← Chapters

အခန်း ၃၅၀

Vol. 35 Ch. 350

အခန်း ၃၅၀

Vol. 35 Ch. 350

အခန်း (၃၅၀) - ခရီးလမ်း၏ ဖြစ်နိုင်ခြေရှိသော အဆုံးသတ် (၁)

ဟယ်ရှန်း၏ စကားများကို ကြားလိုက်ရပြီးနောက် တစ်ဖွဲ့လုံး တိတ်ဆိတ်သွားကြ၏။

အကောင်းဆုံးအခြေအနေတွင်မူ ကျိုးရီသည် ပိုမိုကောင်းမွန်သော အစီအစဉ်များ ချမှတ်နိုင်ရန်နှင့် ယင်ရုံ၏ စွမ်းရည်များကို အကဲခတ်နိုင်ရန် ထိုတိုက်ပွဲကို အသာချောင်းကြည့်ချင်ခဲ့သည်။

သို့သော်လည်း တိုက်ပွဲထဲသို့ ဇွတ်တိုးဝင်သွားပါက သူတို့အတွက် မရေမရာအခြေအနေနှင့် ရင်ဆိုင်ရမည် ဖြစ်ပေသည်။

အရာရာအတွက် စနစ်တကျ ကြိုတင်စီစဉ်ရသည်ကို သဘောကျသော လူတစ်ယောက်အဖို့ မရေမရာအခြေအနေတစ်ခုထဲ တိုးဝင်ရခြင်းမှာ အလွန်ပင် နေရခက်လှ၏။

ထည့်သွင်းစဉ်းစားရမည့် အပြောင်းအလဲများစွာ ရှိနေသည့်အပြင် ဟယ်ရှန်း၏နည်းလမ်းအတိုင်း လုပ်ဆောင်ခြင်းမှာလည်း အလွန်အန္တရာယ်များလှပေသည်။

ဟယ်ရှန်း၏ အစီအစဉ်အတိုင်း လုပ်ဆောင်ပါက ဖြစ်လာနိုင်သည့် အကောင်းဆုံးနှင့် အဆိုးဆုံးအခြေအနေများကို စဉ်းစားရင်း ကျိုးရီ၏နဖူးပေါ်တွင် အရေးအကြောင်းများ ထင်လာခဲ့၏။

သူ ပိုစဉ်းစားလေလေ အားနည်းချက်များကို ပိုတွေ့လာလေလေဖြစ်သဖြင့် ယခင်ကထက်ပင် ပိုမိုစိုးရိမ်လာရတော့သည်။

ဟယ်ရှန်းက ကျိုးရီ၏အတွေးများကို ဖြတ်တောက်ကာ တည်ငြိမ်စွာ ပြောလိုက်၏။

"ကျိုးရီ... ငါ ဒါကိုပြောလို့ စိတ်မရှိပါနဲ့။ အစီအစဉ်ဆွဲတာက ကောင်းပေမယ့် တစ်ခါတလေကျရင် အဲဒါက မင်းရဲ့ဘဝမှာ ခြေချုပ်တစ်ခု ဖြစ်သွားနိုင်တယ်"

"တစ်ခါတလေမှာ ဘာပြင်ဆင်မှုမှမရှိဘဲ၊ ဘာအစီအစဉ်မှမရှိဘဲ ချက်ချင်းလှုပ်ရှားရမယ့် အချိန်တွေ ရှိတတ်တယ်”

“ကျင့်ကြံခြင်းအဆင့် တက်လှမ်းတာပဲဖြစ်ဖြစ်၊ ရတနာတွေ ရုတ်တရက် ပေါ်လာတာပဲဖြစ်ဖြစ်၊ ကိုယ့်အသက်အန္တရာယ် ဒါမှမဟုတ် ကိုယ်ချစ်တဲ့သူတွေ အန္တရာယ်ကြုံနေရချိန်မှာပဲဖြစ်ဖြစ်ပေါ့"

သူက ဆက်လက်မေးမြန်းလိုက်၏။

"တကယ်လို့ မင်းရှေ့မှာ အဲဒီလိုအခြေအနေမျိုး ကြုံလာရရင် မင်းက စောင့်ဆိုင်းပြီး အစီအစဉ်ဆွဲနေမှာလား။ ဒါမှမဟုတ် ချက်ချင်းလှုပ်ရှားပြီး အခွင့်အရေးကို အရယူမှာလား"

"အဲဒီရွှေဝါရောင်ဆံပင်နဲ့ မိန်းကလေးက ချီသန့်စင်ခြင်းနယ်ပယ်ကို ရောက်နေပြီ။ ဒါကြောင့် သူက ငါတို့ထက် အဆပေါင်းများစွာ ပိုသန်မာတယ်။ သူ မရိပ်မိအောင် ငါတို့ ချောင်းကြည့်နိုင်မယ်လို့ ထင်လား"

ဟယ်ရှန်းက နောက်ထပ်မေးခွန်းတစ်ခု မေးလိုက်ပြန်၏။

"ငါတို့သာ တိုက်ပွဲကို စောင့်ကြည့်ဖို့ သူ့နောက်ကိုလိုက်သွားရင် သူ ရိပ်မိသွားဖို့ ရာခိုင်နှုန်းများတယ်”

“တကယ်လို့ သူသာ ပါးနပ်မယ်ဆိုရင် အလိုက်သင့်တုံ့ပြန်လိမ့်မယ်။ ငါတို့ကို စမ်းသပ်ဖို့ အားနည်းချက်တွေ တမင်ပြတာမျိုး၊ သူ့ရဲ့ တကယ့်ကျင့်စဉ်တွေကို ဖုံးကွယ်ပြီး လှည့်ကွက်တွေသုံးတာမျိုး လုပ်လိမ့်မယ်"

သူက လေသံမာမာဖြင့် ဆက်ပြောလိုက်၏။

"ငါတို့က သူ့အကြောင်းကို ကောင်းကောင်းမသိတော့ ဘယ်ဟာက အစစ်၊ ဘယ်ဟာက အတုလဲဆိုတာ ခွဲခြားနိုင်မှာ မဟုတ်ဘူး”

“သူ့ရဲ့ လှည့်ကွက်ထဲ ကျဆင်းသွားဖို့က အရမ်းလွယ်ကူသလို သူကလည်း ငါတို့ကို သတိထားမိသွားမှာမို့လို့ ငါတို့ရဲ့ အားနည်းချက်ကိုလည်း ပြသလို ဖြစ်သွားလိမ့်မယ်"

"ဒါပေမဲ့ ငါ့နည်းလမ်းအတိုင်း လုပ်မယ်ဆိုရင်တော့ ငါတို့ သူ့ကို ပစ်မှတ်ထားနေတာလား၊ ဒါမှမဟုတ် တစ်ခုခုဆီကနေ ထွက်ပြေးလာတာလားဆိုတာ သူ လုံးဝသိမှာမဟုတ်ဘူး"

"ရုတ်တရက်တိုက်ခိုက်တာက သူ့ကို ဟန်ချက်ပျက်သွားစေနိုင်ပြီး ငါတို့ရော ဟိုလူပိန်လေးရော နှစ်ဖက်လုံးအတွက် အခွင့်အရေးဖြစ်လာလိမ့်မယ်”

“ဒါကြောင့်မို့ မင်းတို့ ဘာပဲလုပ်လုပ် ကိုယ့်အစွမ်းအစကို အပြည့်အဝထုတ်သုံးဖို့ လိုအပ်တယ်"

"တကယ်လို့ အခြေအနေမကောင်းရင် ထွက်ပြေးဖို့ လမ်းချန်ထားမယ်ဆိုပြီး စွမ်းအားချန်ထားတာမျိုး လုံးဝမလုပ်နဲ့"

"တကယ်လို့ မင်းအစီအစဉ်အတိုင်း သွားမယ်ဆိုရင် ရှုံးဖို့သေချာနေတဲ့ ဒီတိုက်ပွဲကို လုံးဝရှောင်ရှားလိုက်တာကမှ ပိုကောင်းဦးမယ်"

ဟယ်ရှန်းက ထပ်မံ၍ မေးခွန်းထုတ်လိုက်၏။

"ယုမေကလွဲရင် ငါတို့အားလုံးက ငွေရောင်ခန္ဓာကိုယ်အဆင့်မှာပဲ ရှိကြသေးတယ်။ အဲဒီမိန်းကလေးက ငါတို့ထက် နယ်ပယ်ကြီးတစ်ခုလုံး သာလွန်နေတာ”

“ငါတို့ ကြေးအဆင့်ကနေ ငွေရောင်ခန္ဓာကိုယ်အဆင့်ကို တက်လှမ်းတုန်းက စွမ်းအားကွာခြားချက်ကို အားလုံး ခံစားမိကြတယ်မလား”

“အဲဒါဆိုရင် ချီသန့်စင်ခြင်းနယ်ပယ်ရဲ့ စွမ်းအားက ဘယ်လောက်တောင် ကြောက်စရာကောင်းမလဲ"

ဤစကားများက ဝေခွဲမရဖြစ်နေသော ကျိုးရီ၏မျက်နှာကို စိုးရိမ်တုန်လှုပ်မှုများနှင့်အတူ ရှင်းလင်းပြတ်သားသွားစေလေသည်။

အထူးဇုန်နယ်မြေအတွင်း ဖြတ်သန်းခဲ့ရသော ခုနစ်ရက်တာအချိန်သည် သူတို့၏ကျင့်စဉ်များကို တိုးတက်စေရုံသာမက ငွေရောင်ခန္ဓာကိုယ်အဆင့်သို့ပါ ဖောက်ထွက်နိုင်စေခဲ့သည်။

ထိုအဆင့်သို့ရောက်ရှိသွားသည့် အခိုက်အတန့်တွင် ကျိုးရီနှင့် အခြားသူများသည် ကြေးအဆင့်နှင့် ငွေရောင်ခန္ဓာကိုယ်အဆင့်ကြား အရည်အသွေးပိုင်း ကွာဟချက်ကို သိသာစွာ ခံစားလိုက်ရလေသည်။

အဆင့်ငယ်လေးတစ်ခုသာ ကွာခြားသော်လည်း စွမ်းရည်ကွာခြားမှုမှာမူ ကောင်းကင်နှင့် မြေကြီးပမာ ကွာခြားလှပေသည်။

အမြင်အာရုံ၊ အထိအတွေ့မှစ၍ ခန္ဓာကိုယ်ထိန်းချုပ်မှုကဲ့သို့သော အခြားအရာများအထိ ခန္ဓာကိုယ်၏ အာရုံခံစားမှုအားလုံးသည် များစွာတိုးတက်လာခဲ့၏။

သူတို့သည် ကြေးအဆင့်တွင် ရှိစဉ်ကထက် အနည်းဆုံး နှစ်ဆခန့် ပိုမိုစွမ်းဆောင်နိုင်လာကြသည်။

သူတို့၏ သွေးသားနှင့် သက်စောင့်အားတို့မှာလည်း အဆမတန် တိုးတက်ကောင်းမွန်လာခဲ့သည်။

ကျိုးရီ၏ခန္ဓာကိုယ်ထဲ၌ ကျန်ရှိနေသေးသော အတွင်းဒဏ်ရာများနှင့် အရိုးအက်ကွဲမှုများမှာ လုံးဝဥဿုံ ပျောက်ကင်းသွားခဲ့ပြီ ဖြစ်၏။

အတွင်းကလီစာများ၊ အကြောများ၊ ကြွက်သားများ၊ အရိုးများ၊ ခြင်ဆီများနှင့် အရေပြားတို့ကို သန့်စင်ပြီးဖြစ်သဖြင့် ပိုမိုတောင့်တင်းလာကာ တိုက်ခိုက်မှုများ၏ ပေါက်ကွဲအားကိုလည်း မြှင့်တင်ပေးလေသည်။

ဤအတိုင်းဆိုလျှင် ကျိုးရီသည် ကြေးအဆင့်ရှိ သူ၏ကိုယ်ပွား ၃ ဦးနှင့် ရင်ဆိုင်ရလျှင်ပင် အလွယ်တကူ အနိုင်ယူနိုင်သည်ဟု ခံစားမိ၏။

ယခုအခါ သူ့တွင် ကီလိုဂရမ် ၅၀၀ ရှိသော လက်သီးချက်စွမ်းအား ရှိနေပြီဖြစ်သည်။

၎င်းမှာ ကြေးအဆင့်တွင် ရှိစဉ်က ကီလိုဂရမ် ၁၈၀ မှ ၂၂၀ ကြားသာ ရှိခဲ့သော အင်အားထက် နှစ်ဆကျော် ပိုမိုများပြားနေခြင်းပင်။

ဤကဲ့သို့ ထင်ရှားသော တိုးတက်မှုကို ရရှိခဲ့သဖြင့် ချီသန့်စင်ခြင်းနယ်ပယ်သို့ ဖောက်ထွက်သွားသည့် ခံစားချက်က မည်သို့ရှိမည်နည်းဟု တွေးကြည့်ရုံမျှဖြင့် သူ တုန်လှုပ်ခြောက်ခြားသွားရ၏။

ထိုပုံရိပ်ကို စိတ်ထဲ၌ မြင်ယောင်လာမိသည့်အခါ သူ၏အတွင်းစိတ်တစ်နေရာမှ ဤအစီအစဉ်ကို ဖျက်သိမ်းပစ်ချင်စိတ်ပင် ပေါက်လာတော့၏။

သူတို့ကိုယ်တိုင်က ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တွင်သာ ရှိနေသေးပြီး ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူနှစ်ဦး၏ တိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်ရန် စဉ်းစားနေကြသည်မှာ မည်မျှ ရူးသွပ်စရာကောင်းလှသနည်း။

'နေဦး... လိုင်ရိုက သံခန္ဓာကိုယ်အဆင့်ကနေ ချီသန့်စင်ခြင်းနယ်ပယ်အထိ တစ်ဟုန်ထိုး တက်လှမ်းသွားခဲ့တာလား'

ကျိုးရီသည် လိုင်ရို၏ ကျင့်ကြံခြင်းအဆင့်ကို ယုမေထံတွင် အတည်မပြုရသေးကြောင်း ရုတ်တရက် သတိရသွားသည်။

ကျိုးရီက မေးလိုက်၏။

"ယုမေ... သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို မင်း သိနိုင်လား"

ယုမေက ပြန်ဖြေလိုက်၏။

"ဒီနေရာကနေတော့ ငါ မပြောနိုင်ဘူး။ အနားကပ်သွားမှပဲ ရလိမ့်မယ်။ အခု ငါကြားနေရတဲ့ အသံတွေက တိုးတိုးလေးတွေဆိုတော့ ဘာမှ သေချာမသိရဘူး"

ကျိုးရီသည် မျက်မှောင်ကြုတ်ကာ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် ပြောလိုက်သည်။

"ဟယ်ရှန်းပြောတဲ့အတိုင်းပဲ လုပ်ကြရအောင်။ ဒါက စွန့်စားရမှန်းသိပေမယ့် အခုအချိန်မှာတော့ ငါတို့ စွန့်စားကြည့်ဖို့ လိုတယ်"

ကျိုးရီက ကျိုးလီချင်းနှင့် ယုမေတို့၏ သဘောထားကို မေးမြန်းလိုက်၏။

အထူးသဖြင့် ယုမေ၏ သဘောထားကို သူ ပို၍သိချင်နေမိသည်။

ဤသည်မှာ ပြိုင်ပွဲမှ ထွက်ခွာရသည်အထိ ဖြစ်သွားနိုင်သော လောင်းကစားတစ်ခုပင်။

ယုမေသည် ချီသန့်စင်ခြင်းနယ်ပယ်တွင် ရှိနေသူဖြစ်သည်။

သူမတွင် လောလောဆယ် တိုက်ပွဲဝင်နိုင်စွမ်း မရှိသေးသော်လည်း သူမ၏ နှလုံးသားကြေးမုံကို အသုံးပြု၍ အန္တရာယ်အမျိုးမျိုးကို ရှောင်ကွင်းကာ တစ်ဦးတည်း လွတ်မြောက်အောင် ပြေးနိုင်စွမ်းရှိပေသည်။

သူမသာ ဘေးကင်းရာကို ရွေးချယ်ခဲ့မည်ဆိုပါက ထိပ်သီးတစ်ဆယ့်ငါးဦးစာရင်းထဲ မဝင်နိုင်သည့်တိုင် တောင်ထိပ်သို့ ရောက်ရှိရန်မှာမူ သေချာပေါက်ပင်။

သူမအနေဖြင့် သူတို့နှင့် ပတ်သက်ရန် မလိုပေ။

သူမက ပြတ်သားစွာဖြင့် ပြန်လည်ဖြေကြားလိုက်၏။

"ငါတို့က တစ်ဖွဲ့တည်းဖြစ်နေပြီပဲ"

ထိုစကားတစ်ခွန်းတည်းနှင့်ပင် အရာအားလုံး လုံလောက်သွားခဲ့ပြီ ဖြစ်သည်။

သူတို့လေးဦးလုံး သဘောတူညီမှု ရရှိပြီးနောက် ပြင်ဆင်မှုအချို့ကို ပြုလုပ်ကြတော့သည်။

အဓိကအားဖြင့် ဓားများမှစ၍ ရာစုသံစရစ်ခဲလေးများအထိ သူတို့၏ လက်နက်ကိရိယာအားလုံးတွင် အဆိပ်လူးခြင်းပင် ဖြစ်သည်။

သူတို့သည် အားနည်းသူများဖြစ်နေသဖြင့် ထိုကွာဟချက်ကို ကျဉ်းမြောင်းစေနိုင်မည့် နည်းလမ်းမှန်သမျှကို အသုံးပြုရမည် ဖြစ်ပေသည်။

အားလုံးအဆင်သင့်ဖြစ်ကြောင်း သေချာသွားသောအခါ တိုက်ပွဲဖြစ်ပွားရာ လားရာဆီသို့ အစွမ်းကုန် အရှိန်မြှင့်၍ ပြေးသွားကြတော့သည်။

ထိုနေရာသို့ ပိုမိုနီးကပ်လာသည်နှင့်အမျှ ယုမေတစ်ဦးတည်းသာမက အားလုံးပင် တိုက်ပွဲသံများကို ကြားလာရ၏။ အသံများအရ တိုက်ပွဲမှာ အလွန်ပြင်းထန်နေပုံရပေသည်။

လမ်းခုလတ်တွင် လူသားများကဲ့သို့ ကြောက်ရွံ့တုန်လှုပ်နေသော မျက်နှာအမူအရာများဖြင့် အသက်လုထွက်ပြေးနေကြသည့် ဝိညာဉ်သားရဲအချို့နှင့်ပင် တိုးမိကြသေးသည်။

ထိုသားရဲများမှာ သူတို့အား တိုက်ခိုက်ရန်ပင် စိတ်မဝင်စားကြချေ။ အချို့ဆိုလျှင် မျက်လုံးများဖြင့် အချက်ပြနေပုံပင် ရ၏။

'ဟိုဘက်ကို မသွားနဲ့... မင်းတို့ သေလိမ့်မယ်...'

သို့သော်လည်း ထိုစေတနာရှေ့ထားသည့် သတိပေးချက်များမှာ လေထဲတွင်သာ ပျောက်ကွယ်သွားခဲ့ရလေတော့သည်။

All Chapters