အခန်း ၁၂၂
Vol. 13 Ch. 122
အခန်း (၁၂၂) - တိတ်တဆိတ် ကျူးကျော်ဝင်ရောက်ခြင်း
ဓားတစ်သန်းခန်းမ…
ခန်းမအတွင်း၌ ချင်းယန်ဇီနှင့် ကျောက်ချင်းယင်တို့သည် ဘေးချင်းယှဉ်လျက် ထိုင်နေကြလေသည်။
ချင်းယန်ဇီက သူ၏ မုတ်ဆိတ်မွှေးကိုသပ်နေစဉ် ကျောက်ချင်းယင်မှာမူ အလွန်အမင်း ပျင်းရိငြီးငွေ့နေသည့်အလား စားပွဲခုံကို တတောက်တောက် ခေါက်နေလေသည်။
ခဏအကြာတွင် ကျောက်မင်ယဲ့ ဝင်ရောက်လာသည်။
သူ၏ ဝတ်ရုံပေါ်တွင် သွေးကွက်များပေကျံနေပြီး သတင်းလာရောက်ပို့သရန်အတွက် ဝတ်ရုံသစ်ပင် လဲလှယ်ချိန် မရခဲ့ချေ။
သူက လက်နှစ်ဖက်ကိုပူးယှက်ကာ ထိုနှစ်ဦးလုံးကို ဦးညွှတ်ဂါရဝပြုလိုက်သည်။
“အသုံးဝင်မယ့် သတင်းတစ်ခုခု ရခဲ့လား”
ချင်းယန်ဇီက မေးလိုက်သည်။
ကျောက်မင်ယဲ့က ခေါင်းညိတ်ပြလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အနီးအနားတွင် အစေခံတပည့်အချို့ရှိနေသဖြင့် စကားပြောရန် တုံ့ဆိုင်းနေဟန် တူပေသည်။
ချင်းယန်ဇီက လက်ကိုမြှောက်လိုက်ရာ ဖြူဖွေးသောအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူအပါအဝင် ကျောက်ချင်းယင်နှင့် ကျောက်မင်ယဲ့တို့ကို လွှမ်းခြုံသွားလေသည်။
“အခု လွတ်လွတ်လပ်လပ် ပြောလို့ရပြီ။ အပြင်ကလူတွေ ဘာအသံမှ ကြားနိုင်မှာ မဟုတ်ဘူး”
“ကျုပ် လုတိရဲ့ မှတ်ညာဏ်တွေထဲကနေ သိရသလောက်တော့ သူတို့တွေ ဧကရာဇ်ရဲ့ ကိုယ်လုပ်တော်နဲ့ ဆက်စပ်နေတဲ့ အကြံအစည်တစ်ခုကိုလုပ်ဖို့ ပြင်ဆင်နေကြတယ်”
“သူတို့တွေက ဂိုဏ်းအသီးသီးတင်မကဘူး နန်းတွင်းထဲအထိပါ သူလျှိုတွေ ထည့်ထားကြပါတယ်”
“ကျုပ်ဆီမှာ ချင်ဖုန်းဂိုဏ်းထဲက သူလျှိုတွေရဲ့ နာမည်စာရင်း ရှိပါတယ်”
ကျောက်မင်ယဲ့က ရှေ့သို့လှမ်းလာပြီး စာအိတ်တစ်အိတ်ကို ချင်းယန်ဇီထံသို့ ကမ်းပေးလိုက်သည်။
“သူတို့ကို သတ်ပစ်လိုက်ရမလား”
ချင်းယန်ဇီက နာမည်စာရင်းကို ဖတ်ရှုရင်း ပြောလိုက်လေသည်။
“မြွေကိုမခြောက်လန့်မိစေနဲ့ဦး။ ဒီသူလျှိုတွေကို အနီးကပ်စောင့်ကြည့်ထားပြီး တခြားဂိုဏ်းတွေကိုလည်း သူတို့ဂိုဏ်းထဲက သူလျှိုတွေက ဘယ်သူတွေလဲဆိုတာ သတိပေးလိုက်”
ချင်းယန်ဇီက ဆက်လက်၍ မေးလိုက်သည်။
“ဧကရာဇ်ရဲ့ ကိုယ်လုပ်တော်ကိစ္စနဲ့ပတ်သက်ပြီး... အခု ထန်ခွန်းဘယ်မှာလဲ”
ကျောက်မင်ယဲ့က ပြန်ဖြေလိုက်သည်။
“ထန်ခွန်းက နန်းတော်ထဲမှာ ရောက်နေပြီး ကိုယ်လုပ်တော်ကို ပြုစုစောင့်ရှောက်ပေးနေပါတယ်”
ဤစကားကို ကြားလိုက်ရချိန်တွင် ချင်းယန်ဇီ၏စိတ်ထဲ၌ မကောင်းသော နိမိတ်တစ်ခု ရရှိလိုက်လေသည်။
ထန်ခွန်းသည်လည်း ထိုလျှို့ဝှက်အကြံအစည်တွင် ပါဝင်ပတ်သက်နေသည်မှာ သေချာသလောက်ရှိပေသည်။
ကျောက်ချင်းယင်က စိတ်မရှည်နိုင်တော့ဘဲ ပြောလိုက်သည်။
“ကျုပ်ကိုပဲ လွှတ်လိုက်စမ်းပါ။ သူ့ကို အပိုင်းပိုင်းဖြစ်အောင် သွားခုတ်ပစ်လိုက်မယ်”
“မင်း မေ့နေတာလား။ အခု ထန်မိသားစုခေါင်းဆောင်က မြောက်ပိုင်းစစ်သူကြီး ဖြစ်နေတာလေ”
“သူကသာ ငါတို့နဲ့ လူသိရှင်ကြား ရန်သူဖြစ်သွားမယ်ဆိုရင် ဧကရာဇ်က ငါတို့ဘက်က ရပ်တည်ပေးချင်မှ ရပ်တည်ပေးလိမ့်မယ်”
“မိစ္ဆာသားရဲတွေနဲ့ လူရိုင်းတွေရဲ့အန္တရာယ်ကနေ မြောက်ပိုင်းဒေသကို ကာကွယ်ဖို့အတွက် ဧကရာဇ်က သူ့ကို လိုအပ်နေတာ”
ကျောက်ချင်းယင်သည် စကားပြောရန် လက်ကိုမြှောက်လိုက်သော်လည်း မည်သည့်စကားမျှမပြောဘဲ လက်ကိုပြန်ချလိုက်လေသည်။
ချင်းယန်ဇီ၏ ပြောစကားမှာ မှန်ကန်ကြောင်း သိပေသည်။
ကိစ္စရပ်တစ်ခုချင်းစီမှာ အပြန်အလှန်ဆက်နွှယ်နေပြီး ခြေလှမ်းတစ်လှမ်း မှားယွင်းသွားသည်နှင့် လူပေါင်းများစွာ အသက်ဆုံးရှုံးရနိုင်ပေသည်။
ထို့ကြောင့်ပင် သူသည် နှစ်ပေါင်းများစွာ လှည့်လည်သွားလာနေခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့ စိုးရိမ်ပူပန်ကာ ဟန်ချက်ညီအောင် ထိန်းညှိနေရခြင်းမှာ သူ၏ တာအို မဟုတ်ပေ။
ကျောက်ချင်းယင်က မေးလိုက်သည်။
“ဒါဆို မင်းမှာ ဘာအကြံရှိလဲ”
ကျောက်မင်ယဲ့က ပြောလိုက်သည်။
“သူတို့ဆီမှာ ငါတို့အသုံးချနိုင်မယ့် အဆက်အသွယ်နေရာတစ်ခု ရှိတယ်။ သူတို့ဆီကို တစ်ယောက်ယောက်လွှတ်ပြီး ကျူးကျော်ဝင်ရောက်ခိုင်းတာ အကောင်းဆုံးပဲ”
ချင်းယန်ဇီ ခေါင်းညိတ်လိုက်လေသည်။
ရုပ်ပြောင်းရုပ်လွှဲမျက်နှာဖုံးရှိသည့် ဟွမ်ယွမ်ခွန်းသည် ဤတာဝန်အတွက် အသင့်တော်ဆုံးလူ ဖြစ်ပေလိမ့်မည်။
ချင်းယန်ဇီက ပြောလိုက်သည်။
“ငါတို့ အဲဒီအတိုင်းလုပ်ပြီး သတိကြီးကြီးထားရမယ်။ နောက်ထပ် ဘာပဲကြုံလာပါစေ... ဧကရာဇ်ဆီကနေ လာတာ ဖြစ်နိုင်တယ်”
ကိုယ်လုပ်တော်၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ဧကရာဇ်မှ ချင်ဖုန်းဂိုဏ်းအား ရန်သူအဖြစ် သတ်မှတ်လာမည်ကို စိုးရိမ်နေမိခြင်းပင်။
…
ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်...
လင်းဖန်သည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီးနောက် နေ့စဉ်နေ့တိုင်း ခန္ဓာကိုယ်ကြံ့ခိုင်ရေး သိုင်းပညာနည်းစနစ်များကို လေ့လာသင်ယူရန် သွားရောက်လေသည်။
စွန်းဟိုင်သည် စိတ်သဘောထားပြည့်ဝပြီး သူသိသမျှ အရာအားလုံးကို သင်ကြားပြသပေးလေသည်။
ယခုအချိန်တွင် လင်းဖန်၏ အရှေ့၌ သဲများနှင့် ဆေးဖက်ဝင်အပင်များ ရောစပ်ထားသည့် ဒယ်အိုးကြီးတစ်လုံး ရှိနေသည်။
ထိုဒယ်အိုးကို အပူပေးထားစဉ် သူသည် လက်နှစ်ဖက်ကို သဲများထဲသို့ ထိုးသွင်းထားရမည် ဖြစ်သည်။
အပူဒဏ်ကို မခံနိုင်တော့သည့်အဆုံးတွင် သူသည် လက်ကိုပြန်ဆွဲထုတ်ကာ ဘေးနားရှိသံမဏိတုံးကြီးကို ရိုက်နှက်ရမည် ဖြစ်သည်။
ဘေးနားတွင်ရှိနေသော စွန်းဟိုင်မှာမူ အံ့ဩတုန်လှုပ်စွာဖြင့် ငေးကြည့်နေစဉ် လင်းဖန်သည် ဤလုပ်ငန်းစဉ်ကို ထပ်တလဲလဲ ပြုလုပ်နေလေသည်။
သဲပူများက အရေပြားကို လောင်ကျွမ်းစေသည့်ဒဏ်မှာ သည်းမခံနိုင်လောက်အောင် ပြင်းထန်လှသဖြင့် လင်းဖန်တစ်ယောက် နာကျင်စွာ အော်ဟစ်ညည်းတွားလိမ့်မည်ဟု စွန်းဟိုင်က ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် လင်းဖန်မှာမူ ဘာမျှမဖြစ်သကဲ့သို့ အေးအေးဆေးဆေးပင် ပြုလုပ်နေချေသည်။
သူ၏ သားရဲစွမ်းရည်များကြောင့် သူသည် တူညီသော ကျင့်ကြံခြင်းအဆင့်ရှိသည့် အခြားသူများထက် သာလွန်နေခြင်း ဖြစ်ပေသည်။
သို့သော်ငြား ကျင့်ကြံခြင်းမှာလည်း အထောက်အကူ ဖြစ်စေသည်မှာ အမှန်ပင်။
ဤသို့ ပြုလုပ်နေစဉ်အတွင်း သူ၏ အရေပြား၊ အသားစိုင်နှင့် အရိုးများမှာ ပိုမိုကြံ့ခိုင်လာသည်ကို ခံစားသိရှိနေရသည်။
သူ၏ မူလမြေကြီးခံတပ်စွမ်းရည်ကို ထုတ်မသုံးထားသည့်တိုင်အောင် ထိုသို့ခံစားနေရခြင်းဖြစ်သည်။
စွန်းဟိုင်က သူ၏ လှုပ်ရှားမှုကို မည်သည့်မှတ်ချက်မျှ သိပ်မပေးသည်ကို သတိပြုမိသွားသဖြင့် လင်းဖန်က မေးလိုက်သည်။
“ဂိုဏ်းတူအစ်ကိုကြီး... ကျုပ် လုပ်နေတာ အဆင်ပြေရဲ့လားဗျ”
စွန်းဟိုင်က ပြန်ဖြေလိုက်သည်။
“မင်း... မင်း လုပ်တာကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ဒီထက် ပိုကောင်းအောင် လုပ်နိုင်ပါသေးတယ်”
လင်းဖန် ခေါင်းညိတ်လိုက်သည်။ ထိုစကားမှာ သူသည် အခြားသူများထက် သာလွန်နေသည်ကို ဆိုလိုခြင်းဖြစ်မှန်း နားလည်လေသည်။
စွန်းဟိုင်က ဆက်ပြောလိုက်သည်။
“ကဲ... အခု ဒီသံမဏိတုံးကြီးထဲကို မင်း ဘယ်လောက်အထိ နက်နက် ထိုးသွင်းနိုင်မလဲဆိုတာ စမ်းကြည့်လိုက်ဦး”
ထိုသံမဏိတုံးကို အထူးသတ္တုပစ္စည်းဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်မှ တပည့်များက သူတို့၏ လက်ဖဝါးများ မည်မျှအထိ ကြံ့ခိုင်မှုရှိကြောင်း စမ်းသပ်တိုင်းတာရန် အသုံးပြုကြခြင်း ဖြစ်ပေသည်။
လင်းဖန်က သူ၏ လက်မောင်းတစ်ပြင်လုံးကို ထိုသံမဏိတုံးကြီးထဲသို့ နက်ရှိုင်းစွာ ထိုးသွင်းလိုက်သည်ကိုကြည့်ရင်း စွန်းဟိုင်မှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။
ဤမျှတိုတောင်းလှသော အချိန်အတွင်း ထိုသို့ပြုလုပ်နိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ဖူးချေ။
စွန်းဟိုင်ကိုယ်တိုင်ပင် လက်ချောင်းဆစ်များ၏ တစ်ဝက်ခန့်သာ ထိုးသွင်းနိုင်လေသည်။
လင်းဖန် ယခုပြသလိုက်သည့် အခြေအနေနှင့်မူ လုံးဝ နှိုင်းယှဉ်၍မရနိုင်ပေ။
စွန်းဟိုင်သည် သူ၏ အံ့ဩတုန်လှုပ်မှုကို အတတ်နိုင်ဆုံးဖုံးကွယ်ထားရင်း ပြောလိုက်လေသည်။
“ဟင်း... မဆိုးပါဘူး။ ဒီနေ့အတွက်တော့ ဒီလောက်ပဲ။ ကိုယ်လက်သန့်စင်ပြီး သွားနားလိုက်တော့”
“အားလုံးပြီးရင် တာဝန်ခန်းမကိုသွားပြီး မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို ပြင်ဆင်လိုက်ဦး။ မင်းက အခု အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်သွားပြီဆိုတော့ မင်းကို ပေးအပ်မယ့်တာဝန်တွေကလည်း အရင်ကထက်ပိုပြီး ခက်ခဲလိမ့်မယ်”
လင်းဖန်က ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ... ဂိုဏ်းတူအစ်ကိုကြီး”
ကျင့်ကြံခြင်း ပြီးဆုံးသွားပြီးနောက် လင်းဖန်သည် ညွှန်ကြားချက်အတိုင်း တာဝန်ခန်းမသို့ ထွက်ခွာခဲ့လေသည်။
သို့သော် ထိုသို့မသွားမီ သူသည် ဓားတောင်ထွတ်သို့ အရင်သွားရောက်ခဲ့သည်။
သူသည် ဟိုမင်နှင့် မတွေ့ရသည်မှာ အတော်အတန်ကြာပြီဖြစ်သဖြင့် ဟိုမင်၏ ကျင့်ကြံမှု တိုးတက်မှုကိုလည်း သိရှိလိုနေခြင်းဖြစ်သည်။
အကယ်၍ ဟိုမင်သာ မိုးကြိုးပေါက်ကွဲမှုဓားသိုင်းကို ကျွမ်းကျင်စွာ တတ်မြောက်သွားပါက အမှန်တကယ်ပင် အံ့အားသင့်စရာကောင်းပေလိမ့်မည်။
လင်းဖန်ကို လှမ်းမြင်လိုက်သည်နှင့် ဟိုမင်သည် သူရှိရာသို့ အပြေးရောက်လာလေသည်။
“လင်းဖန်”
လင်းဖန်က မေးလိုက်သည်။
“မိုးကြိုးပေါက်ကွဲမှုဓားသိုင်းကျင့်တာ ဘယ်လိုလဲ... အဆင်ပြေရဲ့လား”
ဟိုမင်က ပုခုံးတွန့်ပြရင်း ပြောလိုက်သည်။
“သိပ်တော့ အဆင်မပြေလှဘူးကွာ။ ငါ အခုထိ တစ်ကွက်ပဲတတ်သေးတယ်။ အဖေသာသိရင်တော့ ငါ့ကို အာရုံနောက်အောင် လုပ်တော့မှာပဲ”
လင်းဖန် ခေါင်းခါလိုက်သည်။
ဟိုမင်မှာမူ ဟိုဖူ၏ အမြဲတစေ ဖိအားပေးမှုအောက်တွင် ရုန်းကန်နေရဆဲဖြစ်ပုံပင်။
“မင်းက တော်တော်တော်ပါတယ်ကွာ။ ငါဆိုရင် အရင်က ချီစွမ်းအင် မလုံလောက်လို့ ဓားကွက်နှစ်ကွက်ကို သေချာရင်းနှီးအောင် မလုပ်နိုင်ခဲ့ဘူး။ အခု ငါ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ပြီဆိုတော့ အဆင်ပြေပြေ လုပ်နိုင်လောက်တယ်”
ဟိုမင်က လင်းဖန်အတွက် ဝမ်းသာအားရ ဖြစ်သွားလေသည်။
“အခြေခံတည်ဆောက်ခြင်းအဆင့်လား... ဒါ တကယ့်ကို သတင်းကောင်းပဲ”
လင်းဖန်၏ လေ့လာသင်ယူမှု မြန်ဆန်နှုန်းမှာ အခြားသူအားလုံးထက် သာလွန်လျက်ရှိရာ နှိုင်းယှဉ်စရာပင် မလိုချေ။
ထို့နောက် သူတို့နှစ်ဦးလုံး တာဝန်ခန်းမသို့ အတူတူ ထွက်လာခဲ့ကြသည်။
လင်းဖန်သည် တုံ့ဆိုင်းမနေဘဲ စာရင်းကောင်တာရှိ တပည့်ဖြစ်သူထံသို့ တိုက်ရိုက် လျှောက်လှမ်းသွားလိုက်သည်။
လင်းဖန်က ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ပြင်ဆင်ဖို့ လာခဲ့တာပါ”
ကောင်တာရှိ တပည့်ဖြစ်သူမှာ သူ ကြားလိုက်ရသည်ကို မသေချာသကဲ့သို့ ဖြစ်သွားသည်။
“မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို လာပြင်တာ ဟုတ်လား”
လင်းဖန်တစ်ယောက် ချင်ဖုန်းဂိုဏ်းသို့ ဝင်ရောက်လာသည်မှာ မကြာသေးကြောင်း သူ မှတ်မိနေပေသည်။
ဤမျှမြန်ဆန်စွာဖြင့် အဆင့်တက်လှမ်းနိုင်ခြင်းမှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။
လင်းဖန်က ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ်... ဂိုဏ်းတူအစ်ကိုကြီးစွန်းဟိုင်က ကျွန်တော့်ကို လာပြင်ခိုင်းလိုက်တာပါ”
ကောင်တာရှိတပည့်သည် လင်းဖန်အား သက်သေပြရန် တောင်းဆိုတော့မည့်ဆဲဆဲမှာပင် လက်ထဲတွင် ယပ်တောင်တစ်ချပ် ကိုင်ဆောင်ထားသော လူတစ်ယောက် တာဝန်ခန်းမထဲသို့ ဝင်ရောက်လာသည်ကို လှမ်းမြင်လိုက်ရလေသည်။