်းရှိနိုင်ပေမဲ့ ခိုင်မာတဲ့ အခြေခံအုတ်မြစ်မရှိရင်တော့ အဲဒီကျင့်စဉ်တွေရဲ့ အကောင်းဆုံးအစွမ်းအစတွေကို ဖော်ထုတ်နိုင်မှာ မဟုတ်ဘူး..."

ထိုစကားကိုကြားသောအခါ ထန်စုနှင့် ထန်တိတို့ ခေါင်းငုံ့သွားကြ၏။

ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်တွင် သူတို့နှစ်ဦးလုံးမှာ ကြေးအဆင့်သို့သာ ရောက်ရှိခဲ့ကြောင်း ယန်ချင်း သိလေသည်။

မုန်ကျားသည်လည်း ထိုအဆင့်မျှသာဖြစ်သဖြင့် သူမ၏ ခိုင်မာသော စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်က မတောင့်ခံနိုင်ခြင်းပင်။

ပုဖေး၏ အခြေအနေမှာ အဆိုးရွားဆုံးဖြစ်သည်။

သူသည် သံမဏိခန္ဓာကိုယ်အဆင့်မျှသာ ရှိပြီး ချီသန့်စင်ခြင်းနယ်ပယ်အတွက် သူ ကျင့်ကြံခဲ့သော ကျင့်စဉ်မှာလည်း ကြီးမားသော ချို့ယွင်းချက်များ ရှိနေသဖြင့် ချီစီးဆင်းမှု ကမောက်ကမဖြစ်ကာ အတွင်းဒဏ်ရာများစွာ ရရှိစေခဲ့သည်။

ဆောင်းဦးရွက်ကြွေသိုင်းစဉ် ၁၀၈ ချက်ကို စတင်ကျင့်ကြံပြီးမှသာ သူ၏ ချီစီးဆင်းမှုမှာ တည်ငြိမ်လာပုံရလေသည်။

သို့သော်လည်း သူ၏ သွေးကြောမျှင်များ၌ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နေပြီဖြစ်ရာ ၎င်းကို ဂရုမစိုက်ဘဲ ထားလိုက်ပါက အခြေခံတည်ဆောက်ခြင်းနယ်ပယ်သို့ တက်လှမ်းရာတွင် အဟန့်အတားဖြစ်စေနိုင်သကဲ့သို့ အန္တရာယ်လည်း ရှိနိုင်ပေသည်။

"မင်းတို့အတွက် ငါပေးနိုင်တဲ့ ဖြေရှင်းနည်းကတော့ ကိုယ့်ရဲ့ကျင့်ကြံခြင်းတွေကို အားလုံးဖျက်သိမ်းပြီး အစကနေ ပြန်စဖို့ပဲ”

“ဒါက မလွယ်ကူဘူးဆိုတာ ငါသိတယ်။ ဒါကြောင့် မင်းတို့ ဆုံးဖြတ်ဖို့ တစ်လအချိန်ရမယ်။ ပြီးမှ မင်းတို့ရဲ့ နည်းပြတွေကို အကြောင်းကြားလို့ရတယ်”

“ဒီအချက်ကို မင်းတို့ သေသေချာချာ စဉ်းစားကြည့်သင့်တယ်လို့ ငါ ထင်တယ်..."

"မင်းတို့မှာ မေးခွန်းတွေ ဒါမှမဟုတ် စိုးရိမ်စရာတွေရှိရင် မင်းတို့အတွက် သတ်မှတ်ပေးထားတဲ့ နည်းပြတွေက ဖြေရှင်းပေးလိမ့်မယ်”

“ဒါကြောင့် စိုးရိမ်မနေကြနဲ့။ စောစောက ငါပြောခဲ့သလိုပဲ မင်းတို့ ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် ဂိုဏ်းဝင်ခွင့်အပေါ် လုံးဝ သက်ရောက်မှုရှိမှာ မဟုတ်သလို ခံစားခွင့်တွေလည်း လျော့နည်းသွားမှာ မဟုတ်ဘူး..."

ပါဝင်ယှဉ်ပြိုင်သူလေးဦးလုံး၏ မျက်နှာတွင် ရှုပ်ထွေးသော ခံစားချက်များ ပေါ်ပေါက်လာ၏။

အကြောင်းမှာ သူတို့သည် ချီသန့်စင်ခြင်းနယ်ပယ်သို့ ရောက်ရှိနေကြပြီ ဖြစ်သောကြောင့်ပင်။

အထူးသဖြင့် ချီသန့်စင်ခြင်းအဆင့်ခုနစ်သို့ ရောက်ရှိနေပြီး အသက်အရွယ်လည်း ကြီးရင့်နေပြီဖြစ်သော ပုဖေးအတွက် ပို၍ပင် ခက်ခဲလှပေသည်။

သူတို့မျက်လုံးများထဲရှိ စိုးရိမ်ပူပန်မှုများကို မြင်သောအခါ ယန်ချင်းက ပုဖေး၏ မျက်လုံးများအား အထူးတလည်ကြည့်ရင်း ထပ်လောင်းပြောကြားလိုက်လေသည်။

"မင်းတို့ရဲ့ အသက်အန္တရာယ်လည်း မရှိနိုင်သလို အလားအလာတွေလည်း ပျက်စီးသွားမှာ မဟုတ်ဘူး..."

"ထပ်ပြီး ဂုဏ်ပြုပါတယ်၊ တိုက်ပွဲခန်းမတစ်ထောင်နန်းတော်ကနေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်”

“မင်းတို့ရဲ့ အနာဂတ်လမ်းခရီးမှာ အကောင်းဆုံးဖြစ်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်..."

ယန်ချင်းက နွေးထွေးစွာ ပြောလိုက်ပြီးနောက် ဝတ်ရုံလက်စကို ဝှေ့ယမ်းကာ သူတို့အောက်ရှိ နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသက်သွင်းလိုက်လေသည်။

သတိမေ့မြောနေသော လျောင်ကျားရီတစ်ဦးတည်းသာ ကျန်ရစ်ခဲ့ပြီး ကျန်ငါးဦးမှာ ကျောင်းတော်၏ အုပ်ချုပ်ရေးအဆောက်အအုံသို့ နေရာရွှေ့ပြောင်းခြင်းဖြင့် ရောက်ရှိသွားကြလေသည်။

ထိုနေရာတွင် သူတို့၏ ကျောင်းဝင်ခွင့်လုပ်ငန်းစဉ်များကို စတင်ရမည်ဖြစ်ပြီး ထိုနေရာသို့ ကြိုတင်ပို့ဆောင်ထားပြီးဖြစ်သော မိဘများ သို့မဟုတ် အုပ်ထိန်းသူများနှင့်လည်း ဆုံတွေ့ကြရမည် ဖြစ်ပေသည်။

ဒိုင်လူကြီးလေးဦးမှာ သူတို့၏ အာရုံကို အခြားပါဝင်ယှဉ်ပြိုင်သူများထံသို့ ပြန်လည်ရွှေ့လိုက်ကြ၏။

တောင်ထိပ်သို့ရောက်ရှိခဲ့သော ခြောက်ဦးအပြင် အောင်မြင်ရန် နီးကပ်နေသူ အနည်းငယ်လည်း ကျန်ရှိနေသေးသည်။

အတိအကျပြောရလျှင် နှစ်ဦးရှိနေသည်။

သူတို့ထဲမှ တစ်ဦးမှာ ခုနစ်ရောင်ခြယ်သမင်မကြောင့် ပြုတ်သွားခဲ့သော မိသားစုအမွေဆက်ခံသူများထဲမှ ကျန်ရှိနေသူဖြစ်သည်။

ထိုသူသည် တောင်ထိပ်သို့ရောက်ရှိသွားသော ခြောက်ဦးလောက် ပါရမီမထူးချွန်သော်လည်း ခိုင်မာသော အခြေခံအုတ်မြစ်နှင့် တည်ငြိမ်သော စရိုက်ရှိသဖြင့် တောင်ပေါ်သို့ ဖြည်းဖြည်းမှန်မှန် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်၏။

ကျန်တစ်ဦးမှာမူ ပါရမီထူးချွန်သော ဆေးဖော်စပ်သူတစ်ဦး ဖြစ်သည်။

အကယ်၍ သူသည် မတော်တဆ တွေ့ရှိခဲ့သော အထူးဇုန်နယ်မြေအတွင်းရှိ ဆေးဖက်ဝင်ပစ္စည်းအားလုံးကို အသုံးပြုရင်း အချိန်အကြာကြီး မဖြုန်းခဲ့ပါက ယခုထက် ပိုမိုစောစီးစွာ ရောက်ရှိလာနိုင်ပေလိမ့်မည်။

သူသည် ချီသန့်စင်ခြင်းနယ်ပယ်မျှသာ ရှိသော်လည်း အခြေခံတည်ဆောက်ခြင်းနယ်ပယ် ကျင့်ကြံသူများနှင့် သင့်လျော်သည့် အရည်အသွေးကောင်းမွန်သော မြေကမ္ဘာအဆင့် ဆေးလုံးများနှင့် ဆေးရည်များကို ဖော်စပ်နိုင်နေပြီ ဖြစ်သည်။

ဆေးရည်များနှင့် ဆေးလုံးများကို အရည်အသွေးအလိုက် အဆင့် ၁ မှ ၁၂ အထိ သတ်မှတ်ထားသည်။

ယန်ချင်း၏ ခန့်မှန်းချက်အရ ထိုသူဖော်စပ်ထားသော ဆေးလုံးများနှင့် ဆေးရည်များမှာ အဆင့် ၁၂ ရှိပြီး ထိုသို့သောအရည်အသွေးကို ဖော်စပ်နိုင်စွမ်းမှာ ၇၀ ရာခိုင်နှုန်းခန့် ရှိပေသည်။

ထိုဆေးဖော်စပ်သူသည် အသက် ၁၁ နှစ်မျှသာ ရှိသေးသော်လည်း ထိုကဲ့သို့သော အရည်အချင်းများကို ပြသနိုင်ခဲ့ချေပြီ။

ထိုဆေးဖော်စပ်သူကို စဉ်းစားမိသောအခါ သူ၏အကြည့်များမှာ ဟယ်ရှန်းထံသို့ မလွှဲမရှောင်သာ ကျရောက်သွား၏။

ဟယ်ရှန်းသည် ဂိုဏ်း၏ ဆေးဖော်စပ်သူတစ်ဦးတွင် ရှိသင့်ရှိထိုက်သော ပုံစံမျိုးနှင့် ကိုက်ညီနေသောကြောင့် ဖြစ်ပေသည်။

ဂိုဏ်းက ဆေးဖော်စပ်ခြင်းပညာကို သင်ကြားပေးသောအခါ ဆေးနည်းများနှင့် ဆေးရည်ဆေးလုံးများအား မှန်ကန်စွာ ဖော်စပ်နည်းကိုသာ အာရုံစိုက်သည် မဟုတ်ဘဲ ဆေးဖက်ဝင်အပင်များ၏ ဂေဟစနစ်နှင့် စိတ်ဝိညာဉ်သားရဲဗေဒတို့ကိုပါ ပူးတွဲသင်ကြားပေးလေသည်။

သူတို့အနေဖြင့် မည်သည့်ဆေးပင်က မည်သည့်နေရာတွင် ပေါက်ရောက်သည်၊ မည်သည့်တိရစ္ဆာန်များက ဆွဲဆောင်ခံရသည် စသည်တို့ကို သိရှိထားရန် လိုအပ်ပြီး ၎င်းက ဆေးဖက်ဝင်ပစ္စည်းအသစ်များကို ရှာဖွေရာတွင် လိုက်လျောညီထွေ လှုပ်ရှားနိုင်ရန် ကူညီပေးသည်။

ယခုစမ်းသပ်မှုတွင် ဆေးဖော်စပ်ခြင်းပညာ၌ အလားအလာကောင်းသော ပါဝင်ယှဉ်ပြိုင်သူများစွာ ရှိသော်လည်း ပြီးပြည့်စုံသော ဆေးဖော်စပ်သူတစ်ဦးဖြစ်လာရန် မရှိသင့်သော ပေါ့ဆမှုများကြောင့် ပြုတ်သွားခဲ့ကြရလေသည်။

သူတို့မှာ တန်ဖိုးကြီးစိတ်ဝိညာဉ်ဆေးပင်များ၏ ဆွဲဆောင်မှုနောက်သို့ လိုက်ပါသွားကြပြီး ထိုဆေးပင်များနှင့် အတူယှဉ်တွဲနေထိုင်ကြသော စိတ်ဝိညာဉ်သားရဲများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ကြရခြင်းပင်။

အချို့သားရဲများမှာ ကြီးမားကြပြီး အချို့မှာ ဖရုံစေ့အရွယ်မျှသာ ရှိသော်လည်း ရလဒ်ကမူ အတူတူပင် ဖြစ်ပေသည်။

စိတ်ဝိညာဉ်သားရဲများကို သတိမပြုမိဘဲ ပေါ့ဆခဲ့ကြသော ပါဝင်ယှဉ်ပြိုင်သူများမှာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ကြရလေသည်။

ဟယ်ရှန်းမှာ အလားအလာ အလွန်ကောင်းမွန်သည်ဟု ယန်ချင်း ခံစားရ၏။

သူသည် တောင်ထိပ်သို့ရောက်သည်အထိ မတက်လှမ်းနိုင်ခဲ့လျှင်ပင် ဆေးဖော်စပ်မှုကဏ္ဍဌာနခွဲထံမှ အထူးအကြံပြုချက်ရရှိနိုင်ခြေ အလွန်မြင့်မားသည်ဟု သူ ခံစားမိနေလေသည်။

ထိုသူသည် လက်ရှိတွင် ကျိုးရီတို့နှင့်အတူ ပူးပေါင်းကာ တောင်ပေါ်သို့ ဖြည်းဖြည်းချင်း တည်ငြိမ်စွာ တက်လှမ်းနေပေသည်။

သူတို့သည် တိုတောင်းလှသော အချိန်အတွင်း သုံးကီလိုမီတာခန့်ကို ဖြတ်ကျော်ခဲ့ပြီးဖြစ်သော်လည်း ထိုအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းရန် အင်အားအလုံအလောက် ရှိနေသေး၏။

သူတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ အပြစ်ပြောစရာမရှိဘဲ အပေးအယူတည့်ပြီး တစ်ဦးချင်းစီ၏ အားသာချက်များကို အသုံးချနေကြ၏။

သူတို့အားလုံးသည် မိမိတို့၏ သက်ဆိုင်ရာသိုင်းပညာများကို ထုတ်ဖော်ရာတွင် သိသိသာသာ တိုးတက်လာခဲ့ပြီး ထိုအရာကပင် သူတို့၏ စွမ်းအားကို များစွာမြှင့်တင်ပေးခဲ့လေသည်။

သို့သော်လည်း သူတို့၏ အကြီးမားဆုံး အားသာချက်မှာ ယုမေပင် ဖြစ်သည်။

သူမသည် ချီသန့်စင်ခြင်းနယ်ပယ် ပထမအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း ရုပ်ပိုင်းဆိုင်ရာ တိုက်ပွဲနည်းစနစ်ပိုင်းတွင် ကျန်သုံးဦးကို မယှဉ်နိုင်ချေ။

သို့သော်လည်း သူမသည် ချီသန့်စင်ခြင်းနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့စဉ်က သူမ၏ ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံထဲရှိ အစွမ်းသတ္တိတစ်ခုကို နိုးထစေခဲ့လေသည်။

ထိုအစွမ်းသတ္တိကို 'နှလုံးသားကြေးမုံ' ဟု ခေါ်ဆိုလေသည်။

All Chapters