အခန်း ၁၂၃
Vol. 13 Ch. 123
အခန်း (၁၂၃) - ဆုလာဘ်များ
“အား... ငါတို့ ပြန်ဆုံကြပြန်ပြီပဲ။ နေ့စဉ်နေ့တိုင်း နေမင်းကြီးက တောင်တန်းကြီးနဲ့ ဆုံတွေ့ရသလိုမျိုးပေါ့”
ဟွမ်ယွမ်ခွန်းသည် ယပ်တောင်ကိုခတ်လိုက်ရာ ဆံနွယ်များက နောက်သို့ လွင့်ပျံသွားလေသည်။
သူ့နောက်မှ လိုက်ပါလာသော အမျိုးသမီးတပည့်များမှာ ထိုမြင်ကွင်းကိုမြင်လျှင် စိတ်လှုပ်ရှားစွာဖြင့် အသက်ရှူမှားမတတ် ဖြစ်သွားကြသည်။
သူသည် အလွန်ပင် ခန့်ညားလွန်းလှပေသည်။
၎င်းတို့မှာ ဟွမ်ယွမ်ခွန်းအား ကြည့်မဝဖြစ်နေကြတော့သည်။
“ဂိုဏ်းတူအစ်ကိုကြီး... ကျွန်တော်တို့လို သာမန်လူတွေလိုပဲ ပုံမှန် စကားမပြောနိုင်ဘူးလားဗျာ”
လင်းဖန်က နားထင်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။ ဟွမ်ယွမ်ခွန်း၏ ထူးဆန်းသောအပြုအမူများကို ကျင့်သားရရန် အချိန်လိုအပ်ပေဦးမည်။
“အဟမ်း... ရတာပေါ့။ ဒါနဲ့ မင်းတို့ ဒီကို ဘာလာလုပ်ကြတာလဲ”
ဟွမ်ယွမ်ခွန်းက ချောင်းတစ်ချက်ဟန့်ကာ မေးလိုက်သည်။
လင်းဖန်က ပြန်လည်ဖြေကြားလိုက်သည်။
“ညွှန်ကြားထားတဲ့အတိုင်း ကျွန်တော့်ရဲ့ ကျင့်ကြံမှုအဆင့်အသစ်ကို မှတ်တမ်းတင်ဖို့ပါ”
ထိုစကားကို ကြားသောအခါ ဟွမ်ယွမ်ခွန်း၏မျက်ဝန်းများ တောက်ပသွားပြီး ဆက်မေးလိုက်သည်။
“ကောင်းလိုက်တာ။ ဒါဆိုရင် မင်း တာဝန်တစ်ခုထမ်းဆောင်ဖို့ အားနေပြီပေါ့”
“ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒီကောင်တာက တပည့်ကတော့ ကျွန်တော်နောက်နေတယ်လို့ ထင်နေတာဗျ”
လင်းဖန်က ကောင်တာရှိ တပည့်ဖြစ်သူဘက်သို့လှည့်ကာ ပြောလိုက်သည်။
“ကောင်းပြီ၊ ငါ ကြည့်ပေးမယ်”
ဟွမ်ယွမ်ခွန်းက လက်နှစ်ဖက်ကိုဆန့်တန်းကာ မျက်လုံးများကိုမှိတ်လိုက်ရင်း ပြောလိုက်သည်။
ခေတ္တမျှကြာပြီးနောက် မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။
သူသည် ကောင်တာမှ တပည့်ဖြစ်သူဘက်သို့လှည့်ကာ ပြောလိုက်သည်။
“သူက အခု အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ရှိသွားပြီဆိုတာ ငါ သက်သေခံနိုင်တယ်”
ကောင်တာမှ တပည့်ဖြစ်သူသည် အလျင်အမြန်ခေါင်းညိတ်လိုက်ပြီး သူ့ရှေ့ရှိ စာလိပ်ပေါ်တွင် အချက်အလက်များကို ရေးမှတ်လိုက်လေသည်။
“ကဲ... အခုတော့ အားလုံး ပြီးသွားပြီဆိုတော့ ငါ့နောက်ကို လိုက်ခဲ့ကြ။ ဂိုဏ်းချုပ်ကြီးဆီ သွားတွေ့မယ်”
ဟွမ်ယွမ်ခွန်းက လင်းဖန်နှင့် ဟိုမင်တို့ကိုလိုက်ခဲ့ရန် အချက်ပြပြီးနောက် တာဝန်ခန်းမထဲမှ ထွက်ခွာသွားလေသည်။
လင်းဖန်က ဟိုမင်ကို တစ်ချက် ကြည့်လိုက်သည်။
၎င်းတို့သည် တစ်ဦးကိုတစ်ဦး ခေါင်းညိတ်ပြလိုက်ကြပြီးနောက် တာဝန်ခန်းမထဲမှထွက်ကာ ဟွမ်ယွမ်ခွန်း၏နောက်မှ လိုက်ပါသွားကြတော့သည်။
လမ်းခရီးတွင် ဟိုမင်က မေးလိုက်သည်။
“ဂိုဏ်းတူအစ်ကိုကြီး... စောစောက လင်းဖန်ရဲ့ ကျင့်ကြံမှုအဆင့်ကိုစစ်ဆေးဖို့ သုံးလိုက်တဲ့သိုင်းနည်းစနစ်က ဘာလဲဗျ”
“သိုင်းနည်းစနစ် ဟုတ်လား။ ငါ ဘာနည်းစနစ်မှမသုံးပါဘူး။ ငါက ဂိုဏ်းချုပ်ကြီးရဲ့ တိုက်ရိုက်တပည့်တစ်ယောက်ဆိုတော့ ငါပြောရင် သူတို့ ယုံကြတာပဲ။ မင်း သင်ယူရဦးမယ် ဟိုမင်ရ”
ဟွမ်ယွမ်ခွန်းက ပြုံးလျက် ပြောလိုက်သည်။
ဟိုမင်သည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဟွမ်ယွမ်ခွန်းသည် မြင်တွေ့ရသည်နှင့် မတူညီသူတစ်ဦးဖြစ်ကြောင်းကို စိတ်ထဲတွင် ပြန်လည် သတိပေးလိုက်မိသည်။
…
ဓားတစ်သန်းခန်းမ…
၎င်းတို့ သုံးဦးလုံးသည် ချင်းယန်ဇီ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေကြလေသည်။
လင်းဖန်သည် မျက်နှာကြက်တွင် ချိတ်ဆွဲထားသောဓားများကို မော့ကြည့်လိုက်မိသည်။
‘တကယ့်ကို ဖြုန်းတီးရာ ရောက်တာပဲ’
သူ့စိတ်ထဲတွင် တွေးလိုက်မိသည်။
‘ဒီဓားတွေက တန်ဖိုးကြီးမှာ သေချာတယ်’
‘ငါသာ ဒီဓားအချို့ကို ပြန်အသုံးပြုခွင့် ဒါမှမဟုတ် ပြန်ပြုပြင်ခွင့်ရရင် သိပ်ကောင်းမှာပဲ’
ဟိုမင်မှာမူ ထိုအဖိုးတန် ဓားများကို အံ့ဩတကြီး မော့ကြည့်ရင်း ငေးမောနေမိတော့သည်။
“ဒါ မင်းနဲ့အတူ ခေါ်သွားချင်တဲ့ တပည့်နှစ်ယောက်လား”
ချင်းယန်ဇီ ရောက်ရှိလာသောအခါ သူက ဟွမ်ယွမ်ခွန်းကို လင်းဖန်နှင့် ဟိုမင်တို့အကြောင်း မေးမြန်းလိုက်သည်။
သူသည် ဟွမ်ယွမ်ခွန်းအနေဖြင့် စွန်းဟိုင် သို့မဟုတ် အခြားသော ဝါရင့်ဂိုဏ်းတူအစ်ကိုကြီးများကို ခေါ်ဆောင်လာလိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။
“သူတို့က တပည့်ငယ်လေးတွေပဲရှိသေးတာကို။ မင်းက ဘာဖြစ်လို့ သူတို့ကို ရွေးချယ်ရတာလဲ”
ချင်းယန်ဇီက မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ သူတို့က ကျွန်တော့်စကားကို နားထောင်ကြပြီးတော့ အခြေအနေကိုကြည့်ပြီး ပါးပါးနပ်နပ် လုပ်ဆောင်တတ်ကြလို့ပါ။ တကယ်လို့ ကိုယ်ပိုင်အစီအစဉ်တွေနဲ့ စိတ်ကြီးဝင်နေတဲ့ တပည့်ကြီးတွေကိုခေါ်သွားရင် ကမောက်ကမ ဖြစ်သွားလိမ့်မယ်”
ဟွမ်ယွမ်ခွန်းက ပြန်ဖြေလိုက်သည်။
ချင်းယန်ဇီက ခေါင်းညိတ်လိုက်သည်။
ဟွမ်ယွမ်ခွန်းပြောသည်မှာ မှန်ကန်ကြောင်း သူ သိရှိပေသည်။
အကယ်၍ ဝါရင့်တပည့်ကြီးများသာဆိုပါက ၎င်းတို့သည် တစ်ဦးထက်တစ်ဦး သာလွန်ရန်သာ အချိန်ကုန်နေကြပေလိမ့်မည်။
“ပြီးတော့ လင်းဖန်မှာ အတော်လေးအသုံးဝင်တဲ့ စွမ်းရည်အချို့လည်း ရှိသေးတယ်ဗျ”
ဟွမ်ယွမ်ခွန်းက ထပ်ပြောလိုက်သည်။
ချင်းယန်ဇီသည် လင်းဖန်ဘက်သို့ လှည့်ကာ စူးစိုက်ကြည့်လိုက်သည်။
သူသည် လင်းဖန်ကိုကြည့်ရင်း ယခင်က မည်သည့်နေရာတွင် မြင်ဖူးခဲ့သည်ကို ပြန်လည်စဉ်းစားရန် ကြိုးစားလိုက်သည်။
ခေတ္တမျှကြာပြီးနောက် သူသည် နောက်ဆုံး၌ မှတ်မိသွားပြီး ပြောလိုက်တော့သည်။
“ငါ မှတ်မိပြီ။ မင်းက အမည်မသိ ကျင့်ကြံခြင်းအမြုတေကို ပိုင်ဆိုင်ထားတဲ့လူပဲ”
“ဟုတ်ပါတယ် ဂိုဏ်းချုပ်”
လင်းဖန်သည် ရှေ့သို့ တစ်လှမ်းတိုးကာ အရိုအသေပြုလိုက်သည်။
ချင်းယန်ဇီက ပြောလိုက်သည်။
“ငါ... အင်း... အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျမ်းစာတိုက်မှာသွားရှာဖို့ အချိန်မရသေးဘူး။ ဒါပေမဲ့ အခုလောလောဆယ် မင်းတို့သုံးယောက်အတွက် ဒီထက်ပိုပြီး အရေးကြီးတဲ့ ကိစ္စတစ်ခုရှိတယ်”
သူသည် မတ်တတ်ရပ်လိုက်ပြီးနောက် လက်ခါယမ်းကာ အဖြူရောင်အလင်းတန်းကို တစ်ဖန်ပြန်လည် ထုတ်လွှတ်လိုက်ပြန်သည်။
ထို့နောက် သူသည် တာဝန်အကြောင်းကို စတင်ရှင်းပြလေတော့သည်။
“ငါတို့ ကြာနက်ဂိုဏ်းရဲ့ လျှို့ဝှက်ဆက်သွယ်ရေးစခန်းတစ်ခုအကြောင်း သတင်းရထားတယ်”
“သူတို့တွေ တစ်ခုခုကို ကြံစည်နေကြပြန်ပြီ။ ဒါကြောင့် မင်းတို့သုံးယောက် အဲဒီဆက်သွယ်ရေးစခန်းထဲကို လျှို့ဝှက်ဝင်ရောက်ဖို့ လိုအပ်တယ်”
“မင်းတို့ရဲ့ တာဝန်က သူတို့ဘာတွေ ကြံစည်နေလဲဆိုတာကို စုံစမ်းထောက်လှမ်းပြီး ပြန်သယ်လာဖို့ပဲ”
“ဒီတာဝန်က အန္တရာယ်အရမ်းများတယ်။ မင်းတို့ အရင်ကလုပ်ခဲ့ဖူးတဲ့ တာဝန်တွေထက် အများကြီး ပိုခက်ခဲလိမ့်မယ်”
“အဲဒီစခန်းထဲကို ခိုးဝင်ဖို့ဆိုရင် မင်းတို့ရဲ့ ချီစွမ်းအားတွေကို ပိတ်ဆို့ထားပြီး သာမန်အရပ်သားတွေလို ဟန်ဆောင်ရလိမ့်မယ်”
“ဒါကြောင့် ဒီတာဝန်ကို လက်ခံဖို့၊ လက်မခံဖို့က မင်းတို့အပေါ်မှာပဲ မူတည်တယ်”
ချင်းယန်ဇီ၏ စကားဆုံးသွားသောအခါ လင်းဖန်သည် ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်သည်။
“ဆုလာဘ်က ဘာဖြစ်မလဲခင်ဗျာ”
‘အန္တရာယ်များတဲ့ တာဝန်ဆိုတော့ ဆုလာဘ်ကလည်း တော်တော်လေး ဆွဲဆောင်မှုရှိမှာပဲ’
လင်းဖန်က စိတ်ထဲမှ တွေးလိုက်သည်။
ချင်းယန်ဇီက ယုံကြည်မှုအပြည့်ရှိသောအသံဖြင့် ပြောလိုက်သည်။
“ဆုလာဘ်ကတော့ စွမ်းဆောင်ရည်အမှတ် ငါးရာပဲ”
မည်သည့် မျိုးဆက်သစ်တပည့်မျှ စွမ်းဆောင်ရည်အမှတ် ငါးရာကို ငြင်းဆန်နိုင်မည် မဟုတ်ချေ။
ထိုအမှတ်ပမာဏမှာ ချင်ဖုန်းဂိုဏ်းတွင် လဲလှယ်နိုင်သော မည်သည့်အရာကိုမဆို ရယူရန် လုံလောက်လှပေသည်။
သို့သော် လင်းဖန်သည် သာမန် မျိုးဆက်သစ်တပည့်တစ်ယောက် မဟုတ်ပေ။
လင်းဖန်သည် မျက်မှောင်ကြုတ်လိုက်ရင်း ပြောလိုက်သည်။
“စွမ်းဆောင်ရည်အမှတ် ငါးရာပဲလား”
ပြီးခဲ့သည့် တာဝန်ကို ပြီးမြောက်အောင်မြင်ပြီးနောက် လင်းဖန်၏လက်ထဲတွင် စွမ်းဆောင်ရည်အမှတ် သုံးရာကျော် ရှိနေနှင့်ပြီးသား ဖြစ်သည်။
ဟိုမင်တွင်လည်း စီမာလျန်နှင့် လောင်းကြေးထပ်ရာမှ ရရှိထားသော ငွေကြေးအမြောက်အမြား ရှိနေသေးသည်။
ချင်းယန်ဇီသည် အကျင့်ပါနေသည့်အတိုင်း သူ၏မုတ်ဆိတ်မွေးကို သပ်လိုက်သော်လည်း လင်းဖန် ပြောလိုက်သည့် စကားကို နားလည်နိုင်ရန် ကြိုးစားနေရသည်။
“ငါးရာပဲလား ဟုတ်လား”
စွမ်းဆောင်ရည်အမှတ် ငါးရာကိုပင် ဤမျိုးဆက်သစ်တပည့်ငယ်က မလောက်ငဟု ထင်နေသည်တကား။
အခြားတပည့်များသာဆိုလျှင် ယခုအချိန်တွင် သူ့အား ဦးတိုက်၍ ကျေးဇူးတင်နေကြလောက်ပြီ ဖြစ်သည်။
‘ဒီကောင်စုတ်လေးကို စွန်းဟိုင် ဘာတွေသင်ပေးထားလဲဆိုတာ ငါနောက်မှ သေချာစစ်ဆေးရမယ်’
ချင်းယန်ဇီတစ်ယောက် စိတ်ထဲမှ တွေးလိုက်သည်။
ချင်းယန်ဇီသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဆုလာဘ်ကို တိုးမြှင့်ပေးလိုက်သည်။
“ငွေစင်တေးလ် တစ်ရာ။ ဒါက ငါပေးနိုင်တဲ့ အများဆုံးပဲ”
လင်းဖန်က ဟိုမင်အတွက် ဝိညာဉ်အဆင့် လက်နက်များကို ဆစ်ယူရန်ကြိုးစားရင်း မေးလိုက်သည်။
“ဟိုမင့်ဆီမှာတင် ငွေစင်တေးလ် တစ်ရာထက်မက ရှိပြီးသားဗျာ။ သူ့အတွက် ဝိညာဉ်အဆင့်ဓားတွေ ပေးရင်ရော ဘယ်လိုလဲ”
ချင်းယန်ဇီက ပြန်ပြောလိုက်သည်။
“ကောင်းပြီလေ။ ငါ့ဆီမှာ ပိုနေတဲ့ဓားတွေ အများကြီးရှိတယ်”
ချင်းယန်ဇီ သေချာသိရှိသွားသည့် အချက်တစ်ချက်မှာ လင်းဖန်နှင့် အချိန်ဆွဲ၍ စကားပြောလေလေ ပို၍ ပေးဆပ်ရလေလေ ဖြစ်မည်ဟူသော အချက်ပင်။
ထို့ကြောင့် လင်းဖန်ကို အမြန်ဆုံးစိတ်ကျေနပ်အောင် လုပ်ပေးလိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ချင်းယန်ဇီကပြောလိုက်ရင်း အနက်ရောင်တစ်လုံး၊ အဖြူရောင်တစ်လုံးရှိသော ဆေးပုလင်းနှစ်လုံးကို ထုတ်ယူလိုက်သည်။
“ကဲ... ဆုလာဘ်ကိစ္စကို ဖယ်ထားပြီး နောက်တစ်ခု ဆက်ရအောင်”
သူသည် ဆေးပုလင်းများကို ဟွမ်ယွမ်ခွန်းထံ ကမ်းပေးလိုက်ရင်း ရှင်းပြလိုက်သည်။
“မင်းတို့ရဲ့ ချီစွမ်းအားကို ဖိနှိပ်ဖို့အတွက် ဒီအနက်ရောင်ပုလင်းထဲက ဆေးလုံးတွေကို သုံး။ ပြီးရင် ချီစွမ်းအားကို ပြန်လည်ဖွင့်ထုတ်ဖို့အတွက် အဖြူရောင်ပုလင်းထဲက ဆေးလုံးတွေကို သုံးရမယ်”
ထို့နောက်တွင် အဖြူရောင်အလင်းတန်းမှာ ကွယ်ပျောက်သွားတော့သည်။
သူတို့သုံးယောက်သည် ဦးညွှတ်အရိုအသေပြုကာ ထွက်ခွာလာခဲ့ကြသည်။
ကျောက်ချင်းယင်သည် အခန်းထဲသို့ဝင်လာသည့်အခါ ပြုံးပြုံးရွှင်ရွှင်ဖြင့် ထွက်သွားသော လင်းဖန်နှင့် လက်ဖက်ရည်ကို တစ်ငုံချင်းသောက်ရင်း မျက်နှာပုပ်နေသော ချင်းယန်ဇီကို တွေ့လိုက်ရသဖြင့် လင်းဖန်တစ်ယောက် ချင်းယန်ဇီထံမှ အမြတ်အစွန်းများစွာ ရရှိသွားခဲ့ပြီဖြစ်ကြောင်း သိလိုက်လေသည်။
ကျောက်ချင်းယင်သည် ချင်းယန်ဇီ၏အနားသို့ လျှောက်သွားကာ တမင်တကာ မေးမြန်းလိုက်သည်။
“ဂိုဏ်းတူအစ်ကိုကြီး... လင်းဖန်က မင်းဆီကနေ ဘာတွေညှစ်ယူသွားပြန်ပြီလဲ”
သို့သော် သူ ပြန်လည်ရရှိလိုက်သည်မှာ ချင်းယန်ဇီ၏ ဒေါသတကြီး စိုက်ကြည့်လာသော အကြည့်စူးစူးများသာ ဖြစ်ချေသည်။